အခန်း ၇၀
Vol. 7 Ch. 70
အခန်း - (၇၀) အန္တရာယ်
တာအိုကျင့်ကြံသူအဘိုးကြီးသည် အောင်မြင်မှုက သူ၏လက်တကမ်းတွင် ရှိနေပြီဖြစ်သောကြောင့် လက်ဟန်တစ်ခုကို ပြုလုပ်လိုက်ပြီး အေးအေးလူလူ သက်သောင့်သက်သာဖြင့် မန္တန်တစ်ခုကို အသုံးပြုလိုက်သည်။ သူသည် သူ၏ဘယ်ဘက်လက်ကို ဆန့်ထုတ်လိုက်ပြီး မျက်စိကျိန်းစဖွယ် အဖြူရောင်အလင်းတန်းတစ်ခုကို ထုတ်ဖော်လိုက်သည်။ သူသည် ထိုတစ်ချိန်လုံး ကျေနပ်သောအပြုံးကို ဆင်မြန်းထားခဲ့သည်။
လီရှန်းဖျင်သည် သူ၏ပိုင်ဆိုင်မှုများထဲမှ အဝါရောင်အဆောင်တစ်ခုကို ဆွဲထုတ်လိုက်ပြီး ၎င်းကို သူ့ကိုယ်သူ ကပ်လိုက်သည်။ စင်ကြယ်သော အဖြူရောင်အလင်းဒိုင်းတစ်ခုသည် သူ၏ပတ်ပတ်လည်တွင် ပေါ်ထွက်လာခဲ့ကာ သူသည် စကားတစ်ခွန်းမျှမပြောတော့ဘဲ လှည့်ထွက်ကာ ရေကန်ရှိရာဘက်ဆီသို့ ထွက်ပြေးသွားခဲ့သည်။
တာအိုကျင့်ကြံသူအဘိုးကြီးသည် သူ၏ခါးရှိ သိုလှောင်အိတ်ကို တည်ငြိမ်စွာပုတ်လိုက်ပြီး ကျောက်စိမ်းဆွဲသီးကို သိမ်းဆည်းလိုက်ကာ လီရှန်းဖျင်၏နောက်သို့ အပြုံးဖြင့် လိုက်ပါသွားခဲ့သည်။ သို့သော် သူ၏ သေးငယ်သောမျက်လုံးများသည် တစ်ဖက်လူ၏ လှုပ်ရှားမှုတိုင်းကို ခြေရာခံရင်း သတိထားနေခဲ့သည်။
စိတ်ထဲတွင် သူက တွေးတောမိသည်။
“သူသုံးလိုက်တဲ့အဆောင်က စိမ်းပြာရေအိုင်ဂိုဏ်းက အဆောင်တွေနဲ့တူတယ်။ ဂိုဏ်းနှစ်ဂိုဏ်းက လွန်ခဲ့တဲ့ အချိန်အကြာကြီးကတည်းက သဘောတူညီချက် ယူထားခဲ့ကြတာ မဟုတ်ဘူးလား။ လရှုစားကန်ကနေ မှိုတောလွင်ပြင်တစ်လျှောက်မှာရှိတဲ့ စိမ်းပြာရေအိုင်ဂိုဏ်းက တပည့်တွေက အခုအချိန်မှာ ထွက်ခွာသွားသင့်ပြီ မဟုတ်ဘူးလား”
“မဟုတ်သေးဘူး။ သူသာ စိမ်းပြာရေအိုင်ဂိုဏ်းကဆိုရင် ထွက်ပြေးမှာ မဟုတ်ဘူး။ ဒီလူက အဲဒီဂိုဏ်းနဲ့ အဆက်အသွယ်ရှိရမယ်။ ငါသတိထားမှရမယ်။ သူ့ကို အရင်ဆုံးပြေးခိုင်းထားပြီး သူ့ရဲ့မန္နာစွမ်းအင်ကို ကုန်ခမ်းစေလိုက်ဦးမယ်။ အဲဒီလိုဆိုရင် သူက အဆောင် ဒါမှမဟုတ် ဓမ္မလက်နက်တွေ အသုံးပြုနိုင်တော့မှာ မဟုတ်တော့ဘူး”
