← Chapters

အခန်း ၅၁

Vol. 6 Ch. 51

အခန်း ၅၁

Vol. 6 Ch. 51

အခန်း - (၅၁) ဝယ်ယူခြင်း

“ဝိညာဉ်ကျောက်တုံး ငါးတုံး၊ အဖြူရောင်အဆီအနှစ်သစ်သီး ငါးလုံးနဲ့ ဝိညာဉ်ဆန် ကျင်းကိုးဆယ်”

လီထုန်ယာက သူ၏ပစ္စည်းများကို ပြန်လည်အကဲဖြတ်ရင်း ရေတွက်လိုက်သည်။ အဖြူရောင်အဆီအနှစ်သစ်သီးများသည် ဆေးလုံးဖော်စပ်ခြင်းများတွင် အသုံးများသော ပါဝင်ပစ္စည်းဖြစ်သည်။ သူ၏မိသားစုသည် ၎င်းတို့ကို ကောင်းစွာအသုံးချရန် ကျွမ်းကျင်မှုမရှိသောကြောင့် သူသည် ၎င်းတို့ကို ရောင်းချရန် ဆုံးဖြတ်ခဲ့သည်။ သို့သော် ဝိညာဉ်ချီစွမ်းအင်များဖြင့် ပြည့်လျှံနေသော ဝိညာဉ်ဆန်မှာမူ ကိုယ်တိုင်စားသုံးရန်အတွက် သိမ်းဆည်းထားရန် ထိုက်တန်ပေသည်။

“ငါတို့ ရှောင်ယွမ်စစ်ကို ဝိညာဉ်ကျောက်တုံး ဆယ်တုံး အကြွေးတင်နေတုန်းပဲ”

သူက ခေါင်းကိုက်လာသည်ဟု ခံစားရကာ ရေရွတ်လိုက်မိသည်။

“ရှောင်ယွမ်စစ်ကလည်း ဒါက မြန်မြန်ဆန်ဆန် ကောက်ခံနိုင်မယ့်အကြွေး မဟုတ်ဘူးဆိုတာ နားလည်ပုံရတယ်။ တမန်တော်တောင်မှ ထွက်ခွာသွားခဲ့ပြီ။ အခုလောလောဆယ်တော့ ဒီအကြွေးကို ဒီအတိုင်းပဲ ထားရတော့မယ်… နောက်ထပ် နှစ်နည်းနည်းငယ်လောက်အထိပေါ့။”

လီထုန်ယာသည် စည်ကားနေသောဈေးကိုဖြတ်၍ လျှောက်သွားစဉ် ဝိညာဉ်ပစ္စည်းအမျိုးမျိုးကို အံ့ဩတကြီး တွေ့ရှိရသော်လည်း မည်သည့် အင်မော်တယ်ကျင့်ကြံခြင်းအတတ်ကိုမျှ မတွေ့ရှိခဲ့ရပေ။

သူသည် ဆိုင်တစ်ဆိုင်ရှေ့တွင် ထိုင်ချလိုက်ပြီး ပစ္စည်းများကို မွှေနှောက်ရှာဖွေနေစဉ် အနက်ရောင်မျက်နှာကာ ဝတ်ဆင်ထားသော ဆိုင်ရှင်က ညင်သာစွာ မေးမြန်းလိုက်သည်။

“ဘာရှာနေတာလဲ တာအိုရောင်းရင်း”

လီထုန်ယာသည် ဆိုင်ရှင်၏ ညင်သာသောအသံကိုကြားမှသာ ဆိုင်ရှင်သည် အမျိုးသမီးတစ်ဦးဖြစ်ကြောင်း သဘောပေါက်လိုက်သည်။ သူက ခပ်ယဲ့ယဲ့ပြုံးလိုက်ပြီး မေးလိုက်သည်။

“ခင်ဗျားမှာ အင်မော်တယ်ကျင့်ကြံခြင်းအတတ်ပေါင်း ၁၀၀ နဲ့ပတ်သက်တာ တစ်ခုခုများရှိလား”

