← Chapters

အခန်း ၅၈

Vol. 6 Ch. 58

အခန်း ၅၈

Vol. 6 Ch. 58

အခန်း - (၅၈) အထွဋ်အထိပ်ယင်လရောင်

“အထွဋ်အထိပ်ယင်လရောင်၊ နှင်းခဲလိုဖြူဖွေးပြီး ရေလိုစီးဆင်းကာ လပြည့်ရင် တောက်ပစွာ ထွန်းလင်းပြီး လဆုတ်ရင် မှေးမှိန်သွားတယ်။ ငါထင်သားပဲ”

လီချယ်ကျင်းက အံ့ဩတကြီး ရေရွတ်လိုက်သည်။

“ယွဲ့ပြည်နယ်က ကျင့်ကြံသူတွေက ရာစုနှစ်ပေါင်းများစွာ ဒါကို လိုချင်တပ်မက်ခဲ့ကြတယ်… နှစ်ပေါင်း ၃၀၀ ကျော်အတွင်း ၅ ခုကိုပဲ ရှာဖွေတွေ့ရှိခဲ့တယ်။ တစ်ခုချင်းစီကို အခြေတည်အဆင့်နဲ့ ခရမ်းရောင်စံအိမ်တော်အဆင့်တွေက ကျင့်ကြံသူတွေက ဂရုတစိုက် စုဆောင်းခဲ့ကြတယ်…”

“တစ်ခုက ရာစုနှစ်ပေါင်းများစွာက လရေကန်တောင်ထွဋ်သခင်ကို ခရမ်းရောင်စံအိမ်တော်အဆင့်ကို မြှင့်တင်ပေးခဲ့တယ်။ နောက်တစ်ခုက စိမ်းပြာရေအိုင်ဂိုဏ်းချုပ်ရဲ့ နှင်းခဲအကြွင်းမဲ့ဓားအဖြစ် သန့်စင်ခြင်းခံခဲ့ရတယ်။ နှစ်ခုက ဂိတ် ၃ ခုပါဝင်တဲ့ တိုက်ပွဲတစ်ခုအပြီးမှာ ရတနာသိုလှောင်ခန်းတွေမှာ လုံလုံခြုံခြုံသိမ်းထားခဲ့ကြပြီးတော့ နောက်ဆုံးတစ်ခုကတော့ အဲဒါကို ပိုင်ဆိုင်နိုင်ဖို့ ပြင်းထန်တဲ့ပြိုင်ဆိုင်မှုတွေကြောင့် ဂိတ် ၇ ခုထဲက တစ်ခုဖြစ်တဲ့ နှင်းကျီဂိတ်ကို အဖျက်ဆီးခံရလုနီးပါး ဖြစ်သွားစေခဲ့တယ်”

လီချေကျင်းသည် တံတွေးကို မျိုချလိုက်ပြီးနောက် အလွန်တိုးညှင်းသောလေသံဖြင့် ရေရွတ်လိုက်မိတော့သည်။

“ဒီလောက်တန်ဖိုးရှိတဲ့ အထွဋ်အထိပ်ယင်လရောင်ကို ငါတို့မိသားစုက ဆန်းကြယ်အသွင် ချက္ကရာကို စုစည်းဖွဲ့တည်ဖို့ သုံးခဲ့တာလား”

သူက ခဏတာမျှ ငြိမ်သက်သွားကာ နက်ရှိုင်းစွာတွေးတောပြီးနောက် အားပါးတရ ရယ်မောလိုက်သည်။

လုကျန်းရှန်းသည် လီချယ်ကျင်းပြောနေသည်ကို အာရုံစိုက်နားထောင်ရင်း စိတ်မသက်မသာဖြစ်မှုများ တိုးပွားလာခဲ့သည်။

