အခန်း ၆၃
Vol. 7 Ch. 63
အခန်း - (၆၃) ယဇ်ပူဇော်ခြင်းအစီအရင်
လီထုန်ယာသည် လီချယ်ကျင်းကို လိုက်ပါနှုတ်ဆက်ပြီးနောက် သူ၏ဖခင်က အိမ်နောက်ဘက်မှနေ၍ လက်နှစ်ဖက်ကို နောက်ပစ်လျှက် လာနေသည်ကို တွေ့လိုက်ရသည်။ သူက တင်းမာသောမျက်နှာ၊ အက်ရှရှအသံဖြင့် ညွှန်ကြားလိုက်သည်။
“အဲဒီကြေးမုံကို တစ်ချက်သွားကြည့်လိုက်”
လီရှန်းဖျင်၏ယောက္ခမ ထျန်ရှို့ရွှေသည် လွန်ခဲ့သောနှစ်နှစ်က ကွယ်လွန်သွားခဲ့သည်။ သူသည် သူ၏မြေး လီရွှမ်ဖုန်းအတွက် သစ်သားကစားစရာများစွာကို ချန်ထားရစ်ခဲ့သည်။ သစ်သားမြင်းများမှသည် လေးများအထိ စုံလင်လွန်းလှသည်။ ဤအဖြစ်ဆိုး ကြုံရချိန်တွင် လီရွှမ်ဖုန်းသည် ထင်းရှူးသားဖြင့် ပြုလုပ်ထားသော အသေးငယ်ဆုံး အရုပ်ကလေးကိုသာ ကောက်ယူနိုင်သေးသည့် အလွန်ပင် နုနယ်လှသော အရွယ်မျှသာ ရှိသေးသည်။ ထျန်ရှို့ရွှေသည် အလွန်ထူထဲစွာ ကျဆင်းနေသော နှင်းတောထဲတွင် သွားလာရင်း ချော်လဲသွားခဲ့ပြီး ထိုညတွင်ပင် ရရှိခဲ့သောဒဏ်ရာများကြောင့် ဆုံးပါးသွားခဲ့သည်။
လီမုထျန်းသည် ထျန်ရှို့ရွှေကို ကိုယ်တိုင်သင်္ဂြိုဟ်ပေးခဲ့ပြီး ရန်ဖျင်အန်းနှင့်အတူ အုတ်ဂူရှေ့တွင် တစ်ညလုံး စကားပြောဆိုရင်း အချိန်ကုန်ဆုံးခဲ့သည်။ ထိုည၏ အအေးဒဏ်က လီမုထျန်း၏ ကျန်းမာရေးကို ကြီးစွာထိခိုက်စေခဲ့ပြီး သူ၏အသံကို ပြန်မကောင်းလာတော့ဘဲ ထာဝရ အက်သွားစေခဲ့သည်။
သူတို့သုံးယောက်သည် စစ်သည်ဟောင်းများ ဖြစ်ကြသည်။ ထျန်ရှို့ရွှေသည် သတ္တိရှိသူဖြစ်ပြီး လီမုထျန်းသည် သတိကြီးသူဖြစ်ကာ ရန်ဖျင်အန်းကမူ စကားနည်းသူဖြစ်သည်။ ယခုအခါ သတ္တိရှိသူသည် ရရှိခဲ့သော ဒဏ်ရာများကြောင့် ကွယ်လွန်သွားခဲ့ပြီဖြစ်သည်။ သတိကြီးသူတွင် ယခုအခါ မိသားစုကြီးတစ်ခု ရှိနေပြီဖြစ်သော်လည်း သူ၏ တစ်ချိန်က စူးရှထက်မြက်ခဲ့သောစိတ်သည် တဖြည်းဖြည်း ထိုင်းမှိုင်းလာခဲ့ပြီဖြစ်သည်။ တစ်ချိန်တည်းမှာပင် စကားနည်းသူသည် လီမိသားစုကိုယ်စား ကျင်းယန်ရွာကို ဆက်လက်ကြီးကြပ်နေပြီး နှစ်စဉ်မြေခွန်များကို တာဝန်ကျေစွာ မပျက်မကွက် ပေးဆောင်နေခဲ့သည်။
