← Chapters

အခန်း ၂၉၂

Vol. 30 Ch. 292

အခန်း ၂၉၂

Vol. 30 Ch. 292

အခန်း (၂၉၂) - ဒါဆိုရင်လည်း သူက အရမ်း မျက်နှာပြောင်တိုက်လွန်းတာပဲ

ချူလျန်သည် ထိကိစ္စနှင့်ပတ်သက်သော ကောလာဟလများကို ပိုမိုကြားသိရသောအခါ သူ၏စိတ်ထဲတွင် သံသယများ စတင်ဖြစ်ပေါ်လာလေတော့သည်။

အဘယ်ကြောင့်ဆိုသော် ရှန်ချုံးကွမ် ဖော်ပြခဲ့သည့် ထိုဓားပြနှစ်ဦးမှာ ဝါးခမောက်ဆောင်းထားသော အမျိုးသားတစ်ဦးနှင့် အလွန်ကြမ်းတမ်းသော မိန်းမငယ်လေးတစ်ဦးတို့ ဖြစ်နေသောကြောင့်ပင်။

ထိုမိန်းမငယ်လေးက သူ့ကို လက်သီးတစ်ချက်တည်းဖြင့် သေလုမျောပါးဖြစ်အောင် ရိုက်နှက်ခဲ့ခြင်း ဖြစ်သည်။

ထိုမျှအသေးစိတ်ကျသော ဖော်ပြချက်ကိုကြားလိုက်ရသဖြင့် ချူလျန်အနေဖြင့် ထိုသူနှစ်ဦးကို မတွေးမိဘဲ မနေနိုင်တော့ချေ။

ကျင့်ကြံခြင်းလောကတွင် ကလေးခေါ်လာပြီး ဝါးခမောက်ဆောင်းထားသည့် အမျိုးသားဆိုလျှင် ထိုတစ်ယောက်တည်း ရှိမည်မဟုတ်သော်လည်း ထိုမျှလောက် ကြမ်းတမ်းသော ကလေးငယ်ဆိုလျှင်မူ အများကြီးရှိနိုင်မည် မဟုတ်ပေ။

ထိုအချက်နှစ်ချက် ပေါင်းစပ်သွားလျှင် ပို၍ပင်ရှားပါးသွားပြီ ဖြစ်ပေ၏။

သို့သော်လည်း သူတို့က အဘယ်ကြောင့် ရှုတောင်အပြင်ဘက်တွင် ဘယ်ရီသီးများကို ဓားပြတိုက်နေရသနည်း။

တောင်ပေါ်တက်လာပြီး သူ့ထံတွင် တိုက်ရိုက်တောင်းလိုက်လျှင် မရနိုင်ဘူးလော။

ထို့နောက် မိန်းမငယ်လေး၏ နောက်ခံအကြောင်းကို ပြန်တွေးမိရာ သူမသည် ဒဏ္ဍာရီလာ ကပ်ဘေးပါမိစ္ဆာကြီးနှင့် များစွာဆက်စပ်နေသဖြင့် ထိုအကြောင်းရင်းကြောင့်များ တောင်ပေါ်သို့တက်လာရန် အဆင်မပြေဖြစ်နေခြင်းလား စဉ်းစားမိသွားလေ၏။

ချူလျန်က စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်လိုက်သည်။

'ဘာဖြစ်လို့ အဲဒီလောက်တောင် ဒုက္ခခံနေရတာလဲ...ဘာပဲဖြစ်ဖြစ် တစ်ခါတော့ ဆုံဖူးခဲ့တာပဲ...ပြီးတော့ ဒီမိန်းမငယ်လေး ကျေးဇူးကြောင့်သာ ကောင်းကင်တက်လှမ်းမြက်ကို ရှာတွေ့ခဲ့တာလေ…”

“တောင်ပေါ်ကို စာတစ်စောင်လောက်ပို့လိုက်ရင် ငါကိုယ်တိုင် ဘယ်ရီသီးသေတ္တာ နည်းနည်းပါးပါး သွားပို့ပေးလို့ရတာပဲကို...'

