← Chapters

အခန်း ၆၅

Vol. 7 Ch. 65

အခန်း ၆၅

Vol. 7 Ch. 65

အခန်း - (၆၅) မြေခွေးအိုကြီး နှစ်ယောက်

လီရွှမ်ဖုန်းသည် တက်သွားသည်အထိ သည်းသည်းမည်းမည်း ငိုကြွေးနေမိသည်။ သူသည် အဘိုးကြီးရွှီ၏ အသက်မဲ့နေသော ခန္ဓာကိုယ်ပေါ်တွင်မှောက်ကာ ရှိုက်သံများ အကုန်အစင် စဲသွားသည်အထိ အချိန်အတော်ကြာ နေနေခဲ့ပြီးမှ ဖြည်းညှင်းစွာ ပြန်လည် မတ်တတ်ရပ်လိုက်သည်။

သူသည် အဘိုးကြီးရွှီ၏ ဘယ်ဘက်ခြေထောက်ကို ဆွဲကိုင်လိုက်ပြီး သူ၏ခါးအမြင့်လောက်ရှိသော ကမ္ဗည်းတိုင်တစ်ခုဆီသို့ အဘိုးကြီး၏ခန္ဓာကိုယ်ကြီးကို ဆွဲသွားခဲ့သည်။ အဘိုးကြီး၏ အသက်မဲ့ခန္ဓာကိုယ်သည် အံ့ဩသင့်ဖွယ်ရာပင် ပေါ့ပါးနေခဲ့ပြီး ကလေးတစ်ယောက်ပင် အလွယ်တကူ ရွှေ့ပြောင်းနိုင်သော ထင်းပုံတစ်ပုံကဲ့သို့ ဖြစ်နေခဲ့သည်။

လီရွှမ်းဖုန်းသည် အဘိုးကြီးရွှီ၏ ကိုယ်အထက်ပိုင်းကို ကမ္ဗည်းတိုင်၌ မှီတင်ပေးလိုက်ပြီးနောက် နာကျင်မှုကြောင့် ရှုံ့တွတွန့်လိမ်နေသော အဘိုးကြီးရွှီ၏ မျက်နှာထားကို အစွမ်းကုန် ပြန်လည်ပြုပြင်ပေးလိုက်သည်။ အဘိုးကြီးရွှီ၏ နာကျင်နေသော ပုံရိပ်ကို လျော့ပါးစေရန်နှင့် နောက်ဆုံးခရီးတွင် အေးချမ်းသော အသွင်အပြင်မျိုး ရရှိစေရန် ရည်ရွယ်၍ ပြုလုပ်ပေးခြင်း ဖြစ်ပေသည်။

အဘိုးကြီးရွှီ၏ အငိုမျက်လုံး အပြုံးမျက်နှာကို စိုက်ကြည့်ရင်း လီရွှမ်ဖုန်း၏ နှုတ်ခမ်းအစုံမှ တိုးညင်းလှသော ရှိုက်သံတစ်ခု လွတ်ခနဲ ထွက်ပေါ်လာခဲ့သည်။ သူသည် ခေါင်းကို အလျှင်အမြန် လွှဲဖယ်လိုက်ပြီးနောက် ပါးပြင်တစ်လျှောက်တွင် မျက်ရည်များ စီးကျနေလျှက် တောင်ပေါ်ဆီသို့ ပြေးတက်သွားခဲ့တော့သည်။

နေရောင်ခြည်ကျဆင်းနေသော ခြံဝင်းအနီးသို့ ရောက်လာသောအခါ သူသည် မျက်ရည်များကို အလျှင်အမြန် သုတ်လိုက်ပြီး အတွင်းသို့မဝင်မီ သူ့ကိုယ်သူ ပြန်လည်တည်ငြိမ်သွားစေရန် ကြိုးစားလိုက်သည်။

ခြံဝင်းထဲသို့ ဝင်ရောက်သွားသောအခါ သားရေဝတ်ရုံကို ဝတ်ဆင်ထားသော မိန်းမငယ်လေးတစ်ယောက်ကို တွေ့လိုက်ရသည်။ သူမသည် စားပွဲတွင်ထိုင်နေပြီး သူမ၏လက်များထဲမှ နှင်းကဲ့သို့ ဖြူဖွေးသော ကြောင်လေးတစ်ကောင်ကို တတွတ်တွတ် စကားပြောနေခဲ့သည်။

