အခန်း ၂၉၉
Vol. 30 Ch. 299
အခန်း (၂၉၉) - အချိန်ပြောင်းပြန်လှည့် ဟင်းလင်းပြင်ကျင့်စဉ် (၁)
"ကျန်းကျန်း..."
ကွင်းထဲတွင် တစ်ခဏအတွင်း အံ့ဩတကြီးအော်ဟစ်သံများ မည်မျှထွက်ပေါ်လာသည်ကို မသိနိုင်တော့ဘဲ မရေမတွက်နိုင်သော လူများ၏ နှလုံးသားများမှာ ကျန်းယွဲ့ပိုင်အတွက် ပူပန်စွာဖြင့်ကျုံ့ဝင်သွားကြလေသည်။
လင်းအောက်က ဓားကိုလက်ဖြင့် တမင်ဆုပ်ကိုင်ကာ နဂါးသွေးဖြင့်လုယူလိုက်သည့် အခိုက်အတန့်ကတည်းက အဘိုးအိုဆွန်း၏ မျက်လုံးများထဲတွင် အံ့ဩမှုတစ်ရိပ် ဖြတ်ပြေးသွားခဲ့၏။
"နတ်နဂါး သွေးလောင်ကျွမ်းခြင်းပညာရပ်လား..."
ထိုပညာရပ်မှာ နဂါးမျိုးနွယ်များ ဖန်တီးထားသော လျှို့ဝှက်ပညာရပ်တစ်ခုဖြစ်ပြီး သွေးထဲရှိဝိညာဉ်စွမ်းအင်ကို လောင်ကျွမ်းစေခြင်းဖြင့် ကာလတိုအတွင်း အားကောင်းသောစွမ်းအားကို ရယူခြင်းဖြစ်ကာ အသုံးပြုပြီးတိုင်း ပြင်းထန်သောအားနည်းမှုကို ခံစားရမည်ဖြစ်သည်။
လင်းအောက်က ထိုပညာရပ်ကို အသုံးပြုလိုက်ခြင်းမှာ အမြန်တိုက်၍ အမြန်အဆုံးသတ်လိုခြင်းပင် ဖြစ်ချေသည်။
အဘိုးအိုဟွမ်၏ အမူအရာမှာ ကြည်လင်နေရာမှ မှုန်မှိုင်းသွားလေ၏။
"ရှီး...ဒီလူငယ်လေးက တိုက်ခိုက်လိုစိတ် အရမ်းပြင်းထန်တာပဲ...ယှဉ်ကြည့်လိုက်ရင် ကျန်းကျန်းရဲ့ စိတ်နေသဘောထားက အရမ်းငြိမ်းချမ်းနေတော့ တိုက်ပွဲမှာ အများကြီး နစ်နာလိမ့်မယ်...သူ ရှုံးတော့မှာ မဟုတ်ပါဘူးနော်..."
သို့သော် ထိုစကားတစ်ခွန်း ပြောဆိုနေချိန်အတွင်းမှာပင် ကွင်းထဲ၌ အပြောင်းအလဲများ ထပ်မံဖြစ်ပေါ်လာပြန်သည်။
ယခုအချိန်တွင် လင်းအောက်၏ဓားက ကျန်းယွဲ့ပိုင်ကို ထိုးမိသွားခဲ့ပြီဖြစ်၏။
ထိုဓားက ကွင်းတစ်ခုလုံးရှိလူများ၏ နှလုံးသားများကိုပါ ထိုးဖောက်သွားသကဲ့သို့ ခံစားလိုက်ရသည့် အခိုက်အတန့်တွင် ကျန်းယွဲ့ပိုင်၏ခန္ဓာကိုယ်မှာ ရုတ်တရက် အက်ကွဲသွားလေသည်။
ဖျန်း...
