အခန်း ၂၉၅
Vol. 30 Ch. 295
အခန်း (၂၉၅) - လုံးဝအနိုင်ကျင့်တာပဲ
ရှုတောင်ပေါ်တွင် မထွက်ခွာသေးသော တောင်နှင့်မြောက် အမှီအခိုကင်းကျင့်ကြံသူများက အေးအေးလူလူ စားသောက်နေကြသည်။
"ဒီနေ့က ဖျော်ဖြေရေးအစီအစဉ်ဖြစ်တဲ့ မာကျောက်ပြိုင်ပွဲပဲလေ...မင်း သွားမကြည့်ချင်ဘူးလား..."
အဘိုးအိုဆွန်းက စကားစလိုက်၏။
"ငါ ဟွမ်ဆိုတဲ့လူက တစ်သက်လုံးမှာ လောင်းကစားကို အမုန်းဆုံးပဲ..."
အဘိုးအိုဟွမ်က ဖြောင့်မတ်မှန်ကန်သောလေသံဖြင့် ပြန်ဖြေလေသည်။
အဘိုးအိုဆွန်းက လှောင်ရယ်လိုက်၏။
အဘိုးအိုဟွမ်က အဘယ်ကြောင့် ထိုသို့ပြောရသည်ကို သူ အလိုအလျောက် နားလည်ထားသည်။ အဘယ်ကြောင့်ဆိုသော် ထိုသူသည် ဆယ်ခါလောင်းလျှင် ကိုးခါရှုံးတတ်ပြီး အကြီးရွေးလျှင် အသေးထွက်ကာ အရှေ့ကိုလောင်းလျှင် အနောက်ထွက်တတ်သောကြောင့် လောင်းကစားဝိုင်း၏ လမ်းပြမီးအိမ်ဟုပင် ခေါ်ဆိုနိုင်ပေသည်။
မမုန်းလျှင်သာ အဆန်းဖြစ်နေမည်ပင်...။
"ဒါပေမဲ့ ကျန်းယွဲ့ပိုင်လည်းပြိုင်ပွဲဝင်နေတယ်လေ... မင်းက အဲဒီကောင်မလေးရဲ့ ပရိသတ် မဟုတ်ဘူးလား..."
အဘိုးအိုဆွန်းက ထပ်ပြောလိုက်ပြန်သည်။
"အသေးစားလောင်းကစားက စိတ်အပန်းပြေစေပြီး အကြီးစားလောင်းကစားကတော့ ခန္ဓာကိုယ်ကိုထိခိုက်စေတယ်လေ...ဒါ့အပြင် မာကျောက်လို ဉာဏ်စမ်းကစားနည်းမျိုးကို ဘယ်လိုလုပ် လောင်းကစားလို့ သတ်မှတ်လို့ရမှာလဲ..."
အဘိုးအိုဟွမ်က မတ်တတ်ရပ်လိုက်ပြီဖြစ်သည်။ ပန်းကန်ထဲရှိ ထမင်းနှင့်ဟင်းများကလည်း မည်သည့်အချိန်ကတည်းက ပြောင်စင်သွားမှန်း မသိရချေ။
အဘိုးအိုဆွန်းမှာ မျက်လုံးပင် ပြူးသွားရလေတော့သည်။
သူတို့နှစ်ဦး မာကျောက်ပြိုင်ပွဲကျင်းပရာ ကွင်းပြင်အပြင်ဘက်သို့ ရောက်ရှိလာချိန်တွင်မူ ကွင်းပြင်၏တစ်ဖက်စွန်း၌ လူစုလူဝေး အလွန့်အလွန်များပြားနေသည်ကို တွေ့လိုက်ရ၏။
ဒုတိယအဆင့်ပြိုင်ပွဲသို့ လာရောက်ယှဉ်ပြိုင်သူ သိပ်မကျန်တော့ပေ။ ထိုသူများမှာ အလိုအလျောက်ပင် ပွဲကြည့်ပရိသတ်များသာဖြစ်ကြပြီး ထိုမျှလောက် စုရုံးနေကြခြင်းမှာ ကစားပွဲတစ်ပွဲတည်းကို ဝိုင်းကြည့်နေကြခြင်းဖြစ်သည်။
အကြီးအကဲနှစ်ဦးမှာ သူတို့၏အမြင်အာရုံစွမ်းရည်ကြောင့် အနီးကပ်သွားရန်မလိုဘဲ ကစားပွဲအခြေအနေကို မြင်တွေ့နိုင်သဖြင့် ထိုနေရာတွင်ပင် ရပ်တန့်ကာ ကြည့်ရှုနေလိုက်ကြသည်။
"ဟင်...ကျွန်မထပ်ပြီး အနိုင်ရသွားပြန်ပြီလား..."
