← Chapters

အခန်း ၂၅

Vol. 3 Ch. 25

အခန်း ၂၅

Vol. 3 Ch. 25

အခန်း - (၂၅) သစ်သီး

“သစ်သီးလား”

လီရှန်းဖျင်က သူ့ရှေ့တွင် တင်ပုလ္လင်ခွေထိုင်နေသော လီချုံယန်ကို ဇဝေဇဝါဖြင့် မော့ကြည့်လိုက်မိသည်။

“ဟုတ်ကဲ့”

လီချုံယန်က သူ၏အင်္ကျီထောင့်ကို တင်းကျပ်စွာဆုပ်ကိုင်ရင်း စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေသောအသံဖြင့် ပြန်ဖြေလိုက်သည်။

သူသည် ညပေါင်းများစွာ ကျင့်ကြံပြီးနောက် ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်းအဆင့်၏ ဝိညာဉ်ချီစွမ်းအင်တစ်မျှင်ကို အောင်မြင်စွာ စုစည်းဖွဲ့တည်နိုင်ခဲ့သော်လည်း စိုးရိမ်နေခဲ့သည်။ သူ၏တိုးတက်မှုအရှိန်သည် ကျင့်ကြံခြင်းကျမ်းစာတွင် ရေးသားထားသည်နှင့် မကိုက်ညီဟုထင်ရပြီး လမ်းမှန်မှ သွေဖည်သွားမည်ကို စိုးရိမ်လာခဲ့သည်။ သူသည် ထိုသို့စိုးရိမ်မှုကြောင့် ဤကိစ္စနှင့်ပတ်သက်၍ လီရှန်းဖျင်၏ လမ်းညွှန်မှုကို ရယူရန် ဆုံးဖြတ်ခဲ့သည်။

လီချုံယန်၏ ပုံမှန်ထက် များစွာလျှင်မြန်သည့် ကျင့်ကြံခြင်းအကြောင်း ကြားရသောအခါ လီရှန်းဖျင် အံ့အားသင့်သွားခဲ့ရသည်။ သူသည် စိမ်းပြာအဆီအနှစ်မရီဒျန်အားဖြည့်ကျင့်စဉ်ကို သေသေချာချာ အချိန်ယူဖတ်ရှုပြီး ၎င်း၏အကြောင်းအရာများကို နက်ရှိုင်းစွာ တွေးတောနေခဲ့သည်။

ခဏအကြာတွင် လီရှန်းဖျင်က မော့ကြည့်လိုက်ပြီး လီချုံယန်ကို ထူးဆန်းသောအရာတစ်ခုခု စားခဲ့သလားဟု မေးလိုက်သည်။

လီချုံယန်က အပြင်းအထန်စဉ်းစားပြီးနောက် ထူးခြားသော အဖြစ်အပျက်တစ်ခုကို ပြန်လည်သတိရလိုက်သည်။

“လွန်ခဲ့တဲ့နှစ်တွေတုန်းက ကျွန်တော့်သူငယ်ချင်းတွေနဲ့ ကျွန်တော်က ကျွန်တော်တို့ရွာနောက်က တောင်ကိုတက်ဖို့ အချင်းချင်း စိန်ခေါ်ခဲ့ကြတယ်။ တကယ် တက်သွားခဲ့တာက ကျွန်တော် တစ်ယောက်တည်းပဲ။ ကျွန်တော့်သူငယ်ချင်းတွေကို ဘယ်နေရာမှာမှ မတွေ့ရဘဲ ကျွန်တော်လည်း လမ်းပျောက်သွားခဲ့တယ်။ ကျွန်တော် ခြေဦးတည့်ရာ လျှောက်သွားနေတုန်း စိမ်းပြာရောင်အဆင်းရှိတဲ့ အပင်လေးတစ်ပင်ကို မတော်တဆတွေ့ခဲ့တယ်။ အဲ့ဒီမှာ နီညိုရောင်သစ်သီး ခြောက်လုံး၊ ခုနစ်လုံးလောက် သီးနေခဲ့တယ်။ အရမ်းတောက်ပပြီး အရမ်းဆွဲဆောင်မှုရှိတာပဲ”

