← Chapters

အခန်း ၅၀

Vol. 5 Ch. 50

အခန်း ၅၀

Vol. 5 Ch. 50

အခန်း - (၅၀) ဆေးလုံး

“ဒါဆို ရှင်က လီကျင်းရွာ လီမိသားစုကလား။ လရှုစားကန်ဘေးကလား”

နင်ဝမ်က မေးမြန်းလိုက်သည်။

သူမ၏မေးခွန်းသည် ကြည့်ရှုနေသူများအကြားတွင် ချက်ချင်းပင် တီးတိုးပြောဆိုသံများကို ဖြစ်ပေါ်လာစေသည်။

“လရှုစားကန်ဘေးက လီမိသားစုတဲ့လား။ သူတို့အကြောင်း တစ်ခါမှမကြားဖူးဘူး။ တမန်တော်ရဲ့ အာရုံစိုက်မှုကိုရရှိအောင် သူတို့ ဘာတွေလုပ်ခဲ့လို့လဲ”

“ဘယ်သူသိမလဲ…”

ရှောင်ချူထင်သည်လည်း သူတို့ဘက်သို့ ကြည့်နေခဲ့သည်။ သူသည် လီထုန်ယာကို ပြုံးပြကာ အားပေးသောအားဖြင့် ခေါင်းညိတ်ပြလိုက်သည်။

လီထုန်ယာသည် ခဏတာမျှ အံ့အားသင့်သွားသော်လည်း အလျှင်အမြန် စိတ်တည်ငြိမ်အောင်လုပ်လိုက်ပြီး ခေါင်းမော့ကြည့်လိုက်သည်။ သူသည် နင်ဝမ်၏ မျက်နှာဖုံးအောက်မှ ဖြူဖွေးသော အသားအရေနှင့် နူးညံ့သောမေးရိုးကို မြင်တွေ့လိုက်ရသည်။

“ဟုတ်ကဲ့၊။ ကျွန်တော်က လီမိသားစုက လီထုန်ယာပါ။ ကျွန်တော်တို့ရဲ့အိမ်က လီကျင်းတောင်ရဲ့ လရှုစားကန်ဘေးမှာ အမှန်တကယ် တည်ရှိပါတယ်”

သူက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

“ဒါဆို လီချယ်ကျင်းက ရှင်နဲ့ ဘယ်လိုတော်စပ်ပါသလဲ”

နင်ဝမ်က မေးလိုက်သည်။

လီထုန်ယာ၏မျက်နှာပေါ်တွင် နားလည်သဘောပေါက်မှု အရိပ်အယောင်တစ်ခု ပေါ်ပေါက်လာခဲ့သည်။ လီချယ်ကျင်းက ဂိုဏ်းထဲတွင် ဤအမျိုးသမီးကို တစ်ခုခုပြောခဲ့ခြင်း ဖြစ်ရမည်ဟု သူတွက်ဆမိလိုက်သည်။

“သူက ကျွန်တော့်ညီလေးပါ”

သူက ရိုသေစွာ ပြန်ဖြေလိုက်သည်။

နင်ဝမ်သည် သူမ၏ ဘယ်ဘက်လက်ကို ဆန့်ထုတ်လိုက်ရာ ပိုးထည်အိတ်ငယ်တစ်လုံးသည် လီထုန်ယာရှေ့သို့ ကျက်သရေရှိစွာ လွင့်မျောလာခဲ့သည်။

“ဒါက ရှင့်ညီလေးဆီကပါ”

သူမက နူးညံ့စွာပြောလိုက်သည်။

လီထုန်ယာသည် အိတ်ကို အလျှင်အမြန်ပင် လက်ခံယူလိုက်သည်။ ထိုစဉ် သူ့ထံသို့ ဝိုင်းအုံကျရောက်လာသော စူးစမ်းလိုသော အကြည့်များ၏ ဖိအားကို မလွှဲမရှောင်သာ ခံစားလိုက်ရပြီး ရုတ်ချည်း ထင်ပေါ်သွားသည့် မိမိ၏ အခြေအနေကြောင့် စိတ်မသက်မသာ ဖြစ်သွားရပေသည်။ အကြောင်းမူကား သူသည် ယခုကဲ့သို့ လူအများ၏ အာရုံစိုက်ခံရခြင်းမျိုးကို မည်သည့်အခါမျှ မနှစ်သက်ခဲ့သောကြောင့်ဖြစ်သည်။