ထျန်ရှို့ရွှေ၏ သေဆုံးမှုသည် လီမုထျန်းကို ကြီးစွာစိတ်ထိခိုက်သွားစေခဲ့ပြီး လအနည်းငယ်အတွင်း သူ့ကို လျှင်မြန်စွာ အိုမင်းသွားစေခဲ့သည်။ လီချယ်ကျင်း၏ မန္တန်များနှင့် ဖြည့်စွက်စာများကြောင့်သာ မကြာသေးမီကမှ သူ၏ကျန်းမာရေးက အနည်းငယ်ပို၍ ကောင်းမွန်လာပုံရသည်။
သူ၏ အပြင်ပန်းအသွင်အပြင်သည် တိုးတက်ကောင်းမွန်လာခဲ့ပြီး ဆံပင်ဖြူများလည်း တောက်ပမှုကို ပြန်လည်ရရှိခဲ့သော်လည်း သူ၏မျက်လုံးများတွင်မူ ကျန်ရှိနေသေးသော ပင်ပန်းနွမ်းနယ်မှုကို ဖော်ပြနေခဲ့သည်။ သူသည် မတ်မတ်ရပ်နိုင်သေးသော်လည်း သူ၏လှုပ်ရှားမှုများနှင့် စကားပြောဆိုမှုများတွင် အနည်းငယ်နှေးကွေးနေသည်ကို မဖုံးကွယ်နိုင်ခဲ့ပေ။
လီထုန်ယာသည် အဖိုးကြီးကို ကူညီရန် လျှောက်သွားခဲ့သော်လည်း ခပ်ပြတ်ပြတ် ငြင်းပယ်ခြင်းကိုသာ ခံလိုက်ရသည်။ လီမုထျန်းက စိတ်တိုစွာဖြင့် ရေရွတ်လိုက်သည်။
“ငါ မင်းကို အိမ်နောက်ဘက်ကကြေးမုံကို သွားစစ်ဆေးခိုင်းခဲ့တာ မဟုတ်ဘူးလား”
လီထုန်ယာသည် ခပ်ယဲ့ယဲ့ပြုံးကာ အိမ်နောက်ဘက်ဆီသို့ ဦးတည်သွားလိုက်သည်။
တစ်ဖက်တွင်မူ လီမုထျန်းသည် နံရံကို အမှီပြုကာအားယူရင်း ခြံဝင်းတံခါးဝ၏ တံခါးခုံရှိရာသို့ တရွေ့ရွေ့ လျှောက်လှမ်းသွားခဲ့သည်။ ထို့နောက် သူသည်
တံခါးဘောင်ကိုမှီ၍ ထိုင်ချလိုက်ပြီး သူ၏ ချည့်နဲ့နေသော ခြေထောက်များကို ပိန်လှီခြောက်သွေ့နေသည့် လက်အစုံဖြင့် နှိပ်နယ်လိုက်သည်။
“သောက်ကျိုးနည်းကွာ။ သိပ်မကြာခင်မှာ လမ်းလျှောက်တုတ်ကို အားကိုးရတော့မယ်ဆိုတာ မယုံနိုင်ဘူး”
သူက ရေရွတ်လိုက်သည်။
အိမ်နောက်ဘက်တွင် လီထုန်ယာသည် လရောင်အောက်တွင် မျောလွင့်နေသော ကြေးမုံကို လေ့လာနေခဲ့သည်။ သူသည် ၎င်း၏မျက်နှာပြင်ပေါ်တွင် ဝေဝေဝါးဝါး စာလုံးများ ပေါ်ထွက်နေသည်ကို သတိပြုမိလိုက်ပြီး သူ၏ဝိညာဉ်အာရုံကို ကြေးမုံရှိရာသို့ အလျှင်အမြန် ဆန့်တန်းလိုက်သည်။
