အခန်း ၄၁
Vol. 5 Ch. 41
အခန်း - (၄၁) တောင်ဝံပုလွေ
ဝမ့်ထျန်းချောင်သည် လီချွမ်းခိုကျေးရွာတွင် နေထိုင်ခဲ့သည်မှာ ခြောက်လခန့် ရှိပြီဖြစ်ပြီး ရိုးရှင်းအေးချမ်းလှသော ဘဝလေးထဲတွင်ပင် စစ်မှန်သော ပျော်ရွှင်မှုကို ရှာဖွေတွေ့ရှိခဲ့သည်။ မြေပြင်ပေါ်မှ စိမ်းစိုနေသော စပါးပင်ပေါက်လေးများ နေ့စဉ်နှင့်အမျှ တရိပ်ရိပ် ရုန်းကန်ထိုးထွက်လာကြသည်ကို ငေးကြည့်နေရခြင်းကပင် သူ၏ ရင်ထဲ၌ အတိုင်းအဆမရှိသော ကြည်နူးပီတိများကို ပြည့်လျှံနေစေတော့သည်။
တစ်ညသောအခါ သူသည် ခြံဝင်းအတွင်းရှိ ဝိဉာဉ်စိုက်ခင်းပေါ်သို့ ဝိဉာဉ်မိုးရွာသွန်းခြင်းမန္တန်ကို အသုံးပြုပြီးနောက် တရားထိုင်ကျင့်ကြံနေစဉ် ပြင်ပဆီမှ ရုတ်ရုတ်သဲသဲ ဆူညံသံများကို ခပ်သဲ့သဲ့ ကြားလိုက်ရသည်။
သူသည် သိလိုစိတ်များ တိုးပွားလာပြီး မျက်လုံးများဖွင့်လိုက်ရာ ညအမှောင်ထုကို ထိုးဖောက်လာနေသော မီးရောင်တဖျပ်ဖျပ်နှင့် လက်ထဲတွင် မီးတုတ်များကိုင်ကာ လှုပ်ရှားနေသော လူရိပ်များကို တွေ့လိုက်ရသည်။ မကောင်းသော နိမိတ်ခံစားချက်တစ်ခု သူ၏နှလုံးသားထဲတွင် ဖြစ်တည်သွားခဲ့ပြီး ရှင်းရှင်းလင်းလင်း မြင်ရနိုင်ရန်အတွက် ခြံဝင်းတံခါးကို ဖွင့်လိုက်သည်။
တံခါးကို ဖွင့်လိုက်သည်နှင့် လက်ထဲတွင် မီးတုတ်တစ်ချောင်းကိုင်ကာ သူ့ထံသို့ အလျှင်အမြန်လျှောက်လာသော ကလေးတစ်ယောက်ကို တွေ့လိုက်ရသည်။
ဝမ့်ထျန်းချောင်က အရေးတကြီး အော်ခေါ်လိုက်သည်။
“ဟေ့ ကောင်လေး၊ ဘာတွေဖြစ်နေတာလဲ”
“ရွာသူကြီး အဘိုးကြီးယဲ့ သေသွားပြီ။ နတ်ဆိုးတစ်ကောင် လာနေတယ်လို့ ပြောနေကြပြီးတော့ ရွာသားတွေအားလုံးကို လူစုဖို့ ခေါ်ထားတယ်”
ထိုကလေးက ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး မီးတုတ်ကိုမြှောက်ကာ ပြောလိုက်သည်။ သူသည် ဝမ့်ထျန်းချောင်ကို စိုးရိမ်တုန်လှုပ်စွာဖြင့် ကြည့်လိုက်သည်။
ရောက်ရှိလာပြီးကတည်းက သူ၏ ခြံဝင်းအပြင်ဘက်သို့ ထွက်ခွာခဲသော အင်မော်တယ်ကျင့်ကြံသူသည် မျက်မှောင်ကြုတ်လိုက်ပြီး ခြံဝင်းအပြင်ဘက်သို့ တုံ့ဆိုင်းစွာ ခြေတစ်လှမ်း လှမ်းလိုက်ပြီးနောက် ပြန်ဆုတ်သွားခဲ့သည်။
