အခန်း ၃၅
Vol. 4 Ch. 35
အခန်း - (၃၅) ထွက်ခွာခြင်း
မြွေနဂါးသစ်သီးသည် မီးဖိုထဲတွင် ပျော်ဝင်သွားပြီး ဆေးမီးတောက်အပေါ်တွင် ပေါ်လောပေါ်နေသော အနီရောင်ဆေးရည်အလုံးအဖြစ်သို့ ပြောင်းလဲသွားသောအခါ ရှောင်ယွမ်စစ်သည် အခြားဖြည့်စွက်ဆေးဖက်ဝင်အပင်များစွာကို ရောနှောထည့်သွင်းလိုက်သည်။
ထို့နောက် သူသည် ထိုရောစပ်ထားသောအရည်ကို ဆေးလုံးမီးတောက်ဖြင့် သန့်စင်လိုက်သည်။ ထိုလုပ်ငန်းစဉ်အတွက် တစ်နာရီကျော်ကြာ ကြာမြင့်ခဲ့သည်။ တောင်ပေါ်တွင် မြူနှင်းများ ရှင်းလင်းသွားပြီး နှင်းစက်များ အငွေ့ပျံသွားမှသာ အနီဖျော့ဖျော့အရောင် ဝိညာဉ်ဆေးလုံး ရှစ်လုံးသည် မီးဖိုထဲမှ ထွက်ပေါ်လာခဲ့သည်။
ရှောင်ယွမ်စစ်က လက်ဟန်တစ်ခုကို ပြုလုပ်လိုက်ရာ ဆေးလုံးများသည် သူ၏လက်ဖဝါးထဲသို့ ပျံသန်းလာခဲ့ပြီး သိမ်မွေ့သော အဖြူရောင်အလင်းဖြင့် တောက်ပနေခဲ့သည်။
သူသည် ၎င်းတို့ကို အဖြူရောင်ကျောက်စိမ်းပုလင်း ရှစ်ခုထဲသို့ ဂရုတစိုက် ထည့်သွင်းလိုက်ပြီး နှစ်ပုလင်းကို သူ့အတွက်သိမ်းထားကာ ကျန်ခြောက်ပုလင်းကို လီရှန်းဖျင်ထံသို့ ပေးအပ်လိုက်သည်။
“ဒီမြွေအဆီအနှစ်ဆေးလုံးတွေကို သူတို့ရဲ့ ကျောက်စိမ်းပုလင်းတွေထဲမှာ သေသေချာချာ ထိန်းသိမ်းဖို့ သိမ်းဆည်းထားပါ။ ခင်ဗျားတို့ စားသုံးတော့မှပဲ သစ်သားဖော့ဆို့တွေကို ဖယ်ရှားပါ။ အပြင်မှာထားခဲ့ရင် သူတို့ရဲ့ဆေးအာနိသင်က တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး အလဟဿ ဖြစ်သွားလိမ့်မယ်။ ဒါပေမယ့် စိတ်မပူပါနဲ့။ ပိတ်ပြီးထားထားရင် အနှစ် ၂၀ လောက်အထိ အာနိသင်ရှိနေမှာပါ”
လီရှန်းဖျင်နှင့် လီထုန်ယာတို့သည် ပုလင်းများကို ကျေးဇူးတင်စွာဖြင့် လက်ခံယူလိုက်ကြသည်။ သူတို့သည် အကြည့်ချင်းဖလှယ်လိုက်ကြပြီး မြွေအဆီအနှစ်ဆေးလုံးပုလင်း သုံးလုံးကို ရွေးချယ်ကာ တောင်းဆိုလိုက်ကြသည်။
“အင်မော်တယ်ဆရာ၊ ကျွန်တော်တို့ညီငယ်လေးရဲ့ ကျင့်ကြံခြင်းအတွက် အကူအညီဖြစ်စေဖို့ ဒါတွေကို ပို့ဆောင်ပေးနိုင်ရင် ကျွန်တော်တို့ ကျေးဇူးတင်မှာပါ”