ကစားဝိုင်းပေါ်တွင် အာရုံအဖမ်းစားနိုင်ဆုံးသူမှာ မြင်းမြီးပုံစံ ဆံပင်ကျစ်ထားသော အသားဖြူဖြူ ကောင်မလေးတစ်ဦးပင်ဖြစ်သည်။
သူမက အပြစ်ကင်းစင်ကာ ရွှင်လန်းနေသောမျက်နှာထားဖြင့် မာကျောက်များကို ဆွဲယူပြီးသည်နှင့် တစ်ပြိုင်နက် ချပြလိုက်၏။
ထျန်းဟူ အနိုင်ရခြင်းပင်...။
"ဆယ့်နှစ်ပွဲမြောက်ထျန်းဟူပဲ...ဘုရားရေ...ဒီကောင်မလေးက တကယ်ကို ဘယ်ကလာတဲ့သူလဲ..."
ပရိသတ်ထဲမှ တစ်ယောက်က ရေရွတ်လိုက်သည်။
"ငွေဓားတောင်ထွတ်က မိစ္ဆာမလေးတစ်ကောင်ပဲ...ရွှေငါးကြင်းကနေ လူယောင်ဖန်ဆင်းထားတာထင်တယ်...ဒါကြောင့် ကံအရမ်းကောင်းနေတာလေ..."
အခြားတစ်ယောက်က ပြန်ဖြေလေ၏။
"ကောင်းကင်နဲ့ မြေကြီးက မွေးဖွားလာတဲ့ ရွှေငါးကြင်းဖြစ်နေရင်တောင် ဒီလောက်ကံကောင်းနေတာ မဖြစ်သင့်ဘူးလေ...သူ့ဆီမှာ တခြား ဆန်းကြယ်တဲ့အရာတွေများ ရှိနေသေးတာလား..."
နောက်တစ်ယောက်က မေးခွန်းထုတ်လိုက်သည်။
"ဘာပဲဖြစ်ဖြစ် သူက ဘယ်လို မှော်အတတ်ပညာကိုမှမသုံးထားဘူး...အကုန်လုံး စည်းမျဉ်းနဲ့ညီနေတာပဲ..."
"ယုံဖို့တောင် ခက်လွန်းတယ်..."
"ဂိုဏ်းတူအစ်ကိုရွှီကတော့ ဒုတိယအဆင့်မှာတင် ထွက်ရတော့မယ်ထင်တယ်..."
ဘေးနားမှ ဝိုင်းကြည့်နေသူများက တီးတိုးပြောဆိုနေကြပြီး သူတို့စိတ်ထဲမှ အံ့ဩမှုများကို အသီးသီး ဖော်ပြနေကြသည်။
လျိုရှောင်ယွီ၏ အောက်ဘက်ခုံတွင်ထိုင်နေသူမှာ ခန္ဓာကိုယ်မတ်မတ်နှင့် ရွှီဇီယန်ပင် ဖြစ်သည်။ သူက တည်ငြိမ်သောမျက်နှာထားကို ထိန်းသိမ်းထားသော်လည်း အမှန်တကယ်တွင်မူ စိတ်ထဲ၌ သိမ်မွေ့သောလှိုင်းဂယက်များ ထကြွနေပြီဖြစ်သည်။
'ဒီကောင်မလေးက...အရမ်းအံ့ဩဖို့ကောင်းလွန်းတယ်...'