“လရောင်ဇာစ်မြစ်စံအိမ်တော်က လောကီကမ္ဘာကနေ နှစ်ပေါင်းများစွာ ပျောက်ကွယ်နေခဲ့တာ။ ဒီအထွဋ်အထိပ်ယင်လရောင်တွေကို ချီးကျူးပြီး မက်မောခဲ့ကြတယ်။ အဲဒီအင်မော်တယ်စံအိမ်တော်က တပည့်တွေလို့ပြောတဲ့ အင်မော်တယ်ကျင့်ကြံသူတွေဟာ လရှုစားကန်မှာ ဂိုဏ်း ၃ ဂိုဏ်းနဲ့ ဂိတ် ၇ ခုက ကျင့်ကြံသူတွေရဲ့ ချောင်းမြောင်းသတ်ဖြတ်ခြင်းကို ခံခဲ့ရတယ်။ ငါရှိနေတဲ့ ဒီကြေးမုံက အထွဋ်အထိပ်ယင်လရောင်နဲ့ ဆက်စပ်နေတယ်။ ဒါက ပိုကြီးမားတဲ့အရာတစ်ခုရဲ့ အစိတ်အပိုင်းဖြစ်တာ သေချာလောက်တယ်”

လုကျန်းရှန်းသည် စိတ်ထဲ၌ ဆုံးဖြတ်ချက်များ ပိုမိုခိုင်မာလာသည်နှင့်အမျှ သူကဲ့သို့သော မှော်ရတနာဝိဉာဉ်က သာမန်လူသားများကဲ့သို့ အိုမင်းရင့်ရော်ခြင်း ဘေးဒုက္ခနှင့် ကြုံတွေ့ရမည် မဟုတ်ပေရာ တောင်တန်းများကြား၌ပင် ဆက်လက်ပုန်းအောင်းနေရန် ဆုံးဖြတ်လိုက်တော့သည်။ သူသည် မိမိကိုယ်ကိုယ် ပြန်လည်ပြုပြင်မှုများ လုံးဝနီးပါး ပြီးဆုံးသွားသည်အထိ လီမိသားစုမှ ကျင့်ကြံသူများ ပိုမိုအစွမ်းထက်လာမည့်အချိန်ကို စောင့်ဆိုင်းရင်း အခြေအနေများကို ဆက်လက်စောင့်ကြည့်သွားရန်သာ ရည်ရွယ်ထားပေတော့သည်။

“အချိန်တွေက ကုန်တာမြန်တယ်။ တစ်လဆိုတာက ငါ့အတွက်တော့ မျက်စိတစ်မှိတ်စာလောက်ပဲလို့ ခံစားရတယ်။ ရာစုနှစ်ငါးခုလောက် အမှားအယွင်းမရှိ ရှင်သန်ရပ်တည်နေပြီး လီမိသားစုကိုပဲ ဆက်ပြီးတော့ အားထားသွားရမှာပဲ။ လရောင်ဇာစ်မြစ်စံအိမ်တော်အကြောင်း သတင်းအချက်အလက်တွေ စုဆောင်းဖို့ သူတို့ကို ငါ့ရဲ့ မျက်စိနဲ့နားတွေအဖြစ် သုံးရမယ်။ အဲဒီအချိန် ငါကတော့ ရှင်သန်ရပ်တည်ရေးကိုပဲ အာရုံစိုက်နေရုံပဲ”

မြေပြင်ပေါ်တွင် လီချယ်ကျင်းက ရယ်မောနေဆဲပင်ဖြစ်သည်။ သူက မိသားစုများကို လှမ်းကြည့်လိုက်ပြီး ရှင်းပြလိုက်သည်။

“ဒီကြေးမုံက ချီကျင့်ကြံခြင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ ဝိညာဉ်ချီတွေထဲက တစ်ခုဖြစ်တဲ့ အထွဋ်အထိပ်ယင်လရောင်ကို စုစည်းဖွဲ့တည်နိုင်တယ်။ ဒါက ထင်းရှူးတောလေ ဒါမှမဟုတ် ရေကန်ထဲက ရွှေရောင်ဆောင်းဦးထက် အများကြီး ပိုတန်ဖိုးရှိတယ်”

