အခန်း ၄၃
Vol. 5 Ch. 43
အခန်း - (၄၃) နတ်ဆိုးကို သတ်ဖြတ်ခြင်း
လီကျင်းတောင်ထိပ်ရှိ ခြံဝင်းငယ်လေးထဲတွင် ညိုပြာရောင်ကြေးမုံသည် လွန်စွာတောက်ပနေခဲ့သည်။ ရေတံခွန်ပေါ်မှ ရေများ ဒလဟောစီးကျလာသကဲ့သို့ ကြေးမုံမျက်နှာပြင်ပေါ်မှ စူးရှတောက်ပသော အဖြူရောင်အလင်းတန်းများ ဖြာထွက်နေခဲ့သည်။
ဝမ့်ရှောင်ဟွာက လီရှန်းဖျင်နှင့် အခြားသူများနှင့်အတူ လုကျန်းရှန်း၏ နတ်ဘုရားအာရုံ သက်ရောက်နိုင်သော အကွာအဝေးသို့ ဝင်ရောက်လာသည်နှင့် ကြေးမုံအတွင်းမှ အထွဋ်အထိပ်ယင်ဂမ္ဘီရအလင်းသည် ၎င်း၏အချုပ်အနှောင်များမှ လွတ်မြောက်လိုဟန်ဖြင့် အသက်ဝင်လာခဲ့သည်။
သို့သော် လုကျန်းရှန်းသည် ကြားဝင်စွက်ဖက်လိုစိတ်ကို ချက်ချင်းထိန်းချုပ်လိုက်ပြီး ယင်းအစား ကျောက်စိမ်းမြို့တော်အဆင့်တွင်ရှိသော အင်မော်တယ်ကျင့်ကြံသူကို ကြည့်ရှုလေ့လာရန် ရွေးချယ်ခဲ့သည်။
“အခြေအနေတွေက ပိုဆိုးလာပုံပဲ”
လီကျင်းတောင်ခြေရင်းသို့ ရူးသွပ်စွာ ပြေးလွှားရင်း နတ်ဆိုး၏ တိုက်ခိုက်မှုများမှ မိမိကိုယ်ကိုကာကွယ်ရန် အပြာနုရောင်အဆောင်တစ်ခုကို အတင်းအကျပ်အသုံးပြုနေရသော ဝမ့်ရှောင်ဟွာ၏ ထပ်ခါတလဲလဲ သီသီကလေး လွတ်မြောက်မှုများကို ကြည့်ရှုရင်း လုကျန်းရှန်း၏ ကနဦးပျော်ရွှင်မှုများသည် မှေးမှိန်သွားခဲ့သည်။
သူသည် သူ၏ကိုယ်ပိုင်မန္တန်ကို အသုံးပြုရန် တိတ်တဆိတ် ပြင်ဆင်လိုက်ပြီး သူ့ဘာသာသူ တွေးလိုက်သည်။
“ဒါနဲ့ အရင်စမ်းကြည့်ဖို့ အချိန်တန်ပြီ”
သူအာရုံစူးစိုက်လိုက်သောအခါ ကြေးမုံ၏ဘောင်ကို ပတ်ပတ်လည် ဝိုင်းရံထားသော မှော်သင်္ကတ ၁၂ ခုသည် တစ်ခုပြီးတစ်ခု လင်းထိန်လာခဲ့သည်။ နို့နှစ်ရောင် လရောင်ခြည်၏ ထူးခြားဆန်းပြားသော တောက်ပမှုကို ဆောင်ထားသော ညိုပြာရောင်ကြေးမုံသည် ကျောက်တုံးစင်မြင့်မှ သိမ်မွေ့စွာ မြောက်တက်လာခဲ့ပြီး ထောင့်တစ်ခုကို ချိန်ရွယ်လိုက်သည်။
“အဖေ…”
