အခန်း ၆၉
Vol. 7 Ch. 69
အခန်း - (၆၉) တာအိုကျင့်ကြံသူ အဘိုးကြီး
လီရှန်းဖျင်သည် မျက်လုံးများကို မှိတ်လိုက်ပြီး ခဏတာမျှ အာရုံစူးစိုက်လိုက်သည်။ သူ၏မျက်နှာသည် သိသိသာသာ ဖြူဖျော့သွားခဲ့ပြီး နားလည်သဘောပေါက်မှု လှိုင်းလုံးတစ်ခုက သူ့အပေါ်သို့ လွှမ်းမိုးသွားကာ အံကြိတ်ရင်း တိုးတိုးလေး ပြောလိုက်သည်။
“ချီကျင့်ကြံခြင်းအဆင့် ကျင့်ကြံသူဆယ်ယောက်တောင်လား။ ငါတို့က အခု ဘယ်လိုလုပ်ပြီး ကြားဝင်စွက်ဖက်ရမှာလဲ။ ကျီမိသားစုက ဒီလောက်များတဲ့ အစွမ်းထက်ကျင့်ကြံသူတွေကို ဘယ်ကနေ ရှာတွေ့ခဲ့တာလဲ”
ကြေးမုံအတွင်းရှိ လုကျန်းရှန်းသည် အလယ်ရှိ အရှိန်အဝါကို ဝန်းရံထားသော အရှိန်အဝါခုနစ်ခုကို ကြည့်ရှုလေ့လာရင်း သူ၏စိတ်ထဲတွင် စိုးရိမ်မှုများ တိုးပွားလာနေကာ သတင်းအချက်အလက်များ ပိုမိုစုဆောင်းရန်အတွက် အရေးတကြီး ကြိုးပမ်းနေခဲ့သည်။
“ဒီမှာ ဘာတွေဖြစ်နေတာလဲ။ လီရှန်းဖျင်သာ သတိမထားဘဲ မဆင်မခြင် ပြေးဝင်သွားခဲ့ရင် မြန်မြန်ဆန်ဆန်ပဲ ရက်စက်ကြမ်းကြုတ်တဲ့ အဆုံးသတ်နဲ့ သေချာပေါက် ကြုံတွေ့ခဲ့ရမှာပဲ”
လရှုစားကန်ဆီမှ ထွက်ပေါ်လာသော အခြားချီကျင့်ကြံခြင်းအဆင့် ကျင့်ကြံသူတစ်ဦး၏အရှိန်အဝါကို ရှာဖွေတွေ့ရှိလိုက်သောကြောင့် သူ၏ အစောပိုင်းက စိတ်သက်သာရာရမှုသည် အချိန်ကြာကြီး မခံခဲ့ပေ။
လီရှန်းဖျင်သည် မျက်လုံးများကို မှိတ်လိုက်ပြီး အနီးနားရှိ အရှိန်အဝါများကို အာရုံခံလိုက်သည်။ သူသည်လည်း အဝေးတစ်နေရာရှိ လရှုစားကန်ဆီမှ ထွက်ပေါ်လာပြီး အနောက်ဘက်ဆီသို့ ရွေ့လျားနေဟန်ရသော အစွမ်းထက်သော အရှိန်အဝါတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။
လုကျန်းရှန်းသည် ထိုအရှိန်အဝါ၏ ထူးခြားသောဆွဲငင်အားကို မှတ်မိလိုက်သောအခါ ခေါင်းထဲတွင် အချက်ပေးသံတစ်ခု မြည်ဟည်းသွားခဲ့သည်။
“အဲဒီအရှိန်အဝါ… ဒါက လွန်ခဲ့တဲ့နှစ်တွေတုန်းက ငါအာရုံခံမိခဲ့တဲ့ လရှုစားကန်ကအရှိန်အဝါနဲ့ တစ်ထပ်တည်းပဲ။ ကြေးမုံကို ပြုပြင်နိုင်စွမ်းရှိတဲ့တစ်ခုပဲ”