လီချယ်ကျင်းက ရာစုနှစ်များတစ်လျှောက် အထွဋ်အထိပ်ယင်လရောင်၏ ပေါ်ထွက်လာမှုများကြောင့် ဖြစ်ပွားခဲ့သော သွေးစွန်းသောပဋိပက္ခများကို ရှင်းပြပြီးနောက် သူ၏မိသားစုသည် နောက်ဆုံးတွင် အထွဋ်အထိပ်ယင်လရောင်၏ စစ်မှန်သောတန်ဖိုးကို နားလည်သဘောပေါက်သွားခဲ့သည်။

ရွှင်မြူးဝမ်းမြောက်သော အပြုံးတစ်ခုသည် လီရွှမ်ရွှမ်၏ မျက်နှာထက်တွင် ပျံ့နှံ့သွားပြီးနောက် သူက မျက်မှောင်ကြုတ်သွားခဲ့ပြန်သည်။

“အထွဋ်အထိပ်ယင်လရောင်က အငယ်ဆုံးဦးလေး ပြောသလောက် တန်ဖိုးရှိပြီး အခြေတည်အဆင့်နဲ့ ခရမ်းရောင်စံအိမ်တော်အဆင့် ကျင့်ကြံသူတွေက အဲဒါကို လိုချင်နေကြတယ်ဆိုရင် ကျွန်တော်တို့ ဒီလျှို့ဝှက်ချက်ကို သေသေချာချာ စောင့်ရှောက်ထားရမယ်။ ကျွန်တော်တို့ ဒါကို ထုတ်ဖော်မပြသင့်ဘူး။ ရောင်းချဖို့ဆိုရင်တော့ ပြောစရာတောင် မလိုတော့ဘူး”

သူ၏ ငယ်ရွယ်နုပျိုသောအသံဖြင့် ပြောလိုက်သည်။

“အမှန်ပဲ”

လီရှန်းဖျင်သည် လီရွှမ်ရွှမ်၏ ဉာဏ်ပညာရှိသောအကြံပြုချက်ကို ကြားလိုက်ရသောအခါ ဂုဏ်ယူစွာဖြင့် ခေါင်းညိတ်လိုက်သည်။

သူသည် စိုးရိမ်ဟန် အရိပ်အယောင်သန်းနေသာ လေသံဖြင့် ပြောလိုက်သည်။

“ငါတို့မှာ အထွဋ်အထိပ်ယင်လရောင်ကိုသုံးပြီး ချီကိုသန့်စင်ဖို့ ဘယ်ကျင့်စဉ်မှ မပိုင်ဆိုင်ဘူး။ ဒါကြောင့် ငါတို့လည်း ဒါကို မသုံးနိုင်ဘူး။ ဒါက ရွှေတောင်ပေါ်ထိုင်ပြီး ထမင်းငတ်နေသလိုပဲ”

သူတို့လူအုပ်သည် အထွဋ်အထိပ်ယင်လရောင်၏တန်ဖိုးကို သိရှိကြသော်လည်း လီချယ်ကျင်း တစ်ဦးတည်းသာ သူတို့၏ရှာဖွေတွေ့ရှိမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကြီးမားသည့် အရှုပ်အထွေး၊ ပဋိပက္ခများကို အမှန်တကယ် နားလည်ပေသည်။

သူက မျက်မှောင်ကြုတ်လိုက်ပြီး ပြန်ဖြေလိုက်သည်။

“ချီကျင့်ကြံခြင်းကျင့်စဉ် နည်းနည်းလောက်ကပဲ အထွဋ်အထိပ်ယင်လရောင်ကို အသုံးချနိုင်တယ်။ အဲဒါတွေအားလုံးကို ဂိုဏ်း ၃ ဂိုဏ်းနဲ့ ဂိတ် ၇ ခုက တင်းတင်းကျပ်ကျပ် ကာကွယ်စောင့်ရှောက်ထားကြတယ်။ ကျွန်တော်က ဆောင်းဦးရေကန်ထဲကလရိပ် ကျင့်စဉ်ကို သင်ယူဖို့ ကြိုးစားကြည့်လို့ရတယ်။ ဒါပေမဲ့ အဲဒီကျင့်စဉ်ရဲ့ လျှို့ဝှက်ချက်တွေကို ဘယ်တော့မှ မထုတ်ဖော်ဖို့ ဆန်းကြယ်အသွင် ဝိညာဉ်သစ္စာကို ကျိန်ဆိုရလိမ့်မယ်”