“ကျွန်တော်က တစ်လုံးခူးပြီး စားလိုက်တယ်။ နောက်တော့ ကျွန်တော်သိလိုက်တာကတော့ ကျွန်တော် ရီဝေဝေနဲ့ တောင်အောက်ကိုဆင်းလာပြီး သုံးရက်ဆက်တိုက် အိပ်ပျော်သွားခဲ့တာပဲ။ ကျွန်တော့်အဖေက အရမ်းစိုးရိမ်ပြီး ကျွန်တော့်ကိုစစ်ဆေးဖို့ သမားတော်တွေ အများကြီးကို ခေါ်ခဲ့တယ်”

လီရှန်းဖျင်သည် လီချုံယန်၏ဇာတ်လမ်းကို အာရုံစိုက်နားထောင်ရင်း ခဏတာမျှ ပြောစရာစကား ပျောက်ဆုံးသွားခဲ့သည်။ ထို့နောက် သူက လီချုံယန်၏ပခုံးကို ပုတ်လိုက်ပြီး ပြောသည်။

“ဒီမမျှော်လင့်ထားတဲ့ အကူအညီနဲ့ဆိုရင် မင်းက တစ်နှစ်အတွင်းမှာပဲ ဆန်းကြယ်အသွင် ချက္ကရာကို စုစည်းဖွဲ့တည်နိုင်လောက်တယ်”

လီချုံယန်၏မျက်နှာသည် ဤစကားများကြောင့် မျှော်လင့်ချက်တို့ဖြင့် လင်းလက်လာခဲ့သည်။ လီရှန်းဖျင်သည် သူ၏တုံ့ပြန်မှုကို မြင်သောအခါ ထပ်လောင်းပြောကြားလိုက်သည်။

“ဒါပေမဲ့ ငါတို့ အရင်ဆုံးလုပ်ရမယ့် အရေးကြီးကိစ္စတစ်ခု ရှိသေးတယ်”

လီချုံယန်သည် သူ့ကို မော့ကြည့်လိုက်ပြီး သူ၏အမူအရာက တည်ကြည်သွားခဲ့သည်။

“ငါတို့ အဲဒီတောင်ပေါ်တက်ပြီး အဲဒီဝိညာဉ်အမြစ်ကို ရှာဖို့လိုတယ်”

လီရှန်းဖျင်က ပြောလိုက်သည်။

xxxxxxxxxx

လီထုန်ယာသည် လီကျင်းရွာရှိ ခြံဝင်းငယ်လေးသို့ ပြန်ရောက်လာခဲ့သည်။ သူက အဝင်ဝရှိ ကျောက်တံခါးကို ဖြတ်ကျော်ဝင်ရောက်လာစဉ် လျိုရို့ရွှမ်းက ခြံဝင်းထဲတွင် တိတ်ဆိတ်စွာ ထိုင်နေသည်ကို သတိပြုမိလိုက်သည်။

သူမသည် မျက်နှာသေဖြင့် ငေးမောနေရင်း ဝိဉာဉ်စိုက်ခင်းထဲက ပျိုးပင်လေးတွေကို အမှတ်တမဲ့ ရေတွက်နေမိသည်။

လီထုန်ယာ ဝင်ရောက်လာသည်ကို မြင်သောအခါ လျိုရို့ရွှမ်းသည် ကျောက်တုံးခုံတန်းမှ အလျှင်အမြန် ထရပ်လိုက်ပြီး ရှက်ရွံ့စွာနှုတ်ဆက်လိုက်သည်။

“အင်မော်တယ်ဆရာ”