ရေခဲစများအဖြစ် ကွဲ၍ပြောင်းလဲကာ ပြန့်ကျဲသွားတော့၏။
ရေခဲကိုယ်ပွားပင်။
ကွင်းထဲတွင် မူလက ရေခဲများမရှိသင့်သော်လည်း စောစောက ကျန်းယွဲ့ပိုင်၏ ဆက်တိုက် မန္တန်ရွတ်ဆိုမှုများကြောင့် အချိန်သိပ်မကြာလိုက်သော်လည်း ပြိုင်ပွဲစင်မြင့်တစ်ခုလုံးကို ရေခဲကမ္ဘာအဖြစ်သို့ ပြောင်းလဲသွားစေခဲ့သည်။
ယင်းမှာ လုံးဝ အလဟဿကြိုးစားမှု မဟုတ်ပေ။
ထိုကဲ့သို့သော ပတ်ဝန်းကျင်မျိုးတွင် လူတစ်ယောက်၏ လှုပ်ရှားမှုများက အကြီးအကျယ် ကန့်သတ်ခံရမည်ဖြစ်ပြီး ထို့ကြောင့်ပင် လင်းအောက်က ယှဉ်ပြိုင်မှုကို အမြန်အဆုံးသတ်ရန်အတွက် သွေးလောင်ကျွမ်းခြင်းနည်းလမ်းကို အသုံးပြုခဲ့ခြင်းဖြစ်သည်။
သို့သော် ကျန်းယွဲ့ပိုင် ကျွမ်းကျင်သောမန္တန်များက များပြားလွန်းလှပြီး တစ်ခုချင်းစီတိုင်းကိုလည်း ပိုင်နိုင်လှပေသည်။
ရေခဲကိုယ်ပွားမှာ အားနည်းချက်လုံးဝမရှိသလောက် ပြီးပြည့်စုံလွန်းလှ၏။
သို့သော် ပြိုင်ဝင်းက ထိုမျှသာကျယ်ဝန်းပြီး သူမခန္ဓာကိုယ်အစစ်က ထိုနေရာတွင် မရှိပါက မည်သည့်အချိန်က မည်သည့်နေရာသို့ ရောက်သွားခဲ့ခြင်းနည်း။
လင်းအောက်က ကောင်းကင်ကို အနည်းငယ်မော့ကြည့်လိုက်ပြီးနောက် မြေပြင်ကို ခြေဖြင့် အားကုန်ဆောင့်နင်းလိုက်သည်။
ဘုန်း...ဖျန်း...
မြေပြင်ပေါ်ရှိ ထူထဲသော ရေခဲလွှာများက အသံနှင့်အတူ အက်ကွဲကာ ကျိုးပဲ့သွားလေ၏။
'ကောင်းကင်မှာလား...မြေအောက်မှာလား...'
ရေခဲလွှာများ ကျိုးပဲ့သွားသည်နှင့်အတူ ကျန်းယွဲ့ပိုင်၏ပုံရိပ်ကလည်း ပြိုင်ပွဲစင်မြင့်၏ တစ်ဖက်ခြမ်းမှ ပေါ်ထွက်လာပြီး အဖြူရောင်ဝတ်ရုံဖြင့် တောက်ပနေဆဲဖြစ်သည်။
မြေလျှိုးမန္တန်။
ပြိုင်ဝင်းကို တည်ဆောက်ထားသောပစ္စည်းများမှာ အလွန်တရာထူထဲခိုင်ခံ့ပြီး အစီအရင် အမျိုးမျိုးဖြင့်လည်း အားဖြည့်ထားသည်။ ယင်းမှာ ပြိုင်ဝင်းကို ခိုင်ခံ့စေရန်နှင့် ယှဉ်ပြိုင်မှုဖြစ်စဉ်ကို မထိခိုက်စေရန်အတွက်ဖြစ်သော်လည်း။
မမြင်နိုင်သော အခြေအနေမျိုးတွင် အချို့သောတန်ခိုးစွမ်းအင်မန္တန်များ၏ အသုံးချမှုကိုလည်း ကန့်သတ်ထားမိလျက်သားဖြစ်နေလေသည်။
