အခန်း ၂၉၈
Vol. 30 Ch. 298
အခန်း (၂၉၈) - အခုမှ ကျုပ်စိတ်အေးရတော့တယ် (၂)
နှစ်ခုလုံးကိုကာကွယ်ရမည်ဆိုလျှင် သူမ၏စွမ်းအားများ ကွဲပြားသွားမည်ဖြစ်ပြီး ထိုအချိန်ရောက်လျှင် တိုက်ခိုက်မှုကို အမှန်တကယ် တားဆီးနိုင်မည်လားဆိုသည်ကိုမူ ပြောရခက်ပေသည်။
သူမ ဘယ်လို ရွေးချယ်မည်နည်း။
ကျန်းယွဲ့ပိုင်က အလျင်အမြန်ပင် တုံ့ပြန်လိုက်လေသည်။
သူမက လက်ကိုမြှောက်ကာ တစ်ချက်လှည့်လိုက်သည်ကို မြင်လိုက်ရပြီး ဓားပျံက လေထဲတွင် ရှုပ်ထွေးသောပုံသဏ္ဌာန်များကို ချက်ချင်းရေးဆွဲလိုက်ကာ ၎င်းတို့မှာ ရေခဲစာလုံးအဆောင်များပင် ဖြစ်၏။
ကျန်းယွဲ့ပိုင်သည် ချူလျန်ကို စာလုံးအဆောင်ဓားမန္တန်များ အမြဲတမ်း သင်ကြားပေးခဲ့သဖြင့် သူမကိုယ်ပိုင်ကျွမ်းကျင်မှုမှာလည်း သဘာဝကျကျပင် နိမ့်ကျမည်မဟုတ်ဘဲ တိုက်ခိုက်လိုက်သည်နှင့် စာလုံးအဆောင်ဆယ့်သုံးခု ဓားသိုင်းပင် ဖြစ်တော့သည်။
ခွပ်... ခွပ်...
ရေခဲစာလုံးအဆောင် ဆယ့်သုံးခု၏စွမ်းအားများကို သယ်ဆောင်ထားသော ဓားပျံ၏ရွေ့လျားမှုက အနည်းငယ်နှေးကွေးသွားပြီး ဖြတ်သန်းသွားသော နေရာတိုင်းတွင် နှင်းခဲများစွဲထင်သွားကာ မြေပြင်ပေါ်တွင် ရေခဲပွင့်များဖုံးလွှမ်းသွားပြီး လေထဲတွင် ရေစက်များက အခဲဖြစ်သွားကာ ပေပေါင်းရာနှင့်ချီသော ပတ်ဝန်းကျင်၏အပူချိန်မှာ အသက်ရှူချိန်အတွင်းမှာပင် သိသိသာသာ ကျဆင်းသွားတော့၏။
လင်းအောက်၏ ရှေ့သို့ပြေးဝင်လာသည့် အရှိန်အဟုန်မှာ နောက်တစ်ကြိမ် တားဆီးခံလိုက်ရသဖြင့် သူသည် ခန္ဓာကိုယ်ကို တစ်ချက်လိမ်လိုက်ရုံသာတတ်နိုင်ပြီး ဓားပျံ၏ဓားသွားကို အနိုင်နိုင်ရှောင်တိမ်းလိုက်ရလေသည်။
ဓားသွားက သူ့ထံသို့ နောက်တစ်ကြိမ် တိုက်ခိုက်လာသောအခါ သူက အောက်ဘက်သို့ ပြင်းထန်သော လက်သီးတစ်ချက်ထိုးချလိုက်ပြီး ဓားပျံ၏ ဓားကျောပေါ်သို့ ရိုက်ချလိုက်တော့သည်။
ဖုန်း...