“ဒါက ရှင် ဒီဈေးကို ပထမဆုံးအကြိမ် ရောက်ဖူးတာပဲဖြစ်ရမယ်”

အမျိုးသမီးက ရွှင်မြူးသောအသံဖြင့် မှတ်ချက်ချလိုက်သည်။

“ဟုတ်ကဲ့”

အမျိုးသမီး၏မျက်လုံးများသည် တောက်ပလာပြီး စတင်ရှင်းပြလိုက်တော့သည်။

“လီရှစီရင်စုပတ်ဝန်းကျင်က အဆောင်တွေ၊ ဆေးလုံးတွေနဲ့ အစီအရင်တွေက များသောအားဖြင့် ရင်းမြစ်သုံးခုထဲက တစ်ခုကနေ လာတာပဲ။ စိမ်းပြာရေအိုင်ဂိုဏ်း၊ အမျိုးမျိုးသော ထင်ရှားတဲ့ကလန်တွေနဲ့ တစ်ကိုယ်တော် ကျင့်ကြံသူတွေဆီကပေါ့”

“စိမ်းပြာရေအိုင်ဂိုဏ်းက အကြီးဆုံးထောက်ပံ့သူဖြစ်ပြီး ဒီမှာ အင်မော်တယ်ကျင့်ကြံခြင်းအတတ်ပေါင်း ၁၀၀ ကို ရောင်းချတာမျိုးကို ကန့်သတ်ထားတယ်။ ဒါက သူတို့တွေအတွက် ကုန်ကြမ်းတွေကို ဈေးနှုန်းသက်သက်သာသာနဲ့ အဆက်မပြတ် စုဆောင်းနိုင်စေပြီးတော့ အဲဒါတွေကို ကုန်ချောပစ္စည်းတွေအဖြစ် ပြုလုပ်ပြီးတော့ ကျွန်မတို့ဆီကို ရောင်းချကြတာပေါ့”

“ထင်ရှားတဲ့ကလန်တွေအတွက်တော့ သူတို့ကလည်း သူတို့ကို ထောက်ပံ့ပေးနေတဲ့အရာတွေကို ရောင်းချဖို့ စိတ်ဝင်စားမှု နည်းပါးကြတယ်။ စိမ်းပြာရေအိုင်ဂိုဏ်းနဲ့ ထုတ်မပြောထားတဲ့ သဘောတူညီချက်အရ သူတို့တွေက ဒီအင်မော်တယ်ကျင့်ကြံခြင်းအတတ်ပေါင်း ၁၀၀ နဲ့ပတ်သက်တဲ့ ဘယ်အရာကိုမဆို ပျံ့နှံ့တာမျိုးကို ကန့်သတ်ရာမှာ အကူအညီပေးကြတယ်။ ဒီလိုနည်းနဲ့ ဈေးကွက်ထဲက သူတို့ရဲ့ဝေစုကို မပျက်မစီး ထိန်းသိမ်းထားနိုင်တာပဲ”

လီထုန်ယာသည် အမျိုးသမီးကျင့်ကြံသူ၏ ရှင်းပြချက်ကို အာရုံစိုက်နားထောင်ရင်း ခေါင်းညိတ်လိုက်သည်။ သူသည် သူမကို နားမလည်နိုင်သောအကြည့်ဖြင့် ကြည့်လိုက်ပြီး မေးလိုက်သည်။

“ဒါဆို လီရှစီရင်စုထဲမှာ တစ်ကိုယ်တော် ကျင့်ကြံသူတွေ တော်တော်များများ ရှိတာပေါ့”