တချိန်လုံး တိတ်ဆိတ်နေခဲ့သော လီမုထျန်းသည် သံသယများ ပြည့်နှက်နေသောလေသံဖြင့် နောက်ဆုံးတွင် စကားပြောလိုက်သည်။

“မင်း အဲဒီ လရေကန်ဆောင်းဦးရောင်ပြန် ကျင့်စဉ်ကို တကယ်ပဲ သင်ယူမှာလား”

“အဲဒါက အဆင့်ငါးကျင့်စဉ်တစ်ခုပဲ…”

လီချယ်ကျင်းသည် ဆန္ဒရှိမှုနှင့် တုံ့ဆိုင်းမှုတို့အကြားတွင် လွန်ဆွဲနေခဲ့သည်။ သူသည် ပါးစပ်ကို ဟလိုက်သော်လည်း ထိုကဲ့သို့သော ဆုံးဖြတ်ချက်ကြောင့် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ အကျိုးဆက်များကို စိတ်ထဲ၌ တွက်ချက်နေမိသောကြောင့် အဆုံးတွင်မူ မည်သည့်စကားမျှ ထွက်မလာတော့ပေ။

အခန်းထဲရှိလူများအားလုံး အတွေးကိုယ်စီဖြင့် ငြိမ်သက်ကာ တိတ်ဆိတ်သွားတော့သည်။ ထိုတိတ်ဆိတ်မှုကို လီရွှမ်ရွှမ်၏ စိတ်အားထက်သန်စွာ ပြောလိုက်သော အသံလေးက ဖြိုခွင်းလိုက်သည်။

“အဲဒီကျင့်စဉ်က တကယ်ပဲ အထင်ကြီးစရာကောင်းပုံပဲ။ ဟုတ်တာပေါ့။ အငယ်ဆုံးဦးလေးက အဲဒါကို သင်ယူသင့်တာပေါ့”

လီမုထျန်းက လီရွှမ်ရွှမ်၏ခေါင်းကို ညင်သာစွာပုတ်လိုက်ပြီး မေးလိုက်သည်။

“ဒါဆိုရင် ကျင်းအာက အင်မော်တယ်ဂိုဏ်းကို ဒါတွေအားလုံး ဘယ်လိုရှင်းပြမှာလဲ”

လီရွှမ်ရွှမ်သည် ခေါင်းကို ဘေးသို့စောင်းလိုက်ပြီး ရေရွတ်လိုက်သည်။

“အငယ်ဆုံးဦးလေးက ဒီတစ်ခေါက် အိမ်ပြန်ခရီးမှာ လကြည့်ရေကန်မှာ ကံကောင်းပြီး တွေ့ခဲ့တယ်လို့ သူတို့ကို ပြောလို့ရတယ်။ အင်မော်တယ်ဂိုဏ်းက ဘာလုပ်နိုင်မှာလဲ။ လွန်ခဲ့တဲ့ ရာစုနှစ်တွေအတွင်း ၅ ခုပေါ်ထွက်ခဲ့တယ်ဆိုရင်ရင် အငယ်ဆုံးဦးလေးက ဆဋ္ဌမမြောက်တစ်ခုကို တွေ့ခဲ့တဲ့သူ မဖြစ်နိုင်ရမှာလဲ”

လီရှန်းဖျင်က ကိုင်းညွတ်လိုက်ကာ လီရွှမ်ရွှမ်၏ဆံပင်ကို ဖွလိုက်ပြီး ညင်သာစွာ မေးလိုက်သည်။

“ဒါဆို ကျင်းအာက ချီကျင့်ကြံခြင်းအဆင့်ကို အဆင့်တက်လုနီးပါးဖြစ်နေတုန်း ရုတ်တရက်ကြီး အိမ်ပြန်လာခဲ့ရတာလဲ။ ပြီးတော့ ပြန်လာတဲ့ ဒီခဏလေးအတွင်းမှာမှ လရှုစားကန်မှာ တိုက်တိုက်ဆိုင်ဆိုင်ကြီး ဒီလိုကံကောင်းပြီး တွေ့သွားတယ်ပေါ့”