နေရောင်ခြည်သည် ရွှင်မြူးစွာဖြင့် ပြုံးနေသော သူမ၏ လှပသော မျက်လုံးများပေါ်သို့ ဖြာကျနေခဲ့ပြီး ၎င်း၏တောက်ပမှုသည် တစ်ချက်ကြည့်ရုံမျှဖြင့် မည်သူ့ကိုမဆို စိတ်ဓာတ်မြှင့်တင်ပေးနိုင်လောက်ပေသည်။

သူမသည် လီရွှမ်ဖုန်း၏ အမွှာညီမဖြစ်ပြီး လီမိသားစုတွင် သူတို့မျိုးဆက်၏ တစ်ဦးတည်းသော မိန်းကလေးလည်းဖြစ်သော လီကျင်းထျန်းဖြစ်သည်။

လျိုရို့ရွှမ်းနှင့် လီထုန်ယာတို့တွင် လီရွှမ်းလင် အမည်ရှိသော သားတစ်ယောက် ရှိသော်လည်း သူသည် လက်ရှိတွင် စာသင်ကျောင်း၌ ပညာသင်ကြားနေသောကြောင့် လီကျင်းထျန်းသည် ခြံဝင်းထဲတွင် တစ်ယောက်တည်း ရှိနေခဲ့သည်။

“အစ်ကိုဖုန်းအာ”

သူမက နှုတ်ဆက်လိုက်ပြီး အဖြူရောင် ကြောင်လေးကို စားပွဲပေါ်တင်လိုက်ကာ သူ့ကို ပြုံးပြလိုက်သည်။

“နင့်ကို ဘယ်သူ အနိုင်ကျင့်လိုက်တာလဲ”

လီရွှမ်ဖုန်း မတုံ့ပြန်နိုင်မီမှာပင် အသံတစ်သံက သူတို့ကို ကြားဖြတ်ပြောလိုက်သည်။

“သူက ဒီပတ်ဝန်းကျင်မှာ အကြီးဆုံးအနိုင်ကျင့်တဲ့သူ ဖြစ်နေတာကို ဘယ်သူက သူ့ကို အနိုင်ကျင့်ရဲမှာလဲ”

ဆယ်ကျော်သက်အရွယ် လူငယ်လေးတစ်ယောက် ခြံဝင်းထဲသို့ ဝင်ရောက်လာခဲ့သည်။ သူ့တွင် အနည်းငယ် ရှည်လျားသော မျက်ခုံးများရှိပြီး လီချန်းဟူနှင့်တူသော အလွန်ညင်သာသော မျက်လုံးများ ရှိသည်။

“အစ်ကိုရွှမ်၊ သတင်းကောင်းတစ်ခုခုများ ရှိလို့လား”

လီကျင်းထျန်၏ မျက်လုံးများသည် တောက်ပလာခဲ့ပြီး လီရွှမ်ရွှမ်ထံသို့ ခုန်ဆွခုန်ဆွ လျှောက်သွားလိုက်ကာ သူ၏လက်ကို စိတ်အားထက်သန်စွာ ဆုပ်ကိုင်ရင်း မေးလိုက်သည်။

“အစ်ကို ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်းအဆင့်ရဲ့ မန္နာစွမ်းအင်သံသရာ ချက္ကရာကို စုစည်းဖွဲ့တည်နိုင်ခဲ့ပြီလား”

လီရွှမ်ရွှမ်သည် တုံ့ပြန်သည့်အနေဖြင့် ပြုံးရင်း ခေါင်းညိတ်လိုက်သော်လည်း လီရွှမ်ဖုန်းက တိတ်ဆိတ်သည်ကို သတိပြုမိလိုက်သည်။ သူက ကိုင်းညွတ်လိုက်ပြီး မေးလိုက်သည်။

“ဘာတွေ စိတ်အနှောင့်အယှက် ဖြစ်နေတာလဲ ဖုန်းအာ”

“သခင်ကြီးရွှီ ဆုံးသွားပြီ”