“ကျေးဇူးတင်ပါတယ် နတ်မိမယ်”

သူက အလျှင်အမြန် ကျေးဇူးတင်ကြောင်း ဖော်ပြလိုက်သည်။

နင်ဝမ်က သူ့ကို ခေါင်းညိတ်ပြလိုက်သည်။ သူမက ရှောင်ချူထင်နှင့် ပေါ့ပေါ့ပါးပါး စကားစမြည်ပြောနေစဉ် မိသားစုအားလုံးသည် နောက်ဆုံးတွင် သူတို့၏အခွန်ဘဏ္ဍာများကို ဆက်သခြင်း ပြီးဆုံးသွားခဲ့သည်။

“လီရှခရိုင်က မိသားစု ၃၄ စုလုံး သူတို့ရဲ့ အခွန်ဘဏ္ဍာတွေကို ဆက်သပြီးပါပြီ”

အစေခံများထဲမှတစ်ဦးက နင်ဝမ်ကို ရိုသေစွာ သတင်းပို့လိုက်သည်။

“ကောင်းပြီ”

နင်ဝမ်သည် ခေါင်းညိတ်ကာ ရှောင်ချူထင်ကို ပြောလိုက်သည်။

“ကျွန်မမှာ တခြားတာဝန်တွေ ထမ်းဆောင်စရာ ရှိပါသေးတယ်။ အခွန်ဘဏ္ဍာတွေ ကောက်ခံပြီးပြီဆိုတော့ ကျွန်မ အခုပဲထွက်ခွာပါတော့မယ်”

“ဂရုစိုက်ပါ တမန်တော်”

သင်္ဘောပျံဆီသို့ နင်ဝမ် ပြန်လည်ထွက်ခွာသွားသည်ကိုကြည့်ရင်း ရှောင်ချူထင်က လက်သီးဆုပ် အရိုအသေပေးကာ ပြန်ဖြေလိုက်သည်။

အာရုဏ်ဦးတိမ်လွှာယာဉ်ပျံက အရှေ့ဘက်ကောင်းကင်ဆီသို့ ပျံတက်သွားသည်နှင့် ရှောင်ချူထင်၏အကြည့်က လူအုပ်ကြီးထံသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။ သူက တည်ငြိမ်သောအသံဖြင့် ပြောလိုက်သည်။

“တစ်ကိုယ်တော် ကျင့်ကြံသူတွေ တောင်ခြေရင်းမှာ စုရုံးနေကြတယ်။ အဲဒီမှာ ဈေးဖွင့်ထားတာ ရက်အနည်းငယ်လောက် ရှိနေပြီ။ ခင်ဗျားတို့အားလုံး ကုန်သွယ်ဖို့အတွက် အဲဒီကို သွားရောက်နိုင်ပါတယ်”

သူက ခဏရပ်လိုက်ပြီး ခိုင်မာသော သတိပေးချက်တစ်ခုကို ထပ်ပြောလိုက်သည်။

“မမေ့ပါနဲ့။ ငါတို့အားလုံးက အခု မိတ်ဆွေဟောင်းတွေပါပဲ။ တိမ်သရဖူဈေးက ရှောင်မိသားစုရဲ့ စီမံခန့်ခွဲမှုအောက်မှာရှိတယ်ဆိုတာ ခင်ဗျားတို့ မှတ်ထားသင့်တယ်။ လူတိုင်းက အဲဒါကို လေးစားလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဈေးထဲမှာ ဘယ်လုယက်မှု၊ အတင်းအကျပ်အရောင်းအဝယ်မှု လုပ်ရပ်မျိုးမဆို ကျွန်တော့်မိသားစုရဲ့အာဏာကို တိုက်ရိုက်စော်ကားမှုအဖြစ် ရှုမြင်ခံရပါလိမ့်မယ်”

“နားလည်ပါပြီ”

လူအုပ်က တောင်ခြေရင်းသို့ မခွဲခွာမီ ရိုသေစွာ အသိအမှတ်ပြုလိုက်ကြသည်။ လူအများအပြားသည် လီထုန်ယာနှင့် စကားစမြည်ပြောဆိုရန် ရည်ရွယ်ချက်ဖြင့် သူ့ထံသို့ ချဉ်းကပ်လာကြပြီး ဝမ့်ယွမ်ခိုင်ကမူ သူ့ကို မနာလိုစွာဖြင့် ကြည့်နေရုံသာ တတ်နိုင်တော့သည်။