အမျိုးသမီးကျင့်ကြံသူက ခေါင်းခါလိုက်ပြီး အနည်းငယ်ခေါင်းငုံ့ကာ ရှင်းပြလိုက်သည်။

“ယွဲ့ပြည်နယ်ရဲ့ ကျယ်ပြန့်တဲ့နယ်မြေထဲမှာ သန်းပေါင်းများစွာသောလူတွေ နေထိုင်ကြတယ်။ လီရှလို စီရင်စုတစ်ခုတည်းမှာတောင် လူ ၆ သိန်းကနေ ၇ သိန်းအထိ နေထိုင်ကြတယ်။ စိမ်းပြာရေအိုင်ဂိုဏ်းရဲ့ အုပ်ချုပ်မှုအောက်က စီရင်စု ၅ ခုထဲမှာ ဝိညာဉ်အပေါက်ရှိတဲ့လူ ၃၀၀၀ ကနေ ၄၀၀ လောက်အထိ အသာလေးရှိနိုင်တယ်။ ဒါက ထင်ရှားတဲ့ကလန်တွေရဲ့ ကြာရှည်စွာ တည်ရှိလာတဲ့ မျိုးရိုးစဉ်ဆက်တွေကိုတောင် ထည့်မစဉ်းစားသေးဘူး။ အင်မော်တယ်ကျင့်ကြံသူအရေအတွက်က ၅၀၀၀ လောက် ရှိနေနိုင်တယ်”

“ခင်ဗျားက တော်တော်လေးနှံ့စပ်တာပဲ တာအိုရောင်းရင်း”

လီထုန်ယာက သူမ၏ဆိုင်ရှိ ပစ္စည်းများပေါ်သို့ ဝေ့ကြည့်လိုက်ရင်း မှတ်ချက်ချလိုက်သည်။ အဆောင်များသည် လွန်စွာအသုံးဝင်ပုံမရဘဲ သူ၏ ဝိညာဉ်ကျောက်တုံးများနှင့် မထိုက်တန်သလောက်ပင်။

“အဆောင်သုံးခုကို ဝိညာဉ်ကျောက်တုံးတစ်တုံး”

အမျိုးသမီးက ပြောလိုက်သည်။

လီထုန်ယာက ဈေးနှုန်းကိုကြားလိုက်သောအခါ သူ၏အကြည့်ကို အပြာနုရောင် ဓားတစ်ချောင်းပေါ်သို့ အလျှင်အမြန်ပြောင်းလိုက်သည်။

“ဒီဓားက ကြည်လင်မီးခိုးကျောက်နဲ့ သွန်းလုပ်ထားပြီး နှင်းဖုံးနေတဲ့ လေအေးထဲမှာ သွေးထားတာ။ ဒါက ထက်ရှပြီး လျှင်မြန်ရုံတင်မကဘူး။ တိုက်ခိုက်မှုတိုင်းမှာ အေးခဲနေတဲ့ နှင်းခဲတစ်ခုကိုပါ ထည့်ပေါင်းပေးသေးတယ်”

အမျိုးသမီးကျင့်ကြံသူသည် ရုတ်တရက်ဆိုသလို ပို၍ဖော်ရွေလာခဲ့သည်။

သူမက ပြုံးရင်း ဆက်ပြောလိုက်သည်။

“ဒါက ဓားကောင်းတစ်လက်ပဲ။ ကျွန်မသာ ဓမ္မလက်နက်အသစ်တစ်ခု မရခဲ့ဘူးဆိုရင် ဒါကို ရောင်းမှာမဟုတ်ဘူး။ ကျွန်မက ဒါကို ဝိညာဉ်ကျောက်တုံး ၁၀ ပဲ ထားလိုက်မယ်”

လီထုန်ယာသည် ငွေရေးကြေးရေး ကန့်သတ်ချက်များကြောင့် သူ၏အကြည့်ကို ဓားဆီမှ မလိုလားစွာဖြင့် လွှဲဖယ်လိုက်ပြီး အခြားတစ်ခုခုကို ရှာဖွေလိုက်သည်။ ကောင်းကင်က မှောင်လာသည်ဖြစ်ရာ သူသည် ဆိုင်ပေါ်မှ အနက်ရောင်လေးတစ်လက်ကို ကောက်ယူလိုက်ပြီး မေးလိုက်သည်။

