အခန်း ၃၀၀
Vol. 30 Ch. 300
အခန်း (၃၀၀) - အချိန်ပြောင်းပြန်လှည့် ဟင်းလင်းပြင်ကျင့်စဉ် (၂)
"ဝေါင်း..."
ကွင်းထဲတွင် ရှည်လျားလှသော နဂါးဟောက်သံကြီးတစ်သံ ချက်ချင်း ထွက်ပေါ်လာလေ၏။
ထိုနဂါးအစွယ်ပေါ်မှ မှောင်မိုက်သော ပုံရိပ်ယောင်တစ်ခု မြင့်တက်လာပြီး လင်းအောက်၏ ခေါင်းပေါ်တွင် ကန့်လန့်ဖြတ်ရပ်တန့်သွားကာ မျက်လုံးများထဲတွင် ရှုပ်ထွေးမှုများနှင့် ကြမ်းကြုတ်မှုများ ပါဝင်နေသည်။
နဂါးမျိုးနွယ် စစ်သူရဲဝိညာဉ်တစ်ခု ဖြစ်နေမည်ဟု မည်သူက ထင်ထားမည်နည်း။
ကြည့်ရသည်မှာ ကျန်ရစ်နေသောဝိညာဉ်တစ်စမျှသာ ဖြစ်သော်လည်း နဂါးသွေး၏ အားကောင်းသော ဝိညာဉ်စွမ်းအင်ပံ့ပိုးမှုအောက်တွင် အချိန်တိုအတွင်း သက်ရှိထင်ရှားရှိစဉ်က စွမ်းအားအချို့ကို ပြန်လည်ရရှိလာနိုင်ချေရှိပေသည်။
ထိုကျန်ရစ်နေသော ဝိညာဉ်၏ဖိအားသက်သက်ကပင် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းနေပြီဖြစ်ကာ ကွင်းထဲရှိလူတိုင်းကို အသက်ရှူကျပ်သွားသကဲ့သို့ ခံစားလိုက်ရစေသည်။
"သွားစမ်း..."
လင်းအောက်က လက်ကြီးကို ဝှေ့ယမ်းလိုက်ပြီး ခန္ဓာကိုယ်ပျံထွက်သွားသည်နှင့် တစ်ချိန်တည်းမှာပင် ခေါင်းပေါ်ရှိ နဂါးဝိညာဉ်ကိုလည်း အမိန့်ပေးလိုက်လေ၏။
နဂါးဝိညာဉ်၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးက တစ်ဟုန်ထိုးရောက်ရှိသွားပြီး သူ့ထက်ပင် အနည်းငယ်ပိုမြန်နေသေးကာ ကျန်းယွဲ့ပိုင်၏ ကောင်းကင်ဓားမန္တန်နှင့် ဝင်တိုက်မိသွားရာ ချက်ချင်းပင် ကောင်းကင်မိုးကြိုးနှင့် မြေကမ္ဘာမီးတောက်များ ထိပ်တိုက်တွေ့ဆုံသွားသကဲ့သို့ပင်။
ဘုန်း... ဘုန်း... ဘုန်း...