'သူ ဒီလိုမျိုး ဆယ့်ခြောက်ပွဲဆက်တိုက် ထျန်းဟူနဲ့ အနိုင်ရပြီး ပွဲကို အဆုံးသတ်လိုက်တော့မှာတော့ မဟုတ်ပါဘူးနော်...'
ရွှီဇီယန်၏ စိတ်စွမ်းအားမှာလည်း အလားတူပင်အားကောင်းလှသည်။ သို့သော် မာကျောက်ဆိုသည်မှာ ထိုသို့ပင် ဖြစ်၏။ သူက ဖဲချပ်များ၏တည်နေရာကို မည်မျှပင် မှတ်သားထားနိုင်စေကာမူ သူမကိုမူ ပြောင်းလဲနိုင်စွမ်းမရှိချေ။
သူက ဖဲချပ်ပုံစံများကို တွက်ချက်လိုက်တိုင်း လူတစ်ဦးစီရရှိမည့်ဖဲချပ်များကို ကြိုတင်သိရှိနေပြီး လျိုရှောင်ယွီက ထျန်းဟူအနိုင်ရမည့်ဖဲချပ်များကို ရရှိသွားမည်ကို ချက်ချင်းသိလိုက်ရသည်။
ထိုသို့ အားကိုးရာမဲ့ဖြစ်နေရသည့်ခံစားချက်မှာ တစ်ခါတစ်ရံတွင် မသိလိုက်ရခြင်းကပင် ပို၍ ကောင်းနေသေးတော့သည်။
'ဒါပေမဲ့ ဘာလို့လဲ...'
သူသည် ဖဲချပ်များ၏တည်နေရာကို တမင်တကာ ကမောက်ကမဖြစ်အောင် လုပ်ဆောင်ထားသော်လည်း သူထိန်းချုပ်နိုင်သည်မှာ အနည်းငယ်မျှသာဖြစ်သည်။
လျိုရှောင်ယွီ၏ ကြောက်မက်ဖွယ်ကောင်းသော ထျန်းဟူအနိုင်ရခြင်းကိုမူ သူ ဘယ်သောအခါမှ တားဆီးနိုင်မည်မဟုတ်ပေ။ ကစားပွဲသည် သူမ တစ်ယောက်တည်း၏ ဖဲချပ်ကစားနည်းအဖြစ် ပြောင်းလဲသွားခဲ့လေပြီ။
စားပွဲပေါ်ရှိ အခြားသုံးယောက်မှာ ဖဲချပ်စီပေးရသောကိရိယာများနှင့် ပို၍တူနေတော့သည်။
ပရိသတ်များ ပိုမိုများပြားလာကာ နတ်ဘုရားအဆင့်အတန်းတစ်ခု ပေါ်ထွက်လာခြင်းကို အတူတကွသက်သေခံရန် ရောက်ရှိလာကြသည်။
ဆန့်ကျင်ဘက်အနေဖြင့် ချူလျန်နှင့် ကျန်းယွဲ့ပိုင်တို့၏စားပွဲတွင်မူ ယခုအချိန်၌ ကျန်းယွဲ့ပိုင်၏ သစ္စာခံပရိသတ်လက်တစ်ဆုပ်စာမျှသာ ဘေးတွင်ရပ်ကြည့်နေကြပြီး သူတို့ပင် အနည်းငယ် ငိုက်မျဉ်းနေကြပြီဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် တကယ်ကို ပျင်းစရာကောင်းလွန်းနေသောကြောင့်ပင်။
သာမန်လူများ၏အမြင်တွင်မူ ချူလျန်နှင့် ကျန်းယွဲ့ပိုင်တို့၏ နတ်ဘုရားများသဖွယ် တိုက်ခိုက်နေမှုကို မမြင်နိုင်ကြပေ။
