← Chapters

အခန်း ၂၉၇

Vol. 30 Ch. 297

အခန်း ၂၉၇

Vol. 30 Ch. 297

အခန်း (၂၉၇) - အခုမှ ကျုပ်စိတ်အေးရတော့တယ် (၁)

"ဒီကောင် အရမ်းမောက်မာလွန်းတယ်...ကျုပ်သာ သူ့ကို နိုင်ရင် လက်သီးနှစ်ချက်လောက် သွားကျွေးပြီးပြီ..."

ကွင်းပြင်အောက်ရှိ ပရိသတ်များစွာမှာ လင်းအောက်၏ ထိုအပြုအမူကြောင့် လှုပ်လှုပ်ရွရွ ဖြစ်သွားကြပြီး အုတ်အော်သောင်းတင်းဖြစ်သူများနှင့် ဒေါသထွက်သူများမှာ မည်မျှရှိမှန်းပင်မသိနိုင်ပေ။

လင်းပေ့ကလည်း ထိုနေရာတွင် ဒေါသတကြီးဖြင့်ပြောလိုက်၏။

နောက်လိုက် (က) ကလည်း မျက်မှောင်ကြုတ်လိုက်သည်။

"သူ ကံကောင်းလို့ တစ်ခုခုရထားတာနေမှာပါ...လူယုတ်မာနေရာရတာမို့ ဘယ်လောက်မှလည်း စွမ်းမှာမဟုတ်ပါဘူး..."

နောက်လိုက် (ခ) ကလည်း ထောက်ခံလိုက်၏။

"သူ အရင်က တကယ်စွမ်းတဲ့သူတွေနဲ့ မတွေ့ဖူးသေးလို့ပါ...မဟုတ်ရင် စောစောစီးစီး ပညာပေးခံရပြီးလောက်ပြီ..."

ရှန်ဇီလျန်မှာ ဘေးတွင်နှုတ်ဆိတ်နေသော်လည်း မျက်နှာအမူအရာမှာ အလွန်ဆိုးရွားနေပေသည်။ သူတို့စကားများကြောင့် သူ့မျက်နှာမှာ တစ်ချက်နီကာ တစ်ချက်ဖြူသွားပြီး တစ်စုံတစ်ရာကို ပြောချင်နေသော်လည်း အနည်းငယ် ရှက်ရွံ့နေပုံရလေ၏။

ချူလျန်သည် ထိုအုပ်စုလေး၏ အလယ်တွင်ရှိနေသော်လည်း နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လွင်နေပေသည်။

သူ့စိတ်ထဲတွင် ကျန်းယွဲ့ပိုင်ကိုထောက်ခံနေသည်မှာ သဘာဝပင်ဖြစ်သော်လည်း လင်းအောက်၏တုံ့ပြန်မှုကြောင့် ဒေါသထွက်မည်တော့ မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် အရာအားလုံးကို အဆုံးအဖြတ်ပေးမည်မှာ ကွင်းထဲမှ အနိုင်အရှုံးသာဖြစ်ကြောင်း သူ သိထားသောကြောင့်ပင်။

အနည်းငယ်မောက်မာနေခြင်းကလည်း မကောင်းသည့်အရာတော့မဟုတ်ဘဲ လူတိုင်းတွင် ကိုယ်ပိုင်စရိုက်ရှိကြခြင်းသာဖြစ်၏။ အကယ်၍ အနိုင်ရခဲ့လျှင် ထိုအရာက မောက်မာရိုင်းစိုင်းမှုဖြစ်လာပြီး ရှုံးနိမ့်ခဲ့လျှင်တော့ လူပြက်တစ်ယောက် ဖြစ်သွားမည်သာဖြစ်ကာ နောက်ဆက်တွဲရလဒ်အားလုံးကို မိမိကိုယ်တိုင်သာ တာဝန်ယူရမည်ဖြစ်လေသည်။