ဒုတိယနေ့သို့ ရောက်သောအခါ သတင်းများ ပိုမိုထွက်ပေါ်လာခဲ့သည်။

ရှန်ချုံးကွမ် တစ်ယောက်တည်း ဓားပြတိုက်ခံရခြင်းမဟုတ်ဘဲ မနေ့က ရှုတောင်မှ ထွက်ခွာသွားသော အခြားသော ဂိုဏ်းအသီးသီးမှ ကျင့်ကြံသူ နှစ်ဆယ်ကျော်ခန့်လည်း ဓားပြတိုက်ခံခဲ့ရကြောင်းသိလာရ၏။

သူတို့အားလုံး၏ တူညီသော အချက်မှာ ရွှေရောင်အဆင်းရှိသော ဘယ်ရီသီးများ အလုခံရခြင်းပင်။ ထို့အပြင် ဘယ်ရီသီးများ အလုခံရပြီးနောက် သူတို့အားလုံးသည် လက်ဆောင်သေတ္တာထက် တန်ဖိုးအဆပေါင်းများစွာ ကြီးမားသောအရာများကို ပြန်လည်ရရှိခဲ့ကြလေသည်။

တကယ်တမ်းတွင် ရှန်ချုံးကွမ်ပင်လျှင် ထိုသို့ ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။

ဝါးခမောက်နှင့် အမျိုးသားသည် သူ့အတွက် မည်သည့်ပစ္စည်းမျှ ချန်မထားခဲ့သော်လည်း သူ့စွမ်းအင်များကို အသုံးပြု၍ ဒဏ်ရာများကို ကုသပေးခဲ့ရာ ထိုလုပ်ရပ်မှာ သွေးကြောများကို သန့်စင်ပေးပြီး အကြောပိတ်ဆို့မှုများကို ဖွင့်ပေးလိုက်သည်နှင့် တူညီပေသည်။

ယင်းသည် သူ နောင်တစ်ချိန် ကျင့်ကြံခြင်းခရီးလမ်းအတွက် အလွန်ပင် အကျိုးကျေးဇူး ကြီးမားလှပေ၏။

ထိုအကြောင်းကို ကြားလိုက်ရချိန်တွင် ချူလျန်၏ စိတ်ထဲ၌ လှုပ်ရှားသွားလေသည်။

'ဒါ ဈေးကြီးပေးပြီး ဝယ်လိုက်တာနဲ့ အတူတူပဲမဟုတ်ဘူးလား...ဒီလိုမှန်းသိရင် ငါကိုယ်တိုင် သေတ္တာရာနဲ့ချီပြီး သွားပို့ပေးလိုက်ပါတယ်...ကြားပွဲစားတွေကို အမြတ်တွေ ဘာလို့အစားခံနေမလဲ...'

သူ တစ်ခုခုလုပ်ဆောင်ရန် အချိန်ပင် မရလိုက်ခင် မနက်စောစော၌ လင်းပေ့တို့အဖွဲ့ ရောက်ချလာကြသည်။

ဘယ်ရီသီး လက်ဆောင်သေတ္တာများမှာ အလွန်အမင်း ရောင်းကောင်းသွားခဲ့ချေပြီ။

မူလက ရွှေရောင်အဆင်းရှိသော ဘယ်ရီသီးများကို စိတ်ဝင်စားသူ များစွာမရှိခဲ့ပေ။ ထိုအရာသည် ၎င်း၏ မြင့်မားသောဈေးနှုန်းနှင့် မတန်ကြောင်း ယူဆကာ လူဆယ်ယောက်တွင် တစ်ယောက်လောက်သာ ဝယ်ယူရန်စဉ်းစားကြမည် ဖြစ်သည်။

ယခုကဲ့သို့ ကိစ္စရပ်များ ဖြစ်ပွားပြီးနောက်တွင်မူ လူတိုင်းက ဘယ်ရီသီးအပေါ် စိတ်ဝင်တစား ဖြစ်လာကြလေတော့၏။

စွမ်းအားကြီးမားသော လျှို့ဝှက်ဆန်းကြယ်သည့် ကျင့်ကြံသူတစ်ဦးက လမ်းပိတ်ကာ ဓားပြတိုက်ယူရသည်အထိ လိုချင်နေသော အံ့ဖွယ်သစ်သီး ဖြစ်နေသည်မဟုတ်လော။

ထိုဆွဲဆောင်မှုသည် ယခင်က ကျန်းယွဲ့ပိုင်ကို သစ်သီးလက်ဖက်ရည် ကြော်ငြာရိုက်ခိုင်းခဲ့သည်ထက်ပင် ပို၍ အစွမ်းထက်နေသေးသည်။ မည်သို့ပင်ဆိုစေကာမူ ယခုနေရာသည် ကျင့်ကြံခြင်းလောကဖြစ်ရာ အလှပန်းလေးများနောက်သို့ လိုက်လိုသူများထက် စွမ်းအားကြီးသူများနောက်သို့ လိုက်လိုသူက ပိုများနေသည်မှာ သဘာဝပင်။