ဓားကြီးက နဂါးကြီးကို ခုတ်ပိုင်းလိုက်သော်လည်း တိုက်မိသည့်နေရာမှ ထွက်ပေါ်လာသည်က တဝုန်းဝုန်း မြည်ဟည်းသံများဖြစ်ကာ နဂါးဝိညာဉ်၏ စွမ်းအားက အလွန်အားကောင်းလွန်းလှသဖြင့် ကောင်းကင်ဓားမန္တန်ကိုပင် တစ်လက်မချင်းကြေမွသွားစေရန် ဖိအားပေးနေပြီး တောင့်မခံနိုင်တော့မည့်အလား ဖြစ်နေသည်။
သို့သော် ကျန်းယွဲ့ပိုင်က မန္တန်ဖော်ဆောင်ကာ ကောင်းကင်ဓားကို ထောက်ပံ့ပေးနေချိန်မှာပင် လင်းအောက်က အနီးသို့ပျံသန်းရောက်ရှိလာပြီဖြစ်ပြီး သူမသာ တားဆီးခြင်းမပြုပါက စင်မြင့်တစ်ခုလုံး၏ အကွာအဝေးက သူ့အတွက် မျက်စိတစ်မှိတ်စာမျှသာ ဖြစ်ပေသည်။
ယှဉ်ပြိုင်နိုင်စွမ်းမရှိအောင် ပူပြင်းလှသောအရှိန်အဝါများ တဟုန်းဟုန်း လောင်ကျွမ်းနေပြီး ခန္ဓာကိုယ်တစ်ခုလုံးရှိသွေးများက ရွှေနှင့်ကျောက်စိမ်းများကိုပင် ထိုးဖောက်နိုင်လောက်အောင် ပူလောင်နေကာ လင်းအောက်၏ အမူအရာမှာ သွေးရောင်များကြားတွင် အလွန်တရာရူးသွပ်နေပုံပေါက်နေ၏။
သူတို့နှစ်ဦးကြားရှိ အကွာအဝေးမှာ မျက်စိတစ်မှိတ်အတွင်း တစ်လံပင် မပြည့်တော့ပေ။
...
"ရှေးဟောင်းနဂါးအစွယ်လား..."
ပွဲကြည့်စင်မြင့်ပေါ်ရှိ ဓားလက်ဆင့်ကမ်းအကြီးအကဲက ခပ်တိုးတိုး ရေရွတ်လိုက်၏။
"သူ ဝယ်သွားတာကိုး..."
"ဒါ ဘာမှော်ဝင်ပစ္စည်းလဲ..."
အဘိုးအိုဟွမ်က စိုးရိမ်တကြီး မေးလိုက်သည်။
"ကြည့်ရတာကတော့ ကျိုးပဲ့နေတဲ့ အစွယ်တစ်ချောင်းပါပဲ... ဘယ်လိုလုပ် ဒီလောက်ကြီးတဲ့ နဂါးဝိညာဉ်ကြီးတွယ်ကပ်နေနိုင်ရတာလဲ..."
ဓားလက်ဆင့်ကမ်းအကြီးအကဲက ရှင်းပြလေသည်။
"အဲဒါ ရှုတောင်တပည့်တွေ လွန်ခဲ့တဲ့နှစ်တွေက ရှေးဟောင်းနဂါးသိုက်ထဲမှာ ရှာတွေ့ခဲ့တာ...တကယ်ကို ဆန်းကြယ်လွန်းတယ်…”
“အစွယ်ကျိုးတစ်ချောင်းပေါ်မှာ မနိမ့်ကျတဲ့ ဝိညာဉ်အကြွင်းအကျန်တစ်ခု တွယ်ကပ်နေပေမဲ့ အဲဒီဝိညာဉ်ကို နဂါးသွေး ဒါမှမဟုတ် နဂါးမျိုးဆက်ရဲ့ သွေးနဲ့ပဲ လှုံ့ဆော်နိုင်တာ...သွေးရဲ့ ဝိညာဉ်စွမ်းအင် ပိုအားကောင်းလေလေ အဲဒီက ထွက်ပေါ်လာတဲ့စွမ်းအားက ပိုအားကောင်းလေလေပဲ... သာမန်လူတွေက သုံးလို့မရဘူး…”
“ဒါကြောင့် ကျုပ်ရဲ့ ဓားလက်ဆင့်ကမ်းခန်းမဆောင်မှာပဲ အမြဲထားထားတာ... မကြာခင်ကမှ တစ်ယောက်ယောက်ဝယ်သွားခဲ့တာ...လင်းအောက်က နဂါးစစ်စစ်နဲ့ ပတ်သက်တဲ့ ကံတရားရရှိထားလို့ စွမ်းအားတွေတိုးလာဖို့ ယူသွားတာဖြစ်ရမယ်..."
