အခန်း ၆၀
Vol. 6 Ch. 60
အခန်း - (၆၀) ဝယ်ယူခြင်း
ညီအစ်ကိုများသည် အချိန်အတေန်ကြာအောင် စောင့်ဆိုင်းနေခဲ့ကြပြီးနောက် ကမ်းစပ်၌ထိုင်ကာ ငယ်စဉ်ဘဝက ရယ်စရာမောစရာ အဖြစ်အပျက်များကို အချင်းချင်း ပြန်လည်ပြောပြရင်း စကားလက်ဆုံ ကျနေကြတော့သည်။ ထိုသို့ စကားကောင်းနေစဉ်မှာပင် ရေကန်၏ အလယ်တည့်တည့်ဆီမှ မှိန်ပျပျ ငွေရောင်အလင်းတန်းလေးတစ်ခု ထွက်ပေါ်လာသည်ကို နောက်ဆုံး၌ သူတို့ တွေ့လိုက်ကြရသည်။
“အဲဒါ ငါတို့စောင့်နေတဲ့လှေများလား”
အဝေးတစ်နေရာတွင် သစ်သားလှေရှည်တစ်စင်းသည် သူတို့ထံသို့ ရွက်လွှင့်လာနေခဲ့သည်။ လှေ၏ရွက်များကို အဖြူရောင် ငှက်မွေးများဖြင့် တန်ဆာဆင်ထားပြီး လှေကိုယ်ထည်မှလည်း ဝိညာဉ်အလင်းတန်းများ ဖြာထွက်နေရာ ကြည့်လိုက်သည်နှင့် အဖိုးတန်ရတနာတစ်ခုဖြစ်ကြောင်း ဖော်ပြနေပေသည်။
ကမ်းစပ်သို့ လှေရောက်ခါနီးတွင် ရင်းနှီးဖော်ရွေသောအသံဖြင့် အော်ပြောလိုက်သည်ကို ကြားလိုက်ရသည်။
“တာအိုရောင်းရင်းတို့ လရှုစားကန်ဈေးကို သွားနေကြတာလား။ ခင်ဗျားတို့ နည်းနည်းနောက်ကျနေတယ် မဟုတ်လား”
“ဟုတ်ကဲ့၊ ဟုတ်ပါတယ်”
လီချယ်ကျင်းက တုံ့ပြန်လိုက်ပြီး တောင်းပန်သည့်အနေဖြင့် ဆက်ပြောလိုက်သည်။
“ဒါက ကျွန်တော်တို့ ဒီဈေးကို ပထမဆုံးအကြိမ် လာရောက်တာပါ။ အချိန်တွေကို ကျွန်တော်တို့ မသိခဲ့ပါဘူး”
“ဟားဟားဟား။ စိတ်မပူပါနဲ့ တာအိုရောင်းရင်းတို့”
လှေသူကြီးက လှေကို ကမ်းစပ်ဆီသို့ ပိုမိုနီးကပ်သွားစေရန် လှော်ခတ်လာရင်း အားရပါးရ ရယ်မောလိုက်သည်။
လီချယ်ကျင်းသည် ရှေ့သို့တိုးလိုက်ပြီး ဝိညာဉ်အာရုံကို အသင့်အနေအထားဖြင့် နှိုးဆော်ထားကာ လှေသူကြီးအား သံသယအရိပ်အယောင်ဖြင့် မျက်စိဒေါက်ထောက် ကြည့်နေလိုက်သည်။
“ခင်ဗျားက ကျွန်တော်တို့ကို ဈေးကို ခေါ်သွားပေးဖို့ ဒီမှာရှိနေတာလား”
သူက သတိထားကာ မေးလိုက်သည်။
ထိုလူသည် လီချယ်ကျင်းနှင့် အခြားလူများက လှေပေါ်သို့မတက်သေးဘဲ သူ့ကို သတိထားကြည့်ရှုနေသည်ကို မြင်သောအခါ ရယ်မောလိုက်သည်။
“ဟုတ်ကဲ့။ တစ်ယောက်ကို ဝိညာဉ်ဆန် တစ်ကျင်း ဒါမှမဟုတ် ညီမျှတဲ့ဝိညာဉ်ပစ္စည်းတစ်ခုကို အဖိုးအခနေနဲ့ ပေးရပါမယ်”
လီချယ်ကျင်းသည် တည့်တိုးဆန်တောင်းဆိုမှုကြောင့် စိတ်သက်သာရာရသွားကာ ပိုးထည်အိတ်ကို ပုတ်လိုက်သောအခါ အပြာနုရောင် တံဆိပ်ပြားတစ်ခု ပျံထွက်လာခဲ့သည်။