“ရွှမ်အာ၊ အင်မော်တယ်ဂိုဏ်းနဲ့ ဆက်ဆံရတာက ရွာသားတွေကို စီမံခန့်ခွဲရတာနဲ့ မတူဘူး။ ရွာသားတွေက အင်မော်တယ်ကျင့်ကြံခြင်းရဲ့ ရှုပ်ထွေးမှုတွေကို နားမလည်ကြလို့ ငါတို့အမိန့်ကို နာခံနေကြတာ။ သူတို့က ငါတို့ကို ကြောက်ကြတယ်။ ဒါကြောင့် သူတို့က ငါတို့အမိန့်တွေကို ဘယ်တော့မှ မေးခွန်းထုတ်မှာ မဟုတ်ဘူး”

လီရှန်းဖျင်က လီရွှမ်ရွှမ်၏လက်ကို ကိုင်ထားရင်း ကောင်လေး၏ မျက်လုံးများထဲသို့ စူးစိုက်ကြည့်လိုက်ပြီး ဆက်ပြောလိုက်သည်။

“အင်မော်တယ်ဂိုဏ်းအတွက်ကတော့ ငါတို့မိသားစုဆိုတာ ပုရွက်ဆိတ်တွေလိုပဲ အရေးမပါလှဘူး။ သူတို့တွေ သံသယနည်းနည်းလေး ဝင်သွားတာနဲ့ ငါတို့အတွက် ဘေးဒုက္ခကို ဖြစ်သွားစေနိုင်တယ်။ သူတို့က သူတို့လိုချင်တာကို ရယူဖို့ ငါတို့ဘဝတွေကို မှောက်လှန်ပစ်နိုင်တဲ့ အစွမ်းအစရှိပြီး ငါတို့မိသားစု တစ်ခုလုံးကိုတောင် ဖျက်ဆီးပစ်နိုင်တယ်။ ဒါကြောင့်မို့လို့ ငါတို့တွေ သူတို့နဲ့ ဆက်ဆံတဲ့အခါ သတိထားရမယ်။ ငါတို့ရဲ့ လုပ်ဆောင်ချက်တိုင်း၊ ဖြစ်နိုင်တိုင်းကို သေသေချာချာ စဉ်းစားထားရမယ်။ သံသယ ဒါမှမဟုတ် အမှားအယွင်း လုံးဝရှိလို့မရဘူး”

“မိသားစုတစ်စုခေါင်းဆောင် တစ်ယောက်အနေနဲ့ မင်းရဲ့လူတွေကို ဘယ်လိုဦးဆောင်ရမလဲ ဆိုတာကို နားလည်ရုံတင်မကဘူး။ မိသားစုရဲ့အကျိုးအတွက် ဆက်ဆံရေးတွေကို ဗျူဟာကျကျ မျှတအောင်ထိန်းညှိရင်းနဲ့ အထက်ကလူတွေကို ဘယ်လိုဖားရမလဲ

ဆိုတာကိုလည်း နားလည်ထားရမယ်”

လီရွှမ်ရွှမ်သည် လီရှန်းဖျင်၏ စကားလုံးများထဲမှ အသိပညာများကို မှတ်သားထားလိုက်ပြီး အတွေးနက်စွာဖြင့် ခေါင်းညိတ်လိုက်သည်။

လီမုထျန်းသည် ကျေနပ်အားရသော အမူအရာဖြင့် သူတို့နှစ်ဦးထံမှ အကြည့်ကိုရုပ်သိမ်းလိုက်ပြီး လည်ချောင်းရှင်းကာ ပြောလိုက်သည်။