လီထုန်ယာနှင့် လီမုထျန်းတို့ အံ့ဩမှင်သက်နေစဉ်မှာပင် အဖြူလွလွ လရောင်သည် ပေါက်ကွဲထွက်လာပြီး ခေါင်မိုးပြတင်းပေါက်ကို ဖြတ်ကျော်ကာ တောက်ပသော ဥက္ကာခဲကဲ့သို့ ကောင်းကင်သို့ တည့်တည့်ထိုးတက်သွားကာ အပျက်အစီးများနှင့် ကွဲကြေနေသော မီးခိုးရောင်အမိုးပြားများကို နောက်တွင်ချန်ထားခဲ့သည်။
ကြေးမုံသည် အထွဋ်အထိပ်ယင်ဂမ္ဘီရအလင်းကို ထုတ်လွှတ်ပြီးနောက် တည်ငြိမ်သောအခြေအနေသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။ အဖြူလွလွလရောင်သည် ပြန့်ကျဲသွားခဲ့ပြီး ကျောက်တုံးစင်မြင့်ပေါ်တွင် တစ်ဖန်ပြန်လည် ငြိမ်သက်သွားခဲ့သည်။
လီထုန်ယာသည် ကွဲကြေနေသော အမိုးပြားများနှင့် ဖုန်များပွထနေသောမြေပြင်ကို ကြည့်ရှုရင်း ခဏတာမျှ အတွေးထဲတွင် နစ်မြောနေခဲ့ပြီး လီမုထျန်းမှာမူ ပျံဝဲနေသော ဖုန်မှုန့်များကြောင့် သီးသွားခဲ့ရသည်။
သူသည် ချောင်းဆိုးရင်း လက်ဝေ့ယမ်းလိုက်ပြီး ပြောလိုက်သည်။
“ဒါက အဲဒီနတ်ဆိုးနဲ့ တစ်ခုခုပတ်သက်နေမှာပဲ… မြန်မြန်၊ မင်းညီလေးကို သွားကြည့်လိုက်”
ထိုအချိန်တွင် လီထုန်ယာသည် နောက်ဆုံးတွင် အသိစိတ်ပြန်ဝင်လာပြီး သူ့ဘာသာသူတွေးရင်း အလျှင်အမြန် ထွက်ခွာသွားခဲ့သည်။
“ဘာတွေ ဖြစ်သွားတာလဲ။ အဲဒီအလင်းတန်းပေါက်ကွဲမှုက ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်းအဆင့်က နတ်ဆိုးကိုထားလိုက်ဦး၊ ချီကျင့်ကြံခြင်းအဆင့် နတ်ဆိုးတစ်ကောင်ကိုတောင် ဖျက်ဆီးပစ်နိုင်လောက်တယ်”
xxxxxxxxxx
ဝမ့်ရှောင်ဟွာသည် သူ၏ခြေထောက်ပေါ်သို့ နတ်ဘုရားရွေ့လျားခြင်းမန္တန်တစ်ခုကို အသုံးပြုလိုက်ပြီး လီရှန်းဖျင်ညွှန်ပြသော လားရာအတိုင်း လီကျင်းတောင်ဆီသို့ လျှင်မြန်စွာ ပြေးသွားခဲ့သည်။
“တော်တော်လေး ဆုံးရှုံသွားပြီ။ ရေဒိုင်းအဆောင်တစ်ခုနဲ့ ဝိညာဉ်ကျောက်တုံးတစ်ဝက် ကုန်သွားပြီ”
သူ့စိတ်ထဲမှ ညည်းညူလိုက်သည်။
သူ၏ စိတ်ဝိဉာဉ်အာရုံကို နိုးကြားစွာ ဖြန့်ကြက်ထားပြီး သူ့နားထဲတွင် လေတိုးသံများ တဟူးဟူး မြည်ဟည်းနေခဲ့သည်။ သူ့အနောက်တွင် အဖြူရောင်ဒိုင်းငယ်လေးတစ်ခု ရုတ်ချည်း ဖြစ်ပေါ်လာပြီးနောက် စောစောက တိုက်ခိုက်မှု၏ တွန်းကန်အား အရှိန်အဟုန်ကို လိမ္မာပါးနပ်စွာ အသုံးချလျှက် သူနှင့် မိစ္ဆာသားရဲအကြားရှိ အကွာအဝေးကို ပိုမိုဝေးကွာသွားစေလိုက်သည်။