ဈေးကွက်ကိုကစားရန် တမင်ဖန်တီးထားခြင်း ဖြစ်နိုင်ကြောင်း အချို့က ထင်ကြေးပေးခဲ့ကြသော်လည်း မကြာမီမှာပင် လူအများ၏ တံတွေးခွက်ထဲတွင် ထိုအယူအဆက ပျောက်ကွယ်သွားခဲ့လေ၏။

ချူလျန်က စွမ်းအားကြီးမားသော လူစိမ်းနှစ်ဦးကို ငှားရမ်းနိုင်လောက်အောင် စွမ်းဆောင်နိုင်နေပြီလား။ သို့တည်းမဟုတ်လျှင် ဂိုဏ်းအသီးသီးမှ ကျင့်ကြံသူ နှစ်ဆယ်ကျော်ကို လာဘ်ထိုးနိုင်စွမ်း ရှိနေပြီလား။

အကယ်၍ သူ့ထံတွင် ထိုမျှစွမ်းအားမျိုးသာ ရှိနေပါက ထိုကဲ့သို့သော အမြတ်အစွန်းလေးများကို တွက်ချက်နေစရာပင် မလိုတော့ချေ။

ထို့ကြောင့် ယနေ့ သူတို့အဖွဲ့လေး ဘယ်ရီသီးလက်ဆောင်သေတ္တာ ထွက်ရောင်းသောအခါ အခြေအနေမှာ ယခင်နှင့် လုံးဝကွာခြားသွားခဲ့၏။ ယခင်ကဆိုလျှင် အားသွန်ခွန်စိုက် ကြော်ငြာရောင်းချရသော်လည်း ယနေ့နံနက်တွင်မူ လူအများက အုံနှင့်ကျင်းနှင့် ဝိုင်းအုံလာကာ လုယက်ဝယ်ယူကြလေသည်။

ပုံမှန်အားဖြင့် တစ်ရက်တာလုံး ရောင်းရမည့်ပစ္စည်းများမှာ မျက်စိတစ်မှိတ်အတွင်း ရောင်းကုန်သွားသဖြင့် သူတို့အားလုံး ငွေဓားတောင်ထွတ်သို့ ကမန်းကတန်း ပြန်လာကာ ပစ္စည်းလာယူကြခြင်းဖြစ်ပေသည်။

ရှန်ဇီလျန်က ပြောလိုက်၏။

"အစ်ကိုကြီး...ဒါ ကောင်းကင်ကပေးတဲ့ အခွင့်အရေးပဲ...မြန်မြန် ပစ္စည်းထပ်ဖြည့်ပေးပါ...ကျွန်တော်တို့သွားပြီး ဈေးတင်ရောင်းကြရအောင်..."

ထိုကဲ့သို့ ရေပန်းစားနေချိန်တွင် ဈေးဆယ်ဆခန့်တင်ရောင်းလျှင်ပင် အကုန်အစင် ရောင်းထွက်သွားမည်မှာ သေချာပေသည်။

သူသည် အနည်းနှင့်အများဆိုသလို ချမ်းသာသောမျိုးဆက်သစ်တစ်ခုဖြစ်ပြီး ဖခင်ဖြစ်သူမှာ ရှုတောင်၏ တောင်ထွတ်သခင်တစ်ဦး ဖြစ်သည့်အတွက် ငယ်စဉ်ကတည်းက ငွေကြေးများကို မမြင်ဖူးသူတော့မဟုတ်ချေ။

အစပိုင်းတွင် ချူလျန်နှင့်အတူ စီးပွားရေးလုပ်ခြင်းမှာ သံယောဇဉ်ကြောင့်သာဖြစ်ပြီး ငွေရှာရန် ရည်ရွယ်ခဲ့ခြင်းမဟုတ်ပေ။ သို့သော်လည်း ချူလျန်နောက်သို့ လိုက်လေလေ သူ့စိတ်များ ပိုမိုထက်သန်လာလေလေ ဖြစ်၏။

သူသည် ငွေကို မမြင်ဖူးသည်တော့ မဟုတ်သော်လည်း ထိုမျှများပြားသော ငွေကြေးများကိုမူ တကယ်ကိုမမြင်ဖူးခဲ့ခြင်းပင်။