လီရွှမ်ဖုန်းက ညှိုးငယ်စွာ ပြန်ဖြေလိုက်သည်။

“ဘာ”

ထိုသတင်းသည် လီရွှမ်ရွှမ်ကို သိသိသာသာ တုန်လှုပ်သွားစေခဲ့ပြီး သူ၏ ပုံမှန် ညင်သာသောအပြုံးသည် မှေးမှိန်သွားခဲ့ကာ ပူဆွေးသောကများသည် သူ၏မျက်လုံးများတွင် ပြည့်နှက်သွားခဲ့သည်။ သူသည် နှုတ်ခမ်းများကို ဟလိုက်သော်လည်း ပြောရန် မည်သည့်စကားလုံးကိုမျှ မရှာဖွေနိုင်ခဲ့ပေ။

လီရွှမ်ရွှမ်သည် သူမမွေးဖွားမီမှာပင် သူ၏ဖခင်ကို ဆုံးရှုံးခဲ့ရသည်။ သူ၏အဘိုး လီမုထျန်းသည် သူ့ကို နက်နက်ရှိုင်းရှိုင်း ချစ်ခင်သော်လည်း အဘိုးကြီးသည် စကားနည်းသူတစ်ဦး ဖြစ်သည်။ သူသည် အမြဲတမ်း တည်ကြည်သောမျက်နှာထားဖြင့် တိတ်ဆိတ်စွာ ထိုင်နေလေ့ရှိသည်။ တစ်ခါတစ်ရံ လီရွှမ်ရွှမ်သည် သူ့ကိုလေးစားခြင်းက ပိုသလား၊ ချစ်ခြင်းကပိုသလားဟု သူ့ကိုယ်သူပင် မသေမချာခဲ့ပေ။

သူသည် အသက်အရွယ် တဖြည်းဖြည်း ကြီးပြင်းလာသည်နှင့်အမျှ လီရှန်းဖျင်၏ အနီးကပ် စောင့်ကြည့်ထိန်းကျောင်း လမ်းညွှန်မှုအောက်တွင် စဉ်ဆက်မပြတ် ရှိနေခဲ့ရလေသည်။ သို့သော် သူသည် ဦးလေးဖြစ်သူ၏ ရှေ့မှောက်တွင် အမြဲတမ်းအလိုလို စိတ်တင်းကြပ်နေမိပြီး တဒင်္ဂမျှပင် စိတ်လက်ပေါ့ပါးစွာ နေနိုင်နိုင်ခဲ့ပေ။

ဤနှစ်များတစ်လျှောက် သူ့ကို မြက်ပုရစ်များ ပြုလုပ်ပေးပြီး သူ၏ပုံများကို ဆွဲပေးကာ သူ၏ဖခင် လီချန်းဟူအကြောင်း ပုံပြင်များ ပြောပြခဲ့သူမှာ အဘိုးကြီးရွှီပင် ဖြစ်သည်။

လီရွှမ်ရွှမ်သည် ဝမ်းနည်းပူဆွေးမှုကြားမှ စိတ်တည်ငြိမ်မှုကို အလျှင်အမြန် ပြန်လည်ရရှိလိုက်သည်။ သူသည် လီရွှမ်ဖုန်း၏ပခုံးကို ပုတ်လိုက်ပြီး ပြောလိုက်သည်။

“ငါ့ကို သူ့ဆီကို ခေါ်သွားပေး”

xxxxxxxxxx

ယခုအခါ အနည်းငယ် ခါးကုန်းနေပြီဖြစ်သော လီချန်ဖူသည် မြင့်မားသော တံခါးခုံကို ကျော်ဖြတ်ကာ ခန်းမဆောင်အတွင်းသို့ ဝင်ရောက်လာခဲ့သည်။ ခန်းမအတွင်းတွင် တည်ကြည်သော မျက်နှာထားများဖြင့် အကြီးအကဲတစ်စုသည် အရေးကြီးသောကိစ္စအချို့ကို ဆွေးနွေးနေကြသည်။ သူတို့၏အစည်းအဝေးကို သြဇာကြီးမားသော အငွေ့အသက်များ ဖြာထွက်နေသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက အကြီးအမှူးအဖြစ် ဆောင်ရွက်နေခြင်းဖြစ်သည်။ မီးခိုးရောင် ဝံပုလွေသားရေဝတ်ရုံကို ဝတ်ဆင်ထားသော ထိုသူသည် လက်ဖက်ရည်ကို အမှတ်တမဲ့ တစ်ငုံချင်းသောက်ရင်း အာရုံစိုက်နားထောင်နေခဲ့သည်။