ထိုချီကျင့်ကြံခြင်းအဆင့် ကျင့်ကြံသူထံမှ ထွက်ပေါ်လာသည့် လောဘဇောနှင့် ယုတ်မာကောက်ကျစ်မှုတို့ဖြင့် ပြည့်နှက်နေသော ထူးခြားသည့် အရှိန်အဝါသည် လုကျန်းရှန်း၏ ဝိညာဉ်အာရုံထဲ၌ စူးရှထင်ရှားလှသော အနီရောင်အချက်ပြမီးရှူးတန်ဆောင်ကြီးတစ်ခုကဲ့သို့ ရဲရဲတောက်တောက် လင်းထိန်နေလေရာ သူ၏စိတ်အတွင်းသို့ အတွေးပေါင်းစုံ တရဟော ဝင်ရောက်လာခဲ့တော့သည်။
“သံသယဝင်စရာ မလိုတော့ဘူး။ အဲဒီကျင့်ကြံသူက ငါ့ဆီကို လာနေတာပဲ။ သူက လရှုစားကန်မှာ ဆယ်နှစ်ကျော်ကြာ ဒီအချိန်ကို စောင့်ဆိုင်းနေခဲ့တာပဲ”
တစ်ချိန်တည်းမှာပင် လီရှန်းဖျင်သည် ခြိမ်းခြောက်နိုင်သည့်အရှိန်အဝါက ကြယ်ကြွေတစ်လုံးကဲ့သို့ သူ့ထံချဉ်းကပ်လာသောကြောင့် ရင်ထဲ၌ ထိတ်လန့်တုန်လှုပ်မှုလှိုင်းများ အလိပ်လိုက် တက်လာခဲ့ရသည်။ သူသည် တစ်ကိုယ်လုံး ချွေးစေးများပျံလာရင်း ဗီဇစိတ်၏နှိုးဆော်မှုအတိုင်း နတ်ဘုရားရွေ့လျားခြင်းအတတ်ကို သုံးလိုက်ပြီး မြောက်ဘက်ဆီသို့ လျှင်မြန်စွာ အရှိန်မြှင့်၍ ထွက်ပြေးသွားခဲ့တော့သည်။
“အဲဒီလူက ဘယ်သူလဲ။ သူက ဘယ်လိုလုပ်ပြီး အဝေးကနေတောင် ငါ့ကို တိတိကျကျ ခြေရာခံနိုင်နေရတာလဲ။ သောက်ကျိုးနည်း။ ဝမ့်မိသားစုက ငါ့ကို အကြီးအကျယ်ဒုက္ခပေးခဲ့တာပဲ”
လီရှန်းဖျင် အသည်းအသန် ပြေးလွှားနေစဉ် ထိုအတွေးများက သူ၏စိတ်ထဲတွင် အဆက်မပြတ် ပြေးလွှားသွားခဲ့သည်။
“ဒီလူက ငါ့ဆီကို ဦးတည်လာနေတာ။ ဒါဆို သူက ချီကျင့်ကြံခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ပဲ ဖြစ်ရမယ်။ သူ့ကို အနောက်ဘက်က ငါတို့အိမ်ဘက်ဆီကို ဦးဆောင်ခေါ်သွားဖို့က အန္တရာယ်များလွန်းတယ်။ ငါသေတာက တစ်ပိုင်းပဲ။ ဒါပေမဲ့ ငါ့မိသားစုကို အန္တရာယ်ဖြစ်စေတာက လက်မခံနိုင်တဲ့ ကိစ္စပဲ။ ကြေးမုံက ငါ့လက်ထဲမှာရှိနေတော့ သတိထားပြီး လုပ်ဆောင်ရမယ်”
xxxxxxxxxx
ဝမ့်ရှောင်ဟွာသည် အစီအရင်အပြင်ဘက်တွင် ရပ်နေသော ကျီတုန်းချီကိုကြည့်နေရင်း သူ၏မျက်လုံးများထဲမှ အမုန်းတရားများ လျှံထွက်နေခဲ့သည်။ သူ၏ဘေးတွင်မူ နဖူးပြင်ကျယ်ကျယ်နှင့် မောက်မာထောင်လွှားသော ပုံစံရှိပြီး အစိမ်းရင့်ရောင် ပိုးသားဝတ်ရုံကို ဆင်မြန်းထားသည့် အမျိုးသားတစ်ဦး ရပ်နေကာ သူက စိတ်မရှည်တော့ဟန်ဖြင့် သူ၏မကျေမနပ်ဖြစ်မှုကို လေသံမာမာဖြင့် ထုတ်ပြောလိုက်တော့သည်။