တံဆိပ်ပြားသည် လေထဲတွင်ပျံဝဲနေပြီး “စိမ်းပြာရေအိုင်ဂိုဏ်း၏ ချင်စွေ့တောင်ထွဋ်” ဟူသော စာလုံးများကို ထုတ်လွှတ်ပြသနေခဲ့သည်။
လီချယ်ကျင်းက သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။
“ကျွန်တော်က စိမ်းပြာရေအိုင်ဂိုဏ်းရဲ့ ချင်စွေ့တောင်ထွဋ်က တပည့်တစ်ယောက်ဖြစ်တဲ့ လီချယ်ကျင်းပါ။ ကျွန်တော်က အခု အရေးကြီးတဲ့တာဝန်တစ်ခုနဲ့ ရောက်နေတာပါ။ စီးနင်းခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
လှေပေါ်ရှိ အမျိုးသားသည် ပြသလိုက်သော ထိုတံဆိပ်ပြား၏ အရေးပါမှုကို သိရှိသည့်ဟန်ဖြင့် ခဏမျှ ငြိမ်သက်သွားလေရာ လှေကလေးက အနည်းငယ် ယိမ်းထိုးသွားခဲ့သည်။
ထို့နောက် ဆံပင်ဖြူနှင့် သက်ကြီးပိုင်းအမျိုးသားတစ်ဦး ပေါ်ထွက်လာခဲ့ပြီး ရိုသေစွာ ဦးညွှတ်နှုတ်ဆက်လိုက်သည်။
“မရိုမသေပြုမိခဲ့တာများရှိရင် တောင်းပန်ပါတယ်။ အင်မော်တယ်ဂိုဏ်းရဲ့ တပည့်တစ်ယောက်အနေနဲ့ ခင်ဗျားကို လှေပေါ်ကိုတက်ဖို့ အထူးကြိုဆိုပါတယ်”
လီချယ်ကျင်းက ခေါင်းညိတ်လိုက်ပြီး သူ၏အစ်ကိုနှစ်ယောက်နှင့်အတူ လှေပေါ်သို့ တက်သွားခဲ့သည်။ လှေဝမ်းအတွင်းတွင် လက်ဖက်ရည်အိုးနှင့် ခွက်များ အစုံအလင် တည်ခင်းထားသော စားပွဲများ ရှိနေလေသည်။ ရှေးဟောင်းဟန် ပေါ်လွင်နေသည့် အတွင်းပိုင်းအခင်းအကျင်းနှင့် အလှဆင်မွမ်းမံမှုများသည် ချမ်းသာကြွယ်ဝမှုနှင့် အဆင့်အတန်းမြင့်မားမှု အငွေ့အသက်များ ဖြာထွက်နေပေသည်။
သက်ကြီးပိုင်းအမျိုးသားက နောက်တစ်ကြိမ် တောင်းပန်လိုက်သည်။
“ကျွန်တော့်ရဲ့ စောစောက တုံ့ဆိုင်းမှုကို ခွင့်လွှတ်ပေးပါ။ ခင်ဗျားတို့အုပ်စုထဲမှာ ဈေးနဲ့ ရင်းနှီးကျွမ်းဝင်တဲ့မျက်နှာ မပါလေတော့ ခင်ဗျားတို့ကိုကြိုဆိုဖို့ ထွက်လာရမှာကို ကျွန်တော် တော်တော်လေး စိုးရိမ်နေခဲ့ပါတယ်။ ခင်ဗျားတို့ရဲ့ အင်မော်တယ်ဂိုဏ်းက တံဆိပ်ပြားကို မြင်မှပဲ ကျွန်တော်လည်း စိတ်အေးသွားရပါတယ်”
လီရှန်းဖျင်က ပြန်ပြုံးပြကာ ပြောလိုက်သည်။
“ဒါက လုံးဝ နားလည်နိုင်ပါတယ်”
အဘိုးကြီးက အကြံပေးသည်။
“နောက်တစ်ခါလာရင် ကြွက်အချိန်လောက်မှာ ရောက်အောင်ကြိုးစားပါ။ အဲဒီအချိန်က အနီးအနားက ကလန်အများစု လာကြတဲ့အချိန်ပဲ။ ဝိညာဉ်ဆန်နဲ့ တခြားပစ္စည်းတွေ ကုန်သွယ်မှုအတွက် အကောင်းဆုံးအချိန်ပဲ”
