← Chapters

အခန်း ၅၇

Vol. 6 Ch. 57

အခန်း ၅၇

Vol. 6 Ch. 57

အခန်း - (၅၇) အိမ်ပြန်ခြင်း

အာရုဏ်ဦးတိမ်လွှာယာဉ်ပျံသည် စိမ်းလန်းစိုပြေနေသော မှိုတောလွင်ပြင်အထက်မှ အလွန်လျှင်မြန်သောအရှိန်အဟုန်ဖြင့် ပျံသန်းသွားခဲ့သည်။ ၎င်းသည် နှစ်နာရီခန့်အတွင်းတွင် တိမ်များဖြင့် ဖုံးလွှမ်းကာ မြူနှင်းများဆိုင်းနေသည့် တောင်ထွဋ်တစ်ခုပေါ်ရှိ လှပသော အဆောင်တစ်ခုဆီသို့ ကျက်သရေရှိစွာ ဆင်းသက်လိုက်သည်။

လီချယ်ကျင်းသည် ယွမ်ထွမ်းနောက်မှလိုက်ကာ အာရုဏ်ဦးတိမ်လွှာယာဉ်ပျံပေါ်မှ ဆင်းသက်လိုက်သောအခါ အဖြူနှင့်အပြာရောင်ဝတ်ရုံများ ဝတ်ဆင်ထားသော ကျင့်ကြံသူတစ်စုက တစ်ပြိုင်နက်တည်း ဦးညွှတ်နှုတ်ဆက်ကာ ကြိုဆိုလိုက်ကြသည်။

“ကြိုဆိုပါတယ် အင်မော်တယ်တမန်တော်တို့”

“ထုံးစံတွေ မလိုအပ်ပါဘူး”

ယွမ်ထွမ်းက ညင်သာသောအပြုံးဖြင့် ပြန်ဖြေလိုက်ပြီး ကျောက်လှေကားထစ်များကိုနင်းကာ ဆင်းသက်သွားခဲ့သည်။

ဝတ်ရုံရှည်ဝတ်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်သည် သူမကို အောက်ခြေတွင် စောင့်ဆိုင်းနေပြီး ထိုသူက လီချယ်ကျင်းဘက်သို့ ရိုသေစွာလှည့်ကာ ပြောလိုက်သည်။

“အထက်ဂိုဏ်းတပည့်ကို နှုတ်ခွန်းဆက်ပါတယ်။ ကျွန်တော်က မှိုတောလွင်ပြင် ယွမ်မိသားစုက ယွမ်ဟူယွမ်ပါ”

“ကျွန်တော်က လရှုစားကန် လီမိသားစုက လီချယ်ကျင်းပါ”

သူက ပြန်ဖြေလိုက်သည်။ ယွမ်နှင့်လီမိသားစုများသည် မတူညီသော စီရင်စုများမှ ဖြစ်သောကြောင့် ရှင်းလင်းစေရန်အတွက် သူတို့လာခဲ့သောဒေသကို ဖော်ပြသည့် ထုံးစံအတိုင်း မိတ်ဆက်လိုက်ခြင်း ဖြစ်သည်။

ယွမ်ထွမ်းသည် သူ့ကို သိမ်မွေ့စွာ ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်သည်။

“ယွမ်ဟူယွမ်က ငါရဲ့ ကလန်အစ်ကိုပဲ။ သူ့ကို နင့်အကြောင်း ပြောပြထားပြီးပြီ”

“ကျေးဇူးတင်ပါတယ် စီနီယာအစ်မ”

လီချယ်ကျင်းက ယွမ်ဟူယွမ်နှင့်အတူ ယွမ်မိသားစု၏ လွန်းပျံယာဉ်ပေါ်သို့ မတက်မီ ပြောလိုက်သည်။

သူတို့သည် ယွမ်ထွမ်းကို နှုတ်ဆက်ပြီးနောက် အနောက်ဘက်ဆီသို့ ဦးတည်ထွက်ခွာလာခဲ့ကြသည်။

လီချယ်ကျင်းသည် ခရီးစဉ်အတွင်း ယွမ်ဟူယွမ်က တိတ်ဆိတ်နေသည်ကို သတိပြုမိသောအခါ ပြုံးရင်း စကားစမြည် ပြောဆိုရန် ကြိုးပမ်းလိုက်သည်။

“စီနီယာ၊ ကျွန်တော့် စီနီယာအစ်မက ခင်ဗျားကို သူ့ရဲ့ ကလန်အစ်ကိုလို့ ပြောခဲ့ပေမယ့် ခင်ဗျားကို ကြည့်ရတာကတော့…”

