← Chapters

အခန်း ၄၀

Vol. 4 Ch. 40

အခန်း ၄၀

Vol. 4 Ch. 40

အခန်း - (၄၀) နတ်ဆိုး

ချန်အားနျိုသည် ထိတ်လန့်တကြားဖြင့် အိပ်ယာမှ ခုန်ထလိုက်ပြီး ဘေးမှ အဝတ်အစားများကို ဆွဲယူကာ အလျှင်အမြန် ဝတ်ဆင်လိုက်သည်။

ထို့နောက် သူ့သားကို ဆွဲခေါ်ရင်း တံခါးဘက်ဆီသို့ အပြေးအလွှားသွားကာ ထိတ်လန့်နေသောအသံဖြင့် မေးလိုက်သည်။

“ဘာတွေဖြစ်ကုန်တာလဲ”

သူ၏အကြီးဆုံးသား ချန်စန်းရွှေသည် နံရံပေါ်မှဆေဘာကို စိုးရိမ်စွာလှမ်းယူရင်း အတင်းတိုက်တွန်းလိုက်သည်။

“အဖေ၊ ဆေဘာကို ယူသွားလိုက်ပါ။ သွားရင်း လမ်းမှာ ပြောကြမယ်”

ချန်အားနျိုသည် ဆေဘာကိုယူကာ ခါးတွင် လုံခြုံစွာချည်နှောင်ရင်း သွက်လက်သော ခြေလှမ်းများဖြင့် ရွာအဝင်ဝသို့ အလျှင်အမြန်သွားလိုက်သည်။

“ညကင်းလှည့်နေတဲ့ ရွာသားတစ်ယောက်က လယ်ကွင်းထဲမှာ တစ်ယောက်ယောက် ရှိနေတယ်လို့ ထင်ခဲ့တယ်။ သူက ခိုးဝင်လာတဲ့သူတစ်ယောက်လို့ထင်ပြီး ချောင်းကြည့်ဖို့ ထိုင်ချလိုက်တော့ သွေးစွန်းနေတဲ့ အလောင်းတစ်ခုရဲ့ နောက်စေ့ပျောက်ဆုံးနေတဲ့ ကြောက်မက်ဖွယ် မြင်ကွင်းကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရတယ်။ သူက လုံးဝ ထိတ်လန့်သွားခဲ့တယ်”

ချန်စန်းရွှေက သူ၏ဖခင်ဘေးတွင် အလျှင်အမြန်လျှောက်လှမ်းရင်း ရှင်းပြလိုက်သည်။

“သေဆုံးရတဲ့အကြောင်းရင်းက ဘာလဲ”

“အလောင်းက နောက်စေ့ကို ရိုက်နှက်ခံရပြီး သူ့ရဲ့ဦးနှောက်ကို ဆွဲထုတ်ခံလိုက်ရတယ်။ သူရဲ့သေဆုံးပုံက အဖြစ်ဆိုးလွန်းတယ်”

ချန်အားနျိုသည် ထိုစကားကိုကြားသောအခါ ခြေလှမ်းများ ရပ်တန့်သွားကာ မေးလိုက်သည်။

“ပင်မမိသားစုကို အသိပေးပြီးပြီလား”

“မပေးရသေးဘူး…”

ချန်စန်းရွှေက တုံ့ဆိုင်းစွာ ပြန်ဖြေလိုက်သည်။

“အရူးကောင်! ငါတို့ ဒါကို လျှို့ဝှက်ထားနိုင်မယ်လို့ မင်းထင်နေတာလား”

ချန်အားနျိုသည် ဒေါသဖြင့် ပေါက်ကွဲထွက်သွားကာ အော်ပြောလိုက်သည်။

ချန်စန်းရွှေသည် ဒေါသထွက်နေသော ဖခင်ဖြစ်သူကို မြင်သောအခါ အလျှင်အမြန်ပင် အကျယ်တဝင့် ရှင်းပြလိုက်သည်။