တာအိုကျင့်ကြံသူ အဘိုးကြီးသည် လီရှန်းဖျင်၏နောက်သို့ ခြောက်လှန့်နေသော တစ္ဆေအရိပ်ပမာ လိုက်ပါသွားခဲ့သည်။ သူသည် ထိုသို့ လိုက်လံဖမ်းဆီးရသည်ကို ပျော်မွေ့နေခဲ့ပြီး ကြုံတွေ့ရတော့မည့် ရလဒ်အပေါ် မျှော်လင့်ချက်ကြီးစွာဖြင့် ရင်ထဲ၌ အလွန်အမင်း စိတ်လှုပ်ရှား ကြည်နူးနေခဲ့တော့သည်။
“ဒါက ကောင်းကင်ဘုံကိုယ်တိုင်က လမ်းညွှန်ပေးနေသလိုပဲ။ စိမ်းပြာရေအိုင်ဂိုဏ်းကလူတွေက ဆုတ်ခွာသွားခဲ့ကြပြီ။ ရွှေရောင်ထန်ဂိတ်ရဲ့ တပ်ဖွဲ့တွေကလည်း တောင်ဘက်မှာ အလုပ်များနေကြတယ်။ ဒါပေမယ့် ဒီလူငယ်လေးကတော့ မြောက်ဘက်၊ ရွှေရောင်ထန်ဂိတ်ရဲ့ နယ်မြေတည့်တည့်ကို ထိတ်လန့်တကြား ထွက်ပြေးနေတယ်။ ကြယ်တာရာတွေက ငါ့ကို လမ်းညွှန်ပေးနေသလိုပဲ”
ရာစုနှစ်ပေါင်းများစွာက အရပ်လေးမျက်နှာရှိ ရန်သူများအားလုံးကို အနိုင်ယူခဲ့သော အင်မော်တယ်စံအိမ်တော်၏ ဆက်ခံသူအကြောင်း ပုံပြင်များနှင့် သူ၏ဆရာက သေဆုံးခါနီးအချိန်တွင် သူ့ကိုပြောခဲ့သော စကားလုံးများကို ပြန်လည်သတိရလိုက်ရင်း တာအိုအဘိုးကြီး၏ စိတ်လှုပ်ရှားမှုများ တိုးပွားလာခဲ့သည်။
သူသည် တစ်ချိန်က ရွှေရောင်ထန်ဂိတ်လက်အောက်မှ သာမန် တစ်ကိုယ်တော် ကျင့်ကြံသူတစ်ဦးသာဖြစ်ခဲ့သည်။ သူ၏ ဆရာဖြစ်သူက ကွယ်လွန်ခါနီးအချိန်သို့ ဆိုက်ရောက်လာသောအခါ အသက်နှစ်ဆယ်အရွယ်မျှသာ ရှိသေးသော သူ့ထံသို့ ကျောက်စိမ်းဆွဲသီးတစ်ခုကို အပ်နှံခဲ့သည်။
“ရာစုနှစ်ပေါင်းများစွာက ငါ့ရဲ့မျိုးရိုးစဉ်ဆက်ကလည်း အင်မော်တယ်စံအိမ်တော်ရဲ့ဆက်ခံသူနဲ့ ပတ်သက်တဲ့ အရှုပ်အထွေးတွေထဲမှာ ပါဝင်ပတ်သက်ခဲ့တယ်။ ဒီကျောက်စိမ်းဆွဲသီးကို အဲဒီလူဆီက ရရှိခဲ့တာ။ အဲဒီရက်စက်ကြမ်းကြုတ်တဲ့လူက နတ်ဘုရားကျင့်စဉ်ကို နက်နက်ရှိုင်းရှိုင်း ကျွမ်းကျင်ပိုင်နိုင်ခဲ့တဲ့အတွက် သူ့ရဲ့ အသွေး၊ အသား၊ အကြောနဲ့ အရိုးတွေအားလုံးကို ကောင်းကင်ဘုံရတနာတွေအဖြစ် သတ်မှတ်ခဲ့ကြတယ်။ ဒါကြောင့် သူက ဂိုဏ်း ၃ ဂိုဏ်းနဲ့ ဂိတ် ၇ ခုရဲ့ အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲခြင်းကို ခံခဲ့ရတယ်။ ငါတို့လို