“လီချွမ်းခိုရွာမှာ နတ်ဆိုးတိုက်ခိုက်မှုတဲ့လား။ ဒီဝိညာဉ်စပါးတွေကို ခြောက်လလောက်တုန်းက စိုက်ပျိုးထားတာ။ သူတို့ကို ဘာမှဖြစ်လို့ မရဘူး”
သူ့စိတ်ထဲမှ တွေးလိုက်မိသည်။
ဝမ့်ထျန်းချောင်သည် လီထုန်ယာကို ရှာဖွေရန် စဉ်းစားလိုက်သော်လည်း ဝိညာဉ်စပါးများက နတ်ဆိုး၏ပစ်မှတ် ဖြစ်နေမည်ကို စိုးရိမ်သောကြောင့် ၎င်းတို့ကို အကာအကွယ်မရှိဘဲ ထားခဲ့ရန် တုံ့ဆိုင်းနေခဲ့သည်။
သူက ထိုကဲ့သို့ စိတ်နှစ်ခွဖြစ်နေသောကြောင့် ကလေးကို အားကိုးရန်သာ ရှိတော့သည်။ သူက ထိုင်ကာ ညွှန်ကြားလိုက်သည်။
“သွားပြီး ချန်အားနျိုကိုခေါ်လာခဲ့”
“ကောင်းပါပြီ”
ဝမ့်ထျန်းချောင် ထရပ်လိုက်သည်နှင့် သူတို့နှစ်ဦးလုံးသည် တောအုပ်ထဲတွင် မီးတောက်များ တဖျပ်ဖျပ်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ထို့နောက် ချန်အားနျို ဦးဆောင်လာသောလူစုတစ်စု သူတို့မြင်ကွင်းထဲတွင် ပေါ်ထွက်လာခဲ့သည်။
“အင်မော်တယ်ဆရာ၊ ကျွန်တော်တို့ ဘာလုပ်ကြမလဲ”
ချန်အားနျိုသည် ချွေးများ အလွန်အကျွံထွက်နေခဲ့သည်။ ပင်မမိသားစုက မရောက်သေးပေ။ ထိုအချိန်တွင် ရွာသားနှစ်ယောက်သည် သူတို့၏ ဦးနှောက်များ ဆွဲထုတ်ခံရပြီး သေဆုံးခဲ့ပြီးဖြစ်သည်။ သူတို့၏ ကြောက်မက်ဖွယ်သေဆုံးမှုသည် ချန်အားနျိုကို ထိတ်လန့်ပြီး ဒေါသထွက်စေခဲ့ကာ မျောက်မီးခဲကိုင်မိသကဲ့သို့ ထိုင်မရ၊ ထမရ ဖြစ်နေစေတော့သည်။
“ဒီနတ်ဆိုးကို တစ်ယောက်ယောက် မြင်လိုက်ကြလား”
ဝမ့်ထျန်းချောင်က ချွေးများဖြင့် စိုရွှဲနေသော ချန်အားနျိုကိုကြည့်ရင်း တည်ကြည်စွာဖြင့် မေးလိုက်သည်။
“မမြင်ဖူးပါဘူး။ သေဆုံးသူတွေဆီက အသံတစ်စက်တောင် ဘယ်သူမှ မကြားလိုက်ရပါဘူး”
ချန်အားနျိုက ပြန်ဖြေလိုက်သည်။
ဝမ့်ထျန်းချောင်၏ နှလုံးသားသည် အလွန်အမင်းလေးလံသွားခဲ့သည်။ သာမန် အထွဋ်အထိပ်ဆန်းကြယ်အသွင်အဆင့် ကျင့်ကြံသူတစ်ဦးအနေဖြင့် သူသည် ထိုကဲ့သို့ တိတ်တဆိတ် သတ်ဖြတ်နိုင်သောသတ္တဝါကို ရင်ဆိုင်ရန် စွမ်းအားမရှိပေ။
“အို လီထုန်ယာရေ၊ ငါတို့ မင်းကို လိုအပ်နေတဲ့အချိန်မှာ မင်းက ဘယ်ရောက်နေတာလဲ”