“ညီအစ်ကိုဝမ့်၊ လီမိသားစုက ဘာလို့ အခုထိ ဘာမှမလုပ်သေးတာလဲ။ မြေကမ္ဘာချိတ်ပိတ်ဟွာချန်အစီအရင် အသက်ဝင်လာတာနဲ့ သူတို့လှုပ်ရှားရမှာ မဟုတ်ဘူးလား”
“စိတ်ရှည်ပါ ညီအစ်ကိုဖျင်ယွမ်။ အချိန်အခါရောက်လာပါလိမ့်မယ်”
ထိုလူသည် လီထုန်ယာနှင့် တိမ်သရဖူတောင်ထွဋ်ပေါ်တွင် တွေ့ဆုံခဲ့ဖူးသော လုမိသားစု၏ အသစ်စက်စက် ချီကျင့်ကြံခြင်းအဆင့် ကျင့်ကြံသူပင်ဖြစ်သည်။ ဝမ့်မိသားစုသည် ကျီတုန်းချီ သေချာပေါက်ကျဆုံးစေရန်အတွက် သူ့ကို ကြီးမားသောတန်ကြေးဖြင့် ဖိတ်ခေါ်ခဲ့သည်။
ဝမ့်ရှောင်ဟွာသည် ရင်ထဲ၌ သံသယစိတ်များ လှည့်ပတ်နေသော်ငြားလည်း မျက်နှာထက်၌မူ မချိပြုံးတစ်ခုကို အားတင်း၍ အတင်းအကျပ် ပြုံးပြလိုက်ရသည်။
“လီရှန်းဖျင်က ဉာဏ်ကောင်းတဲ့ လူတစ်ယောက်ပါ။ ငါတို့ကျဆုံးတာရဲ့ ကြီးလေးမှုကို သူက ဘယ်လိုလုပ်ပြီး မမြင်နိုင်ရမှာလဲ။ ဝမ့်မိသားစု ကျဆုံးသွားခဲ့ရင် လီနဲ့လုမိသားစုတွေလည်း ကျီမိသားစုရဲ့ ကျူးကျော်ရန်စမှုတွေအောက်မှာ ကူကယ်ရာမဲ့ ဖြစ်သွားလိမ့်မယ်။ လုဖျင်ယွမ်လို အရူးတစ်ယောက်တောင်မှ ငါတို့ကို ထောက်ပံ့ပေးဖို့ လိုတယ်ဆိုတာကို မြင်နိုင်တယ်။ ဘာလို့ လီရှန်းဖျင်က မမြင်နိုင်ရတာလဲ”
ဝမ့်ရှောင်ဟွာ၏ စိတ်မသက်မသာဖြစ်မှုသည် ပိုမိုနက်ရှိုင်းသွားခဲ့ပြီး သူ့ကို သက်ပြင်းအရှည်ကြီးတစ်ချက် ချမိစေခဲ့သည်။
နောက်ထပ်နာရီဝက်ခန့် စောင့်ဆိုင်းပြီးနောက် လုဖျင်ယွမ်သည် သူ၏စိတ်ပျက်မှုကို မထိန်းချုပ်နိုင်တော့ဘဲ ထရပ်လိုက်သည်။ ဝမ့်ရှောင်ဟွာက သူ့ကို စိတ်အေးအေးထားရန် ကြိုးပမ်းမှုများကို လျစ်လျူရှုရင်း လွန်းပျံယာဉ်ကို အသက်သွင်းလိုက်ပြီး ကျီတုန်းချီနှင့်ရင်ဆိုင်ရန်အတွက် အစီအရင်အပြင်ဘက်ဆီသို့ ပျံသန်းထွက်သွားခဲ့သည်။
“ဟေး ကျီမိသားစုခေါင်းဆောင်၊ မင်း ဒီလိပ်ခွံကို ဘယ်လိုမှ ဖောက်ဖျက်နိုင်မှာမဟုတ်ဘူး။ ဒါကြောင့် ဒီတောင်ကိုဝိုင်းရံထားပြီး မင်းအချိန်တွေကို ဘာလို့ဖြုန်းနေရတာလဲ။ ဝမ့်မိသားစုက အခု လုမိသားစုရဲ့ အကာအကွယ်အောက်မှာ ရှိနေပြီ။ ဒီနေရာက ထွက်သွားလိုက်တော့။ ဒါဆို ငါ မင်းကို မတိုက်ခိုက်တော့ဘူး”