တစ်ကိုယ်တော် ကျင့်ကြံသူတွေက သူ့ရဲ့ အသားတစ်စကိုတောင် ဝေစုရဖို့ အခွင့်အရေးမရှိခဲ့ဘဲ ပဋိပက္ခအတွင်းမှာ ပန်းထွက်ခဲ့တဲ့သွေးတွေကို ခွက်တွေနဲ့ စုဆောင်းတာပဲ လုပ်ခဲ့ရတယ်။ မင်းရဲ့ဆရာဘိုးဘိုးက သွေးမိုးတွေကြားထဲမှာ ဒီကျောက်စိမ်းဆွဲသီးကို မတော်တဆ တွေ့ရှိခဲ့တယ်။ ပြီးတော့ ဒါက သူ့ကို ပြင်းထန်တဲ့ဒဏ်ရာတွေရရှိစေခဲ့ပြီး ပြန်လာပြီးတဲ့နောက် နောက်ဆုံးမှာ ကွယ်လွန်သွားစေခဲ့တာပဲ”
ထိုစဉ်က သူသည် နုံအသော တာအိုကျင့်ကြံသူ လူငယ်တစ်ဦးသာဖြစ်ခဲ့ပြီး သူ၏ဆရာက အားနည်းသောလေသံဖြင့် ပြောသည်ကို အာရုံစိုက် နားထောင်ခဲ့သည်။
“မင်းရဲ့ ဆရာဦးလေးနဲ့ငါက ဒီဆွဲသီးကို ရာစုနှစ်တစ်ခုကျော်ကြာ စုံစမ်းစစ်ဆေးခဲ့ပြီး ဒါက အင်မော်တယ်စံအိမ်တော်ရဲ့အမွေအနှစ်နဲ့ ဆက်စပ်နေနိုင်တယ်ဆိုတာ တွေ့ရှိခဲ့တယ်။ ဒါပေမဲ့ ဒါက အဖော်ပစ္စည်းတစ်ခု ပျောက်ဆုံးနေတယ်… ဒီပျောက်ဆုံးနေတဲ့ အပိုင်းအစကို ရှာဖွေဖို့တာဝန်က မင်းအပေါ်မှာ ကျရောက်လာခဲ့ပြီ…”
သူက ထိုစကားလုံးများကို ပြန်လည်အမှတ်ရနေစဉ် လီရှန်းဖျင်၏ ရုတ်တရက်ရပ်တန့်မှုနှင့် စိန်ခေါ်သောအကြည့်တို့ကြောင့် ထိတ်လန့်သွားခဲ့ရသည်။
ဤမမျှော်လင့်ထားသောစိန်ခေါ်မှုသည် တာအိုကျင့်ကြံသူအဘိုးကြီးကို အမှတ်မထင် အငိုက်မိသွားစေခဲ့ပြီး ခဏတာ ရှက်ရွံ့သွားစေခဲ့သည်။
သူက စိတ်တည်ငြိမ်မှုကို ပြန်လည်ရယူရန် ကြိုးစားရင်း လှောင်ပြောင်လိုက်သည်။
“စိတ်ပြောင်းသွားပြီလား”
လီရှန်းဖျင်က အေးစက်စက် ဟက်ခနဲ ရယ်လိုက်ပြီးနောက် ညိုပြာရောင် ကြေးမုံကို ထုတ်ယူကာ ခြိမ်းခြောက်နိုင်သော အဖြူရောင်အလင်းတန်းတစ်ခုကို တာအိုကျင့်ကြံသူအဘိုးကြီး၏ မျက်နှာဆီသို့ တည့်တည့်မတ်မတ် ပစ်လွှတ်လိုက်သည်။
“သေစမ်းကွာ။ သူ့မှာ တစ်ခုခုရှိနေမှန်း ငါသိသားပဲ”
တာအိုကျင့်ကြံသူအဘိုးကြီးက စိတ်ပျက်စွာဖြင့် အော်ပြောလိုက်ပြီး သူ့ကိုယ်သူ ကာကွယ်ရန်အတွက် အစွမ်းထက်သော ရွှေရောင်ဒိုင်းတစ်ခုကို ဖန်ဆင်းပေးသည့်အဆောင်များကို ဆက်တိုက်ဆိုသလို အသက်သွင်းလိုက်သည်။ သူသည် အလွန်ချောမွေ့သောလှုပ်ရှားမှုများဖြင့် လက်နှစ်ဖက်လုံးကိုသုံးကာ လက်ဟန်တစ်ခုကို ပြုလုပ်လိုက်ပြီး မန္နာစွမ်းအင်ကို ဒိုင်းထဲသို့ ပို့လွှတ်လိုက်သည်။