ယခင်က အခွင့်အရေးရတိုင်း အမြတ်အများစုကို ချူလျန်ကသာ ရယူခဲ့သော်လည်း ရှန်ဇီလျန်အနေဖြင့် အနည်းငယ်မျှသောဝေစုလေးဖြင့်ပင် သူ့လက်ထဲတွင် စုဆောင်းမိထားသော ဓားဒင်္ဂါးများမှာ ထောင်ဂဏန်းပင် ကျော်လွန်နေခဲ့ပြီဖြစ်သည်။

ဖခင်ဖြစ်သူပင်လျှင် တစ်နှစ်လုံးစာမုန့်ဖိုးအဖြစ် ထိုမျှများပြားသော ငွေကြေးကို ပေးနိုင်မည်မဟုတ်ပေ။ သို့သော် ချူလျန်နောက်သို့လိုက်ပါက ရက်အနည်းငယ်မျှ စီးပွားရေးလုပ်ရုံဖြင့် လုံလောက်နေပြီဖြစ်သည်။

တာဝန်များကိုလည်း သေမတတ်ပင်ပန်းခံကာ လုပ်ဆောင်နေစရာမလိုဘဲ အလွန်ဆုံး လမ်းဘေး၌ ဈေးခင်းကာ ပစ္စည်းရောင်းရုံမျှသာ ရှိပေသည်။

သူသည် ပစ္စည်းရောင်းချခြင်း၏ဆွဲဆောင်မှုကို အပြည့်အဝ ခံစားသိရှိသွားခဲ့လေပြီ။

ယခုတစ်ကြိမ်သာ ဈေးအကြီးအကျယ် တင်ရောင်းလိုက်နိုင်ပါက ရှုတောင်ထိပ်သီးညီလာခံ ပြီးဆုံးသွားချိန်တွင် သူကပင် ဖခင်ဖြစ်သူကို မုန့်ဖိုး ပြန်ပေးနိုင်တော့မည် ဖြစ်သည်။

မိမိနှင့် ဖခင်ဖြစ်သူတို့ နေရာချင်းလဲလှယ်သွားမည့်မြင်ကွင်းကို တွေးမိကာ ရှန်ဇီလျန်တစ်ယောက် မသိမသာ ပြုံးလိုက်မိတော့သည်။

သို့သော် ချူလျန်က ခေတ္တမျှ စဉ်းစားလိုက်ပြီး ပြတ်သားစွာ ပြောလိုက်၏။

"ဈေးမတင်ဘူး...ပြီးတော့...မူလဈေးအတိုင်း ရောင်းရုံတင်မကဘူး...ပစ္စည်းလည်း ထပ်မဖြည့်ပေးနိုင်ဘူး...မင်းတို့ တစ်ရက်ကို ဒီလောက်ပဲရောင်းရမယ်..."

နောက်လိုက် (က)သည်လည်း နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။

"ဗျာ...ရှုတောင်ထိပ်သီးညီလာခံပြီးသွားရင် ကျွန်တော်တို့ဆီမှာ ဒီလောက်ကောင်းတဲ့ အခွင့်အရေးမျိုး ရှိတော့မှာမဟုတ်ဘူးလေ...ဒီအချိန်လေးကို အခွင့်ကောင်းယူပြီး ပိုက်ဆံပိုမရှာတော့ဘူးလား..."

ချူလျန်က ရှင်းပြလိုက်၏။

"အလုပ်ရခက်ဆုံးက ပစ္စည်းထုတ်ဖို့မဟုတ်ဘူး...ကုန်အမှတ်တံဆိပ်ကို တည်ဆောက်ဖို့ပဲ...တကယ်လို့ ဆွဲဆောင်မှုလေးတစ်ခု ရလာတာနဲ့ ငါတို့က အလောတကြီး ဈေးတင်ရောင်းမယ်ဆိုရင် ငါတို့ရဲ့ပစ္စည်းက ဘာဖြစ်သွားမလဲ…”

“စွမ်းအားရှင်တွေ ဖန်တီးပေးလိုက်တဲ့ ရေပန်းစားမှုတစ်ခုသာသာပဲ ဖြစ်သွားလိမ့်မယ်...အဲ့ဒီရေပန်းစားမှု ပြီးသွားတာနဲ့ မင်းကို ဘယ်သူမှ မှတ်မိတော့မှာမဟုတ်ဘူး..."