“ဒီလေးကရော”

“အာ၊ ဒီလေးက ရင်းတိုက်သားနဲ့လုပ်ထားပြီး စိမ်းပြာအဆီအနှစ်အဆင့် နတ်ဆိုးတစ်ကောင်ရဲ့အကြောကို လေးကြိုးအနေနဲ့ တပ်ထားတာ။ မန္နာစွမ်းအင် ထည့်သွင်းလိုက်တဲ့အခါ မြားတွေကို ထိုးဖောက်နိုင်တဲ့အရှိန်အဝါတစ်ခု ပေါင်းထည့်ပေးတယ်။ ကျွန်မ ဒါကို ဝိညာဉ်ကျောက်တုံး လေးတုံးနဲ့ ရောင်းပေးနိုင်တယ်”

လီထုန်ယာက ရယ်မောလိုက်ပြီး စျေးညှိလိုက်သည်။

“ဝိညာဉ်ကျောက်တုံးနှစ်တုံး”

“အရမ်းနည်းလွန်းတယ်”

အမျိုးသမီးကျင့်ကြံသူက ခေါင်းခါရင်း ပြန်ဖြေလိုက်သည်။

လီထုန်ယာက ထောက်ပြလိုက်သည်။

“ဒါက တော်တော်လေး ဟောင်းနွမ်းနေပြီဆိုတာ ကျွန်တော် ပြောနိုင်တယ်။ ဝိညာဉ်ကျောက်တုံးနှစ်တုံးနဲ့ အဖြူရောင်အဆီအနှစ်သစ်သီး ငါးလုံးဆိုရင်ရော။ ဒါက ဝိညာဉ်ကျောက်တုံးနှစ်တုံးခွဲလောက် တန်ဖိုးရှိတယ်”

အမျိုးသမီးကျင့်ကြံသူသည် ခဏတာစဉ်းစားပြီး မှောင်လာသော ကောင်းကင်ကို လှမ်းကြည့်ပြီးနောက် နောက်ဆုံးတွင် အံကြိတ်ကာ ပြောလိုက်သည်။

“သဘောတူတယ်”

လီထုန်ယာသည် ဝိညာဉ်ကျောက်တုံးများနှင့် ဝိညာဉ်သစ်သီးများကို ဆိုင်ရှင်ထံသို့ ပေးအပ်လိုက်သည်။ ထို့နောက် အသစ်ရရှိလာသောလေးကို လက်ထဲတွင်ကိုင်ကာ ကျန်ဝိညာဉ်ကျောက်တုံးသုံးတုံးကို အိပ်ထဲတွင် လုံခြုံစွာ သိမ်းဆည်းလိုက်ပြီး မတ်တပ်ရပ်လိုက်သည်။ အချို့ရောင်းချသူများသည် ထုပ်ပိုးပြင်ဆင်နေပြီ ဖြစ်သောကြောင့် သူက ဈေးကို အလျှင်အမြန် တစ်ပတ်ပတ်လိုက်သည်။

ရှေ့မှဆိုင်များသည် ချီကျင့်ကြံခြင်းအဆင့် ကျင့်ကြံသူများအတွက် ပစ္စည်းများကို ရောင်းချနေကြသည်။ လီထုန်ယာက ၎င်းတို့ကို မတတ်နိုင်သောကြောင့် ထိုဆိုင်များကို အလျှင်အမြန်ကျော်သွားခဲ့သည်။ သူသည် ခေါင်းကို ငုံ့ထားပြီး အမျိုးမျိုးသောဆိုင်များက ခင်းကျင်းထားသောပစ္စည်းများကို ကြည့်ရှုနေခဲ့သည်။