ဥပမာအားဖြင့် မြေလျှိုးတန်ခိုးစွမ်းအင်မျိုးတွင် မြေကြီးကပျော့အိနေပါက လျှို့ဝင်ရန် အလွန်လွယ်ကူသော်လည်း ခိုင်ခံ့သောပြိုင်ပွဲစင်မြင့်အတွင်းပိုင်းသို့ လျှို့ဝင်ရန်မှာမူ အလွန်ခက်ခဲပေသည်။
ထို့ကြောင့် ကျန်းယွဲ့ပိုင်က ရေခဲဝိညာဉ်ချီများကိုအသုံးပြုကာ ပြိုင်ပွဲစင်မြင့်ကို မရပ်မနား လွှမ်းမိုးခဲ့ခြင်းမှာ လင်းအောက်၏အမြန်နှုန်းကို လျှော့ချရန်အပြင် မြေပြင်ပေါ်တွင် ထူထဲသော ရေခဲလွှာများခဲသွားသည်အထိ စောင့်ဆိုင်းကာ ယင်းတို့အတွင်း လွတ်လပ်စွာဖြတ်သန်းသွားလာနိုင်ရန်အတွက် ဖြစ်ချေသည်။
မူလကတည်းက အကွက်ချထားခြင်းပင်ဖြစ်၏။
လင်းအောက်၏ တုံ့ပြန်မှုအရှိန်ကလည်း မနှေးကွေးလှဘဲ ထိုအချက်ကို ချက်ချင်းပင် တွေးမိသွားခဲ့သည်။ သို့သော်လည်း သူသည် ကျန်းယွဲ့ပိုင်၏လက်ပေါက်ကပ်မှုကြောင့် အချိန်များစွာ ဖြုန်းတီးခံလိုက်ရပြီး နှစ်ဦးသား၏အကွာအဝေးမှာလည်း ပြိုင်ပွဲစင်မြင့် တစ်ခုစာအကွာအဝေးသို့ တစ်ဖန် ပြန်လည်ရောက်ရှိသွားလေသည်။
ထိုဘက်တွင်မူ ယခုလေးတင်ပေါ်လာသော ကျန်းယွဲ့ပိုင်သည် လက်ဖြင့်ဓားမန္တန်ကို ဖော်ဆောင်နေပြီဖြစ်ကာ ပွဲကြည့်ပရိသတ်များကလည်း သူမလက်ထဲတွင် မည်သည့်နေရာက ဓားရှိနေသနည်းဟု နားမလည်နိုင်အောင်ဖြစ်နေကြ၏။
နောက်တစ်စက္ကန့်တွင်တော့ လူတိုင်း သိသွားကြလေပြီ။
ဂွပ်... ဂွပ်... ဂွပ်...
ရေခဲများဖြင့် ဖွဲ့စည်းထားသော ဝိညာဉ်ချီဓားကြီးတစ်လက်က မျက်စိတစ်မှိတ်အတွင်း သူမရှေ့တွင်ပုံပေါ်လာခဲ့ပြီး နေရာတွင်ပင် ချက်ချင်းဖန်တီးထားခြင်း ဖြစ်သော်လည်း ကြီးမားလှသော ဝိညာဉ်ချီများကို သယ်ဆောင်ထားကာ ပျက်စီးမသွားခဲ့ပေ။
ထိုသို့ လက်တန်းဖန်တီးထားသော ဓားမျိုးမှာ အလွန်ကြွပ်ဆတ်ပြီး သာမန်အားဖြင့် အစစ်အမှန် ဓားပျံများကဲ့သို့ ဓားမန္တန်များကို အသုံးပြု၍မရနိုင်ကြောင်း သိထားရမည်ဖြစ်သည်။
သို့သော် ကျန်းယွဲ့ပိုင် ပြုလုပ်နိုင်ခြင်းမှာ သူမသည် စစ်မှန်သောချီနှင့် ဝိညာဉ်ချီများအပေါ် ထိန်းချုပ်မှုတွင် အလွန်ကျွမ်းကျင်အဆင့်သို့ ရောက်ရှိနေသောကြောင့်ဖြစ်ပြီး ယင်းကမှ ထိုအရာအားလုံးကို ပြီးပြည့်စုံစွာ ထိန်းချုပ်နိုင်ခြင်းဖြစ်ပေသည်။