“သူမရဲ့အဖေ ဒါမှမဟုတ် အဘိုးဖြစ်လောက်ရှိမယ်။ အဲဒီလိုပြောချင်တာ မဟုတ်လား”

ယွမ်ဟူယွမ်က ရယ်မောကာ ပြောလိုက်သည်။

“ချီကျင့်ကြံသူတွေက သူတို့ရဲ့သက်တမ်း ပိုရှည်တာကြောင့် တဖြည်းဖြည်းချင်းပဲ အိုမင်းကြတယ်။ ငါရဲ့ ကလန်ညီမလေးက အသက် ၁၈နှစ်အရွယ်မှာ ချီကျင့်ကြံခြင်းအဆင့်ကို ရောက်ရှိခဲ့တယ်။ အခုထိ သူမက အသက် ၂၀ အရွယ်လောက်ပဲ ရှိတယ်လို့ ထင်ရတယ်။ ကံမကောင်းစွာနဲ့ပဲ ငါက အဲဒီလောက် ပါရမီမရှိဘူး။ ငါက မနှစ်ကမှ ချီကျင့်ကြံခြင်းအဆင့်ကို ရောက်ရှိနိုင်ခဲ့တယ်။ ဒါကြောင့် ငါက လူလတ်ပိုင်းအရွယ်ဖြစ်နေတာ”

“အာ၊ သဘောပေါက်ပြီ”

လီချယ်ကျင်းသည် ပိုမိုစူးစမ်းလိုစိတ်များ ဖြစ်ပေါ်လာကာ ထပ်မံမေးမြန်းလိုက်သည်။

“ဒါဆို ချီကျင့်ကြံသူက ပိုငယ်ပုံရလေလေ ကျွန်တော်တို့က သူတို့ကို အထင်မသေးသင့်လေလေပဲ ဟုတ်တယ်မဟုတ်လား”

“အမြဲတမ်းတော့ မဟုတ်ပါဘူး”

ယွမ်ဟူယွမ်က ရှင်းပြလိုက်သည်။

“ချီကျင့်ကြံသူတွေက အနှစ် ၂၀၀ သက်တမ်းရှိပြီး သူတို့ရဲ့အသွင်အပြင်က တဖြည်းဖြည်းချင်းပဲ အိုမင်းသွားတာ မှန်ပေမယ့် အသက်တော့ ကြီးလာသေးတာပါပဲ။ အသက် ၄၀ အရွယ် ကျင့်ကြံသူတစ်ယောက်က အသက် ၂၀ လို့ ထင်ရတာက ပုံမှန်ပါပဲ။ ဒါပေမဲ့ သက်ကြီးရွယ်အိုပုံပေါက်တဲ့သူတွေက များသောအားဖြင့် အစွမ်းထက်ကြတယ်။ သူတို့က ရာစုနှစ်တစ်ခုကျော်ကြာ ကျင့်ကြံခဲ့ကြတဲ့ ကျင့်ကြံသူတွေဖြစ်ပြီး အခြေတည်အဆင့်ကို တက်လှမ်းဖို့ တွန့်ဆုတ်နေလို့ ချီကျင့်ကြံခြင်းအဆင့်ရဲ့ အထွဋ်အထိပ်မှာ နေထိုင်ရတာကို ပိုနှစ်သက်ကြတယ်”

လီချယ်ကျင်း၏ အတွေးနက်နေသောအမူအရာကို သတိပြုမိသောအခါ ယွမ်ဟူယွမ်က ရွှင်မြူးစွာဖြင့် ထပ်ပြောလိုက်သည်။

“ငါတို့ကမ္ဘာမှာ အပြင်ပန်းအသွင်အပြင်ကိုပဲကြည့်ပြီး ဆုံးဖြတ်ရင် လွဲသွားလိမ့်မယ်။ ငါငယ်ငယ်တုန်းက အဲဒါကို ခက်ခက်ခဲခဲသင်ယူခဲ့ရပြီး တော်တော်လေး ပေးဆပ်ခဲ့ရသေးတယ်”