"ငါတို့မှာ ကိုယ်ပိုင်ဟန်ရှိရမယ်...စွမ်းအားရှင်တွေကို ငါတို့ရဲ့ ဖောက်သည်တွေ ဖြစ်လာစေရမယ်...ငါတို့က စွမ်းအားရှင်တွေရဲ့ မျက်နှာသာပေးမှုကို ခံယူရတာမျိုး မဖြစ်စေရဘူး..."

"သတင်းဖြန့်လိုက်...ဒီနေ့အတွက် ဘယ်ရီသီးအရေအတွက် ရောင်းကုန်သွားပြီ… ထပ်ဝယ်ချင်သေးရင် မနက်ဖြန် ကောင်းကင်တက်လှမ်းတောင်ထွတ်ကို စောစောလာခဲ့ကြပါလို့…”

“အပိုဆောင်းအနေနဲ့ ဓားဒင်္ဂါးအသုံးပြုတဲ့သူတွေကို ဦးစားပေးပြီး ရောင်းချပေးမယ်..."

အမှန်တကယ်တွင် သူ အပြည့်အစုံမပြောခဲ့သည့်အချက်မှာ ရွှေရောင်အဆင်းရှိသော ဘယ်ရီသီးကဲ့သို့ တန်ဖိုးသိပ်မကြီးမားသည့် ပစ္စည်းတစ်ခုအတွက် အမြတ်အစွန်းများများရချင်ပါက ထိုကဲ့သို့ ကုန်အမှတ်တံဆိပ်တန်ဖိုးကို မြှင့်တင်ရောင်းချခြင်းကသာ တစ်ခုတည်းသော နည်းလမ်းဖြစ်ခြင်းပင်။

အကယ်၍ လူတိုင်းက အလွယ်တကူ ဝယ်ယူစားသုံးနိုင်သွားပါက ၎င်းသည် အမှန်တကယ် တန်ဖိုးမရှိကြောင်းကို လျင်မြန်စွာသိရှိသွားကြပြီး မကြာမီမှာပင် စွန့်ပစ်ခံရမည် ဖြစ်သည်။

လူတစ်စုက ဝယ်ယူနိုင်ပြီး နောက်လူတစ်စုက ငွေရှိသော်လည်း ဝယ်မရနိုင်သည့် အခြေအနေမျိုးဖန်တီးထားမှသာ ဝယ်ယူနိုင်သူများအနေဖြင့် မိမိကိုယ်မိမိ သာလွန်သည်ဟု ခံစားရစေပြီး သူတို့သုံးစွဲလိုက်သောငွေကြေးသည် တန်သည်ဟု ထင်မြင်စေမည် ဖြစ်လေသည်။

လင်းပေ့ကလည်း အပြည့်အဝ ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်ကာ ပြောလိုက်၏။

"အဓိပ္ပာယ်ရှိတယ်..."

နောက်လိုက် (ခ)က သူ့ကို ထူးဆန်းစွာ ကြည့်ရင်း မေးလိုက်သည်။

"မင်း နားလည်လို့လား..."

လင်းပေ့က ပြန်ဖြေလိုက်၏။

"သိပ်တော့ နားမလည်ဘူး... ဒါပေမဲ့ ချူလျန်ပြောတာ သေချာပေါက် မှန်တယ်ဆိုတာတော့ ငါသိတယ်..."

ချူလျန်က သူ့အဖွဲ့ကိုခေါ်ကာ ကောင်းကင်တက်လှမ်းတောင်ထွတ်သို့ ထပ်မံရောက်ရှိလာသောအခါ ချက်ချင်းပင် လူတိုင်း၏အာရုံစိုက်မှုကို ခံလိုက်ရလေတော့သည်။

လူတစ်စုမှာ ဘယ်ရီသီးကို ဝယ်ချင်သော်လည်း မရလိုက်သူများဖြစ်ပြီး သူတို့သည် ဘေးနားရှိ ရှုတောင်တပည့်များထံမှတစ်ဆင့် ထိုချောမောသော လူငယ်လေးမှာ ဘယ်ရီသီးအုပ်စု၏ နောက်ကွယ်မှ စိုက်ခင်းပိုင်ရှင်ဖြစ်ကြောင်းကို စောစောကပင် သိထားကြသဖြင့် အံ့ဩသည့်အကြည့်များဖြင့် ကြည့်နေကြခြင်းဖြစ်သည်။