“ဒီလို အလေးအနက်လုပ်ရပ်မျိုးတွေ မလိုပါဘူး”

လီထုန်ယာက ပယ်ချလိုက်သောအမူအရာဖြင့် လက်ကိုဝေ့ယမ်းရင်း ပြန်ဖြေလိုက်သည်။

သူသည် လျိုရို့ရွှမ်း၏ လှပသောမျက်နှာလေးကို လှမ်းကြည့်လိုက်ပြီး ပြုံးလိုက်သည်။

“ငါက မင်းထက် ခြောက်နှစ်၊ ခုနစ်နှစ်လောက်ပဲ ကြီးတာပါ။ ငါ့ကို ထုန်ယာလို့ပဲခေါ်ပါ”

လျိုရို့ရွှမ်းသည် သူ၏ ပြောရဆိုရလွယ်ကူသော အမူအရာကြောင့် စိတ်သက်သာရာရသွားပုံရသည်။ သူမက ခဏမျှ တွေးတောပြီးနောက် ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ အစ်ကိုထုန်ယာ”

လီထုန်ယာက သဘောတူညီစွာ ခေါင်းညိတ်လိုက်ပြီး အခန်းထဲရှိ စင်တစ်ခုပေါ်မှ သစ်သားပြားတစ်ချပ်ကို ထုတ်ယူလိုက်သည်။

သူသည် ၎င်းကို လျိုရို့ရွှမ်းထံသို့ ပေးအပ်ကာ ရှင်းပြလိုက်သည်။

“ဒါက ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်းကျင့်စဉ် တစ်ခုပဲ။ စိမ်းပြာအဆီအနှစ်မရီဒျန်အားဖြည့်ကျင့်စဉ်လို့ခေါ်တယ်။ ဒီခြံဝင်းထဲမှာပဲ အလွတ်ကျက်နေ။ ဒါပေမဲ့ တခြားသူတွေကို မမျှဝေဖို့က အရေးကြီးတယ်ဆိုတာ မှတ်ထားပါ”

“ဟုတ်ကဲ့”

လျိုရို့ရွှမ်းက အံ့ဩဝမ်းသာဖြစ်သွားသည့် အရိပ်အယောင်စွက်နေသည့် လေသံဖြင့် ပြန်လည်ဖြေကြားလိုက်သည်။ သူမသည် သစ်သားပေလွှာကို ရိုသေစွာဖြင့် လှမ်းယူလိုက်ပြီးနောက် ရင်ခွင်ထဲ၌ ဂရုတစိုက် ပိုက်ထွေးထားလိုက်တော့သည်။

“အစာအာဟာရတွေကို နဂါးအချိန်နဲ့ မြွေအချိန်တွေမှာ နေ့တိုင်း မင်းဆီကို လာပို့ပေးလိမ့်မယ်။ တခြား လိုအပ်တာရှိရင် အစာလာပို့တဲ့သူကို ပြောနိုင်တယ်”

လီထုန်ယာက လက်ဖက်ရည်နှစ်ခွက်ကို လောင်းထည့်ရင်း သူမကို အသိပေးလိုက်သည်။

(Note. နဂါးအချိန် = မနက် ၇ နာရီကနေ ၉ နာရီကြား၊ မြွေအချိန် = ညနေ ၃ နာရီကနေ ၅ နာရီကြား)

“ငါက ပုံမှန်အားဖြင့် တစ်ပတ်မှာ ငါးရက်လောက် ဒီခြံဝင်းထဲမှာ ရှိလေ့မရှိဘူး။ ဒါပေမဲ့ ဝိညာဉ်လယ်ကွင်းပေါ်မှာ ဝိညာဉ်မိုးရွာသွန်းပေးဖို့ အဲဒီအချိန်တွေမှာတော့ ငါ ဒီမှာရှိနေမှာပါ။ မင်းရဲ့ကျင့်ကြံခြင်းနဲ့ပတ်သက်ပြီး မေးခွန်းတွေရှိရင် အားမနာဘဲမေးပါ”

