အခန်း ၆၆
Vol. 7 Ch. 66
အခန်း - (၆၆) အရေးပေါ်အကူအညီ
လီရှန်းဖျင်သည် လီယဲ့ရှန့်ထက် တစ်နှစ်သာကြီးသော်လည်း သူ၏ အင်မော်တယ်ကျင့်ကြံခြင်းကြောင့် လီယဲ့ရှန့်ထက် အနည်းငယ်ပိုငယ်သည်ဟု ထင်ရပေသည်။ သူသည် ကျောက်သားထိုင်ခုံတစ်ခုပေါ်တွင် ခန္ဓာကိုယ်ကိုမှီလျှက် အနားယူနေရင်း သစ်သားပေလွှာတစ်ခုကို အသေအချာ အာရုံစိုက်ကာ ဖတ်ရှုနေလေသည်။
လီယဲ့ရှန်းနှင့် သူ၏သားသည် ဘေးတွင် ရိုသေစွာရပ်နေခဲ့ကြပြီး သူတို့၏အကြည့်များကို မြေပြင်ပေါ်သို့ ကျိုးနွံစွာ စူးစိုက်ထားကြသည်။
“ရွှမ်အာက သူသင့်တော်တယ်ထင်သလို စီစဉ်နိုင်တယ်။ အဘိုးကြီးရွှီက ငါတို့ လီမိသားစုအတွက် ကျေးဇူးရှိခဲ့တဲ့ လူတစ်ယောက်ပဲ။ ဒါကြောင့် သူ့ကို ကြီးကြီးမားမားဂုဏ်ပြုတာက သင့်တော်ပါတယ်”
လီရှန်းဖျင်သည် နောက်ထပ် စာကြောင်းအနည်းငယ်ကို ဆက်လက်ဖတ်ရှုပြီးနောက် မေးလိုက်သည်။
“တခြား ပြောချင်တာတစ်ခုခု ရှိသေးလား”
“မိသားစုခေါင်းဆောင်ငယ်က အဆင့်တက်နိုင်ခဲ့ပြီးတော့ လီချုံယန်ကလည်း တောင်ပေါ်ကို လာရောက်တွေ့ဆုံ ဂါဝရပြုနေပါတယ်”
လီယဲ့ရှန်းက ကျိုးနွံသော ကိုယ်ဟန်အနေအထားကို ထိန်းသိမ်းရင်း ပြန်ဖြေလိုက်သည်။ လီရှဲ့ဝမ်သည်လည်း သူ၏မျက်လုံးများကို ဟိုဟိုဒီဒီမကြည့်မိစေရန် သတိထားနေခဲ့ပြီး သူ၏အကြည့်ကို မြေပြင်ပေါ်တွင် စူးစိုက်ထားခဲ့သည်။
“ဟုတ်တာပေါ့”
လီရှန်းဖျင်သည် မျက်ခုံးတစ်ဖက် ပင့်လိုက်ပြီး သူ၏နှုတ်ခမ်းထက်တွင် အပြုံးရိပ်သန်းသွားခဲ့သည်။ ထို့နောက် သူက ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။
“လီချုံယန်က ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်း တတိယအဆင့်မှာ ပိတ်မိနေတာ ဘယ်လောက်ကြာပြီလဲ”
“သုံးနှစ်ပါ”
လီယဲ့ရှန့်က ထိုသတင်းအချက်အလက်များကို ကောင်းစွာပြင်ဆင်ထားသည်ဖြစ်ရာ ချက်ချင်းပင် ပြန်ဖြေလိုက်သည်။
“ကောင်းပြီ။ မင်းပြန်ရောက်ရင် လီချုံယန်ကို သူ့ရဲ့ကျင့်ကြံခြင်းမှာ အာရုံစိုက်ဖို့ပြောလိုက်ပြီး ဘယ်အနှောင့်အယှက်မှ မဝင်လာအောင် သေချာလုပ်ခိုင်းလိုက်”
