အခန်း ၃၉
Vol. 4 Ch. 39
အခန်း - (၃၉) အထွဋ်အထိပ်ယင်ဂမ္ဘီရအလင်း
“ဆောင်းဦးရေကန်ထဲကလရိပ်ကျင့်စဉ်က တစ်ချိန်က အင်မော်တယ်စံအိမ်တော်က ဆင်းသက်လာတဲ့ အံ့ဖွယ်ကျင့်စဉ်တစ်ခုဖြစ်ပြီး အရမ်းထူးခြားတယ်။ ဒီကျင့်စဉ်က မိုးနဲ့မြေရဲ့ ဝိညာဉ်ချီအမျိုးအစား နှစ်ခု လိုအပ်တယ်။ တစ်မျိုးကို အထွဋ်အထိပ်ယင်လရောင်လို့ လူသိများပြီး အခြားတစ်မျိုးကတော့ ရေကန်ထဲကရွှေရောင်ဆောင်းဦး ဖြစ်တယ်။ ငါတို့ဂိုဏ်းမှာ ရေကန်ထဲကရွှေရောင်ဆောင်းဦးအတွက် ကျင့်စဉ် တစ်စိတ်တစ်ပိုင်း ရှိပေမယ့် အထွဋ်အထိပ်ယင်လရောင်ကတော့ အင်မော်တယ်စံအိမ်တော်က လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာက ကမ္ဘာကနေ ထွက်ခွာသွားပြီးကတည်းက မမြင်တွေ့ရတော့ဘူး”
“လရေကန်တောင်ထိပ်ရဲ့ တောင်ထိပ်သခင်က လွန်ခဲ့တဲ့နှစ်ပေါင်းရာချီက အင်မော်တယ်စံအိမ်တော်ကနေ ကံကောင်းပြီးတော့ ဆုလာဘ်တစ်ခုရရှိခဲ့ပြီး ဒီကျင့်စဉ်ကို အောင်မြင်ခဲ့တယ်။ သူကွယ်လွန်ပြီးတဲ့နောက် ဘယ်သူတစ်ဦးတစ်ယောက်မှ ဒီကျင့်စဉ်ရဲ့ ဆန်းကြယ်မှုကို မဖော်ထုတ်နိုင်ခဲ့ဘူး”
လီချယ်ကျင်းသည် အင်မော်တယ်စံအိမ်တော်နှင့် ပတ်သက်သော ဒဏ္ဍာရီများနှင့် ရင်းနှီးကျွမ်းဝင်ပေသည်။ ၎င်းသည် ပြည်နယ်ပေါင်းများစွာကို လွှမ်းခြုံထားနိုင်သော အလွန်ကြီးမားသော အဖွဲ့အစည်းကြီးတစ်ခုဖြစ်ပြီး ယခုအခါ ကမ္ဘာမှ ရာစုနှစ်ပေါင်းများစွာ ပျောက်ကွယ်နေခဲ့သည်။
သူက တိုးတိုးလေးသက်ပြင်းချလိုက်ပြီး နားလည်စွာခေါင်းညိတ်ကာ ပြောလိုက်သည်။
“ကျွန်တော် သဘောပေါက်ပါပြီ။ ရှင်းပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာအစ်ကိုကြီး”
xxxxxxxxxx
လုကျန်းရှန်း၏ နတ်ဘုရားအာရုံသည် ကြေးမုံမှတစ်ဆင့် ကျယ်ပြန့်လာပြီး လက်ခံရယူခြင်းကျင့်စဉ်ကို လေ့ကျင့်နေသောကလေးကို ကြည့်ရှုနေခဲ့သည်။
မှိန်ဖျော့ဖျော့ အဖြူရောင်အလင်းတန်းတစ်ခုသည် ကောင်လေး၏ ဦးခေါင်းအထက်တွင် ပျံဝဲနေပြီး ခန့်မှန်းခြေအားဖြင့် ခုနစ်ဆဲ့ (ဆဲ့ = တရုတ်လက်မ၊ ၁ဆဲ့ = ၁.၃ လက်မ)ခန့် ရှည်လျားကာ မှိန်ဖျော့ဖျော့အလင်းဖြင့် တောက်ပနေခဲ့သည်။
“ဒီကလေးရဲ့ ဂမ္ဘီရပုလဲအဆောင်မျိုးစေ့နဲ့ လိုက်ဖက်ညီမှုက အလားအလာရှိပုံရတယ်။ ဒါပေမဲ့ ကျင့်ကြံခြင်းမှာ သူဘယ်လောက်ကျွမ်းကျင်လိမ့်မယ် ဆိုတာကတော့ မသိနိုင်သေးဘူး”
