အခန်း ၆၇
Vol. 7 Ch. 67
အခန်း - (၆၇) ကျီတုန်းချီ
တစိမ့်စိမ့်အေးသော ဆောင်းဦးလေပြေထဲတွင် ကျီတုန်းချီသည် သူ့ဖခင်၏နောက်တွင် ဒူးထောက်နေခဲ့ပြီး ဝမ့်မိသားခေါင်းဆောင်က သူ့ဖခင်၏ သွေးစွန်းနေသောမျက်နှာကို မထီမဲ့မြင်ဖြင့် မော့တင်ပြီးနောက် တံတွေးထွေးလိုက်သည်ကို တုန်ယင်စွာဖြင့် မျက်ဝါးထင်ထင် ကြုံတွေ့လိုက်ရသည်။
“ငါထင်တာကတော့ ကျီမိသားစုက ဒီလောက်ပဲရှိတာပဲ”
သူက မထီမဲ့မြင်ဖြင့် လှောင်ပြောင်လိုက်သည်။
ကျီတုန်းချီသည် သူ၏ခေါင်းကို ငုံ့ထားခဲ့သည်။ သူ့မျက်နှာပေါ်သို့ မျက်ရည်များ စီးကျလာခဲ့ပြီး သူ၏ ပါးလွှာသော ဆောင်းဦးအဝတ်အစားများနှင့် အောက်ရှိ ကြမ်းခင်းအုတ်ကြွပ်များကြားမှ စပ်ကြောင်းများကို စိုစွတ်သွားစေခဲ့သည်။
သူခေါင်းမော့လိုက်သောအခါ ဝမ့်မိသားစုခေါင်းဆောင်၏နောက်တွင် ရပ်နေသော ခမ်းနားစွာ ဝတ်စားထားသည့် လူငယ်တစ်ယောက်က သူ့ကို အေးစက်ပြီး လှောင်ပြောင်သောအပြုံးဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။
နောက်ပိုင်းတွင် ထိုလူငယ်က ဝမ့်မိသားစု၏ အနာဂတ်ခေါင်းဆောင် ဝမ့်ရှောင်ဟွာဖြစ်ကြောင်း သိရှိခဲ့ရသည်။
ဝမ့်ရှောင်ဟွာက မောက်မာစွာ ရပ်နေစဉ် ကျီတုန်းချီမှာမူ စိတ်ပျက်အားငယ်စွာဖြင့် ဒူးထောက်နေခဲ့ရသည်။
ထိုသို့သော အရှက်ရမှုမျိုးသည် သည်းမခံနိုင်စရာပင်ဖြစ်သည်။ ဝမ့်မိသားစု၏ ဟွာကျိုးတောင်ကို ရုတ်တရက်တိုက်ခိုက်မှုသည် လွန်ခဲ့သော သုံးနှစ်ကမှ တည်ဆောက်ပြီးစီးခဲ့သော အကာအကွယ်အစီအရင်ကို မျက်စိတစ်မှိတ်အတွင်း ကြေမွသွားစေခဲ့သည်။ သူတို့သည် ထိုစဉ်က ကျီမိသားစုခေါင်းဆောင်ကို သတ်ဖြတ်ကာ ကျီမိသားစုဝင်တိုင်းကို သူတို့၏အိပ်ရာထဲမှ ရိုင်းစိုင်းစွာ ဆွဲထုတ်ခဲ့ကြသည်။
လူအားလုံးပေါင်း ၂၉ ယောက်ရှိပြီး သူတို့အားလုံးသည် အိပ်စက်နေရာမှ ရုတ်တရက် ဆွဲထုတ်ခံရကာ ရှေ့ခြံဝင်းအပြင်ဘက်တွင် ဒူးထောက်ရန် အတင်းအကျပ် ဖိအားပေးခံခဲ့ရသည်။ သူတို့ကိုယ်တွင် စောင်များကိုသာ ပတ်ထားကာ ပါးလွှာစွာ ဝတ်ဆင်ထားရင်း ကျီတုန်းချီနှင့် သူ့ဖခင်တို့၏ အရှက်ရမှုကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသည်။
