← Chapters

အခန်း ၆၄

Vol. 7 Ch. 64

အခန်း ၆၄

Vol. 7 Ch. 64

အခန်း - (၆၄) ရွှီစန်း

ငါးနှစ်ကြာပြီးနောက်…

နံနက်ခင်းနေရောင်ခြည်သည် တောင်ပေါ်မြူနှင်းများကို ထိုးဖောက်ဝင်ရောက်လာခဲ့ပြီး သစ်ပင်အဖျားများနှင့် အရွက်များအကြားမှတစ်ဆင့် စိမ့်ဝင်လာခဲ့ကာ တောအုပ်ကြမ်းပြင်ထက်ဝယ် ရွှေရောင်အလင်းနှင့် အရိပ်ပုံစံကို ခြယ်မှုန်းထားလေသည်။

လီမိသားစုသည် လရှုစားကန်အနီးတွင် နောက်ထပ် ငါးနှစ်ကြာ လယ်ယာလုပ်ငန်းများ လုပ်ကိုင်ခဲ့ကြသည်။ ကြေးမုံကို သူတို့ ကောက်ယူခဲ့သည့်အချိန်မှစ၍ ၁၆ နှစ်၊ ၁၇ နှစ်ခန့် ရှိပြီဖြစ်သည်။ လီကျင်းတောင်ပေါ်မှ ကျောက်လမ်းများသည် ယခုအခါ ရေညှိများကြောင့် အနည်းငယ် အစိမ်းရောင်သန်းနေခဲ့သည်။ သစ်ကိုင်းများပေါ်မှ ငှက်များသည် နေ့သစ်တစ်ခု စတင်ခြင်းကို ဂုဏ်ပြုသည့် တေးသွားတစ်ပုဒ်ကို တွန်ကျူးနေခဲ့ကြသည်။

အဘိုးကြီးရွှီသည် ထိုင်ချလိုက်ပြီး အေးစက်ပြီး ရေညှိများဖုံးလွှမ်းနေသော ကမ္ဗည်းတိုင်တစ်ခုကို သူ၏ ကိုင်းညွတ်နေသော ခန္ဓာကိုယ်ဖြင့် မှီထားလိုက်သည်။ သူ၏ ပိန်လှီခြောက်ကပ်နေသော လက်ထဲတွင် မြေဆီလွှာတစ်ဆုပ်ကို ဆုပ်ကိုင်ထားခဲ့သည်။

“ငါ ဘာလို့… အခုထိ မသေရသေးတာလဲ”

သူက အသံထွက်ကာ ရေရွတ်လိုက်မိသည်။

အဘိုးကြီးရွှီသည် လွန်ခဲ့သော နှစ်အနည်းငယ်က လီကျင်းတောင်ပေါ်သို့ ပြောင်းရွှေ့လာခဲ့ပြီး လီမိသားစု၏ ဘိုးဘေးသင်္ချိုင်းကို စောင့်ကြည့်ပေးရန် စိတ်ပိုင်းဖြတ်လိုက်သည်။ လီရှန်းဖျင်နှင့် အခြားသူများက ကန့်ကွက်ခဲ့ကြသော်လည်း နောက်ဆုံးတွင် လက်ခံလိုက်ကြရသည်။

လီရွှမ်ရွှမ်သည် သင်္ချိုင်းနဘေးတွင် သူ့အတွက် အိမ်ငယ်လေးတစ်လုံးကို ဆောက်ပေးခဲ့သည်။ မိသားစုသည် သူ့ထံသို့ လက်ဆောင်များဖြင့် ပုံမှန်လာရောက်လည်ပတ်ကြသည်။ အဘိုးရွှီသည် မြက်ပုရစ်များ ပြုလုပ်ခြင်းနှင့် ပုံဆွဲခြင်းတို့တွင် ကျွမ်းကျင်သောကြောင့် လီမိသားစုမှ ကလေးများသည် နှစ်ရက်၊ သုံးရက်တစ်ကြိမ်ကျ သူ၏နေရာဆီသို့ ပြေးလာတတ်ကြသည်။ လီရွှမ်ဖုန်းသည် တောင်ပေါ်တွင် သူနှင့်အရွယ်တူ သူငယ်ချင်းများမရှိသလို ဖခင်ဖြစ်သူမှာလည်း အလုပ်များသူတစ်ဦးဖြစ်ရာ သူသည် အဘိုးကြီးရွှီနှင့် ဆော့ကစားရင်းဖြင့်သာ ကြီးပြင်းခဲ့ရသည်။

