← Chapters

အခန်း ၂၉၁

Vol. 30 Ch. 291

အခန်း ၂၉၁

Vol. 30 Ch. 291

အခန်း (၂၉၁) - ဘယ်ရီသီးသူခိုး (၂)

'ငါ့မှာ ဘယ်တုန်းက သစ်သီးတွေ ရှိနေလို့လဲ...'

"သူရဲကောင်းနှစ်ယောက်...ခင်ဗျားတို့ ဘာလိုချင်ချင် ရပါတယ်...ဒါပေမဲ့ ကျုပ်ဆီမှာ ဘယ်က သစ်သီးတွေ ရှိလို့လဲ..."

လူလတ်ပိုင်းကျင့်ကြံသူမှာ အနည်းငယ် ကြောင်အမ်းသွား၏။

"မရှိဘူးလား..."

ဝေလငါးစီးအင်မော်တယ်က မိန်းကလေးငယ်လေးကို ကြည့်လိုက်သည်။

"သစ်သီး... ရှိတယ်..."

မိန်းကလေးငယ်လေးက လူလတ်ပိုင်းကျင့်ကြံသူကို လက်ညှိုးထိုးလိုက်၏။

"ဒီ... သူရဲကောင်းငယ်လေးက...ဘယ်လိုသစ်သီးမျိုးကို ပြောတာလဲ..."

လူလတ်ပိုင်းကျင့်ကြံသူမှာ ချက်ချင်းပင် စိုးရိမ်တုန်လှုပ်သွားလေသည်။

သူ့ရှေ့မှ ကလေးငယ်လေးမှာ အသက်မကြီးလှသော်လည်း သူမလက်က မိမိကို ညွှန်ပြလိုက်ချိန်တွင် ထိုသွေးဆာနေသော အစွမ်းထက်သည့်ဖိအားကြီးကြောင့် သူ့ကျောရိုးတစ်လျှောက် အေးစက်သွားကာ ခြေထောက်နှစ်ဖက်လုံး တုန်ယင်သွားတော့သည်။

'လူကြီးတင် အစွမ်းထက်တာ မဟုတ်ဘူး...ကလေးကပါ ထိပ်တန်းသိုင်းပညာရှင်ပဲ...'

သူ့အမြင်ကျယ်မှုမှာ နည်းပါးလွန်းလှသေးသည်။ အကယ်၍ သူသာ အစွမ်းထက်သူများကို များများမြင်ဖူးခဲ့မည်ဆိုလျှင် ထိုသူများမှာ သာမန်သိုင်းပညာရှင်များ မဟုတ်ဘဲ အလွန်အမင်း အစွမ်းထက်သော ပုဂ္ဂိုလ်ကြီးများအဆင့် ဖြစ်ကြောင်း သူ သိရှိသွားမည်ပင်...။

"ရွှေရောင်အစင်းကြောင်းတွေပါတဲ့ အနီရောင်ဘယ်ရီသီးတစ်မျိုးကို ပြောတာ..."

ဝေလငါးစီးအင်မော်တယ်က မိန်းကလေးငယ်လေး၏ စကားအပေါ်တွင် ဖြည့်စွက်၍ ရှင်းပြလိုက်သည်။

"ဪ..."

လူလတ်ပိုင်းကျင့်ကြံသူမှာ ချက်ချင်း သတိရသွားပြီး လက်ကိုလှန်ကာ သေသပ်လှပစွာ ထုပ်ပိုးထားသော လက်ဆောင်ဗူးနှစ်ဗူးကို ထုတ်ယူလိုက်၏။

"ခင်ဗျားတို့နှစ်ယောက် ပြောတာက ဒီရှုတောင်ရဲ့ ဒေသထွက်ကုန်ကို ပြောတာလား..."