ကြေးမုံအတွင်းရှိ လုကျန်းရှန်း၏ နတ်ဘုရားအာရုံက တုံ့ပြန်လိုက်သည်။ သူသည် ယမန်ညက ‘အဆီအနှစ်ပြောင်းလဲခြင်းကျင့်စဉ်’၏ လိုအပ်ချက်များအပေါ် အခြေခံ၍ သူဖန်တီးထားခဲ့သော ညွှန်ကြားချက်များကို ပြန်လည်တွေးတောလိုက်ပြီး ၎င်းအတွက် နာမည်သစ်တစ်ခုကိုပေးကာ လီထုန်ယာ၏ ဝိညာဉ်အာရုံဆီသို့ ပို့လွှတ်လိုက်သည်။
သတင်းအချက်အလက်များစွာသည် လီထုန်ယာ၏ စိတ်ထဲသို့ ချက်ချင်း စီးဝင်လာခဲ့ပြီး ကျင့်စဉ်အသစ်တစ်ခုအဖြစ် ပေါ်ထွက်လာခဲ့သည်။
“ယဇ်ပူဇော်ခြင်းအစီအရင်”
“ဤအစီအရင်သည် ကလန်တစ်ခုလုံးက အမွှေးတိုင်နံ့သာများ ထွန်းညှိပြီး မိစ္ဆာများကို သတ်ဖြတ်ရသော ယဇ်ပူဇော်ခြင်းအခမ်းအနားဖြစ်သည်။ ထိုသို့ အမွှေးတိုင်နံ့သာ၊ ဝိညာဉ်၊ သွေးအဆီအနှစ်နှင့် ဝိညာဉ်စွမ်းအားတို့ကို ကြေးမုံထံသို့ ယဇ်ပူဇော်မည်ဆိုလျှင် ကြေးမုံမှ အဆောင်ချီတစ်ခုကို ပြန်လည်ချီးမြှင့်မည်ဖြစ်သည်။
အဆောင်ချီသည် လူတစ်ဦး၏ ကျင့်ကြံခြင်းကို မြှင့်တင်ပေးခြင်း၊ အာရုံခြောက်ပါးကို ထက်မြက်စေခြင်း၊ အရိုးများကို ခိုင်မာစေခြင်း၊ မွေးရာပါစွမ်းရည်များကို တိုးတက်စေခြင်းနှင့် အမျိုးမျိုးသော ချို့တဲ့မှုများကို ကုစားခြင်းအပါအဝင် အံ့ဩဖွယ် အကျိုးသက်ရောက်မှုများစွာ ရှိသည်…။”
ယဇ်ပူဇော်ခြင်းအစီအရင်တွင် အသေးစိတ်အချက်အလက်များ များစွာပါဝင်သည်ဖြစ်ရာ လီထုန်ယာသည် မျက်လုံးများကို စုံမှိတ်ကာ ထိုအသိပညာများကို ဆယ့်ငါးမိနစ်ခန့် အာရုံစူးစိုက်၍ မှတ်သားခဲ့ရလေသည်။ ထို့နောက် မျက်လုံးများ ပြန်လည်ပင့်ဖွင့်လိုက်ချိန်တွင်မူ ရင်ထဲ၌ အလွန်အမင်း ထိတ်လန့်မှင်တက်ကာ အံ့ဩသွားရတော့သည်။
သူသည် ဆောက်နှင့် ဗလာကျင်းနေသော သစ်သားပြားတစ်ချပ်ကို အလျှင်အမြန် ယူဆောင်လာခဲ့ပြီး သူလက်ခံရရှိခဲ့သော ကျင့်စဉ်ကို စတင်မှတ်တမ်းတင်လိုက်သည်။ ထိုမှတ်တမ်းတင်ခြင်း ပြီးဆုံးသွားသောအခါ အာရုဏ်တက်နေခဲ့ပြီဖြစ်ပြီး သူသည် လီရှန်းဖျင်ကိုရှာရန် အလျှင်အမြန် ထွက်ခွာသွားခဲ့သည်။
xxxxxxxxxx