သူ့စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။
“ညီအစ်ကိုဝမ့်”
ဝမ့်ထျန်းချောင် စကားပြောတော့မည်အပြုတွင် ကျယ်လောင်သော ခေါ်သံတစ်ခုက ဖြတ်တောက်လိုက်သည်။
သူမော့ကြည့်လိုက်သောအခါ ကြိမ်ချပ်ကာ ဝတ်ဆင်ထားသော လူငယ်တစ်ယောက်က လက်ထဲတွင် လေးရှည်တစ်လက်ဖြင့် ယုံကြည်မှုရှိစွာ ချဉ်းကပ်လာသည်ကို တွေ့လိုက်ရသည်။ လူငယ်သည် သူ့ကို ပုလဲကဲ့သို့ဖြူဖွေးသော သွားများပေါ်အောင် ပြုံးပြလိုက်သည်။
“မိသားစုခေါင်းဆောင်ငယ်”
ချန်အားနျိုက ရိုသေစွာ ဦးညွတ်လိုက်သည်။
သူ၏ရှေ့တွင် ရပ်နေသူက လီရှန်းဖျင်ဖြစ်ကြောင်း သဘောပေါက်လိုက်သောအခါ ဝမ့်ထျန်းချောင်သည် အလျှင်အမြန် လက်သီးဆုပ် အရိုအသေပေးလိုက်ပြီး နှုတ်ဆက်လိုက်သည်။
“ဝမ့်မိသားစုက ဝမ့်ထျန်းချောင် နှုတ်ခွန်းဆက်ပါတယ် မိသားစုခေါင်းဆောင်ငယ်”
လီရှန်းဖျင်သည် ချန်အားနျိုကို ထရန် လက်ဟန်ပြလိုက်ပြီး ဝမ့်ထျန်းချောင်ကို ပြောလိုက်သည်။
“ညီအစ်ကိုဝမ်၊ ခဏစောင့်ပါ”
ထို့နောက် သူသည် သူ၏အာရုံကို ချန်အားနျိုထံသို့ ပို့လိုက်ပြီး ခိုင်မာကာ ဩဇာအာဏာရှိသောအသံဖြင့် ညွှန်ကြားလိုက်သည်။
“သက်ကြီးရွယ်အိုတွေ၊ အားနည်းတဲ့သူတွေ၊ အမျိုးသမီးတွေနဲ့ ကလေးတွေကို ဒီခြံဝင်းရဲ့ပတ်ပတ်လည်မှာ စုရုံးထားလိုက်။ ရွာကယောက်ျားတွေကို ဆယ်ယောက်တစ်စု ဖွဲ့ခိုင်းပြီး သုံးပေစီအကွာမှာ နေရာချထား။ အချင်းချင်း အပြန်အလှန်ကာကွယ်ဖို့အတွက် အဖွဲ့တစ်ဖွဲ့စီက အနည်းဆုံး တခြားအဖွဲ့ငါးဖွဲ့ကို သူတို့ရဲ့ မြင်ကွင်းထဲမှာရှိနေအောင် သေချာလုပ်”
လီရှန်းဖျင်သည် ထိုညွှန်ကြားချက်များကို ထုတ်ပြန်ပြီးနောက် ဝမ့်ထျန်းချောင်နှင့်အတူ ခြံဝင်းထဲသို့ ဝင်ရောက်သွားခဲ့ပြီး အခြားသူများကို သူ၏အမိန့်များကို ဆောင်ရွက်ရန် ချန်ထားရစ်ခဲ့သည်။
“ချက်ချင်းလုပ်လိုက်ပါ့မယ်”
ချန်အားနျိုက ယုံကြည်မှုရသွားဟန်ဖြင့် ပြန်ဖြေလိုက်ပြီး လိုအပ်သောအစီအစဉ်များကို ပြုလုပ်ရန် အလျှင်အမြန် ထွက်ခွာသွားခဲ့သည်။
ခြံဝင်းထဲသို့ ရောက်သည်နှင့် ဝမ့်ထျန်းချောင်သည် ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