ဝမ့်ရှောင်ဟွာသည် တောင်အနီးသို့ ရောက်သောအခါ အကွာအဝေးကို မှန်းဆရန်ကြိုးစားနေစဉ် တောင်ထိပ်မှ ထိုးတက်လာသော တောက်ပသော အဖြူရောင်အလင်းတန်းတစ်ခုကြောင့် ရုတ်တရက် ထိတ်လန့်သွားခဲ့သည်။ ၎င်းသည် လေထဲတွင် လားရာကို ပြောင်းလဲလိုက်ပြီး သူ့ထံသို့ တိုက်ရိုက်တိုးဝင်လာကာ အနောက်တွင် ရှည်လျားသော မီးတောက်တစ်ခုကို ကျန်ရစ်စေခဲ့သည်။
“ဘာတွေ…”
ဝမ့်ရှောင်ဟွာသည် အလွန်ထိတ်လန့်သွားပြီး သီသီကလေး ရှောင်တိမ်းခဲ့ရသော်လည်း အဖြူရောင်အလင်းတန်းသည် သူ့ကို ကျော်ဖြတ်ကာ ပျံသန်းသွားခဲ့သည်။
သူသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် မြေပေါ်သို့ ပြိုလဲကျသွားကာ ထိုအဖြူရောင်အလင်းတန်းက နတ်ဆိုး၏လည်ပင်းကို နူးညံ့သော စက္ကူတစ်ရွက်ကဲ့သို့ အားစိုက်ထုတ်စရာမလိုဘဲ လှီးဖြတ်သွားပြီး အဝေးသို့ ပျံသန်းသွားသည်ကို ကြည့်နေခဲ့သည်။
“ဒုန်း”
ထိခိုက်မှုကြောင့် ပျံတက်သွားခဲ့သော ဝံပုလွေ၏ခန္ဓာကိုယ်ကြီးသည် အောက်သို့ထိုးကျလာပြီး မြေပြင်ကိုထိမှန်ကာ သူ၏နောက်မှ ကြီးမားသော သစ်ပင်တစ်ပင်ကို ကျိုးကြေသွားစေခဲ့သည်။
ရလဒ်အနေဖြင့် ထိုထိခိုက်မှုသည် ပတ်ဝန်းကျင်သစ်ပင်များပေါ်မှ နှင်းများကို ရေတံခွန်ကဲ့သို့ ကျဆင်းလာစေပြီး ဝမ့်ရှောင်ဟွာကို စောင်အဖြူ တစ်ထည်အောက်တွင် မြှုပ်နှံထားသလို ဖြစ်သွားစေခဲ့သည်။
ဝမ့်ရှောင်ဟွာသည် ဖုန်ထူသောနှင်းများကို ပါးစပ်အပြည့် ချောင်းဆိုးကာ ထွေးထုတ်လိုက်ရင်း
နတ်ဆိုး၏ ကြီးမားသောရုပ်ကြွင်းကို မယုံနိုင်စွာ ငေးကြည့်နေခဲ့သည်။
“အကြီးအကဲ၊ အကြီးအကဲ”
ဝမ့်ထျန်းချောင်၏အသံသည် အနားကပ်လာသည်နှင့်အမျှ ပိုမိုကျယ်လောင်လာပြီး ဝမ့်ရှောင်ဟွာကို နှင်းများထဲမှ အလျှင်အမြန် ထူပေးလိုက်သည်။
“အကြီးအကဲ၊ အဆင်ပြေရဲ့လား”
ဝမ့်ရှောင်ဟွာသည် ဝမ့်ထျန်းချောင်ကို တွေဝေစွာစိုက်ကြည့်နေပြီး ရေရွတ်လိုက်သည်။