“ရပါတယ်။ လီမိသားစုက ဆွေမျိုးသားချင်းဆက်ဆံရေးကို တန်ဖိုးထားတာက ချီးကျူးစရာပါပဲ။ ခင်ဗျားတို့ညီလေးဆီကို ဒါတွေရောက်သွားအောင် ကျွန်တော် သေချာလုပ်ပေးပါ့မယ်”
ရှောင်ယွမ်စစ်က သဘောတူညီစွာ ခေါင်းညိတ်လိုက်ပြီး ကျောက်စိမ်းပုလင်းသုံးလုံးကို ဂရုတစိုက် သိမ်းဆည်းလိုက်သည်။
သူက လက်သီးဆုပ် အရိုအသေပေးလိုက်ပြီး အကြံပေးလိုက်သည်။
“ခင်ဗျားတို့မိသားစုက အင်မော်တယ်ကျင့်ကြံခြင်းလမ်းစဉ်ကို မကြာသေးမီကမှ စတင်လျှောက်လှမ်းခဲ့တာဖြစ်တယ်။ အခြေခံအုတ်မြစ်က မနက်ရှိုင်းသေးပေမယ့် ဆေးဖော်စပ်ခြင်း၊ အစီအရင်နဲ့ သန့်စင်ခြင်းပညာရပ်တွေမှာ ကျွမ်းကျင်သူတွေကို ပြုစုပျိုးထောင်ဖို့က အရေးကြီးတယ်။ မျိုးဆက်နည်းနည်းလောက်အတွင်း ခင်ဗျားတို့ကလန် ပျောက်ကွယ်သွားမယ့်အန္တရာယ်ကို ရှောင်ရှားဖို့ ဝိညာဉ်အပေါက်ရှိတဲ့သူတွေကို ခင်ဗျားတို့ကလန်ထဲကို ဆွဲခေါ်တာက မရှိမဖြစ် လိုအပ်တယ်…။ အထူးသဖြင့် လီရှလမ်းနဲ့ ကုလီလမ်းမှာ သိသာထင်ရှားတဲ့ အင်မော်တယ်ကျင့်ကြံခြင်းကလန်တွေ မရှိတဲ့အတွက် လီမိသားစုက ဒီအခွင့်အရေးကို ဆုပ်ကိုင်ထားရမယ်”
“ရာစုနှစ်ပေါင်းများစွာအတွင်း မိသားစုပေါင်း မရေမတွက်နိုင်အောင် ထွန်းကားခဲ့ပြီး ပျက်စီးခဲ့ကြတယ်။ ခရိုင်ထဲက ကလန်တွေထဲကတစ်ခုအနေနဲ့ ရှောင်မိသားစုက ဒီလိုသံသရာပေါင်းများစွာကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ဖူးတယ်။ လီမိသားစုက ဇွဲရှိရှိကြိုးစားပြီး ပိုအားကောင်းလာအောင် လုပ်ဆောင်ရမယ်…”
ထိုစကားများသည် လီထုံယာ၏ ရင်ထဲသို့ တည့်တည့်ထိမှန်သွားခဲ့ပြီး သူတို့အပေါ်၌ ကျရောက်နေသော တာဝန်ဝတ္တရားများ၏ ကြီးမားလေးလံမှုကို မခံစားရဘဲ မနေနိုင်တော့ပေ။ သူသည် သက်ပြင်းရှည်ကြီးတစ်ချက်ကို လေးလံစွာ ချလိုက်ရင်း ပြန်လည်ပြောဆိုလိုက်သည်။