(Note. ကြွက်အချိန် = ည ၁၁ နာရီကနေ ၁ နာရီကြား)
“နားလည်ပါပြီ”
ညီအစ်ကိုများသည် သက်ကြီးပိုင်းအမျိုးသားနှင့် အချိန်အနည်းငယ်ကြာ စကားဆက်ပြောနေကြပြီးနောက် လှေသည် ရုတ်တရက်တုန်ခါသွားခဲ့ပြီး လှေဝမ်းအတွင်းမှ ဆူညံသံများ ထွက်ပေါ်လာခဲ့သည်။ ပြတင်းပေါက်မှ အပြင်သို့ချောင်းကြည့်လိုက်သောအခါ လရှုစားကန်၏ဈေးကို သူတို့ တွေ့လိုက်ကြရသည်။
ဈေးကို ရေကန်အတွင်းရှိ ကျွန်းငယ်လေးတစ်ခုပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်သည်။ ၎င်းသည် အရွယ်အစားသိပ်မကြီးလှဘဲ ရွာတစ်ရွာ၏ တစ်ဝက်ခန့်သာရှိသည်။ လမ်းမများတစ်လျှောက်တွင် ဖြူလွလွ အလင်းရောင်များ ထွက်ပေါ်နေသော မီးအိမ်ငယ်လေးများကို ဘေးတစ်ဖက်တစ်ချက်စီတွင် စီစီရီရီ စိုက်ထူထားသည်။ ညဉ့်နက်လှပြီ ဖြစ်သော်လည်း ဈေးအတွင်းဝယ် လူသူများဖြင့် သက်ဝင်စည်ကားနေဆဲဖြစ်သည်။ ဝယ်ယူသူများသည် ဆိုင်ခန်းများတွင် လှည့်လည်နေကြပြီး အမျိုးမျိုးသော ကုန်ပစ္စည်းများအတွက် ဆိုင်ရှင်များနှင့် အပြန်အလှန် စျေးဆစ်နေကြလေသည်။
“အဖိုးအခ ပေးစရာမလိုပါဘူး။ ကျွန်တော် ဘယ်လိုမှ လက်မခံနိုင်ပါဘူး”
လှေသူကြီးအိုကြီးသည် လှေကို ဆိုက်ကပ်လိုက်သော်လည်း လီချယ်ကျင်းက သူ၏သိုလှောင်အိတ်ထဲမှ ထုတ်ယူကာပေးသော ဝိညာဉ်ဆန်ကိုမူ ခေါင်းမာစွာနှင့် ငြင်းဆန်နေခဲ့သည်။ လီချယ်ကျင်းက မည်သို့ပင် တိုက်တွန်းစေကာမူ သူသည် အဖိုးအခကို လက်ခံရန် ငြင်းဆန်နေခဲ့သည်။
ညီအစ်ကိုများသည် လှေသူကြီးကို နှုတ်ဆက်လိုက်ပြီး ဈေးလမ်းများတစ်လျှောက် စိတ်လှုပ်ရှားစွာဖြင့် လျှောက်သွားခဲ့ကြသည်။ လီထုန်ယာသည် ကုန်ပစ္စည်းများကို စစ်ဆေးကြည့်ရှုပြီး တိမ်သရဖူတောင်ထွဋ်ဈေးတွင် သူမြင်တွေ့ခဲ့ရသည်များနှင့် နှိုင်းယှဉ်နေခဲ့သည်။
“ပစ္စည်းတွေက ဆင်တူပေမယ့် ဒီမှာတော့ ဈေးနှုန်းအများစုက ဝိညာဉ်ဆန်နဲ့ပဲ။ ကုန်ပစ္စည်းတွေကို အများအားဖြင့် အစုလိုက်အပုံလိုက် ရောင်းချကြတယ်။ မန္တန်တွေနဲ့ ကျင့်စဉ်တွေကိုတော့ ကျမ်းတစ်အုပ်လုံး ရောင်းတာမျိုးမဟုတ်ဘဲနဲ့ တစ်ခုချင်းစီပဲ ရောင်းချကြတယ်။”
ဤသို့တွေးတောနေစဉ် လီချယ်ကျင်း၏ ရယ်မောသံက သူ၏အာရုံကို ပြောင်းသွားစေသည်။
