← Chapters

အခန်း ၃၂၂

Vol. 29 Ch. 322

အခန်း ၃၂၂

Vol. 29 Ch. 322

အခန်း (၃၂၂) အသံကျယ်ကျယ် မဆူညံပါနဲ့

ပါမောက္ခချုပ်ဝမ်သည် တံခါးပေါက်ဆီသို့ ဖြည်းညှင်းစွာ လျှောက်လာခဲ့ပြီး ဖြတ်သွားစဉ်တွင် လူများက နှုတ်ဆက်ကြလေ၏။ ပါမောက္ခချုပ်ဝမ်က ခေါင်းညိတ်ကာ ပြန်လည်တုံ့ပြန်လိုက်သည်။

ဒုတိယပါမောက္ခချုပ်ချန်သည် ပါမောက္ခချုပ်ဝမ် လာနေသည်ကို မြင်ချိန်တွင် အလျင်အမြန် ရှေ့သို့ ထွက်သွားလိုက်၏။

ပါမောက္ခချုပ်ဝမ် ဖြည်းညှင်းစွာ လျှောက်လာသည်ကို မြင်ချိန်တွင် စုန့်လင်းသည် မိမိကိုယ်မိမိ ယုံကြည်မှုရှိသော အပြုံးတစ်ခုကို မဖုံးကွယ်နိုင်တော့ချေ။

မင်းက ဒုတိယနေရာမှာ ထိုင်နေတဲ့ ကလေးလေးတစ်ယောက် ဖြစ်နေရင်ကော ဘာဖြစ်လဲ... လူကြီးတစ်ယောက်အနေနဲ့ ငါက တတိယနေရာမှာ ထိုင်နေရင်တောင် ပါမောက္ခချုပ်ဝမ်က ငါ့ဆီကို ချက်ချင်း လာနှုတ်ဆက်ရမှာပဲ...

အချိန်တန်တဲ့အခါ သူတို့က ငါ့ကို အရင်နှုတ်ဆက်ပြီးမှ နံပါတ်နှစ်နေရာမှာရှိတဲ့ မင်းကို နှုတ်ဆက်လိမ့်မယ်... အဲဒီအခါကျမှ သူတို့ရဲ့ တကယ့်အဆင့်အတန်းက ဘာလဲဆိုတာ ပေါ်လွင်သွားပြီး နေရာချထားမှုက ကြုံသလို လုပ်ထားတာလို့ အပြင်လူတွေက ထင်သွားကြမှာပဲ...

ထို့ကြောင့် စုန့်လင်းသည် ပါမောက္ခချုပ်ဝမ် ရောက်လာမည့်အချိန်ကို အတော်လေး စောင့်မျှော်နေခဲ့၏။ သူသည် လမ်းကိုမကြည့်ဘဲ သူ၏ရှေ့ရှိ မျက်နှာပြင်အကြီးကြီးကိုသာ တည်ငြိမ်အေးဆေးသော အမူအရာဖြင့် ကြည့်နေခဲ့သည်။

ဖြည်းညှင်းစွာဖြင့် ပါမောက္ခချုပ်ဝမ်သည် စုန့်လင်းထံသို့ လျှောက်လာခဲ့ပေ၏။

"ဟားဟားဟား... မျှော်လင့်ထားတဲ့အတိုင်းပဲ... ငါက ဒီမှာ နံပါတ်တစ်ပဲ..."

စုန့်လင်း စိတ်ထဲမှ တွေးလိုက်သည်။ သူ လက်ကမ်းပေးလိုက်ချိန်မှာပင် ပါမောက္ခချုပ်ဝမ်သည် နောက်သို့လှည့်မကြည့်ဘဲ လျှောက်သွားသည်ကို ရုတ်တရက် မြင်တွေ့လိုက်ရ၏။

"ဟင်... ဘာတွေဖြစ်နေတာလဲ..."

"ဘာလို့ ပါမောက္ခချုပ်ဝမ်က ငါ့ကို လာမနှုတ်ဆက်ရတာလဲ... သူ ဘာတွေ လုပ်နေတာလဲ..."