လီရှန်းဖျင်သည် မေချယ်တောင်ပေါ်ရှိ ဂူထဲတွင် ကျင့်ကြံနေခဲ့သည်။ သူသည် မကြာသေးမီက ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်းအဆင့်၏ စိမ်းပြာအဆီအနှစ်အဆင့်သို့ ရောက်ရှိခဲ့ပြီး ထိုအချိန်ပြီးကတည်းက သူ၏တိုးတက်မှုသည် သိသိသာသာ နှေးကွေးသွားခဲ့သည်။ ဤနှုန်းအတိုင်းသာဆိုလျှင် ကျောက်စိမ်းမြို့တော်အဆင့်သို့ ရောက်ရှိရန်ဆိုသည်မှာ အနည်းဆုံး ၆ နှစ်၊ ၇ နှစ်ခန့် လိုအပ်မည့် အလှမ်းဝေးသောပန်းတိုင်တစ်ခု ဖြစ်နေခဲ့သည်။ အဆင့်တက်ရန် ကြိုးပမ်းမှု ကျရှုံးခဲ့ပါက ထိုအချိန်သည် နှစ်ဆဖြစ်သွားနိုင်သေးသည်။
ယမန်နေ့က ဝမ့်မိသားစုသည် ကျီတုန်းချီကို ဆန့်ကျင်မည့်အစီအစဉ်ကို ညှိနှိုင်းရန်အတွက် ဝမ့်ယွမ်ခိုင်ကို စေလွှတ်ခဲ့သည်။ ဝမ့်ယွမ်ခိုင်သည် ကျောက်စိမ်းမြို့တော်ချက္ကရာကို အောင်မြင်စွာ စုစည်းဖွဲ့တည်နိုင်ခဲ့ပြီး ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်းအဆင့်၏ ပဉ္စမအဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်သည်။
“ကြည့်ရတာ အခု ဝမ်မိ့သားစုမှာ ကျောက်စိမ်းမြို့တော်အဆင့် ကျင့်ကြံသူနှစ်ယောက် ရှိသွားတဲ့ပုံပဲ။ ပြီးတော့ သူတို့ရဲ့မိသားစုခေါင်းဆောင် ဝမ့်ရှောင်ဟွာက လွန်ခဲ့တဲ့ ငါးနှစ်ကတည်းက ကျောက်စိမ်းမြို့တော်အဆင့်ကို ရောက်ရှိခဲ့တာဆိုတော့ ဝိညာဉ်သန္ဓေသားနိုးထခြင်းအဆင့်ကို တက်ရောက်ပြီး ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်းအဆင့်ရဲ့ အထွဋ်အထိပ်ကို ရောက်ရှိနေဖို့ ဖြစ်နိုင်ခြေများတယ်”
လီရှန်းဖျင်က သူ့ဘာသာသူ ရေရွတ်လိုက်သည်။
သူသည် အတွေးနက်စွာဖြင့် မျက်လုံးများကို မှေးကျဉ်းလိုက်သည်။
“ငါတို့မိသားစုက ပိုအားကောင်းလာတယ် ဆိုပေမယ့် ဝမ့်မိသားစုကလည်း အတူတူပဲ။ သူတို့ရဲ့ အရေးတကြီး အကူအညီတောင်းခံတာတွေက ဆက်ပြီးတော့ တိုးမြင့်လာနေတယ်။ ကျီမိသားစုကလည်း ပိုအားကောင်းလာနေတာ ဖြစ်နိုင်ခြေများတယ်။