အဘိုးကြီးရွှီ၏ နေ့ရက်များသည် ကလေးများနှင့်အတူ ရယ်မောခြင်းနှင့် ဆော့ကစားခြင်းတို့ဖြင့် ပြည့်နှက်နေသော်လည်း သူသည် သေခြင်းတရားကို တိတ်တိတ်ကလေး တမ်းတမိသည်။ သူသည် ညတိုင်း အိပ်မပျော်မီ ၎င်းသည် သူ၏နောက်ဆုံးနေ့ ဖြစ်မည်လားဟု တွေးတောမိပြီး နောက်တစ်နေ့ နံနက်ခင်း နေထွက်ချိန်တွင်မူ ပုံမှန်အတိုင်း နိုးထလာခဲ့သည်။

ဤသို့ဖြင့် အဘိုးကြီးရွှီသည် မနေ့က အသက်ရှစ်ဆယ် ပြည့်ခဲ့လေသည်။

“သောက်ကျိုးနည်း၊ လူတစ်ယောက်က အသက်ရှစ်ဆယ်အထိနေပြီး အခုထိ မသေသေးဘူးဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ”

သူအံ့ဩမိသည်။

သူသည် အဝေးဆီက တောင်ကုန်းတစ်ခုဆီသို့ မျက်စိမှေး၍ လှမ်းမျှော်ကြည့်လိုက်၏။ ရွှေရောင်နေခြည်အောက်ဝယ် ထိုတောင်ကုန်းထက်၌ သူ့ထံသို့ လက်ဝှေ့ယမ်းပြနေသည့် သေးငယ်သော လူရိပ်ကလေးတစ်ခုကို သူ ဖျတ်ခနဲ မြင်တွေ့လိုက်ရသည်။ တောက်ပသော ရွှေရောင်နေရောင်ခြည်ကြောင့် ထိုကလေးငယ်၏ အရိပ်သည် မြေပြင်တစ်လျှောက် ရှည်လျားစွာ ဖြစ်ပေါ်နေတော့သည်။

“ရွှမ်ဖုန်းက ခင်ဗျားကိုလာတွေ့တာပါ သခင်ကြီးရွှီ………”

ကလေး၏အဝတ်အစားများသည် ညစ်ပေနေပြီး သူ၏မျက်နှာတွင်လည်း ဖုန်များဖြင့် စွန်းထင်းနေကာ ဖရိုဖရဲဖြစ်နေသော ဆံပင်များက သူ့ကို တောရိုင်းထဲက လူရိုင်းတစ်ယောက်ကဲ့သို့ ထင်ရစေပေသည်။ သူ၏လက်ထဲတွင် သစ်သားလေးငယ်တစ်လက်ရှိပြီး ခါးတွင် မြားအိမ်ငယ်လေးတစ်လုံးကို ချိတ်ဆွဲထားသည်။