လုကျန်းရှန်းသည် လီရွှမ်ရွှမ်ထံမှ နတ်ဘုရားအာရုံကို ရုပ်သိမ်းလိုက်စဉ် သူ၏နှလုံးသားသည် စိတ်လှုပ်ရှားမှုဖြင့် တုန်ခါသွားသည်ကို ခံစားလိုက်ရသည်။ သူ၏အမြင်အာရုံသည် ခဏတာ ဝေဝါးသွားခဲ့ပြီး သူ၏ရှေ့တွင် ပေါ်လောပေါ်နေသော စင်ကြယ်သော ကျောက်စိမ်းဖြူကဲ့သို့သော ချပ်ပြားတစ်ခုကို မြင်လိုက်ရသည်ဟု ထင်မိသည်။
“လီချယ်ကျင်း၊ အဲဒီကောင်လေးက… သူက ကျောက်စိမ်းမြို့တော်ချက္ကရာကို စုစည်းဖွဲ့တည်နိုင်ခဲ့ပြီ”
ဆန်းကြယ်သော စွမ်းအင်လှိုင်းလုံးတစ်ခုသည် ကြီးမားသော အကွာအဝေးများကို ဖြတ်သန်းသွားပြီး ဂမ္ဘီရပုလဲအဆောင်မျိုးစေ့များမှတစ်ဆင့် ဆက်သွယ်သွားခဲ့သည်။ ၎င်းသည် ကျောက်တုံးစင်မြင့်ပေါ်ရှိ ညိုပြာရောင်ကြေးမုံပေါ်သို့ ညင်သာစွာ သက်ဆင်းကျရောက်လာခဲ့သည်။
လုကျန်းရှန်းသည် သူ၏နတ်ဘုရားဝိညာဉ်တွင် နက်နက်ရှိုင်းရှိုင်း ပေါ့ပါးမှုကို ခံစားလိုက်ရပြီး ၎င်းနှင့်အတူ သန့်စင်သော အဖြူရောင်အလင်းစီးကြောင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။
လီထုန်ယာနှင့် လီရှန်းဖျင်တို့ ကျင့်ကြံအဆင့် တိုးတက်ခဲ့စဉ်က အလွန်သေးငယ်လှသော စွမ်းအင်ပမာဏမျှကိုသာ လုကျန်းရှန်း၏ ကြေးမုံထဲသို့ ပြန်လည်ပို့ဆောင်ခဲ့ရသည်။
လီချယ်ကျင်း၏ ဆက်တိုက်အောင်မြင်မှုများ၊ အထူးသဖြင့် ကျောက်စိမ်းမြို့တော်ချက္ကရာကြောင့် လုကျန်းရှန်းသည် နောက်ဆုံးတွင် အထွဋ်အထိပ်ယင်ဂမ္ဘီရလင်းကို စုစည်းဖွဲ့တည်နိုင်ခဲ့သည်။
“ဒီဂမ္ဘီရအလင်းက အကောင်းဆုံးအခြေအနေမှာရှိတဲ့ ကျောက်စိမ်းမြို့တော်ချက္ကရာအဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ တိုက်ခိုက်ခြင်းအင်အားကို ပိုင်ဆိုင်တယ်။ ဒါပေမဲ့ သူ့ရဲ့တိုက်ခိုက်မှုအကွာအဝေးက အရမ်းကျယ်ပြန့်တော့ ငါ့ရဲ့လက်ရှိနတ်ဘုရားအာရုံရဲ့ လက်လှမ်းမီမှုထက်တောင် ကျော်လွန်နေတယ်”
ဤဂမ္ဘီရအအလင်းကို ကျွမ်းကျင်ပိုင်နိုင်စွာရရှိပြီးနောက် လုကျန်းရှန်း၏ နတ်ဘုရားအာရုံသည် လီကျင်းရွာတစ်ခုလုံးကို လွှမ်းခြုံနိုင်သည်အထိ ကျယ်ပြန့်လာခဲ့သည်။
ထိုစိတ်လှုပ်ရှားမှုအခိုက်အတန့်တွင် ကြေးမုံသည် နွေးထွေးလာခဲ့ပြီး တစ်နေရာရာမှ မှိန်ဖျော့သော ဆွဲငင်အားတစ်ခုကို အာရုံခံမိလိုက်သည်။
“ငါ့ရဲ့နတ်ဘုရားအာရုံ ကျယ်ပြန့်လာတာက ငါ့ကို ပိုဝေးတဲ့အကွာအဝေးဆီက အရာတွေကို အာရုံခံနိုင်လာစေတယ်”