အခြားလူတစ်စုမှာ ရှုတောင်ထိပ်သီးညီလာခံကို ပိုမိုအာရုံစိုက်သူများဖြစ်ပြီး ချူလျန်သည် ဆန်ခါတင်လေးဦးအဆင့်သို့ ပထမဆုံးဝင်ရောက်သွားသူဖြစ်ကြောင်း သိရှိထားသဖြင့် ထိုကိစ္စအတွက် မကျေမနပ်ဖြစ်နေကြသူများဖြစ်ပေသည်။

သိထားရမည်မှာ ချူလျန်သည် ယခင်ပွဲစဉ်အားလုံးတွင် စုစုပေါင်းမှ သုံးကြိမ်သာ လက်ပါခဲ့ပြီး စုစုပေါင်း အချိန်ယူခဲ့ရမှုမှာလည်း အသက်ငါးချက်ရှူစာအချိန်ပင် မပြည့်ခဲ့ချေ။

သမိုင်းတစ်လျှောက်တွင် မည်သည့်တပည့်ကမျှ ဆီးသွားရန်ပင် မလောက်ငှသော အချိန်တိုလေးအတွင်း ရှုတောင်၏ ထိပ်တန်းဆန်ခါတင်လေးဦးစာရင်းသို့ ဝင်ရောက်နိုင်ခဲ့ခြင်းမျိုးမရှိခဲ့ဖူးပေ။

အထူးသဖြင့် သူ၏အနိုင်ရရှိမှုတိုင်းမှာ မှော်ဝင်ပစ္စည်းများ၊ ကောက်ကျစ်သော အကြံအစည်များနှင့် ဉာဏ်နီဉာဏ်နက်များကို အသုံးပြုထားခြင်းဖြစ်ပြီး မည်သည့် စစ်မှန်သော စွမ်းအားကိုမျှ ပြသခဲ့ခြင်းမရှိချေ။

ထို့ကြောင့် များစွာသော ရှုတောင်တပည့်များက 'ငါသာ တက်သွားရင်လည်း လုပ်နိုင်တာပဲ...' ဟူသော အတွေးများ ဝင်နေကြလေသည်။

သူတို့သည် အံ့ဩခြင်းနှင့်အတူ မနာလိုလည်းဖြစ်နေကြ၏။

တချို့ကဆိုလျှင် ချူလျန်၏ပြိုင်ဘက်များကို သူနှင့် သူ၏ဆရာဖြစ်သူတို့ ပူးပေါင်းကာ ဒဏ်ရာရအောင် လုပ်ခဲ့ခြင်းများလားဟူ၍ပင် တိတ်တဆိတ် ထင်ကြေးပေးနေကြသည်။

ရှန်ချုံးကွမ် ဖော်ပြခဲ့သည့် ပုံပန်းသဏ္ဌာန်မှာ တိနွီဖုန့်နှင့် မတူသည်က သိသာသော်လည်း သူမအနေဖြင့် လူသတ်သမားငှားရမ်းခြင်းမျိုး မလုပ်နိုင်ဘူးလား။

သေချာသည်မှာ သူမ သေချာပေါက်လုပ်နိုင်သည့် ကိစ္စမျိုးပင်။

ပွဲကြည့်စင်ပေါ်တွင် ထိုင်နေသော အဘိုးအိုဆွန်းပင်လျှင် သိချင်စိတ်ဖြင့် မေးလိုက်သည်။

"အားဖုန့်...နင့်တပည့်ရဲ့ ပြိုင်ဘက်ကို နင်လူစားထိုးပြီး ရိုက်ခိုင်းလိုက်တာ တကယ်မဟုတ်ဘူးလား..."

တိနွီဖုန့်က သူ့ကို မျက်စောင်းထိုးကြည့်ကာ ပြောလိုက်၏။

“ကျွန်မက တစ်ယောက်ယောက်ကို ရိုက်ချင်ရင် လူငှားနေစရာလိုသေးလို့လား..."

အဘိုးအိုဟွမ်ကလည်း ခေါင်းတဆတ်ဆတ် ညိတ်ကာ ထောက်ခံလိုက်သည်။

"ဟုတ်တယ်...အားဖုန့်ရဲ့ ကိုယ်ကျင့်တရားကို သံသယမဝင်ပါနဲ့..."