ထိုအရာမှာ သူ ရှုတောင်ပေါ်တွင် ဓားဒင်္ဂါးအနည်းငယ် အကုန်အကျခံကာ ဝယ်ယူခဲ့သော လက်ဆောင်ဗူးများ ဖြစ်သည်။ မူလက သူ့ဂိုဏ်းမှ မိတ်ဆွေများကို လက်ဆောင်ပေးရန် ရည်ရွယ်ထားခြင်းဖြစ်ပြီး တန်ဖိုးကြီးလှသည့် ပစ္စည်းများတော့ မဟုတ်ပေ။

အပြင်လောကတွင်သာ မရှိခြင်းဖြစ်ပြီး ရှုတောင်ပေါ်တွင်ဝယ်ယူရန် မခက်ခဲလှချေ...။

'ကျင့်ကြံခြင်းအဆင့် မခန့်မှန်းနိုင်တဲ့ ထိပ်တန်းသိုင်းပညာရှင်နှစ်ယောက် လမ်းမှာ လုယက်ယူဖို့အထိ ဘယ်လိုလုပ်တန်ဖိုးရှိသွားတာလဲ...'

ရွှီး...

သူ့အတွေးများပင် မဆုံးသေးခင်မှာပင် ထိုမိန်းကလေးငယ်လေးမှာ လျှပ်စီးလက်သကဲ့သို့ ပြေးဝင်လာကာ သူ့ရှေ့မှောက်သို့ ချက်ချင်းရောက်လာပြီး ဘယ်ရီသီးနှစ်ဗူးကို ဆွဲလုယူသွားကာ ချက်ချင်းပင် နေရာဟောင်းသို့ ပြန်လည်ရောက်ရှိသွားသည်ကို မြင်လိုက်ရသည်။

'ဒီအရှိန်က...'

'ကိုယ့်ကိုယ်ကိုယ် အကြိမ်ဆယ်ခါလောက် ပြန်သတ်ဖို့တောင် လုံလောက်နေပါလား...'

လူလတ်ပိုင်းကျင့်ကြံသူ၏ချွေးစေးများမှာ ချက်ချင်းပင် ပွက်ပွက်ထွက်လာတော့သည်။

"မင်းဆီကနေ အလကားယူတာတော့ မဟုတ်ပါဘူး... ရော့..."

ဝေလငါးစီးအင်မော်တယ်က တောက်ပနေသော ကျောက်တုံးတစ်တုံးကို ပစ်ပေးလိုက်ရာ လူလတ်ပိုင်းကျင့်ကြံသူက ဖမ်းယူလိုက်ချိန်တွင် ဝိညာဉ်စွမ်းအင်များ ပြည့်လျှံနေသည်ကို ခံစားလိုက်ရပြီး သေးငယ်သော ကျောက်သလင်းတုံးလေးတစ်တုံးအတွင်း၌ပင် ပြင်းထန်သော ဝိညာဉ်ချီများ ပါဝင်နေပေသည်။

'ဒါ တန်ဖိုးကြီးတဲ့ ပင်လယ်ဝိညာဉ်ကျောက်တုံးများ ဖြစ်နေမလား...'

ပင်လယ်ဝိညာဉ်ကျောက်တုံးတစ်တုံးမှာ အနည်းဆုံး ကြိုးကြာဒင်္ဂါးတစ်ရာနီးပါး တန်ဖိုးရှိပြီး ထိုသစ်သီးဆယ်ဗူးကို ဝယ်ယူရန်ပင် လုံလောက်သည်ထက် ပိုနေသေးသည်။

"ဒါ အားနာစရာကြီး..."

သူက မသိစိတ်မှနေ၍ ငြင်းဆန်လိုက်သည်။

"ပေးရင် ယူထားလိုက်စမ်းပါ...အားနာနေစရာမလိုဘူး..."