ကလေးငယ်သည် နေရောင်ခြည်ဖြာကျနေသော တောင်ကုန်းထက်မှ တက်ကြွရွှင်လန်းစွာ ခုန်ပေါက်ဆင်းလာစဉ် သူ၏ တက်ကြွေနေသော စွမ်းအင်များသည် မှောင်မှိုင်း၍ လူသူကင်းဝေးရာ ထောင့်စွန်းတစ်ခုဝယ် ခွေခွေလေး ရှိနေရှာသော အဘိုးကြီးရွှီနှင့် သိသိသာသာပင် ဆန့်ကျင်ဘက် ဖြစ်နေတော့သည်။ ဤအခိုက်အတန့်တွင် ငယ်ရွယ်နုပျိုခြင်း၏ ပြည့်ဝနေသာ စွမ်းအင်များနှင့် မကြာမီ ဆိုက်ရောက်တော့မည့် ဘဝနိဂုံး၏ လေးနက်ငြိမ်သက်မှုတို့သည် လီကျင်းတောင်ပေါ်ဝယ် လာရောက်ပေါင်းဆုံနေကြပြီး ဘဝ၏ ဆန့်ကျင်ဘက် အစွန်းနှစ်ဖက်ကို ကိုယ်စားပြု ပုံဖော်နေကြတော့သည်။

အဘိုးကြီးရွှီသည် ခဏတာမျှ စိတ်အာရုံ ပြန်ကြည်လင်လာပြီး ခေါင်းကိုမော့ကာ ပြောလိုက်သည်။

“ရွှမ်ရွှမ်၊ မင်းရောက်လာပြီပဲ”

“ကျွန်တော်က လီရွှမ်ဖုန်းပါ သခင်ကြီးရွှီ။ ကျွန်တော့်အဖေက လီရှန်းဖျင်ပါ၊ လီချန်းဟူ မဟုတ်ပါဘူး”

အသက် ၇ နှစ်၊ ၈ နှစ်ခန့်ရှိသော ကောင်လေးက အဘိုးကြီးကို ကျီစယ်သောအပြုံးဖြင့် ပြင်ပေးလိုက်ပြီး အနီးရှိ သူ၏အရပ်နှင့် မတိမ်းမယိမ်း ကမ္ဗည်းတိုင်တစ်ခုဆီသို့ ပေါ့ပေါ့ပါးပါး လျှောက်သွားလိုက်သည်။ သူသည် သူ၏ဘောင်းဘီမှ ခါးပတ်ကို ဖြေလိုက်ပြီး တေးတစ်ပုဒ်ကိုညည်းရင်း သေးပေါက်နေလိုက်သည်။

လီရွှမ်ဖုန်းက သေးပေါက်ပြီးနောက် သူ၏ဘောင်းဘီကို ဆွဲတင်တော့မည်အပြုတွင် အဘိုးကြီးရွှီ၏မျက်လုံးများသည် ရုတ်တရက် ပြင်းထန်စွာ တောက်လောင်လာခဲ့သည်။ သူသည် အံ့ဩဖွယ်ရာကောင်းသော စွမ်းအင်တစ်ခုဖြင့် တုတ်ကောက်ကို ကောက်ယူလိုက်ပြီး လီရွှမ်ဖုန်း၏တင်ပါးကို တုတ်ဖြင့် ရိုက်လိုက်သည်။

“မင်းဘာလုပ်နေတာလဲ ကောင်လေး။ ဒါက မင်းရဲ့ဘိုးဘေးကြီးရဲ့အုတ်ဂူပဲ”

အဘိုးကြီးရွှီက ဆုံးမလိုက်သည်။

လီရွှမ်းဖုန်းသည် အမှတ်မထင် အငိုက်မိသွားခဲ့သည်။ သူသည် သူ၏ဘောင်းဘီကို အလျှင်အမြန်ဆွဲတင်လိုက်ပြီး ခါးပတ်ကိုချည်နှောင်ကာ တုံ့ပြန်လိုက်သည်။

“သေတဲ့သူတွေက သေနေပြီ။ ပြဿနာမရှိပါဘူး။ သူက ဘယ်လိုသေသွားခဲ့တာလဲ”

“သူ အဆိပ်ခတ်ခံခဲ့ရတာ”

အဘိုးကြီးရွှီ၏ စိတ်ဝိညာဉ်သည် ထိုကောင်လေးကြောင့် ခဏတာမျှ ပြန်လည်နိုးကြားလာခဲ့ပြီး ထထိုင်လိုက်ကာ အတိတ်က ပုံပြင်တစ်ပုဒ်ကို ပြန်ပြောပြလိုက်သည်။