“ကျွန်တော် လယ်ကွင်းထဲမှာ အလုပ်လုပ်နေတဲ့လူတွေနဲ့ စကားပြောပြီးပါပြီ… ကျွန်တော်တို့ အခုလောလောဆယ်တော့ ဒီကိစ္စကို တိတ်တိတ်လေး ထားကြမယ်။ ဒါက လီချွမ်းခိုရွာမှာ နှစ်ပေါင်းများစွာအတွင်း ပထမဆုံး လူသတ်မှုပဲ။ ရွှီဝမ်ရှန်က ဒါကို အဖေ့ကိုဆန့်ကျင်ဖို့ အသုံးချမှာကို ကျွန်တော် စိုးရိမ်တယ်”

“မင်းကတော့ အရူးပဲ။ ဒါက ရက်စက်ကြမ်းကြုတ်တဲ့ လူသတ်မှုကွ။ ဦးနှောက်တွေ ဆွဲထုတ်ခံလိုက်ရတာ”

ချန်စန်းရွှေသည် သူ့ဖခင်၏မျက်နှာပေါ်မှ ဒေါသကိုမြင်သောအခါ သူ၏စကားလုံးများကို မြိုသိပ်လိုက်ပြီး နောက်ဆုံးတွင် တစ်ခုခုမှားယွင်းနေကြောင်း သဘောပေါက်သွားသည်။

“ဘယ်သူက ဒီလောက်ဆိုးရွားတဲ့ လူသတ်မှုကို ကျူးလွန်ပြီး အလောင်းရဲ့ဦးနှောက်ကို ဆွဲထုတ်တဲ့အထိ လုပ်ရမှာလဲ။ ဒါ့အပြင် ရွှီဝမ်ရှန်နဲ့ ငါ့ရဲ့ပြိုင်ဆိုင်မှုက လူအများသိပေမယ့် သူက ငါ့ကိုဆန့်ကျင်ဖို့ ဒါကိုသုံးရလောက်အောင် အောက်တန်းကျမှာလား။ သူက ငါ့ကို ဒုက္ခပေးဖို့အတွက် လီချွမ်းခိုရွာက အိမ်ထောင်စုတစ်ရာကျော်ကို စိတ်အနှောင့်အယှက်ဖြစ်အောင်လုပ်ဖို့ စွန့်စားမှာတဲ့လား”

“မင်းတို့ညီအစ်ကိုတွေက ဝက်တွေလိုပဲ ဘာမှမသိနားမလည်ဘူး။ ရွှီဝမ်ရှန်က ငါ့ထက်ငယ်တယ်။ ငါသေသွားတဲ့အခါ မင်းတို့ ဘာလုပ်ကြမှာလဲ။ မင်းတို့ ဘယ်လိုရပ်တည်ကြမှာလဲ”

“အဖေ…”

ဤသို့ မေးခွန်းများ ဆက်တိုက်မေးခံရကာ ဆုံးမခံလိုက်ရသော ချန်စန်းရွှေသည် ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့လိုက်ပြီး တိတ်ဆိတ်သွားခဲ့သည်။

ချန်အားနျို၏အမူအရာသည် မှောင်မိုက်သွားခဲ့ကာ စိတ်အနှောင့်အယှက်ဖြစ်မှုက သူ၏နှလုံးသားကို လှုပ်ခတ်သွားပြီး အေးစက်စွာ ပြောလိုက်သည်။

“ငါတို့ နတ်ဆိုးတစ်ကောင်နဲ့ ထိတွေ့နေရမှာကို ငါစိုးရိမ်မိတယ်။ ပင်မမိသားစုကို မင်းကိုယ်တိုင် အသိသွားပေးလိုက်”

ချန်စန်းရွှေသည် အားတက်သရော ခေါင်းညိတ်လိုက်ပြီး လီကျင်းရွာဆီသို့ အလျှင်အမြန် ထွက်ခွာသွားခဲ့သည်။

သူ၏အကြီးဆုံးသားက အဝေးသို့ ပျောက်ကွယ်သွားသည်ကို ကြည့်ရှုရင်း ချန်အားနျို၏အမူအရာသည် ထိတ်လန့်မှုနှင့် ဝမ်းနည်းမှုတို့ဖြင့် ခဏတာ ဖြတ်ပြေးသွားခဲ့သည်။

“ဒီနတ်ဆိုးရဲ့အစွမ်းအစကို မသိရသေးဘူး။ စန်းရွှေ၊ သတိထား။ မင်းက ချန်မိသားစုရဲ့ မျိုးဆက်အတွက် နောက်ဆုံးမျှော်လင့်ချက် ဖြစ်သွားနိုင်တယ်”