အေးမြသော နံနက်ခင်းလေပြေသည် လီချယ်ကျင်း၏ ဝတ်ရုံစွန်းများကို လှုပ်ခါကာ တဖျတ်ဖျတ် မြည်နေစေခဲ့သည်။ သူတို့သည် စစ်ယွမ်ပိုင်၏ လွန်းပျံယာဉ်ထက် သိသိသာသာ နှေးကွေးသော ယွမ်ဟူယွမ်၏ လွန်းပျံယာဉ်ပေါ်တွင် ခရီးသွားရင်း အင်မော်တယ်ကျင့်ကြံခြင်းလောကမှ မကြာသေးမီက ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များအကြောင်း ပေါ့ပေါ့ပါးပါး စကားစမြည် ပြောဆိုလာခဲ့ကြသည်။

လေးနာရီခန့်အကြာတွင် တောက်ပနေသော လရှုစားကန်ကျယ်ကြီးသည် နောက်ဆုံးတွင် သတို့မြင်ကွင်းထဲသို့ ရောက်ရှိလာခဲ့သည်။

လီချယ်ကျင်းသည် ယွမ်ဟူယွမ်ကို ရေကန်ဘေးရှိ လီချွမ်းခိုရွာအနီးတွင် ဆင်းသက်ရန် ညွှန်ကြားလိုက်ပြီး ကျေးဇူးတင်သောအပြုံးဖြင့် နှုတ်ဆက်လိုက်သည်။

“ကျွန်တော် သုံးရက်ကြာတဲ့အခါ ကျားအချိန်မှာ ခင်ဗျားပြန်လာတာကို ဒီမှာစောင့်နေပါ့မယ် တာအိုရောင်းရင်း”

ယွမ်ဟူယွမ်သည် သူ၏ညွှန်ကြားချက်ကို အသိအမှတ်ပြုလိုက်ပြီး လွန်းပျံယာဉ်ပေါ်တက်ကာ ကောင်းကင်သို့ ချက်ချင်းပျံသန်းသွားခဲ့သည်။

လီချယ်ကျင်းသည် လေဟုန်ကိုစီးကာ လီချွမ်းခိုရွာဆီသို့ ပျံဝဲသွားခဲ့သည်။

သူသည် အဝေးတစ်နေရာရှိ ရွာအဝင်ဝတွင် ထိုင်နေသော ၆ နှစ်၊ ၇ နှစ်အရွယ်ခန့်ရှိသော ကောင်လေးတစ်ယောက်ကို သတိပြုမိလိုက်သည်။ ထိုကလေးသည် ရင်းတိုက်သား မြားထိပ်တစ်ခုကို ကျောက်တုံးတစ်တုံးပေါ်တွင် စေ့စေ့စပ်စပ် ချွန်နေပြီး သူ၏ခြေထောက်ဘေးတွင် မြားတစ်အုပ်ကို ချထားသည်။

လီချယ်ကျင်းကို သတိပြုမိသောအခါ ကလေး၏အမူအရာသည် တွေဝေနေရာမှ လေးစားသောအမူအရာအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ သူက မတ်တပ်ရပ်ရင်း နှုတ်ဆက်လိုက်သည်။

“အင်မော်တယ်ဆရာ၊ ခင်ဗျား စိမ်းပြာရေအိုင်ဂိုဏ်းရဲ့ အုပ်ချုပ်မှုအောက်က လီမိသားစုနယ်မြေထဲကို ဝင်ရောက်နေတာပါ။ ကုလီလမ်းက အရှေ့ဘက်မိုင် အနည်းငယ်အကွာမှာ တည်ရှိပါတယ်”

လီချယ်ကျင်းက ရယ်မောလိုက်ပြီး ကလေး၏ မျက်နှာသွင်ပြင်များကိုကြည့်ရှုရင်း မေးလိုက်သည်။

“ချန်အားနျိုက မင်းနဲ့ဘယ်လိုတော်စပ်လဲ”

“သူက ကျွန်တော့်အဖေပါ”

ကောင်လေး၏မျက်နှာက ဝင်းလက်သွားပြီး ပြန်ဖြေလိုက်သည်။

“ကျွန်တော်က ချန်တုန်းဟယ်ပါ။ ခင်ဗျားအတွက် ကျွန်တော့်အဖေကို သွားခေါ်ပေးမယ်”

လီချယ်ကျင်းသည် ထိုစကားကို လက်ဝေ့ယမ်းကာ ပယ်ချလိုက်ပြီး ကျောက်လမ်းအတိုင်း ပျောက်ကွယ်သွားခဲ့သည်။

ချန်အိမ်တော်အတွင်းတွင် သားရေအင်္ကျီ ဝတ်ဆင်ထားသော ချန်အားနျိုသည် သူ၏ဧည့်သည် ဟန်ဝမ်ရွှီနှင့်အတူ အေးအေးလူလူ လက်ဖက်ရည် သောက်နေခဲ့သည်။