တွေးနေစဉ်မှာပင် စုန့်လင်း မျက်မှောင်ကြုတ်သွားခဲ့သည်။

"ဟားဟား... ဥက္ကဋ္ဌစု... လူချင်းတွေ့ရတာ ဝမ်းသာပါတယ်ဗျာ..."

ပါမောက္ခချုပ်ဝမ်က စုယွမ်အား ပြောလိုက်၏။

သူတို့နှစ်ဦး လက်ဆွဲနှုတ်ဆက်ပြီးနောက် ပါမောက္ခချုပ်ဝမ်က ဆက်ပြောသည်။

"ဒီနေ့အတွက် အချိန်တွေ အရမ်းမပေးလိုက်ရဘူး မဟုတ်လား..."

စုယွမ်က ပြုံးလျက် ပြောလိုက်၏။

"မပေးရပါဘူး... ကုမ္ပဏီရဲ့ ကိစ္စအဝဝကို စီမံခန့်ခွဲဖို့ သီးသန့်လူတွေ ရှိပါတယ်... ကျွန်တော်က တော်တော်လေး အားနေတာပါ..."

"ဥက္ကဋ္ဌစုက သိပ်ပြီး နှိမ့်ချလွန်းပါတယ်... ခင်ဗျားရဲ့ကုမ္ပဏီက အောင်မြင်မှုတွေ ဆက်တိုက်ရနေတယ်ဆိုတာ လူတိုင်း သိကြပါတယ်..."

ပါမောက္ခချုပ်ဝမ်က ချီးကျူးလိုက်လေသည်။

"မြှောက်ပင့်လွန်းနေပါပြီ... အားလုံးက ကံကောင်းလို့ပါ..."

စုယွမ်က နှိမ့်ချစွာ ပြန်ပြောလိုက်၏။

"ဥက္ကဋ္ဌစု... တခြားကိစ္စ..."

ပါမောက္ခချုပ်ဝမ် ထိုစကားများကို ပြောဆိုပြီးခါစမှာပင် အနီးတွင် ရပ်နေသော စုန့်လင်းက ချက်ချင်း ဝင်ပြောလိုက်လေ၏။

သူက မည်းမှောင်နေသော မျက်နှာဖြင့် ပါမောက္ခချုပ်ဝမ်ကို ကြည့်လိုက်သည်။

လူကြီးတစ်ယောက်အနေနဲ့ ငါက သူ့ရဲ့ လုံးဝ လျစ်လျူရှုတာကို ခံလိုက်ရပြီ...

ငါက သူတို့ရဲ့ လူကြီးဖြစ်ပြီး သူတို့ထက် ဝါရင့်တဲ့သူလေ...

ဘာလို့ သူက ငါ့ဆီကို အရင်လာမနှုတ်ဆက်ရတာလဲ... ဘာလို့ သူက လူငယ်လေးတစ်ယောက်ကိုပဲ ရပ်ပြီး နှုတ်ဆက်နေရတာလဲ...

ဤအရာက သူ့ကို ဒေါသထွက်စေခဲ့ပြီး အာရုံစိုက်မှုရယူလိုသော သူ၏ အစောပိုင်း အကြံအစည်များမှာလည်း ပျောက်ကွယ်သွားခဲ့ချေပြီ။

ကြိုတင်စီစဉ်ထားတဲ့ ရလဒ်တွေက လုံးဝကို မတရားဘူး...

"အဟွတ် အဟွတ်..."

"ပါမောက္ခချုပ်ဝမ်... နေကောင်းရဲ့လား... ကျွန်တော်တို့ မတွေ့ရတာ တောင် တော်တော်ကြာပြီနော်..."

ပါမောက္ခချုပ်ဝမ်က သူ့ကို လျစ်လျူရှုထားချိန်တွင် စုန့်လင်းမှာ အရင်စကားမပြောဘဲ မနေနိုင်တော့ချေ။

"အဘိုးစုန့်ပဲ... ကျွန်တော် နေကောင်းပါတယ်..."

