အခန်း ၂၉၆
Vol. 30 Ch. 296
အခန်း (၂၉၆) - အကြိုဗိုလ်လုပွဲ စတင်ပြီ
မဲနှိုက်ပြီးနောက် ချူလျန်က လျိုရှောင်ယွီကို ငွေဓားတောင်ထွတ်သို့ အရင်ပြန်လွှတ်လိုက်ပြီး သူကိုယ်တိုင်ကမူ အပြင်ဘက်တွင်ရပ်ကာ ကျန်းယွဲ့ပိုင်ကို ခဏစောင့်နေလိုက်သည်။
ကျန်းယွဲ့ပိုင်က သူ့ကိုမြင်သောအခါ အံ့အားသင့်မသွားဘဲ လူနှစ်ယောက်သည် သဘာဝကျစွာပင်လှည့်၍ လမ်းလျှောက်ထွက်လာခဲ့ကြရာ အေးအေးလူလူ လမ်းလျှောက်နေသည့်အလား ပုံပေါက်နေ၏။
ခပ်ဝေးဝေးသို့ ရောက်သွားပြီးနောက် ကျန်းယွဲ့ပိုင်က မေးလိုက်သည်။
"မင်းရဲ့မေးခွန်းကို လာမေးတာလား..."
"ဟုတ်ပါတယ်..."
ချူလျန်က ပြုံးကာ မေးလိုက်၏။
"အဆင်ပြေရဲ့လား..."
"ဒါပေါ့ အဆင်ပြေတာပေါ့..."
ကျန်းယွဲ့ပိုင်က ခေါင်းညိတ်ပြလိုက်သည်။
"တကယ်တော့ ဒီမေးခွန်းကို ကျုပ်မေးချင်နေတာ ကြာပြီ…မပြောရဲသေးလို့သာ…ဒီနေ့တော့ အခွင့်ကောင်းနဲ့ကြုံတုန်း သတ္တိမွေးပြီး ပြောကြည့်မလို့..."
ချူလျန်က ခပ်ပေါ့ပေါ့ပင် ပြောလိုက်၏။
ကျန်းယွဲ့ပိုင်က မျက်တောင်တဖျတ်ဖျတ်ခတ်ကာ သူ့ကို သံသယမျက်လုံးများဖြင့် ကြည့်လိုက်သည်။ သူမအကြည့်ထဲတွင် မသိမသာ စိုးရိမ်တကြီးဖြစ်နေမှုအချို့ပင် ပါဝင်နေချေသည်။
"စီနီယာအစ်မကျန်း ကျုပ်ကို ပြောပြလို့ရမလားလို့ မေးချင်လို့ပါ..."
ချူလျန်က မေးလိုက်သည်။
"စီနီယာအစ်မရဲ့ အစစ်အမှန် ကျင့်ကြံခြင်းအဆင့်ကို ပြောပြလို့ရမလား..."
"ဟင်..."
ကျန်းယွဲ့ပိုင်က မှင်တက်သွား၏။
"အခု စီနီယာအစ်မ ထုတ်ဖော်ပြသထားတဲ့အရှိန်အဝါက အရမ်းအားကောင်းနေပြီဆိုပေမယ့် သေချာပေါက်ဖုံးကွယ်ထားတာတွေ ရှိဦးမယ်ဆိုတာ ကျုပ်သိပါတယ်..."
ချူလျန်က ခေါင်းကုတ်ကာ ပြုံးလျက် ပြောလိုက်သည်။
"စီနီယာအစ်မရဲ့ အစစ်အမှန် ကျင့်ကြံခြင်းအဆင့်က ဘယ်အထိရောက်နေပြီလဲဆိုတာ ကျုပ် အရမ်းသိချင်နေလို့ပါ..."
