← Chapters

အခန်း ၂၉၃

Vol. 30 Ch. 293

အခန်း ၂၉၃

Vol. 30 Ch. 293

အခန်း (၂၉၃) - တောက်လောင်လာပြီ (၁)

နှစ်ပေါင်းများစွာ ကြာပြီးနောက် တိနွီဖုန့်ကို ရင်ဆိုင်ရချိန်တွင် နာမည်ကျော်ပညာတတ်ကြီး အဘိုးအိုဆွန်းက သူ့အား အဘိုးအိုဟွမ် ခေါ်ဆောင်သွားပြီး ထိုမွေးကင်းစကလေးငယ်အား ကြည့်ရှုခဲ့သည့်နေ့လယ်ခင်းကို အမြဲ ပြန်လည်အမှတ်ရနေတတ်သည်။

ထိုစဉ်က အပြစ်ကင်းစင်သည့်မျက်ဝန်းလေးများ ပိုင်ဆိုင်ထားသော ထိုကလေးငယ်လေးသည် ယခုကဲ့သို့ ကြီးပြင်းလာလိမ့်မည်ဟု မည်သူက ထင်မှတ်ထားခဲ့မည်နည်း။

အဘိုးအိုဟွမ်သည် သူ့မျက်ဝန်းထဲမှ သက်ပြင်းချသံများကို ဖတ်တတ်သည့်အလား အဓိပ္ပာယ်ပြည့်ဝသော အကြည့်ဖြင့် ပြန်လည်ကြည့်ရှုလာ၏။

"သူမကို ထျန်းလင်ရှင်းဆီပေးပြီး ပြုစုပျိုးထောင်ဖို့ ဘယ်သူ အကြံပေးခဲ့တာလဲ... ဒီနေ့ဒီလိုဖြစ်လာမယ်ဆိုတာ စောစောကတည်းက တွေးထားသင့်တာ..."

အဘိုးအိုဆွန်းက မျက်လုံးပြူးကာ ဒေါသတကြီးဖြင့် စိုက်ကြည့်လိုက်သည်။

"မင်းနဲ့ ထျန်းလင်ရှင်းကြားက ရှင်းပြလို့မရတဲ့ ပတ်သက်မှုတွေကြောင့် ငါ အခုလို အကြံပေးခဲ့ရတာလေ...မင်းလည်း မငြင်းဘူးမဟုတ်လား..."

အဘိုးအိုဟွမ်၏ မျက်ဝန်းများမှာ ထိတ်လန့်သွားပြီး မျက်တောင်များကို တဖျပ်ဖျပ် ခတ်လိုက်၏။

"မင်း လျှောက်မပြောနဲ့...ငါနဲ့ သူက ရိုးရိုးသူငယ်ချင်းတွေပါ..."

အဘိုးအိုဆွန်း၏ မျက်ဝန်းများတွင် လှောင်ပြောင်မှုများ ပေါ်လွင်နေလေသည်။

"ဟက်..."

တိနွီဖုန့်က နားမလည်နိုင်စွာဖြင့် ပြောလိုက်၏။

"ရှင်တို့နှစ်ယောက် အဲ့ဒီမှာ မျက်စိမျက်နှာတွေပျက်ပြီး ဘာလုပ်နေကြတာလဲ... ပြိုင်ပွဲကစနေပြီလေ..."

"အို အို အို..."

အဘိုးအိုနှစ်ယောက်သည် အလျင်အမြန်ပင် ပြိုင်ပွဲဆီသို့ လိမ္မာရေးခြားရှိစွာ လှည့်ကြည့်လိုက်ကြရာ သူတို့လှုပ်ရှားမှုများမှာ လိုက်ဖက်ညီပြီး တစ်သားတည်း ဖြစ်နေလေသည်။

ယခုအချိန်တွင် ပြိုင်ပွဲမှာ လူအများအာရုံစိုက်မှုကိုရရှိနေပြီး အကြောင်းမှာ ကျန်းယွဲ့ပိုင်၏ ပွဲစဉ်ဖြစ်နေသောကြောင့်ပင်။ စင်အောက်ရှိ ရှုတောင်အတွင်းအပြင်မှ အင်မော်တယ်ဂိုဏ်းသားများစွာက တစ်ခဲနက်အော်ဟစ်နေကြ၏။

"ကျန်းကျန်း နိုင်ရမယ်..."