ထိုကြေညာချက်သည် ဝမ့်ရှောင်ဟွာနှင့် ကျီတုန်းချီ နှစ်ဦးလုံးကို အံ့အားသင့်သွားစေခဲ့ပြီး ခဏတာမျှ ဆွံ့အသွားစေခဲ့သည်။ ဝမ့်ရှောင်ဟွာသည် လုဖျင်ယွမ်၏ မိုက်မဲမှုကြောင့် ပြောစရာစကားမဲ့သွားခဲ့ရသည်။
“သူ့လို အရူးတစ်ယောက်က ချီကျင့်ကြံခြင်းအဆင့်ကို ဘယ်လိုရောက်ရှိခဲ့တာလဲ။ ဘဝကြီးက မမျှတလိုက်တာကွာ”
ကျီတုန်းချီသည် သူ၏မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး သူ့ဘာသာသူ ရေရွတ်လိုက်သည်။
“ငါ့ရဲ့အတွင်းခံဘောင်းဘီမှာတောင် ဒီအရူးထက် ဦးနှောက်ဆဲလ်တွေ ပိုများလောက်သေးတယ်”
ကျီတုန်းချီသည် သူ၏ဆေဘာကို မြှောက်လိုက်ပြီး ရှေ့သို့တိုးရန် ပြင်ဆင်လိုက်စဉ် ရယ်မောသံတစ်ခုက လေထုကို ထိုးဖောက်ဝင်ရောက်လာခဲ့သည်။ ရွှေရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော အမျိုးသားတစ်ယောက်သည် သူ၏အဖွဲ့နှင့်အတူ ပေါ်ထွက်လာခဲ့ပြီး လုဖျင်ယွမ်ကို လက်ညှိုးထိုးကာ အလွန်ရယ်စရာကောင်းဟန်ဖြင့် သူ၏ဗိုက်ကိုနှိပ်ထားကာ ရယ်မောနေလိုက်သည်။
“ဟားဟားဟားဟား။ ဒါက တကယ့်ကို ရယ်စရာကောင်းတာပဲ။ ငါ့ထက်ပိုမောက်မာတဲ့ တစ်ယောက်ယောက်ရှိတယ်ဆိုတာ ယုံတောင်မယုံနိုင်ဘူး”
ဝမ့်ရှောင်ဟွာသည် အစီအရင်အတွင်းမှနေ၍ ကောင်းကင်ယံထက်သို့ မော့ကြည့်လိုက်လေသည်။ ထိုကျင့်ကြံသူများ ရုတ်တရက် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခြင်းကြောင့် သူ၏ မျက်နှာထက်မှ သွေးရောင်များ ချက်ချင်းပင် ယုတ်လျော့ဖြူဖျော့သွားခဲ့ရပြီး ရင်ထဲ၌လည်း နှလုံးသားတစ်ခုလုံး လျှောကျသွားသလို ခံစားလိုက်ရကာ စိတ်ထဲ၌ အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားခဲ့ရတော့သည်။
“တစ်၊ နှစ်၊ သုံး… ရှစ်ယောက်… သူတို့အားလုံးက… ချီကျင့်ကြံခြင်းအဆင့် ကျင့်ကြံသူတွေပဲ… ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ထိုအခြေအနေကြောင့် လွှမ်းမိုးခံလိုက်ရသော သူသည် စိတ်လှုပ်ရှားမှုကြောင့် သွေးများ အန်ထုတ်လုနီးပါး ဖြစ်သွားခဲ့ရပြီး အတော်လေးအားထုတ်၍ အနိုအော်ခေါ်လိုက်ရသည်။
“ယွမ်ခိုင်၊ ဝမ့်ယွမ်ခိုင်”