အရှိန်အဝါကိစ္စနှင့်ပတ်သက်၍ ဘေးလူတစ်ယောက်အနေဖြင့် တစ်စုံတစ်ယောက်၏ ကျင့်ကြံခြင်းကို ဆုံးဖြတ်ရန်မှာ ထိုသူ ထုတ်လွှတ်လိုက်သော အစိတ်အပိုင်းကို အခြေခံ၍သာ လေ့လာနိုင်ပေသည်။
တန်ခိုးစွမ်းအင်မန္တန်များကို အသုံးပြုလိုက်သည်နှင့် အရှိန်အဝါထွက်ပေါ်လာမည်မှာ သေချာသော်လည်း စစ်မှန်သောချီစွမ်းအင်၏ အစိတ်အပိုင်းတစ်ခုကို လုံးဝသိမ်းဆည်းထားနိုင်ပြီး ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ထားနိုင်သည့် အကျိုးသက်ရောက်မှုကို လုပ်ဆောင်နိုင်ပေသည်။
"တကယ်တော့ မင်းကိုပြောပြလည်း ကိစ္စတော့မရှိပါဘူး…ဘယ်လိုပဲဖြစ်ဖြစ် မနက်ဖြန်ကျရင် အားလုံး ထုတ်ပြရတော့မှာပဲကို..."
ကျန်းယွဲ့ပိုင်က ခေါင်းခါကာ ရယ်မောလိုက်၏။
ထိုသို့ပြောပြီးနောက် သူမသည် သူမ၏အရှိန်အဝါများကို ဖြည်းညင်းစွာ ထုတ်လွှတ်လိုက်သည်။
ဘုန်း...
အားကောင်းပြီး အေးစက်သောအရှိန်အဝါများက ရုတ်တရက် ထကြွလာလေတော့သည်။
ပဉ္စမအဆင့်...။
"ထင်တဲ့အတိုင်းပဲ..."
ချူလျန်က သူ့ခန့်မှန်းချက် မှန်ကန်သွားသလိုမျိုး ပြောလိုက်သည်။
"စီနီယာအစ်မကျန်းလိုမျိုး ကောင်းကင်ဘုံက ပေးသနားထားတဲ့ ပါရမီရှင်တစ်ယောက်က ရွှေအမြုတေအဆင့်မှာ အကြာကြီးပိတ်မိနေဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ..."
သူကိုယ်တိုင်စွမ်းအားများစွာကို ဖုံးကွယ်ထားသကဲ့သို့ ယခင်ပြိုင်ပွဲများတွင်လည်း လူတိုင်းက မိမိတို့စွမ်းအားများကို သိမ်းဆည်းထားခဲ့ကြသည်။
ထိုသို့သော ဖဲချပ်များကို ပြင်းထန်သောတိုက်ပွဲများတွင်သာ မျှော်လင့်မထားဘဲ ထုတ်သုံးလာနိုင်ပေသည်။ ရွှီဇီယန်ပင် ပါဝင်ပေသည်။
ချူလျန်၏ ပြိုင်ဘက်မှာ ကျန်းယွဲ့ပိုင် မဟုတ်သောကြောင့် သူက ထိုသို့ ရဲရဲဝံ့ဝံ့ မေးရဲခြင်းဖြစ်သည်။ အကယ်၍ မနက်ဖြန်တွင် သူတို့နှစ်ယောက် တိုက်ခိုက်ရမည်ဆိုပါက ရိုးသားစွာပြောရမည်ဆိုသော် အလောင်းအစားရှိနေလျှင်ပင် သူသည် သူမအပေါ် ထိုကဲ့သို့ အခွင့်အရေးယူမည်မဟုတ်ပေ။
သူမပြောသကဲ့သို့ပင် မနက်ဖြန်တွင် အားလုံး ထုတ်ဖော်ပြသရမည်ဖြစ်သောကြောင့် ချူလျန်က ပေါ့ပေါ့ပါးပါး မေးလိုက်ခြင်းဖြစ်သည်။
ကျန်းယွဲ့ပိုင်၏စွမ်းရည်မှာ တကယ်တော့ သူမျှော်လင့်ထားမှုအတွင်း၌သာ ရှိနေပေသည်။ အင်မော်တယ်ဝိညာဉ်ခန္ဓာကိုယ်မှာ ကောင်းကင်နှင့်မြေကြီး၏ မျက်နှာသာပေးမှုကို ရရှိထားသောကြောင့် မူလကတည်းက တိုးတက်မှု အလွန်မြန်ဆန်ပေသည်။
သူတို့နှစ်ယောက် ပထမဆုံး သိကျွမ်းခဲ့ချိန်က သူမသည် ရွှေအမြုတေအဆင့်၏ အထွတ်အထိပ်တွင် ရှိနေခဲ့ပြီဖြစ်သည်။ ယခုအခါ ချူလျန်၏ ကျင့်ကြံခြင်းအဆင့်မှာ ထိုစဉ်ကနှင့် နှိုင်းယှဉ်၍မရအောင် တိုးတက်လာခဲ့ပြီဖြစ်ရာ ကျန်းယွဲ့ပိုင်အနေဖြင့်လည်း တိုးတက်မှု လုံးဝမရှိဘဲနေမည်မဟုတ်ပေ...။
"မင်းလည်း သေချာပေါက် ဖုံးကွယ်ထားတာတွေ ရှိတယ်မလား...မင်းရဲ့ အရင်ကျင့်ကြံခြင်း တိုးတက်မှုအရဆိုရင် ရွှေအမြုတေအဆင့် အစောပိုင်းမှာ ဒီလောက်ကြာကြာ ရပ်တန့်နေဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး..."