“ထုန်ယာ၊ ဂူထဲမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ ကျောက်စိမ်းပုလင်းတစ်လုံး မင်းတွေ့ခဲ့တယ် မဟုတ်လား။ အထဲကချီကို အထွဋ်အထိပ်ယင်လရောင်နဲ့ လဲလိုက်ပြီးတော့ ငါတို့မိသားစုက ဒီချီကို အဲဒီဂူထဲမှာ လွန်ခဲ့တဲ့နှစ်တွေတုန်းက ရှာဖွေတွေ့ခဲ့တယ်လို့ သူတို့ကို ပြောလိုက်ရင်ရော။ ဒါကြောင့် ငါတို့က မင်းကိုအိမ်ပြန်ခေါ်ပြီး လာကြည့်ခိုင်းခဲ့တာလို့ပေါ့။ အင်မော်တယ်ဂိုဏ်းက ဒီရှင်းပြချက်ကို ယုံကြည်မယ်လို့ မင်းထင်လား”

လီချယ်ကျင်းက နက်ရှိုင်းစွာ တွေးတောပြီးနောက် ပြန်ဖြေလိုက်သည်။

“သူတို့ ယုံကြည်နိုင်ခြေ များပါတယ်။ ပြောရရင် ၇၀ ရာခိုင်နှုန်း ကနေ ၈၀ ရာခိုင်နှုန်းလောက်ပေါ့။ ဂိုဏ်းက ဂူထဲမှာ စုံစမ်းစစ်ဆေးဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်လိမ့်မယ်။ ဂူက ရှေးကျပုံရတယ်ဆိုရင်၊ နှစ်ပေါင်း ၃၀၀ ကျော်လောက် ဖြစ်နိုင်တယ်ဆိုရင် ကျွန်တော်တို့ ယုံကြည်နိုင်ခြေက ၈၀ ရာခိုင်နှုန်း ဒါမှမဟုတ် ၉၀ ရာခိုင်နှုန်းလောက်အထိ တက်လာနိုင်တယ်”

ဤစကားကို ကြားသောအခါ လီရှန်းဖျင်က စိတ်အားထက်သန်စွာ မေးလိုက်သည်။

“စိမ်းပြာရေအိုင်ဂိုဏ်းက ဂူကို စုံစမ်းစစ်ဆေးဖို့ ခရမ်းရောင်စံအိမ်တော်အဆင့် အစွမ်းထက်တဲ့ ကျင့်ကြံသူတစ်ယောက်ကို လွှတ်မှာလား”

“လုံးဝမဟုတ်ဘူး။ ဂိုဏ်းထဲမှာ ခရမ်းရောင်စံအိမ်တော်အဆင့် ကျင့်ကြံသူက လက်တစ်ဆုပ်စာပဲ ရှိတယ်။ လရေကန်တောင်ထွဋ်သခင်က အထွဋ်အထိပ်ယင်လရောင်ကို ပထမဆုံး ရှာဖွေတွေ့ရှိတုန်းက ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ပဲ ရှိသေးတာ။ အဲဒါတောင်မှ ဂိုဏ်းက အဲဒီအင်မော်တယ်ကျင့်ကြံသူရဲ့ ရုပ်ကြွင်းတွေကို ပြန်သယ်လာဖို့ ချီကျင့်ကြံခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကိုပဲ လွှတ်ခဲ့တာ”

လီချယ်ကျင်းက ယုံကြည်မှုရှိစွာ ပြန်ဖြေလိုက်သည်။

သူက ခဏတာ တွေးတောပြီးနောက် အနည်းငယ် စိတ်သက်သာရာရသွားဟန်ဖြင့် ဆက်ပြောလိုက်သည်။

“အထွဋ်အထိပ်ယင်လရောင်ကို အဆက်မပြတ် စုစည်းဖွဲ့တည်နိုင်တဲ့ ကြေးမုံတစ်ခု ရှိလိမ့်မယ် ဒါမှမဟုတ်ရင်လည်း အထွဋ်အထိပ်ယင်လရောင် နှစ်ခုက တစ်နေရာတည်းမှာ တစ်ပြိုင်နက်တည်း ဖြစ်လာနိုင်လိမ့်မယ်လို့ ဘယ်သူကမှ မျှော်လင့်ထားမှာ မဟုတ်ဘူး။ ဂိုဏ်းက လရောင်ဇာစ်မြစ်စံအိမ်တော်နဲ့ပတ်သက်တဲ့ ဘယ်သဲလွန်စကိုမဆို ပုံမှန်ရှာဖွေမှုတွေပြုလုပ်ဖို့ တစ်ယောက်ယောက်ကိုပဲ လွှတ်လိုက်လိမ့်မယ်… ပြန်စဉ်းစားကြည့်ရင် ကျွန်တော်တို့က အရမ်းသတိထားလွန်းနေတာလည်း ဖြစ်နိုင်တယ်”