“ဆိုင်တွေမှာရောင်းတဲ့ပစ္စည်းတွေက အရည်အသွေးအမျိုးမျိုး ရှိကြတယ်။ ကျွန်တော်တို့ လိုအပ်တာကိုရှာဖို့ ကောင်တာတစ်ခုဆီကို သွားရမယ်”
လီထုန်ယာသည် တိမ်သရဖူတောင်ထွဋ်ဈေးတွင် ကုန်ဆုံးခဲ့ရသော ပင်ပန်းနွမ်းနယ်သောနေ့ကို ပြန်လည်အမှတ်ရရင်း တိတ်ဆိတ်သွားခဲ့သည်။ ထိုစဉ်က သူသည် ဟိုဟိုဒီဒီ လှည့်ပတ်ကြည့်ရုံမျှသာ ကြည့်နိုင်ခဲ့သည်။
သူတို့လူစု ရှေ့သို့ ဆက်လက်လျှောက်လှမ်းလာခဲ့ကြရာ လမ်းဘေးဆိုင်ကလေးများ တဖြည်းဖြည်းနည်းပါးသွားခဲ့ပြီး ဆိုင်ကြီးကနားကြီးများ စတင်ပေါ်ပေါက်လာခဲ့သည်။ လီချယ်ကျင်းသည် ဘေးဘီဝဲယာကို ခေတ္တမျှ ဝေ့ဝဲကြည့်ရှုလိုက်ပြီးနောက် ဓမ္မပစ္စည်းဆိုင်တစ်ဆိုင်ကို ရွေးချယ်ကာ အတွင်းသို့ လှမ်းဝင်လိုက်တော့သည်။
“ခင်ဗျားတို့ဆိုင်ရှင်ကို ကြမ်းကြုတ်မီးချီ
ဝယ်ဖို့စိတ်ဝင်စားလားလို့ မေးကြည့်ပေးပါ”
သူက သူတို့ကို နှုတ်ဆက်လာသောသူကို ပြောလိုက်သည်။ ထိုသို့ပြောပြီးနောက် လီချေကျင်းက နံရံထက်တွင် ခင်းကျင်းပြသထားသော ဓမ္မရတနာများထံသို့ အာရုံစိုက်နေသည်ကို မြင်သောအခါ ဆိုင်တာဝန်ခံသည်လည်း မှင်တက်နေရာမှ ရုတ်တရက် သတိပြန်ဝင်လာခဲ့ပြီး ခပ်သုတ်သုတ် ထွက်ခွာသွားခဲ့တော့သည်။
မကြာမီပင် အပေါ်ပိုင်းဗလာကျင်းနေသော ထွားကျိုင်းကျိုင်း အမျိုးသားတစ်ယောက်သည် အနောက်ဘက်ဆီမှ ဆိုင်ထဲသို့ အပြေးအလွှား ဝင်ရောက်လာခဲ့သည်။ သူသယ်ဆောင်လာသော သံလက်နက်များစွာတို့သည် သူတို့ရှိရာသို့ ခပ်သွက်သွက်လျှောက်လှမ်းလာစဉ် အချင်းချင်းထိခတ်ကာ ချလွင်ချလွင် မြည်နေတော့သည်။
“တာအိုရောင်းရင်း၊ ခင်ဗျား ကြမ်းကြုတ်မီးချီနဲ့ ပတ်သက်တဲ့သတင်းကို ကြားခဲ့တာလား”
သူက မေးလိုက်သည်။
ထိုလူ၏မေးစေ့သည် မုတ်ဆိတ်မွေးများဖြင့် ဖုံးလွှမ်းနေခဲ့သည်။ သူသည် ကြမ်းတမ်းသော ရုပ်သွင်ရှိသော်လည်း သူ့အသံကမူ ညင်သာနေခဲ့သည်။
“ဟုတ်ကဲ့၊ ကျွန်တော်က စိမ်းပြာရေအိုင်ဂိုဏ်းက လီချယ်ကျင်းပါ။ ကျွန်တော့်မှာ ကြမ်းကြတ်မီးချီတစ်ခု ရောင်းဖို့ရှိပါတယ်”
လီချယ်ကျင်းက တုံ့ပြန်လိုက်သည်။
“အာ၊ အင်မော်တယ်ဂိုဏ်းက တပည့်တစ်ယောက်ကိုး”
ထိုလူက လက်သီးဆုပ် အရိုအသေပေးကာ ပြုံးလိုက်သည်။
“ကျွန်တော်က ဒီဆိုင်ငယ်လေးရဲ့ပိုင်ရှင် ချူမင်လျန်ပါ။ ခင်ဗျားရဲ့ ကြမ်းကြုတ်မီးချီကို ဘယ်လောက်နဲ့ ရောင်းချင်ပါသလဲ”