သူတို့ မြင်တွေ့ရသည်မှာ အချိန်အတော်ကြာသည်အထိ မည်သူမျှအနိုင်မရဘဲ ကစားပွဲပြီးဆုံးခါနီးအချိန်မှသာ အသေးအဖွဲလေး အနိုင်ရသွားခြင်းမျိုးသာဖြစ်သည်။
ကစားသည့်အရှိန်မှာလည်း အလွန်နှေးကွေးပြီး ဖဲချပ်တစ်ချပ်စီတိုင်းကို အချိန်အကြာကြီး တွေးတောနေရ၏။
သို့သော် အရှုံးအနိုင်မှာ အလွန်သေးငယ်ကာ ငါးပွဲ ခြောက်ပွဲ ကစားပြီးသော်လည်း သိသာထင်ရှားသော ကွာဟချက်မျိုးမရှိသေးပေ။
ထို့ကြောင့် ကြည့်ရှုသူများအနေဖြင့် အလိုအလျောက် ပျင်းစရာကောင်းသည်ဟု ခံစားရခြင်းဖြစ်သည်။
သူတို့နှစ်ဦးက တိုက်ခိုက်ရင်း အပြန်အလှန်တွက်ချက်နေကြသဖြင့် နောက်လိုက် (က) မှာ အခွင့်ကောင်းရကာ နှစ်ကြိမ်တိုင်တိုင် အနိုင်ရသွားခဲ့သေးသည်။
ဘေးစားပွဲမှအံ့ဩသံများကို တစ်သုတ်ပြီးတစ်သုတ်ကြားနေရချိန်တွင် ချူလျန်က ရုတ်တရက် အပြုံးတစ်ခုကိုဖော်ပြလိုက်သည်။
"စီနီယာအစ်မကျန်း...အခုလက်ရှိမှာ ကျွန်တော်တို့နှစ်ယောက်က အင်အားညီမျှနေပေမဲ့ နောက်ဆုံးကျရင် ကျွန်တော်ပဲ သေချာပေါက်နိုင်မှာပါ..."
"ဟွန့်...ဘာအကြောင်းကြောင့် အဲဒီလိုမြင်ရတာလဲ..."
ကျန်းယွဲ့ပိုင်က မျက်ခုံးလေးကို အနည်းငယ် ပင့်လိုက်၏။
"လောင်းကြမလား...ကျွန်တော်နိုင်ရင် စီနီယာအစ်မကို မေးခွန်းတစ်ခု မေးခွင့်ပြုရမယ်...ပြီးတော့ အမှန်အတိုင်းဖြေရမယ်နော်..."
ချူလျန်က ပြုံး၍ ပြောလိုက်သည်။
"ကောင်းပြီလေ...အဲဒါဆို ငါနိုင်ရင်လည်း မင်းငါ့ကို မေးခွန်းတစ်ခု ပြန်ဖြေရမယ်... လိမ်ပြောခွင့်မရှိဘူးနော်..."
ကျန်းယွဲ့ပိုင်က ပြုံးရွှင်စွာဖြင့် ပြောလိုက်၏။
ရွှီဇီချင်က သူတို့နှစ်ဦး၏မျက်လုံးများမှ ထွက်ပေါ်လာသော မီးပွားများကို ကြည့်ကာ စိတ်ထဲမှ အော်ဟစ်လိုက်သည်။
'အားပါးပါး...သူတို့ရဲ့ အပြန်အလှန်ဆက်ဆံရေးက တကယ်ကို တိတ်တဆိတ် သံယောဇဉ်ဖြစ်နေကြတာပဲ...ဂိုဏ်းတူအစ်ကိုချူက နှစ်ကိုယ်တူကျင့်စဉ်ဝယ်တာကို ကိုယ်တိုင်ကိုယ်ကျ မတွေ့ခဲ့ရရင် ငါ သိတောင်သိခဲ့မှာမဟုတ်ဘူး...'