“လွန်ခဲ့တဲ့နှစ်ပေါင်းများစွာ လီမိသားစုက အခုလို ဩဇာမလွှမ်းမိုးခင်တုန်းက ထင်ရှားတဲ့ မိသားစုတစ်ခု ရှိခဲ့တယ်။ ယွမ်မိသားစုပေါ့။ သူတို့က မင်းရဲ့ဘိုးဘေးကြီးနဲ့ မင်းအဘိုးရဲ့ညီကို သူတို့ရဲ့ မြေတွေကိုလုယူဖို့ အဆိပ်ခတ်ခဲ့ကြတယ်။ ဒါပေမဲ့ အဲဒီနောက်မှာ မင်းအဘိုးက လက်ထဲမှာ ဆေဘာတစ်ချောင်းနဲ့ ပြန်လာပြီး ယွမ်မိသားစုအပေါ် လက်စားချေခဲ့တယ်။ သူက အဲဒီမိသားစုက လူတိုင်းကို သတ်ဖြတ်ပြီး မြေတွေကို ပြန်လည်ခွဲဝေပေးခဲ့တယ်”

လီရွှမ်ဖုန်းသည် ရေညှိများဖုံးနေပြီး သူ့အရပ်နှင့်ကွက်တိကျနေသော ကမ္ဗည်းတိုင်တစ်ခုပေါ်တွင် ထိုင်နေရင်း သူ၏လက်ငယ်လေးများဖြင့် လက်ခုပ်တီးကာ အော်ပြောလိုက်သည်။

“အဘိုးက တော်လိုက်တာ”

အဘိုးကြီးရွှီက သူ့ကိုစိုက်ကြည့်ပြီး ပြောလိုက်သည်။

“တော်တယ် ဟုတ်လား။ ယွမ်မိသားစုရဲ့ ကလေးတစ်ယောက်က လွတ်မြောက်သွားခဲ့တယ်… သူက ၂၂ နှစ်အကြာမှာ ပြန်လာခဲ့ပြီး မင်းရဲ့ပထမဦးလေးကို သတ်သွားခဲ့တယ်”

“ဘာ”

လီရွှမ်ဖုန်းသည် ရုတ်တရက် သူ၏မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။ သူသည် သူ၏ မျက်ခုံးသေးသေးလေးများကို ကြုတ်လိုက်ပြီး မကျေမနပ်ဖြင့် ပြန်ပြောလိုက်သည်။

“အဘိုးက အလုပ်ကို ပေါ့ပေါ့ဆဆ လုပ်ခဲ့တာပဲ။ သူသာ အဲဒီမိသားစုကလူတိုင်းကို သတ်ခဲ့ရင် ပြီးသွားပြီ။ သူက ဘယ်လိုလုပ်ပြီး တစ်ယောက်ယောက်ကို လွတ်မြောက်ခွင့် ပေးခဲ့ရတာလဲ”

အဘိုးရွှီ၏အကြည့်သည် ခက်ထန်သွားခဲ့ပြီး ပြောလိုက်သည်။

“မင်းကတော့ တကယ်ပဲ ဆိုးတာပဲ။ လီမိသားစုရဲ့ ရိုင်းစိုင်းတဲ့စိတ်က ငယ်ငယ်ကတည်းက ပါလာပုံရတယ်”

လီရွှမ်ဖုန်းက မကျေမနပ်ဖြင့် ခေါင်းခါလိုက်ပြီး အော်ဟစ်လိုက်သည်။

“ပထမဆုံး စပြီးတိုက်ခိုက်ခဲ့တာက ယွမ်မိသားစုပဲ။ ကျွန်တော်တို့မိသားစုက လူတွေကို သတ်ခဲ့တာ။ အဘိုးက လက်စားချေဖို့ပဲ ပြန်လာခဲ့တာ။ ပြီးတော့ အဘိုးက ကလေးတစ်ယောက်ကို လျစ်လျူရှုခဲ့တော့ အဲဒီကလေးက နောက်ဆုံးမှာ လက်စားချေဖို့ ပြန်လာတာက အံ့ဩစရာမဟုတ်ဘူး”