ဝေလငါးစီးအင်မော်တယ်က လက်ကာပြလိုက်ရာ လူလတ်ပိုင်းကျင့်ကြံသူမှာ သူ့မျက်စိရှေ့မှမြင်ကွင်းများ မျက်တောင်တစ်ခတ်အတွင်း ပြောင်းလဲသွားသည်ကို ခံစားလိုက်ရလေသည်။

ပြန်လည်ကြည်လင်လာချိန်တွင်မူ သူသည် ရှေ့ခရီးမိုင်ဆယ်ဂဏန်းကျော်အကွာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း တွေ့လိုက်ရ၏။

'အရမ်းအစွမ်းထက်တဲ့ နတ်ဘုရားစွမ်းအင်ပဲ...'

ထိုကဲ့သို့သောနည်းလမ်းများက လူလတ်ပိုင်းကျင့်ကြံသူကို မှင်သက်သွားစေပြီး မိမိစိတ်ကူးယဉ်မှုထက်ပင် လုံးဝကျော်လွန်နေသည်ဟု ခံစားလိုက်ရသဖြင့် ဆက်လက်မနေရဲတော့ဘဲ ချက်ချင်းပင် မိမိဂိုဏ်းဆီသို့ ပြန်လည်ပျံသန်းသွားလေတော့သည်။

မူလနေရာတွင်မူ ဝေလငါးစီးအင်မော်တယ်က မိန်းကလေးငယ်လေးကို ကြည့်ကာ ရယ်မော၍ ပြောလိုက်သည်။

"ကံကောင်းတာပဲ...တစ်ယောက်ယောက်က ကိုယ်တိုင် လာပို့ပေးလိမ့်မယ်လို့ မထင်ထားဘူး...အခုဆိုရင် အဆင်ပြေပြီမလား..."

"သစ်သီး..."

မိန်းကလေးငယ်လေးက ရုတ်တရက် အဝေးရှိ ကောင်းကင်ယံဆီသို့ လက်ညှိုးထိုးလိုက်ပြန်၏။

"ဝမ်းနည်းစရာပဲ...ဝမ်းနည်းစရာပဲ..."

ငွေဓားတောင်ထွတ်၏ အထပ်မြင့်အဆောက်အအုံပေါ်တွင် ချူလျန်က သက်ပြင်းချကာ ညည်းတွားလိုက်သည်။

ဆယ်စုနှစ်ပေါင်းများစွာ နေ့စဉ်ရက်ဆက်အရက်သောက်လာခဲ့ပြီး အိမ်ကိုပင် ဆင်းရဲသွားစေလုမတတ် သောက်နိုင်လွန်းသော အရက်သမားကြီးတစ်ဦးက သေရည်နတ်ဘုရားပြိုင်ပွဲသို့ ရောက်သောအခါ မသောက်နိုင်တော့မည်ကို မည်သူက တွေးမိမည်နည်း။

သူ့မျက်လုံးများထဲတွင် သံမှ သံမဏိ မဖြစ်လာသည့်အတွက် နာကြည်းနေသော အရိပ်အယောင်များ ပြည့်နှက်နေပေသည်။

လျိုရှောင်ယွီမှာ ဘေးရှိ ခွေးခြေခုံလေးပေါ်တွင် ကိုယ်ကိုမတ်မတ်ထားကာ တည်ငြိမ်စွာထိုင်နေသော်လည်း အမှန်တကယ်တွင် သူမသည် သူတို့ပြောနေသည့် အကြောင်းအရာများကို သိပ်နားမလည်ဘဲ ခေါင်းလေးကသာ ကြောင်အမ်းအမ်း ဖြစ်နေလေသည်။

ရွှေမွေးဟူမှာ အပြင်ဘက်တွင် မှောက်လျက်သားရှိနေပြီး ခေါင်းကြီးကို တံခါးဝတွင် တင်ထားကာ အစည်းအဝေး၏ အကြောင်းအရာများထဲတွင် သူ့အကြောင်းပါလာမည်ကို စိုးရိမ်နေသည့်အလား နားရွက်များ ထောင်၍ နားထောင်နေပုံရသည်။