လီရှန်းဖျင်က ပြုံးရင်း အကြံပေးလိုက်သည်။
“နားလည်ပါပြီ”
လီယဲ့ရှန်းက ခေါင်းညိတ်လိုက်ပြီး ဆက်ပြောလိုက်သည်။
“ဝမ့်မိသားစုက ဒီလလည်း ကျွန်တော်တို့ဆီက အကူအညီတောင်းပြန်ပါတယ်။ ရိက္ခာတွေနဲ့ ဆေးဝါးပစ္စည်းတွေ တောင်းဆိုနေတာပါ”
“အို”
လီရှန်းဖျင်၏ အမူအရာသည် အလေးအနက် စဉ်းစားတွေးတောနေသည့် အမူအရာအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
“ဝမ့်ရှောင်ဟွာက ဝိညာဉ်သန္ဓေသားနိုးထခြင်းအဆင့်ကို တက်ရောက်ပြီး ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်းအဆင့်ရဲ့အထွဋ်အထိပ်ကို ရောက်ရှိသွားပြီလို့ ငါကြားထားတယ်။ သူတို့က ဒီလိုအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတုန်းပဲဆိုတာကို တွေးကြည့်ရင်… ကျီတုန်းချီက တကယ်ပဲ အစွမ်းထက်တဲ့ လူတစ်ယောက်ပဲ။ ကောင်းပြီလေ။ သူတို့ရဲ့တောင်းဆိုမှုတွေက ကျိုးကြောင်းဆီလျော်သမျှ ကာလပတ်လုံး ငါတို့ သူတို့ကို ကူညီကြမယ်”
လီရှဲ့ဝမ်သည် ပြောဆိုနေသည်များကို ဘေးမှနေ၍ ဂရုတစိုက် နားထောင်နေခဲ့သည်။ လီရှန်းဖျင်သည် သူ့ကိုလှမ်းကြည့်လိုက်ပြီး ညင်သာစွာ မှတ်ချက်ချလိုက်သည်။
“ရှဲ့ဝမ်ကလည်း အခု လူကြီးတစ်ယောက် ဖြစ်နေပြီပဲ”
လီရှဲ့ဝမ်က အလျှင်အမြန် ဦးညွှတ်လိုက်ပြီး ပြောလိုက်သည်။
“နှုတ်ခွန်းဆက်ပါတယ် မိသားစုခေါင်းဆောင်”
“မနက်ဖြန် လီတောက်ခိုရွာကိုသွားပြီး ရွှီဝမ်ရှန်ကို ကူညီပေးလိုက်။ မင်း ရွာထဲမှာ တစ်နေကုန် ဘာမှမလုပ်ဘဲ အချိန်ဖြုန်းမနေသင့်တော့ဘူး”
လီရှန်းဖျင်က နွေးထွေးသောအပြုံးဖြင့် အကြံပြုလိုက်သည်။
ထို့နောက် သူက လီယဲ့ရှန့်ကို ကြည့်လိုက်ပြီး ပြောလိုက်သည်။
“ယဲ့ရှန့်၊ မင်း သူ့ကို အရမ်းအလိုလိုက်လွန်းတယ်”
လီယဲ့ရှန့်သည် အလျှင်အမြန်ပင် တောင်းပန်လိုက်သည်။ လီရှန်းဖျင်သည် ၎င်းကို ပယ်ချလိုက်သောအမူအရာဖြင့် ဝေ့ယမ်းလိုက်ပြီး လီယဲ့ရှန့်နှင့် လီရှဲ့ဝမ်တို့ကို ထွက်ခွာခွင့်ပေးလိုက်သည်။