အခုတော့ မိသားစုသုံးစုက တိတ်တဆိတ်နဲ့ အင်အားမွေးမြူနေကြတယ်။ ကျီမိသားစုက သူတို့ရဲ့ နယ်မြေအသစ်တွေကို အခြေခိုင်အောင် လုပ်နေတယ်။ ဝမ့်မိသားစုက သူတို့ရဲ့အင်အားကို တိတ်တဆိတ် တည်ဆောက်နေတယ်။ ငါတို့မိသားစုကလည်း ဖြေးဖြေးနဲ့မှန်မှန် တိုးတက်လာနေတယ်။ ဒါပေမယ့် ကျီမိသားစုက သူတို့ရဲ့နယ်မြေကို အခြေခိုင်အောင်လုပ်တာ ပြီးမြောက်သွားတဲ့အချိန်၊ ဝမ့်မိသားစုက သူတို့ရဲ့စွယ်တွေကို ထုတ်ပြတဲ့အချိန်နဲ့ ငါတို့မိသားစုက တိုက်ခိုက်ဖို့ လုံလောက်အောင် အားကောင်းလာတာနဲ့ အနှေးနဲ့အမြန် ထိပ်တိုက်ရင်ဆိုင်ရဖို့က မလွှဲမရှောင်သာ ဖြစ်လာလိမ့်မယ်။ ငါတို့အနေနဲ့ တတ်နိုင်သမျှ အမြန်ဆုံးပြင်ဆင်ထားတာ ပိုကောင်းလိမ့်မယ်။”
လီရှန်းဖျင်က မိသားစုသုံးစု၏ အခြေအနေကို ခွဲခြမ်းစိတ်ဖြာနေစဉ် သူ၏ ဒုတိယအစ်ကို လီထုန်ယာက လက်ထဲတွင် သစ်သားပြားတစ်ချပ်ဖြင့် ဂူထဲသို့ ဝင်ရောက်လာသည်ကို တွေ့လိုက်ရသည်။
“ဒါကို တစ်ချက်ကြည့်လိုက်ဦး ညီသုံး”
သူက ပြုံးရင်း လှမ်းပေးလိုက်သည်။
လီရှန်းဖျင်သည် နားမလည်နိုင်သောအမူအရာဖြင့် သစ်သားပြားကို ဖြန့်ခင်းလိုက်ပြီး ဖတ်လိုက်သည်။
“ယဇ်ပူဇော်ခြင်းအစီအရင်တဲ့လား”
သစ်သားပြားကို ဖတ်ရှုနေရင်း သူ၏အံ့ဩမှုများ တိုးပွားလာခဲ့သည်။
“ဒါက ကြေးမုံကို ကြားခံအဖြစ်သုံးတဲ့ လက်ခံရယူခြင်းကျင့်စဉ်နဲ့ တော်တော်လေး ဆင်တူတယ်။ အစ်ကို ဒါကို ကြေးမုံဆီက လက်ခံရရှိခဲ့တာလား”
လီထုန်ယာက ပြုံးရင်း ခေါင်းညိတ်လိုက်ပြီး စင်များထဲရှိ နေရာတစ်ခုမှ လဗိမာန်ဓားချက်ကျင့်စဉ်ကျမ်းကို ထုတ်ယူလိုက်ကာ ဂရုတစိုက် ဖတ်ရှုနေလိုက်သည်။
ခဏမျှဖတ်ပြီးနောက် လီရှန်းဖျင်က ပြန်လည်စဉ်းစားနေခဲ့သည်။
“ဒီကျင့်စဉ်က မီးခိုးရောင်အဆောင်တစ်ခုနဲ့ လဲလှယ်ဖို့ လူတစ်ထောင်ရဲ့ အမွှေးတိုင်နံ့သာပူဇော်မှုတွေနဲ့ ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်းအဆင့် နတ်ဆိုးတစ်ကောင်ကို လိုအပ်တယ်။ အဖြူရောင်အဆောင်အတွက်တော့ လူတစ်သောင်းရဲ့ အမွှေးတိုင်နံ့သာပူဇော်မှုတွေနဲ့ အခြေတည်အဆင့် နတ်ဆိုးတစ်ကောင်ကို လိုအပ်တယ်… ဒါက တော်တော်လေး စိန်ခေါ်မှုကြီးမားတာပဲ”