လီချန်ဖူသည်လည်း ဆံပင်များဖြူဖွေးနေသော အသက်အရွယ်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း ကံကောင်းစွာဖြင့် သူသည် အတော်လေး ကျန်းမာနေဆဲဖြစ်သည်။ သူက လူလတ်ပိုင်းအရွယ်အမျိုးသားထံ ချဉ်းကပ်သွားပြီး တိုးတိုးလေး သတင်းပို့လိုက်သည်။

“တာဝန်ခံ၊ အဘိုးကြီးရွှီ ကွယ်လွန်သွားပါပြီ”

လူလတ်ပိုင်းအရွယ်အမျိုးသားသည် မျက်ခုံးတစ်ဖက် ပင့်လိုက်ပြီး တိုးညင်းသောအသံဖြင့် တုံ့ပြန်လိုက်သည်။

“ပင်မမိသားစုက ဘာပြောလဲ”

“မိသားစုခေါင်းဆောင်ငယ်က သူ့ကို တောင်တွေထဲမှာ သင်္ဂြိုဟ်ဖို့ အမိန့်ပေးခဲ့ပါတယ်”

လူလတ်ပိုင်းအရွယ်အမျိုးသားသည် ခေါင်းညိတ်ခြင်းဖြင့် အသိအမှတ်ပြုလိုက်ပြီး ခဏတာမျှ တွေးတောပြီးနောက် လက်ဖက်ရည်ခွက်ကို ပြတ်သားစွာ ဘေးဖယ်ထားလိုက်သည်။

သူသည် စားပွဲရှိ အခြားသူများ၏ အာရုံစိုက်မှုကိုရရှိရန် လက်ခုပ်တီးလိုက်ပြီး ပြောလိုက်သည်။

“ငါတို့ ဒီနေ့အတွက် ဒီမှာပဲ ရပ်နားကြမယ်။ လီကျင်းတောင်ပေါ်မှာ အရေးကြီးတဲ့ကိစ္စတစ်ခု ရှိနေတယ်။ ဒါကြောင့် ခင်ဗျားတို့အားလုံး ပြန်နိုင်ပါပြီ”

လီယဲ့ရှန့်သည် တာဝန်ခံတစ်ဦးအဖြစ် သူ၏အခန်းကဏ္ဍကို ဆယ်နှစ်ကျော်ကြာ ထမ်းဆောင်ခဲ့သည်။ ယခုအခါ အသက်သုံးဆယ်အရွယ်သို့ ရောက်လာချိန်တွင် သူ၏ထံ၌ ခန့်ညားထည်ဝါသော အရှိန်အဝါများ ကိန်းအောင်းနေပြီ ဖြစ်သည်။

အနှစ်ခြောက်ဆယ်သက်တမ်းကို ကျော်လွန်ရန်ခက်ခဲသော ဤကမ္ဘာကြီးတွင် အသက် ၁၃ နှစ် သို့မဟုတ် ၁၅ နှစ်အရွယ်သည် တောင်များပေါ်တွင် အကောင်းဆုံးအသက်အရွယ်အဖြစ် ယူဆကြပြီး အိမ်ထောင်ပြုရန်သင့်တော်သော အသက်အရွယ်အဖြစ် သတ်မှတ်ခံထားရသည်။ သူ၏အကြီးဆုံးသား လီရှဲ့ဝမ်ပင်လျှင် ယခုနှစ်တွင် ၁၃ နှစ်အရွယ်ခန့် ရှိပြီဖြစ်သည်။

ရန်ဖျင်အန်းသည် ယခင်နှစ်က ရောဂါကြောင့် ဆုံးပါးသွားခဲ့ရာ ကျင်းယန်ရွာ၏ စီမံခန့်ခွဲရေးတာဝန်အလုံးစုံသည် လျိုလင်ဖုန်း၏လက်ထဲသို့ ကျရောက်သွားခဲ့သည်။