အကယ်၍ ချူလျန်၏ ပုလင်းထဲရှိ အဘိုးအိုဖေးကဲ့သို့ သီးသန့်စစ်သူရဲဝိညာဉ်ကို ဆင့်ခေါ်ခြင်းမျိုးဆိုလျှင် ပြိုင်ပွဲစင်မြင့်ပေါ်သို့ တက်ခွင့်ပြုမည်မဟုတ်ပေ။ သို့သော် မိမိ၏ ကျင့်ကြံမှု သို့မဟုတ် သွေးအပေါ် အခြေခံ၍ ဆင့်ခေါ်ခြင်းမျိုးမှာမူ အခြေခံအားဖြင့် မိမိကိုယ်ပိုင်စွမ်းအားအပေါ်တွင်သာ မူတည်နေသဖြင့် ခွင့်ပြုချက်ရရှိခဲ့ခြင်း ဖြစ်သည်။
အဘိုးအိုဆွန်းက ခေါင်းညိတ်လိုက်ပြီး...
"သူ ယူသွားတာအတော်ပဲ...ဒီပစ္စည်းကို တခြားလူတွေ သုံးလို့မရပေမဲ့ သူ့လက်ထဲမှာတော့ တော်တော်လေးစွမ်းအားကြီးတယ်...ဒါပေမဲ့ ဒီလိုဆိုရင်တော့ ကျန်းယွဲ့ပိုင်က အန္တရာယ်ရှိသွားပြီ…”
“ဒီလင်းအောက်က သွေးလောင်ကျွမ်းခြင်းနည်းလမ်းကို အရင်သုံးပြီးမှ နဂါးဝိညာဉ်ကို ဆင့်ခေါ်တာဆိုတော့ ခဏတဖြုတ်တောင် တောင့်ခံနိုင်မှာ မဟုတ်ဘဲ အားအင်ကုန်ခမ်းသွားလိမ့်မယ်...ဒါပေမဲ့ သူနဲ့ နဂါးဝိညာဉ်က တစ်ပြိုင်နက်တည်း တိုက်ခိုက်တာဆိုတော့ တကယ်ကိုစွမ်းအားကြီးလွန်းတယ်...ကျန်းယွဲ့ပိုင်က တောင့်ခံနိုင်ပါ့မလား..."
အဘိုးအိုဟွမ်က ထပ်မံ၍ မျက်မှောင်ကြုတ်လိုက်ပြန်သည်။
"ဒုက္ခပါပဲ...ကျန်းကျန်းတော့ မလွယ်လောက်တော့ဘူး..."