သားအဖနှစ်ယောက်တို့သည် မေချယ်တောင်မှ တိတ်ဆိတ်စွာ ဆင်းလာခဲ့ကြသည်။ လီယဲ့ရှန့်သည် တောင်မှ ထွက်ခွာလာပြီးနောက် နောက်ဆုံးတွင် တိတ်ဆိတ်မှုကို ချိုးဖျက်လိုက်ပြီး ပြောလိုက်သည်။
“မင်းနဲ့ ရွှမ်ရွှမ်က ရင်းနှီးတဲ့ ဆက်ဆံရေးရှိတယ်။ မိသားစုခေါင်းဆောင်ကလည်း မင်းမှာ အလားအလာရှိတာကို မြင်တယ်။ ရွှီဝမ်ရှန်ရဲ့လက်အောက်မှာ သေသေချာချာလေ့လာပြီး သူ့ကို စိတ်အနှောင့်အယှက် မဖြစ်စေနဲ့။ ရွှီဝမ်ရှန်က ဉာဏ်ကောင်းတဲ့ လူတစ်ယောက်ပဲ။ သူ မင်းကို မျှမျှတတ ဆက်ဆံပါလိမ့်မယ်”
လီရှဲ့ဝမ်သည် မှုန်မှိုင်းသောအမူအရာဖြင့် မေးလိုက်သည်။
“မိသားစုခေါင်းဆောင်က ကျွန်တော့်ကို နောက်ဆုံးမှာ တာဝန်ခံတစ်ယောက် ဖြစ်လာစေဖို့ အဝေးပို့လိုက်တာလား”
လီယဲ့ရှန့်က ခေါင်းခါလိုက်ပြီး ပြန်ဖြေလိုက်သည်။
“အနည်းဆုံး ငါးနှစ်၊ အများဆုံး ခုနစ်နှစ်ပေါ့။ ငါ တာဝန်မထမ်းဆောင်နိုင်တော့ဘဲ လီရွှမ်ရွှမ်က မိသားစုကို ဦးဆောင်တဲ့အခါ မင်းကို ပြန်ခေါ်ပါလိမ့်မယ်။ စိတ်ရှည်ရှည်ထား။ ဒီအချိန်ကို မင်းရဲ့ကျွမ်းကျင်မှုတွေ တိုးတက်အောင်လုပ်ဖို့ အသုံးချလိုက်ပါ”
“အကြံဉာဏ်အတွက် ကျေးဇူးတင်ပါတယ် အဖေ”
ထိုအချိန် မေချယ်တောင်ပေါ်မှ ဂူထဲတွင်…
လီရှန်းဖျင်သည် ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်း စတုတ္ထအဆင့်တွင် သူ၏တိုးတက်မှု ရပ်တန့်နေသောကြောင့် စိတ်ရှုပ်ထွေးစွာဖြင့် မျက်မှောင်ကြုတ်လိုက်သည်။ လွန်ခဲ့သောငါးနှစ်အတွင်း ကြိုးစားပမ်းစား ကျင့်ကြံခဲ့သော်လည်း ကျောက်စိမ်းမြို့တော်အဆင့်ကို ရောက်ရှိမည့်လက္ခဏာများ မပြသသေးပေ။
လီထုန်ယာသည် တောက်ပဝိညာဉ်အမှုန့်ကို ရယူရန် ကြိုးစားခဲ့သော်လည်း ဝမ့်ထျန်းချောင်နှင့် တိုင်ပင်သောအခါ တစ်ခုလျှင် ဝိညာဉ်ကျောက်တုံးနှစ်ဆယ် ကုန်ကျကြောင်း သိရှိခဲ့ရသည်။ ဤဈေးနှုန်းဖြင့်ပင် ၎င်းတို့ကို ဈေးတွင် ရရှိနိုင်သည့်အခါတိုင်း အလျှင်အမြန် ရောင်းကုန်သွားလေ့ရှိသည်။ ၎င်းကိုရယူရန် လိုအပ်သောအဆက်အသွယ်များ မရှိသောကြောင့် သူသည် ထိုစိတ်ကူးကို လက်လျှော့ရန်မှလွဲ၍ တခြားရွေးချယ်စရာ မရှိခဲ့ပေ။