သူက ကျန်းယွဲ့ပိုင်ကို ကြည့်လိုက်သောအခါ စီနီယာအစ်မကျန်းမှာ ထိုခပ်သပ်သပ် ဝတ်စုံဖြူကိုသာ ဝတ်ဆင်ထားဆဲဖြစ်ပြီး ယခင်ယှဉ်ပြိုင်မှုများတွင် ဖုန်မှုန့်တစ်စက်မျှပင် ပေကျံခဲ့ခြင်းမရှိသည်ကို တွေ့လိုက်ရ၏။

တစ်ကွင်းလုံးအပေါ် လင်းအောက်၏တုံ့ပြန်မှုကို ရင်ဆိုင်ရာတွင် ကျန်းယွဲ့ပိုင်က ယခင်အတိုင်း တည်ငြိမ်မှုကိုထိန်းသိမ်းထားလေသည်။

သူမတွင် လှုပ်ရှားမှုတစ်ခုသာရှိပေသည်။

ဓားဆွဲထုတ်ခြင်းပင်။

သုံးပေရှည်သောဓားသွားက စကားလုံးပေါင်းထောင်သောင်းမကကို အနိုင်ယူနိုင်စွမ်း ရှိလေ၏။

ဓားထိပ်ဖျားမှ ကြယ်ရောင်က တစ်ဝက်တစ်ပျက် စက်ဝိုင်းပုံစံတစ်ခုအဖြစ် ဖြတ်သန်းသွားပြီး လခြမ်းတစ်ခုကဲ့သို့ အန္တရာယ်ရှိသောအငွေ့အသက်များကို ထုတ်လွှတ်နေပေသည်။

ကွင်းအလယ်ရှိ စီမံခန့်ခွဲရေးအကြီးအကဲက ထိုမြင်ကွင်းကို မြင်သောအခါ အခြေအနေမှာအမြင့်ဆုံးသို့ ရောက်ရှိနေပြီဖြစ်ကြောင်းသိလိုက်ပြီး ရှင်းလင်းသောအသိဉာဏ်ဖြင့် အခွင့်အရေးကိုလုယူလိုခြင်း အလျဉ်းမရှိဘဲ ကျယ်လောင်စွာအော်ဟစ်ပြီးနောက် ချက်ချင်းပင် ကွင်းထဲမှ ထွက်ခွာသွားလေတော့သည်။

"အကြိုဗိုလ်လုပွဲပထမပွဲစဉ်...အထီးကျန်တောင်ထွတ်မှ လင်းအောက် နဲ့ ပိလော့တောင်ထွတ်မှ ကျန်းယွဲ့ပိုင်..."

"စတင်ပါ..."

ဘုန်း...

တိုက်ခိုက်မှုအားလုံးမစတင်မီတွင် နှစ်ဖက်လုံး၏ အရှိန်အဝါများ တိုက်မိခြင်းက ပုံသဏ္ဌာန်မဲ့စွာဖြင့် အရင်ဆုံးဖြစ်ပေါ်လာပြီး တစ်ဦးချင်းတိုက်ခိုက်ခြင်း၏ အကျိုးကျေးဇူးမှာ မိမိအာရုံတစ်ခုလုံးကို မျက်မှောက်ရှိရန်သူအပေါ်သို့ လုံးဝစူးစိုက်ထားနိုင်ခြင်းဖြစ်ကာ ဝိညာဉ်အာရုံက ဓားတစ်လက်ကဲ့သို့ ထက်မြက်နေလေ၏။

ကျန်းယွဲ့ပိုင်၏ ကြယ်ပွင့်ကဲ့သို့သောမျက်လုံးများက တောက်ပသွားပြီး ယခုတစ်ကြိမ်တွင်မူ သူမက အရင်ဆုံးစတင်တိုက်ခိုက်ခဲ့ကာ ယခင်တိုက်ပွဲများတွင် သူမ ထိုသို့ပြုလုပ်သည်ကို မြင်ရခဲလှပေသည်။