ပါမောက္ခချုပ်ဝမ်က ဝတ်ကျေတမ်းကျေ ပြန်ဖြေလိုက်ပြီးနောက် စုယွမ်နှင့် စကားဆက်ပြောနေခဲ့၏။

"ဥက္ကဋ္ဌစု... ကျွန်တော်တို့ ကျင်းတူးတက္ကသိုလ်ရဲ့ အင်အားကို ခင်ဗျား သိပါတယ်..."

“ကျွန်တော်တို့ကျောင်းက ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသား အတော်များများဟာ ဉာဏ်ရည်တုနယ်ပယ်ကို အချိန်အတော်ကြာ သုတေသနပြုလာခဲ့ကြတာပါ...

ဒါကြောင့် ကျွန်တော်တို့ ၂ ယောက်ကြားမှာ သုတေသနနဲ့ နည်းပညာဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတစ်ခု တည်ဆောက်နိုင်မလားလို့ စဉ်းစားမိပါတယ်...”

ပါမောက္ခချုပ်ဝမ်က ပြောလိုက်၏။

ခဏမျှ စဉ်းစားပြီးနောက် စုယွမ်သည် အဖြေကို ရရှိသွားခဲ့သည်။

လက်ရှိတွင် Ar နည်းပညာကုမ္ပဏီသည် လျင်မြန်စွာ တိုးတက်နေပြီး အရည်အချင်းရှိသော ပညာရှင်များကို အလွန်လိုအပ်နေသည့် အချိန်ဖြစ်၏။

ကျင်းတူးတက္ကသိုလ်မှာလည်း ထူးချွန်သော အရည်အချင်းရှင်များ စုဝေးရာ နေရာတစ်ခုဖြစ်ရာ ဤပူးပေါင်းဆောင်ရွက်ရေး အဆိုပြုချက်ကို လက်ခံလိုက်ခြင်းက နှစ်ဖက်စလုံးအတွက် အကျိုးရှိမည်မှာ သေချာပေသည်။

“ကျင်းတူးတက္ကသိုလ်က ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသားတွေက ကျွန်တော့်ကုမ္ပဏီက သူတို့ရဲ့ အရည်အချင်းကို အသုံးချနေတာလို့ ထင်ပြီး သဘောမကျကြဘူးဆိုရင်ရော...အဲဒီဒါဆို ဘယ်လိုလုပ်ကြမလဲ...”

စုယွမ်က တစ်ဝက်နောက်ပြောင်၊ တစ်ဝက်အလေးအနက် လေသံဖြင့် ပြောလိုက်၏။

"ဟားဟားဟား... ဥက္ကဋ္ဌစုက နောက်နေပြန်ပြီ... ဒီအကြောင်းကို နောက်မှ ဆက်ပြောကြတာပေါ့..."

ပါမောက္ခချုပ်ဝမ် ဝမ်းသာသွားခဲ့သည်။ အကယ်၍ ကျောင်းအနေဖြင့် Ar နည်းပညာကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တစ်ခု ရရှိနိုင်ပါက ၎င်းမှာ ကျောင်း၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် ကြီးမားသောအရာတစ်ခု ဖြစ်လာပေလိမ့်မည်။

ပါမောက္ခချုပ်ဝမ်က လူကြီးတစ်ဦးဖြစ်သော မိမိအား ဤမျှလောက် ဝတ်ကျေတမ်းကျေ ဆက်ဆံနေသည်ကို မြင်ရချိန်တွင် စုန့်လင်း ဒေါသထွက်ကာ တစ်ကိုယ်လုံး တုန်ရီလာခဲ့ပေ၏။

"ဒုတိယပါမောက္ခချုပ်ချန်... အဟွတ် အဟွတ် အဟွတ်..."

"ငါ ရုတ်တရက် နေမကောင်းသလို ဖြစ်လာသလိုပဲ..."