ကောင်းကင်ဓားမန္တန်။
ရေခဲဓားက လေထဲတွင် ကန့်လန့်ဖြတ်ရပ်နေပြီး ကြီးမားလှသော ဓားရောင်ဝါအလွှာတစ်ခု ထပ်မံဖုံးအုပ်သွားကာ လေပေါ်သို့ ပျံတက်သွားလေတော့သည်။
ထိုအခိုက်အတန့်တွင် ကျန်းယွဲ့ပိုင်သည် အရှိန်အဝါများကို ဖုံးကွယ်မထားတော့ဘဲ သူမကျင့်ကြံမှုအဆင့်တစ်ခုလုံးကို ထုတ်လွှတ်လိုက်လေပြီ။
ကွင်းထဲရှိ လူတိုင်းကို ခံစားသိရှိသွားစေသည်။
ဓာတ်ကြီးငါးပါးအဆင့်။
ယခုအကြိမ် ရှုတောင်ထိပ်သီးအစည်းအဝေးတွင် ပဉ္စမအဆင့်သို့ ရောက်ရှိနေသူမှာ ရွှီဇီယန် တစ်ယောက်တည်းမဟုတ်ဘဲ ကျန်းယွဲ့ပိုင်ကလည်း ထိုအဆင့်သို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။
ထိုကိစ္စက လူတိုင်းကို မျှော်လင့်မထားလောက်အောင် အံ့အားသင့်သွားစေခဲ့၏။
ပဉ္စမအဆင့်၏ အစွမ်းကုန်ဓားတစ်ချက်ကို သယ်ဆောင်ထားသော ဓားရောင်ဝါက ဖိနှိပ်ဝင်ရောက်လာရာ ယှဉ်ကြည့်လိုက်ပါက လင်းအောက်၏ ခန္ဓာကိုယ်မှာ အလွန်သေးငယ်လွန်းလှပေသည်။
သူ့တွင် ခုခံရန်အခွင့်အရေး လုံးဝမရှိတော့သကဲ့သို့ပင်။
...
"ပဉ္စမအဆင့်က တတိယအဆင့်ကိုတိုက်တာဆိုတော့ ကွာဟချက်က အရမ်းကြီးမားလွန်းတယ်..."
အဘိုးအိုဆွန်းက ပြောလိုက်သည်။
အဘိုးအိုဟွမ်က ပြောလာ၏။
"ဒါပေမဲ့ ဒီလင်းအောက်ကိုလည်း သာမန်လို့ သဘောထားလို့မရဘူး...သူ့ကို တတိယအဆင့် ကျင့်ကြံသူတစ်ယောက်အနေနဲ့ သတ်မှတ်မယ့်အစား ပဉ္စမအဆင့် သိုင်းပညာရှင်တစ်ယောက်အနေနဲ့မြင်တာ ပိုကောင်းမယ်…”
“နက်ရှိုင်းတဲ့ သိုင်းပညာအခြေခံမရှိပေမဲ့ သွေးလောင်ကျွမ်းပြီးသွားတဲ့ သူ့ရဲ့ ခန္ဓာကိုယ်အခြေအနေက လုံးဝမရှုံးနိုင်ဘူး..."
"ဒါဆို သူ နိုင်နိုင်ချေရှိတယ်လို့ ထင်လား..."
အဘိုးအိုဆွန်းက ထပ်မေးလိုက်သည်။
"သေချာပေါက် မရှိဘူးပေါ့..."
အဘိုးအိုဟွမ်က ရယ်မောလိုက်ရင်း...
"ကျန်းကျန်းသာ ပဉ္စမအဆင့်ကို မရောက်သေးရင်တော့တစ်မျိုးပေါ့...အခု သူမက အစကတည်းက စွမ်းအားကို ဖုံးကွယ်ထားခဲ့တာဆိုတော့ လင်းအောက်က ဘာနဲ့သွားနိုင်မှာလဲ…”
“အင်မော်တယ်ဝိညာဉ်ခန္ဓာဆိုတဲ့ ဒီလိုဆန်းကြယ်တဲ့အရာက အဆင့်မြင့်လေလေ ကွာဟချက်ကို ပိုပြီးပြသနိုင်လေလေပဲ..."