ကျန်းယွဲ့ပိုင်က သူမအရှိန်အဝါများကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး ပြုံးကာ မေးလိုက်၏။
"ဟုတ်ပါတယ်...မနက်ဖြန်ဆိုရင်တော့ သေချာပေါက် ဖုံးကွယ်ထားလို့ ရတော့မှာ မဟုတ်ပါဘူး..."
ချူလျန်က ရယ်မောလိုက်သည်။
"ကျုပ်ရဲ့ မပြောပလောက်တဲ့ ကျင့်ကြံခြင်းလေးနဲ့ ဒီလိုလုပ်တာက ရှုံးရင်တောင် အရမ်းကြီး အကျည်းတန်မသွားအောင်လို့ပါ..."
"မင်း ငါ့ကို လာပြီးနှိမ့်ချပြောနေစရာမလိုပါဘူး...မင်း ကြီးပြင်းလာတာကို ဒီတစ်လျှောက်လုံး ကြည့်လာခဲ့တာဆိုတော့ မင်း ဘယ်လောက်စွမ်းလဲဆိုတာ ငါသိပါတယ်..."
ကျန်းယွဲ့ပိုင်က ချူလျန်ကို ကြည့်လိုက်ရာ သူမမျက်လုံးများတွင် ကြယ်ရောင်များ လင်းလက်နေသကဲ့သို့ ရှိနေ၏။
"မင်း ဘယ်သူနဲ့ပဲ ရင်ဆိုင်ရပါစေ တိုက်ခိုက်နိုင်စွမ်းရှိမယ်ဆိုတာ ငါယုံကြည်တယ်…ပြီးတော့..."
"ရွှီဇီယန်ထက်စာရင် တကယ်တော့ မင်းအနိုင်ရတာကို ငါပိုပြီးမြင်ချင်တာ..."
သူမသည် လေထဲတွင်ရပ်နေကာ သူမ၏ဝတ်ရုံစများမှာ လွင့်လူးနေပြီး အသံမှာလည်း ညင်သာလှပေသည်။
လရောင်က သူမ၏အသားအရေပေါ်သို့ ကျရောက်နေပြီး သဲ့သဲ့မျှရှိသော အလင်းရောင်ဝန်းလေးတစ်ခု ဖန်တီးပေးထားသကဲ့သို့ ရှိနေ၏။
ချူလျန်က သူမမျက်လုံးများကို အလေးအနက် စိုက်ကြည့်လိုက်သည်။ သူတို့နှစ်ယောက်အကြည့်များ ဆုံတွေ့သွားပြီးနောက် သူက မေးလိုက်သည်။
"ဗိုလ်လုပွဲမှာ နည်းနည်းပိုအားနည်းတဲ့ ပြိုင်ဘက်နဲ့ တွေ့ချင်လို့လား..."
"..."
ကျန်းယွဲ့ပိုင်မှာ ချက်ချင်းပင် စကားဆွံ့အသွားလေတော့သည်။
"နောက်တာပါ..."
ချူလျန်က အပြုံးတစ်ခု ဖော်ပြလိုက်၏။
"ကျုပ်အပေါ် မျှော်လင့်ထားပေးတဲ့ စီနီယာအစ်မကျန်းကို ကျေးဇူးတင်ပါတယ်…မနက်ဖြန် စီနီယာအစ်မအနိုင်ရမယ်ဆိုတာကိုလည်း ကျုပ် ယုံကြည်ထားပါတယ်…အဲဒီအချိန်ကျရင် ကျွန်တော်တို့ တောင်ထွတ်ပေါ်မှာ တွေ့ကြတာပေါ့..."