လုကျန်းရှန်းသည် ထိုဆွဲအားငင်ကို အာရုံစိုက်လိုက်ပြီးနောက် သဘောပေါက်သွားခဲ့သည်။
“ဆွဲငင်အားက လကြည့်ရေကန်ကနေ လာတာပဲ။ ဒါပေမဲ့ အရင်က ငါအာရုံခံမိခဲ့တဲ့နေရာထက် သိသိသာသာ ပိုဝေးတယ်။ လီမိသားစုကို ဒီအကြောင်းစုံစမ်းခိုင်းဖို့ အသိပေးသင့်လားမသိဘူး”
သူက တုံ့ဆိုင်းသွားခဲ့ပြီးနောက် သူ့ဘာသာသူ တွေးလိုက်သည်။
“မဟုတ်သေးဘူး။ သူ့ရဲ့တည်နေရာကို ထောက်ရှုလိုက်ရင် ဒါက ရေကန်ရဲ့ဗဟိုချက်က အဲဒီဈေးကနေ လာပုံရတယ်။ လီညီအစ်ကိုနှစ်ယောက်က ကျောက်စိမ်းမြို့တော်ချက္ကရာကို အောင်အောင်မြင်မြင် စုစည်းဖွဲ့တည်ပြီးမှ သူတို့ကို စူးစမ်းလေ့လာခိုင်းတာက ဉာဏ်ရှိရာရောက်လိမ့်မယ်”
ထိုအခိုက် အခန်းတံခါးက ကျွီခနဲပွင့်လာကာ လီမုထျန်းနှင့်အတူ လီညီအစ်ကိုနှစ်ယောက် ဝင်ရောက်လာကြသည်။ လီရှန်းဖျင်သည် လီရွှမ်ရွှမ်၏ပခုံးကို ပုတ်လိုက်ပြီး လေးနက်သောအသံဖြင့် မေးလိုက်သည်။
“အသင့်ဖြစ်ပြီလား”
“အသင့်ပါပဲ”
လီရွှမ်ရွှမ်က အားတက်သရောခေါင်းညိတ်ရင်း အတည်ပြုလိုက်ပြီး သစ်သားပြားကို လီရှန်းဖျင်ထံသို့ ပြန်ပေးလိုက်သည်။
လီမုထျန်းသည် လီရှန်းဖျင်က သစ်သားပြားကို သိမ်းဆည်းလိုက်သည်ကို ကြည့်ရှုရင်း ကြေးမုံကို စားပွဲပေါ်တွင် ရိုသေစွာတင်လိုက်ပြီး အမွှေးတိုင်အနည်းငယ်ကို ပူဇော်လိုက်သည်။
“လီမိသားစုမှ တပည့်တစ်ဦးအနေဖြင့် ဂမ္ဘီရအလင်းကို ရိုသေစွာလေးစားစွာ တောင်းခံအပ်ပါ၏။ ကျွန်ုပ်သည် တာအိုလမ်းစဉ်ကို လိုက်စားရန် မြှုပ်နှံထားပြီး ကျွန်ုပ်၏ ကံကြမ္မာကို အသင်၏လက်ထဲတွင် အပ်နှံပါ၏။ ကျွန်ုပ်သည် ကျွန်ုပ်၏သစ္စာစကားကို မဖောက်ဖျက်ဘဲ တည်မြဲပါမည်။ ဤအဆောင်ကို မီးရှို့ခြင်းဖြင့် အထွဋ်အထိပ်ယင်ကို ကျေးဇူးတင်ကြောင်းဖော်ပြပါ၏”
လီရွှမ်ရွှမ်၏စကား ဆုံးသွားသည်နှင့် လုကျန်းရှန်းသည် မန္တန်ကို အသက်သွင်းလိုက်သည်။ ရောင်စုံအလင်းများသည် ကြေးမုံမျက်နှာပြင်ပေါ်တွင် စုစည်းလာခဲ့ပြီး အသက်ရှူနေသကဲ့သို့ စည်းချက်ကျကျ တုန်ခါကာ ရုတ်တရက် အဖြူရောင်အလင်းလုံးတစ်လုံးကို ထုတ်လွှတ်လိုက်သည်။
လီရွှမ်ရွှမ်သည် ချက်ချင်းပင် ထိုင်ချလိုက်ပြီး လက်ခံရယူခြင်းကျင့်စဉ်မှတစ်ဆင့် အဆောင်မျိုးစေ့ကို လက်ခံရယူရန် စူးစူးစိုက်စိုက် အာရုံစိုက်နေခဲ့သည်။