သူတစ်ခုခုပြောတော့မည်အပြုတွင် ရှောင်ချူထင်၏ ရုတ်တရက် ချောင်းဟန့်သံက သူတို့၏အာရုံကို ဆွဲဆောင်လိုက်သည်။

“လူငယ်လေးထုန်ယာ၊ မင်း ငါနဲ့အတူ စကားစမြည်ပြောလို့ ရနိုင်မလား”

သူက ပြုံးရင်း မေးလိုက်သည်။

လီထုန်ယာထံ ချဉ်းကပ်ရန် ကြိုးစားနေသောလူများသည် သူတို့၏ခြေလှမ်းများ အလျှင်အမြန် ရပ်တန့်သွားကြသည်။ ဝမ့်ယွမ်ခိုင်သည်လည်း သူ၏ပါးစပ်ကို အလျှင်အမြန် ပိတ်လိုက်ရသည်။

လီထုန်ယာက စိတ်အားထက်သန်စွာ ပြန်ဖြေလိုက်သည်။

“ကျွန်တော့်ကို မြှောက်ပင့်နေပြန်ပြီ စီနီယာ။ စီနီယာ့လိုအဆင့်အတန်းရှိတဲ့ ကျင့်ကြံသူတစ်ယောက်နဲ့ စကားပြောခွင့်ရတာ ကျွန်တော့်အတွက် ဂုဏ်ယူစရာပါ”

ရှောင်ချူထင်သည် လီထုန်ယာကို ပင်မခြံဝင်းဆီသို့ ဦးဆောင်ခေါ်သွားခဲ့သည်။ သူတို့သည် ကျောက်တုံးစားပွဲတွင် နေရာယူလိုက်ကြပြီး အစေခံများက ချက်ချင်းပင် လက်ဖက်ရည်များ ဆက်သလိုက်ကြသည်။ သင်းပျံ့မွှေးကြိုင်လှသော အနံ့အရသာရှိသည့် ထိုလက်ဖက်ရည်ကို တစ်ငုံ မြည်းစမ်းလိုက်ရင်း ရှောင်ချူထင်က မှတ်ချက်ပေးလိုက်သည်။

“ငါက တိမ်သရဖူတောင်ထွဋ်ကို လာခဲတယ်ဆိုတော့ သိပ်ပြီးတော့ ဧည့်ဝတ် မကျေပွန်နိုင်ဘူး။ မင်းစိတ်မဆိုးဘူးလို့ မျှော်လင့်ပါတယ် လူငယ်လေး”

လီထုန်ယာသည် လက်ဖက်ရည်ခွက်ကို လက်ခံယူလိုက်ပြီး အနည်းငယ် သောက်သုံးလိုက်သည်။ ချိုမြိန်ပြီး လန်းဆန်းသောအရသာသည် သူ၏လျှာဖျားတွင် ချက်ချင်း ပေါက်ကွဲထွက်သွားပြီး သူ၏စိတ်ကို ကြည်လင်သွားစေခဲ့သည်။ သူသည် တစ်ကျိုက်တည်း မော့ချလိုစိတ်ကို ထိန်းချုပ်ရင်း ရှောင်ချူထင်၏ မှတ်ချက်စကားကို တုံ့ပြန်သည့်အနေဖြင့် ကျိုးနွံစွာ ခေါင်းခါလိုက်သည်။

“မင်းရဲ့ညီလေးနဲ့ ငါ့မြေးက ချင်စွေ့တောင်ထွဋ်မှာ နှစ်ပေါင်းများစွာ ကျင့်ကြံနေခဲ့ကြတာ။ ငါ့မြေးက သူ့အကြောင်း အရင်က ငါ့ကို ပြောပြဖူးတယ်။ မင်းရဲ့ အဲဒီညီလေးက ဓားသိုင်းပညာမှာ အလားအလာကြီးကြီးမားမားပြသခဲ့ပြီး ဆရာစစ်ယွမ်ပိုင်ရဲ့ မျက်စိကျခြင်းကို ခံခဲ့ရတယ်။ သူက လီချယ်ချင်းရဲ့အရည်အချင်းတွေဟာ ချင်စွေ့တောင်ထွဋ်ရဲ့ လက်ရှိရာစုနှစ်တွေအတွင်းမှာ ပြိုင်ဘက်ကင်းတယ်လို့ ယူဆထားတယ်”