“နှံပြီစုတ်ကို အမြှောက်နဲ့ပစ်တာပဲ…”
ဝမ့်ထျန်းချောင်၏ မျက်နှာပေါ်တွင် ချွေးများစို့တက်လာခဲ့ပြီး နှင်းများပေကျံနေဆဲဖြစ်သော ကြိမ်ကြာပွတ်ကို ဆွဲထုတ်လိုက်သည်။
“ကျွန်တော်တို့ရဲ့ ရတနာကို ဆုံးရှုံးသွားမှာစိုးလို့ ကျွန်တော် နှင်းတွေထဲမှာ ပုန်းနေခဲ့တာပါ။ အဲဒီဝံပုလွေက အကြီးအကဲကို လိုက်ဖမ်းနေတုန်း ကျွန်တော် အကြီးအကဲရဲ့ဓမ္မလက်နက်ကို ပြန်ရယူနိုင်ခဲ့ပါတယ် အကြီးအကဲ”
သူက တည်ကြည်စွာပြောလိုက်သည်။
“ကောင်းတယ်၊ ကောင်းတယ်”
သူ၏ဓမ္မလက်နက်ကို မြင်သောအခါ ဝမ့်ရှောင်ဟွာ၏ စိတ်ဓာတ်များသည် ချက်ချင်းပင် တက်ကြွလာခဲ့သည်။ သူသည် သူ၏ရတနာကို ဂရုတစိုက်သိမ်းဆည်းလိုက်ပြီး ဝံပုလွေ၏အလောင်းကို စစ်ဆေးရန် အလျှင်အမြန် ထရပ်လိုက်သည်။
ဝမ့်ရှောင်ဟွာသည် ဝံပုလွေ၏ ပြတ်တောက်နေသော လည်ပင်းပေါ်မှ ထူထဲသော နှင်းခဲလွှာနှင့် သွေးမရှိခြင်းကိုကြည့်ရှုပြီး သတ်မှတ်ထားသော အဆစ်များနှင့် အပ်စိုက်မှတ်များကို ဖိနှိပ်ခြင်းဖြင့် ၎င်း၏ဝိညာဉ်ကို အလောင်းအတွင်း၌ လျှင်မြန်စွာ ချိတ်ပိတ်ထားလိုက်သည်။
ဝမ့်ရှောင်ဟွာသည် ပြုံးရင်း နွားသိုးတစ်ကောင်နီးပါး အရွယ်အစားရှိသော ဝံပုလွေကြီး၏ကျောကို ပွတ်သပ်လိုက်ပြီး စိတ်ကျေနပ်မှုဖြင့် ပြောလိုက်သည်။
“ဒီဝံပုလွေရဲ့အလောင်းက တန်ဖိုးရှိတယ်။ သူ့ရဲ့ဝိညာဉ်အဆီအနှစ်ကို ထိန်းသိမ်းထားရမယ်”
“အကြီးအကဲ၊ ကျွန်တော် စိုးရိမ်တာက ဒီနတ်ဆိုးက… အကြီးအကဲအပိုင်မဟုတ်မှာကိုပဲ”
ဝမ့်ထျန်းချောင်သည် ဝမ့်ရှောင်ဟွာ၏ အလွန်အမင်း ဝမ်းသာအားရဖြစ်ကာ စိတ်လှုပ်ရှားနေသည့် အမူအရာကို အကဲခတ်ကြည့်ရှုရင်း သတိကြီးစွာဖြင့် ကြားဖြတ်၍ ပြောလိုက်သည်။
ဝမ့်ရှောင်ဟွာ၏ ပျော်ရွှင်မှုသည် ခဏအတွင်းမှာပင် ပျောက်ကွဘ်သွားခဲ့သည်။ သူသည် ဝမ့်ထျန်းချောင်ကို လှမ်းကြည့်လိုက်ပြီး စိတ်ပျက်လက်ပျက် ပြန်ဖြေလိုက်သည်။
“ငါသိပါတယ်”
“သခင်ကြီးဝမ့်”
ကျယ်လောင်သော ခေါ်သံကြောင့် ထိတ်လန့်သွားသော ဝမ့်ထျန်းချောင်နှင့် ဝမ့်ရှောင်ဟွာတို့သည် လီရှန်းဖျင်၊ လီထုန်ယာ၊ ချန်အားနျိုနှင့် ရွာသားတစ်စု ချဉ်းကပ်လာသည်ကို မြင်တွေ့လိုက်ကြသည်။