ဓားပျံမှာ ထိုတိုက်ခိုက်မှုကြောင့် ဓားသွားက အောက်ဘက်သို့စိုက်ကျသွားပြီး စင်မြင့်ပေါ်သို့ ထိုးစိုက်သွားသော်လည်း ဝိညာဉ်စွမ်းအင်များကိုတော့ ဆုံးရှုံးသွားခြင်းမရှိဘဲ နောက်တစ်စက္ကန့်တွင် မြေပြင်ပေါ်မှ ရေခဲနံရံဆယ်ခုကျော် ထွက်ပေါ်လာကာ လင်းအောက်ကို အခိုင်အမာဝန်းရံလိုက်လေသည်။
ထိုတိုက်ခိုက်မှုအပြီးတွင် စင်မြင့်၏အခြားတစ်ဖက်ရှိ လင်းအောက်၏ ကျန်ရစ်ခဲ့သော ပုံရိပ်ယောင်မှာ စောစီးစွာကပင် ပျောက်ကွယ်သွားခဲ့ပြီး ကျန်းယွဲ့ပိုင်က အစစ်အမှန် လင်းအောက်၏ခန္ဓာကိုယ်ကို တစ်ချက်ကြည့်ရုံဖြင့် ရွေးချယ်နိုင်ခဲ့ခြင်းဖြစ်၏။
ရေခဲနံရံများ ဝန်းရံခံထားရသော လင်းအောက်မှာ လူများ၏မြင်ကွင်းမှ ခေတ္တပျောက်ကွယ်သွားပြီး ရှုပ်ထွေးနေသော ရေခဲပြင်မှတစ်ဆင့် မှေးမှိန်သော အနက်ရောင်အရိပ်တစ်ခုကိုသာ မြင်တွေ့နိုင်လေသည်။
ပတ်ဝန်းကျင်ရှိနံရံများက သူ့ကို သာမန်ကာလျှံကာ ပိတ်လှောင်ထားခြင်းမျိုးမဟုတ်ဘဲ အဆက်မပြတ် ပိတ်သိမ်းလာနေပြီး ကြည့်ရသည်မှာ သူ့ကိုထိုအထဲတွင် ညှပ်ပစ်တော့မည့်ပုံပင်ဖြစ်သည်။
ကျန်းယွဲ့ပိုင်၏ ဓားလမ်းစဉ်တန်ခိုးစွမ်းအင်များမှာ အစွမ်းထက်သော်လည်း ကျန်ရှိသော မှော်ပညာများကိုလည်း ထိုနည်းတူစွာပင် အလွန်ကျွမ်းကျင်ပေသည်။
အင်မော်တယ်ဝိညာဉ်ခန္ဓာကိုယ်၏ ဝိညာဉ်စွမ်းအင်များနှင့် ရင်းနှီးကျွမ်းဝင်မှုက သူမကို မည်သည့်ဝိညာဉ်စွမ်းအင်ကိုမဆို အခြားသူများထက် ပိုမိုလွယ်ကူစွာ အသုံးပြုနိုင်စေလေ၏။
သို့သော် လင်းအောက်က ထူထဲသောနံရံအနည်းငယ်ဖြင့် ပိတ်လှောင်ခံရမည်လော။
ရေခဲနံရံကို ခြားထားသော ထိုအနက်ရောင်အရိပ်မှာ ရုတ်တရက် ပေါက်ကွဲထွက်လာပြီး မျက်တောင်တစ်ခတ်အတွင်း ရွှေအိုရောင်အလင်းတန်းများ ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည်။
ဘုန်း...
ထပ်လောင်းနေသောရေခဲနံရံများမှာ အရပ်လေးမျက်နှာမှ လုံးဝပြိုကွဲသွားတော့၏။ ထို့နောက် ထိုအထဲမှ လင်းအောက်၏ပုံရိပ်လေးခု ထွက်ပေါ်လာလေသည်။
တစ်ခုချင်းစီတိုင်းက ရွှေအိုရောင်သွေးချီစွမ်းအင်များ လောင်ကျွမ်းနေပြီး လေထဲတွင် လွင့်ပျံနေသော မီးတောက်များကဲ့သို့ အရှိန်အဝါများပြင်းထန်နေပေသည်။
လေးခုတောင် ဖြစ်နေသည်။
ထပ်ရွေးကြည့်စမ်း။
...
အဘိုးအိုဆွန်းက ခေါင်းခါလိုက်သည်။
"အလကားပါပဲ...သူ့မှာ ကျန်ရစ်ခဲ့တဲ့ပုံရိပ်ယောင် ဘယ်လောက်ပဲများနေပါစေ ကျန်းယွဲ့ပိုင်ရဲ့ ပေတစ်ရာအတွင်းကို ကပ်နိုင်မှာမဟုတ်ပါဘူး..."