သို့သော် သူမစတင်မှုက တိုက်ခိုက်ခြင်းမဟုတ်ဘဲ ပျံသန်းနေသောဓားကို ကောင်းကင်သို့ ဦးတည်လိုက်ပြီးနောက် ဓားရောင်ခြည်ထောင်ပေါင်းများစွာအဖြစ် ပြောင်းလဲသွားကာ ဓားဒိုင်းလွှားတစ်ခုပုံစံဖြင့် ရှပ်ခနဲဝန်းရံသွားပြီး သူမရှေ့တွင် ကန့်လန့်ဖြတ် ကာကွယ်ထားလေသည်။

နောက်တစ်စက္ကန့်တွင် အနက်ရောင်အရိပ်တစ်ခုက ထိုဓားဒိုင်းလွှားပေါ်သို့ ဝင်တိုက်သွားတော့၏။

ဒိုင်း...

ပရိသတ်များ၏အမြင်တွင် ကျန်းယွဲ့ပိုင်က ဓားတစ်ထောင်မန္တန်ကို အသုံးပြု၍ ဓားဒိုင်းလွှားအဖြစ် ဖန်တီးခဲ့ပြီးနောက်မှ လင်းအောက်က ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်းနေပေသည်။

သို့သော် လက်တွေ့တွင်မူ ကျန်းယွဲ့ပိုင်၏အရှိန်အဝါ အာရုံခံနိုင်စွမ်းအတွင်း၌ လင်းအောက်၏ ထက်မြက်သောအရှိန်က လေထဲမှ ခုန်အုပ်လာသည်ကို သူမစောစီးစွာပင် သတိထားမိခဲ့ပြီး သူ့တိုက်ခိုက်မှုကို ခံစားမိသောကြောင့် ထိုကာကွယ်မှုကို တည်ဆောက်ခဲ့ခြင်း ဖြစ်လေသည်။

ဓားတစ်ထောင် ဝန်းရံဒိုင်းလွှားပင်။

လင်းအောက်က ယခင်အတိုင်းပင် အရှိန်ဖြင့် ပြေးဝင်လာပြီးနောက် လက်သီးတစ်ချက် ထိုးချလိုက်သည်။

ဖုန်း...ဝုန်း...

ကြည်လင်နေသော ကောင်းကင်ပြင်တွင် လျှပ်စီးလက်သံများ ထွက်ပေါ်လာသကဲ့သို့ ရေတွက်၍မရသော ဓားရောင်ခြည်များက တောက်ပကာပျက်စီးသွားပြီး ဓားဒိုင်းလွှားမှာ တိုက်ခိုက်မှုအောက်တွင် လုံးဝပြိုကွဲသွားတော့၏။

သို့သော် လင်းအောက်၏ခန္ဓာကိုယ်မှာလည်း လေထဲတွင်လည်ထွက်ကာ မြေပြင်ပေါ်သို့ ကျဆင်းသွားပြီး သူ့အရှိန်မှာ လုံးဝတားဆီးခံလိုက်ရလေသည်။

ထိုအရာမှာ စမ်းသပ်သည့် တိုက်ခိုက်မှုတစ်ခုသာဖြစ်ပြီး အကယ်၍ ကျန်းယွဲ့ပိုင်၏ နာမည်ကျော်ကြားမှုက သူမစွမ်းရည်ထက်ကြီးမားနေကာ အပြင်ပန်းသာရှိသော ပန်းအိုးတစ်လုံးသာ ဖြစ်နေမည်ဆိုပါက သဘာဝကျကျပင် သူ၏ တစ်ချက်တည်းသော တိုက်ခိုက်မှုဖြင့် သေဆုံးသွားမည်ဖြစ်သည်။

သူမက တိုက်ခိုက်မှုကို တားဆီးလိုက်ပြီးနောက်တွင်မူ လင်းအောက်၏ မျက်နှာအမူအရာမှာလည်း နောက်ဆုံးတွင် သတိထားလာလေတော့၏။

အဘယ်ကြောင့်ဆိုသော် ဤသည်မှာ ရှုတောင်ထိပ်သီးအစည်းအဝေး စတင်ကတည်းက ဖြတ်ကျော်၍မရနိုင်သောခံစားချက်မျိုးကို ပထမဆုံးအကြိမ် ခံစားလိုက်ရခြင်းဖြစ်သောကြောင့်ပင်။