“ခင်ဗျားရဲ့အကူအညီအတွက် ကျွန်တော်တို့ အရမ်းပဲကျေးဇူးတင်ပါတယ် သခင်ကြီးဝမ်”
လီရှန်းဖျင်က ရိုသေစွာ လက်သီးဆုပ်အရိုအသေပေးရင်း ပြောလိုက်သည်။ သူက ချန်အားနျိုကို တစ်ချက်ကြည့်လိုက်သောအခါ ချန်အားနျိုက နတ်ဆိုး၏ရုပ်ကြွင်းကို ရွှေ့ပြောင်းရန် ရွာသားများကို အလျှင်အမြန် အချက်ပြလိုက်သည်။
“ရှက်ရွံ့မိပါတယ်”
ဝမ့်ရှောင်ဟွာက ခပ်ယဲ့ယဲ့ ရယ်မောလိုက်ပြီး သူ၏အဝတ်အစားများပေါ်မှ နှင်းများကို ဖယ်ရှားလိုက်ကာ မေးမြန်းလိုက်သည်။
“ငါ့ကို ကယ်တင်ပေးခဲ့တဲ့
အဲဒီအဖြူရောင်အလင်းတန်းက…”
လီထုန်ယာသည် ရှေ့သို့အလျှင်အမြန်တိုးလာကာ ရှင်းပြလိုက်သည်။
“ကျွန်တော့်အဖေမှာ အိမ်လုပ်အဆောင်တချို့ ရှိနေတုန်းပါပဲ။ သခင်ကြီးဝမ့်က ကူညီဖို့လာနေတာကိုသိတော့ သခင်ကြီးဝမ့်ကို နတ်ဆိုးက ထိခိုက်မှာစိုးရိမ်လို့ ကျွန်တော်တို့ကို တစ်ခုသုံးခိုင်းလိုက်တာပါ”
“သဘောပေါက်ပြီ”
ဝမ့်ရှောင်ဟွာ စိတ်အေးသွားဟန်ဖြင့် သက်ပြင်းချလိုက်သည်။ လီထုန်ယာ၏ ရှင်းပြချက်နှင့် သူ၏ကိုယ်ပိုင်ယူဆချက်များသည် သိပ်မကွာခြားလှပေ။
“ဒါဆိုရင် မင်းအဖေကိုပဲ ကျေးဇူးတင်ရတော့မှာပဲ”
သူက ကျေးဇူးတင်စွာ ပြောလိုက်သည်။
“ဝမ့်မိသားစုကို ကျေးဇူးတင်ရမှာက ကျွန်တော်တို့ပါ”
ဝမ်ရှောင်ဟွာသည် ယဉ်ကျေးသောစကားများ ဖလှယ်ပြီးနောက် ဝံပုလွေ၏အလောင်း ရှိရာဘက်သို့ လက်ဟန်ပြလိုက်ပြီး ပြုံးရင်း မေးလိုက်သည်။
“မင်းတို့ကလန်က ဒါကို ဘယ်လိုကိုင်တွယ်ဖို့ စီစဉ်ထားလဲ။ ဒီဝံပုလွေရဲ့အလောင်းက ထိန်းသိမ်းဖို့ ခက်ခဲတယ်ဆိုပေမယ့် ရတနာသိုက်တစ်ခုပဲ။ သူ့ရဲ့ အရိုးတွေနဲ့ အသွေးတွေကို မင်နဲ့ဆေးဝါးတွေ ဖော်စပ်ရာမှာ အသုံးပြုနိုင်ပြီး သူ့ရဲ့အရေပြားက အဆောင်တွေနဲ့ အဝတ်အစားတွေပြုလုပ်ဖို့ အကောင်းဆုံးပဲ။ တကယ်ကို တန်ဖိုးရှိတဲ့ တွေ့ရှိမှုတစ်ခုပဲ”
လီထုန်ယာနှင့် လီရှန်းဖျင်တို့သည် အကြည့်ချင်းဖလှယ်လိုက်ပြီး ခပ်ယဲ့ယဲ့ပြုံးကာ ဝန်ခံလိုက်ကြသည်။