သူ ထိုစကားကို ပြောလိုက်ချိန်တွင် ကွင်းထဲ၌မည်းမှောင်နေသော တိမ်တိုက်များက မြို့ကို ဖိနှိပ်ထားသကဲ့သို့သော အခြေအနေသို့ ရောက်ရှိနေပြီဖြစ်၏။
ပွဲလယ်ရှိ နဂါးဝိညာဉ်က ကောင်းကင်ဓားမန္တန်၏ ဓားရောင်ဝါကို ခွဲခြမ်းပစ်တော့မည်ဖြစ်ပြီး လင်းအောက် ကိုယ်တိုင်ကလည်း ကျန်းယွဲ့ပိုင်၏ အနီးသို့ ရောက်ရှိနေပြီဖြစ်ကာ လေတိုးသံများနှင့်အတူ ကြမ်းတမ်းလှသော လက်သီးတစ်ချက်ကို ထိုးချလိုက်လေသည်။
တစ်လံခန့် အကွာအဝေးမှပင် ကျန်းယွဲ့ပိုင်က လွှမ်းခြုံလာသောအရှိန်အဝါများ၏ ပူလောင်မှုကို ခံစားလိုက်ရ၏။
နောက်ဆုံးတွင်တော့ သူမ ပထမဆုံးအကြိမ်အဖြစ် အမူအရာ ပြောင်းလဲသွားခဲ့လေပြီ။
ကျန်းယွဲ့ပိုင် မျက်မှောင်ကြုတ်သွားသည်။
လက်နှစ်ဖက်က ရုတ်တရက်မန္တန်လက်ကွက်ကို ပြောင်းလဲလိုက်ပြီး ကောင်းကင်ဓားမန္တန်၏ ထိန်းချုပ်မှုကို စွန့်လွှတ်လိုက်ကာ တန်ခိုးစွမ်းအင်အသစ်တစ်ခုဆီသို့ ပြောင်းလဲလိုက်လေ၏။
ကောင်းကင်မှ နဂါးဝိညာဉ်ကဖိနှိပ်လာပြီး မြေပြင်ပေါ်မှလည်း ကြမ်းတမ်းစွာ ဝင်ရောက်လာရာ လူတိုင်းက ကျန်းယွဲ့ပိုင်အတွက် ချွေးစေးများထွက်လာကြသည်။
မိမိအပေါ် လွှမ်းခြုံလာသော ထိုကြီးမားလှသည့် အရိပ်မည်းကြီးကို ရင်ဆိုင်ရာတွင် ကျန်းယွဲ့ပိုင်သည် မန္တန်လက်ကွက်များပြောင်းလဲပြီးနောက် ရိုးရှင်းသော လှုပ်ရှားမှုတစ်ခုကိုသာ ပြုလုပ်လိုက်လေသည်။
သူမ လက်ညှိုးတစ်ချောင်းကို ညင်သာစွာဆန့်ထုတ်လိုက်ပြီး လင်းအောက်ဆီသို့ ညွှန်ပြလိုက်သည်။
ဖောင်း...
ဟင်းလင်းပြင်ထဲတွင် တစ်စုံတစ်ရာက လည်ပတ်နေသကဲ့သို့ပင်။
လွန်ခဲ့သော တစ်စက္ကန့်ကမှ အရှိန်အဝါကြီးမားစွာ ထောင်လွှားနေခဲ့သော လင်းအောက်ခန္ဓာကိုယ်က ရုတ်တရက် မည်သည့်ကြိုတင်သတိပေးမှုမျှမရှိဘဲ မြေပြင်ပေါ်သို့ လဲကျသွားပြီး လက်နှစ်ဖက်ဖြင့်ထောက်ကာ ကျန်းယွဲ့ပိုင်၏ ရှေ့တွင် ဒူးထောက်လျက်သား ဖြစ်သွားလေတော့သည်။
လှုပ်ရှားမှုတစ်ခုလုံးက အလွန်ဆက်စပ်နေသဖြင့် သူသည် ကျန်းယွဲ့ပိုင်ကို အရိုအသေပေးရန်အတွက် ပြေးဝင်လာသကဲ့သို့ပင်ထင်မှတ်ရသည်။
ပွဲလယ်ရှိ နဂါးဝိညာဉ်မှာမူ နဂါးဟောက်သံပင်မထွက်နိုင်လိုက်ဘဲ ရုတ်တရက် ပျောက်ကွယ်သွားကာ မီးခိုးငွေ့တစ်လိုင်းအဖြစ်ပြောင်းလဲပြီး ရှေးဟောင်းနဂါးအစွယ်ထဲသို့ ပြန်လည်ဝင်ရောက်သွားလေ၏။
"ဟူး..."
လင်းအောက်က ခက်ခက်ခဲဲခဲဖြင့် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်သော်လည်း မည်သို့မျှ ပြန်လည်မတ်တပ်မရပ်နိုင်တော့ပေ...။
'ဒါ ဘယ်လိုဖြစ်တာလဲ...'