တာအိုကျင့်ကြံသူအဘိုးကြီးသည် များသောအားဖြင့် ကျင့်ကြံခြင်းတွင်သာ သူ့ကိုယ်သူ နှစ်မြှုပ်ထားခဲ့ပြီး အခြားသူများနှင့် တိုက်ပွဲများတွင် ပါဝင်ခဲပေသည်။ ထို့ကြောင့် သူသည် ဤအတတ်ကို နှစ်ပေါင်း ၃၀ ကျော်အကြာ ခက်ခဲပင်ပန်းစွာ လေ့ကျင့်ခဲ့ရပြီး ၎င်းနှင့်အတူ မန္တန်များနှင့်အဆောင်များကို ပေါင်းစပ်အသုံးပြုကာ သူ့အသက်ကို အကြိမ်ပေါင်းများစွာ ကယ်တင်ရန် အသုံးပြုခဲ့သည်။
သို့သော်လည်း အန္တရာယ်ခံစားချက်သည် ရုတ်တရက် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားခဲ့သည်။ တာအိုကျင့်ကြံသူအဘိုးကြီးသည် ခဏတာမျှ မှင်သက်နေမိပြီး သူအသိစိတ်ပြန်ဝင်လာသောအခါ လီရှန်းဖျင်က ယုန်တစ်ကောင်ကဲ့သို့ လျှင်မြန်စွာ ထွက်ပြေးသွားခဲ့ပြီဖြစ်သည်။
တာအိုကျင့်ကြံသူအဘိုးကြီးသည် မိမိအလှည့်စားခံလိုက်ရမှန်း ရုတ်တရက် ရိပ်မိသွားပြီးနောက် တရစပ် ကျိန်ဆဲလိုက်ရင်း သူ၏လက်ကောက်ဝတ်ကို ဆတ်ခနဲ ခါယမ်းကာ အသက်သွင်းထားသောမန္တန်ကို ချက်ချင်း ပြန်လည်ရုပ်သိမ်းလိုက်သည်။ ထို့နောက် လှောင်ပြောင်သရော်သောရယ်သံနှင့် ပြောလိုက်သည်။
“ဒီကောင်က တော်တော်လေး လှည့်စားတတ်တာပဲ”
သူသည် တစ္ဆေတစ်ကောင်ပမာ အလွန်လျှင်မြန်စွာဖြင့် တဟုန်ထိုး ချဉ်းကပ်လာခဲ့သော်လည်း လီရှန်းဖျင်က ထိုကြေးမုံကို နောက်တစ်ကြိမ် ထပ်မံထုတ်ယူကာ သူ့ထံသို့ စူးရှတောက်ပသော အဖြူရောင်အလင်းတန်းကို နောက်တစ်ကြိမ် ပစ်လွှတ်လိုက်ပြန်သည်ကို တွေ့လိုက်ရသည်။
နီးကပ်လာသော အန္တရာယ်ကို ခံစားလိုက်ရရာ တာအိုကျင့်ကြံသူအဘိုးကြီးသည် တုံ့ဆိုင်းခြင်းမရှိဘဲ အစွမ်းထက်သော ရွှေရောင်ဒိုင်းတစ်ခုကို ဖန်ဆင်းကာ အဆောင်တစ်ဒါဇင်ကို အလိုအလျောက် အသက်သွင်းလိုက်ပြန်သည်။
“အရူးကောင်”
သူ့ရှေ့မှ လှောင်ပြောင်သရော်သံကို ကြားလိုက်ရသည်။