သူမ၏ ကာကွယ်မှုခိုင်မာခြင်းကို ဘေးဖယ်ထားလျှင်ပင် အရေးကြီးဆုံးမှာ သူမဓားဒိုင်းလွှားကို သူ မတိုက်ခိုက်မီကတည်းက အသုံးပြုခဲ့ခြင်းဖြစ်ပြီး သူမက သူတိုက်ခိုက်မည့်လမ်းကြောင်းကို လုံးဝ ခန့်မှန်းထားနိုင်ခဲ့ခြင်းဖြစ်ပေသည်။

ခန့်မှန်းနိုင်စွမ်း ရှိနေသည်လော။

လင်းအောက်၏ အကြည့်များက ဓားတစ်လက်ကဲ့သို့ဖြစ်သွားကာ ခန္ဓာကိုယ်ကို ဘယ်ညာ တစ်ချက်လှုပ်ရှားလိုက်ပြီး ရုတ်တရက်ကျန်ရစ်ခဲ့သော ပုံရိပ်ယောင်နှစ်ခုအဖြစ် ပြောင်းလဲသွားကာ စင်မြင့်၏ ဘယ်ညာနှစ်ဖက်စွန်းမှနေ၍ ကျန်းယွဲ့ပိုင်ထံသို့ တစ်ပြိုင်နက်တည်း ပြေးဝင်သွားတော့သည်။

ဘယ်တစ်ခုကို ကာကွယ်မလဲ ကြည့်ကြသေးတာပေါ့။

...

တိုက်ပွဲစတင်သည်နှင့် တစ်ပြိုင်နက်ထိပ်တိုက်ရင်ဆိုင်မှုများက ပြင်းထန်လာသဖြင့် ကွင်းပြင်အောက်ရှိ ပရိသတ်များမှာလည်း မျက်လုံးများပြူးကျယ်သွားကြပြီး ရင်တဖိုဖို ဖြစ်သွားကြလေ၏။

လင်းအောက်သည် ယခင်တိုက်ပွဲများစွာတွင် အမြဲတမ်းရန်သူကို တစ်ချက်တည်းဖြင့် အနိုင်ယူခဲ့ပြီး မည်သည့်တန်ခိုးစွမ်းအင်ကိုမျှ အသုံးမပြုခဲ့ပေ။

သို့သော် ယခုအချိန်တွင် တက်လာသည်နှင့် သိုင်းကွက်အသစ်ကို အသုံးပြုလိုက်ခြင်းက သူသည် သိုင်းကွက်တစ်ကွက်တည်းကိုသာ တတ်ကျွမ်းသူမဟုတ်ဘဲ ယခင်က တကယ်အသုံးပြုရန် မလိုအပ်ခဲ့ကြောင်း ဖော်ပြနေလေသည်။

"ခန္ဓာကိုယ်ပြင်ပက ကိုယ်ပွားလား..."

တစ်စုံတစ်ယောက်က အံ့ဩတကြီး အော်ဟစ်လိုက်သည်။

ချစ်စရာကောင်းသော ခန္ဓာကိုယ်အချိုးအစားရှိသည့် မိန်းကလေးငယ်တစ်ဦးက အသံထွက်ကာ အမှားပြင်ပေးလိုက်၏။ ထိုမိန်းကလေးမှာ ထန်ရှီပင်ဖြစ်ပြီး သူမဘေးတွင် ယွင်ချောင်ရှန်း ရပ်နေကာ အကြိုဗိုလ်လုပွဲကို သူတို့က သဘာဝကျကျပင် လက်လွတ်ခံမည်မဟုတ်ပေ...။

"မဟုတ်ဘူး...အဲဒါ ကျုပ်တို့ ကောင်းကင်ဘုရင်ဂိုဏ်းရဲ့ သိုင်းပညာ အရိပ်တိုက်ပွဲဝင် နည်းစနစ်ပဲ..."