မကြာမီပင် သူသည် လျှော်ထည်အဝတ်အစားနှင့် သားရေအပေါ်ရုံအင်္ကျီ ဝတ်ဆင်ထားသော လူငယ်တစ်ယောက်က အမွေးထူ ခွေးမျိုးနွယ်ဝင် သတ္တဝါတစ်အုပ်ကို ထည့်ထားသော ကြီးမားသော သံလှောင်အိမ်တစ်ခုဘေးတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။

လူငယ်သည် အတော်လေး စိတ်ပျက်နေပုံရသော်လည်း လီထုန်ယာ၏ စိတ်ဝင်စားမှုကို သတိပြုမိသောအခါ သူ၏အမူအရာက အလျှင်အမြန် ဝင်းပလာခဲ့သည်။

“ဒီတောရိုင်းသားရဲတွေကို ကြည့်ပါဦး တာအိုရောင်းရင်း။ သူတို့က စိတ်နေစိတ်ထား နူးညံ့ပြီး ရင့်ကျက်လာတဲ့အခါ ဝိညာဉ်သန္ဓသေား ဖွဲ့တည်ခြင်းအဆင့်ရဲ့ အလင်းဆောင်နှင်း ချက္ကရာအဆင့်ကို ရောက်ရှိနိုင်လိမ့်မယ်။ သူတို့က လျှင်မြန်ပြီး သေမျိုးတစ်ဒါဇင်ကို လွှမ်းမိုးနိုင်စွမ်းရှိတဲ့ ဓားသွားလို ထက်ရှတဲ့သွားတွေရှိတယ်။ ခင်ဗျား သူတို့ကို ဝိညာဉ်ဆန်ကျွေးရုံပါပဲ…”

ထိုစကားကို ကြားသောအခါ လီထုန်ယာသည် ဤလူငယ် တစ်နေ့လုံး အရောင်းအဝယ်မဖြစ်ခဲ့သည့် အကြောင်းရင်းကို နောက်ဆုံးတွင် နားလည်သွားခဲ့သည်။

“ဒါပေမဲ့ သေမျိုးတွေကို လွှမ်းမိုးနိုင်တာက ဘာအသုံးဝင်လို့လဲ”

သူက မေးလိုက်သည်။

“အ...အင်း၊ ဒီသားရဲတွေက မယုံနိုင်လောက်အောင် ဉာဏ်ကောင်းကြတယ်။ သူတို့က အနံ့တွေကို ခြေရာခံနိုင်တယ်။ ပစ္စည်းတွေလည်း ရှာနိုင်တယ်။ မိစ္ဆာအရှိန်အဝါတွေကိုတောင် ရှာဖွေတွေ့ရှိနိုင်သေးတယ်…”

“တစ်ကောင်ကို ဘယ်လောက်လဲ”

“တစ်ကောင်ကို ဝိညာဉ်ကျောက်တုံး တစ်တုံးပါ…”

လီထုန်ယာသည် ထွက်ခွာရန် လှည့်လိုက်သောအခါ ဆိုင်ရှင်က လီထုန်ယာ၏အင်္ကျီထောင့်ကို ဆွဲကိုင်လိုက်ပြီး အလျှင်အမြန် ကမ်းလှမ်းလိုက်သည်။

“နှစ်ကောင်ကို ဝိညာဉ်ကျောက်တုံးတစ်တုံး”

လီထုန်ယာက ခဏငြိမ်သက်သွားပြီး ခေါင်းခါကာ ပြောလိုက်သည်။

“ခင်ဗျားရဲ့ သားရဲတွေက ကောင်းမွန်ပုံရပေမယ့် ဘယ်ကျင့်ကြံသူမဆို မန္တန်သုံးလိုက်ရုံနဲ့ လွယ်လွယ်လေး ဖြေရှင်းလို့ရတယ်။ အဲဒီအပြင် သူတို့ကို ဝိညာဉ်ဆန်လည်း ကျွေးရဦးမယ်။ ကျွန်တော့်မိသားစုက ကိုယ့်အတွက်တောင် အဲဒီလိုရိက္ခာတွေကို မတတ်နိုင်ဘူး။ ဒီသတ္တဝါတွေအတွက်ဆိုရင်တော့ ပြောစရာတောင် မလိုတော့ဘူး…”