"အင်း..."
ကျန်းယွဲ့ပိုင်က ထိုအခါမှသာ ခေါင်းကို ဖြည်းညင်းစွာ ညိတ်လိုက်သည်။
"တောင်ထွတ်ပေါ်မှာ တွေ့ကြတာပေါ့..."
...
ကောင်းကင်တက်လှမ်းတောင်ထွတ်ပေါ်ရှိ တောင်လေများမှာ ယနေ့တွင် အထူးပြင်းထန်နေသော်လည်း များပြားလှသော လူအုပ်ကြီး၏ကာကွယ်မှုကြောင့် အဝတ်အစားများမှာ တလွင့်လွင့်ဖြစ်နေကြပေသည်။
ယနေ့သည် ရှုတောင်ထိပ်သီးညီလာခံ၏ အကြိုဗိုလ်လုပွဲစဉ်များ ဖြစ်ပေသည်။ ထိုအဆင့်သို့ရောက်ရှိလာချိန်တွင် ပြိုင်ဆိုင်မှုများမှာ အလွန်အမင်း ပြင်းထန်နေပြီဖြစ်ပြီး ပြိုင်ပွဲတိုင်းမှာ အကြိတ်အနယ်တိုက်ပွဲများ ဖြစ်လာမည်မှာ သေချာပေသည်။
"အကြိုဗိုလ်လုပွဲတောင် ရောက်လာပြီပဲ…ဒီနေ့အခြေအနေက ဘယ်လိုဖြစ်လာမယ်လို့ မင်း ထင်လဲ..."
ပွဲကြည့်စင်ပေါ်တွင် အဘိုးအိုဆွန်းက မေးလိုက်၏။
"ဟူး..."
အဘိုးအိုဟွမ်က ခေါင်းခါကာ ပြောလိုက်သည်။
"ပထမပွဲစဉ်မှာ ငါ ကျန်းကျန်းကို အရမ်းအားပေးနေပေမယ့် အဲဒီ ဝိညာဉ်အသိအမြင်အဆင့် တပည့်လေးဆီမှာ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တချို့ ရှိနေပုံပဲ”
“အကယ်၍ အဲဒါတကယ်သာဆိုရင်...အနိုင်အရှုံးကိုခန့်မှန်းရခက်ပြီ တကယ်စိုးရိမ်စရာကောင်းတယ်..."
"ဒုတိယပွဲစဉ်နဲ့ပတ်သက်ပြီးတော့တော့ ဘာမှပြောစရာမရှိပါဘူး…ရွှီဇီယန် အသာစီးနဲ့ နိုင်မယ်ဆိုတာ သံသယဖြစ်စရာမှမလိုတာ..."
"အို..."
အဘိုးအိုဆွန်းက သူသည် အမြဲတမ်းယုံကြည်ရလေ့မရှိသော်လည်း အမြင်စူးရှမှုမှာ တိကျကြောင်းသိထားသောကြောင့် မေးလိုက်၏။
"အဲဒီ လင်းအောက်ဆီမှာ ဘာလျှို့ဝှက်ချက်များရှိနေလို့လဲ..."
"ငါကြည့်တာသာ မမှားဘူးဆိုရင် သူ့ခန္ဓာကိုယ်ပေါ်မှာ နဂါးသွေးနဲ့ ခန္ဓာကိုယ်သန့်စင်ထားတဲ့ လက္ခဏာတွေရှိနေသင့်တယ်..."
"ဒဏ္ဍာရီလာ ရှေးဟောင်းလျှို့ဝှက်ပညာရပ်လား..."
အဘိုးအိုဆွန်းက ထပ်မံ၍ မေးလိုက်သည်။
"ဟုတ်တယ်...ရှေးခေတ်တုန်းက နဂါးအစစ်မျိုးနွယ်စုတွေဟာ သူတို့ရဲ့ နောက်လိုက်တွေကို နဂါးသွေးနဲ့ ခန္ဓာကိုယ်သန့်စင်ပေးခြင်းနဲ့ ဆုချီးမြှင့်လေ့ရှိတယ်… သူတို့ရဲ့ ခန္ဓာကိုယ်အဆင့်အတန်းကို ကြီးကြီးမားမားမြှင့်တင်ပေးနိုင်တယ်”
“သူက တတိယအဆင့်ကျင့်ကြံခြင်းပဲ ရှိသေးပေမယ့် နဂါးသွေးနဲ့ ခန္ဓာကိုယ်သန့်စင်ထားတဲ့စွမ်းအားကို အားကိုးပြီး သူ့ခန္ဓာကိုယ်က ကြောက်မက်ဖွယ်ကောင်းတဲ့ အဆင့်တစ်ခုကို ရောက်ရှိသွားလိမ့်မယ်..."