တစ်ချိန်က ကျီမိသားစု၏ အုပ်ချုပ်ခြင်းကိုခံခဲ့ရသော သေမျိုးတစ်စုသည် ခြံဝင်းနံရံ၏ အပျက်အစီးများနောက်ကွယ်တွင် ဒူးထောက်နေကြပြီး အင်မော်တယ်များအဖြစ် ကြည်ညိုလေးစားခံခဲ့ရသော မိသားစုတစ်ခု၏ အရှက်ရမှုကို မျက်မြင်တွေ့ကြုံခဲ့ကြသည်။ မိသားစုရှိအမျိုးသမီးများက စောင်များ ဆွဲချွတ်ခံရပြီး ကြောက်လန့်တကြားဖြင့် တိုးဝေ့ပူးကပ်နေကြရပြီး အမျိုးသားများမှာမူ ရက်ရက်စက်စက် နင်းခြေကန်ကျောက်ခြင်း ခံနေရသည်ကို သူတို့မြင်တွေ့ခဲ့ရသည်။
ညစဉ်ညတိုင်း ဤပုံရိပ်များဖြင့် ခြောက်လှန့်ခြင်းခံရသော ကျီတုန်းချီ၏ဒေါသများသည် အတိုင်းအဆမရှိတော့ပေ။ သူသည် ပါးပြင်ပေါ်တွင် မျက်ရည်များ စီးကျလာခဲ့ပြီး ထထိုင်လိုက်ကာ အသစ်တဖန် အားအင်များဖြင့် ကျင့်ကြံခြင်းတွင် နှစ်မြှုပ်လိုက်သည်။
ဝမ့်မိသားစုခေါင်းဆောင်၏ ရက်စက်ကြမ်းကြုတ်သော ကန်ချက်သည် သူ၏ဖခင်ကို သွေးအန်သွားစေခဲ့ပြီး မြေပြင်ပေါ်တွင် ပုံကျသွားစေခဲ့သည်။ ကျီတုန်းချီသည် စိတ်ပျက်အားငယ်စွာဖြင့် ထိုလူ၏ခြေထောက်ကို ဖက်တွယ်လိုက်ပြီး မျက်ရည်စက်လက်ဖြင့် တောင်းပန်ခဲ့သည်။
“ကျီမိသားစုက ခင်ဗျားတို့ရဲ့ သစ္စာရှိခွေးတစ်ကောင် ဖြစ်ပေးပါ့မယ်။ ကျွန်တော်တို့က ရွှေရောင်ထန်ဂိတ်မှာ ယွီမိသားစုကို ခင်ဗျားတို့အတွက် စောင့်ကြည့်ပေးပြီး နှစ်စဉ် အခွန်ဘဏ္ဍာတွေ ဆက်သပါ့မယ်…”
ထိုလူ၏ရယ်သံသည် ရက်စက်ကြမ်းကြုတ်လှပြီး သူသည် ကျီတုန်းချီကို သူ၏ပါးစပ်မှ သွားနှစ်ချောင်း ကျွတ်ထွက်သွားစေကာ ယိုင်လဲသွားစေလောက်အောင် အားပြင်းစွာဖြင့် ကန်ထုတ်လိုက်သည်။