လူငယ်သည် ခဏတာမျှ တုံ့ဆိုင်းသွားပြီးနောက် နားလည်စွာ ခေါင်းညိတ်လိုက်သည်။ သူသည် ရုတ်တရက် တက်ကြွလာပြီး ပြောလိုက်သည်။

“ခဏလေး၊ ခင်ဗျား စိတ်ဝင်စားနိုင်မယ့် တခြားတစ်ခုခု ကျွန်တော့်မှာ ရှိသေးတယ် တာအိုရောင်းရင်း”

သူသည် ငွေသေတ္တာငယ်လေးတစ်လုံးကို ထုတ်ယူလိုက်ပြီး မျှော်လင့်ချက်များဖြင့် တောက်ပနေသော မျက်ဝန်းများဖြင့် ကမ်းပေးလိုက်လေသည်။

“ဒီထဲမှာ ဝူကျားပိုးကောင်တွေ ပါတယ်။ သူတို့က ဝူကျားဝိညာဉ်ပိုးချည်ကို ထုတ်လုပ်ပြီး အာဟာရအတွက် ဝိညာဉ်ဆန်ဖွဲနု ဒါမှမဟုတ် ဝိညာဉ်ချီကြွယ်ဝတဲ့ အလားတူအရာတွေကိုပဲ လိုအပ်တယ်။ သူတို့က အစာမရွေးဘူး။ ဝိညာဉ်စပါးတွေရဲ့အရွက်တွေ ဒါမှမဟုတ် ပင်စည်တွေကိုလည်း စားသုံးနိုင်တယ်။ ဝိညာဉ်အရာဝတ္ထုတွေမရှိတဲ့အခါ သူတို့က တိရစ္ဆာန်အသားနဲ့လည်း ရှင်သန်ရပ်တည်နိုင်သေးတယ်”

လီထုန်ယာသည် စိတ်ဝင်စားသွားခဲ့ပြီး ငွေရောင်သေတ္တာကို လှမ်းယူလိုက်သည်။ သေတ္တာထဲတွင် ပိုးစာရွက်များအကြား လူးလွန့်နေသော ညိုပြာရောင် ပိုးကောင်ငယ်လေး အများအပြားကို တွေ့ရှိလိုက်သည်။

“ဒီဝူကျားဝိညာဉ်ပိုးချည်က ဘာအသုံးဝင်လဲ”

သူက မေးလိုက်သည်။

“ဒါကို သာမန်လက်နက်တွေကို ခံနိုင်ရည်ရှိတဲ့ ဝိညာဉ်ဝတ်စုံတွေနဲ့ အထည်တွေအဖြစ် ယက်လုပ်နိုင်တယ်။ အဲဒါတွေကို ဈေးကောင်းကောင်းနဲ့ ရောင်းချနိုင်တယ်”

လူငယ်က ရှင်းပြလိုက်သည်။

လီထုန်ယာသည် သူ၏အိမ်တွင် သိမ်းဆည်းထားသော ဝိညာဉ်စပါးပင် အရွက်များနှင့်ပင်စည်များကို စဉ်းစားမိလိုက်သည်။ သူက စိတ်ဝင်စားသော်လည်း စိုးရိမ်ဟန်ဆောင်လိုက်ပြီး ပြောသည်။

“ကျွန်တော် သူတို့ကို စောင့်ရှောက်ဖို့ စီမံနိုင်ပါ့မလားမသိဘူး…”

“ခင်ဗျားစိတ်ဝင်စားတယ်ဆိုရင် ကျွန်တော် သူတို့ကို စောင့်ရှောက်မှုနဲ့မွေးမြူရေးအကြောင်း အသေးစိတ်လက်စွဲစာအုပ်တစ်အုပ်ကို ထည့်ပေးနိုင်ပါတယ်။ ဒီလမ်းညွှန်ကို ဝိညာဉ်ပိုးကောင်တွေနဲ့အတူ ဝိညာဉ်ကျောက်တုံး နှစ်တုံးတည်းနဲ့ ခင်ဗျား ပိုင်ဆိုင်နိုင်မှာပါ”