အဘိုးကြီးရွှီသည် ခေါင်းခါလိုက်ပြီး သက်ပြင်းချလိုက်သည်။

“လက်စားချေတာက ရက်စက်ကြမ်းကြုတ်တဲ့ သံသရာတစ်ခုပဲ…”

“ခင်ဗျား အားနည်းနေတယ်ဆိုရင် ဒါက ရက်စက်ကြမ်းကြုတ်တဲ့ သံသရာတစ်ခုပဲ။ ဒါပေမဲ့ ခင်ဗျားသာ တခြားမိသားစုကို လုံးဝဖျက်ဆီးပစ်နိုင်တယ် ဆိုရင်တော့ ဘယ်သူမှ လက်စားချေဖို့ လာနိုင်တော့မှာမဟုတ်ဘူး”

လီရွှမ်းဖုန်းက သူ၏နုပျိုသောမျက်နှာတွင် အသက်အရွယ်မလိုက်အောင် အထင်အမြင်သေးသော အမူအရာဖြင့် ရှုံ့မဲ့ကာ တုံ့ပြန်လိုက်သည်။

အဘိုးကြီးရွှီသည် ခဏမျှ တဟွတ်ဟွတ် ချောင်းဆိုးလိုက်ပြီးနောက် မိမိကိုယ်ကို လှောင်ပြောင်လိုဟန်ဖြင့် ရယ်မောလိုက်သည်။

“ငါ့တစ်ဘဝလုံးမှာ ရှင်သန်ခြင်းနဲ့ သေခြင်းတရားကို လုံလောက်အောင် မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရပြီး အသက်တွေကို ယူရမှာကို သတိထားတတ်လာခဲ့တယ်။ ဒါပေမဲ့ မင်းအတွက်တော့ အဲဒီလိုမဟုတ်ဘူးထင်တယ် ကောင်လေး”

“သခင်ကြီးရွှီ”

လီရွှမ်ဖုန်းက သူ့ဘေးတွင်ရပ်လျှက် တည်ကြည်လေးနက်သော မျက်နှာထားဖြင့် ခေါ်ကာပြောဆိုလိုက်သည်။

“သိုးတွေက မြက်စားတယ်။ ဝံပုလွေတွေက သိုးတွေကို စားတယ်။ လူတွေက အသားကို စားသုံးတယ်။ နတ်ဆိုးတွေက လူတွေကို သားကောင်လုပ်တယ်။ ဒါက စားမလား၊ အစားခံမလားဆိုတဲ့ ကမ္ဘာတစ်ခုပဲ။ ဒါက ကျွန်တော့်အဖေ ကျွန်တော့်ကို အမြဲပြောပြနေကျပဲ”

လီရွှမ်ဖုန်းသည် သူ၏ကျောကို ဖြောင့်တန်းလိုက်ပြီး သူ့ဖခင်၏ တည်ကြည်သောအမူအရာကို အတုခိုးလိုက်သည်။ အသက်အရွယ်ကြီးရင့်နေသည့် ပညာရှိတစ်ယောက်၏လေသံမျိုးဖြင့် သူက ပြောလိုက်သည်။

“ဖုန်းအာ၊ လောကကြီးကိုက အားပြိုင်မှုတွေနဲ့ ပြည့်နှက်နေတဲ့ နေရာတစ်ခုပဲ”

ဤစကားလုံးများကို ပြောပြီးနောက် သူသည် မြေပြင်ပေါ်တွင် ရယ်မောရင်း လူးလိမ့်နေခဲ့သည်။ သူ၏အပြုအမူများသည် အဘိုးကြီးရွှီထံမှ ချောင်းဆိုးသံများနှင့် ရယ်မောသံများရောနှောကာ ထွက်ပေါ်လာစေခဲ့သည်။