သူတို့ စကားစမြည်ပြောဆိုနေစဉ် ဟန်ဝမ်ရွှီက ရွှင်မြူးဟန်ဖြင့် မှတ်ချက်ချလိုက်သည်။

“အဘိုးကြီးချန်၊ ခင်ဗျားမှာ တကယ်ပဲ ထူးဆန်းတဲ့ နာမည်ပေးတဲ့ဓလေ့ ရှိတာပဲ။ ခင်ဗျားရဲ့သား ငါးယောက်လုံးကို မြစ် ဒါမှမဟုတ် ရေကန်တစ်ခုခုရဲ့နာမည်တွေ ပေးထားတယ်။ ချန်မိသားစုက အခု ထင်ရှားတဲ့မိသားစုတစ်စုအဖြစ် သတ်မှတ်ခံထားရပေမယ့် ခင်ဗျားက တံငါသည်တစ်ယောက်ရဲ့ ရိုးရှင်းမှုကို ထိန်းသိမ်းထားတုန်းပဲ”

ချန်အားနျို မတုံ့ပြန်နိုင်မီပင် ခြံဝင်းတံခါးက ကျွီခနဲ ပွင့်လာခဲ့သည်။ သန့်ရှင်းဖြူစင်သော အဖြူရောင်ငှက်မွေးဝတ်ရုံနှင့် အပြာရောင်ဖိနပ်များကို ဝတ်ဆင်ထားသော လူငယ်တစ်ယောက်သည် လေးနက်တည်ငြိမ်သော ဟန်ပန်ဖြင့် ဝင်ရောက်လာခဲ့သည်။

သူသည် ဟန်ဝမ်ရွှီကို နွေးထွေးစွာ နှုတ်ဆက်လိုက်သည်။

“ဆရာဟန်၊ မတွေ့ရတာ ကြာပါပြီ”

ထို့နောက် သူက ချန်အားနျိုဘက်သို့လှည့်လိုက်ပြီး ညင်သာစွာ မှတ်ချက်ချလိုက်သည်။

“နှစ်အနည်းငယ်ပဲ ကြာသေးတာ။ ခင်ဗျား ကောင်းကောင်းစားသောက်နေရပုံပဲ ဦးလေးချန်”

ချန်အားနျိုသည် ထိုမှတ်ချက်စကားကြောင့် အံ့အားသင့်သွားပုံရသည်။ သူသည် လူငယ်၏မျက်နှာကို ခဏတာမျှ စေ့စေ့စပ်စပ်ကြည့်ရှုပြီးနောက် အော်ပြောလိုက်သည်။

“ဒါက လီချယ်… ကျွန်တော် ဆိုလိုတာက အင်မော်တယ်ဆရာ”

“ကျင်းအာ”

လီမိသားစု၏ ညီအစ်ကိုလေးယောက်လုံးကို သင်ကြားပေးခဲ့သော ဟန်ဝမ်ရွှီသည် လီချယ်ကျင်းကို အကျင့်ဖြစ်နေသည့်အတိုင်း ချစ်ခင်စွာ နှုတ်ဆက်လိုက်သည်။ သူ၏ မဖွယ်မရာအပြုအမူကို သဘောပေါက်လိုက်သောအခါ သူက အလျှင်အမြန်ခေါင်းငုံ့လိုက်ကာ တိတ်ဆိတ်သွားခဲ့သည်။

လီချယ်ကျင်းက ဝေ့ယမ်းလိုက်ပြီး နှစ်သိမ့်ကာ ပြောလိုက်သည်။

“ကျွန်တော့်ကို ကျွန်တော့်အစ်ကိုကြီးတွေဆီကို ခေါ်သွားပေးပါ”

“ခေါင်းဆောင်ငယ်က လီကျင်းတောင်ပေါ်မှာ ရှိနေလောက်တယ်။ အင်မော်တယ်ဆရာအတွက်တော့… သူက အခုတလော မေချယ်တောင်ကို မကြာခဏ သွားလေ့ရှိတယ်လို့ ကျွန်တော်ထင်တယ်”

ချန်အားနျိုက ပြန်ဖြေလိုက်သည်။

xxxxxxxxxx

လီရှန်းဖျင်သည် ရှေ့ခြံဝင်းထဲတွင် ကျင့်ကြံနေစဉ် ကျောက်လှေကားထစ်များပေါ်မှ ခြေသံများကို ကြားလိုက်ရသည်။ သူက မျက်မှောင်ကြုတ်လိုက်ပြီး အော်ခေါ်လိုက်သည်။