ချန်အားနျိုသည် လီချွမ်းခိုရွာကို ထိုးနှက်ခဲ့သော ကြောက်မက်ဖွယ်ကပ်ဆိုးကြီးကို သတိရလိုက်သည်။ သူသည် ကလေးငယ်တစ်ယောက်အရွယ်သာ ရှိသေးစဉ်က သူတို့ရွာပေါ်သို့ ဆင်းသက်လာသော အနီရောင်မီးတောက်များဖြင့် လွှမ်းခြုံထားသော ကြီးမားသော စာကလေးတစ်ကောင်ကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ဖူးသည်။

၎င်းသည် ရွာသားအများအပြားကို မြေပြင်ပေါ်မှ ပိုးကောင်များကဲ့သို့ မျိုချခဲ့ပြီးနောက် ပျံသန်းထွက်ခွာသွားခဲ့သည်။ သူချန်ထားခဲ့သော အပူချိန်သည် သုံးလမျှ ကြာမြင့်ခဲ့သည်။

အသက်ရှင်ကျန်ရစ်ခဲ့သော ရွာသားများသည် ရှင်သန်ရပ်တည်နိုင်ရန်အတွက် သူတို့လုပ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်ခဲ့ကြသည်။ သူတို့၏ ခြောက်သွေ့နေသော လယ်ကွင်းများကို ရေပေးရန် မေချယ်မြစ်မှရေကို ခပ်ယူခဲ့ကြသော်လည်း အချည်းနှီးသာဖြစ်သည်။ ကိုးရက်ကြာ အချည်းနှီးကြိုးပမ်းမှုများအပြီးတွင် ချန်အားနျို၏ဖခင်သည် ဆာလောင်ငတ်မွတ်မှုကြောင့် သေဆုံးသွားခဲ့သော သူ၏ဇနီးကို ပွေ့ပိုက်ထားကာ စိတ်ပျက်စွာဖြင့် သူ၏အသက်ကို ကိုယ်တိုင်အဆုံးစီရင်ခဲ့သည်။

ချန်အားနျိုသည် မျက်ရည်စက်လက်ဖြင့် သူ့မိဘများ၏ အလောင်းများကို နောက်တွင်ချန်ထားရစ်ခဲ့ပြီး လီကျင်းရွာဆီသို့ ထွက်ပြေးခဲ့သည်။ သူသည် ဒူးထောက်ကာ သူ၏နဖူးမှ သွေးများထွက်သည်အထိ ကြမ်းပြင်ပေါ် အကြိမ်ကြိမ်ဦးချပြီးမှသာ လီမိသားစုမှ လက်ခံပေးခဲ့သည်။

ဤကာလအတွင်း လီကျင်းရွာသည် ဒုက္ခသည်များဖြင့် ပြည့်လျှံနေခဲ့သည်။ အချို့သည် ထင်ရှားသော မိသားစုများကို လုယက်ရန် ကြိုးစားခဲ့သော်လည်း ယခင်ရွာသားများ၏ တွန်းလှန်ခြင်းကို ခံခဲ့ရသည်။ များစွာသောသူတို့သည် ရွေးချယ်စရာ များစွာမရှိတော့ရာ တလီတောင်ဆီသို့သာ ထွက်ပြေးနိုင်ခဲ့ကြသည်။

သုံးလအကြာတွင် လူများ လီချွမ်းခိုရွာသို့ ဖြည်းညင်းစွာ ပြန်လည်ရောက်ရှိလာသောအခါ မည်သူတစ်ဦးတစ်ယောက်မျှ ထိုနေ့အကြောင်း သို့မဟုတ် ရွာရှိရာနှင့်ချီသော အသက်ရှင်ကျန်ရစ်သူများ မည်သို့ရှင်သန်ရပ်တည်ခဲ့ကြသည်ကို မပြောရဲခဲ့ပေ။ လူတိုင်းသည် သန့်စင်အောင် ရက်ခံထားရသော ကျန်ရှိနေသော လူ့အရိုးများကို တိတ်ဆိတ်စွာ မြှုပ်နှံခဲ့ကြသည်။