အဘိုးအိုဟွမ်ကလည်း ပြုံးလိုက်၏။
"အာကာသသိမြင်ခြင်းဓားနယ်ပယ်ပဲ...အသက်ဒီလောက်ငယ်ငယ်လေးနဲ့ ကျွမ်းကျင်နိုင်တာက တကယ်အံ့ဩစရာကောင်းပေမဲ့ ကျန်းကျန်းဆိုတဲ့ အသိဝင်လာရင်တော့ ပုံမှန်ပါပဲ..."
အဘိုးအိုဆွန်းကလည်း ပြောလိုက်လေသည်။
"အင်မော်တယ်ဝိညာဉ်ခန္ဓာကိုယ်ကို မိစ္ဆာတွေ မရေမတွက်နိုင်အောင် လိုချင်နေကြတာ အကြောင်းပြချက်မရှိတာတော့မဟုတ်ဘူး... ကောင်းကင်နဲ့မြေကြီးကို ရင်းနှီးကျွမ်းဝင်တဲ့အကျိုးကျေးဇူးက အရမ်းကြီး သိသာမနေပေမဲ့ အဖက်ဖက်ကနေ အကျိုးသက်ရောက်မှုရှိတယ်...သူမက ဘယ်တန်ခိုးစွမ်းအင်ကို ကျင့်ကြံသည်ဖြစ်စေ အများကြီးပိုလွယ်ကူတယ်..."
ကောင်းကင်နှင့်မြေကြီးကို ရင်းနှီးကျွမ်းဝင်ခြင်းဆိုသည်မှာ ဝိညာဉ်သားရဲများနှင့် ရင်းနှီးကျွမ်းဝင်ခြင်း၊ ဝိညာဉ်စွမ်းအင်များနှင့် ရင်းနှီးကျွမ်းဝင်ခြင်း၊ တာအိုလမ်းစဉ်ကြီးနှင့် ရင်းနှီးကျွမ်းဝင်ခြင်းတို့ပါဝင်လေ၏။
အချုပ်အားဖြင့်ဆိုရလျှင် တစ်သက်တာကောင်းကင်ဘုံ၏ချစ်ခင်မှုကို ရရှိထားခြင်းပင် ဖြစ်သည်။
အာကာသသိမြင်ခြင်း ဓားနယ်ပယ်ဆိုသည်မှာ တာအိုပညာရှင်ယန့်၏ အမြင့်ဆုံးပညာရပ်တစ်ခု ဖြစ်ပေသည်။
တိတိကျကျပြောရလျှင် ထိုအရာမှာ တန်ခိုးစွမ်းအင်မှော်ပညာတစ်မျိုးမဟုတ်ဘဲ ဓားလမ်းစဉ် နယ်ပယ်တစ်ခုဖြစ်လေ၏။
ပြိုင်ဘက်ဓားက ထိုးစိုက်လာချိန်တွင်မြင်တွေ့နိုင်ပြီး ကာကွယ်ခြင်းမှာ နောက်မှဖြစ်လာသော ကာကွယ်မှုဖြစ်၏။
သူ့ဓားက မထိုးစိုက်လာမီတွင် သူ့အရှိန်အဝါ၊ အကြည့်၊ ဝိညာဉ်အာရုံအပြင် အကြောင်းနှင့်အကျိုးစသည့် နက်နဲလှသောအရာများစွာမှတစ်ဆင့် သူမည်သည့်နေရာသို့ တိုက်ခိုက်မည်ကို ခန့်မှန်းနိုင်ပြီး လေဟာနယ်ထဲတွင် ဓားက မည်သည့်ဘက်မှလာမည်ကို သိရှိနေခြင်းဖြစ်သည်။
ထိုနယ်ပယ်ကို 'အာကာသသိမြင်ခြင်း ဓားနယ်ပယ်' ဟု ခေါ်ဆိုလေသည်။
နက်နဲလှသောနယ်ပယ်ထဲတွင် ရှိနေသည့် ကျန်းယွဲ့ပိုင်သည် မည်သည့်လင်းအောက်က မိမိကို တိုက်ခိုက်မည်ကို ရှင်းလင်းစွာအာရုံခံနိုင်သဖြင့် သဘာဝကျကျပင် မည်မျှပင် ဖန်ဆင်းထားစေကာမူ အဓိပ္ပာယ်မရှိပေ။
အဘိုးအိုဟွမ်က ပြောလိုက်သည်။
"စောစောက ကျန်းကျန်းအတွက် နည်းနည်းစိုးရိမ်နေသေးတယ်...ဒါပေမဲ့ အခုမှ ငါ စိတ်အေးရတော့တယ်...သူမက ပါရမီအရမ်းကောင်းရုံတင်မကဘဲ ကြည့်ရတာ ကျင့်ကြံရာမှာလည်း အရမ်းကြိုးစားပုံရတယ်...သူမစွမ်းရည်က ပြည်နယ်ကိုးခုရဲ့ ပါရမီရှင်တွေထဲမှာ ထိပ်ဆုံးကနေ ရပ်တည်နိုင်မှာအသေအချာပဲ..."