“အင်မော်တယ်ဆရာပြောတာ အမှန်ပါပဲ။ ကျွန်တော့်ညီလေးနဲ့ ကျွန်တော်က သုညကနေ စခဲ့ကြရတာ။ အခု ပင်မလီမိသားစုမှာ လူသုံးဆယ် မပြည့်တပြည့်လောက်ပဲရှိပြီး မျိုးနွယ်ခွဲဖြစ်တဲ့ ယဲ့မိသားစုမှာ လူနှစ်ရာကနေ သုံးရာလောက်ပဲရှိတယ်။ ကျင်းအာတစ်ယောက်တည်းကသာ ဂိုဏ်းထဲမှာ ကျင့်ကြံနေခဲ့တာ။ ကံမကောင်းစွာနဲ့ပဲ ကျွန်တော်တို့က သူ့ကျင့်ကြံခြင်းခရီးအတွက် လိုအပ်တဲ့ အထောက်အပံ့တွေကို ထောက်ပံ့ပေးဖို့ အရင်းအမြစ်တွေမရှိဘူး”
လီထုန်ယာ သက်ပြင်းချလိုက်စဉ် ရှောင်ယွမ်စစ်က မျက်မှောင်ကြုတ်လိုက်ပြီး ပြောလိုက်သည်။
“ကျွန်တော့်ရဲ့ ဆေးဖော်စပ်ခြင်း စွမ်းရည်တွေက ကျွန်တော့်ကလန်ဆီက အမွေဆက်ခံခဲ့တာဖြစ်ပြီး ကျွန်တော်က ဆန်းကြယ်အသွင် ဝိညာဉ်သစ္စာ ဆိုထားရတယ်။ ဒါကြောင့် မြွေအဆီအနှစ်ဆေးလုံး ဖော်စပ်နည်းကို ထုတ်ဖော်ပြောလို့မရဘူး။ ဒါပေမဲ့ ခင်ဗျားတို့ ဈေးကိုသွားလည်ခဲ့ရင် အသုံးဝင်တဲ့အချက်အလက်တွေ တွေ့နိုင်ပါတယ်”
လီရှန်းဖျင်သည် ထိုအခွင့်အရေးကို ဆုပ်ကိုင်ရင်း မေးလိုက်သည်။
“အင်မော်တယ်ဆရာ၊ ဒီဆန်းကြယ်အသွင် ဝိညာဉ်သစ္စာအကြောင်း အကျယ်တဝင့်များ ပြောပြပေးနိုင်မလား…”
ရှောင်ယွမ်စစ်က ရှင်းပြလိုက်သည်။
“ငါတို့ကလန်မှာ စွမ်းရည်တွေကို လျှို့ဝှက်စွာ လက်ဆင့်ကမ်းပေးဖို့ သစ္စာဆိုဖို့က အရေးကြီးတယ်။ သစ္စာဆိုတဲ့သူက သူတို့ရဲ့ ဆန်းကြယ်အသွင် ချက္ကရာပေါ်မှာ သစ္စာပြုပြီး သူတို့ရဲ့အဆီအနှစ်ကို ကတိသစ္စာနဲ့ ချည်နှောင်ထားတယ်။ သစ္စာကို ဖောက်ဖျက်ခြင်းက သူတို့ရဲ့ ဆန်းကြယ်အသွင် ချက္ကရာကို ပျက်စီးစေပြီး ကျင့်ကြံခြင်းကို လျှင်မြန်စွာ ဆုံးရှုံးစေလိမ့်မယ်။ အင်မော်တယ်ကျင့်ကြံသူက သေမျိုးအဖြစ် အလျှင်အမြန် ပြန်ပြောင်းလဲသွားပြီး ချီစွမ်းအင်ကုန်ခမ်းမှုကြောင့် မလွှဲမရှောင်သာ သေခြင်းတရားနဲ့ ရင်ဆိုင်ရလိမ့်မယ်”
“ဒီဆန်းကြယ်အသွင်ဝိညာဉ်သစ္စာက အမွေအနှစ်ကိုထိန်းသိမ်းဖို့ အသုံးဝင်ပုံရတယ်။ ကျွန်တော် ဒီဟာရဲ့ဈေးနှုန်းကိုများ…”