သူ့ဘယ်ဘက်မျက်လုံးအိမ်မှာ အနည်းငယ်ညိုမည်းနေပြီး ခန္ဓာကိုယ်ပေါ်တွင်လည်း မီးဟပ်ထားသော ဒဏ်ရာများရှိနေကာ အနည်းငယ် စုတ်ပြတ်သတ်နေပုံပေါ်သော်လည်း တိနွီဖုန့်ကို ထောက်ခံသည့်အမူအရာကမူ အလွန်ပင် ခိုင်မာနေလေသည်။

ထိုအရာနှစ်ခုကြားတွင် အကြောင်းအကျိုးဆက်စပ်မှုမရှိကြောင်း ပြောရန် အလွန်ပင် ခက်ခဲလှပေသည်။

အဘိုးအိုဆွန်းက ရယ်မောကာ ပြောလိုက်၏။

"ငါ နည်းနည်း ထူးဆန်းနေလို့ပါ...ဘယ်လို စွမ်းအားရှင်မျိုးက သစ်သီးနည်းနည်းပါးပါးအတွက်နဲ့ လမ်းပိတ်ပြီး ဓားပြတိုက်မှာလဲလို့လေ..."

အဘိုးအိုဟွမ်၏ပုံစံကို ကြည့်ရင်း သူ့စိတ်အခြေအနေမှာ အလွန်ကောင်းမွန်နေလေသည်။

အဘိုးအိုဟွမ်က ပြန်ပြောလိုက်သည်။

"ဒါကိုတော့ ငါ အကြမ်းဖျင်း ခန့်မှန်းလို့ရတယ်...အရင်သတင်းတွေနဲ့ ပေါင်းစပ်လိုက်ရင် ဘယ်သူလုပ်လဲဆိုတာကို ငါ သိနေပြီ...ဒါပေမဲ့ မင်းကိုတော့ မပြောပြဘူး..."

အဘိုးအိုဆွန်းက အေးစက်စက် နှာမှုတ်လိုက်ကာ ပြောလိုက်၏။

"ဟမ့်...ငါလည်း မမေးချင်ပါဘူး...ဒါပေမဲ့ အခု ချူလျန်က ဆန်ခါတင်လေးဦးအဆင့်ကို ဝင်သွားပြီ...တိုက်ခိုက်ခဲ့ရတာ မရှိဘူးဆိုပေမဲ့ သူ နိုင်သွားတယ်လို့ သတ်မှတ်လို့ရတယ်မလား…”

“ငါတို့ရဲ့ လောင်းကြေးမှာ ငါနိုင်သွားတာ မဟုတ်ဘူးလား..."

အဘိုးအိုဟွမ်က မျက်လုံးပြူးသွားပြီး ငြင်းဆိုလိုက်သည်။

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...သူ အရမ်းဆုံးရှုံးမသွားတာပဲရှိတာ...နိုင်သွားတာမှ မဟုတ်တာ...ငါအကြံပေးချင်တာ ငါတို့ရဲ့လောင်းကြေးကို နောက်ဆုတ်လိုက်ရအောင်…”

“သူ့ရဲ့နောက်တစ်ပွဲ အရှုံးအနိုင်ကိုပဲ လောင်းကြတာပေါ့..."

အဘိုးအိုဆွန်းက လှောင်ပြောင်လိုက်၏။

"မင်း တော်တော် ကောက်ကျစ်တာပဲ...ဆန်ခါတင်ရှစ်ဦးပွဲနဲ့ လေးဦးပွဲက တူလို့လား..."

လောင်းကြေးကို နောက်ဆုတ်လိုက်ခြင်းမှာ ပြောင်းလဲမှုမရှိဘူးဟု ထင်ရသော်လည်း ဆန်ခါတင်ရှစ်ဦးပွဲစဉ်နှင့် လေးဦးပွဲစဉ်တို့တွင် ရင်ဆိုင်ရမည့် ပြိုင်ဘက်များမှာ လုံးဝကို ကွာခြားနေပေသည်။

ဆန်ခါတင်လေးဦးအဆင့်သို့ ဝင်ရောက်နိုင်သော ရှုတောင်၏ မျိုးဆက်သစ်များမှာ ကျိုကျိုးမြေတစ်ခုလုံးတွင် ထိပ်တန်းအဆင့်ရှိသူများဟုဆိုနိုင်ရာ ချူလျန် အနိုင်ရရှိရန် အခက်အခဲမှာ ဆန်ခါတင်ရှစ်ဦးပွဲစဉ်ထက် များစွာပိုမိုမြင့်မားနေခြင်း ဖြစ်သည်။

အဘိုးအိုဟွမ်က ချက်ချင်းပင် ခေါင်းလှည့်ကာ တိနွီဖုန့်ဘက်သို့ ကြည့်၍ ပြောလိုက်သည်။

"အားဖုန့်...နင် မြင်တယ်မလား...ဒီအဘိုးကြီးက နင့်တပည့်အပေါ် ယုံကြည်မှု မရှိတော့ဘူး...သူ နင့်တပည့် ရှုံးတော့မယ်လို့ထင်နေတာလေ...ဟဲဟဲ..."