“ညီအစ်ကိုလီ၊ ကျွန်တော်စိုးရိမ်တာက ဒီနတ်ဆိုးရဲ့ ကျင့်ကြံခြင်းအဆင့်က တော်တော်လေး အစွမ်းထက်နိုင်တယ်။ ကျွန်တော် အများကြီးအကူအညီမပေးနိုင်မှာကို စိုးရိမ်မိပါတယ်”
လီရှန်းဖျင်က ရယ်မောလိုက်ပြီး ပွင့်ပွင့်လင်းလင်းပင် ပြန်ပြောလိုက်သည်။
“ဟန်ဆောင်စရာမလိုပါဘူး ညီအစ်ကိုဝမ့်။ ခင်ဗျားတို့ မိသားစုက ဝိညာဉ်စပါးတွေကို ထိန်းသိမ်းစောင့်ရှောက်ချင်ပြီး ကျွန်တော့်မိသားစုက လီချွမ်းခိုရွာရဲ့ လုံခြုံရေးကို ထိန်းသိမ်းချင်တယ်။ ကျွန်တော်တို့က တစ်လှေတည်းစီးနေတာပါပဲ”
ဝမ့်ထျန်းချောင်သည် အံ့အားသင့်သွားခဲ့ပြီး ထိုအခြေအနေကို စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။ အကယ်၍ နတ်ဆိုးက လီချွမ်းခိုရွာမှာသာ မရှိခဲ့လျှင် သူသည် ထိုနတ်ဆိုးကို လုံးဝ ဂရုစိုက်မည်မဟုတ်ပေ။
သို့သော် ယခုအခါ ဝိညာဉ်စပါးများကြောင့် သူသည် ကူညီပေးရန် အတင်းအကျပ် ဖိအားပေးခံနေရသည်။
ဝမ့်ထျန်းချောင်သည် တွန့်ဆုတ်မှုများကို ဘေးဖယ်ထားရင်း အတွေးများကို စုစည်းရန် ခဏတာ အချိန်ယူလိုက်သည်။ သူသည် အိမ်ထဲမှ စုတ်တံတစ်ချောင်းနှင့် စက္ကူတစ်ရွက်ကို ထုတ်ယူလိုက်ပြီး ရေးသားရင်း ရှင်းပြလိုက်သည်။
“ဒီအခက်အခဲကိုကျော်လွှားဖို့ အကောင်းဆုံးနည်းလမ်းက ကျွန်တော့်မိသားစုခေါင်းဆောင်ကို စာရေးပြီး အရေးပေါ် အကူအညီတောင်းခံဖို့ပဲ။ အာရုဏ်မတက်ခင် ဒီအခက်အခဲကို ကျွန်တော်တို့ ဖြေရှင်းဖို့လိုတယ်”
“စိတ်ကူးကောင်းပဲ”
လီရှန်းဖျင်က သဘောတူညီစွာ ခေါင်းညိတ်လိုက်သည်။
“စာသုံးစောင်ရေးလိုက်ပါ။ ကျွန်တော် တမန်တွေကို လမ်းကြောင်းသုံးခုခွဲပြီး လွှတ်လိုက်မယ်။ ဒါမှ အနည်းဆုံးတစ်စောင်က ဝမ့်မိသားစုဆီကို ရောက်နိုင်မှာ”
ဝမ့်ထျန်းချောင်က အလျှင်အမြန်ပင် ခေါင်းညိတ်လိုက်သည်။ ၁၅ မိနစ်ခန့် ရေးသားပြီးနောက် အရှုပ်အထွေးဖြစ်နေကြောင်း ဖော်ပြနေသည့် ခြံဝင်းအပြင်ဘက်မှ အော်ဟစ်သံများနှင့် အကူအညီတောင်းသံများ ထွက်ပေါ်လာခဲ့သည်။