သူ ရုတ်တရက်ဖြစ်ပေါ်လာသော အားနည်းမှုကိုခံစားလိုက်ရပြီး စိတ်ထဲတွင်လည်း အလွန်အံ့အားသင့်သွားခဲ့သည်။ ထိုအားနည်းမှုခံစားချက်ကို သူမထူးဆန်းလှပေ။ အဘယ်ကြောင့်ဆိုသော် သွေးလောင်ကျွမ်းပြီးတိုင်း ထိုသို့ဖြစ်တတ်သောကြောင့်ပင်။
သို့သော် ယခင်ကျင့်ကြံမှုများအရဆိုလျှင် အနည်းဆုံးအချိန်တစ်ဝက်ခန့် ကြာပြီးမှသာ ထိုသို့ဖြစ်ရမည် မဟုတ်လော...။
'ဘာလို့ ရုတ်တရက်ကြီး ဖြစ်လာတာလဲ...'
သူ ခေါင်းကို ကြိုးစားမော့ကြည့်လိုက်ရာ ချွေးများကြောင့် မှုန်ဝါးနေသော ဆံနွယ်များက မျက်လုံးများကိုကွယ်ထားသဖြင့် ကျန်းယွဲ့ပိုင်၏ မှုန်ဝါးဝါးစကတ်စကိုသာ မြင်တွေ့နိုင်တော့ပြီး သူမသည် လှည့်ထွက်သွားခဲ့ပြီ ဖြစ်သည်။
သူ ရှင်းရှင်းလင်းလင်း မမြင်ရသလို နားလည်းမလည်နိုင်အောင်ဖြစ်နေ၏။
'သူမ လှုပ်ရှားမှုတစ်ချက်တည်းနဲ့တင် ငါ့ကို အရှုံးပေးသွားစေတာလား... တကယ် ဘယ်လိုလုပ်လိုက်တာလဲ...'
...
"ဒါ...အချိန်ပြောင်းပြန်လှည့် ဟင်းလင်းပြင်ကျင့်စဉ်ပဲ..."
အဘိုးအိုဆွန်းက လေးနက်သောလေသံဖြင့် ဆိုလိုက်၏။
"ဟုတ်တယ်...အဲဒီအင်မော်တယ်မန္တန်ပဲ..."
အင်မော်တယ်မန္တန်၊ အချိန်ပြောင်းပြန်လှည့် ဟင်းလင်းပြင်ကျင့်စဉ်။
လူ့ခန္ဓာကိုယ်ပေါ်ရှိအချိန်ကို ပြောင်းလဲနိုင်ပြီး အချိန်ကို ခေတ္တမျှ နောက်ပြန်ဆုတ်စေခြင်း သို့မဟုတ် အရှိန်မြှင့်တင်ပေးခြင်းများပြုလုပ်နိုင်သည်။
အဘိုးအိုဟွမ်ကလည်း အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။
"အချိန်ရဲ့ မဟာလမ်းစဉ်က နက်နဲရှုပ်ထွေးလွန်းတယ်...ဒါ အကျင့်ရခက်ဆုံး အင်မော်တယ်မန္တန်တွေထဲက တစ်ခုလို့တောင်ပြောလို့ရတယ်...ဒါကို သူမက ကျင့်ကြံအောင်မြင်သွားတာလား..."