လယ်သမားမိသားစုတွင် ကြီးပြင်းလာခဲ့သော လီထုန်ယာသည် သိမ်မွေ့သော လက်ဖက်ရည်ခွက်များထက် သူ၏ရွာမှ လက်ဖက်ရည်ခွက်များနှင့် ပိုမိုအသားကျပေသည်။ ရှောင်ချူထင်၏ စကားကို ကြားသောအခါ သူက သိသာထင်ရှားစွာ အံ့သြသင့်သွားခဲ့သည်။

ခဏတာမျှ ငြိမ်သက်သွားပြီးနောက် သူက အံ့ဩဝမ်းသာစွာဖြင့် ပြန်ဖြေလိုက်သည်။

“ကျင်းအာက အဲဒီအကြောင်း ကျွန်တော်တို့ကို တစ်ခါမှမပြောပြဖူးဘူး…”

“မင်းရဲ့ညီလေးက လိမ္မာတဲ့ ကလေးတစ်ယောက်ပဲ။ အဲဒီပိုးထည်အိတ်ထဲကို ကြည့်ပြီးပြီလား”

လီထုန်ယာကိုကြည့်နေသော ရှောင်ချူထင်၏အကြည့်များသည် ပျော့ပြောင်းသွားခဲ့ပြီး သူ၏မျက်နှာပေါ်တွင် အတိတ်ကို လွမ်းဆွတ်သောအမူအရာ ပေါ်လာခဲ့သည်။ သူ၏နှုတ်ခမ်းများပေါ်တွင် အပြုံးတစ်ခုပေါ်လာခဲ့ပြီး သူက ဆက်ပြောလိုက်သည်။

“အဲဒီထဲမှာ ဝိညာဉ်ကျောက်တုံး ငါးတုံးရှိတယ်။ အဲဒါတွေက သူ ငါးနှစ်အတွင်းရရှိခဲ့တဲ့ ထောက်ပံ့ပစ္စည်းတွေရဲ့ အစိတ်အပိုင်းပဲ။ သူက ဝိညာဉ်ဆန်နဲ့ ဆေးလုံးတွေကို သုံးပြီးသွားလောက်ပြီ။ ဒါပေမဲ့ ဒီဝိညာဉ်ကျောက်တုံးတွေကိုတော့ စုဆောင်းထားခဲ့တယ်”

လီထုန်ယာ၏အမူအရာသည် ချက်ချင်းပင် နားလည်သဘောပေါက်သွားပြီး နာကျင်သည့် အမူအရာအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

“ကျွန်တော့်မိသားစုက သူ့အပေါ်မှာ တကယ်ပဲ ဝန်ထုပ်ဝန်ပိုးဖြစ်စေခဲ့တာပဲ”

သူက ရေရွတ်လိုက်သည်။

ရှောင်ချူထင်သည် ပယ်ချလိုက်သောအမူအရာဖြင့် သူ၏လက်ကို ဝေ့ယမ်းလိုက်ပြီး ပြောလိုက်သည်။

“အာ၊ မင်း အဲ့ဒီလို မတွေးသင့်ဘူး။ မိသားစုတစ်ခုမှာ တစ်ယောက်ရဲ့ အောင်မြင်မှုက လူတိုင်းရဲ့ ဂုဏ်ကျက်သရေပဲ။ တစ်ယောက်ရဲ့ ကျရှုံးမှုကတော့ မိသားစုတစ်ခုလုံးက ထမ်းဆောင်ရတာပဲ”

ထို့နောက် သူသည် မည်သည့်နေရာကမှန်းမသိ ကျောက်စိမ်းဖြူ ပုလင်းတစ်လုံးကို ထုတ်ယူလိုက်ပြီး စားပွဲပေါ်တွင် တင်လိုက်သည်။

“မင်းက ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်းအဆင့်ရဲ့ စိမ်းပြာအဆီအနှစ်အဆင့်မှာပဲ ရှိနေသေးတယ်။ ဒါက တောက်ပဝိညာဉ်အမှုန့်ပဲ။ ကျောက်စိမ်းမြို့တော်အဆင့်ကို အဆင့်တက်ဖို့ အဲဒါကို သုံးလိုက်ပါ”

လီထုန်ယာသည် မမျှော်လင့်ထားသော ရက်ရောမှုကြောင့် အံ့အားသင့်သွားခဲ့သည်။ သူက အလျှင်အမြန်ထရပ်လိုက်ပြီး သူ၏လက်ကို ဝေ့ယမ်းလိုက်သည်။