ရယ်မောသံများ ငြိမ်သက်သွားသည်နှင့် အဘိုးကြီးရွှီသည် ပုံပြင်တစ်ပုဒ်ကို စတင်ပြောပြလိုက်သည်။

“အတိတ်တုန်းက ရွာအစွန်မှာနေထိုင်တဲ့ မိသားစုတစ်ခု ရှိခဲ့တယ်။ အဖေက အလုပ်ကြိုးစားတဲ့ လူတစ်ယောက်ဖြစ်ပြီး အမေက သူတို့ရဲ့ကလေးသုံးယောက်ကို ကောင်းကောင်း ဂရုစိုက်ခဲ့တယ်။ တစ်နေ့မှာ အဖေက အနီးအနားကရွာက မီးခိုးငွေ့တွေကို မြင်ခဲ့တယ်။ သူက သူ့ရဲ့အငယ်ဆုံးသား ရွှီစန်းကို တောင်ပေါ်မှာ ထင်းခွေဖို့ လွှတ်လိုက်တယ်။ ရွှီစန်းက တောင်ပေါ်ကို ပျော်ပျော်ရွှင်ရွှင်ပဲ တက်သွားခဲ့ပြီး နေဝင်ချိန်အထိ အဲဒီမှာ ကစားနေခဲ့တယ်”

“သူအိမ်ပြန်ရောက်လာတော့ သွေးစွန်းနေတဲ့ မြင်ကွင်းတစ်ခုကိုပဲ တွေ့လိုက်ရတယ်။ သူ့အိမ်ခြံဝင်းထဲမှာ လူတစ်ဒါဇင်လောက် စုဝေးနေပြီး အိုးကြီးတစ်လုံးကို ဝိုင်းရံထားကြတယ်။ အိုးထဲမှာ သူက သူ့မိဘတွေကို တွေ့လိုက်ရတယ်။ သူ့ရဲ့အစ်ကိုကြီးနှစ်ယောက်က ခုတ်ပိုင်းခံရပြီး အသားပုံနှစ်ပုံအဖြစ် ပုံထားခြင်းခံခဲ့ရတယ်”

“ထိတ်လန့်သွားတဲ့ ရွှီစန်းက လှည့်ပြီးထွက်ပြေးသွားတယ်။ သူက တောင်ပေါ်မှာ ဆယ်ရက်ကြာ ပုန်းအောင်းနေခဲ့တယ်။ နောက်ပိုင်းမှ မိုးခေါင်မှုက ဆာလောင်နေတဲ့ ရွာသားတွေကို စိတ်ပျက်အားငယ်စေခဲ့ပြီး သူရဲ့ လူသူမနီးတဲ့အိမ်ကို ကျရောက်ခဲ့တဲ့ ဝမ်းနည်းဖွယ်အဖြစ်ဆိုးဆီကို ဦးတည်စေခဲ့ကြောင်း သိရှိခဲ့ရတယ်”

လီရွှမ်ဖုန်းသည် ပုံပြင်တွင် လုံးဝနစ်မြောနေခဲ့သည်။

“ကျွန်တော်သာဆိုရင် သူတို့အားလုံးကို သတ်ပစ်မှာ”

သူက မှုန်ကုပ်စွာပြောလိုက်သည်။

“ဒါပေမဲ့ ရွှီစန်းက ကြောက်တတ်တဲ့ သူတစ်ယောက်ပဲ။ သူက သူ့ဘဝတစ်လျှောက်လုံး တိတ်တိတ်ဆိတ်ဆိတ်နဲ့ပဲ ကြောက်ကြောက်ရွံ့ရွံ့နဲ့ နေထိုင်ခဲ့တယ်။ သူက ဘယ်သူ့ကိုမှ စကားတစ်ခွန်းမှ မဟရဲခဲ့ဘဲ သူ့တစ်သက်လုံး ရွာထဲမှာပဲ ပုန်းအောင်းနေခဲ့တယ်။ ရွှီစန်းက အဲဒီလူတွေကို မုန်းတယ်။ အဲဒီစာကလေးကြီးကို မုန်းတယ်။ အဲဒီအင်မော်တယ်ကို မုန်းတယ်”