လျိုရို့ရွှမ်းသည် စကားလုံးတိုင်းကို သေချာစွာ မှတ်သားရင်း စိတ်အားထက်သန်စွာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် လီထုန်ယာက ပြုံးရင်း ညင်သာစွာ မေးမြန်းလိုက်သည်။ “မင်းရဲ့အဝတ်အစားတွေနဲ့ နေ့စဉ်သုံးပစ္စည်းတွေ လက်ခံရပြီးပြီလား”

“ဟုတ်ကဲ့”

လျိုရို့ရွှမ်းက အတည်ပြုလိုက်သည်။

“ကောင်းပြီ။ မင်းက အရှေ့အိမ်မှာ နေလို့ရတယ်။ ဇွဲရှိရှိနဲ့ ကျင့်ကြံပြီး ဆန်းကြယ်အသွင် ချက္ကရာကို စုစည်းဖွဲ့တည် မပြီးမခြင်း အပြင်မထွက်နဲ့။ စကားမစပ်၊ မင်းစာဖတ်တတ်လား”

လီထုန်ယာက ရုတ်တရက်မေးလိုက်သည်။

“ကျွန်မ ငယ်ငယ်တုန်းက စာသင်ခဲ့ဖူးတော့ နည်းနည်းတော့ ဖတ်တတ်ပါတယ်”

လျိုရို့ရွှမ်းက ပြန်ဖြေလိုက်သည်။

“ကောင်းပြီ။ ဒါဆိုရင် မင်း ဒီကျမ်းကို ကိုယ့်ဘာသာကိုယ် လေ့လာလို့ရပြီ။ မေးခွန်းတွေရှိရင် ငါ့ဆီလာမေးပါ”

လီထုန်ယာက ညွှန်ကြားလိုက်သည်။

လျိုရို့ရွှမ်းသည် သူ၏ညွှန်ကြားချက်ကို အသိအမှတ်ပြုလိုက်ပြီး သစ်သားပြားပေါ်မှ စကားလုံးများနှင့် စာကြောင်းတစ်ကြောင်းချင်းစီကို စတင်ဖတ်ရှုလိုက်သည်။

လီထုန်ယာသည် လျိုရို့ရွှမ်းက စိမ်းပြာအဆီအနှစ်မရီဒျန်အားဖြည့်ကျင့်စဉ်တွင် နစ်မြောနေသည်ကိုကြည့်ရင်း လက်ဖက်ရည်ကို သောက်သုံးကာ အတွေးထဲ နစ်မြောနေခဲ့သည်။

“ဒီကလေးမလေးက လီကျင်းရွာကို ရောက်လာခဲ့ရပြီး ဒီခြံဝင်းထဲမှာပဲ အကျဉ်းကျနေတယ်။ နောက်နှစ်နည်းနည်းအတွင်းတော့ တခြားသူတွေကို ကျင့်စဉ်အကြောင်း ဖွင့်ပြောမှာကို ငါ စိတ်ပူစရာမလိုလောက်ဘူး။”

ထိုအချိန်မှာပင် သူ၏အတွေးများသည် ရယ်မောသံနှင့်အတူ ခြံဝင်းတံခါး တွန်းဖွင့်သံကြောင့် ဖြတ်တောက်ခံလိုက်ရသည်။

“ဘာကိစ္စနဲ့ ဒီကိုရောက်လာတာလဲ ညီလေးရှန်းဖျင်”

လီထုန်ယာက အံ့ဩစွာမေးလိုက်သည်။ ထို့နောက် လီချုံယန်က လီရှန်းဖျင်၏နောက်တွင် ကြောက်ရွံရိုသေစွာဖြင့် လိုက်ပါလာသည်ကို သတိပြုမိလိုက်သည်။