လီချယ်ကျင်းက မျက်ခုံးတစ်ဖက် ပင့်လိုက်ပြီး ပြန်ဖြေလိုက်သည်။
“ဝိညာဉ်ကျောက်တုံး ၇၀၊ ဖြစ်နိုင်ရင် ပစ္စည်းတွေနဲ့ လဲလှယ်ချင်ပါတယ်”
သူတို့၏ ခြိုးခြံချွေတာသောသဘာဝနှင့် ဝိညာဉ်ကျောက်တုံးတိုင်းကို အကောင်းဆုံးအသုံးချသည့် အလေ့အထများကြောင့် လူသိများသော လီရှန်းဖျင်နှင့် လီထုန်ယာတို့သည် လီချယ်ကျင်းကို မျက်လုံးများ ပြူးကျယ်စွာဖြင့် စိုက်ကြည့်နေကြပြီးနောက် ချူမင်လျန်ကို စိတ်အားထက်သန်စွာဖြင့် ကြည့်လိုက်ကြသည်။
ချူမင်လျန်က ခေါင်းခါလိုက်ပြီး ပြုံးရင်း ပြောလိုက်သည်။
“ဒါက နည်းနည်းဈေးကြီးတယ်။ ကျွန်တော့်ဆိုင်ထဲမှာ ခင်ဗျား စိတ်ဝင်စားတာတစ်ခုခု ရှိလား”
“အဆောင်စုတ်တံတွေပါ”
ဖြုန်းတီးရန် အချိန်များစွာမရှိတော့သော လီချယ်ကျင်းက ဝေ့လည်ကြောင်ပတ် မလုပ်တော့ဘဲ တည့်တိုးသာ ပြောလိုက်တော့သည်။ သူသည် နံရံပေါ်မှ အဆောင်စုတ်တံနှစ်ချောင်းကို လက်ညှိုးထိုးပြလိုက်ပြီး မေးလိုက်သည်။
“ခင်ဗျား ကျွန်တော့်ကို အဲဒါတွေအကြောင်း ပြောပြပေးနိုင်မလား”
“ရတာပေါ့”
ချူမင်လျန်က ခေါင်းညိတ်လိုက်ပြီး စုတ်တံနှစ်ချောင်းကို ယူချလိုက်သည်။ သူသည် အပြာရောင်စုတ်တံတစ်ချောင်းကို ကောက်ယူလိုက်ပြီး ရှင်းပြလိုက်သည်။
“ဒါက ဝိညာဉ်ပြာကျောက်စိမ်းနဲ့ ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်း အထွဋ်အထိပ်အဆင့် မြွေပါမိစ္ဆာတစ်ကောင်ရဲ့အမြီးအမွေးနဲ့ ပြုလုပ်ထားတာပါ။ ဒါက ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်းအဆင့်နဲ့ ချီကျင့်ကြံခြင်းအဆင့် နှစ်ခုလုံးက ကျင့်ကြံသူတွေအတွက် သင့်တော်ပါတယ်။ ဈေးနှုန်းက ဝိညာဉ်ကျောက်တုံး ၁၅ တုံးပါ”
ချူမင်လျန်သည် ပထမအဆောင်စုတ်တံကို ဘေးဖယ်ထားလိုက်ပြီး ဖြူလွလွစုတ်တံတစ်ခုကို ကောက်ယူလိုက်သည်။
“ဒီစုတ်တံက လောင်ကျွမ်းဝိညာဉ်သစ်သားနဲ့ ချီကျင့်ကြံခြင်းအဆင့် မြေခွေးနတ်ဆိုးတစ်ကောင်ရဲ့ အမြီးအမွေးနဲ့ ပြုလုပ်ထားတာပါ။ ဒါက ချီကျင့်ကြံခြင်းအဆင့်နဲ့ အထက်က ကျင့်ကြံသူတွေအတွက် ထုတ်ထားတာပါ။ ဈေးနှုန်းက ဝိညာဉ်ကျောက်တုံး ၆၀ ပါ”
လီချယ်ကျင်းက လက်ဝေ့ယမ်းလိုက်ပြီး ဝိညာဉ်ပြာကျောက်စိမ်းဖြင့် ပြုလုပ်ထားသောစုတ်တံကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။