လီယဲ့ရှန့်၏ အစည်းအဝေးပြီးဆုံးကြောင်း ကြေညာသည်ကို ကြားသောအခါ လူစုခွဲသွားကြခဲ့ပြီး အခြားလူများသည် အစောင့်များ၏ သတိကြီးစွာ လိုက်ပါပို့ဆောင်မှုအောက်တွင် သူတို့၏အိမ်များဆီသို့ ပြန်သွားခဲ့ကြသည်။

နှစ်ယောက်တည်း ကျန်ရစ်သောအခါ လီယဲ့ရှန့်က လက်ဖက်ရည်ကို နောက်တစ်ငုံ သောက်လိုက်ပြီး ပြောလိုက်သည်။

“ရှဲ့ဝမ်ကို ဒီကိုခေါ်ခဲ့။ ငါတို့ မိသားစုခေါင်းဆောင်ဆီကို ဒီသတင်းပို့ဖို့ မေချယ်တောင်ကို သွားကြမယ်”

လီရှန်းဖျင်သည် မိသားစုကို ဆယ်စုနှစ်တစ်ခုကျော်ကြာ စီမံခန့်ခွဲခဲ့သည်။ ထို့ကြောင့် သူ့လက်အောက်တွင် အမှုထမ်းနေသူများက သူ့ကို မိသားစုခေါင်းဆောင်အဖြစ် သဘာဝကျစွာပင် ခေါ်ဝေါ်သမုတ်ကြသည်။

လီရှဲ့ဝမ် အခန်းထဲသို့ အပြေးအလွှားဝင်ရောက်လာသောအခါ လီချန်ဖူသည် လီယဲ့ရှန့်ကို မော့ကြည့်လိုက်ပြီး ပျော်ရွှင်မှုကြောင့် ဝင်းလက်နေသောမျက်နှာဖြင့် ပြောလိုက်သည်။

“မိသားစုခေါင်းဆောင်ငယ်က တံခါးပိတ် ကျင့်ကြံရာကနေ ထွက်လာပြီ။ ကျွန်တော့်သား ချုံယန်က တောင်ပေါ်မှာ သူ့ကို သွာတွေ့ခဲ့တယ်။ သူပြန်လာပြီး ကျွန်တော့်ကို ပြောတာက ရွှမ်ရွှမ်က အခု သူ့လောက် အားကောင်းနေပြီတဲ့”

လီရှန်းဖျင်၏ ဇွဲကောင်းစွာ သင်ကြားပေးမှုများက လီချန်းဟူ၏သားဖြစ်သော လီရွှမ်ရွှမ်သည် နောက်ဆက်ခံသူဖြစ်ကြောင်း လူတိုင်းကို ရှင်းလင်းသွားစေခဲ့သည်။ ဤအကြောင်းကြောင့်ပင် ရွာရှိလူတိုင်းသည် လီရွှမ်ရွှမ်ကို မိသားစုခေါင်းဆောင်ငယ်အဖြစ် ခေါ်ဝေါ်ကြသည်။

“ဂုဏ်ယူပါတယ် ဦးလေးဖူ”

လီယဲ့ရှန့်က ပြုံးရင်း လက်သီးဆုပ်ကာ အရိုအသေပေးလိုက်သည်။

လီချန်ဖူက နွေးထွေးစွာ ရယ်မောလိုက်ကာ ရိုသေစွာခွင့်တောင်းပြီး ထွက်ခွာသွားခဲ့သည်။

လီချန်ဖူ ထွက်ခွာသွားသည်နှင့် လီယဲ့ရှန့်သည် အေးစက်စွာ နှာမှုတ်လိုက်ပြီး လီရှဲ့ဝမ်ဘက်သို့ လှည့်ကာပြောလိုက်သည်။

“ငါ လီချန်ဖူကို ဘာလို့ဂုဏ်ပြုခဲ့လဲဆိုတာ မင်းသိလား”

သူက မေးလိုက်သည်။

“ကျွန်တော် မသိပါဘူး အဖေ…”