နောက်လိုက် (က) ကမူ သူတို့စကားပြောဆိုမှုများကို နားထောင်ရင်း မျက်တောင်တဖျတ်ဖျတ် ခတ်လိုက်ကာ စိတ်ထဲတွင် နားမလည်နိုင်ဖြစ်နေတော့သည်။
'လေးယောက်ကစားတဲ့ မာကျောက်မှာ ဘာလို့ ရုတ်တရက် နှစ်ယောက်က အနိုင်ရနိုင်တဲ့ အခွင့်အရေးကို သိမ်းပိုက်သွားရတာလဲ...အခု ကစားဝိုင်းမှာ တိုကင်ပြားအများဆုံးရထားတာ ငါမဟုတ်ဘူးလား...'
သို့သော် သူ အဘယ်ကြောင့်ဆိုသည်ကို မကြာမီသိရှိသွားခဲ့သည်။
ဘေးစားပွဲရှိ ရွှီဇီယန်မှာ နောက်ဆုံးပွဲစဉ်တွင် ဖဲချပ်မွှေသည့် အချိန်၌ မျက်လုံးများကို မှိတ်ထားလိုက်ပြီး ဖဲချပ်မှတ်သားခြင်းကို စွန့်လွှတ်လိုက်လေသည်။
မည်သို့ပင်ဖြစ်စေ တစ်ဖက်လူ၏ ထျန်းဟူအနိုင်ရခြင်းကို ကြိုတင်သိရှိနေခြင်းကလည်း အဓိပ္ပာယ်မရှိပေ။
သို့သော် လျိုရှောင်ယွီက ယခုတစ်ကြိမ်တွင် ဖဲချပ်ကိုကိုင်တွယ်ပြီးနောက် ချက်ချင်း ချမပြတော့ဘဲ အနည်းငယ်တွေဝေသွားကာ ဖဲချပ်တစ်ချပ်ကို ဖြည်းညင်းစွာ ချလိုက်သည်။
"ဟင်..."
ရွှီဇီယန်က မျက်လုံးများကို ရုတ်တရက်ဖွင့်လိုက်၏။
'ထျန်းဟူ အနိုင်ရတာ မဟုတ်ဘူးလား...'
ကံမကောင်းစွာဖြင့် ထိုပွဲမှာ နောက်ဆုံးပွဲဖြစ်နေပြီး လျိုရှောင်ယွီ၏ ရှေ့ရှိ တိုကင်ပြားများမှာ တောင်တစ်တောင်လိုပုံနေပြီဖြစ်သဖြင့် မည်မျှပင် အနိုင်ရစေကာမူ ရှေ့ကဆယ့်ငါးပွဲကို ပြောင်းပြန်လှန်ရန် မဖြစ်နိုင်တော့ပေ။
သို့သော် တစ်ပွဲအနိုင်ရခြင်းကပင် အားလုံးရှုံးနိမ့်ခြင်းထက် ပိုကောင်းနေသေးသည်။
ထို့ကြောင့် သူက စိတ်ဓာတ်ကို ပြန်လည်မြှင့်တင်လိုက်ပြီး သူ့ရှေ့ရှိ ဖဲချပ်များကို အကဲခတ်ကာ သေချာရွေးချယ်၍ ဖဲချပ်တစ်ချပ်ကိုချလိုက်လေသည်။
"နေပါဦး..."
လျိုရှောင်ယွီက ရုတ်တရက် အော်ပြောလိုက်သည်။
"သူ ချလိုက်တဲ့ ဒီဖဲချပ်ကိုကြည့်ပါဦး...အဲဒါကျွန်မဆီမှာ လိုနေတဲ့ဟာလေးများ ဖြစ်နေမလားလို့..."
သူမက ယုံကြည်မှု သိပ်မရှိသောဟန်ဖြင့် ဖဲချပ်များကိုလှန်ချလိုက်၏။
ရွှီဇီယန်၏ ခန့်ညားသော မျက်ခုံးများက တဖြည်းဖြည်းတွန့်ချိုးသွားသည်။ သူက စိတ်ဓာတ်ကိုမြှင့်တင်ကာ တစ်ပွဲအနိုင်ရပြီး ရှက်ဖွယ်ကောင်းစွာ ထွက်ခွာရမည့်အဖြစ်ကို ငြင်းဆန်ရန် ကြိုးစားလိုက်သည့် ထိုအခိုက်အတန့်လေးတွင်ပင်။
ပြိုင်ဘက်ကို အနိုင်ပေးလိုက်ရလေပြီ...။
"..."