လီထုန်ယာက ချက်ချင်းမေးလိုက်သော်လည်း စကားမဆုံးမီ ရှောင်ယွမ်စစ်က လက်ဝေ့ယမ်းကာ ဖြတ်ပြောလိုက်သည်။
“ဒါက လူအများသိတဲ့ အခြေခံအတတ်လေး တစ်ခုပါပဲ။ ကျွန်တော် ခင်ဗျားတို့အတွက် ရေးပေးနိုင်ပါတယ်”
ဆယ်မိနစ်မှ ဆယ့်ငါးမိနစ်ခန့်အတွင်း ရှောင်ယွမ်စစ်သည် ထိုသစ္စာကို ရေးသားပြီးစီးသွားခဲ့သည်။ သို့သော်လည်း သူက သတိပေးလိုက်သေးသည်။
“မှတ်ထားပါ။ ဒီသစ္စာက ကောင်းကင်ဘုံတာအိုကို မတိုင်တည်ထားဘူး။ ဒါက လျှို့ဝှက်ချက်တွေကို ထိန်းသိမ်းဖို့ ထိရောက်ပေမယ့် မကောင်းတဲ့ရည်ရွယ်ချက်တွေကိုတော့ တားဆီးနိုင်မှာ မဟုတ်ဘူး။ အကောင်းနဲ့အဆိုးကို ခွဲခြားသိမြင်ခြင်းက သစ္စာဆိုခိုင်းတာလို ရိုးရှင်းတဲ့ဘောင်တွေထက် ကျော်လွန်တဲ့ ရှုပ်ထွေးတဲ့ ကိစ္စရပ်တစ်ခုအဖြစ် ရှိနေဆဲပဲ”
“သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အင်မော်တယ်ဆရာ။ လီမိသားစုက ခင်ဗျားအပေါ် ကြွေးတင်သွားပါပြီ”
လီညီအစ်ကိုနှစ်ယောက်သည် ရှောင်ယွမ်စစ်ကို အလျှင်အမြန် ကျေးဇူးတင်စကား ဆိုလိုက်ကြသည်။
လီရှန်းဖျင်သည် သူ၏ပခုံးပေါ်မှ ဝန်ထုပ်ဝန်ပိုးတစ်ခု ကျဆင်းသွားသည်ကို ခံစားလိုက်ရပြီး သူ၏စိတ်အခြေအနေက သိသိသာသာ တိုးတက်လာခဲ့သည်။
“ဆန်းကြယ်အသွင်ဝိညာဉ်သစ္စာက နောက်ထပ် အာမခံချက်တစ်ခု ဖြစ်လိမ့်မယ်။ ကလေးနှစ်ယောက်က ဆန်းကြယ်အသွင် ချက္ကရာကိုရရှိပြီး သစ္စာကျိန်ဆိုပြီးတာနဲ့ ငါတို့ သူတို့ကို ယုံကြည်နိုင်လိမ့်မယ်”
သူ့စိတ်ထဲမှ တွေးလိုက်မိသည်။
ရှောင်ယွမ်စစ်က လီရှန်းဖျင်ထံမှ ပြန်စာကို လက်ခံယူလိုက်ပြီးနောက် သူ၏မီးဖိုကို သိမ်းဆည်းလိုက်ကာ လွန်းပျံယာဉ်ကို ခေါ်ယူလိုက်သည်။
သူက ပေါ့ပေါ့ပါးပါး ရယ်မောကာ နှစ်သိမ့်လိုက်သည်။
“ကျွန်တော့် ဂျူနီယာညီလေးက တော်တော်လေး အရည်အချင်းရှိတဲ့ ကျင့်ကြံသူတစ်ယောက်ပါ။ သူ့ရဲ့ အုတ်မြစ်အရိုးက သာမန်ပဲဆိုပေမယ့် ဓားသိုင်းပညာမှာ အလားအလာရှိတဲ့ အရည်အချင်းတွေရှိတယ်။ ခင်ဗျားတို့ စိုးရိမ်စရာ မလိုပါဘူး။ ကံကြမ္မာအခွင့်ပေးတဲ့အခါ ကျွန်တော်တို့ ပြန်တွေ့ကြတာပေါ့”