ပုံမှန်အားဖြင့် တည်ငြိမ်အေးဆေးလှသော တာအိုကျင့်ကြံသူအဘိုးကြီးသည် ယခုအခါ သူ၏ရင်ထဲ၌ ထိန်းချုပ်၍မရနိုင်သော ဒေါသလှိုင်းကြီးတစ်ခုက တဟုန်ထိုးတက်ခဲ့သည်။ သူသည် လက်တစ်ချက်ဝှေ့ယမ်းကာ ဒိုင်းကို ပြန်ရုတ်သိမ်းလိုက်ပြီးလျှင် လက်နှစ်ဖက်၌ ရွှေရောင်အလင်းတန်း အများအပြားကို ဖန်ဆင်းလိုက်ပြီး သေစေနိုင်သော မန္တန်တိုက်ကွက်တစ်ခုဖြင့် လီရှန်းဖျင်ကို တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။
ဒိုင်းပျောက်ကွယ်သွားသည်နှင့် မျက်စိကျိန်းစဖွယ် အပြစ်အနာအဆာကင်းသော အဖြူရောင်အလင်းတန်းတစ်ခုသည် တာအိုကျင့်ကြံသူအဘိုးကြီး၏ အမြင်အာရုံကို လွှမ်းမိုးသွားခဲ့သည်။
xxxxxxxxxx
လီရွှမ်းရွှမ်းသည် ခြံဝင်းထဲတွင် စိတ်လှုပ်ရှားစွာဖြင့် ဟိုဟိုဒီဒီ လမ်းလျှောက်နေခဲ့သည်။ သူတို့၏မိသားစုခေါင်းဆောင် လီရှန်းဖျင်သည် ယမန်နေ့ညကတည်းက ပြန်မရောက်ခဲ့လာသေးဘဲ လီတောက်ခိုရွာရှိ သူတို့၏အဆက်အသွယ်များက မျှော်လင့်ထားခဲဲ့သော အဖြူရောင်အလင်းတန်းဖြစ်စဉ်ကို မြင်တွေ့ရခြင်းမရှိကြောင်း သတင်းပို့လာခဲ့သည်။
“အစီအစဉ်က အထွဋ်အထိပ်ယင်ဂမ္ဘီရအလင်းကို ပစ်လွှတ်ပြီး ချက်ချင်းပြန်လာဖို့ပဲ။ စစ်ဆင်ရေးတစ်ခုလုံးက နာရီအနည်းငယ်ထက် ပိုမကြာသင့်ဘူး”
အာရုဏ်တက်လာသည်နှင့် လီရွှမ်ရွှမ်၏ စိုးရိမ်စိတ်သည် ပိုမို၍နက်ရှိုင်းလာခဲ့သည်။ အခြေအနေအမှန်ကို သိရရန်အတွက် ဝမ့်မိသားစုထံသို့ ပြေးလွှားသွားလိုစိတ်က သူ့ကို လွှမ်းမိုးသွားမတတ် ရှိနေခဲ့သည်။
ယမန်နေ့ညက အရှေ့ဘက်မှ ရွှေရောင်အလင်းတန်းသည် မိနစ်အနည်းငယ်အတွင်း မှေးမှိန်သွားခဲ့ရာ လီရွှမ်ရွှမ်အား လီကျင်းတောင်ပေါ်တွင် တိတ်တဆိတ်ဖြင့် လက်သီးကို တင်းကျပ်စွာ ဆုပ်ထားကာ ရှည်လျားသောညတာကို တစ်ယောက်တည်း ရင်ဆိုင်ရစေတော့သည်။
“ငါတို့ အဆိုးဆုံးအတွက် ပြင်ဆင်ထားသင့်လား”
သူ၏မျက်လုံးများ နီရဲသွားခဲ့ပြီး နာမည်များ သူ၏စိတ်ထဲတွင် ဖြတ်ပြေးသွားခဲ့သည်။
“လီယဲ့ရှန့်၊ လီချုံယန်၊ ချန်အားနျို…”