ဝမ့်ယွမ်ခိုင်သည် မိသားစုခေါင်းဆောင်ကို ကူညီပေးရန် အပြေးအလွှားရောက်ရှိလာခဲ့သည်။ သူ၏မျက်နှာထက်တွင် စိုးရိမ်မှုများဖြင့် ပြည့်နှက်နေခဲ့ကာ သူ၏မျက်လုံးများက နီရဲကာ တုန်ယင်နေခဲ့သည်။
“ယွမ်ခိုင် ရောက်ပါပြီ မိသားစုခေါင်းဆောင်”
ဝမ့်ရှောင်ဟွာသည် အသက်ကို တစ်ဝကြီး ရှုသွင်းလိုက်ပြီး မှုန်ကုပ်စွာဖြင့် ပြောလိုက်သည်။
“ ဒီနေ့က ဝမ့်မိသားစုအတွက် အဆုံးသတ်ဖြစ်သွားမှာကို ငါစိုးရိမ်မိတယ်။ လီရှန်းဖျင် ပျောက်ဆုံးနေတာက သူလည်း ဒုက္ခရောက်နေတယ်ဆိုတာကို ညွှန်ပြနေတယ်”
“ငါတို့ရဲ့ မိသားစုဝင်တွေကိုခေါ်လိုက်။ အစီအရင် ယိုင်နဲ့သွားခဲ့ရင် ဖမ်းဆီးခံရတာကို ရှောင်ရှားဖို့ လီနဲ့လုမိသားစုတွေဆီကို လူခွဲပြီး ထွက်ပြေးရမယ်”
ဝမ့်ရှောင်ဟွာ၏မျက်နှာသည် ဖြူဖျော့နေသော်လည်း သူ၏အတွေးများက ထက်ရှပြီး အာရုံစူးစိုက်ထားဆဲဖြစ်သည်။ သူသည် သူ၏မျက်နှာကို တစ်ချက်ရိုက်လိုက်ပြီး ပြောလိုက်သည်။
“မဟုတ်သေးဘူး။ ကျီတုန်းချီက ဝမ့်မိသားစုကို ဒီလောက်လွယ်လွယ်နဲ့ လွှတ်ပေးမှာမဟုတ်ဘူး။ ငါ့အမိန့်ကို သွားထုတ်ပြန်လိုက်။ ဝိညာဉ်အပေါက်ရှိတဲ့ အသက် ၇ နှစ်နဲ့ ၁၅ နှစ်ကြားက တိုက်ရိုက်မျိုးဆက်တွေပဲ အနောက်ဘက်ကို ဦးတည်သွားရမယ်။ ငါတို့ ပင်မမိသားစုက လူတွေအပါအဝင် ကျန်တဲ့သူတွေက တောင်ကို ကာကွယ်ရမယ်။ အစီအရင် ပျက်စီးသွားခဲ့ရင် ငါတို့ လူခွဲပြီး ထွက်ပြေးမယ်။ ကျီတုန်းချီက ငါတို့ကို လုံးဝဖျက်ဆီးပစ်ဖို့ ရည်ရွယ်နေတာ။ မျိုးရိုးခွဲက မိသားစုတွေရဲ့ ကလေးတွေအတွက်တော့…”
သူ့စကားမဆုံးမီပင် အစီအရင်သည် ရုတ်တရက် ပြင်းထန်စွာတုန်ခါသွားခဲ့ပြီး ကြောက်မက်ဖွယ်ရာ သွေးမိုးရွာသွန်းလာခဲ့သည်။ လုဖျင်ယွမ်၏ အသနားခံသံများသည် အချည်းနှီးသာ ဖြစ်သွားခဲ့ပြီး ရွှေရောင်ဝတ်ရုံဝတ်အမျိုးသားက သူ့ကို ကြောက်မက်ဖွယ်ရာ ဆုတ်ဖြဲပစ်လိုက်သည်။
ရွှေရောင်ဝတ်ရုံဝတ်အမျိုးသားသည် သူ၏သိုလှောင်အိတ်ကို ကောက်ယူလိုက်ကာ ၎င်းကို ဝိညာဉ်အာရုံဖြင့် စစ်ဆေးကြည့်ရှုလိုက်ပြီး စက်ဆုပ်ရွံရှာစွာဖြင့် မျက်မှောင်ကြုတ်ကာ ကျိန်ဆဲလိုက်သည်။
“အာ မွဲလိုက်တဲ့အကောင်”