လီထုန်ယာသည် ကြမ်းပြင်ပေါ်မှ လီရွှမ်ရွှမ်ကို ကြည့်ရှုလိုက်ပြီး အခန်းတံခါးကို လုံခြုံစွာပိတ်ရန်လှည့်လိုက်ကာ တိုးတိုးလေး မှတ်ချက်ချလိုက်သည်။
“လျိုရို့ရွှမ်းက မနေ့ညက ဆန်းကြယ်အသွင်ချက္ကရာကို စုစည်းဖွဲ့တည်နိုင်ခဲ့တယ်။ လနည်းနည်းလောက်ကြာရင် ရွှမ်ရွှမ်ကလည်း ဆန်းကြယ်အသွင်ချက္ကရာကို စုစည်းဖွဲ့တည်နိုင်လိမ့်မယ်။ ဒီလိုနဲ့ ငါတို့ လီမိသားစုမှာ အင်မော်တယ်ကျင့်ကြံသူ ခြောက်ယောက်ရှိလာလိမ့်မယ်”
“မန္နာစွမ်းအင်သံသရာ ချက္ကရာအဆင့် နှစ်ယောက်နဲ့ ဆန်းကြယ်အသွင်ချက္ကရာအဆင့် သုံးယောက်… ကျင်းအာက အခုအချိန်မှာ အင်မော်တယ်ဂိုဏ်းမှာ ကျောက်စိမ်းမြို့တော်ချက္ကရာကို စုစည်းဖွဲ့တည်ပြီးလောက်ပြီ”
လီရှန်းဖျင်သည် စားပွဲပေါ်တွင်တောက်ပနေသော ညိုပြာရောင်ကြေးမုံပေါ်သို့ ကြည့်နေရင်း တွေးတောလိုက်မိသည်။
သူက ဆက်တွေးသည်။
“ငါတို့လီမိသားစုက ပိုအဆင့်မြင့်တဲ့ ကျင့်ကြံခြင်းအဆင့်တွေက ကျင့်ကြံသူတွေကို လိုအပ်နေတုန်းပဲ။ ချီကျင့်ကြံခြင်းအဆင့်မှာ ရှိနေပြီးဖြစ်တဲ့ ကျီတုန်းချီကို ထည့်မတွက်ရင်တောင် ငါတို့အိမ်နီးချင်း ဝမ့်မိသားစုတောင်မှ သူတို့ထဲမှာ အထွဋ်အထိပ်ကျောက်စိမ်းမြို့တော်အဆင့် ကျင့်ကြံသူတွေရှိတယ်”
“ကျောက်စိမ်းမြို့တော်ချက္ကရာအဆင့် ကျင့်ကြံသူတွေက မွေးရာပါဝိညာဉ်အာရုံကို ပိုင်ဆိုင်ကြတယ်။ သူတို့ကို ဆေးလုံးတွေ သန့်စင်တာ၊ လက်နက်တွေ ထုလုပ်တာ၊ အစီအရင်တွေ တည်ဆောက်တာ၊ သိုလှောင်အိတ်တွေ သုံးတာနဲ့ ဈေးတွေကို ဘေးကင်းစွာ သွားလာနိုင်စေတယ်”
တစ်ချိန်တည်းမှာပင် ထိုစကားဝိုင်းကို နားထောင်နေသော လုကျန်းရှန်းသည် သူ၏နတ်ဘုရားအာရုံတွင် လှုပ်ရှားမှုတစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။ သူသည် အနောက်အရပ်မှ ချဉ်းကပ်လာသော မရင်းနှီးသည့် တည်ရှိမှုတစ်ခုကို အာရုံခံမိလိုက်သည်။
လုကျန်းရှန်း၏အမြင်အာရုံသည် အဆင့်နှစ်ဆင့်ဖြင့် လုပ်ဆောင်သည်။
ပထမအဆင့်ဖြစ်သော အမြင်အာရုံသည် သေမျိုးများ၏အမြင်နှင့် ဆင်တူပြီး လီချွမ်းခိုရွာမှ လီတောက်ခိုရွာအထိ လီမိသားစု၏နယ်မြေကို လွှမ်းခြုံထားကာ ကျယ်ပြန့်သော အကွာအဝေးကို လွှမ်းခြုံထားနိုင်သည်။ ၎င်းက သူ့ကို ရှာဖွေတွေ့ရှိခြင်းမရှိဘဲ ကြည့်ရှုလေ့လာနိုင်စေပြီး အခြေတည်အဆင့်ရှိ ကျင့်ကြံသူတစ်ဦးဖြစ်သော စစ်ယွမ်ပိုင်ပင် သတိမပြုမိနိုင်ခဲ့ပေ။