မကြာမီပင် အဘိုးအိုဟွမ်လည်း ထိုအထဲတွင် ပါဝင်သွားလေသည်။

ကျန်းယွဲ့ပိုင်ကဲ့သို့ ဗိုလ်လုပွဲဝင်မည့် အလားအလာရှိသူများအတွက် ယခင်ပွဲစဉ်များတွင် အစွမ်းကုန်ထုတ်သုံးခွင့်ရခဲပြီး အနည်းနှင့်အများဆိုသလို သူမ စွမ်းရည်တစ်စိတ်တစ်ပိုင်းကို ဖုံးကွယ်ထားတတ်ကြသည်။

ယခုကဲ့သို့ အဆင့်မြင့်ပွဲစဉ်မျိုးရောက်မှသာ အနည်းငယ် စိတ်လှုပ်ရှားဖွယ် ကောင်းလာပေမည်။

ယနေ့ သူမပြိုင်ဘက်မှာ သူမနှင့် တောင်ထွတ်တစ်ခုတည်းမှ ဂိုဏ်းတူအစ်မ ရွှယ်ကျန်းပင် ဖြစ်သည်။

ရွှယ်ကျန်း၏ မျက်နှာသွင်ပြင်မှာ ရိုးရှင်းပြီး အလှကြီးဟု မဆိုသာသော်လည်း အေးစက်စက် အငွေ့အသက်အချို့ ရှိကာ တာအိုပညာရှင်ယန့်နှင့် အနည်းငယ် ဆင်တူနေသည်။

ပိလော့တောင်ထွတ်မှ အမျိုးသမီးတပည့်များမှာ အနည်းနှင့်အများဆိုသလို ဆရာဖြစ်သူ၏ အမူအရာများကို ကူးစက်ခံထားရပုံပေါ်သည်။

ကျန်းယွဲ့ပိုင်မှာမူ သပ်ရပ်သောဝတ်ရုံဖြူလေးကို ဝတ်ဆင်ထားပြီး နတ်သမီးတစ်ပါးနှင့် တူနေကာ အထူးတလည်ပြောနေရန်ပင် မလိုတော့ချေ။

ရွှယ်ကျန်းက ကျန်းယွဲ့ပိုင်အကြောင်းကို ကောင်းစွာနားလည်ထားသည်မှာ ထင်ရှားလှပြီး လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် ကြီးမားကျယ်ပြန့်သော လှုပ်ရှားမှုများဖြင့် အနီးကပ်ဝင်ရောက်လာကာ အနီးကပ်ဓားရေးစွမ်းရည်ကို အားကိုး၍ အနိုင်ယူရန်ကြံရွယ်ထားပုံပေါ်သည်။

အဝေးမှနေ၍ တန်ခိုးစွမ်းအင်မန္တန်များဖြင့် တိုက်ခိုက်မည်ဆိုပါက သူမသည် ကျန်းယွဲ့ပိုင်နှင့် မည်သို့မျှ ယှဉ်ပြိုင်နိုင်မည်မဟုတ်ပေ။

သို့သော် ကျန်းယွဲ့ပိုင်က ဤသည်ကို အနည်းငယ်မျှပင်မကြောက်ရွံ့ဘဲ သူမအား အနီးကပ်ဝင်ရောက်ခွင့် ပြုလိုက်ပြီးနောက် အမျိုးသမီး ဓားကျင့်ကြံသူနှစ်ဦးလုံးက တစ်လံခန့်ရှိသော ဓားအလင်းတန်းများကို အသီးသီးထုတ်ဖော်ကာ အလွန်အန္တရာယ်များလှသော အနီးကပ်တိုက်ပွဲကို ဆင်နွှဲလိုက်ကြတော့သည်။

မြင်ကွင်းမှာလှပပြီး စိတ်လှုပ်ရှားဖွယ် ကောင်းလှ၏။

တိုက်ပွဲ အကြိမ်အနည်းငယ်မျှကြာပြီးနောက်တွင် ပတ်ဝန်းကျင်ရှိ ကြည့်ရှုသူများမှာ အနည်းငယ် အံ့အားသင့်သွားကြပြီး အထူးသဖြင့် ကောင်းကင်ဘုရင်ဂိုဏ်းမှ သိုင်းကျင့်ကြံသူများပင်ဖြစ်သည်။