လီရှဲ့ဝမ်က ဖခင်ဖြစ်သူကိုကြည့်ရင်း နားမလည်နိုင်စွာဖြင့် ခေါင်းကုတ်ကာ ပြန်ဖြေလိုက်သည်။

“တကယ်တော့ ဦးလေးချန်ဖူက ကျွန်တော့်ကို အစ်ကိုရွှမ်ရဲ့ ကျင့်ကြံခြင်း တိုးတက်မှုတွေအကြောင်း နှစ်ပေါင်းများစွာ မေးမြန်းနေခဲ့တာ။ ကျွန်တော် သူ့ကို ပြောပြသင့်သလားလို့ မကြာခဏတွေးမိတယ်…”

လီယဲ့ရှန့်သည် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်သည်။ သူက မျက်မှောင်ကြုတ်ရင်း သူ့သားကို ဆုံးမလိုက်သည်။

“ငါ မင်းကို အချိန်တိုင်း အပြင်ထွက်နေမယ့်အစား ငါ့ဘေးမှာ သေသေချာချာလေ့လာဖို့ ပြောခဲ့တယ်။ ဒါပေမဲ့ မင်းက ဘယ်တော့မှ နားမထောင်ဘူး”

“လီရွှမ်ရွှမ်က ပင်မမိသားစုမှာ ဝိညာဉ်အပေါက်ပိုင်ဆိုင်တဲ့ တစ်ဦးတည်းသောသူပဲ။ လီရွှမ်ဖုန်းနဲ့ လီရွှမ်လင်တို့ရဲ့ အလားအလာက မသိနိုင်သေးဘူး။ လီချုံယန်က ကျင့်ကြံနေတာကြာပြီဆိုတော့ လီရွှမ်ရွှမ်ထက် ပိုပြီးမြန်မြန် တိုးတက်နေတယ်ဆိုရင် ပင်မမိသားစုက စိုးရိမ်လိမ့်မယ်လို့ မင်းထင်လား”

ထိုအချိန်မှာသာ လီရှဲ့ဝမ်၏စိတ်ထဲ၌ နောက်ဆုံးတွင် နားလည်သဘောပေါက်သွားခဲ့သည်။ သူက ခဏငြိမ်သက်သွားကာ တွေးတောပြီးနောက် ပြန်ဖြေလိုက်သည်။

“ကျွန်တော် သဘောပေါက်ပြီ။ အဖေစိုးရိမ်တာက အဖေတို့မျိုးဆက်ပြီးလို့ လီရွှမ်ရွှမ်နဲ့ လီချုံယန်တို့ပဲ ကျန်ခဲ့ရင် ပင်မမိသားစုက မျိုးရိုးခွဲရဲ့ အရိပ်လွှမ်းမိုးခံရမှာကိုပဲ…”

“အဲဒီလိုစိုးရိမ်ဖို့အတွက်ကတော့ စောလွန်းပါသေးတယ်”

လီယဲ့ရှန်းက လက်ဝေ့ယမ်းလိုက်ပြီး ပြတ်ပြတ်သားသား ကြားဖြတ်ပြောလိုက်သည်။

“ပင်မမိသားစုက အရှည်ကိုမျှော်တွေးတတ်တယ်။ လီချုံယန်ကို အခုချက်ချင်းတော့ ကြောက်စရာမလိုသေးဘူး။ ဒါပေမဲ့ ပင်မမိသားစုရဲ့ အစောင့်အရှောက်တွေအနေနဲ့ သတိထားဖို့က အရေးကြီးတယ်။ အကျပ်အတည်းတစ်ခုခု ပေါ်ပေါက်လာခဲ့ရင် ငါတို့အားလုံး ကံဆိုးမိုးမှောင်ကျလိမ့်မယ်။ ကံကောင်းစွာနဲ့ပဲ ရွှမ်အာက အလားအလာရှိတဲ့ အရည်အချင်းကို ပြသခဲ့ပြီး လီချုံယန်ရဲ့တိုးတက်မှုတွေက ငါတို့ကို မိသားစုအတွင်း အဆက်မပြတ် အားပြိုင်မှုကနေ အနည်းငယ် သက်သာရာရစေတယ်”