လီထုန်ယာသည် လီရှန်းဖျင်ထံမှ ဝိညာဉ်အမြစ် ရှာဖွေတွေ့ရှိမှုအကြောင်း ကြားသိရသောအခါ အံ့အားသင့်သွားခဲ့သော်လည်း လီချုံယန်ကို သေသေချာချာ စောင့်ကြည့်ရန်သာ ကိုယ့်ကိုယ်ကိုယ် သတိပေးလိုက်သည်။

သူနှင့် လီရှန်းဖျင်တို့သည် လီယဲ့ရှန့်နှင့် သန်မာသော ရွာသားအချို့ကို တောင်ပေါ်သို့ ခေါ်ဆောင်သွားပြီး အတူတကွ စုံစမ်းစစ်ဆေးရန် ဆုံးဖြတ်ခဲ့ကြသည်။

ဆောင်းရာသီနှောင်းပိုင်း ရောက်ရှိလာသည်နှင့် တောင်၏ လူသူမနီးသောနေရာများတွင် သစ်ရွက်ကြွေများဖြင့် ဖုံးလွှမ်းနေခဲ့သည်။ ဤနေရာရှိ တောရိုင်းတိရစ္ဆာန်များသည် ဆောင်းခိုရန်အတွက် သူတို့ကိုယ်သူတို့ အဆီတက်အောင် လုပ်ဆောင်နေကြသည်။

စိမ်းလန်းပြီး ပေါများသော ကျူတောများဖြင့် ကောင်းချီးပေးခံထားရသော လီကျင်းရွာမှ လူများသည် တောင်၏ အန္တရာယ်များသော အပိုင်းများဆီသို့ စွန့်စားဝင်ရောက်ရန် မလိုအပ်လှပေ။ ကျူပင်များသည် ငါးများနှင့် မွေးမြူရေးတိရစ္ဆာန်များအတွက် လုံလောက်သောအာဟာရကို ပေးစွမ်းသောကြောင့် အစာအတွက် တောတောင်များထဲတွင် တောရိုင်းသားရဲများ၏ အန္တရာယ်ကို ရင်ဆိုင်ရန် မလိုအပ်ခဲ့ပေ။

ရွာသားများသည် သူတို့၏ အခြေခံလိုအပ်ချက်များအတွက် တောင်ခြေရင်းရှိ တောအုပ်များပေါ်တွင်သာ မှီခိုကြသည်။ သူတို့သည် ထိုနေရာတွင် ထင်းများ ခုတ်နိုင်သည်။ သို့မဟုတ်ပါက ချက်ပြုတ်ရန်အတွက် အမြဲစိမ်းချုံပုတ်များ၏ အကိုင်းအခက်များကဲ့သို့ အလွယ်တကူရရှိနိုင်သော သစ်သားများကို အသုံးပြုကြသည်။ ချုံပုတ်များသည် ကြီးထွားနှုန်း လျှင်မြန်ပြီး သူတို့၏အကိုင်းအခက်များသည် စုဆောင်းရန် လွယ်ကူသောကြောင့် ထင်းအဖြစ်အသုံးပြုရန်အတွက် ပိုမိုသင့်တော်သော ရွေးချယ်မှု ဖြစ်လာခဲ့သည်။

ရွာသားများသည် အိမ်များဆောက်လုပ်ရန် လိုအပ်မှသာ တောင်ပေါ်သို့တက်ပြီး သစ်ပင်များ ခုတ်လှဲကြသည်။

လူနှင့် တိရစ္ဆာန်များ သွားလာမှုနည်းပါးသော တောင်ပေါ်လမ်းများသည် ဆူးများနှင့် နွယ်ပင်များဖြင့် ပြည့်နှက်နေခဲ့သည်။ လီချုံယန်သည် လမ်းကို ပြန်လည်သတိရရန် မနည်းပင် စဉ်းစားနေခဲ့ရသောကြောင့် ရွာသားများက သူတို့၏ ထင်းခုတ်ဓားများဖြင့် လမ်းရှင်းရင်း ရှေ့မှဦးဆောင်သွားကြပြီး လီရှန်းဖျင်နှင့် လီထုန်ယာတို့က နောက်မှလိုက်ပါသွားခဲ့ကြသည်။