ရှုတောင်မှ တာအိုပညာရှင်ယန့်၏ မိုးကောင်းကင်ကိုထောက်ထားသောဓားမှာ ပြိုင်ဘက်ကင်းလောက်အောင် ထက်မြက်ကြောင်း လောကလူသားအားလုံး သိထားကြသော်လည်း သူမ အခြေခံဓားသိုင်းကျင့်ကြံမှုတွင် ဤမျှလောက်အထိ နက်နဲလှကြောင်းကို မည်သူမျှ မသိကြချေ။

တပည့်နှစ်ဦး၏ သိမ်မွေ့လှသောဓားကွက်များကို ကြည့်ရုံဖြင့် ၎င်းတို့နှစ်ဦး၏ သိုင်းပညာကျင့်ကြံမှုမှာ မနိမ့်ကျကြောင်း သိနိုင်ပြီး သေချာပေါက် လေ့ကျင့်ထားခဲ့ကြခြင်းပင်။

ချူလျန်၏ ယခင်က မန္တန်တားမြစ်နယ်မြေတွင် အသုံးပြုခဲ့သော နည်းဗျူဟာသည် ထိုနှစ်ဦးနှင့် တွေ့ဆုံပါက အသက်ရှူချက်အနည်းငယ်အတွင်း အနိုင်ယူနိုင်ရန် မဖြစ်နိုင်ပေ။

မုယွဲ့ထင်မှာ ထိုအပိုင်းတွင်အားနည်းနေပြီး ချူလျန်၏အမိဖမ်းခြင်းကို ခံလိုက်ရခြင်းဖြစ်သည်ဟုသာ ပြောနိုင်တော့သည်။

ဓားအလင်းတန်းများမှာ ယက်ကန်းစင်များပမာ လေထဲတွင်ထွက်ပေါ်လာပြီး မျက်စိကျိန်းလောက်သော ပုံရိပ်များအဖြစ် ပေါင်းစပ်သွားကြသည်။ အနည်းငယ်မျှ ထိရှသွားသည်နှင့် လက်ပြတ်ခြေပြတ်ဖြစ်မည့် အဆုံးသတ်မှ လွတ်ကင်းနိုင်မည် မဟုတ်ပေ။

အကြိမ်လေးငါးဆယ်ခန့် တိုက်ခိုက်ပြီးနောက် ဓားအလင်းတန်းများမှာ ပို၍တိုတောင်းလာကာ ပို၍မြန်ဆန်လာပြီး ပတ်ဝန်းကျင်ရှိ လူများ၏ အသက်ရှူသံများပင် မြန်ဆန်လာချိန်တွင် ရုတ်တရက် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာလေသည်။

ရွှယ်ကျန်းနှင့် ကျန်းယွဲ့ပိုင်တို့၏ တိုက်ပွဲနယ်ပယ်မှာ တဖြည်းဖြည်းသေးငယ်လာပြီး သူမက လေထဲတွင် လှည့်ပတ်လိုက်ချိန်၌ ရုတ်တရက် ရှည်လျားသော ဓားတစ်လက်ကို ထပ်မံဆွဲထုတ်လိုက်၏။

လက်နှစ်ဖက်လုံးတွင် ဓားနှစ်လက်ကို ကိုင်ဆောင်ထားလေသည်။

ရှုတောင် ထိပ်သီးစင်မြင့်ပြိုင်ပွဲ၏ စည်းမျဉ်းများအရ ပြိုင်ပွဲဆီသို့ ဓားပျံတစ်လက်နှင့် မှော်ဝင်ပစ္စည်းတစ်ခုသာ ယူဆောင်ခွင့်ပြုထားရာ ယခုကဲ့သို့ ပြသမှုအရ သူမယူဆောင်လာသော မှော်ဝင်ပစ္စည်းမှာ အခြားဓားပျံ တစ်လက်ဖြစ်ကြောင်းသာ ဖော်ပြနေပြီး ထိုသို့ဆိုလျှင် စည်းကမ်းနှင့် ကိုက်ညီပေသည်။

အကယ်၍ အဝေးမှနေ၍ အပြန်အလှန်တိုက်ခိုက်ရမည်ဆိုပါက ဓားပျံ တစ်လက်ပိုလာခြင်းက အဓိပ္ပာယ်မရှိနိုင်သော်လည်း ယခုအခါ နှစ်ဖက်လုံးက အနီးကပ်ယှဉ်ပြိုင်နေကြပြီး အနိုင်အရှုံး မခွဲခြားနိုင်သေးရာ လက်နက်တစ်လက်ပိုလာခြင်းက များစွာ အသာစီးရသွားစေသည်။