တစ်ကွင်းလုံး တိတ်ဆိတ်သွားကြသည်။
အကယ်၍ အခြားသူတစ်ယောက်သာဆိုလျှင် သွေးအန်သွားနိုင်လောက်ပြီ ဖြစ်သော်လည်း ကံကောင်းထောက်မစွာဖြင့် ရွှီဇီယန်မှာ လုံလောက်စွာ တည်ငြိမ်နေခဲ့သည်။
သူက ဖြည်းညင်းစွာ မတ်တတ်ရပ်လိုက်ပြီး သက်ပြင်းရှည်ကြီးတစ်ချက်ချကာ လှည့်ထွက်သွားလေတော့၏။
ပတ်ဝန်းကျင်ရှိ ရေတွက်မရနိုင်သော အကြည့်များက လျိုရှောင်ယွီကို ကြည့်နေကြသဖြင့် ကောင်မလေးမှာ အလွန်အမင်း စိုးရိမ်တကြီးဖြစ်သွားရသည်။
သို့သော် သူမ ချက်ချင်း ထွက်သွား၍လည်း မရနိုင်သေးပေ။ အဘယ်ကြောင့်ဆိုသော် မထွက်ခွာမီက ချူလျန်မှာကြားထားသော တာဝန်ရှိနေသေးသောကြောင့်ဖြစ်သည်။
ငွေဓားတောင်ထွတ်မှ မထွက်ခွာမီက ချူလျန်က သူမကို ပြောထားခဲ့သည်။ အကယ်၍ အရင်လိုမျိုး မြန်မြန်ဆန်ဆန်အနိုင်ရသွားပါက ချူလျန်၏ ကစားဝိုင်းနောက်သို့ လာခဲ့ပြီး... သူ့ကို အားပေးရန်ပင်ဖြစ်သည်။
"လုံးဝကို အနိုင်ကျင့်တာပဲ..."
ထိုနေ့ညတွင် ကောင်းကင်တက်လှမ်းတောင်ထွတ်ရှိ မဲနှိုက်ရာနေရာ၌ ကျန်းယွဲ့ပိုင်က နေ့လယ်ပိုင်းက လျိုရှောင်ယွီအကြောင်းကိုပြန်တွေးမိပြီး ဒေါသထွက်နေဆဲ ဖြစ်သည်။
မူလက သူမနှင့် ချူလျန်တို့မှာ အပြန်အလှန်ယှဉ်ပြိုင်နေကြခြင်း ဖြစ်သော်လည်း ထိုကောင်မလေး ရောက်လာသည့်အချိန်၌ ချူလျန်၏ကံကြမ္မာက ရုတ်တရက် မြင့်တက်သွားခဲ့သည်။
လူနှစ်ယောက် တူညီသောတွက်ချက်မှုအောက်တွင် ကံကောင်းသောသူက အစကတည်းက အလွန်အမင်းသာလွန်သွားသဖြင့် သဘာဝကျကျပင် အနိုင်ရရန် ပိုမိုလွယ်ကူသွားခဲ့၏။
ချူလျန်က ထိုအချက်ကို အခွင့်ကောင်းယူကာ တစ်ပွဲအနိုင်ရသွားခဲ့ပြီး အနည်းငယ်သာလွန်သော အားသာချက်ကိုအသုံးပြု၍ ကျန်းယွဲ့ပိုင်နှင့် အခြားအရေးမကြီးသော ပြိုင်ပွဲဝင်နှစ်ဦးကိုအနိုင်ယူကာ မာကျောက်ပြိုင်ပွဲ၏ ဗိုလ်လုပွဲသို့ ဝင်ရောက်သွားခဲ့သည်။
ရှုတောင်၏ မာကျောက်နတ်ဘုရားလောင်းများထဲမှ တစ်ဦးဖြစ်လာခဲ့သည်။
ရွှီဇီယန်က ပို၍ပင် ကိုယ်ချင်းစာနိုင်လေသည်။ ထိုရွှေငါးကြင်းကောင်မလေးကို ပြောရမည်ဆိုလျှင် သူမှာ ပြောစရာစကားပင်မရှိတော့ပေ။ သို့သော် ခေတ္တမျှ စဉ်းစားပြီးနောက် သူက ထပ်ပြောလိုက်၏။
"သာမန် ရွှေငါးကြင်းမိစ္ဆာက ဒီလောက် ကြောက်စရာကောင်းတဲ့ ကံတရားမျိုး မရှိနိုင်ဘူး...သူ့ဆီမှာ ကံတရားကိုတိုးပွားစေတဲ့ ဆန်းကြယ်တဲ့အရာ တစ်ခုခု ရှိနေလောက်တယ်..."