လီရှန်းဖျင်သည် လီချုံယန်၏လက်ကို ကိုင်ထားကာ လီထုန်ယာဘက်သို့ လှည့်ရင်း မေးလိုက်သည်။

“အစ်ကိုထုန်ယာ၊ ကျွန်တော့်မှာ မေးစရာလေးတွေရှိတယ်”

“ဘာများလဲ”

လီထုန်ယာက မေးလိုက်သည်။

လီရှန်းဖျင်က ဆက်ပြောသည်။

“စစ်ယွမ်ပိုင်က ကျွန်တော်တို့ မိသားစုအတွက် နယ်နိမိတ်တစ်ခု သတ်မှတ်ပေးခဲ့တယ်။ ဒီနယ်နိမိတ်အပြင်ဘက်က နယ်မြေတွေကို တခြားမိသားစုတွေက ပိုင်ဆိုင်ကြတယ်။ ကျွန်တော်တို့လီမိသားစု မထွန်းကားလာခင်တုန်းက အဲဒီမိသားစုတွေကနေ ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကို လွယ်လွယ်ကူကူပဲ စေလွှတ်နိုင်တာပဲ။ အဲဒါဆိုရင် ကျွန်တော်တို့က သူတို့နဲ့ယှဉ်ရင် အင်အားမဲ့နေမှာပဲ”

“ဒါပေမဲ့ ကျွန်တော်တို့မိသားစုက ဒီလယ်ကွင်းတွေကို စိုက်ပျိုးခဲ့တဲ့ လွန်ခဲ့တဲ့ ရာစုနှစ်နှစ်ခု တစ်လျှောက်လုံးမှာ ဘာလို့ အင်မော်တယ်ကျင့်ကြံသူ တစ်ယောက်မှ ပေါ်မလာခဲ့တာလဲ။ သူတို့က သေမျိုးတွေကို တကယ်ပဲ ဒီလောက် လျစ်လျူရှုထားကြတာ ဖြစ်နိုင်ပါ့မလား”

လီထုန်ယာသည် သူ၏မေးစေ့ကို အတွေးနက်စွာ ပွတ်သပ်ရင်း လေးနက်သောအမူအရာဖြင့် ပြန်ဖြေလိုက်သည်။

“ငါလည်း ဒီအကြောင်းကို စဉ်းစားခဲ့ဖူးတယ်။ စစ်ယွမ်ပိုင်ရဲ့ အရိပ်အမြွက်စကားအရဆိုရင် ဒီဒေသက ရာစုနှစ်ပေါင်းများစွာ ဝိညာဉ်ချီစွမ်းအင် မရှိခဲ့ဘူး။ ဒါကြောင့် အင်မော်တယ်ကျင့်ကြံခြင်းအတွက် အရင်းအမြစ်တွေ ရှားပါးသွားစေတယ်။ ဒီတော့ ဘယ်အင်မော်တယ်ကျင့်ကြံသူကမှ ဒီမှာ အချိန်မဖြုန်းချင်ကြတာ ဖြစ်နိုင်တယ်”

“ဒါ့အပြင် ငါတို့က တလီတောင်နဲ့နီးတယ်။ ဒါက နတ်ဆိုးတွေနဲ့ ဝိညာဉ်တွေ ပြည့်နှက်နေတဲ့ ကြီးမားတဲ့ တောင်တန်းကြီးတစ်ခုပဲ။ ဒီမှာနေရတာက မြို့တွေမှာ နေရတာလောက် သက်သောင့်သက်သာ မရှိဘူးလေ”