လီရှန်းဖျင်သည် မှုန်ကုပ်ကုပ်အမူအရာဖြင့် အခြေအနေကို စစ်ဆေးရန် အပြင်သို့ထွက်လာခဲ့သည်။ ခြံဝင်းသည် မီးဖိုများပတ်လည်တွင် ထိုင်နေသော သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများနှင့် ကလေးများဖြင့် ပြည့်နှက်နေပြီး သူတို့၏မျက်နှာများသည် ကြောက်ရွံ့မှုများဖြင့် စွဲထင်နေကာ အဝေးသို့ ငေးကြည့်နေခဲ့ကြသည်။ အချို့က တိုးတိုးလေး ငိုယိုနေကြပြီး အချို့ကမူ ထိတ်လန့်တကြားဖြင့် အသက်ကို မနည်းပင်လုရှူနေကြရသည်။
ထိုနေရာမှ မနီးမဝေးတွင် ရွာရှိယောက်ျားများသည် လှံရှည်များနှင့် သစ်သားပျဉ်ပြားများကို ကိုင်စွဲထားကာ လူအုပ်ပတ်လည်တွင် အကာအကွယ်တစ်ခု ဖွဲ့စည်းထားပြီး တောအုပ်အစွန်းဆီသို့ စိုးရိမ်စွာဖြင့် ကြည့်နေကြသည်။
ဝမ့်ထျန်းချောင်သည် စုတ်တံကို လက်ထဲက မချသေးဘဲ လီရှန်းဖျင်ကြည့်ရာဘက်ဆီသို့ ကြည့်လိုက်သည်။ သူသည် တောအုပ်ဆီသို့ လှမ်းမြော်ကြည့်လိုက်ရာ ထိုနေရာ၌ ပုန်းအောင်းနေသည့် စိမ်းဖန့်ဖန့် မျက်လုံးအစုံ၏ အရောင်တောက်ပမှုကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေရင်း လေးနက်တည်ငြိမ်သော လေသံဖြင့် ရေရွတ်လိုက်သည်။
“တောင်ဝံပုလွေတစ်ကောင်ပဲ”
နွားသိုးတစ်ကောင်မျှ ကြီးမားပြီး ငွေမီးခိုးရောင်အမွေးများဖြင့် ဖုံးလွှမ်းနေသော ကြီးမားသော ဝံပုလွေတစ်ကောင်သည် တောအုပ်ထဲမှ ထွက်ပေါ်လာခဲ့သည်။ ၎င်း၏ တစ္ဆေဆန်သော အစိမ်းရောင်မျက်ဆံများသည် အရှိန်အဝါပြင်းပြင်းဖြင့် စူးစိုက်ကြည့်နေပြီး ၎င်း၏ ရှည်လျားချွန်ထက်နေသော နှုတ်သီးကို ဟထားသည်။ ၎င်းသည် နားရွက်များကို အနောက်ဘက်ဆီသို့ ပြားကပ်လျှက် ရှေ့သို့ တစ်လှမ်းချင်း တိုးကပ်လာရာ ရွာသားများသည် ထိတ်လန့်တုန်လှုပ်လွန်းသဖြင့် နောက်သို့ ခြေလှမ်းပျက်ကာ လဲကျမတတ် ဖြစ်ကုန်ကြတော့သည်။
ဝံပုလွေသည် လူအုပ်ဆီသို့ ခေါင်းမော့ကြည့်လိုက်ပြီး ၎င်း၏အေးစက်သောအကြည့်သည် ခြံဝင်းတံခါး၏ ကျောက်လှေကားထစ်များပေါ်တွင် ရပ်နေသော လီရှန်းဖျင်အပေါ်တွင် စူးစိုက်သွားခဲ့သည်။ ထိုသတ္တဝါ၏ ရှည်လျားသောနှုတ်သီးသည် အနည်းငယ်ကွေးတက်သွားရာ သူတို့ကို ပြုံးစစဖြင့် လှောင်ပြောင်နေသကဲ့သို့ ဖြစ်နေပေသည်။
“ဒီသားရဲက…”
ဝမ့်ထျန်းချောင်သည် ချွေးများဖြင့် ရွှဲနစ်နေခဲ့သည်။ သူသည် ချွေးစေးများကို တိတ်တဆိတ်သုတ်လိုက်ရင်း ဆက်ပြောလိုက်သည်။