စုန့်လင်းက ပြောလိုက်သည်။

"ဟင်... အဘိုးစုန့် နည်းနည်း နေမကောင်းဖြစ်နေတာလား... ဒါဆိုရင်လည်း ပြန်ပြီး အနားယူသင့်တယ်ထင်တယ်နော်..."

ဒုတိယပါမောက္ခချုပ်ချန်က ပြောလိုက်၏။

"မင်း..."

သူ နေမကောင်းဘူးဟု ပြောနေသော်လည်း ဤလူက သူ့အား တားဆီးရန် အနည်းငယ်မျှပင် မကြိုးစားဘဲ ထွက်သွားခွင့်ပေးလိုက်လိမ့်မည်ဟု စုန့်လင်း မမျှော်လင့်ထားခဲ့ချေ။

ဒီအခြေအနေမှာ ငါက မရှိမဖြစ် မဟုတ်တဲ့လူတစ်ယောက်လား...

"ပါမောက္ခချုပ်ဝမ်... အဘိုးစုန့်က နည်းနည်း နေမကောင်းဖြစ်နေပုံရတယ်... သူ့ကို ပြန်ပြီး အနားယူခိုင်းလိုက်တာ ပိုကောင်းမယ်ထင်တယ်..."

ပါမောက္ခချုပ်ချန်က ထိုအကြောင်းကို ပါမောက္ခချုပ်ဝမ်ထံသို့ တစ်ပြိုင်နက်တည်းနီးပါး သတင်းပို့လိုက်၏။

"အဘိုးစုန့်က အသက်ကြီးလာပြီဆိုတော့ ဒီနေ့ သူပြန်သွားလည်း ပြဿနာမရှိပါဘူး... သူ အရင် ပြန်ပြီး အနားယူသင့်တယ်..."

ပါမောက္ခချုပ်ဝမ်က စိုးရိမ်တကြီးဖြင့် ပြောလိုက်လေသည်။

ဤစကားကို ကြားချိန်တွင် စုန့်လင်း၏ အသက်ရှူသံများ လေးလံလာခဲ့၏။ ဤနေရာရှိ လူများက သူ့ကို တကယ်ကြီး အရေးမစိုက်ကြပုံပေါ်ပေသည်။

ဒီပါမောက္ခချုပ်ဝမ်က သူ ထွက်သွားတာက ပွဲကို အနှောင့်အယှက် မဖြစ်စေဘူးလို့ လူသိရှင်ကြား ပြောရဲတာပဲ...

ဒါက မင်း အသုံးမကျဘူးဆိုတာကို ဗြောင်ကျကျ ဝန်ခံနေတာ မဟုတ်ဘူးလား...

"အဘိုးစုန့်... အရင် ပြန်တော့မှာလား..."

ပါမောက္ခချုပ်ဝမ်က မေးလိုက်၏။

"ငါ..."

"ပွဲကို တက်ရတာ နည်းနည်း ပင်ပန်းသွားလို့ ဖြစ်မယ်... အခု တော်တော်လေး သက်သာသွားပါပြီ..."

စုန့်လင်းသည် ယနေ့တွင် ရည်ရွယ်ချက်တစ်ခုဖြင့် ရောက်လာခဲ့ခြင်းဖြစ်ရာ သဘာဝကျကျ သူ ဤအတိုင်း ထွက်မသွားနိုင်ချေ။

ထို့အပြင် လူငယ်တစ်ဦး၏ မောင်းထုတ်ခြင်းကို ခံရကြောင်း သတင်းတွေ ထွက်သွားပါက မျက်နှာပျက်စရာပင်။

"အဘိုးစုန့်... အဘိုးက အသက်ကြီးလာပြီလေ... တကယ်လို့ တောင့်မခံနိုင်ဘူးဆိုရင် ပြန်ပြီး အနားယူလိုက်ပါ... အဘိုး ဒီမှာရှိနေတာက သက်ရောက်မှု မရှိပါဘူး..."

ပါမောက္ခချုပ်ဝမ်၏ စိုးရိမ်တကြီးပြောဆိုသော စကားများမှာ စုန့်လင်း၏ နှလုံးသားကို ထိုးစိုက်သွားသော ဓားတစ်ချောင်းနှင့် တူနေပေ၏။

ဘာလို့လဲ...