အကြီးအကဲဟွမ်က ရှင်းပြလိုက်၏။
"ကျင့်ကြံခြင်းအဆင့်တွေ မမြင့်မားသေးတဲ့အချိန်မှာ ခန္ဓာကိုယ်ကြံ့ခိုင်မှုက ပိုပြီး တိုက်ရိုက်အကျိုးသက်ရောက်မှု ရှိတယ်…အဲဒါက အဆင့်နိမ့်တဲ့အချိန်မှာ သိုင်းပညာရှင်တွေက ပိုပြီးသန်မာတယ်ဆိုတဲ့ သဘောတရားနဲ့အတူတူပဲ..."
"ဟုတ်တယ်...ရှုတောင်ရဲ့ အထီးကျန်တောင်ထွတ်ပေါ်မှာ ကံကြမ္မာကို ဖိနှိပ်ထားတဲ့ နဂါးအစစ်တစ်ကောင် တကယ်ရှိတယ်..."
အဘိုးအိုဆွန်းက ပြောလိုက်သည်။
"သူက ထူးဆန်းတဲ့ အခွင့်အရေးတစ်ခုရခဲ့ပုံပဲ…စီကုန်းအဘိုးအိုက နဂါးကို နှစ်တစ်ရာကြာအောင်မျှားခဲ့တာဆိုတော့ သူ့တပည့်အတွက် အကျိုးကျေးဇူးတွေ ရသွားတာလည်းဖြစ်နိုင်တယ်..."
"ရှုတောင်က နဂါးအစစ်ကိုဆွဲဆောင်ပြီး ခိုအောင်းစေနိုင်တာက တကယ်ကို ထူးဆန်းတယ်..."
အဘိုးအိုဟွမ်က မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။
"ဒီလောကမှာ ဘယ်သူက နဂါးကို မမျှားဘဲနေလို့လဲ...ငါတို့ ကောင်းကင်မဏ္ဍိုင်မျှော်စင်ကလည်း အတူတူပဲ…ဖုန်းလိုင်ဂိုဏ်းချုပ်ကြီးတောင် နောက်ထပ်တစ်ကောင် ရချင်နေတာ…ဒါပေမယ့် နဂါးအစစ်က မှော်ဝင်ပစ္စည်းတွေ ရှိနေတဲ့ ကျန်တဲ့ဂိုဏ်းတွေကို မရွေးချယ်ဘဲ မှော်ဝင်ပစ္စည်းတွေ ပျောက်ဆုံးပြီး တစ်နေ့တခြားကျဆင်းလာနေတဲ့ ရှုတောင်ဂိုဏ်းကိုမှ ရွေးချယ်ခဲ့တာ ဘာရည်ရွယ်ချက်နဲ့လဲဆိုတာတော့ မသိဘူး..."
"အရင်တုန်းက ရှုတောင်က တဖြည်းဖြည်းကျဆင်းလာခဲ့တာအမှန်ပဲ…ဒါပေမယ့် ဒီနေ့ ရှုတောင်ကို ကြည့်လိုက်ရင်တော့ တကယ်တိုးတက်လာမယ့် လက္ခဏာတချို့ ရှိနေတယ်..."
အဘိုးအိုဆွန်းက အခြားပွဲကြည့်စင်တစ်ခုဆီသို့ အကြည့်ပို့ကာပြောလိုက်သည်။
"အရှင်ဝမ်ယွမ်ရဲ့ စွမ်းဆောင်ရည်တွေက မနိမ့်ကျဘူး..."
"လူ့လောကရဲ့ အဋ္ဌမအဆင့် ကောင်းကင်မူလအဆင့်မှာ သူက အတွေ့အကြုံနုနယ်သေးပေမယ့် သူ့ရဲ့ စွမ်းရည်က တကယ်ကို ရှေ့တန်းမှာရှိတယ်..."