“မိသားစုခေါင်းဆောင်”
ဂူအပြင်ဘက်မှ အသံတစ်ခုက လီရှန်းဖျင်၏အတွေးများကို ဖြတ်တောက်လိုက်သည်။ အသက် ၁၁ နှစ်၊ ၁၂ နှစ်အရွယ်ခန့်ရှိသော ကလေးတစ်ယောက် ဂူထဲသို့ ဝင်ရောက်လာခဲ့သည်။ ၎င်းသည် ချန်အားနျို၏အငယ်ဆုံးသား ချန်တုန်းဟယ် ဖြစ်သည်။ သူသည် လွန်ခဲ့သော နှစ်အနည်းငယ်က ဝိညာဉ်အပေါက် ပိုင်ဆိုင်ကြောင်း တွေ့ရှိခဲ့ရပြီး ယခုအခါ မေချယ်တောင်ပေါ်ရှိ ဂူထဲတွင် လီရှန်းဖျင်၏ လမ်းညွှန်မှုအောက်၌ ကျင့်ကြံနေခဲ့သည်။
“ဘာကိစ္စလဲ”
လီရှန်းဖျင်က လွန်ခဲ့သော ဆယ်စုနှစ်အတွင်း တစ်ဦးတည်းသော ဝိညာဉ်အပေါက်ရှိသည့် ကလေးဖြစ်သော ကောင်လေးကို မျက်နှာမူရင်း မေးလိုက်သည်။
“ဝမ့်မိသားစုက ဝမ့်ထျန်းချောင်က မိသားစုခေါင်းဆောင်နဲ့တွေ့ဖို့ တောင်းဆိုနေပါတယ်”
“သူ့ကို ဝင်ခွင့်ပေးလိုက်”
လီရှန်းဖျင်သည် လက်ဖက်ရည်ပန်းကန်အစုံကို ထုတ်ယူလိုက်ပြီး ဝမ့်ထျန်းချောင်က မျက်မှောင်ကြုတ်ကာ ဂူထဲသို့ ဝင်ရောက်လာသည်ကို ကြည့်နေခဲ့သည်။ ချန်တုန်းဟယ်ကမူ လိမ္မာပါးနပ်စွာဖြင့် ထွက်ခွာသွားခဲ့သည်။
“ဘာကိစ္စနဲ့ ဒီကိုရောက်လာတာလဲ ညီအစ်ကိုဝမ့်”
သူက ပြုံးရင်းမေးလိုက်သည်။
ခါးသီးသော အပြုံးတစ်ခုသည် ဝမ့်ထျန်းချောင်၏ မျက်နှာပေါ်တွင် ဖြတ်ပြေးသွားခဲ့ပြီး သူက လီရှန်းဖျင်ကို လေးနက်စွာ ဦးညွတ်အရိုအသေပေးလိုက်သည်။
“ဒီလိုအချိန်မျိုးမှာ ပြုံးနိုင်သေးတာက ခင်ဗျားတစ်ယောက်တည်းပဲရှိတယ် ညီအစ်ကိုလီ။ ကျွန်တော့်မိသားစုက ကျီမိသားစုကို ချောင်းမြောင်းတိုက်ခိုက်ဖို့ စီစဉ်နေပါတယ်။ အရာအားလုံးက အရင်က သဘောတူထားတဲ့အတိုင်း ဆက်လက်လုပ်ဆောင်သွားမှာပါ”
လီရှန်းဖျင်သည် နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။
“ဘာလို့ ဒီလောက်အလျင်လိုရတာလဲ။ ကျွန်တော့် ဒုတိယအစ်ကိုက လွန်ခဲ့တဲ့တစ်ပတ်ကမှ တိမ်သရဖူတောင်ထွဋ်ကို အခွန်ဘဏ္ဍာတွေ ပို့ဆောင်ပေးခဲ့တာပဲ။ ဝမ့်မိသားစုလည်း တစ်ယောက်ယောက်ကို အဲဒီကို လွှတ်ခဲ့တယ် မဟုတ်ဘူးလား။ ဘာလို့ ဒီအချိန်မှာ ချောင်းမြောင်းတိုက်ခိုက်ချင်ရတာလဲ”