တစ်ချိန်က လီချွမ်းခိုရွာရှိ အိမ်ထောင်စု သုံးရာကျော်မှ လူ ၁၄၀၀ နီးပါးရှိသော အသိုက်အဝန်းသည် ယခုအခါ သုံးရာမျှသာ ကျန်ရှိတော့သည်။

တဖျပ်ဖျပ်တောက်နေသော မီးရောင်က အမှောင်ထုကို ထိုးဖောက်ဝင်ရောက်လာသည်နှင့် ချန်အားနျိုသည် သူ၏ခြောက်လှန့်နေသော မှတ်ဉာဏ်များထံမှ လန့်နိုးသွားခဲ့သည်။ သူသည် သူ့ထံ လာရောက်ဂါရဝပြု နှုတ်ဆက်နေသော ဒုတိယမြောက်သား ချန်ချွီရွှေကို ဂရုမထားအားဘဲ ဘေးမှ ဖြတ်ကျော် လျှောက်လှမ်းသွားခဲ့သည်။

ချန်အားနျိုသည် မီးတုတ်တစ်ချောင်းကို ဆုပ်ကိုင်ရင်း မြေပြင်ပေါ်မှ ဦးခေါင်းဗလာကျင်းနေသော သွေးစွန်းနေသည့် အသက်မဲ့ခန္ဓာကိုယ်ကို စိုက်ကြည့်လိုက်သည်။ ဝမ်းနည်းပူဆွေးမှုဖြင့် လွှမ်းမိုးကာ မျက်ရည်များ သူ၏မျက်နှာပေါ်သို့ စီးကျလာရင်း သူက အံကြိတ်လိုက်ပြီး မေးလိုက်သည်။

“ဒါဘယ်သူလဲ”

“အဘိုးကြီးယဲ့၊ ရွာသူကြီးပါ”

ချန်ချွီရွှေက သူ၏ဖခင်၏မျက်နှာပေါ်မှ မျက်ရည်များကို သတိပြုမိသောအခါ တိုးညင်းပြီး မသက်မသာဖြစ်သောအသံဖြင့် ပြန်ဖြေလိုက်သည်။

“ရွာထဲက လူတိုင်းကိုစုလိုက်။ မီးတုတ်တွေမီးညှိ၊ ရရာလက်နက်တွေ စွဲကိုင်ကြ”

ချန်အားနျို၏အမိန့်က ပြတ်သားလှသည်။ သို့သော်လည်း သူ၏အတွေးများသည် အဝင်ဝမှ အလျှင်အမြန်ဝင်ရောက်လာသော ရွာသားတစ်ဦးကြောင့် ဖြတ်တောက်ခံလိုက်ရသည်။

“တာဝန်ခံချန်၊ ပင်မမိသားစုက လီချွမ်းခိုရွာမှာ ထူးဆန်းတာတစ်ခုခု ဖြစ်ပွားခဲ့သလားလို့ မေးခိုင်းလိုက်ပါတယ်”

ရွာသားက သူ့ကိုမြင်သည်နှင့် အော်ပြောလိုက်သည်။

ဤမေးခွန်းသည် ချန်အားနျိုကို ခဏတာ အံ့အားသင့်သွားစေပြီး သူ၏နှလုံးသားသည် ထိတ်လန့်မှုနှင့် သံသယတို့ဖြင့် ပြေးလွှားနေခဲ့သည်။

“ဒီသတင်းက လီချွမ်းခိုရွာကနေ လီကျင်းရွာကို ဒီလောက်မြန်မြန် မရောက်သွားနိုင်ဘူး။ ဒီရွာမှာ သတင်းပေးတဲ့သူတွေ ရှိရင်တောင် သူတို့က အဲဒီကို ဒီလောက်မြန်မြန် သွားနိုင်မှာတော့ မဟုတ်ဘူး။ ဒီရွာက တစ်ယောက်ယောက်သေသွားတာနဲ့ ပင်မမိသားစုက သိသွားသလိုပဲ။ သူတို့မှာ အဲဒီနတ်ဆိုးကိုကိုင်တွယ်ဖို့ နည်းလမ်းတချို့ ရှိပါစေလို့ပဲ ​မျှော်လင့်ရတော့မယ်။”