အဘိုးရွှီက အော်ဟစ်လိုက်သည်။

သူက လက်လှမ်းလိုက်ပြီး လီရွှမ်ဖုန်းကို အနီးကပ်ဆွဲယူလိုက်ကာ သူ၏အသံကို နှိမ့်လိုက်ပြီး ပြောလိုက်သည်။

“ရွှီစန်းက တောင်ပေါ်စမ်းချောင်းဘေးမှာ အစေခံနှစ်ယောက် စကားပြောနေတာကို ကြားခဲ့တယ်။ သူတို့က… သူတို့က ကြီးမားတဲ့စာကလေးကို တလီတောင်မှာ လူတွေကိုစားသုံးဖို့ ဘယ်လိုဆွဲဆောင်ခဲ့လဲဆိုတာကို ပြောနေကြတာ။ သူတို့ရဲ့ရည်မှန်းချက်က ရွှေရောင်ထန်ဂိတ်ရဲ့ သခင်လေးအတွက် မီးတောက်တွေကနေ အမှောင်ချီကို စုဆောင်းဖို့ပဲ။ ရွှီစန်းက စကားလုံးတိုင်းကို ကြားခဲ့ပေမယ့် ကြောက်ရွံ့မှုက သူ့ကို ဆယ်စုနှစ်ပေါင်းများစွာ တိတ်ဆိတ်နေစေခဲ့တယ်။ ပြီးတော့ ရွှီစန်း... ရွှီစန်း... သေသွားပြီ... လူတိုင်းသေသွားကြပြီ”

အဘိုးရွှီသည် အသက်ကို နှစ်ကြိမ်ခန့် အသည်းအသန် ရှူရှိုက်လိုက်သည်။ သူ၏ မျက်လုံးအစုံတွင် သွေးများဆို့တက်လာခဲ့ပြီး သူသည် သွေးများကို အန်ထုတ်လိုက်ပြီးနောက် ဘေးသို့ စောင်းလျှက် လဲပြိုကျသွားခဲ့တော့သည်။ သူ၏လက်အစုံက လီရွှမ်ဖုန်း၏ ဘောင်းဘီစကို ခဏမျှ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားခဲ့ပြီး မကြာခင်မှာပင် ဆုပ်ကိုင်ထားမှုတို့ တဖြည်းဖြည်းချင်း လျော့ရဲသွားခဲ့တော့သည်။

လီရွှမ်ဖုန်းသည် သူ့ကို ကြောင်ငေးကြည့်နေခဲ့သည်။ ခဏအကြာမှ သူက တိုးတိုးလေးပြောလိုက်သည်။

“ပြီးတော့ အခု… ခင်ဗျားလည်း သေသွားပြီပဲ ရွှီစန်း”

ပူနွေးသောမျက်ရည်များသည် သူ၏ပါးပြင်ပေါ်သို့ စီးကျလာပြီး အဘိုးကြီးရွှီ၏ အေးစက်စက် အသက်မဲ့ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းသွားခဲ့သည်။ လီရွှမ်ဖုန်းသည် ရှိုက်ကြီးတငင်ဖြင့် စကားအနည်းငယ်ကို တိုးတိုးလေးပြောလိုက်ပြီး အဘိုးကြီး၏ ခန္ဓာကိုယ်ပေါ်သို့ မှောက်ကျကာ ကျယ်လောင်စွာ ငိုယိုလိုက်သည်။ သူသည် ဝမ်းနည်းပူဆွေးမှုနှင့် ဒေါသတို့ ရောနှောကာ ငိုယိုနေခဲ့ပြီး နောက်ဆုံးတွင် စိတ်လှုပ်ရှားမှုများကြောင့် သတိလစ်သွားတော့သည်။

All Chapters