အဘိုးအိုဟွမ်က ခေါင်းညိတ်လိုက်၏။
"နှမြောစရာကောင်းတာက သူ အခုလိုအချိန်မှာ ရှုတောင်ကနေ ထွက်ပေါ်လာတာပဲ… အဲဒါက တိုးတက်မှုတော်တော်များများကို ကန့်သတ်ထားသလိုဖြစ်နေတော့ သူက အစွမ်းအစတွေကို ဖုံးကွယ်ပြီး အချိန်ကို စောင့်ဆိုင်းနေရုံပဲ တတ်နိုင်တယ်”
“အကယ်၍ သူ့လက်ထဲမှာသာ မှော်ဝင်ပစ္စည်းတစ်ခုရှိနေမယ်ဆိုရင် သူ့ရဲ့ ထက်မြက်မှုက အခုထက်ပိုပြီး အများကြီး ထက်ရှနေလောက်တယ်..."
"အခုလိုအချိန်မှာ ရှုတောင်က ဒီလိုပုဂ္ဂိုလ်မျိုး ထွက်ပေါ်လာနိုင်တာက သူ့ရဲ့ စွမ်းဆောင်နိုင်မှုကို သက်သေပြနေတာပဲ..."
အဘိုးအိုဆွန်းက ဝင်ပြောလိုက်သည်။
မကြာမီတွင်ပင် ပထမပွဲစဉ်၏ပြိုင်ဘက်နှစ်ဦးလုံး အမြင့်စင်မြင့်ပေါ်သို့ တက်ရောက်လာကြသည်။
ကျန်းယွဲ့ပိုင်သည် နှင်းပွင့်များထက်ဖြူစင်သော ဝတ်ရုံဖြူကို ဝတ်ဆင်ထားဆဲဖြစ်ပြီး နတ်သမီးတစ်ပါးပမာ လွင့်မျောနေပေသည်။
သူမပေါ်လာသည်ကို မြင်သည်နှင့်တစ်ပြိုင်နက် အဘိုးအိုဟွမ်မှာ စကားဆက်မပြောနိုင်တော့ဘဲ လက်သီးဆုပ်ကာ အော်ဟစ်လိုက်တော့သည်။
"ကျန်းကျန်း နိုင်ရမယ်...ကျန်းကျန်း နိုင်ရမယ်..."
ထိုသို့လုပ်နေသူမှာ သူတစ်ယောက်တည်းမဟုတ်ပေ။ ပွဲကြည့်ပရိသတ် အများစုကလည်း အသံကျယ်ကြီးဖြင့်အော်ဟစ်ကာ ကျန်းယွဲ့ပိုင်ကို အားပေးနေကြသည်။
ထို့နောက်တွင် လင်းအောက်က စင်ပေါ်သို့ တက်လာခဲ့၏။
သူသည်လည်း အနက်ရောင်ဝတ်ရုံကိုသာ ဝတ်ဆင်ထားဆဲဖြစ်ပြီး ဆံပင်များက မျက်လုံးတစ်ဖက်ကိုဖုံးအုပ်ထားကာ သူ့မျက်နှာထားမှာ အေးစက်ခက်ထန်နေသည်။
တစ်ကွင်းလုံး ကျန်းယွဲ့ပိုင်၏နာမည်ကို အော်ဟစ်နေကြသည့်အသံများကို ကြားသောအခါ သူက ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး ရုတ်တရက် အေးစက်စွာ ပြုံးလိုက်သည်။
ထို့နောက် မေးစေ့ကိုမော့ကာ လက်ညှိုးတစ်ချောင်းကို သူ့နှုတ်ခမ်းပေါ်တွင် ဖြည်းညင်းစွာ တင်လိုက်လေတော့သည်။
"အရမ်း မောက်မာတာပဲ..."
အဘိုးအိုဆွန်းက မြင်သောအခါ ရယ်မောကာပြောလိုက်၏။
လင်းအောက်၏ ထိုလုပ်ရပ်မှာ တစ်ကွင်းလုံးကို ရန်စနေသည်မှာ သိသာထင်ရှားလှပြီး ကျန်းယွဲ့ပိုင်ကို ထောက်ခံသူအားလုံးထံသို့ အချက်ပြမှုတစ်ခု ပေးလိုက်ခြင်းပင်ဖြစ်သည်။
တိတ်တိတ်နေကြစမ်း...။