လူငယ်က အံကြိတ်လိုက်ပြီး စိတ်ပိုင်းဖြတ်ထားသောအမူအရာဖြင့် ကမ်းလှမ်းလိုက်သည်။

“သဘောတူတယ်”

လီထုန်ယာက ခဏတာစဉ်းစားပြီးနောက် သဘောတူညီလိုက်သည်။

သူသည် လူငယ်ပေးအပ်သော ငွေရောင်သေတ္တာနှင့် သစ်သားပြားကို ဂရုတစိုက် သိမ်းဆည်းလိုက်သည်။ ညနေစောင်း ရောက်ရှိလာသည်နှင့် သူသည် ဆိုင်ရှင်ကို နှုတ်ဆက်လိုက်ပြီး ရထားဆီသို့ ဦးတည်သွားလိုက်ရာ ထိုနေရာတွင် ရထားမောင်းသမားက မှေးစက်နေသည်ကို တွေ့လိုက်ရသည်။ သူက ရယ်မောလိုက်ပြီး တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလိုက်သည်။

မကြာမီပင် ဝမ့်ယွမ်ခိုင်သည် အတော်လေး ပင်ပန်းနွမ်းနယ်နေသော်လည်း ပျော်ရွှင်စွာဖြင့် ပြန်လည်ရောက်ရှိလာခဲ့သည်။ လီထုန်ယာကို လေးတစ်လက်ဖြင့် မြင်သောအခါ သူက မေးလိုက်သည်။

“ပစ္စည်းကောင်းတွေတွေ့ခဲ့လား ညီအစ်ကိုထုန်ယာ”

“သာမန် ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်းအဆင့် လေးတစ်လက်ပါ။ ရတနာတော့ မဟုတ်ပါဘူး”

လီထုန်ယာက ရယ်မောလိုက်သည်။ သူတို့ ရထားပေါ်တက်ပြီးနောက် လေးကို ဝမ့်ယွမ်ခိုင်ထံသို့ ပေးအပ်လိုက်သည်။

ဝမ့်ယွမ်ခိုင်က လေးကြိုးများကို စစ်ဆေးနေစဉ် လီထုန်ယာက မေးလိုက်သည်။

“ဘယ်လိုနေလဲ”

“ရင်းတိုက်သားနဲ့ နွားသိုးအကြောတွေပဲ”

ဝမ့်ယွမ်ခိုင်က လေးကြိုးကိုဆွဲရင်း မှတ်ချက်ချလိုက်သည်။

သူက မျက်မှောင်ကြုတ်လိုက်ပြီး ဆက်ပြောလိုက်သည်။

“ဝိညာဉ်ကျောက်တုံး သုံးတုံးလောက်တန်တယ်။ ဒီထက်ပိုရင်တော့ အရှုံးပဲ”

လီထုန်ယာက ပြုံးရင်း ခေါင်းညိတ်လိုက်သည်။ သူတို့နှစ်ဦး စကားပြောနေစဉ် ရထားလုံးသည် လမ်းကြမ်းအတိုင်း အိမ်အပြန်ခရီးကို စတင်လိုက်သည်။ သူတို့နှစ်ဦးသည် ညဉ့်မှောင်မိုက်သော ကောင်းကင်ယံအောက်ဝယ် အတွေးကိုယ်စီဖြင့် နစ်မြောနေကြရင်း ရထားလုံး၏ လှုပ်ခါမှုကြောင့် ငိုက်မြည်းလာကြကာ မကြာမီပင် သူတို့နှစ်ဦးစလုံး အိပ်မောကျသွားကြလေတော့သည်။

All Chapters