တိနွီဖုန့်ကမူ ထောင့်တစ်နေရာတွင်ထိုင်နေပြီး ခေါင်းကိုငိုက်ချကာ စိတ်ပျက်အားငယ်နေသော မျက်နှာထားဖြင့်ရှိနေ၏။

ချူလျန်က သူမကို ဝေဖန်နေသည်ကို ကြားလိုက်ရသဖြင့် သူမက လည်ပင်းကို မော့ကာ တီးတိုးရေရွတ်၍ငြင်းခုံလိုက်သည်။

"အဲဒါက...ငါလည်း အရက်အမျိုးအစားပေါင်းစုံကို ရောသောက်တာက ဒီလောက် မြန်မြန် မူးသွားလိမ့်မယ်လို့ မထင်ထားဘူးလေ...ပြီးတော့ ဒေါ်လေးထျန်းက တောင်စောင့်အကြီးအကဲ တစ်ယောက်ဖြစ်နေရက်နဲ့ ပြိုင်ပွဲဝင်ဖို့ လာလိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ...မတရားဘူး..."

"ဟူး..."

ချူလျန်က ခေါင်းယမ်းလိုက်သည်။

လျိုရှောင်ယွီနှင့် ရွှေမွေးဟူကလည်း သူ့ပုံစံကို အတုခိုးကာ သူတို့၏ ကြီးမားလှသော သို့မဟုတ် သေးငယ်လှသော ခေါင်းများကို ယမ်းလိုက်ကြ၏။

"မင်းကများ ငါ့ကို ပြန်ဆုံးမရတဲ့ အလှည့်ရောက်နေပြီလား...ငါတို့ထဲမှာ ဘယ်သူက ဆရာလဲ..."

တိနွီဖုန့်က သဘောကောင်းလှသူ မဟုတ်သဖြင့် စကားအနည်းငယ် အပြောခံလိုက်ရသည်နှင့် ချက်ချင်းပင် မျက်စောင်းထိုးလိုက်လေသည်။

"ဆရာ...တပည့်တို့က ဆရာ့အပေါ်မှာ မျှော်လင့်ချက်တွေ အရမ်းကြီးမားနေခဲ့လို့ပါ..."

ချူလျန်က ပြောလိုက်၏။

"အစကတော့ ဆရာက တပည့်တို့ရဲ့ ငွေဓားတောင်ထွတ်အတွက် စံပြခေါင်းဆောင်တစ်ယောက် ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ထားခဲ့တာ... အခုကျတော့...ဆရာက မာကျောက်ပြိုင်ပွဲမှာ အသနားခံစရာကောင်းလောက်အောင် ပြုတ်သွားတဲ့အပြင် ပြဿနာရှာလို့ဆိုပြီး တစ်သက်တာ ပြိုင်ပွဲဝင်ခွင့် ပိတ်ခံလိုက်ရတယ်…”

“သေရည်နတ်ဘုရားပြိုင်ပွဲမှာလည်း ရှုံးနိမ့်သွားပြန်တယ်...တပည့်တို့ကို ပြန်ကြည့်ပါဦး..."

သူက ခေါင်းကြီးကို လက်ညှိုးထိုးပြလိုက်သည်။

"ရွှေမွေးဟူက ဝိညာဉ်အိမ်မွေးတိရစ္ဆာန် တိုက်ခိုက်ရေးပြိုင်ပွဲမှာ မရှုံးခဲ့ဘူး..."

ထို့နောက် လျိုရှောင်ယွီကို လက်ညှိုးထိုးပြလိုက်ပြန်၏။

"ရှောင်ယွီရဲ့ မာကျောက်ပြိုင်ပွဲလည်း မရှုံးခဲ့ဘူး..."

ထို့နောက် သူ့ကိုယ်သူ ပြန်လည်လက်ညှိုးထိုးလိုက်သည်။

"တပည့်ဆိုရင်လည်း ဝင်ပြိုင်ခဲ့တဲ့ပြိုင်ပွဲတွေမှာ တစ်ပွဲမှမရှုံးဖူးဘူး..."