သူက တွေးလိုက်မိသည်။

သူသည် စိတ်သက်သာရာ ရသွားသောကြောင့် မျက်မှောင်ကြုတ်ထားရာမှ ပြေလျော့သွားကာ ကျယ်လောင်စွာ ပြန်ဖြေလိုက်သည်။

“ဒီရွာက နတ်ဆိုးတစ်ကောင်ရဲ့ တိုက်ခိုက်မှုကို ခံနေရနေတယ်လို့ ငါသံသယရှိတယ်။ တစ်ယောက်ယောက်က ပင်မမိသားစုကို အသိပေးဖို့ အဲဒီကိုသွားနေပြီ”

xxxxxxxxxx

လီရှန်းဖျင်သည် စင်မြင့်ပေါ်ရှိ ညိုပြာရောင်ကြေးမုံကို တိတ်ဆိတ်စွာ ငေးကြည့်နေခဲ့သည်။ တစ်ချိန်က ကွဲအက်နေခဲ့သောကြေးမုံသည် သူတွေ့ရှိခဲ့စဉ်ကထက် အနည်းငယ် ပြန်ကောင်းလာနေပုံရသည်။ သို့သော်လည်း ၎င်းသည် မည်သည့်အချိန်တွင်မဆို ကွဲကြေသွားနိုင်သကဲ့သို့ နုနယ်နေဆဲဖြစ်သည်။ ကြေးမုံမှ ဖြာထွက်နေသော မှိန်ဖျော့ဖျော့ ငွေဖြူရောင်အလင်းသည် အတော်လေး ထူးခြားဆန်းပြားနေပုံရသည်။

“အဲဒီလူထွက်သွားတာ ဘယ်လောက်ကြာပြီလဲ”

သူက မေးလိုက်သည်။

“တစ်နာရီရဲ့လေးပုံတစ်ပုံ”

လီထုန်ယာသည် စိုးရိမ်မှုအရိပ်အယောင်ဖြင့် ပြတင်းပေါက်မှ အပြင်သို့ကြည့်ရင်း ပြန်ဖြေလိုက်သည်။

သူက ကိုင်ထားသော သစ်သားပြားကို ချလိုက်ပြီး အကြံပြုလိုက်သည်။

“ငါတို့အပြင်ထွက်နေတာ ကောင်းမယ်။ ငါတို့ကို အပြင်မှာမတွေ့ရရင် အဲဒီလူတွေ အိမ်နောက်ဘက်ကိုလာမှာ စိုးရတယ်”

လီရှန်းဖျင်သည် တရားထိုင်နေသော လီရွှမ်ရွှမ်ကို လှမ်းကြည့်လိုက်ပြီး ပြတ်သားစွာ ပြောလိုက်သည်။

“သွားကြစို့”

သူတို့ အိမ်နောက်ဘက်မှ ထွက်လာသည်နှင့် ပင်မခြံဝင်းထဲတွင် လီယဲ့ရှန့်က စိုးရိမ်စွာဖြင့် ဟိုဟိုဒီဒီ လမ်းလျှောက်နေသည်ကို တွေ့လိုက်ရသည်။

သူ၏မျက်နှာသည် လီထုန်ယာနှင့် လီရှန်းဖျင်တို့ကို မြင်သောအခါ လင်းလက်လာခဲ့ပြီး အလျှင်အမြန်အော်ပြောလိုက်သည်။

“လီချွမ်းခိုရွာက သတင်းစကား ပို့လိုက်တယ်။ ဦးနှောက်ဆွဲထုတ်ခံထားရတဲ့ အလောင်းတစ်လောင်း တွေ့ထားတယ်တဲ့”

“ဦးနှောက်ဆွဲထုတ်ခံရတယ်လား”

လီရှန်းဖျင်သည် ထိုသတင်းကြောင့် အံ့အားသင့်သွားခဲ့သည်။ သူသည် လီထုန်ယာကို ကြည့်လိုက်ပြီး ပြောလိုက်သည်။

“ဒါက နတ်ဆိုးတစ်ကောင်ရဲ့ လက်ချက်ပဲဖြစ်ရမယ်”

“အမှန်ပဲ”