“ငါတို့မိသားစုတွေက အစကတည်းက ရန်သူတွေပဲ။ ငါတို့ရဲ့ နယ်စပ်ပဋိပက္ခတွေမှာ လူတွေ မရေမတွက်နိုင်အောင် ကျဆုံးခဲ့ကြပြီးပြီ။ မင်းတို့မိသားစုနဲ့ ယွီမိသားစုကြားက မျှဝေထားတဲ့ နယ်စပ်သာမရှိခဲ့ရင် ဝမ့်မိသားစုက မင်းတို့ကို အချိန်အတော်ကြာကတည်းက ဖျက်ဆီးပစ်ခဲ့မှာပဲ။ မင်းတို့က ငါတို့ရဲ့သစ္စာရှိခွေးအဖြစ် အမှုထမ်းဖို့ ကမ်းလှမ်းတယ်။ ဒါပေမဲ့ ဝမ့်မိသားစုက မင်းလို အိမ်မွေးတိရစ္ဆာန်တစ်ကောင်ကို မထားရဲဘူး”
သူက လှောင်ပြောင်လိုက်သည်။
ဝမ့်ရှောင်ဟွာသည် ထိုလူ၏နောက်တွင် ရပ်နေပြီး မျက်နှာပေါ်တွင် ပြုံးစစဖြင့် သူ့ကို မထီမဲ့မြင် ကြည့်နေခဲ့သည်။
ထိုလူသည် ကျီမိသားစု၏ ဥစ္စာဓနများကို အပိုင်သိမ်းလိုက်ပြီး ဝမ့်မိသားစု၏ မောက်မာသော မိသားစုဝင်များနှင့်အတူ ထွက်ခွာသွားခဲ့ကာ အထီးကျန်ဖြစ်နေသော ဟွာကျိုးတောင်၊ ဂုဏ်သိက္ခာကျဆင်းသွားသော ကျီမိသားစု၊ သူတို့အပေါ် အမြင်ပြောင်းလဲသွားခဲ့သော သေမျိုးများနှင့် ခြံဝင်းထဲမှ အလောင်းပုံများကိုသာ ချန်ထားရစ်ခဲ့သည်။
သုံးရက်အကြာတွင် သူ၏ဖခင်သည် ဒဏ်ရာများကြောင့် ဆုံးပါးသွားခဲ့သည်။ သူ၏ ဆန်းကြယ်အသွင်ချက္ကရာ ကြေမွသွားခဲ့ပြီး ဝိညာဉ်ချီကို ပျံ့လွင့်သွားစေခဲ့သည်။ သူသည် သေရာညောင်စောင်းပေါ်တွင် လဲလျောင်းနေစဉ် အားနည်းစွာ ရေရွတ်နေရာ ငိုယိုနေသော ကျီတုန်းချီက သူ၏စကားလုံးများကို ကြားရစေရန်အတွက် အနီးကပ် ကိုင်းညွတ်ကာ နားထောင်လိုက်သည်။
“ငါ့အတွက်… လက်စားချေဖို့ မမေ့နဲ့”
၎င်းစကားလုံးများသည် သူ့ဖခင်၏ နောက်ဆုံးစကားများ ဖြစ်သည်။
ကျီတုန်းချီသည် သူ၏နှုတ်ခမ်းကို သွေးထွက်သည်အထိ ကိုက်လိုက်ပြီး မိသားစုခေါင်းဆောင်နေရာကို ယူခဲ့သည်။
သူသည် ခွဲခြားမှုမရှိဘဲ သတ်ဖြတ်ခြင်းကို စတင်ခဲ့တော့သည်။ သူ၏အကြည့်နှင့် တွေ့ဆုံဝံ့သော သေမျိုးများကိုပင် ကွပ်မျက်ပစ်ခဲ့သည်။ သူ၏လက်များသည် သွေးများဖြင့် စွန်းထင်းသွားသည်အထိ၊ ဝမ့်မိသားစုက ဟွာကျိုးတောင်သို့ တက်ရောက်ခဲ့သောညအကြောင်း မည်သူတစ်ဦးတစ်ယောက်မျှ နောက်တစ်ကြိမ် မပြောဝံ့တော့သည်အထိ သတ်ဖြတ်ပစ်ခဲ့သည်။
အသက် ၁၃ နှစ်အရွယ် ကျီတုန်းချီသည် သေမျိုးများ၏ ဦးခေါင်းများကို ရိုက်ခွဲရာတွင် စွဲလမ်းခဲ့သည်။ သူသည် သွေးမြင်ရသည်ကို နှစ်သက်ခဲ့သည်။