လီထုန်ယာ၏ မျက်နှာထက်မှ အပြုံးရိပ်တို့ အနည်းငယ် မှေးမှိန်သွားပြီးနောက် သူက စိတ်ရှုပ်ထွေးသော အမူအရာဖြင့် ပြန်လည်ဖြေကြားလိုက်သည်။
“ဒါက တကယ့်ကို ဆွဲဆောင်မှုရှိပေမယ့် အလွယ်ဆုံး ယဇ်ပူဇော်ခြင်းအစီအရင်တောင်မှ ငါတို့မိသားစုရဲ့ လက်ရှိစွမ်းဆောင်ရည်တွေထက် ကျော်လွန်နေသေးတယ်”
လီရှန်းဖျင်က ရယ်မောလိုက်ပြီး သစ်သားပြားကို ဂရုတစိုက် သိမ်းဆည်းလိုက်သည်။
“အလျှင်လိုစရာ မလိုပါဘူး။ ပြီးတော့ ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်းအဆင့် နတ်ဆိုးတွေကို ရှာဖွေတွေ့ရှိဖို့က အဲဒီလောက် မလွယ်ဘူး။ စကားမစပ်၊ အစ်ကိုနဲ့ ဆွေးနွေးချင်တဲ့ တခြားတစ်ခု ရှိသေးတယ်”
သူသည် ကျောက်တုံးထိုင်ခုံပေါ်တွင် ဓားသိုင်းကျင့်စဉ်ကျမ်းကို ဖတ်ရှုနေသော လီထုန်ယာကို လှမ်းကြည့်လိုက်ပြီး အကြံပြုလိုက်သည်။
“အရေးပေါ်အခြေအနေတွေအတွက် ပြင်ဆင်ထားဖို့ သိုင်းပညာ လေ့ကျင့်ထားတဲ့ ရွာလေးရွာက ကိုယ်စားလှယ်တွေနဲ့ တပ်ဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းဖို့ ကျွန်တော် စဉ်းစားနေတယ်။ အိမ်ထောင်စု ငါးခုကို တစ်ယောက်နှုန်းနဲ့ ပါဝင်ရမယ်။”
လီထုန်ယာသည် အခြေအနေ၏ လေးနက်မှုကို အာရုံခံမိသောကြောင့် ခေါင်းညိတ်ကာ မေးလိုက်သည်။
“ဝမ့်မိသားစုက အကူအညီတောင်းပြန်ပြီလား။ အခြေအနေတွေက အဲဒီလောက်တောင် ဆိုးရွားနေပြီလား”
လီရှန်းဖျင်က ခေါင်းခါလိုက်ပြီး ပြန်ဖြေလိုက်သည်။
“သူတို့တင် မဟုတ်ဘူး။ အနောက်ဘက်က ယွဲ့တောင်ကိုလည်း ကျွန်တော် စိုးရိမ်တယ်။ တလီတောင်ရဲ့ မြောက်ဘက်ခြေရင်းက ဝိညာဉ်စွမ်းအင်ကလည်း ဖြည်းဖြည်းချင်း ပြန်လည်ကောင်းမွန်လာနေတယ်။ ယွဲ့တောင်ကလူတွေကို နှစ်ပေါင်းများစွာ မတွေ့ရခဲ့ပေမယ့် ပြင်ဆင်ထားတာက အကောင်းဆုံးပဲ”
“အမှန်ပဲ”
လီထုန်ယာသည် သဘောတူညီစွာ ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။