“ယဲ့ရှန့်၊ မင်းလား”

သူ့ကို တုံ့ပြန်လိုက်သည်က ရင်းနှီးနေသော လှိုက်လှိုက်လှဲလှဲ ရယ်မောသံဖြစ်သည်။ ခါးတွင် တစ်မီတာခန့်ရှည်သော ဓားတစ်စင်းကို ချိတ်ဆွဲထားသည့် ထူးခြားခန့်ညားသော လူငယ်တစ်ဦးသည် တံခါးဝမှနေ၍ လှမ်းဝင်လာခဲ့၏။ ဓားရိုးရှိ အဖြူရောင် ပန်းပွားများသည် သူ၏ လှုပ်ရှားမှုနှင့်အတူ စည်းချက်ကျကျ နွဲ့နှောင်းလှပစွာ ဝေ့ယမ်းနေလေသည်။

“ကျွန်တော် ရွာကိုပြန်ရောက်လာတော့ ကျွန်တော်တို့မိသားစုက အတော်ကြာကြာကတည်းက တောင်ပေါ်ကို ပြောင်းရွှေ့သွားပြီဆိုတာ တွေ့လိုက်ရတယ်။ ဒါကြောင့် ကျွန်တော့်ကို အစီအရင်ကိုဖြတ်ပြီး တောင်ပေါ်ခေါ်သွားဖို့ ညီအစ်ကိုယဲ့ရှန့်ကို လမ်းညွှန်ခိုင်းခဲ့ရတာ”

လူငယ်က ပြုံးစစဖြင့်ခေါင်းခါရင်း ရှင်းပြလိုက်ပြီး မှတ်ချက်ချလိုက်သည်။

“တောက်၊ အဲဒီမြူနှင်းဝင်္ကပါအစီအရင်က တကယ့်ကို တစ်ခုခုပဲ”

“ကျင်းအာ”

လီရှန်းဖျင်က အံ့ဩတကြီးဖြင့် မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ကာ မေးလိုက်သည်။

“မ…မင်းက ဂိုဏ်းထဲမှာ ကျင့်ကြံနေတာမဟုတ်ဘူးလား”

လီချယ်ကျင်းက အားရပါးရ ရယ်မောလိုက်သည်။

“ကျွန်တော် ချီကျင့်ကြံခြင်းအဆင့်ကို အဆင့်တက်လုနီးပါး ဖြစ်နေပြီ။ ဒါကြောင့် အိမ်ကိုခဏပြန်ဖို့ ဂိုဏ်းကနေ ကျွန်တော် ခွင့်ယူလာခဲ့တာ”

“ငါ အဖေ့ကို သွားခေါ်လိုက်ဦးမယ်”

လီရှန်းဖျင်က အော်ပြောလိုက်သည်။

လီမုထျန်းသည် ရှေ့ခြံဝင်းဆီသို့ အပြေးအလွှား ရောက်လာခဲ့သည်။ သူတို့သုံးယောက် ထိုင်ချလိုက်ပြီး မကြာမီမှာပင် လီထုန်ယာနှင့် လီရွှမ်ရွှမ်တို့လည်း ရောက်လာခဲ့ကြသည်။

“အငယ်ဆုံးဦးလေး”

လီရွှမ်ရွှမ်သည် လီချယ်ကျင်းကို နှစ်ပေါင်းများစွာ မတွေ့ခဲ့ရသည်ဖြစ်ရာ စိတ်အားထက်သန်စွာဖြင့် ပွေ့ဖက်လိုက်ပြီး လီထုန်ယာကမူ ပျော်ရွှင်စွာဖြင့် ပြုံးကာကြည့်နေခဲ့သည်။

မိသားစုဝင်များသည် စိတ်လှုပ်ရှားမှုများဖြင့် ပျော်ရွှင်မြူးတူးစွာ စုဝေးနေကြစဉ် သူတို့၏ မိခင်ဖြစ်သူကမူ ဝမ်းသာကြည်နူးလွန်းသဖြင့် မျက်ရည်များ ကျနေခဲ့သည်။ သူတို့သည် ခမ်းနားသော စားသောက်ပွဲတစ်ခုကို ပြင်ဆင်လိုက်ကြပြီး လီချယ်ကျင်းကို လီချုံယန်နှင့် လျိုရို့ရွှမ်းကဲ့သို့သော မိသားစုဝင်အသစ်များနှင့် မိတ်ဆက်ပေးလိုက်ကြသည်။ သူတို့သည် နှစ်ပေါင်းများစွာ ထိန်းသိမ်းထားခဲ့သော မြွေသည်းခြေဝိုင်ကို ညနေခင်းမှသည် ညနက်သည်အထိ မြည်းစမ်းရင်း ကုန်ဆုံးခဲ့သည်။