နောက်ထပ်နှစ်နှစ် ကုန်ဆုံးသွားပြီးနောက် ကျီတုန်းချီသည် စိတ်လှုပ်ရှားဖွယ်နှင့် စိတ်ပျက်ဖွယ် သတင်းနှစ်မျိုးလုံးကို လက်ခံရရှိခဲ့သည်။ ထိုလူသည် ချီကျင့်ကြံခြင်းအဆင့်ကို ရောက်ရှိခဲ့ပြီး အစီအရင်ပညာရပ်များတွင် အလွန်ကျွမ်းကျင်သော်လည်း တလီတောင်ပေါ်တွင် သူ့ရန်သူ၏လက်ချက်ဖြင့် သေဆုံးခဲ့ရသည်။
ဤအချက်သည် ဝမ့်မိသားစု၏ရွှေခေတ်ကို အဆုံးသတ်စေခဲ့ပြီး အသစ်ခန့်အပ်ခံရသော မိသားစုခေါင်းဆောင် ဝမ့်ရှောင်ဟွာက အင်အားကိုစုစည်းရန် ဗျူဟာကျကျ ဆုတ်ခွာသွားခဲ့သည်။ ဤသို့ဖြင့် အရှေ့ဘက်ရှိမြေသည် လုမိသားစုထံသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။
“ဒါက မလုံလောက်သေးဘူး… ဝမ့်ရှောင်ဟွာက ငါ့ထက် ပိုအရည်အချင်းရှိပြီး ဝမ့်မိသားစုရဲ့ အခြေခံအုတ်မြစ်က နက်ရှိုင်းတယ်။ ဒီလောက်နဲ့ မလုံလောက်သေးဘူး”
ရွှေရောင်ထန်ဂိတ်၏သခင်လေးက မိုးနှင့်မြေ၏ ဝိညာဉ်ချီအမျိုးအစားတစ်ခုကို ရှာဖွေရင်း လရှုစားကန်ဆီသို့ လာရောက် လည်ပတ်သောအခါ သူ့ထံသို့ ရွှေရောင်အခွင့်အရေးတစ်ခု ရောက်ရှိလာခဲ့သည်။
ကျီတုန်းချီသည် ထိုသခင်လေးနောက်သို့ သစ္စာရှိခွေးတစ်ကောင်ကဲ့သို့ လိုက်ပါခဲ့သည်။ သူသည် တည်ကြည်သောအစောင့်များ၏ အကြည့်အောက်တွင် ရွှေရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သစ်ပင်အောက်တွင် ပျင်းရိစွာ လှဲလျောင်းနေသော ငြီးငွေ့နေသည့်သခင်လေးကို ဖျော်ဖြေရန် ကြိုးစားခဲ့သည်။ နောက်ဆုံးတွင် သခင်လေးက ရယ်မောလိုက်ပြီး သူဘာလိုချင်သလဲဟု မေးလိုက်သည်။
ကျီတုန်းချီသည် ထိုမေးခွန်းမှာ သူဘာလိုချင်သလဲ ဆိုသည်မဟုတ်ဘဲ သူဘာကမ်းလှမ်းနိုင်သလဲ ဆိုသည်ဖြစ်ကြောင်း ကောင်းစွာသိရှိသည်။ ထို့ကြောင့် ကျီတုန်းချီသည် သူကဲ့သို့သော ခွေးတစ်ကောင်က ဘာမှမလိုချင်ကြောင်း၊ ယင်းအစား သူသည် သခင်လေးကို မိန်းကလေးတစ်ယောက် ကမ်းလှမ်းနိုင်ကြောင်း ပြောလိုက်သည်။