ဝမ့်ထျန်ချန်းက ဒေါသနှင့် စိတ်ပျက်အားငယ်မှုတို့ ရောနှောကာ ရှင်းပြလိုက်သည်။
“ကျီတုန်းချီက ဒီရက်တွေဟာ စိမ်းပြာရေအိုင်ဂိုဏ်းရဲ့ လရေကန်တောင်ထွဋ်က အခွန်ဘဏ္ဍာတွေ ကောက်ခံမယ့်အချိန် ဖြစ်တယ်ဆိုတာ ဘယ်လိုနည်းနဲ့ သိသွားလဲမသိဘူး။ သူက ကျွန်တော်တို့ရဲ့ ဟွာချန်တောင်ကို သုံးညဆက်တိုက် တိုက်ခိုက်ခဲ့တယ်။ အကြိမ်တိုင်း စီရင်စုထဲက ချီကျင့်ကြံခြင်းအဆင့်ကျင့်ကြံသူတွေ ကူညီဖို့မရောက်လာခင် နှစ်နာရီအတွင်း ဆုတ်ခွာသွားခဲ့ကြတယ်။ ဒီတိုက်ခိုက်မှုတွေက ကျွန်တော်တို့ကို အကြီးအကျယ် ပျက်စီးစေခဲ့တယ်။ သေမျိုး ရာပေါင်းများစွာနဲ့ အင်မော်တယ်ကျင့်ကြံသူ နှစ်ယောက်တောင်မှ ဆုံးရှုံးခဲ့ရတယ်”
“အခု ကျွန်တော်တို့ဝမ့်မိသားစုက ပြင်ဆင်ထားတဲ့ အခွန်ဘဏ္ဍာတွေကိုတောင် မဆက်သနိုင်တော့ဘူး။ ကျွန်တော်တို့ကို ချောက်ကမ်းပါးအစွန်းကို တွန်းပို့နေတာပဲ။ ဒီလိုအခြေအနေမှာ ဆယ်စုနှစ်တစ်ခုကျော်ကြာ ရှိနေခဲ့တာက ကျွန်တော်တို့ရဲ့အရံရိက္ခာတွေကို ကုန်ခမ်းစေခဲ့တယ်။ အခုချိန်မှာ အဆုံးအဖြတ်ပေးနိုင်တဲ့ တိုက်ပွဲတစ်ခု မတိုက်ခိုက်ခဲ့ရင် ကျွန်တော်တို့ ရပ်တည်နိုင်ဖို့ နောက်ထပ်အခွင့်အရေး ဘယ်တော့မှ ရနိုင်တော့မှာ မဟုတ်တော့ဘူး”
“ကောင်းပြီလေ”
လီရှန်းဖျင်သည် ထိုဆိုးရွားသောသတင်းကြောင့် အံကြိတ်ကာပြောလိုက်သည်။
“ကျွန်တော်တို့ အစီအစဉ်အတိုင်း ဆက်လုပ်ကြမယ်။ ဟွာချန်တောင်ရဲ့ မဟာအစီအရင် တည်ဆောက်ပြီးတာနဲ့ ကျွန်တော်က အဆောင်ကိုပစ်လွှတ်ပြီး ကျီတုန်းချီကို အဝေးကနေ တိုက်ခိုက်မယ်။ အောင်မြင်သည်ဖြစ်စေ၊ ကျရှုံးသည်ဖြစ်စေ အမွေအနှစ်အစီအရင်ကို လီမိသားစုဆီကို ပေးအပ်ရမယ်”
လီရှန်းဖျင်သည် ထိုသို့ပြောလိုက်စဉ် မျက်မှောင်ကြုတ်ကာ တစ်ခုခုမှားယွင်းနေသည်ကို အာရုံခံမိလိုက်သည်။ သူသည် သူ၏သံသယကို ထုတ်ဖော်ပြောလိုက်သည်။