“စီနီယာ၊ ကျွန်တော် ဒီလိုတန်ဖိုးရှိတဲ့လက်ဆောင်ကို လက်မခံနိုင်ပါဘူး”

“မငြင်းနဲ့တော့။ မင်းမထွက်သွားခင် ယူသွားလိုက်။ အိမ်မှာ ကျောက်စိမ်းမြို့တော်အဆင့် ကျင့်ကြံသူတစ်ယောက်မရှိရင် ချင်စွေ့တောင်ထွဋ်ကို မျက်နှာပျက်စေတာပဲ။ သွားတော့”

ရှောင်ချူထင်သည် ထိုစကားများပြောပြီးနောက် ထရပ်လိုက်ပြီး အိမ်နောက်ဘက်ဆီသို့ ထွက်ခွာသွားခဲ့ရာ အံ့အားသင့်နေသော လီထုန်ယာကို အစေခံများက အပြင်သို့ လိုက်ပို့ပေးလိုက်ကြသည်။

xxxxxxxxxx

တိမ်သရဖူတောင်ထွဋ်ခြေရင်းတွင် လီထုန်ယာသည် အဖိုးတန်ဆေးလုံးကို ဆုပ်ကိုင်ထားပြီး ခပ်ယဲ့ယဲ့ ပြုံးလိုက်မိသည်။ သူသည် ရှုပ်ထွေးနေဟန် အမူအယာများရှိနေသာ ဝမ့်ယွမ်ခိုင်ကို ကြည့်လိုက်ပြီး ပြောလိုက်သည်။

“ညီအစ်ကိုယွမ်ခိုင်၊ ဒီဈေးအကြောင်း…”

“ဟမ်”

လက်ရှိအချိန်ဆီသို့ ပြန်လည်ရောက်ရှိလာသော ဝမ့်ယွမ်ခိုင်သည် ရှေ့သို့လက်ဟန်ပြကာ ပြောလိုက်သည်။

“ဒီလမ်းအတိုင်းပဲ လိုက်သွားပါ။ ဈေးပတ်ပတ်လည်မှာ သေမျိုးတွေ မဝင်နိုင်အောင်လို့ စိတ်အာရုံလွှဲမှားခြင်းအစီအရင်တွေ စီရင်ထားတယ်။ ကျွန်တော်နဲ့ အနီးကပ်နေပြီး လမ်းမလွဲသွားစေနဲ့”

သူတို့ ရှေ့သို့ ပိုမိုလျှောက်လှမ်းလာခဲ့သည်နှင့်မျှ တစ်ချိန်က တိတ်ဆိတ်ငြိမ်သက်နေခဲ့သော တောင်လမ်းလေးသည် ရုတ်ချည်းပင် အသွင်ပြောင်းလဲသွားတော့သည်။ သူတို့သည် အပြန်အလှန် ဆွေးနွေးအော်ဟစ်သံများနှင့် စကားပြောဆိုသံများဖြင့် ဆူညံကာ အသက်ဝင်လှုပ်ရှားနေသည့် စည်ကားလှသော ဈေးတန်းကြီးတစ်ခုအတွင်းသို့ ရောက်ရှိလာခဲ့ကြလေသည်။

“ညီအစ်ကိုထုန်ယာ၊ ကျွန်တော့်ကလန်က ကျွန်တော့်ကို တာဝန်တစ်ခု ပေးထားတယ်။ ဒါကြောင့် ဒီမှာပဲ လမ်းခွဲကြရအောင်။ ကျွန်တော်တို့ နောက်ပိုင်း တောင်ခြေရင်းမှာ ပြန်တွေ့ပြီး ရထားနဲ့ အတူတူပြန်ကြတာပေါ့”

ဝမ့်ယွမ်ခိုင်သည် လက်သီးဆုပ် အရိုအသေပေးလိုက်ပြီး လီထုန်ယာကို ပြုံးပြကာ အရှေ့ဘက်ဆီသို့ အလျှင်အမြန် ထွက်ခွာသွားခဲ့သည်။