မီးလောင်ရာ လေပင့်ပေးလိုက်ခြင်းပင်။

အဘိုးအိုဆွန်းသည် တိနွီဖုန့်၏အကြည့်များက မိမိအပေါ်သို့ ကျရောက်လာသည်ကို ခံစားလိုက်ရသဖြင့် ချက်ချင်းပင် အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်၏။

"မင်း ပါးစပ်ကရမ်းမပြောနဲ့...လောင်းမယ်ဆိုလည်း လောင်းတာပေါ့...ဒါပေမဲ့ အားဖုန့်...နင် မှတ်ထားနော်...ငါက နင့်တပည့် နိုင်မယ်လို့ လောင်းတာ...သူက နင့်တပည့် ရှုံးမယ်လို့ လောင်းတာ..."

ပြောင်းပြန် မီးပြန်မွှေးပေးလိုက်ခြင်း ဖြစ်သည်။

ထိုအန္တရာယ်များသော အကြည့်များက မိမိအပေါ်သို့ ရောက်ရှိလာသောအခါ အဘိုးအိုဟွမ်၏ မျက်လုံးများ ပြူးကျယ်သွားပြီး ကမန်းကတန်း ပြောလိုက်ရလေသည်။

"အားဖုန့်... နင်နဲ့ ရှုတောင်က ဝမ်ရွှမ်လင်းတို့ကြားမှာလည်း လောင်းကြေးတစ်ခု ရှိတယ်ဆိုတာ ငါ ကြားထားတယ်...နင့်ရဲ့ ဖီးနစ်ဝိညာဉ်သွေးကျောက်စိမ်းနဲ့ သူ့ရဲ့ တောင်ထွတ်ခေါင်းဆောင်နေရာကို လောင်းထားတာဆို...နင် ကိုယ့်တပည့်ကိုယ် အဲ့ဒီလောက်တောင် ယုံကြည်မှုရှိနေတာလား..."

တိနွီဖုန့်က ပွင့်ပွင့်လင်းလင်းပင် ဖြေလိုက်၏။

"မရှိပါဘူး...အမှန်တိုင်းပြောရရင် ငါ ဝမ်ရွှမ်လင်းနဲ့ လောင်းကြေးထပ်တုန်းက ချူလျန်ရဲ့ ကျင့်ကြံခြင်းက အရမ်းအားနည်းနေသေးတာလေ...သူ အခုလို အဆင့်အထိ ရောက်လာနိုင်တာကိုပဲ ငါ အရမ်းကျေနပ်နေပါပြီ..."

အဘိုးအိုဆွန်းက အံ့ဩတကြီးဖြင့် မေးလိုက်သည်။

"ဟမ်...ဒါဆို နင် ဖီးနစ်ဝိညာဉ်သွေးကျောက်စိမ်းကိုတောင်သုံးပြီး လောင်းရဲသေးတယ်ပေါ့...ရှုံးမှာကို မကြောက်ဘူးလား..."

တိနွီဖုန့်က သူ့ကို ထူးဆန်းစွာ ကြည့်ကာ မေးလိုက်၏။

"ငါ ကတိမဖျက်နိုင်ဘူးလို့ ပြောထားလို့လား..."

အဘိုးအိုဟွမ်က ထပ်မေးလိုက်သည်။

"အကယ်လို့ ဝမ်ရွှမ်လင်းက ရှုံးသွားလို့ ကတိဖျက်ရင်ရော..."

တိနွီဖုန့်က အံ့ဩတကြီး အော်ဟစ်လိုက်၏။

"ဒါဆိုရင်တော့ သူ အရမ်း မျက်နှာပြောင်တိုက်လွန်းရာ ကျသွားပြီပေါ့..."

အဘိုးအိုဆွန်းနှင့် အဘိုးအိုဟွမ် "ဟင်..."

All Chapters