(Note. အုတ်မြစ်အရိုးက သိုင်းပညာအတွက် အခြေခံဖြစ်ပြီး ကျင့်ကြံသူတစ်ယောက်ရဲ့ အနာဂတ်ကိုလည်း ဆုံးဖြတ်ပေးနိုင်တယ်။ အုတ်မြစ်အရိုးက ကောင်းရင် နည်းနည်းကျင့်ကြံရုံနဲ့ များများအကျိုးရှိမှာဖြစ်ပြီး အုတ်မြစ်အရိုးက သိပ်မကောင်းရင်တော့ အနာဂတ်လမ်းက အကန့်အသတ်တွေ ရှိလာမှာပါ။)
ရှောင်ယွမ်စစ်သည် နောက်ဆုံး နှုတ်ဆက်လိုက်ပြီး လွန်းပျံယာဉ်ပေါ်တွင် စီးနင်းရင်း ကောင်းကင်သို့တက်သွားပြီး ညီအစ်ကိုများ၏ ကျေးဇူးတင်သောအမူအရာများကို ကျောခိုင်းကာ ထွက်ခွာသွားခဲ့သည်။
လီရှန်းဖျင်သည် ရှောင်ယွမ်စစ်က အမြင်အာရုံမှ ပျောက်ကွယ်သွားသည်နှင့် ကျန်ဆေးလုံးပုလင်း သုံးလုံးကို သူ၏ရင်ဘတ်အိတ်ထဲသို့ ဂရုတစိုက် သိမ်းဆည်းလိုက်ပြီး လီထုန်ယာဘက်သို့ ပြုံးရင်းလှည့်လိုက်သည်။
“ကျင်းအာက ဒီလိုကောင်းမွန်တဲ့ စီနီယာအစ်ကိုကြီးတစ်ယောက်ရှိတာ ကံကောင်းတာပဲ”
သူက ပြောလိုက်သည်။
လီထုန်ယာက ခေါင်းညိတ်လိုက်သည်။ သူသည် ဆန်းကြယ်အသွင် ဝိညာဉ်သစ္စာကို ဖတ်ရှုနေရင်း ကျောက်စိမ်းပြားကို လီရှန်းဖျင်ထံသို့ ပေးအပ်လိုက်ပြီး ၎င်း၏အကြောင်းအရာများကို စစ်ဆေးကြည့်ရှုရန် ဖိတ်ခေါ်လိုက်သည်။
လီရှန်းဖျင်သည် ကျောက်စိမ်းပြားကို လက်ခံယူလိုက်ပြီး စိတ်အားထက်သန်စွာ စစ်ဆေးကြည့်ရှုလိုက်သည်။ သို့သော် သူ၏မြင်ကွင်းထဲတွင် သေးငယ်သော စာလုံးတန်းများစွာဖြင့် ပြည့်နှက်သွားခဲ့သည်။
သူသည် စာကြောင်းအနည်းငယ်ကိုပင် မနည်းဖတ်ရှုရန် ကြိုးစားရင်း မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။
“ဒါလား လွယ်တယ်ဆိုတာက”
xxxxxxxxxx
လီရွှမ်ရွှမ်သည် ယနေ့တွင် စာသင်ခန်း၌ အာရုံမစိုက်နိုင်ခဲ့ပေ။ သူ၏မျက်လုံးများသည် စင်မြင့်ပေါ်တွင် စာသင်နေသော ဟန်ဝမ်ရွှီအပေါ်တွင် ရှိနေသော်လည်း သူ၏အတွေးများသည် အခြားတစ်နေရာသို့ လွင့်မျောနေခဲ့သည်။