သူက ဆက်ပြောလိုက်သည်။

လီယဲ့ရှန့်သည် လက်ဖက်ရည်ကို တစ်ငုံသောက်ပြီးနောက် သူ၏သားကို မေးလိုက်သည်။

“ငါ မင်းကို မေးခွန်းတစ်ခုမေးမယ်။ လီရွှမ်ရွှမ်ရဲ့ ကျင့်ကြံခြင်းတိုးတက်မှုက နှေးကွေးနေခဲ့ရင် မင်းဘာလုပ်ရမလဲဆိုတာ သိလား”

လီရှဲ့ဝမ်သည် ခဏမျှစဉ်းစားပြီးနောက် မသေချာမရေရာစွာဖြင့် ပြန်ဖြေလိုက်သည်။

“လီချုံယန်က သူ့ရဲ့တိုးတက်မှုကို အလွန်အကျွံ ပြောနေသလား စစ်ဆေးကြည့်ရမှာလား”

“ဟုတ်တယ်။ မင်းလည်း သင်ယူနေတာပဲ။ မင်း ဒါကိုတွေးမိတာ အထင်ကြီးစရာကောင်းတယ်”

လီယဲ့ရှန့်က ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး ဆက်ပြောလိုက်သည်။

“လီချုံယန်သာ ငါတို့ကို သူ့ရဲ့တိုးတက်မှုအကြောင်း လိမ်လည်နေခဲ့ရင် မိသားစုခေါင်းဆောင်က သတိပြုမိမှာ မဟုတ်ဘူးလို့ မင်းထင်လို့လား။ အဲဒီမြေခွေးအိုကြီးက ဉာဏ်များလွန်းတယ်။ လှည့်စားဖို့ မလွယ်ဘူး။ သူက လီချုံယန်ကို သူ့ရဲ့ကျင့်ကြံခြင်းအရှိန်ကို လျှော့ချဖို့ပဲ ညွှန်ကြားလိမ့်မယ်။ ဒါက ငါတို့ကို ပြောင်းလဲနေတဲ့အခြေအနေတွေကို ပိုပြီး ကောင်းကောင်း အကဲဖြတ်နိုင်စေမှာပဲ။ ဒါကြောင့် ငါတို့အင်အားစုတွေကို ပြင်ဆင်ထားပြီး ပင်မမိသားစုရဲ့အမိန့်ကို ဆောင်ရွက်ဖို့ အသင့်ရှိနေရမယ်”

“လီရှဲ့ဝမ် အမြဲမှတ်ထားပါ။ ငါတို့မိသားစုက အရာအားလုံးကို ပင်မမိသားစုဆီမှာ မြှုပ်နှံထားတယ်။ ငါတို့ထဲမှာ အင်မော်တယ်ကျင့်ကြံသူတွေ မရှိတဲ့အတွက် ငါတို့ရဲ့တစ်ခုတည်းသော ရွေးချယ်မှုက ပင်မမိသားစုကို မှီခိုဖို့ပဲ။ …မဖြစ်သေးသရွေ့ပေါ့”

“ဘာမဖြစ်သေးသရွေ့လဲ အဖေ”

လီရွှမ်ရွှမ်နှင့်အတူ ကြီးပြင်းလာခဲ့ပြီး ရင်းနှီးသောဆက်ဆံရေးရှိသူ လီရှဲ့ဝမ်သည် မျက်မှောင်ကြုတ်လိုက်ပြီး အဖြေကိုသိရရန်အတွက် ဇွတ်အတင်းမေးမြန်းလိုက်သည်။

လီယဲ့ရှန့်၏ မျက်နှာအမူအရာသည် ထိတ်လန့်တုန်လှုပ်မှု အရိပ်အယောင်များနှင့်အတူ ချက်ချင်းပင် ညိုမှောင်သွားခဲ့ပြီး တုန်ရီနေသောအသံဖြင့် ပြန်ဖြေလိုက်သည်။

“ပင်မမိသားစုက ရာစုနှစ်တစ်ခုအတွင်း ဆုတ်ယုတ်သွားပြီးတော့ ဝိညာဉ်အပေါက်ပိုင်ဆိုင်တဲ့ ဆက်ခံသူ မရှိတာမျိုး ဖြစ်သေးသရွေ့ပေါ့”

All Chapters