ကျီတုန်းချီက လေသံတိုးတိုးဖြင့် ရိုသေစွာ အဆိုပြုလိုက်သည်။
“အရှင့်သားက ထူးခြားတဲ့အရည်အချင်းနဲ့ ဝိညာဉ်အပေါက်ရှိတဲ့၊ စဉ်းစားပေးတတ်တဲ့ အမျိုးသမီးတစ်ဦး လိုအပ်ပါတယ်”
ထိုသို့ဖြင့် သူသည် အပြစ်ကင်းစင်ပြီး ဝိညာဉ်အပေါက်ရှိသော သူ၏ညီမကို ဆက်သခဲ့သည်။ သူမသည် အသက် ၁၂ နှစ်မျှသာ ရှိသေးပြီး အမြဲတမ်းရွှင်မြူးနေတတ်ကာ သူ့ကို “အစ်ကိုကြီး” ဟု ချစ်ခင်စွာ ခေါ်ဝေါ်တတ်သည်။
မိန်းကလေးသည် မျက်နှာကို လက်ဖြင့်အုပ်ထားကာ မျက်ရည်များ စီးကျနေခဲ့သည်။ အက်ကွဲနေသော်လည်း ပြတ်သားသောအသံဖြင့် သူမက ပြောလိုက်သည်။
“ကျွန်မလည်း အဖေ့အတွက် လက်စားချေချင်တယ် အစ်ကိုကြီး”
ထိုသို့ဖြင့် သူ၏ညီမလေးသည် ထိုသခင်လေးနှင့်အတူ ထွက်ခွာသွားခဲ့ပြီး သူ၏အစေခံ ဖြစ်လာခဲ့သည်။ ထို့နောက်တွင် ကျီမိသားစုသည် နှစ်စဉ် အသုံးဝင်သော ဆေးလုံးများနှင့် အရင်းအမြစ်များကို လက်ခံရရှိခဲ့သည်။
ကျီတုန်းချီသည် သူ့ကိုယ်သူ ကျင့်ကြံခြင်းတွင်သာ နှစ်မြှုပ်ထားခဲ့ပြီး နောက်ဆုံးတွင် ချီကျင့်ကြံခြင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။ ကျီမိသားစုသည် သူ၏အောင်မြင်မှုကို ပျော်ရွှင်မှုဖြင့်မဟုတ်ဘဲ စိတ်သက်သာရာရမှု မျက်ရည်များဖြင့် ဂုဏ်ပြုခဲ့ကြသည်။
သူသည် အိုမင်းသော်လည်း အစွမ်းထက်သော ကျင့်ကြံသူတစ်ဦးဖြစ်သည့် ချီကျင့်ကြံခြင်း အထွဋ်အထိပ်အဆင့်ရှိ ဝမ့်ရှောင်ဟွာ၏ဦးလေးကို ကျီမိသားစု တစ်ချိန်ကဆုံးရှုံးခဲ့သော မြေပေါ်တွင် ဖယ်ရှားခြင်းဖြင့် မိသားစုအတွက် ချက်ချင်း လက်စားချေခဲ့သည်။ ထိုအချိန်မှသာ ဟွာချန်တောင်ပေါ်တွင်ရှိနေသော ဝမ့်ရှောင်ဟွာသည် ကျောက်စိမ်းမြို့တော်အဆင့် ကျင့်ကြံသူတစ်ဦးသာဖြစ်ကြောင်း သိရှိခဲ့ရသည်။
ဝမ့်မိသားစု၏ ချီကျင့်ကြံခြင်းအဆင့် ကျင့်ကြံသူတစ်ဦး ရုတ်တရက်သေဆုံးမှုနှင့် ကျီတုန်းချီ၏ ဆယ်စုနှစ်အတွင်း ထိုအဆင့်သို့ မမျှော်လင့်ဘဲ တက်လှမ်းနိုင်မှုတို့သည် လူတိုင်းကို အံ့အားသင့်သွားစေခဲ့သည်။