အဘိုးအိုဟွမ်၏ စကားဆုံးသွားသည်နှင့်တစ်ပြိုင်နက် ကွင်းထဲရှိ အခြေအနေက ရုတ်တရက် ပြောင်းလဲသွားတော့၏။
လင်းအောက်၏ ကျန်ရစ်ခဲ့သောပုံရိပ်ယောင်လေးခုက လမ်းကြောင်းလေးခုမှနေ၍ ကျန်းယွဲ့ပိုင်ထံသို့ပြေးဝင်သွားပြီး နီးကပ်လာပြီဖြစ်သည်ကို မြင်လိုက်ရချိန်တွင် ကျန်းယွဲ့ပိုင်၏အကြည့်များက လှုပ်ရှားသွားကာ လက်ညှိုးနှင့်လက်ခလယ်ကိုပူး၍ တစ်ချက် ဝှေ့ယမ်းလိုက်လေသည်။
ထိုရိုက်ချခံလိုက်ရသော ဓားပျံက လေဟာနယ်ကိုခွဲ၍ နောက်တစ်ကြိမ် ထွက်ပေါ်လာကာ လင်းအောက်တစ်ယောက်၏သွားရာလမ်းကို ကန့်လန့်ဖြတ် တားဆီးလိုက်သည်။ တစ်ချိန်တည်းမှာပင် လေထဲရှိ ရေခဲဝိညာဉ်စွမ်းအင်များမှာလည်း လျင်မြန်စွာတိုးပွားလာနေပြီး ကွင်းထဲရှိအပူချိန်မှာ ရေခဲဂူတစ်ခုကဲ့သို့ ဖြစ်နေပြီဖြစ်သည်။
စင်မြင့်နှင့် အလွန်ဝေးကွာသော ပရိသတ်များရှိရာ နေရာပင်လျှင် ထိုအအေးဓာတ်၏ တိုက်ခိုက်မှုကို စတင်ခံစားလာရလေ၏။
ဓားပျံဖြင့် တားဆီးခံလိုက်ရသူမှာ သဘာဝကျကျပင် လင်းအောက်၏အစစ်အမှန် ခန္ဓာကိုယ်ဖြစ်သော်လည်း သူ ရှောင်တိမ်းခြင်းမရှိဘဲ ဓားပျံက သူ့ထံသို့ ထိုးစိုက်လာသည်ကို လွှတ်ထားလိုက်ပြီး ရင်ဘတ်ကို ဖောက်ထွင်းသွားတော့မည့်ပုံပင် ဖြစ်သည်။
သူက ရုတ်တရက် လက်ကိုထုတ်ကာ ဓားကိုယ်ထည်ကို ဆုပ်ကိုင်လိုက်တော့၏။
အသွေးအသားရှိသောခန္ဓာကိုယ်ဖြင့် ထိုထက်မြက်လှသော ဓားသွားကို ဆုပ်ကိုင်လိုက်ခြင်းပင်။
ရှပ်...