ဟန်ဝန်ရွှီသည် အသက်ငါးဆယ်နီးပါး ရှိပြီဖြစ်ပြီး သူ့နားထင်ရှိ ဆံပင်ဖြူများသည် သူ၏ဦးခေါင်းပေါ်သို့ ဖြည်းညင်းစွာ ပျံ့နှံ့လာနေခဲ့သည်။ သူသည် အသက် ၂၀ အရွယ်တွင် ခရိုင်ရှိ ဆေးဆိုင်များထဲမှတစ်ခုတွင် ဆေးဖော်စပ်သူအဖြစ် လေ့ကျင့်နေခဲ့သည်။ သူဒေါသမထိန်းနိုင်ခဲ့သော တစ်ခဏသည် သေစေနိုင်သော အဖြစ်အပျက်တစ်ခုဆီသို့ ဦးတည်စေခဲ့ပြီး သူ့ကို တလီတောင်ပေါ်တွင် ထွက်ပြေးခိုလှုံစေခဲ့သည်။
သူသည် လွန်ခဲ့သော အနှစ် ၂၀ အတွင်း ရွာသားများကို ကုသပေးခြင်းနှင့် ကလေးများကို ပညာသင်ကြားပေးခြင်းအတွက် မြှုပ်နှံထားကာ ကျေနပ်ဖွယ်ဘဝတစ်ခုကို နေထိုင်ခဲ့သည်။
ဟန်ဝန်ရွှီ၏အမူအရာသည် သူ့ကျောင်းသားငယ်များ၏ ရိုးသားသောမျက်နှာများကို ကြည့်ရှုရင်း ချစ်ခင်မှုဖြင့် ပျော့ပြောင်းသွားခဲ့သည်။ သူကိုယ်တိုင်က ကလေးမရှိသော်လည်း သူသည် လီမိသားစု၏ ကလေးများကို သူ၏ကိုယ်ပိုင် ကလေးများကဲ့သို့ပင် ပြုစုပျိုးထောင်ခဲ့သည်။ သူ၏သင်ကြားမှုအောက်တွင် ကြီးပြင်းလာခဲ့သော ဤကလေးများနှင့် သူ၏ဆက်ဆံရေးသည် ဦးလေးနှင့် သူ၏ တူ၊တူမများကြားကဲ့သို့ပင် နက်ရှိုင်းသည်။
သူ၏ခြေထောက်များတွင် မြူနှင်းပါးအလွှာ တစ်လွှာ လည်ပတ်နေသည်ကို သတိပြုမိသောအခါ ဟန်ဝန်ရွှီသည် နားမလည်နိုင်စွာဖြင့် ခဏငြိမ်သက်သွားခဲ့သည်။
“ဟမ်၊ ဒီအချိန်ကြီးမှာ မြူနှင်းတွေလား…”
သူ၏မျက်နှာတွင် စိုးရိမ်မှု အရိပ်အယောင်တစ်ခုဖြင့် အသံထွက်ကာ တွေးတောလိုက်မိသည်။
သူ၏ထိုင်ခုံတွင် နိုးကြားနေရန် ရုန်းကန်နေသော လီရွှမ်ရွှမ်သည် ရုတ်တရက် နိုးကြားလာခဲ့သည်။ သူသည် သူ၏ဘေးတွင် မှေးစက်နေသော လီရှဲ့ဝမ်ကို တွန်းလိုက်ပြီး အရေးတကြီး တိုးတိုးလေး ပြောလိုက်သည်။
“ညီလေးဝမ်၊ အပြင်ကိုကြည့်စမ်း”
လီရှဲ့ဝမ်သည် ထိတ်လန့်သွားပြီး အပြင်ဘက်တွင် လည်ပတ်နေသော မီးခိုးရောင်မြူနှင်းကို မြင်သောအခါ စိုးရိမ်စွာဖြင့် ပြန်ပြောလိုက်သည်။
“ဘာတွေဖြစ်နေတာလဲ အစ်ကိုကြီး”