“ယွဲ့တောင်ပေါ်ကလူတွေ ငါတို့နယ်နိမိတ်တွေကို ခြိမ်းခြောက်လာတဲ့အထိ စောင့်နေပြီးမှ အစောင့်တပ်သားတွေ စုစည်းမယ်ဆိုရင် အရမ်းနောက်ကျသွားလိမ့်မယ်။ သူတို့ဆီမှာ နတ်ဆရာတွေ ရှိရုံတင်မကဘူး။ သူတို့ထဲမှာ ဆံပင်ရှည်နဲ့ တက်တူးတွေနဲ့ လူရိုင်းတွေလည်း ရှိသေးတယ်။ သူတို့က သံသယဝင်စရာမလိုအောင် အစွမ်းထက်တဲ့ ပြိုင်ဘက်တွေပဲ”
လီရှန်းဖျင်သည် မတ်တပ်ရပ်လိုက်ပြီး သူ၏အဝတ်အစားများကို ပြုံးရင်း ဖြောင့်တန်းလိုက်သည်။
“ရွှမ်ရွှမ်က လေးစားမှုရရှိဖို့ အရမ်းငယ်သေးတယ်။ ချုံယန်ရဲ့ အသက်အရွယ်နဲ့ ဩဇာလွှမ်းမိုးမှုက ရှိတယ်ဆိုပေမယ့် ဒီတာဝန်ကို တခြားသူတွေကိုပေးဖို့ ကျွန်တော် တွန့်ဆုတ်နေတယ်။ အစ်ကိုကိုယ်တိုင် ဒါကိုကြီးကြပ်ခဲ့ရင် ကျွန်တော် ပိုပြီးစိတ်အေးလက်အေး ဖြစ်မိမှာပဲ ဒုတိယအစ်ကို”
“စိတ်မပူပါနဲ့၊ ဒါကို ငါ့တာဝန်ထားလိုက်”
လီထုန်ယာက ပြုံးရင်း သူ့ကိုနှစ်သိမ့်သည်။
ထို့နောက် ညီအစ်ကိုနှစ်ယောက်သည် ဂူမှထွက်ခွာလာခဲ့ပြီး လီကျင်းတောင်ဆီသို့ ပြန်ရာလမ်းတွင် အချင်းချင်း စကားပြောဆိုလာခဲ့ကြသည်။ လျိုရို့ရွှမ်းသည် ခြံဝင်းအဝင်ဝတွင် သူတို့ကိုစောင့်ဆိုင်းနေခဲ့ပြီး သူတို့ကို မြင်သည်နှင့် အလျှင်အမြန် လျှောက်လှမ်းလာခဲ့သည်။
“မိသားစုခေါင်းဆောင်ငယ်”
လျိုရို့ရွှမ်းက လီရှန်းဖျင်ကို အနည်းငယ် ဦးညွတ်ကာ နှုတ်ဆက်လိုက်သည်။
ထို့နောက် သူမ၏မျက်နှာသည် ဝမ်းမြောက်မှုတို့ဖြင့် လင်းလက်လာခဲ့ပြီး လီထုန်ယာထံသို့ ပိုမိုနီးကပ်စွာ တိုးကပ်လိုက်ကာ ပြောလိုက်သည်။
“ယောက်ျားရေ ကျွန်မမှာ ကိုယ်ဝန်ရှိနေပြီ”
လီထုန်ယာ၏ မျက်နှာသည်လည်း ချက်ချင်းပင် ပျော်ရွှင်မှုတို့ဖြင့် တောက်ပလာခဲ့သည်။ သူသည် သူမကို ပွေ့ချီရင်း အားရပါးရ ရယ်မောလိုက်သည်။
“တကယ်လား”
သူက မေးလိုက်သည်။
“တကယ်ပေါ့။ ကျွန်မက ရှင့်ကိုလိမ်ဖို့ ဘာအကြောင်းရှိမှာလဲ”
လျိုရို့ရွှမ်း၏ ပါးပြင်များသည် နီရဲသွားပြီး သူမက တိုးညင်းစွာ တုံ့ပြန်လိုက်သည်။
လီရှန်းဖျင်သည် သူတို့နှစ်ဦးလုံးကို ရယ်မောလိုက်ပြီး ပြောလိုက်သည်။
“ဂုဏ်ယူပါတယ် ဒုတိယအစ်ကို”