လီရှန်းဖျင်သည် ခေါင်းညိတ်လိုက်ပြီး သူ၏အမူအရာက တည်ကြည်သွားခဲ့သည်။ ထို့နောက် သူက လီထုန်ယာကို တိုးညင်းသောအသံဖြင့် ပြောလိုက်သည်။

“အစ်ကို၊ နောက်ထပ် ပိုပြီးဆိုးရွားတဲ့ ဖြစ်နိုင်ခြေတစ်ခု ရှိသေးတယ်”

“စိမ်းပြာရေအိုင်ဂိုဏ်းက အင်အားကြီးမားပြီး ယွဲ့ပြည်နယ်ရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုကို ထိန်းချုပ်ထားပေမယ့် သူတို့က လေးပုံတစ်ပုံလောက်ပဲ ထိန်းချုပ်ထားနိုင်တာ။ အနီးနားမှာ အင်းအားကြီးမားတဲ့ ရန်သူတွေရော မရှိနိုင်ဘူးလား။ ကျွန်တော် စိုးရိမ်တာက ကျွန်တော်တို့ လီမိသားစုက စိမ်းပြာရေအိုင်ဂိုဏ်းရဲ့ သြဇာလွှမ်းမိုးမှု နယ်နမိတ်အစွန်းတည့်တည့်မှာ တည်ရှိနေမှာကိုပဲ”

“ရွာနှစ်ရွာ ရေလုတဲ့အခါ ဘယ်သူကမှ အငြင်းပွားနေတဲ့နေရာနားမှာ မစိုက်ပျိုးချင်ကြတာ သဘာဝပါပဲ။ ရွှီဝမ်ရှန်ရဲ့အဆိုအရ တောင်ဘက်မှာ ဝူပြည်နယ် တည်ရှိတယ်။ ဝူနဲ့ယွဲ့ပြည်နယ်တွေကြားမှာ အဆက်မပြတ် ပဋိပက္ခတွေရှိနေတော့ သူတို့ရဲ့သက်ဆိုင်ရာ အင်မော်တယ်ဂိုဏ်းတွေကြားက ဆက်ဆံရေးက တင်းမာနေဖို့များတယ်”

လီထုန်ယာ၏နှလုံးသားသည် လေးလံသွားခဲ့ပြီး သူ၏အမူအရာက မှောင်မိုက်သွားခဲ့သည်။

“ငါတို့ သေသေချာချာ စုံစမ်းစစ်ဆေးရမယ်။ မနက်ဖြန်ကျရင် ကုလီလမ်း ပတ်ပတ်လည်ကို ကင်းထောက်ဖို့ လူတွေလွှတ်လိုက်မယ်။ ငါတို့မိသားစုရဲ့အနေအထားကို နားလည်ဖို့က အရေးကြီးတယ်”

“ငါမျှော်လင့်တာကတော့ ငါတို့လီမိသားစုက စိမ်းပြာရေအိုင်ဂိုဏ်းက နယ်စပ်မှာစိုက်ထားတဲ့ အချိန်မရွေးစွန့်ပစ်နိုင်တဲ့ ပစ္စည်းတစ်ခုသက်သက် မဟုတ်ဖို့ပဲ”

လီရှန်းဖျင်က ခါးသီစွာပြုံးရင်း ဆက်ပြောလိုက်သည်။

ထို့နောက် သူတို့၏အာရုံစိုက်မှုသည် ချွေးများဖြင့် စိုရွှဲနေသော လီယဲ့ရှန့်နှင့် ရွာသားများထံသို့ ရောက်ရှိသွားခဲ့သည်။

“အင်မော်တယ်ဆရာ၊ ဒီမှာ ကြီးမားပြီး ရှည်လျားလှတဲ့ မြွေကြီးတစ်ကောင် ရှိနေတယ်”

လီယဲ့ရှန့်က အော်ပြောလိုက်သည်။

All Chapters