“ဒါဆိုရင် ဒီအတိုင်းပဲလုပ်ကြတာပေါ့”

လီထုန်ယာက ခေါင်းညိတ်လိုက်ပြီး သွယ်လျသော ကျောက်စိမ်းပုလင်းကို စင်ပေါ်မှ ထုတ်ယူလိုက်ကာ လီချယ်ကျင်းထံသို့ ကမ်းပေးလိုက်သည်။

လီချယ်ကျင်းသည် ပုလင်းကို အတွေးနက်စွာ စစ်ဆေးကြည့်ရှုလိုက်ပြီး မှတ်ဉာဏ်ထဲရှိ မိုးနှင့်မြေ၏ ဝိညာဉ်ချီစာရင်းနှင့် နှိုင်းယှဉ်လိုက်သည်။

ခဏအကြာတွင် သူက ပြောလိုက်သည်။

“ဒီပုလင်းထဲမှာ ကြမ်းကြုတ်မီးချီ ထည့်ထားတာ ဖြစ်လောက်တယ်။ များသောအားဖြင့် မီးတောင်တွေကနေ စုဆောင်းရတာပေါ့။ ယွဲ့ပြည်နယ်မှာ သိပ်မရှားလှဘူး။ သူ့ကို ဝိညာဉ်လက်နက်တွေ ပြုလုပ်ဖို့ အသုံးများကြတယ်”

လီချယ်ကျင်းသည် သူ၏ခါးတွင် ချိတ်ဆွဲထားသော ကျောက်စိမ်းဖြူပုလင်းကို ထုတ်ယူလိုက်သည်။ ထို့နောက် လက်ဟန်တစ်ခု ပြုလုပ်လိုက်ပြီး သွယ်လျသော ကျောက်စိမ်းပုလင်းထဲမှ အညိုရောင်ချီကို ထုတ်ယူကာ ကျောက်စိမ်းဖြူပုလင်းထဲသို့ လွှဲပြောင်းပြီးနောက် လီထုန်ယာထံသို့ လုံခြုံစွာ သိမ်းဆည်းထားရန် ပေးအပ်လိုက်သည်။

လီချယ်ကျင်းသည် ဗလာကျင်းနေသော ကျောက်စိမ်းပုလင်းကို ကိုင်ထားရင်း ဘေးနားရှိ ကြေးမုံပေါ်မှ အထွဋ်အထိပ်ယင်လရောင်ထံသို့ အာရုံစိုက်လိုက်သည်။

သူသည် ချီကိုစုပ်ယူရန်အတွက် နောက်ထပ် လက်ဟန်တစ်ခုကို ပြုလုပ်လိုက်သည်။ အထွဋ်အထိပ်ယင်လရောင်သည် သွယ်လျသော ကျောက်စိမ်းပုလင်းထဲသို့ ရေစီးကြောင်းတစ်ခုကဲ့သို့ စီးဝင်သွားခဲ့သည်။ ၎င်းချီ၏ နောက်ဆုံးတစ်စက်က ပုလင်းထဲ ရောက်သွားသည်နှင့် သူသည် ၎င်းကို ဝိညာချိတ်ပိတ်အတတ်ဖြင့် ချိတ်ပိတ်လိုက်သည်။

လီချယ်ကျင်းသည် ကြေးမုံပေါ်တွင် လရောင်ခြည်၏ တောက်ပသော အစက်အပြောက်ကလေးများ ပြန်လည်စုစည်းလာသည်ကို ကြည့်ရှုရင်း ပြောလိုက်သည်။

“လာ၊ ဂူဆီကို သွားကြမယ်”

All Chapters