“သူ့ရဲ့အမူအရာကိုကြည့်ရတာ နေနဲ့လရဲ့အဆီအနှစ်ကို စုပ်ယူခဲ့ပြီး ကျောက်စိမ်းမြို့တော်ချက္ကရာကို စုစည်းဖွဲ့တည်ပြီးသား ဖြစ်နိုင်တယ်”
လီရှန်းဖျင်သည်လည်း ဤနတ်ဆိုး၏ ရှေ့မှောက်ဝယ် ကျောရိုးထဲထိ စိမ့်သွားသည်ကို ခံစားလိုက်ရသည်။ သူသည် ဝံပုလွေကြီး၏ နှုတ်ခမ်းထောင့်တို့ ကွေးညွတ်နေသည့် လှောင်ပြုံးနှင့် ၎င်း၏ ကြောက်မက်ဖွယ် စိမ်းဖန့်ဖန့် မျက်ဝန်းအစုံထဲမှ အထင်သေးစက်ဆုပ်နေသည့် အရိပ်အယောင်တို့ကို အထင်အရှား မြင်တွေ့လိုက်ရသည်။
“ဝမ့်မိသားစုရဲ့ခေါင်းဆောင်တောင်မှ ဒီနတ်ဆိုးနဲ့ မယှဉ်နိုင်ဘူးဆိုရင်…”
ဝမ့်ထျန်းချောင်သည် ရုတ်တရက် ခေါင်းကိုမော့လိုက်သည်။ လီရှန်းဖျင်ကိုကြည့်နေရင်း သူ၏အသံက တုန်ယင်နေခဲ့သည်။
“အစောပိုင်းဝိညာဉ်သန္ဓေသားနိုးထခြင်း ချက္ကရာအဆင့်က နတ်ဆိုးတစ်ကောင်လား ဟမ်”
လီရှန်းဖျင်က သူ၏မျက်လုံးများကို မှေးကျဉ်းလိုက်သည်။
ထို့နောက် တည်ကြည်သောအသံဖြင့် သူက ပြောလိုက်သည်။
“ကျွန်တော်တို့ အဆိုးဆုံးအတွက် ပြင်ဆင်ထားရမယ်။ ဒီနတ်ဆိုးက သာမန်ကျောက်စိမ်းမြို့တော်အဆင့် ကျင့်ကြံသူတစ်ယောက်ထက် ပိုအားကောင်းတယ်ဆိုရင် ကျွန်တော်တို့ သူ့ကို အရှေ့တောင်ဘက်၊ လီကျင်းရွာနဲ့ဝေးရာ လီကျင်းတောင်ပေါ်ကို ဦးဆောင်ခေါ်သွားမယ်။ ကျွန်တော့်မိသားစုက အဲဒီမှာ အစီအရင်တစ်ခု တည်ဆောက်ထားတယ်။ ခင်ဗျားတို့ မိသားစုခေါင်းဆောင်က မြေပြင်အနေအထား အားသာချက်ကို အသုံးချနိုင်လိမ့်မယ်”
“ကောင်းပြီ”
ဝမ့်ထျန်းချောင်သည် စာများကို အလျှင်အမြန်ပြင်ဆင်ပြီး ချန်အားနျိုထံသို့ ပေးအပ်လိုက်သည်။
ချန်အားနျိုက ၎င်းတို့ကို ပေးပို့ရန် ပြင်ဆင်နေသည်ကို ကြည့်ရှုရင်း ဝမ့်ထျန်းချောင်သည် ခေါင်းခါလိုက်ပြီး ခါးသီးစွာ ပြုံးလိုက်သည်။
“အဲဒီသားရဲက ကျောက်စိမ်းမြို့တော်ချက္ကရာကို စုစည်းဖွဲ့တည်ပြီးတော့ အသိဉာဏ်ရှိပြီး လူအများအပြားကို စားသုံးခဲ့ပြီးတာ ဖြစ်နိုင်တယ်။ သူက အခု ကျုပ်တို့ အင်မော်တယ်ကျင့်ကြံသူတွေကို အစွမ်းထက်တဲ့ စွမ်းအင်ရင်းမြစ်တစ်ခုအဖြစ် ရှာဖွေနေတာ။ ကျုပ်တို့ ပိတ်မိနေပြီ”