အင်မော်တယ်မန္တန်များကြားတွင်လည်း ကွာဟချက်များရှိပြီး အချို့သော မဟာလမ်းစဉ်များမှာ အလွန်နက်နဲဆန်းကြယ်ကာ နားလည်သဘောပေါက်ရန် ခက်ခဲပြီး အချို့မှာမူ အနည်းငယ် လွယ်ကူပေသည်။
ကျန်းယွဲ့ပိုင်က ချူလျန်အား သင်ပေးခဲ့သော မြေချုံ့သိုင်းကဲ့သို့ပင် သာမန်အားဖြင့် "လူငယ်များ၏ ပထမဆုံးအင်မော်တယ်မန္တန်" အဖြစ် သတ်မှတ်ခံရပြီး အလွယ်ကူဆုံးသော အင်မော်တယ်မန္တန်များထဲမှ တစ်ခုဟုဆိုနိုင်လေသည်။
သို့သော် အချိန်ပြောင်းပြန်လှည့် ဟင်းလင်းပြင်ကျင့်စဉ်၏ အရည်အသွေးမှာမူ လုံးဝကို ကွဲပြားခြားနားလှပေသည်။
အဘိုးအိုဆွန်းက ပြောလာ၏။
"အချိန်ပြောင်းပြန်လှည့် ဟင်းလင်းပြင်ကျင့်စဉ်က ခက်ခဲပေမဲ့ တကယ်တော့ တိုက်ခိုက်မှုတစ်ကြိမ်တည်းနဲ့ အနိုင်ယူနိုင်တာရှားတယ်...များသောအားဖြင့် တိုက်ပွဲမှာ အကောင်းဆုံးအခြေအနေကို ပြန်ရောက်ဖို့အတွက်သုံးကြတာပဲ…”
“ဒါပေမဲ့ သူမက ဒီပညာရပ်ကို ပြောင်းပြန်လှန်ပြီး ရန်သူ့အပေါ်မှာ အသုံးပြုလိုက်တယ်...ပြီးတော့ အချိန်ကို အရှိန်မြှင့်လိုက်တာ...ဒီလိုလုပ်ရပ်က လင်းအောက်လို သွေးလောင်ကျွမ်းတဲ့ တန်ခိုးစွမ်းအင်မျိုးကို အတိအကျ နှိမ်နင်းနိုင်တယ်...တကယ်ကိုအံ့မခန်းပဲ..."
အဘိုးအိုဟွမ်ကလည်း သက်ပြင်းတစ်ချက် ချလိုက်သည်။
"ဒီလို အချိန်ပြောင်းပြန်လှည့် ဟင်းလင်းပြင်ကျင့်စဉ်သာမရှိရင် အဲဒီအချိန်က သူမရဲ့ အခြေအနေက တော်တော်လေးအန္တရာယ်ရှိနေပြီ...ကံကောင်းထောက်မစွာနဲ့ သူမက ဒီအင်မော်တယ်မန္တန်ကို တတ်မြောက်ထားလို့ တစ်ချက်တည်းနဲ့ အခြေအနေကို ပြောင်းပြန်လှန်နိုင်ခဲ့တာ...တကယ်ကို တိုက်ဆိုင်တာပဲ..."
လူငယ်တပည့်များ တတ်မြောက်ထားသော အင်မော်တယ်မန္တန်များမှာ သာမန်အားဖြင့် လက်ချိုးရေတွက်၍ရနိုင်ပြီး ကျန်းယွဲ့ပိုင်တွင် လင်းအောက်ကို နှိမ်နင်းနိုင်မည့်တစ်ခုရှိနေခြင်းမှာ အမှန်တကယ်ပင် ကံကောင်းသည်ဟု ဆိုနိုင်ပေသည်။
စောစောက သူသည် ကျန်းယွဲ့ပိုင် အမှန်တကယ်အန္တရာယ်ရှိနေပြီဟု ထင်ခဲ့မိသည်။
"တိုက်ဆိုင်တာလား..."
အဘိုးအိုဆွန်၏မျက်လုံးများက နက်ရှိုင်းသွားကာ ရုတ်တရက်ပြောလိုက်လေ၏။
"သူမက အင်မော်တယ်မန္တန် အများကြီးကိုကျင့်ကြံထားပြီး အဲဒီထဲကမှ အသင့်တော်ဆုံးတစ်ခုကို ရွေးလိုက်တာရောမဖြစ်နိုင်ဘူးလား..."