ဒုတိယအဆင့်ဖြစ်သော သူ၏နတ်ဘုရားအာရုံသည် လီကျင်းရွာကို လွှမ်းခြုံထားပြီး သေမျိုးများ၏ ထိတွေ့ဆက်ဆံမှုနှင့် ဆင်တူသည်။ လုကျန်းရှန်းသည် ဤအကွာအဝေးအတွင်းရှိသော လူတစ်ဦးချင်းစီကို စစ်ဆေးနိုင်သော်လည်း စစ်ဆေးမှု၏ ပြင်းထန်မှုသည် ပစ်မှတ်၏အစွမ်းအစပေါ် မူတည်၍ သူ့ကို သတိပြုမိသွားနိုင်စေသည်။ ဤနေရာတွင် သူသည် ကာကွယ်ရန်အတွက် အထွဋ်အထိပ်ယင်ဂမ္ဘီရအလင်းကို အသုံးပြုနိုင်ပေသည်။
ဤအချိန်တွင် သူသည် သူ၏အမြင်အာရုံဖြင့် လီချွမ်းခိုရွာအနီးတွင် သံသယဖြစ်ဖွယ် လှည့်လည်သွားလာနေသော ကျောက်စိမ်းမြို့တော်ချက္ကရာအဆင့် စွမ်းအားရှိသည့် အရှိန်အဝါတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။
“ဘာလို့ ကျောက်စိမ်းမြို့တော်ချက္ကရာအဆင့် ကျင့်ကြံသူတစ်ယောက်က ဒီပတ်ဝန်းကျင်မှာ လှည့်လည်သွားလာနေရတာလဲ။ လီမိသားစုကို ချက်ချင်းအသိပေးရမယ်။”
သူက စိုးရိမ်စွာဖြင့် သူ့ဘာသာသူ တွေးလိုက်သည်။
သူ စိတ်ညွှတ်လိုက်သောအခါ ကြေးမုံပြင်ထက်မှ ငွေဖြူရောင် လရောင်စွမ်းအင်များ ဒလဟော ပန်းထွက်လာခဲ့ပြီး ဝေဟင်ယံထက်တွင် အဖြူရောင် ပိုးမျှင်တန်းများသဖွယ် ရစ်သိုင်းဖွဲ့စည်း ပုံပေါ်လာခဲ့လေသည်။
ဤဖြစ်စဉ်သည် လီထုန်ယာနှင့် အခြားသူများကို အမှတ်မထင် ဖြစ်သွားစေခဲ့သည်။ ငွေရောင်အလင်းက လေထဲတွင် ဆက်လက်စုစည်းနေစဉ် သူတို့သည် နားမလည်နိုင်သောအကြည့်များ ဖလှယ်လိုက်ကြသည်။
လီမုထျန်းသည် မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး တည်ငြိမ်စွာ အကြံပေးလိုက်သည်။
“စိတ်ကို တည်တည်ငြိမ်ငြိမ်ထားပြီး အရင်ဆုံး သေသေချာချာကြည့်လိုက်ပါ”
“ဒါက လီမိသားစုရဲ့နယ်မြေ မြေပုံတစ်ခု ဖြစ်ပုံရတယ်”
လီထုန်ယာက သူ၏မေးစေ့ကို အတွေးနက်စွာ ပွတ်သပ်ရင်း မှတ်ချက်ချလိုက်သည်။
သူတို့ကြည့်ရှုနေစဉ် လရောင်သည် တောက်ပသော အဖြူရောင်မြေပုံတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး လီချွမ်းခိုရွာ၊ လီတောက်ခိုရွာနှင့် ကျင်းယန်ရွာတို့ကို အသေးစိတ်ဖော်ပြနေခဲ့သည်။ ထူးခြားစွာပင် မြေပုံပေါ်ရှိ လီချွမ်းခိုရွာကို ကိုယ်စားပြုသောအမှတ်အသားသည် တဖျပ်ဖျပ်ဖြစ်နေသော ငွေရောင်အလင်းကို ထုတ်လွှတ်နေခဲ့သည်။
“လီချွမ်းခိုရွာလား”
လီရှန်းဖျင်က သူ့ဘာသာသူ ရေရွတ်လိုက်သည်။