“ငါရှုံးရတာ အကြောင်းပြချက်တွေ ရှိလို့ပါ...ငါက အားနည်းလို့ မဟုတ်ဘူး... ပစ်မှတ်ထားခံလိုက်ရလို့..."

တိနွီဖုန့်က ခိုင်လုံသော အကြောင်းပြချက်များဖြင့် ပြောလိုက်သည်။

ချူလျန်က သူမကို နက်ရှိုင်းသောအကြည့်များဖြင့် စိုက်ကြည့်နေသည်ကို မြင်လိုက်ရသဖြင့် သူမက လက်ကာပြကာထပ်ပြောလိုက်၏။

"ရှုံးနိမ့်ခြင်းက အောင်မြင်ခြင်းရဲ့ မိခင်ပဲလေ...ဒါကြောင့် ငါရှုံးနိမ့်လို့ မင်းတို့ အောင်မြင်တာကလည်း ဖြစ်သင့်တာပဲလေ..."

'ကောင်းလိုက်လေ...'

'ရှုံးနေတာတောင် လူကို အမြတ်ထုတ်သွားသေးတယ်...'

ချူလျန်က သူမ၏ အရှက်ကင်းမဲ့သော အပြုအမူများကို လုံးဝ လျစ်လျူရှုလိုက်ပြီး ပြောလိုက်သည်။

"တပည့်ကတော့ တပည့်တို့ကို ပိုပြီးကောင်းကောင်း ဆက်လက်တိုက်ပွဲဝင်နိုင်အောင် ခွန်အားပေးတဲ့အနေနဲ့ ဆရာက အမှားကို ပြင်ဆင်ဖို့အတွက် တစ်ခုခု လုပ်ပြသင့်တယ်လို့ ထင်တယ်..."

"ဘာလုပ်ပြရမှာလဲ..."

တိနွီဖုန့်က မေးလိုက်၏။

"သေရည်နတ်ဘုရားပြိုင်ပွဲမှာလည်း ရှုံးသွားပြီဆိုတော့ နောက်ဆိုရင် တပည့်တို့ တစ်တောင်လုံးရဲ့ အရက်သောက်ဖို့အသုံးစရိတ်ကို တစ်ဝက်လောက် လျှော့ချလိုက်ရင် ဘယ်လိုလဲ..."

ချူလျန်က ပြောလိုက်သည်။

တိနွီဖုန့်၏မျက်လုံးများ ကျဉ်းမြောင်းသွားတော့သည်။

တစ်တောင်လုံး၏ အရက်သောက်ရန် အသုံးစရိတ်ဆိုသည်မှာ...တစ်တောင်လုံးတွင် သူမတစ်ယောက်တည်းသာ အရက်သောက်ခြင်းဖြစ်သောကြောင့် ယင်းမှာ သူမကို အရက်ဖိုးချွေတာရန် အကြံပေးနေခြင်းပင် ဖြစ်သည်။

'ဒီည ဒီကောင်လေးက လူတွေကို ရုတ်တရက်ခေါ်ပြီး အစည်းအဝေးလုပ်တာ အံ့ဩစရာတော့ မဟုတ်ပါဘူး... သူက ကြိုတင်ကြံစည်ထားတာကိုး...'

'အကြံအစည်တွေ ပေါ်လာပြီပေါ့...'

'ခြေရာလက်ရာတွေ ပေါ်လာပြီပဲ...'

'ဒီနေရာမှာ ငါ့ကို အချိန်အကြာကြီး အကွက်ဆင်နေတာကိုး...'

"အမလေး...ငါ့ခေါင်းတွေ ကိုက်လာပြီ...တစ်ကိုယ်လုံးရော ခေါင်းပါ ကိုက်လာပြီ..."