ရွှယ်ကျန်းက ထက်မြက်သောဓားနှစ်လက်အား ကိုင်ဆောင်ထားသည်ကို မြင်လိုက်ရပြီး ခဏအကြာတွင် ဓားအလင်းတန်းများ ပြန့်ကျဲသွားကာ ကျန်းယွဲ့ပိုင်ကို ချက်ချင်း ဖိနှိပ်လိုက်တော့သည်။

ကျန်းယွဲ့ပိုင်က နောက်ဆုတ်ရန် ကြိုးစားသော်လည်း ရွှယ်ကျန်း၏ဓားနှစ်လက်မှာ ထက်မြက်လွန်းလှပြီး ချက်ချင်းပင်ညှပ်၍ တိုက်ခိုက်လာ၏။

သူမက မှော်ဝင်ပစ္စည်းနေရာတစ်ခုကို စတေးပြီးမှ ထိုမျှကြီးမားသော အသာစီးရမှုကို လဲလှယ်ခဲ့ခြင်းဖြစ်ရာ အနီးကပ်တိုက်ပွဲကိုအသုံးပြု၍ အနိုင်ယူရန် တွက်ချက်ထားသည်မှာ ရှင်းလင်းနေပြီး ကျန်းယွဲ့ပိုင်အား မည်ကဲ့သို့ အလွယ်တကူ အခွင့်အရေး ပေးနိုင်မည်နည်း။

ဓားအရှိန်အဝါမှာ နဂါးတစ်ကောင်ပမာပင်...။

"ကျန်းကျန်း..."

စင်အောက်တွင် တိတ်ဆိတ်သွားပြီး ကျန်းယွဲ့ပိုင်ကို ထောက်ခံသူ ပရိသတ်များအားလုံး အနည်းငယ် စိုးရိမ်လာကြသည်။

သူမစွမ်းရည်မှာ အလွန်အားကောင်းသော်လည်း ပိလော့တောင်ထွတ်မှ ဂိုဏ်းတူအစ်မများမှာလည်း မညံ့ကြပေ။ ကြိုတင်ကြံစည်ထားသူကို မရည်ရွယ်သူက ရင်ဆိုင်ရခြင်းဖြစ်ပြီး ရှုတောင်ထိပ်သီးစင်မြင့်ပြိုင်ပွဲတိုင်းတွင် အလားအလာရှိသူများ ရှုံးနိမ့်သွားခြင်းမျိုး မရှိခဲ့ဖူးသည်တော့မဟုတ်ပေ။

ယခင်တိုက်ပွဲမစတင်မီကပင် ပိလော့တောင်ထွတ်အနေဖြင့် ကျန်းယွဲ့ပိုင်အား အဆင့်တက်စေရန်အတွက် ရွှယ်ကျန်းအား တမင်သက်သက် အလွယ်တကူ ရှုံးနိမ့်စေမည်လားဟု စိုးရိမ်သူအချို့ရှိခဲ့သည်။

မည်သို့ပင်ဖြစ်စေ သူမအဖို့ အနိုင်ရရန် ခက်ခဲလှသဖြင့် ကျန်းယွဲ့ပိုင်ကို သူမစွမ်းရည်များကို ပိုမိုထိန်းသိမ်းထားနိုင်ရန်အတွက် တိုက်ရိုက် လက်လျှော့လိုက်ခြင်းက ပိုကောင်းမည်ဖြစ်ပြီး ယခင်ကလည်း ထိုကဲ့သို့ ဥပမာများ ရှိခဲ့ဖူးလေသည်။

သို့သော် ယခုကြည့်ရသည်မှာ ရွှယ်ကျန်းတွင် လက်လျှော့ရန် ဆန္ဒမရှိသည့်အပြင် အနိုင်ရလိုစိတ် ပြင်းပြနေပုံပေါ်သည်။

သို့သော် လူတိုင်းက ကျန်းယွဲ့ပိုင်အတွက် စိုးရိမ်နေချိန်တွင် သူမက နောက်ဆုံး၌ ဖြည်းညှင်းစွာ လှုပ်ရှားလိုက်လေသည်။

"ရွှစ်..."