“ကျွန်တော် ဒီတစ်ခုကိုယူမယ်။ ပြီးတော့ ချီကျင့်ကြံခြင်းအဆင့် ကျင့်ကြံသူတွေအတွက် သင့်တော်တဲ့ သာမန် သိုလှောင်အိတ်တစ်လုံးကိုလည်း ယူမယ်”
ချူမင်လျန်သည် စင်ပေါ်မှ အညိုရောင်အိတ်တစ်လုံးကို ထုတ်ယူလိုက်ပြီး ပြောလိုက်သည်။
“ဒီအိတ်က တစ်ကုဗမီတာ ပမာဏရှိပြီး ဝိညာဉ်ကျောက်တုံး ၃၀ တန်ပါတယ်”
အချို့သောညှိနှိုင်းမှုများအပြီးတွင် ချူမင်လျန်သည် ဓမ္မပစ္စည်းနှစ်ခုနှင့် ဝိညာဉ်ကျောက်တုံး ၂၀ ကို ကြမ်းကြုတ်မီးချီနှင့် လဲလှယ်ရန် သဘောတူညီခဲ့သည်။
လီချယ်ကျင်းသည် သိုလှောင်အိတ်အသစ်နှင့် အဆောင်စုတ်တံကိုယူကာ ဆိုင်မှထွက်ခွာလာပြီးနောက် လီရှန်းဖျင်နှင့် လီထုန်ယာတို့ကို တွန့်ဆုတ်ရန် အခွင့်အရေး မပေးဘဲ အခြားဆိုင်တစ်ဆိုင်ဆီသို့ ချက်ချင်း ဝင်ရောက်သွားခဲ့သည်။
သူသည် ဝါညိုရောင် အဆောင်စက္ကူတစ်ပုံကို လက်ညှိုးထိုးပြလိုက်ပြီး ပြောလိုက်သည်။
“ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်းအဆင့် အဆောင်စက္ကူ ၃၀၀ ကို ဝိညာဉ်ကျောက်တုံး ၁၀ တုံး။ ဒါတွေက သစ်နံကိုင်းပင်နဲ့ လုပ်ထားတာ ဟုတ်တယ်မလား”
“ဟုတ်ကဲ့”
ဆိုင်ရှင်က လီချယ်ကျင်း၏ ကျွမ်းကျင်မှုကို အသိအမှတ်ပြုရင်း ချက်ချင်းပင် တုံ့ပြန်လိုက်သည်။
လီချယ်ကျင်းသည် အဆောင်စက္ကူများကို ဝိညာဉ်ကျောက်တုံး ၁၀ တုံးနှင့် ဝယ်ယူကာ ပိုးထည်အိတ်အသစ်တွင် သိမ်းဆည်းလိုက်ပြီးနောက် သူ၏သိုလှောင်အိတ်ကို လီရှန်းဖျင်ထံသို့ ပေးလိုက်ပြီး သူ့ဘာသာသူ ရေရွတ်လိုက်သည်။
“အဆောင်စုတ်တံ၊ အဆောင်စက္ကူတွေနဲ့ သိုလှောင်အိတ်တော့ရပြီ။ ကျွန်တော်တို့မှာ ဝိညာဉ်ကျောက်တုံး ၁၀ တုံး ကျန်သေးတယ်။ ကျန်တာတွေကို ဘယ်လိုသုံးကြမလဲ”
ဤစကားကို ကြားသောအခါ လီရှန်းဖျင်နှင့် လီထုန်ယာတို့သည် အချင်းချင်းကြည့်လိုက်ကြပြီး လီရှန်းဖျင်က အလျှင်အမြန် ကြားဖြတ်ပြောလိုက်သည်။
“ကျန်တဲ့ဝိညာဉ်ကျောက်တုံးတွေကို အိမ်မှာ အရေးပေါ်အခြေအနေတွေအတွက် စုဆောင်းထားကြရအောင်”
လီချယ်ကျင်းက သဘောတူညီစွာ ခေါင်းညိတ်လိုက်သည်။ ဈေးတွင် လူအုပ်ကြီးက တဖြည်းဖြည်း ကျဲပါးသွားသည်နှင့် သူသည် ခန္ဓာကိုယ်ကို ဆန့်တန်းလိုက်ပြီး ကျေနပ်စွာ ပြုံးလိုက်သည်။
“မိသားစုထဲမှာ တခြား ဘာလိုအပ်တာ ရှိသေးလဲ”