“လရေကန်တောင်ထွဋ်က သူတို့ရဲ့အခွန်ဘဏ္ဍာတွေကို ငါးနှစ်တစ်ကြိမ် ကောက်ခံဖို့ အသေသတ်မှတ်ထားတဲ့နေ့ရက် ဘယ်တော့မှ မရှိခဲ့ဘူး။ ကျွန်တော်တို့က ရက်စွဲကိုအသိပေးဖို့ လူတွေကို အမြဲစောင့်နေရတာ။ ကျီတုန်းချီက တိကျတဲ့အချိန်အခါကို ဘယ်လိုနည်းနဲ့ သိနိုင်မှာလဲ။ စီနီယာရှောင်ဟွာက ဒီသတင်းကို ဖွင့်ချခဲ့တာများလား။ ညီအစ်ကိုထျန်းချောင် ဒီကိစ္စက နည်းနည်းတော့ မှားနေတယ်နော်”
ကနဦးတွင် သူ့မိသားစုထံမှစာ၏ အရေးတကြီးဖြစ်မှုကြောင့် အလုပ်များနေခဲ့သော ဝမ့်ထျန်းချောင်သည် သူ့ကိုယ်သူ တည်ငြိမ်အောင်လုပ်လိုက်ကာ အတွေးနက်ပြီး တိတ်ဆိတ်သွားခဲ့သည်။
အမြဲတမ်း သတိကြီးလှသော လီရှန်းဖျင်သည် နောက်ကွယ်ရှိ ပိုမိုနက်ရှိုင်းသော သက်ရောက်မှုများကို အာရုံခံမိလိုက်သည်။ ဝမ့်ထျန်းချောင်က အတွေးထဲတွင် နစ်မြောနေစဉ် လီရှန်းဖျင်သည် အသေးစိတ်အချက်အလက်များကို သူ့ဘာသာသူ တိတ်တဆိတ် တွေးတောနေမိသည်။
“ကျီမိသားစုမှာ ဝမ့်မိသားစုကို ဒီလောက်ယုံကြည်မှုရှိရှိနဲ့ ပစ်မှတ်ထားဖို့အတွက် အစွမ်းထက်တဲ့မဟာမိတ် ဒါမှမဟုတ် အားသာချက်တစ်ခုခု ရှိနေရမယ်။ ဝမ့်ရှောင်ဟွာက ထိတ်လန့်နေပြီး ငါတို့လီမိသားစုကို သူတို့ရဲ့ပဋိပက္ခထဲကို လျှင်လျှင်မြန်မြန်ပဲ ဆွဲသွင်းချင်နေတာ ဖြစ်နိုင်ခြေများတယ်။ ဒါပေမဲ့ ငါတို့ မိသားစုတွေကြားက နက်ရှိုင်းတဲ့ ဆက်နွယ်မှုတွေကို ထောက်ရှုလိုက်ရင် ငါတို့က ဝမ့်မိသားစု ကျဆုံးသွားမှာကို ဒီအတိုင်း ရပ်ကြည့်နေလို့မဖြစ်ဘူး…”
“ညီအစ်ကိုလီ”
ဝမ့်ထျန်ချောင်သည် ရုတ်တရက် နားလည်သဘောပေါက်မှုကြောင့် သူ၏မျက်နှာ ဖြူဖျော့သွားကာ ကြားဖြတ်ပြောလိုက်သည်။ တုန်ယင်သောအသံဖြင့် သူက ဆက်ပြောလိုက်သည်။
“ကျွန်တော် သံသယရှိတာက ကျီတုန်းချီက ဝမ့်မိသားစုမှာ အထောက်အပံ့ရှိတယ်ဆိုတာ သိထားပြီး ရဲတင်းတဲ့ အစီအစဉ်တစ်ခုနဲ့ ကျွန်တော်တို့ရဲ့ မဟာမိတ်တွေကို ဆွဲထုတ်ဖို့ တမင်တကာ ဖိအားပေးနေတာပဲ”
လီရှန်းဖျင်၏အမူအရာသည် မှောင်မိုက်သွားခဲ့ပြီး သူ၏အကြည့်များက အေးစက်စွာဖြင့် ကျိန်ဆဲလိုက်မိသည်။
“သောက်ကျိုးနည်း။ ဒါက ကျီတုန်းချီရဲ့ ရဲတင်းတဲ့အစီအစဉ်ပဲ မဟုတ်ဘူး။ ခင်ဗျားတို့မိသားစုခေါင်းဆောင် ဝမ့်ရှောင်ဟွာရဲ့ ရဲတင်းတဲ့အစီအစဉ်ဆိုလည်း ဟုတ်တယ်”