လီရွှမ်ရွှမ်သည် သူ၏မျက်ခုံးငယ်များကို စုစည်းလိုက်ပြီး တည်ကြည်သောအသံဖြင့် ပြောလိုက်သည်။
“ဒီမြူနှင်းက တော်တော်လေး ထူးဆန်းပုံရတယ်။ ငါ့မိသားစုက လူကြီးတွေက တောင်ပေါ်မှာ ရှိနေတယ်။ ငါတို့ အဲဒီကိုတက်သွားပြီး သူတို့ကို အသိပေးကြစို့”
လီရွှမ်ရွှမ်သည် အသက်ခြောက်နှစ် မပြည့်သေးသော်လည်း ရှစ်နှစ်၊ ကိုးနှစ်အရွယ် ကလေးတစ်ယောက်၏ ရင့်ကျက်မှုမျိုးရှိသည်။
သူတို့၏ တီးတိုးပြောဆိုနေမှုသည် လျိုလင်ဖုန်းက စာသင်ခန်းထဲသို့ ဝင်ရောက်လာပြီး ဟန်ဝန်ရွှီထံသို့ တစ်ခုခုကို တိုးတိုးလေး ပြောလိုက်သောအခါ ဖြတ်တောက်ခံလိုက်ရသည်။ ခဏတာ စကားစမြည်ပြောဆိုပြီးနောက် ဟန်ဝန်ရွှီက ခေါင်းညိတ်လိုက်ပြီး ကြေညာလိုက်သည်။
“အားလုံးပဲ မင်းတို့အဝတ်အစားတွေနဲ့ စောင်တွေကို ထုပ်ပိုးလိုက်ကြတော့။ နောက်သုံးရက်လောက် အတန်းမရှိဘူး”
လီရွှမ်ရွှမ်နှင့် လီရှဲ့ဝမ်တို့သည် အကြည့်ချင်းဖလှယ်လိုက်ကြပြီး မမျှော်လင့်ထားသော အားလပ်ရက်ကြောင့် ဝမ်းမြောက်စွာ ဟစ်ကြွေးနေသော အခြားကလေးများအလယ်တွင် သူတို့၏ပစ္စည်းများကို အလျှင်အမြန် ထုပ်ပိုးလိုက်ကြသည်။
လျိုလင်ဖုန်းသည် ဟန်ဝန်ရွှီထံသို့ သတင်းစကား ပို့ဆောင်ပြီးနောက် စာသင်ကျောင်းအဝင်ဝရှိ လှေကားထစ်များပေါ်တွင်ထိုင်ကာ ကလေးများကို စောင့်ဆိုင်းနေခဲ့သည်။ သူ၏ပါးစပ်တွင် တစ်ခုခုလိုနေသည်ဟု ခံစားရသောကြောင့် ရင်ဘတ်အိတ်ထဲမှ ဆေးတံကို လှမ်းယူလိုက်သည်။
နောက်တစ်ကြိမ် သူခေါင်းမော့လိုက်သောအခါ သူသည် မြူနှင်းထဲတွင် ပုန်းကွယ်နေသော အရိပ်တစ်ခုကို တွေ့လိုက်ရသည်။ ၎င်းသည် တောအုပ်ထဲတွင် ပုန်းအောင်းနေပြီး တစ်ခုခုကို စောင့်ကြည့်နေပုံရသည်။
လျိုလင်ဖုန်းသည် ထိတ်လန့်တကြားဖြင့် မြေပြင်မှ ခုန်ထလိုက်မိသည်။ သူ၏အဖိုးတန်ဆေးတံသည် သူ့လက်ထဲမှ လွတ်ကျသွားပြီး မြေပြင်ပေါ်တွင် ကွဲကြေသွားခဲ့သည်။ ကျိုးပဲ့သွားသောဆေးတံကို လျစ်လျူရှုရင်း ကြောက်ရွံ့မှုများ လွှမ်းမိုးသွားကာ သူက အော်ပြောလိုက်သည်။
“ဘယ်သူလဲ”