“ကျွန်တော်တို့ မိသားစုမှာ အဆောင်တွေဆွဲဖို့ ဒါမှမဟုတ် ဆေးဝါးတွေသန့်စင်ဖို့ အရင်းအမြစ်တွေ မရှိပါဘူး။ အများစုက အသုံးမဝင်ဘဲ ဖြစ်သွားမှာပါပဲ။ ဝမ့်မိသားစုက ဈေးကို ဝင်ထွက်ခွင့်ရှိတော့ သခင်ကြီးဝမ့်ပဲ ကျွန်တော်တို့အတွက် ရောင်းချပေးနိုင်မလား”
“ဒီဝံပုလွေက တော်တော်လေးကြီးမားပြီး ရှားပါးတဲ့ ဆေးဖက်ဝင်အပင်တချို့ကို စားသုံးခဲ့တာကြောင့် ထူးခြားတဲ့ ဂုဏ်သတ္တိတချို့ရှိတယ်။ ငါ မင်းတို့ကို ရိုးရိုးသားသားပြောရရင် သူ့ရဲ့အစိတ်အပိုင်းတွေက ဈေးမှာဆိုရင် ဝိညာဉ်ကျောက်တုံး နှစ်တုံး၊ သုံးတုံးလောက် ရနိုင်တယ်”
ဝမ့်ရှောင်ဟွာက ပြောလိုက်သည်။
သူက ခဏတာမျှ စဉ်းစားပြီးနောက် လီညီအစ်ကိုနှစ်ယောက်ကို ကြည့်လိုက်ပြီး ကမ်းလှမ်းလိုက်သည်။
“ငါ့မှာ အခုလောလောဆယ် ဝိညာဉ်ကျောက်တုံး တစ်တုံးခွဲရှိတယ်။ အဲဒါကို စရန်ငွေအဖြစ် ပေးထားမယ်။ ကျန်တာကိုတော့ တခြားကုန်ပစ္စည်းတွေနဲ့ ချိန်ညှိကြတာပေါ့။ မင်းတို့ထဲက တစ်ယောက်ယောက်များ ‘တစ်ကိုယ်တော်ကျင့်ကြံသူတစ်ဦး၏ လျှို့ဝှက်ချက်များ’ ဆိုတဲ့စာအုပ်ကို တွေ့ဖူးလား”
ဝမ့်ရှောင်ဟွာသည် သူတို့ ခေါင်းခါသည်ကိုမြင်သောအခါ ခဏတာ အံ့အားသင့်သွားခဲ့သည်။
“လီမုထျန်းက တကယ်ပဲ အခြေတည်အဆင့်က ကျင့်ကြံသူတစ်ယောက် ဟုတ််ရဲ့လား။ ဒီကိစ္စမှာ မျက်စိနဲ့မြင်တာထက် ပိုရှိပုံရတယ်…”
ဝမ့်ရှောင်ဟွာသည် ထိုသံသယများကြားမှ ပြုံးကာ ရှင်းပြလိုက်သည်။
“ဒီစာအုပ်ထဲမှာ ဝိညာဉ်သန္ဓေသားနိုးထခြင်း ချက္ကရာအဆင့်က တစ်ကိုယ်တော်ကျင့်ကြံသူတစ်ယောက် ပေးခဲ့တဲ့ မှော်အတတ်အမျိုးမျိုးနဲ့ အကြံပြုချက်တွေကို အသေးစိတ် ဖော်ပြထားတယ်။ ဒါကို ဈေးမှာ ဝိညာဉ်ကျောက်တုံး တစ်တုံး၊ နှစ်တုံးလောက်နဲ့ ငါဝယ်ခဲ့တာ။ အဲဒီထဲမှာ အသုံးဝင်တဲ့မန္တန်တွေနဲ့ မှော်အတတ်တွေ အများကြီးပါတယ်။ နတ်ဘုရားရွေ့လျားခြင်းမန္တန်နဲ့ ဝိညာဉ်ချိတ်ပိတ်ခြင်းအတတ်တွေ အပါအဝင်ပေါ့။ ဝံပုလွေရဲ့အလောင်းနဲ့ လဲလှယ်ကြမယ် ဆိုရင်ရော”