သူမပုံရိပ်မှာ ချက်ချင်းဆိုသလိုပျောက်ကွယ်သွားပြီး ပြိုင်ပြိုင်ပွဲကွင်းအစွန်း လံအနည်းငယ်အကွာတွင် ပြန်လည်ပေါ်လာ၏။

မြေချုံ့သိုင်း။

ရွှယ်ကျန်း၏ အကြည့်များမှာတည်ငြိမ်နေပြီး အံကြိတ်ကာ သူမပုံရိပ်မှာလည်း အလားတူ လင်းလက်သွားလေသည်။

"ရွှစ်..."

သူမကလည်း မြေချုံ့သိုင်းကို အသုံးပြုလိုက်ခြင်းပင်။

ချက်ချင်းဆိုသလိုပင် ကျန်းယွဲ့ပိုင်၏ ပုံရိပ်နောက်သို့ ထပ်ကြပ်မကွာ လိုက်ပါလာပြီး အဆင့်တိုင်းကို ဖိအားပေးလာ၏။

စင်အောက်မှ အံ့ဩတကြီး အော်ဟစ်သံနှစ်ခု ဆက်တိုက် ထွက်ပေါ်လာလေသည်။

ကျန်းယွဲ့ပိုင် မြေချုံ့သိုင်းကို တတ်ကျွမ်းခြင်းမှာ ရှုတောင်ပေါ်တွင် လျှို့ဝှက်ချက် တစ်ခုမဟုတ်သော်လည်း အခြားဂိုဏ်းများမှ လာသူအများအပြားရှိနေကာ အင်မော်တယ်မန္တန်ကို ထိုမျှလွယ်ကူစွာ အသုံးပြုလိုက်သည်ကို ရုတ်တရက် မြင်တွေ့လိုက်ရချိန်တွင် အနည်းငယ်အံ့ဩသွားကြဆဲပင်။

သို့သော် ရွှယ်ကျန်းက ထပ်မံအသုံးပြုလိုက်ခြင်းက လူတိုင်းကို တကယ်ပင် တုန်လှုပ်သွားစေခဲ့သည်။

သူမသည် ပိလော့တောင်ထွတ်တွင် အမြဲတမ်း တိတ်ဆိတ်စွာနေတတ်ပြီး မိမိကိုယ်ကို ထုတ်ဖော်ပြသလေ့မရှိရာ တကယ်တမ်းတွင် ထိုမျှလောက်အထိ စွမ်းရည်ရှိနေခဲ့ခြင်းပင်။

သို့သော် နောက်တစ်စက္ကန့်တွင်မူ လူအများ၏ ဟနေသောပါးစပ်များမှာ ပြန်မပိတ်နိုင်တော့ချေ။

အကြောင်းမှာ ကျန်းယွဲ့ပိုင်၏ ပုံရိပ်မှာ ဆက်တိုက် လှုပ်ရှားနေသောကြောင့်ပင်..။

"ရွှစ်... ရွှစ်..."

နှစ်ကြိမ်ဆက်တိုက် လင်းလက်သွားပြီးနောက် ခဏအတွင်း ပြိုင်ဝိုင်း၏ အခြားတစ်ဖက်အစွန်သို့ ပြောင်းပြန်ရွေ့လျားသွားလေသည်။

ရွှယ်ကျန်း၏မျက်ဝန်းများတွင် အံ့အားသင့်မှုများဖြတ်ပြေးသွားပြီး သူမရှေ့ရှိပုံရိပ်မှာ ပျောက်ကွယ်သွားပြီဖြစ်ရာ ဂိုဏ်းတူညီမလေးက သူမနောက်တွင် ရောက်နေပြီဖြစ်ကြောင်း ချက်ချင်းခန့်မှန်းမိလိုက်၏။

သို့သော် သူမသည် မြေချုံ့သိုင်းကို ကျန်းယွဲ့ပိုင်ကဲ့သို့ မကျွမ်းကျင်ပေ။ အချိန်တိုအတွင်း တစ်ကြိမ်အသုံးပြုခြင်းမှာ အကန့်အသတ်ဖြစ်နေပြီဖြစ်ပြီး ဆက်လက်၍ ထပ်ကြပ်မကွာလိုက်ပါနိုင်ခြင်း မရှိတော့ချေ။

All Chapters