သို့သော် ဝမ့်မိသားစု၏ဘိုးဘေး ဝမ့်ဟွာချန်သည် လိပ်ခွံကဲ့သို့ ခံနိုင်ရည်ရှိသော အစွမ်းထက်သော အစီအရင်တစ်ခုကို ချန်ထားရစ်ခဲ့သည်။ ကျီတုန်းချီသည် ဆယ်စုနှစ်တစ်ခုကျော်ကြာ ၎င်းကိုဖောက်ဖျက်ရန် အဆက်မပြတ် ကြိုးပမ်းခဲ့သော်လည်း အချည်းအနှီးသာဖြစ်ခဲ့သည်။ ဤအချိန်ကာလအတွင်း အနီးအနားရှိ ကလန်များထံမှ ဝမ့်မိသားစုကို စုစည်းညီညွတ်စွာ ထောက်ပံ့သည်ကို ကြည့်ရှုရင်း သူ့ကို မရေမတွက်နိုင်သော ညများတစ်လျှောက် အိပ်မပျော်စေခဲ့ဘဲ ဒေါသများဖြင့် ပြည့်နှက်စေခဲ့သည်။
လွန်ခဲ့သော ညအနည်းငယ်က ကျီတုန်းချီသည် သူ၏ညီမလေးထံမှ ရွှေရောင်ထန်ဂိတ်၏သခင်လေးက လရှုစားကန်သို့ လာရောက်လည်ပတ်မည်ဖြစ်ကြောင်း ပြောကြားထားသော စာတစ်စောင် လက်ခံရရှိခဲ့သည်။ သူသည် စာကိုအကြိမ်ကြိမ်ဖတ်ရှုရင်း အစီအစဉ်တစ်ခုကို ခေါင်းထဲတွင် ရေးဆွဲခဲ့သည်။
ထိုသခင်လေး နောက်ဆုံးတစ်ခေါက် လာရောက်ချိန်မှစ၍ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။ ထိုသူသည် မိုးနှင့်မြေ၏ ထိုမမြင်နိုင်သော ဝိညာဉ်ချီကို ရှာဖွေရန် လရှုစားကန်ဆီသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။ ကျီတုန်းချီသည် ထိုသခင်လေးကို အချိန်နှင့်အမျှ ဆွဲဆောင်နေသော ဝိညာဉ်ချီမျိုးအစားက မည်သည့်အရာဖြစ်သည်ကို နားမလည်နိုင်ခဲ့သော်လည်း ၎င်းကပေးအပ်သော အခွင့်အရေးကိုမူ သူသိရှိလိုက်သည်။
သူသည် သူ၏ညီမလေးကို ဝမ့်နှင့်ကျီ မိသားစုများကြားက သွေးကြွေးရန်ငြိုးကို ထုတ်ဖော်ပြောကြားရန်နှင့် သခင်လေး၏ ယှဉ်ပြိုင်လိုစိတ်များကို နှိုးဆော်ရန်အတွက် ဝမ့်မိသားစု၏ အစွမ်းထက်သော အစီအရင်၏အစွမ်းကို ချဲ့ကားပြောဆိုရန် ညွှန်ကြားခဲ့သည်။
အားရပါးရ ရယ်မောသံဖြင့် ထိုလူက ကြေညာလိုက်သည်။
“ဝမ့်ဟွာချန်ဆိုတာ ရာစုနှစ်ပေါင်းများစွာက ဂိုဏ်း ၃ ဂိုဏ်းက အသိအမှတ်ပြုခဲ့တဲ့ အစီအရင် ပါရမီရှင်တစ်ယောက်ပဲ။ ယွီအာအတွက် ငါ ဒီအစီအရင်ရဲ့အင်အားကို စမ်းသပ်ကြည့်မယ်”