တိနွီဖုန့်က ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ရုတ်တရက် လှည့်ထွက်ကာ အော်ဟစ်လိုက်လေသည်။

……

တိနွီဖုန့်၏ အရှက်ကင်းမဲ့စွာ အပြုအမူများတွင် အတွေ့အကြုံ အလွန်များပြားလွန်းလှသဖြင့် ချူလျန်မှာ နောက်ဆုံးတွင် အရှုံးပေးလိုက်ရလေသည်။

အခြေခံအားဖြင့်ပြောရလျှင် သူ့ကိုယ်ခံပညာစွမ်းရည်မှာ သူမကို မယှဉ်နိုင်သောကြောင့်ပင်။

တိနွီဖုန့်က လက်တစ်ဖက်လျှင် တစ်ယောက်နှုန်းဖြင့် သူတို့သုံးယောက်လုံးကို အပြင်သို့ လွှင့်ပစ်လိုက်ရာ ဘာပြောပြောအသုံးမဝင်တော့ပေ။ မိမိထက် အစွမ်းထက်သော ရန်သူနှင့် အကျိုးအကြောင်းဆီလျော်စွာ စကားပြောဆိုခြင်းမှာ အဆုံးတွင် လှပသော စိတ်ကူးယဉ်မှုတစ်ခုသာဖြစ်ကြောင်း ပေါ်လွင်နေပေသည်။

ချူလျန်ကလည်း ထိုကိစ္စကို ဆက်လက်၍ တွေးတောမနေတော့ဘဲ အချိန်လည်း အတော်လင့်နေပြီဖြစ်သဖြင့် မနက်ဖြန်တွင် ယှဉ်ပြိုင်ရမည့်ပြိုင်ပွဲအတွက် မိမိကိုယ်စားမဲနှိုက်ပေးရန် လျိုရှောင်ယွီကို စေခိုင်းလိုက်၏။

လျိုရှောင်ယွီက ကျောက်စိမ်းဓားတောင်ထွတ်မှ ရှန်ချုံးကွမ်ကို မဲနှိုက်ပေးခဲ့သည်။

ယခုအခါ ရှစ်ယောက်မှ လေးယောက်သို့ တက်လှမ်းရမည့် ပြိုင်ပွဲဖြစ်ပြီး ဓာတ်ကြီးငါးပါးအဆင့် တစ်ယောက်၊ ရွှေအမြုတေအဆင့် ခြောက်ယောက်နှင့် ဝိညာဉ်အသိအမြင်အဆင့်တစ်ယောက်တို့ ပါဝင်ကာ ထိုတစ်ဦးတည်းသော ဝိညာဉ်အသိအမြင်အဆင့်မှာ အထီးကျန်တောင်ထွတ်မှ လင်းအောက်ပင်ဖြစ်သည်။

အမှန်အတိုင်းပြောရလျှင် ချူလျန်က သာမန် ရွှေအမြုတေအဆင့်များနှင့်သာ ရင်ဆိုင်လိုပြီး သူ့ကို ကြိုတင်၍မတွေ့ဆုံလိုပေ။

ထိုလူသည် အလွန်ကို ဆန်းကြယ်လွန်းလှသည်။

ကျန်ရှိနေသော သူများထဲတွင် ရွှီဇီယန်နှင့် ကျန်းယွဲ့ပိုင်တို့လည်း ပါဝင်သဖြင့် လျိုရှောင်ယွီ နှိုက်ပေးခဲ့သောမဲမှာ အလွန်ကောင်းမွန်သောမဲတစ်ခုဟု ဆိုနိုင်ပေသည်။

ရှန်ချုံးကွမ်၏စွမ်းရည်မှာ ယခင်အချီမှ မုယွဲ့ထင်ထက် အနည်းငယ် ညံ့ဖျင်းနိုင်ပြီး ချူလျန်အတွက်မူ ရင်ဆိုင်ရန် မခက်ခဲသောပြိုင်ဘက်တစ်ဦး ဖြစ်သည်။