သူသည် တောက်ပနေသော မြေကမ္ဘာချိတ်ပိတ်ဟွာချန်အစီအရင်ကို လှမ်းကြည့်လိုက်ပြီး ကြက်သွေးရောင်မီးတောက်များဖြင့် တောက်လောင်နေသော ဆေဘာရှည်တစ်ချောင်းကို ထုတ်ယူလိုက်သည်။ သူက ပြုံးစစဖြင့် ပြောလိုက်သည်။
“ဝမ်ဟွာချန်ရဲ့လက်ရာကို စမ်းကြည့်ခွင့်ပြုပါ”
xxxxxxxxxx
လီရှန်းဖျင်၏ လွတ်မြောက်ရန် ကြိုးပမ်းမှုသည် ရုတ်တရက် အေးစက်သော လေပြေတစ်ခုကြောင့် ရုတ်ချည်းရပ်တန့်သွားခဲ့ရသည်။ လွန်းပျံယာဉ်ပေါ်မှ တာအိုဝတ်ရုံဝတ် အကြီးအကဲတစ်ဦးသည် သူ၏လမ်းကို ပိတ်ဆို့ထားလိုက်သည်။ သူက မြင်းမြီးကြာပွတ်ကို ညင်သာစွာ ဝေ့ယမ်းလိုက်ပြီး ပြုံးရင်းမေးလိုက်သည်။
“ဘယ်ကိုများ ဒီလောက် အလျှင်စလိုသွားနေတာလဲ တာအိုရောင်းရင်း”
ကြေးမုံထဲတွင်ရှိနေသော လုကျန်းရှန်းသည် တုန်လှုပ်သွားခဲ့သည်။ သူသည် ထိုအကြီးအကဲထံမှ ထူးဆန်းသော ဆွဲငင်အားတစ်ခုကို ခံစားလိုက်ရပြီး ၎င်းက သူတို့နှစ်ဦးကို မမြင်နိုင်သော ကြိုးမျှင်တစ်ချောင်းဖြင့် ချိတ်ဆက်ထားသကဲ့သို့ ဖြစ်နေတော့သည်။ ထိုအချိန်တွင် သူသည် တစ်ခုခု နားလည်သဘောပေါက်သွားခဲ့သည်။
“ဒီလူက ချီကျင့်ကြံခြင်း အလယ်အဆင့်မှာပဲ။ သူ့ရဲ့အရှိန်အဝါကို ကြည့်ရတာ သူက ပဉ္စမမြောက် ဒါမှမဟုတ် ဆဋ္ဌမမြောက် ကောင်းကင်ဘုံအလွှာကို ရောက်ရှိနေပြီးသား ဖြစ်ရမယ်။ မကောင်းတော့ဘူး”
လီရှန်းဖျင်က အံကြိတ်ကာ မေးလိုက်သည်။
“ခင်ဗျား ဘယ်သူလဲ။ ဘာလို့ ကျွန်တော့်လမ်းကို ပိတ်ဆို့ထားရတာလဲ”
ထိုအဘိုးကြီးက ရယ်မောလိုက်ပြီး တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
“လရှုစားကန်ကို အနှစ်သုံးဆယ်နီးပါး ငါစောင့်ကြပ်ခဲ့တာ။ နောက်ဆုံးတော့ မင်းရောက်လာပြီပဲ တာအိုရောင်းရင်း”
သူသည် ထိုသို့ပြောပြီး တောက်ပကာ နှင်းကဲ့သို့ဖြူဖွေးသော ကျောက်စိမ်းဆွဲသီးတစ်ခုကို ထုတ်ယူလိုက်သည်။ ၎င်း၏အောက်ခြေရှိ ပန်းပွားများသည် မမြင်နိုင်သော ကြိုးတစ်ချောင်းဖြင့် ချည်နှောင်ထားသကဲ့သို့ လီရှန်းဖျင်ကို တည့်တည့်ညွှန်ပြနေခဲ့သည်။
“ပစ္စည်းကို အေးအေးဆေးဆေး ထုတ်ပေးမယ်ဆိုရင် အနည်းဆုံးတော့ မင်းအလောင်းကို ပုံစံမပျက်အောင် ထားပေးပါ့မယ် တာအိုရောင်းရင်း”