xxxxxxxxxx
လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ချန်အားနျိုသည် လီချွမ်းခိုကျေးရွာ၏ တာဝန်ခံထူးနေရာတွင် ပိုမို၍ ကျင့်သားရလာခဲ့သည်။ သူသည် ကိုယ်ခန္ဓာလည်း အတော်လေး ဝဖြိုးလာခဲ့ပြီး မေးစေ့တွင်လည်း မုတ်ဆိတ်မွေးများ ထွက်လာခဲ့သည်။ ထို့ကြောင့်ပင် သူသည် သာမန်လယ်သမားတစ်ဦး၏ အသွင်သဏ္ဌာန်မျိုး လုံးဝ မပေါက်တော့ပေ။
ချန်အားနျိုသည် လယ်ယာမြေ စာရင်းဇယားများကို ဖြေရှင်းပြီး ညီအစ်ကိုနှစ်ယောက်ကြား လယ်ယာမြေအငြင်းပွားမှုကို ဖြေရှင်းပေးခဲ့ကာ တစ်နေ့တာကုန်ဆုံးပြီးနောက် သူ၏အိပ်ရာပေါ်တွင် ကျေနပ်စွာ လဲလျောင်းရင်း နောက်တစ်နေ့အတွက် အစီအစဉ်များကို စတင်စဉ်းစားနေခဲ့သည်။
“ရွာအရှေ့ဘက်က မြေကွက်တွေက မြေသြဇာကောင်းနေတုန်းပဲ။ မနက်ဖြန်ကျရင် လူတချို့ကို အဲဒီကိုလွှတ်ပြီး စိုက်ပျိုးခိုင်းမယ်။ ငါတို့မြေပိုင်ဆိုင်မှုကို နည်းနည်းလောက် ပိုချဲ့ထွင်ရမယ်”
လီချွမ်းခိုရွာနှင့် လီတောက်ခိုရွာတို့သည် ကပ်လျှက်ရှိသော်လည်း လီကျင်းရွာနှင့် ကျင်းယန်ရွာတို့ကဲ့သို့ ရှင်းလင်းသည့် အုပ်ချုပ်ရေး ပိုင်းခြားမှု မရှိပေ။ ထို့ကြောင့်ပင် ချန်အားနျိုသည် တာဝန်ခံအဖြစ် ဤရွာနှစ်ရွာနှင့် ပတ်သက်သော ပြဿနာတိုင်းကို ဆင်ခြင်တုံတရားဖြင့် ညှိနှိုင်းဖြေရှင်းရလေ့ရှိသည်။
မကြာသေးမီက ရွှီဝမ်ရှန်၏ ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုဖွင့်ရန် တွန်းအားပေးမှုသည် အတားအဆီးတစ်ခုနှင့် ရင်ဆိုင်ခဲ့ရသည်။ ဝမ်မိသားစုက ကုလီလမ်းကို ကျီမိသားစုထံသို့ ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့ရခြင်းက အရှေ့ဘက်ဝင်ပေါက်ကို ပိတ်ဆို့သွားခဲ့ပြီး ရွှီဝမ်ရှန်ကို စိတ်ပျက်စေကာ မကြာသေးမီလများအတွင်း ပိုမိုရန်လိုလာစေခဲ့ရာ ချန်အားနျိုအတွက် စိတ်အနှောင့်အယှက် ဖြစ်နေရသည်။
“ခေါင်းကိုက်စရာကောင်းလိုက်တာ”
ချန်အားနျိုသည် သူ၏အတွေးများထဲတွင် နစ်မြောနေစဉ် အပြင်ဘက်မှ ဆူညံသံတစ်သံကြောင့် ထိတ်လန့်သွားရသည်။
သူ၏အကြီးဆုံးသားသည် မျက်နှာတွင် ထိတ်လန့်မှုဖြင့် ပြည့်နှက်နေကာ အော်ပြောလိုက်သည်။
“အဖေ၊ မကောင်းတော့ဘူး။ ရွာအဝင်ဝမှာ တစ်ယောက်ယောက် သေနေတယ်”
ချန်အားနျိုသည် အိပ်ယာမှ ခုန်ထလိုက်ပြီး အော်ဟစ်ကာ မေးလိုက်သည်။
“ဘာ”