ယွင်ချောင်ရှန်း၏မျက်လုံးများတွင် ဉာဏ်ပညာအလင်းရောင်များ တောက်ပနေပြီး ခွဲခြမ်းစိတ်ဖြာလိုက်သည်။

"ဒီကျန်ရစ်ခဲ့တဲ့ ပုံရိပ်ယောင်နှစ်ခုရဲ့ အရိပ်တိုက်ပွဲဝင်နည်းစနစ်က နည်းနည်းတော့ သနားစရာကောင်းတယ်...သူက ခန္ဓာကိုယ်အစွမ်းခွန်အား တိုးတက်လာပြီးမှ ယာယီလေ့ကျင့်ထားတာဖြစ်နိုင်တယ်...ဒါပေမဲ့ အရှိန်မြန်နေသရွေ့တော့ လုံလောက်ပါတယ်..."

သိုင်းပညာကျင့်ကြံသူများ၏ တိုက်ခိုက်ရေးအကွာအဝေးမှာ အနည်းငယ်တိုတောင်းလှပြီး ၎င်းမှာ အမြဲတမ်းအားနည်းချက်တစ်ခု ဖြစ်နေလေ၏။

အကြိမ်များစွာတိုက်ပွဲဝင်ရာ၌ သိုင်းပညာကျင့်ကြံသူက ရန်သူနှင့်အကွာအဝေးကို နီးကပ်အောင်လုပ်နိုင်ပါက သိုင်းပညာကျင့်ကြံသူက အနိုင်ရမည်ဖြစ်ပြီး မလုပ်နိုင်ပါက တစ်ဖက်လူက အနိုင်ရမည်ဖြစ်သည်။

ထိုသို့သော အခြေအနေမျိုးတွင် သိုင်းပညာကျင့်ကြံသူများကလည်း တစ်ဖက်လူထံသို့ ချဉ်းကပ်ရန် နည်းလမ်းများစွာကို ဖော်ထုတ်ခဲ့ကြပြီး ယခုအရိပ်တိုက်ပွဲဝင် နည်းစနစ်မှာ ၎င်းတို့အနက်မှတစ်ခုဖြစ်ပေသည်။

ယင်းကို ကောင်းကင်ဘုရင်ဂိုဏ်းမှ စီနီယာတစ်ဦးကတီထွင်ခဲ့ခြင်းဖြစ်ပြီး ရှေ့သို့ ပျံသန်းဝင်ရောက်သွားချိန်တွင် ကျန်ရစ်ခဲ့သော ပုံရိပ်ယောင်ထောင်သောင်းမကကို အတူတကွဖန်တီးနိုင်ကာ ၎င်းတို့အထဲမှတစ်ခုသာ အစစ်အမှန်ဖြစ်ပြီး ရန်သူကို ကာကွယ်၍မရနိုင်အောင် ပြုလုပ်နိုင်လေသည်။

လင်းအောက်၏ အရိပ်တိုက်ပွဲဝင်နည်းစနစ်တွင် ကျန်ရစ်ခဲ့သော ပုံရိပ်ယောင်နှစ်ခုသာ ရှိသော်လည်း သူရှေ့သို့ပြေးဝင်လာသည့် အရှိန်မှာ အမှန်တကယ်ပင် မြန်ဆန်လွန်းလှပေသည်။

စင်မြင့်ငယ်လေးမှာ သူ့အတွက်အလွန်တိုတောင်းပုံရပြီး မျက်တောင်တစ်ခတ်အတွင်း ဖြတ်ကျော်သွားနိုင်သဖြင့် ကျန်းယွဲ့ပိုင်အနေဖြင့် တိုက်ခိုက်မည်ဆိုလျှင်ပင် ကျန်ရစ်ခဲ့သော ပုံရိပ်ယောင်များထဲမှ တစ်ခုကိုသာ ဖျက်ဆီးနိုင်မည်ဖြစ်သည်။

အကယ်၍ ရွေးချယ်မှုမှားယွင်းသွားပါက အနီးကပ်ဝင်ရောက်ခြင်းခံရမည်သာ ဖြစ်၏။

All Chapters