လီထုန်ယာသည် ထိုသူ အဝေးသို့ ပျောက်ကွယ်သွားသည်ကို ကြည့်နေပြီးနောက် သူ၏အာရုံစိုက်မှုကို လမ်းဘေးဆိုင်ငယ်တစ်ခုထံသို့ လှည့်လိုက်သည်။ ဆိုင်ရှင်သည် နားမလည်နိုင်သော အမူအရာဖြင့် စာအုပ်တစ်အုပ်ထဲတွင် နက်ရှိုင်းစွာ နစ်မြောနေခဲ့သည်။ သူ၏ဆိုင်တွင် အဆောင်အစုအဝေးတစ်ခု၊ အမျိုးမည်မသိသော ဝိညာဉ်ပစ္စည်းအချို့နှင့် အလံငယ်အများအပြားကို ပြသထားသည်။

“ဒါတွေက အစီအရင်အလံတွေ မဟုတ်လား”

လီထုံယာသည် ထိုမီးခိုးဖြူရောင် အလံငယ်ကလေးများကို စိုက်ကြည့်ရင်း စူးစမ်းလိုစိတ်များ တဖွားဖွား ပေါ်ပေါက်လာသော်လည်း လက်ဖြင့် ကိုင်တွယ်ခြင်းမပြုဘဲ မေးမြန်းလိုက်သည်။

“ဟုတ်ကဲ့၊ ကျောက်စိမ်းမြို့တော်အဆင့်က သားရဲနတ်ဆိုးတစ်ကောင်ရဲ့ သားရေနဲ့ပြုလုပ်ထားပြီး အဖြူရောင်ကျောက်စိမ်းသားတိုင်တွေပေါ်မှာ တပ်ဆင်ထားတာပါ။ တစ်ခုကို ဝိညာဉ်ကျောက်တုံး ရှစ်တုံး ဈေးနှုန်းရှိပါတယ်”

လီထုန်ယာသည် ရှောင်ယွမ်စစ်က သူ၏မိသားစုထံ ရောင်းချခဲ့သော အလံခြောက်ခုကို ပြန်လည်သတိရမိပြီး ထပ်မံစုံစမ်းလိုက်သည်။

“ကိုယ်ထည်ကို အဖြူရောင်အစင်းကျားငါးခူအကြေးခွံနဲ့ တိုင်တွေကို ဘုဇပတ်အနီသားနဲ့ လုပ်ထားတဲ့ အလံတွေအကြောင်း ကြားဖူးပါတယ်။ သူတို့က ပုံမှန်အားဖြင့် ဘယ်လိုဈေးနှုန်းရှိလဲဆိုတာ ခင်ဗျားသိလား”

ဆိုင်ရှင်သည် အံ့ဩသင့်သွားခဲ့ပြီး လီထုန်ယာအပေါ် သူ၏အကြည့်က စိတ်အားထက်သန်မှုနှင့် လေးစားမှုတို့ ရောနှောသွားခဲ့သည်။

“ဒါက တော်တော်လေး အလေးထားတာပဲ စီနီယာ။ ဘုဇပတ်အနီသားက သိပ်မရှားပါးဘူး။ ဒါပေမဲ့ အဖြူရောင်အစင်းကျားငါးခူအကြေးခွံက ပုံမှန်အားဖြင့် ချီကျင့်ကြံခြင်းအဆင့်က လက်မှုပညာရပ်တွေအတွက် အသုံးပြုကြတယ်။ ခင်ဗျား အဲဒါတွေအတွက် အရှေ့ဘက်ကဆိုင်တွေမှာ သွားကြည့်နိုင်ပါတယ်။ ကျွန်တော်တို့ ဒီမှာရှိတဲ့ဆိုင်တွေက အဓိကအားဖြင့် ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်းအဆင့်ကိုပဲ ဝန်ဆောင်မှုပေးတာပါ”

“သဘောပေါက်ပြီ”

လီထုန်ယာသည် စိတ်ထဲတွင် တစ်ခုခုကို နားလည်သဘောပေါက်သွားကာ ခေါင်းညိတ်လိုက်သည်။

“ရှောင်ယွမ်စစ်က ငါ့တို့မိသားစုကို တောင်းဆိုခဲ့တဲ့ဈေးက တော်တော်လေး သက်သာတဲ့ပုံပဲ။ ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်းအဆင့် ဒီအလံတွေက တစ်ခုကို ဝိညာဉ်ကျောက်တုံး ၈ တုံးဆိုရင် ချီကျင့်ကြံသူအဆင့် အလံတွေအတွက် ဝိညာဉ်ကျောက်တုံး ၁၂ တုံးက စျေးသက်သာလွန်းတဲ့ အပေးအယူတစ်ခုပဲ။”

All Chapters