လီရှန်းဖျင်သည် ဝမ့်ရှောင်ဟွာ၏ မျက်နှာထက်ရှိအပြုံးကို ကြည့်ရင်း မေးစေ့ကို ပွတ်သပ်ကာ ၎င်း၏ ကမ်းလှမ်းချက်ကို စဉ်းစားတွေးတောနေခဲ့သည်။
“ငါတို့မှာ ဝံပုလွေရဲ့အလောင်းကို အသုံးချစရာ သိပ်မရှိဘူး။ ထိန်းသိမ်းရတာလည်း မလွယ်လှဘူး။ ဝမ့်ရှောင်ဟွာနဲ့ လဲလှယ်တာက သင့်တော်ပုံရတယ်။ အနည်းဆုံးတော့ ငါတို့အတွက် အသုံးဝင်တာတစ်ခုခု ရနိုင်တယ်။ နည်းနည်းလောက် ဆုံးရှုံးရတယ် ဆိုရင်တောင်မှပေါ့။”
လီရှန်းဖျင်က ပြုံးရင်း ပြန်ဖြေလိုက်သည်။
“ခင်ဗျားဆုံးဖြတ်တဲ့အတိုင်းပါပဲ သခင်ကြီးဝမ်”
“အရမ်းကောင်းတယ်”
ဝမ့်ရှောင်ဟွာသည် မျက်နှာတစ်ခုလုံး အပြုံးပန်းများ ဝေဆာသွားကာ ဝမ်းသာအားရဖြင့် ဖြည့်စွက်ပြောလိုက်သည်။ “ခင်ဗျားတို့ ကလန်က လူတစ်ယောက်ယောက်ကို အဲဒီသားရဲအလောင်းကို ကျုပ်တို့ မိသားစုနှစ်စုရဲ့ နယ်နိမိတ်ဆီ ပို့ပေးဖို့ စီစဉ်ပေးပါဦး။ ကျုပ်ဘက်က လူတွေကို အဲဒီကနေ သွားရောက် လွှဲပြောင်းယူခိုင်းလိုက်ပါ့မယ်”
“ကောင်းပါပြီ”
လီရှန်းဖျင်သည် နောက်ထပ် စကားအနည်းငယ် ဖလှယ်ပြီးနောက် ကောင်းကင်ကို လှမ်းကြည့်လိုက်ပြီး ကမ်းလှမ်းလိုက်သည်။
“သခင်ကြီးဝမ် လီကျင်းတောင်ပေါ်က ကျွန်တော့်နေရာကို လိုက်လည်ချင်ပါသလား”
“မလိုတော့ပါဘူး။ ငါ့မှာ အရေးကြီးတဲ့ကိစ္စတွေ အများကြီးလုပ်စရာရှိသေးလို့ ပြန်ရတော့မယ်။ အနာဂတ်မှာ မင်းတို့ တစ်ခုခုလိုအပ်ခဲ့ရင် ထျန်းချောင်ကို စာပို့ခိုင်းလိုက်ပါ”
ဝမ့်ရှောင်ဟွာက အလျှင်အမြန်ပင် ငြင်းဆန်လိုက်သည်။ ဤသည်က လီကျင်းတောင်ပေါ်မှအစီအရင်ကို သတိထားခြင်းကလည်း တစ်စိတ်တစ်ပိုင်း ပါဝင်ပေသည်။
လက်ရှိအချိန်တွင် မိသားစုနှစ်စုကြား သဟဇာတဖြစ်နေပုံရသော်လည်း သူသည် လီမိသားစု၏နယ်မြေထဲသို့ စွန့်စားဝင်ရောက်ခြင်း၏ အန္တရာယ်ရှိနိုင်သော အလားအလာများအပေါ် စိုးရိမ်မှုရှိနေခဲ့သည်။ လီရှန်းဖျင်၏ အမူအရာက တွေ့ဆုံမှုကို ယဉ်ကျေးစွာ အဆုံးသတ်လိုသည့် သဘောဖြစ်ကြောင်း ရိပ်မိလိုက်သဖြင့် ဝမ့်ရှောင်ဟွာသည် နောက်ဆုံးအနေဖြင့် ယဉ်ကျေးမှုစကားများ ဆိုပြီးနောက် နှုတ်ဆက်၍ ထွက်ခွာသွားခဲ့တော့သည်။