xxxxxxxxxx
လီရှန်းဖျင်သည် ဝမ့်ထျန်းချောင်ကို ပြန်လွှတ်လိုက်ပြီးနောက် သူတို့စကားဝိုင်းကြောင့် ပင်ပန်းနွမ်းနယ်ကာ စိတ်ရှုပ်ထွေးစွာဖြင့် သက်ပြင်းတစ်ချက် ချလိုက်သည်။ လီရွှမ်ရွှမ် ဂူထဲသို့ ဝင်ရောက်လာသောအခါ လီရှန်းဖျင်သည် ဝမ့်ထျန်းချောင်နှင့်သူ ပြောဆိုခဲ့သော စကားများကို သူ့အား ပြန်ပြောပြလိုက်သည်။
“ကျီတုန်းချီက အခွန်ဘဏ္ဍာကောက်ခံမှု အချိန်ဇယားအကြောင်းသိလို့ ဟွာချန်တောင်ကို တိုက်ခိုက်ခဲ့ပြီး ဝမ့်မိသားစုကို သူတို့ရဲ့တာဝန်တွေ ထမ်းဆောင်တာကနေ တားဆီးဖို့ ကြိုးစားခဲ့တယ်ဆိုရင် ဒါက သူတို့အနေနဲ့ ဝမ့်မိသားစုကို တစ်ကြိမ်တည်းနဲ့ အပြီးသတ်ရှင်းလင်းဖို့ တကယ်ပဲ ကြိုးစားနေတာလို့ ဆိုလိုတာပဲ။ သူတို့က ဝမ့်မိသားစုကို အကူအညီတောင်းခံစေခဲ့တယ် ဆိုတဲ့အချက်က သူတို့က ဝမ့်မိသားစုရဲ့ အထောက်အပံ့တွေအားလုံးကိုပါ ထောင်ချောက်ဆင်ဖို့ အစီအစဉ်တစ်ခု ရှိတယ်ဆိုတာကို ညွှန်ပြနေတယ်”
လီရွှမ်ရွှမ်သည် ခဏမျှ တွေးတောလိုက်ပြီးနောက် စိုးရိမ်စွာဖြင့် ခေါင်းမခါမိဘဲ မနေနိုင်ခဲ့ပေ။
“ဒီလိုဖြစ်ရင်တောင်မှ ကျွန်တော်တို့က ဝမ်မိသားစုကိုထောက်ပံ့ဖို့၊ ကြားဝင်စွက်ဖက်ဖို့ကလွဲပြီး တခြားရွေးချယ်စရာမရှိဘူး။ စီရင်စုကိုသွားဖို့က လမ်းကြောင်း တစ်ကြောင်းပဲရှိတယ်။ ဝမ့်မိသားစုသာ ကျရှုံးသွားခဲ့ရင် လီမိသားစုက တောင်တွေထဲမှာ ပတ်ပတ်လည်က အပိတ်ခံထားရလိမ့်မယ်။ ကျွန်တော်တို့က အပြင်လောကနဲ့ အဆက်အသွယ်ပြတ်သွားပြီး ကျီမိသားစုရဲ့ နှောင့်ယှက်မှုနဲ့ ဖိနှိပ်မှုတွေကို အလွယ်တကူ ခံရလိမ့်မယ်”
“ဟုတ်တယ်၊ ငါတို့ ကြားဝင်စွက်ဖက်ရမယ်”
လီရှန်းဖျင်က ခိုင်မာစွာကြေညာလိုက်သည်။
“ကျီတုန်းချီကို အဆုံးသတ်ဖို့မဟုတ်ဘဲ ဝမ့်မိသားစုအပေါ် ဝိုင်းရံထားမှုကို ဖောက်ဖျက်ဖို့ပဲ။ ကျီတုန်းချီရဲ့ တပ်ဖွဲ့တွေရဲ့ စစ်မှန်တဲ့အင်အားကို စစ်ဆေးပြီး ဒီလောက်ရဲတင်းနေရအောင် ဘာက တွန်းအားပေးနေလဲဆိုတာ ကြည့်ဖို့အချိန်တန်ပြီ”