ထိုသို့ဖြင့် ကျီတုန်းချီသည် လက်ထဲ၌ ဆေဘာရှည်တစ်လက်ကို ကိုင်ဆောင်ကာ ဟွာချန်တောင်ခြေရင်း၌ ရပ်တန့်လိုက်လေသည်။ သူ၏နောက်တွင်လည်း သားရေချပ်ဝတ်များ ဝတ်ဆင်ထားသည့် ကျီမိသားစုဝင်များ လိုက်ပါလာခဲ့ပြီး ဖြူဖွေးသော အလင်းရောင်စဉ်များ လွှမ်းခြုံတောက်ပနေသည့် တောင်ကြီးကို တိတ်ဆိတ်ငြိမ်သက်စွာဖြင့် စူးစိုက်ကြည့်နေကြတော့သည်။
“မင်းရဲ့အထောက်အပံ့က အခုဘယ်မှာလဲ ဝမ့်ရှောင်ဟွာ”
သူက တိုးတိုးလေး ရေရွတ်လိုက်သည်။
“ချီကျင့်ကြံခြင်းအဆင့် ကျင့်ကြံသူ ဘယ်လောက်များများ ရှိနေပါစေ ဝမ့်မိသားစုကို အခု မကယ်တင်နိုင်တော့ဘူး။ မင်းတို့ရဲ့ကျဆုံးမယ့်နေ့က ရောက်လာခဲ့ပြီ။ မင်းတို့ရဲ့ တပ်ကူတွေရော အထောက်အပံ့တွေကပါ မင်းတို့ရဲ့ကံကြမ္မာကို ပြောင်းလဲပေးနိုင်မှာ မဟုတ်တော့ဘူး”
ကျီတုန်းချီသည် ကံကြမ္မာ၏ အလှည့်အပြောင်းကို နက်နက်ရှိုင်းရှိုင်း ခံစားလိုက်ရသည်။ သူသည် ဟွာကျိုးတောင်ကို ကြိတ်ချေရန် အခိုက်အတန့်သာ လိုတော့သည်နှင့် သူ၏နောက်တွင် သူ၏ဖခင်နှင့် အဘိုးတို့၏ စောင့်ကြည့်နေသောအကြည့်များကို ခံစားနိုင်ပေသည်။
“ဒီတစ်ခါတော့ ကျီမိသားစုကို ရွှေရောင်ထန်ဂိတ်ရဲ့ အစွမ်းထက်တဲ့အင်အားနဲ့ ကျောထောက်နောက်ခံ ပြုထားတယ်။ မင်းတို့ရဲ့ စိတ်ကူးစိတ်သန်းတွေထက် ကျော်လွန်တဲ့ အထောက်အပံ့တစ်ခုပေါ့”
မျက်ရည်များ သူ၏မျက်နှာပေါ် စီးကျလာသည်နှင် သူ၏ အမူအရာအပေါ် အစဉ်အမြဲ ဖုံးလွှမ်းနေခဲ့ဖူးသော ကျိုးနွံနှိမ့်ချမှု အရိပ်အယောင်များ လုံးဝပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ယခုအခါတွင်မူ ထိုနေရာ၌ ထက်သန်ပြတ်သားလှသော စိတ်ပိုင်းဖြတ်မှုနှင့် နက်ရှိုင်းလှသော ကြေကွဲဝမ်းနည်းမှုတို့က အစားထိုး ဝင်ရောက်လာခဲ့လေသည်။ ထိုစိတ်ခံစားချက်လှိုင်းများက ခန္ဓာကိုယ် သေးငယ်ပိန်ပါးသော ကျီတုန်းချီအား မည်သူမျှ မလေးမခန့် မလုပ်ရဲလောက်သည့် တုန်လှုပ်ဖွယ် အရှိန်အဝါမျိုးကို ဆောင်ကြဉ်းပေးနေတော့သည်။