ချူလျန်က ထိုရလဒ်မှာ အလွန်ကောင်းမွန်နေပြီဟု တွေးလိုက်သည်။

သို့သော်လည်း ပိုကောင်းသော အရာများက နောက်ကွယ်တွင်ရှိနေသေးသည်ကို သူ မထင်မှတ်ထားခဲ့ပေ။

နောက်တစ်နေ့နံနက်ခင်းတွင် ရှန်ချုံးကွမ်မှာ ဒဏ်ရာရသွားသဖြင့် ပြိုင်ပွဲမှ နှုတ်ထွက်သွားကာ မိမိက ရုတ်တရက် အလိုအလျောက် အဆင့်တက်သွားပြီဟူသော သတင်းကို သူ ရုတ်တရက် လက်ခံရရှိလိုက်လေသည်။

"ဗျာ..."

ထိုသတင်းကို ကြားလိုက်ရချိန်တွင် လူတိုင်းက အတော်လေး အံ့အားသင့်သွားကြပြီး ထိုကဲ့သို့ အရေးကြီးသော အချိန်တွင် မည်သို့ ဒဏ်ရာရသွားရသနည်း။

အမှန်တကယ်တွင် ရှန်ချုံးကွမ်သည် ရက်ပိုင်းအတွင်း ရှုတောင်ထိပ်သီးညီလာခံသို့ တက်ရောက်သည့်အပြင် နန်ယင်ဂိုဏ်းမှ ရောက်လာသော မိန်းကလေးငယ်လေးတစ်ဦးနှင့်လည်း ရင်းနှီးသွားခဲ့ကာ နှစ်ဦးသား အတော်လေး စကားပြောဖြစ်ခဲ့ကြသည်။

ရှန်ချုံးကွမ်က အခွင့်အရေးရှိသည်ဟု ထင်မှတ်ကာ နေရာတိုင်းတွင် နွေးထွေးစွာ ဂရုစိုက်ပေးခဲ့ပြီး မိန်းကလေးငယ်လေးမှာ ကိစ္စရှိ၍ ညတွင်းချင်း ဂိုဏ်းသို့ ပြန်ရမည်ဖြစ်သောကြောင့် သူကိုယ်တိုင်ပင် လိုက်ပို့ပေးခဲ့ခြင်းဖြစ်သည်။

အကျိုးဆက်အနေဖြင့် ရှုတောင်မှ ထွက်လာသည်နှင့် မထင်မှတ်ထားသော အဖြစ်အပျက်တစ်ခုနှင့် ကြုံတွေ့ခဲ့ရလေသည်။

ရုတ်တရက် လမ်းခုလတ်မှ ဓားပြနှစ်ဦး ထွက်ပေါ်လာကာ သူတို့နှစ်ဦးကို လုယက်ရန် ကြိုးစားခဲ့ကြသည်။ ရှန်ချုံးကွမ်က အလှလေးရှေ့တွင် စွမ်းရည်ပြလိုသဖြင့် ထိုအရာမှာ ကောင်းကင်မှကျလာသောအခွင့်အရေးဟု ထင်မှတ်ကာ ချက်ချင်းပင် စကားတစ်ခွန်းမျှမဆိုဘဲ ဓားကိုဆွဲထုတ်၍ တိုက်ခိုက်ရန်ပြင်လိုက်သည်။

ထို့နောက်တွင်မူ လက်သီးတစ်ချက်တည်းဖြင့် သေလုမတတ် အရိုက်ခံလိုက်ရတော့သည်။

ပြောကြသည်မှာ တိုက်ခိုက်ခဲ့သူမှာ အသက်အနည်းငယ်သာရှိသေးသည့် မိန်းကလေးငယ်လေးတစ်ဦး ဖြစ်သည်ဟူ၏။

ထိုမျှမက ဘေးရှိလူကြီးက တားဆီးပေးခဲ့၍သာ တော်သေးသည်ဟု ဆိုရမည်။

ထို့အပြင်...ရှန်ချုံးကွမ်အတွက် လက်ခံရအခက်ခဲဆုံးမှာ မိမိကို ရိုက်လွှင့်ပြီးနောက် ထိုဓားပြနှစ်ဦးက နန်ယင်ဂိုဏ်းမှ မိန်းကလေးငယ်လေးထံမှ ရှုတောင်ဒေသထွက် ဘယ်ရီသီးအနည်းငယ်ကိုသာ လုယက်သွားပြီးနောက် ထွက်ခွာသွားခဲ့ခြင်းပင်..။

'ဪ...ဒါလောက်လေးပဲလား...'