လီထုန်ယာက အဝေးရှိ တိမ်သရဖူတောင်ထွဋ်ပေါ်တွင် ရောက်ရှိနေခဲ့ပြီး လီရှန်းဖျင်၏ကံကြမ္မာက မသေချာမရေရာတော့သည်ဖြစ်ရာ ခေါင်းဆောင်မှု ဝန်ထုပ်ဝန်ပိုးသည် အသက် ၁၃ နှစ်အရွယ် လီရွှမ်ရွှမ်အပေါ်သို့ မမျှော်လင့်ဘဲ ကျရောက်လာခဲ့သည်။ သူ၏ အငယ်ဆုံးဆွေမျိုးများဖြစ်သော လီရွှမ်ဖုန်းနှင့် လီရွှမ်လင်တို့ကမူ အသက် ၇ နှစ်နှင့် ၅ နှစ်သာ အသီးသီးရှိကြသေးသည်။
“မိသားစုခေါင်းဆောင်ငယ်”
ရုတ်တရက်ခေါ်လိုက်သံသည် လီရွှမ်ရွှမ်ကို လက်တွေ့ဘဝထဲသို့ ပြန်လည်ဆွဲခေါ်သွားခဲ့ပြီး သူ၏နုပျိုသောမျက်နှာပေါ်တွင် နွေးထွေးမှုများ အလျှင်အမြန်ပြန်လည်ရရှိသွားခဲ့သည်။
“ဦးလေးယဲ့ရှန့်ပါလား။ တစ်ခုခုများ ဖြစ်လို့လား”
သူက မေးလိုက်သည်။
“ငါ မေချယ်တောင်နဲ့ လီကျင်းတောင် နှစ်တောင်လုံးမှာ အကြိမ်ပေါင်းများစွာ ပတ်ရှာခဲ့ပေမယ့် ငါတို့မိသားစုခေါင်းဆောင်ရဲ့ အရိပ်အယောင်ကို မတွေ့ခဲ့ရဘူး…”
လီယဲ့ရှန့်သည် စိတ်ရှုပ်ထွေးသောအမူအရာဖြင့် သူ၏မုတ်ဆိတ်ကို ပွတ်သပ်လိုက်သည်။
သူသည်လည်း ယမန်ညက ကောင်းကင်ကို ဖြတ်ကျော်သွားခဲ့သော ရွှေရောင်အလင်းတန်းကို မျက်မြင်တွေ့ခဲ့ရပြီး ဤအကြောင်းကို လီရှန်းဖျင်ထံသို့ သတင်းပို့ရန် ရည်ရွယ်ခဲ့သည်။ သို့သော် တောင်ပေါ်သို့ နှစ်ကြိမ်တိုင်တိုင် လာရောက်ပြီးသော်လည်း သူသည် လီရှန်းဖျင်၏ အရိပ်အယောင်ကိုပင် မတွေ့ခဲ့ရပေ။
“မနေ့ညက ဦးလေးက အဆင့်တက်နိုင်တော့မယ်လို့ ခံစားခဲ့ရလို့ ပြောတာကြားခဲ့တယ်။ သူက အဲဒီအချိန်ကစပြီး တံခါးပိတ်ကျင့်ကြံနေတယ်”
လီရွှမ်ရွှမ်သည် လီယဲ့ရှန့်နှင့် မျက်လုံးချင်းဆုံလိုက်ကာ စိတ်သက်သာရ ရစေရန် ပြုံးပြရင်း ပြောလိုက်သည်။
“အာ၊ သဘောပေါက်ပြီ”
လီယဲ့ရှန့်သည် တစ်စုံတစ်ခု နားလည်သဘောပေါက်သွားခဲ့ပြီး သူ၏စိတ်ဓာတ်များ တက်ကြွလာခဲ့သည်။
“ဒါဆို မိသားစုခေါင်းဆောင်က ဒီတစ်ခါ လီကျင်းတောင်ရဲ့ အိမ်နောက်ဘက်မှာ တံခါးပိတ်ကျင့်စဉ်ဝင်ဖို့ ရွေးချယ်ခဲ့တာပေါ့”
လီရွှမ်ရွှမ်၏ စိတ်ထဲတွင် ခဏတာမျှ ထိတ်လန့်သွားခဲ့သော်လည်း သူက တည်ငြိမ်မှုကို ဟန်မပျက်ထိန်းသိမ်းထားရင်း ပြန်ဖြေလိုက်သည်။
“ဟုတ်ကဲ့”