ရလဒ်မှာမူ ခန့်မှန်းနိုင်သည့်အတိုင်းပင် ရွှေအိုရောင်သွေးများက ချက်ချင်းစီးကျလာကာ ဓားကိုယ်ထည်ကို ဖုံးလွှမ်းသွားလေသည်။
ကျန်းယွဲ့ပိုင်က အလျဉ်းမညှာတာဘဲ ဓားပျံကိုထိန်းချုပ်ကာ ရှေ့သို့ထပ်မံတွန်းပို့ရန် ပြင်လိုက်သော်လည်း ရုတ်တရက်ဝိညာဉ်အာရုံများ ဟာလာဟင်းလင်းဖြစ်သွားပြီး တုံ့ပြန်မှုကို ဆုံးရှုံးသွားတော့၏။
ထိုရွှေအိုရောင်သွေးများ စွန်းထင်းနေသော ဓားပျံမှာ ရုတ်တရက် ဝိညာဉ်စွမ်းအင်အားလုံးကို ဆုံးရှုံးသွားပြီး အလင်းရောင်များ မှေးမှိန်သွားလေသည်။
အပေါ်ယံကြည့်မည်ဆိုလျှင် လင်းအောက်က ဓားကို လက်ဖြင့်ဆုပ်ကိုင်ထားကာ သွေးများ စီးကျနေသော်လည်း သူ့မျက်လုံးများတွင်မူ နာကျင်မှုအလျဉ်းမရှိဘဲ ပျော်ရွှင်ကြည်နူးမှုများသာ ထင်ဟပ်နေပေသည်။
သူ့သွေးထဲတွင် အစွမ်းထက်ပြီး ကျူးကျော်လိုသော ဝိညာဉ်စွမ်းအားများ ပါဝင်နေလေ၏။ ဓားပေါ်သို့ စွန်းထင်းသွားသည်နှင့်တစ်ပြိုင်နက် ဓားပျံ၏ ဝိညာဉ်စွမ်းအင်များကို ချက်ချင်း လွှမ်းမိုးသွားတော့သည်။ ဓားပေါ်ရှိ သွေးများက ပြင်းထန်စွာဆူပွက်နေပြီး အဆိပ်မီးတောက်တစ်မျိုးကဲ့သို့ လောင်ကျွမ်းနေပေသည်။
ချူလျန်သည် ထိုမြင်ကွင်းကို မြင်သောအခါ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားလေသည်။
မည်သူကမျှ ထိုအရာမှာ မည်သည့်အရာဖြစ်ကြောင်းကို သူ့ထက် ပိုမိုရှင်းလင်းစွာ သိနိုင်မည်မဟုတ်ပေ။ ထိုအရာမှာ နဂါးသွေး၏အနံ့ပင်ဖြစ်သည်။
နဂါးသွေးလျှို့ဝှက်ပညာရပ်ကို ကျင့်ကြံပြီးနောက် မရေမတွက်နိုင်သော နဂါးထွက်သက်များ ဝင်ရောက်လာကာ သူ့သွေးများမှာလည်း ထိုလမ်းကြောင်းအတိုင်း ပြောင်းလဲနေခြင်းဖြစ်၏။
လင်းအောက်က တကယ်ကို အထီးကျန်တောင်ထွတ်၏ နဂါးအစစ်နှင့် ပတ်သက်နေခြင်း ဖြစ်ပေသည်။
သို့သော် သူ့တွင် အများကြီးတွေးရန်အချိန်မရှိပေ။ အဘယ်ကြောင့်ဆိုသော် လင်းအောက်က လက်ကိုလှန်ကာ ကျန်းယွဲ့ပိုင်၏ ဓားပျံကို လက်ထဲသို့ ဆွဲယူလိုက်ပြီး ခြေတစ်လှမ်းဖြင့် ကျန်းယွဲ့ပိုင်၏ ရှေ့သို့ ရောက်ရှိနေပြီဖြစ်သောကြောင့်ပင်။
သူမမှာ အံ့ဩတုန်လှုပ်နေသော ခံစားချက်ထဲတွင် နစ်မြုပ်နေဆဲဖြစ်ပုံရပြီး တုံ့ပြန်မှုပြုလုပ်ရန် အချိန်မရမီမှာပင် လင်းအောက်က သူမခန္ဓာကိုယ်ကို ဓားဖြင့် ထိုးဖောက်လိုက်ပြီဖြစ်ကာ တွေဝေမှုအလျဉ်းမရှိဘဲ လုံးဝညှာတာမှုမရှိပေ။
ဖတ်...
ဓားသွားက အသားထဲသို့ဝင်ရောက်သွားပြီး တုံးတိတိအသံတစ်ခု ထွက်ပေါ်လာပုံရလေတော့သည်။