'ဒါဆိုလည်း စောစောစီးစီး ပြောပါလား...'

သူသည် လက်သီးတစ်ချက်သာ အထိုးခံခဲ့ရသော်လည်း အတွင်းဒဏ်ရာနှင့် အပြင်ဒဏ်ရာများမှာ အလွန်ပြင်းထန်လှပြီး လုံးဝ ခုခံနိုင်စွမ်းမရှိခဲ့ပေ။

ထိုဓားပြကြီးက သူ့ကို အချိန်မီကုသပေးခဲ့သော်လည်း ချီသွေးကြောထိခိုက်မှုများကို ထိုမျှလွယ်ကူစွာ ပြန်လည်ဖြည့်တင်း၍ မရနိုင်သောကြောင့် အနည်းဆုံး ဆယ်ရက်ခန့် အိပ်ရာထဲတွင် အနားယူရမည်ဖြစ်သည်။

ထိုကဲ့သို့သော အခြေအနေမျိုးတွင် အတင်းအကျပ်ပြိုင်ပွဲဝင်ခြင်းကလည်း အဓိပ္ပာယ်မရှိသောကြောင့် နှုတ်ထွက်ရန်ရွေးချယ်ခဲ့သည်။

သူတစ်ဦးတည်း နှုတ်ထွက်သွားသောကြောင့် အစားထိုးရန်အခြားတစ်ဦးကို ရွေးချယ်၍လည်း မရနိုင်တော့ပေ။

အဘယ်ကြောင့်ဆိုသော် ယခင်ဆယ့်ခြောက်ယောက်မှ ရှစ်ယောက်သို့ တက်လှမ်းရသည့် အချီတွင် ပြုတ်သွားသူ ရှစ်ဦးတိတိရှိနေပြီး အရှေ့အနောက် အဆင့်သတ်မှတ်ချက်လည်း မရှိသောကြောင့် မည်သူ့ကို အစားထိုးရွေးချယ်သည်ဖြစ်စေ ကျန်ရှိသော ခုနစ်ဦးအတွက် မတရားဖြစ်သွားမည်ဖြစ်သည်။

ထို့ကြောင့် ရှန်ချုံးကွမ်၏ ပြိုင်ဘက်ကို အလိုအလျောက် အဆင့်တက်ခွင့်ပေးလိုက်ခြင်းက ပို၍အဆင်ပြေပေမည်။

ထို့ကြောင့် ချူလျန်မှာ ထိုအခွင့်အရေးကို ရရှိသွားခဲ့လေသည်။

ရှုတောင်ထိပ်သီးညီလာခံ၏ ပထမဆုံးသော အကောင်းဆုံးလေးယောက်အဆင့် ပြိုင်ပွဲဝင်မှာ ယခုလိုမွေးဖွားလာခဲ့တော့သည်။

ချူလျန်လည်း ထိုကိစ္စနှင့်ပတ်သက်၍ အတော်လေး အံ့အားသင့်နေမိသည်။

'ငါ ဟော့ပေါ့စားပြီး သီချင်းဆိုနေတာကို ဘယ်လိုလုပ် ချက်ချင်းကြီး အကောင်းဆုံးလေးယောက်အဆင့်ကို ရောက်သွားတာလဲ...'

'ဒါ တကယ်ကို ကြိုတင်သတ်မှတ်ထားခံရတဲ့ ခံစားချက်မျိုးပဲ...'

All Chapters