“ထိတ်လန့်နေစရာ မလိုပါဘူး”
လီရှန်းဖျင်က နတ်ဆိုးအပေါ်တွင် အကြည့်ကိုစူးစိုက်ထားရင်း နှစ်သိမ့်လိုက်သည်။
သူ၏နှုတ်ခမ်းအစုံသည် ဝံပုလွေ၏ ကောက်ကျစ်သောအပြုံးနှင့် တူညီနေပြီး ညင်သာစွာ ဆက်ပြောလိုက်သည်။
“ကျွန်တော် ငယ်ငယ်တုန်းက ကျွန်တော့်အဖေ ဝံပုလွေတွေလိုက်ဖမ်းတာကို ကြည့်ခဲ့ဖူးတာကို သတိရမိတယ်။ ဒီသားရဲတွေက အရမ်းသတိထားတတ်ကြတယ်။ အခု သူက ကျောက်စိမ်းမြို့တော်ချက္ကရာကို စုစည်းဖွဲ့တည်ပြီးပြီဆိုတော့ အရင်ကထက် အများကြီးပိုပြီး သတိထားနေလိမ့်မယ်။ သူက ကျွန်တော်တို့ကို လေ့လာနေရုံပါပဲ။ ကျွန်တော့်နောက်ကို လိုက်ခဲ့”
“ချန်အားနျို”
“ရှိပါတယ်”
ချန်အားနျိုသည် လီရှန်းဖျင်၏အမိန့်များကို လက်ခံရန် အသင့်အနေအထားဖြင့် ရှေ့သို့တိုးလာခဲ့သည်။
“ရွာကယောက်ျားတွေကို ဖြည်းဖြည်းချင်း နောက်ဆုတ်ပြီး ငါတို့ပတ်ပတ်လည်မှာ စက်ဝိုင်းတစ်ခု ဖွဲ့စည်းခိုင်းလိုက်။ ငါတို့ တောင်ဘက်ကို ဖြည်းဖြည်းချင်း ဦးတည်သွားမယ်။ သက်ကြီးရွယ်အိုတွေ၊ အားနည်းတဲ့သူတွေ၊ အမျိုးသမီးတွေနဲ့ ကလေးတွေက နေရာမှာပဲနေရမယ်။ သူတို့ လှုပ်ရှားစရာမလိုဘူး။ အဲဒီနတ်ဆိုးက ငါတို့နောက်ကို လိုက်လာမှာ သေချာတယ်”
“ဒါ့အပြင် ရွာသားတွေကို သစ်သားပျဉ်ပြားတွေကို ဖယ်ပြီး မီးတုတ်တွေကို အစားထိုးကိုင်ခိုင်းလိုက်။ နတ်ဆိုးက အနီးကပ်လာခဲ့ရင် အော်ဟစ်ကြွေးကြော်ကြ။ ကြောက်ရွံ့တဲ့လက္ခဏာ တစ်ခုမှမပြနဲ့။ သူတိုက်ခိုက်လာခဲ့ရင် အဖျားမှာဓားတွေတပ်ထားတဲ့ လှံရှည်တွေသုံးပြီး တိုက်ခိုက်တာ ဒါမှမဟုတ် ရိုက်နှက်တာတွေ လုပ်ကြ။ ဝံပုလွေတွေက ရှည်လျားပြီး သွယ်လျတဲ့ ခြေထောက်တွေရှိတယ်။ ဒီနတ်ဆိုးကလည်း သူ့ခြေထောက်တွေကို တန်ဖိုးထားမှာပဲဆိုတာ ငါလောင်းရဲတယ်”
လီရှန်းဖျင်သည် မြားအိမ်ထဲမှ တိုက်ချွတ်ထားသော မြားတစ်စင်းကို ထုတ်ယူလိုက်သည်။ သူသည် လက်ဟန်တစ်ခု ပြုလုပ်လိုက်ပြီး မြားထိပ်ကို မှိန်ဖျော့သော ရွှေရောင်အလင်း ထည့်သွင်းလိုက်သည်။
မြားကို လေးကြိုးပေါ်တင်ရင်း အမိန့်ပေးနေသော လီရှန်းဖျင်၏အသံသည် အေးစက်နေခဲ့သည်။
“ထွက်ခွာကြ”