ဘေးနားရှိ လင်းအောက်က ထိုစကားကိုကြားသောအခါ မျက်နှာကမှုန်ကုပ်သွားပြီး မျက်လုံးထဲတွင် မှောင်မိုက်ပြီး ရက်စက်ယုတ်မာသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားလေသည်။
သူတို့သုံးဦး စုံညီစွာ စကားပြောနေကြစဉ် နောက်ဆုံးတစ်ဦးဖြစ်သော ချူလျန်လည်း မဲနှိုက်ရာနေရာသို့ ရောက်ရှိလာခဲ့သည်။ မျှော်လင့်ထားသည့်အတိုင်းပင် သူက လျိုရှောင်ယွီကို ခေါ်ဆောင်လာခဲ့ပြန်သည်။
"လေးယောက်အဆင့် မဲနှိုက်တာကို မင်း သူ့ကို ခေါ်လာတော့ကော ဘာအသုံးဝင်မှာလဲ...ဒီမှာ ဘယ်သူက အားနည်းတဲ့သူ ရှိလို့လဲ..."
မဲနှိုက်ရာ ကျည်တောက်ကို သယ်လာသော စီမံခန့်ခွဲရေးအကြီးအကဲက ရယ်မောကာ မေးလိုက်သည်။
"ဘယ်လိုပဲဖြစ်ဖြစ် ရှောင်ယွီနှိုက်ပေးတဲ့ မဲက ကျုပ်အတွက် အကောင်းဆုံး ပြိုင်ဘက်ပဲဖြစ်ရမယ်..."
ချူလျန်က ပြုံး၍ ဖြေလိုက်၏။
"ကောင်းပြီလေ...အဲဒါဆိုလည်း ညီမလေးရှောင်ယွီကို အရင်နှိုက်ခိုင်းလိုက်ပါ..."
ကျန်းယွဲ့ပိုင်က ပြုံးကာ ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် အစ်မကျန်း..."
လျိုရှောင်ယွီက အလွန်ယဉ်ကျေးစွာဖြင့် ကျေးဇူးတင်စကား ပြောလိုက်ပြီးနောက် မဲကျည်တောက်အနီးသို့ လျှောက်သွားလေသည်။
စီမံခန့်ခွဲရေးအကြီးအကဲကလည်း သူမ နှိုက်မည့်မဲမှာ ချူလျန်ကို ကိုယ်စားပြုကြောင်းသိထားသဖြင့် သူမကို လက်လှမ်းကာ မဲတစ်လိပ်နှိုက်ယူခွင့် ပြုလိုက်သည်။
လျိုရှောင်ယွီက မဲလိပ်ကို ချူလျန်ထံ ကမ်းပေးလိုက်သည်။ ချူလျန်က ခေါင်းငုံ့၍ ကြည့်လိုက်သောအခါ အပေါ်တွင် စာလုံးကြီးသုံးလုံး ရေးသားထားသည်ကို မြင်တွေ့လိုက်ရလေသည်။
"ရွှီဇီယန်"