လီချုံယန်နှင့် အခြားသူများ ထွက်ခွာသွားကြပြီးနောက် လီမိသားစုသည် အိမ်နောက်ဘက်ရှိ လက်ဖက်ရည်စားပွဲတွင် စုရုံးလိုက်ကြသည်။ မည်သူတစ်ဦးတစ်ယောက်မျှ မူးယစ်နေခြင်းမျိုး မရှိပေ။ မြွေသည်းခြေဝိုင်သည် ဝိညာဉ်ချီ ကြွယ်ဝသော်လည်း မူးယစ်စေခြင်း မရှိပေ။ ထို့အပြင် သူတို့၏စိတ်ထဲတွင် အခြားအစီအစဉ်များ ရှိသောကြောင့် သူတို့ထဲက ဘယ်သူမှ အလွန်အကျွံ မသောက်သုံးခဲ့ကြပေ။

လီချယ်ကျင်းသည် သူ၏အစ်ကိုကြီးများထံမှ ဤနှစ်များတစ်လျှောက် မိသားစု၏ တိုးတက်မှုများအပေါ် ပြန်ပြောနေသည်များကို နားထောင်ရင်း အံ့ဩနေခဲ့သည်။ သူသည် လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်ပြီး သူတို့ကို တည်ကြည်သောအမူအရာဖြင့် ပြောလိုက်သည်။

“ကျွန်တော် ဒီတစ်ခါပြန်လာခဲ့တာ အရေးကြီးတဲ့ အကြောင်းရင်းတစ်ခုအတွက်ပဲ။ ဒီလိုမှမဟုတ်ရင် ကျွန်တော် ချီကျင့်ကြံခြင်းအဆင့်ကို အဆင့်တက်လုနီးပါးဖြစ်နေတုန်း ဒီလောက်အလျှင်စလို ပြန်လာခဲ့မှာမဟုတ်ဘူး”

သူသည် အိမ်ထဲရှိ ကျောက်တုံးစင်မြင့်ကို မျက်စိစွေကြည့်လိုက်ပြီး အကြံပြုလိုက်သည်။

“ကျွန်တော်တို့ အထဲမှာ ဆက်ပြောကြရအောင်”

အိမ်ထဲသို့ရောက်သည်နှင့် လီချယ်ကျင်းသည် ခေါင်မိုးပြတင်းပေါက်မှ ဖြာကျနေသော လရောင်၏ ဖမ်းစားခြင်းကိုခံလိုက်ရပြီး တိတ်ဆိတ်စွာ ရပ်တန့်နေမိသည်။

သူသည် ကြေးမုံပေါ်တွင် စုဝေးနေသောလရောင်ကို စိုက်ကြည့်လိုက်ပြီး လက်ဟန်တစ်ခု ပြုလုပ်လိုက်ကာ ၎င်းကို ဂရုတစိုက် စေ့စေ့စပ်စပ်ကြည့်ရှုလိုက်သည်။

သူသည် သူ၏ ရှန်းယန်စံအိမ်တော်အတွင်းမှ ဆဋ္ဌမမြောက် ဝိညာဉ်သန္ဓေသားနိုးထခြင်း ချက္ကရာ လှုပ်ခတ်သွားသည်ကို ခံစားလိုက်ရပြီး ၎င်းက သူ၏မန္နာစွမ်းအင် စီးဆင်းမှုကို အရှိန်မြှင့်တင်ပေးခဲ့သည်။

သူ့လက်ကို ပြန်ရုပ်သိမ်းလိုက်ရင်း စောစောက သူ၏သံသယများမှာ အမှန်တကယ် ဖြစ်နေကြောင်း အတည်ပြုလိုက်နိုင်သည့်အတွက် မယုံကြည်နိုင်ခြင်းများ ရောပြွမ်းလျှက် ဖြည်းညှင်းစွာ ရေရွတ်လိုက်လေသည်။

“အထွဋ်အထိပ်ယင်လရောင်လား”

All Chapters