စကားသံဆုံးသည်နှင့်တစ်ပြိုင်နက် ကွင်းထဲတွင် အခြေအနေများ ထပ်မံပြောင်းလဲသွားပြန်သည်။
တကယ်တော့ ကျန်းယွဲ့ပိုင်က အချိန်အတော်ကြာကတည်းက အရှိန်အဝါကို ဖုံးကွယ်ထားခဲ့ခြင်းမှာ ၎င်းတို့ကဲ့သို့ အဆင့်ရှိသော သိုင်းပညာရှင်များအတွက် သိမြင်ရန် မခက်ခဲလှဘဲ ဝိညာဉ်အာရုံဖြင့်သော့ခတ်ကာ သေချာစစ်ဆေးကြည့်ပါက တွေ့ရှိသွားနိုင်ပေသည်။
သို့သော် ထိုသို့ပြုလုပ်ခြင်းက အနည်းငယ်ရိုင်းစိုင်းရာကျသဖြင့် ရှုတောင်ပေါ်ရှိ သိုင်းပညာရှင်များထဲမှ မည်သူကမျှ ထိုသို့ပြုလုပ်မည်မဟုတ်သလို အချို့က သိမြင်ထားလျှင်ပင် ဖွင့်ပြောမည်မဟုတ်ပေ။
ထို့ကြောင့်သာ သူမက ယခုအချိန်အထိ ဆက်လက်ဖုံးကွယ်ထားနိုင်ခဲ့ခြင်းဖြစ်သည်။
လင်းအောက်ကလည်း သူမအဆင့်က ဤမျှမြင့်မားနေမည်ဟု မထင်ထားခဲ့သော်လည်း တကယ်တမ်း မြင်တွေ့လိုက်ရချိန်တွင် ကြောက်ရွံ့သွားခြင်း မရှိချေ။
မည်သို့ပင်ဖြစ်စေ ရွှီဇီယန်ကလည်း ပဉ္စမအဆင့်ဖြစ်ပြီး ယခင်က သူသည် တစ်ဖက်လူကို အနိုင်ယူရန် မတွေးခဲ့ဖူးသည်လည်း မဟုတ်ပေ...။
'ဘာကွာခြားသွားမှာလဲ...'
ကျန်းယွဲ့ပိုင်က အဝေးမှနေ၍ အစပျိုးလိုက်သော ကြီးမားလှသည့် ကောင်းကင်ဓားမန္တန်ကို မြင်လိုက်ရချိန်တွင် တိုက်ခတ်လာသောလေက လင်းအောက်၏ ဆံနွယ်များကို လွင့်ခါသွားစေပြီး တိုက်ခိုက်လိုစိတ်များ ပြည့်နှက်နေသော မျက်လုံးတစ်စုံကို ပေါ်လွင်လာစေသည်။
သူသည် ကြောက်ရွံ့ခြင်းမရှိသည်သာမက ပို၍ပင်စိတ်လှုပ်ရှားလာခဲ့သေး၏။
ထို့နောက် သူက ကျန်းယွဲ့ပိုင်၏ဓားပျံကို လျစ်လျူရှုလိုက်ပြီး မှော်ဝင်ပစ္စည်းတစ်ခုကို လက်ဖြင့် ပင့်မလိုက်ရာ ယင်းမှာ လက်တစ်ဝက်ခန့် ရှည်လျားသော ဖြူဖျော့ဖျော့ အစွယ်တစ်ချောင်းဖြစ်နေပြီး အပေါ်တွင်ပျက်စီးမှုများနှင့် အက်ကွဲရာများ ပြည့်နှက်နေသည်ကို မြင်လိုက်ရလေသည်။
ထိုအရာမှာ လင်းအောက်က ပြိုင်ပွဲစင်မြင့်ပေါ်သို့ ယူဆောင်လာသော သူ၏ မှော်ဝင်ပစ္စည်းကို ပထမဆုံးအကြိမ် ထုတ်ယူလိုက်ခြင်းပင်။ သူက ညာဘက်လက်ကို ကွေးလိုက်ပြီး ထိုအစွယ်ဖြင့် သူ၏လက်ကောက်ဝတ်ကို ချက်ချင်း လှီးဖြတ်လိုက်လေသည်။
ရှပ်...
သွေးများ ပန်းထွက်လာသော်လည်း တစ်စက်မျှပင် လေလွင့်မသွားဘဲ ထိုအစွယ်က အကုန်လုံးကို စုပ်ယူသွားပြီးနောက် ရွှေရောင်နှင့် အပြာရောင် ရောနှောနေသော အလင်းတန်းများ ပေါ်ထွက်လာတော့သည်။