လီယဲ့ရှန့်သည် ခေါင်းညိတ်လိုက်ပြီး ရွာရှိ မကြာသေးမီက ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များဆီသို့ ကျွမ်းကျင်စွာ စကားလမ်းကြောင်းလွှဲကာ ပြောဆိုပြီးနောက် ထွက်ခွာသွားခဲ့သည်။
လီယဲ့ရှန့် တောင်အောက်သို့ ဆင်းသွားသည်နှင့် လီရွှမ်ရွှမ်သည် ဗလာဖြစ်နေသော ခြံဝင်းထဲရှိ ထိုင်ခုံတွင် ဝင်ထိုင်လိုက်ပြီး ကောင်းကင်ကို တွေဝေစွာဖြင့် ငေးကြည့်နေမိသည်။
တောင်အောက်ရှိရွာထဲတွင် လီယဲ့ရှန့်သည် ခြံဝင်းထဲသို့ လျှင်မြန်စွာ ဝင်ရောက်သွားခဲ့သည်။ သူသည် အပေါ်ဝတ်ရုံကို ချွတ်လိုက်ပြီး စောင့်ဆိုင်းနေသော အစေခံတစ်ဦး၏လက်ထဲသို့ ထည့်ပေးလိုက်သည်။ သူက မျက်မှောင်ကြုတ်ရင်း အော်ခေါ်လိုက်သည်။
“လီရှဲ့ဝမ်”
သို့သော်လည်း မည်သည့်အသံမှ မကြားရဘဲ တိတ်ဆိတ်နေမှုက လီရှဲ့ဝမ်ကို လီရှန်းဖျင်က လီတောက်ခိုရွာသို့ စေလွှတ်လိုက်ပြီဖြစ်ကြောင်း သူ့ကို သတိပေးလိုက်သည်။
လီယဲ့ရှန့်သည် ခြံဝင်းထဲတွင် စုဝေးနေသောလူများကို ကြည့်ရှုရင်း သူ့ဆီဆက်သလာသော လက်ဖက်ရည်ခွက်ကို လက်ခံယူလိုက်ပြီး ထိုင်ခုံတွင် နေရာယူလိုက်သည်။
“လီချုံယန်ဆီက သတင်းတစ်ခုခု ရသေးလား”
သူက မေးလိုက်သည်။
“ဘာမှမရသေးပါဘူး”
လီယဲ့ရှန့်သည် လက်ဖက်ရည်ကို အတွေးနက်စွာ သောက်သုံးလိုက်သည်။ သူ၏အမူအရာသည် စိုးရိမ်မှုတို့ဖြင့် မှောင်မိုက်သွားခဲ့ပြီး သူက မေးလိုက်သည်။
“ဝမ့်မိသားစုက ဒီနေ့ အကူအညီတောင်းခံသေးလား”
“မတောင်းပါဘူး တာဝန်ခံ”
လီယဲ့ရှန့်၏အမူအရာသည် အတွေးနက်နေဟန်ဖြင့် လေးနက်သွားခဲ့သည်။ သူသည် သူ့လက်အောက်ငယ်သားများကို ကြည့်လိုက်ပြီး တုံ့ဆိုင်းစွာ မေးလိုက်သည်။
“ကလန်တပ်ဖွဲ့တွေကို စုစည်းဖို့… လှုပ်ရှားမှုတစ်ခုခုရှိလား”
လက်အောက်ငယ်သားများ ခေါင်းခါလိုက်ကြသည်။ လီယဲ့ရှန့်သည် စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပြီး စိုးရိမ်မှုများကြားမှ မှိန်ဖျော့ဖျော့အပြုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။
“ငါအတွေးလွန်နေတာပဲ ဖြစ်မှာပါလေ”