လီထုန်ယာက တည်ကြည်စွာ ခေါင်းညိတ်လိုက်သည်။

သူက ခဏတာစဉ်းစားပြီးနောက် ပြောလိုက်သည်။

“နတ်ဆိုးက ဦးနှောက်ကိုယူပြီး ထွက်ပြေးသွားတယ်။ လူသားတွေကို ကြောက်ရွံ့ပုံရတယ်။ ဒါက သူ့ရဲ့ နိမ့်ကျတဲ့ ကျင့်ကြံခြင်းအဆင့်ကို ညွှန်ပြနေတယ်။ ငါခန့်မှန်းတာကတော့ သူက ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်းအဆင့်မှာပဲ ရှိနေဦးမှာပဲ။ သူသာ ချီကျင့်ကြံခြင်းအဆင့်မှာဆိုရင် ရွာကလူတိုင်းကိုသတ်ပြီး မြူနှင်းတွေရဲ့ အကာအကွယ်အောက်ကနေ လွတ်မြောက်သွားနိုင်ခဲ့မှာပဲ”

“ကျွန်တော် သွားစစ်ဆေးလိုက်မယ်”

လီရှန်းဖျင်က ခဏအကြာတွင် ဆုံးဖြတ်လိုက်သည်။

သူက မျက်မှောင်ကြုတ်ရင်း လီယဲ့ရှန့်ကို ညွှန်ကြားလိုက်သည်။

“ရွာက အလုပ်လုပ်နိုင်တဲ့ ယောက်ျားအားလုံးကိုစုပြီး လက်နက်တွေ တပ်ဆင်ပေးလိုက်”

“နားလည်ပါပြီ”

လီယဲ့ရှန့်က ချက်ချင်း ပြန်ဖြေလိုက်ပြီး ညွှန်ကြားချက်များကို ဆောင်ရွက်ရန် အပြေးအလွှား ထွက်ခွာသွားသည်။

လီယဲ့ရှန့်၏ နောက်ကျောပုံရိပ်ကိုကြည့်ရင်း လီထုန်ယာသည် ပိုမိုနက်ရှိုင်းစွာ မျက်မှောင်ကြုတ်ရင်း သူ၏စိုးရိမ်မှုကို ထုတ်ဖော်ပြောလိုက်သည်။

“နတ်ဆိုးက ဘယ်လောက်အားကောင်းလဲဆိုတာ ငါတို့ အခုထိ သေချာမသိသေးဘူး။ ငါတို့ သူ့ကို ရင်ဆိုင်တာက ဉာဏ်မရှိရာရောက်နိုင်တယ်”

“ဒီနေ့ ဘာမှမလုပ်ခဲ့ရင် ကျွန်တော်တို့လီမိသားစုက ဒီရွာတွေမှာ ခက်ခက်ခဲခဲ တည်ဆောက်ထားခဲ့တဲ့ လေးစားမှုက ပျောက်ကွယ်သွားလိမ့်မယ်။ ကျွန်တော်သွားမှရမယ်”

“ဒုတိယအစ်ကို၊ တောင်ကို စောင့်ရှောက်ပြီးနေခဲ့ပါ။ စုံစမ်းစစ်ဆေးတာကို ကျွန်တော်ပဲ ကိုင်တွယ်လိုက်မယ်။ ကျွန်တော်က မလိုအပ်တဲ့အန္တရာယ်တွေကို ရှောင်ရှားတတ်တာ အစ်ကိုသိပါတယ်။ ပြီးတော့ ကံမကောင်းစွာနဲ့ အခြေအနေတွေ ဆိုးရွားသွားခဲ့ရင်တောင် လီမိသားစုမှာ အစ်ကိုရှိနေသေးတယ်။ အဆိုးဆုံးဖြစ်လာရင်တော့ ကျွန်တော်တို့ လီချွမ်းခိုရွာကို စွန့်လွှတ်ပြီး ဂိုဏ်းဆီက အကူအညီတောင်းခံရုံပဲပေါ့”

ထိုသို့ဖြင့် လီရှန်းဖျင်သည် လီထုန်ယာကို စိတ်ပိုင်းဖြတ်ဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူသည် လေးနှင့်မြားများကို ဆွဲယူပြီး ဝါညိုရောင် ကြိမ်ချပ်ကာကို ဝတ်ဆင်ကာ တောင်အောက်သို့ လျှင်မြန်စွာ ဆင်းသွားခဲ့သည်။

Translator-Min Si Thu

Dawn Translationမှပြန်ဆိုသည်။

All Chapters