သူ့လို ပညာရေးနယ်ပယ်က နာမည်ကြီးတစ်ယောက်က လူငယ်တစ်ယောက်ထက် အရေးမပါဘူးလို့ ပြောတာက အဓိပ္ပာယ်မရှိဘူး မဟုတ်ဘူးလား...

"မလိုပါဘူး... ငါ အခု အဆင်ပြေပါတယ်..."

အာရုံစိုက်မှုရယူရန် ဆန္ဒရှိရုံမျှဖြင့် တစ်ဖက်လူက သူ့အား ထွက်သွားရန် ပြောလိမ့်မည်ဟု စုန့်လင်း မမျှော်လင့်ထားခဲ့ချေ။

သူက စုယွမ်ကို အငြိုးတကြီးဖြင့် ကြည့်လိုက်၏။ အားလုံးက ဒီကောင်ကြောင့်ပဲ...

"အဘိုးစုန့် အဆင်ပြေတယ်ဆိုမှတော့ ပွဲကို အဆုံးသတ်လိုက်ကြရအောင်..."

ပါမောက္ခချုပ်ဝမ်က ပြောလိုက်ပြီးနောက် စုယွမ်နှင့် နွေးထွေးစွာ စကားပြောဆိုနေခဲ့လေသည်။

ဤမြင်ကွင်းကို မြင်တွေ့ရချိန်တွင် စုန့်လင်း၏ စိတ်ပျက်ဝမ်းနည်းနေသော မျက်နှာအမူအရာကြောင့် ရင်ဘတ်ထဲ၌ ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရပေ၏။

"ဟားဟား... ဥက္ကဋ္ဌစု... ဒီနေ့ ခင်ဗျားရဲ့ ပရိသတ် တော်တော်များများ လာကြတယ်ဗျ..."

"ဒီကျောင်းသား အများစုက ဉာဏ်ရည်တုနယ်ပယ်က သုတေသီတွေဖြစ်ပြီး Ar နည်းပညာကုမ္ပဏီနဲ့ ပူးပေါင်းဖို့ကို အရမ်းစိတ်ဝင်စားနေကြတာ..."

ပါမောက္ခချုပ်ဝမ်က ပြောလိုက်သည်။

"Ar နည်းပညာကုမ္ပဏီက သဘာဝကျကျ ကျင်းတူးတက္ကသိုလ်အတွက် တံခါးဖွင့်ထားပါတယ်... ပြီးတော့ နောက်ကျရင် ကျွန်တော် မိန့်ခွန်းပြောရမယ်ဆိုရင် သဘာဝကျကျပဲ အဲဒီအကြောင်းကို ပြောပြပေးပါ့မယ်..."

စုယွမ်က ပြောလိုက်၏။

"တရုတ်နိုင်ငံရဲ့ ဉာဏ်ရည်တုနယ်ပယ်က လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်နေပြီး Ar နည်းပညာကုမ္ပဏီက ဦးဆောင်တဲ့ တခြားကုမ္ပဏီတွေကလည်း ထူးခြားတဲ့ ရလဒ်များစွာကို ရရှိထားပါတယ်..."

"ဒါပေမဲ့ အခု ကျွန်တော် စိုးရိမ်နေတာက ကွန်ပျူတာ ချစ်ပ်ပြားတွေနဲ့ Lithography စက်တွေလို အရာတွေပဲ..."

"ဥက္ကဋ္ဌစု သိတဲ့အတိုင်းပဲ... နိုင်ငံခြားသားတွေက Ar နည်းပညာကုမ္ပဏီလို ကုမ္ပဏီမျိုး ငါတို့ဆီမှာ ရှိနေတာကို သဘာဝကျကျ မကြည့်ရက်နိုင်ကြဘူး... အဲဒါကြောင့် သူတို့က တချို့နယ်ပယ်တွေမှာ သေချာပေါက် ကန့်သတ်ချက်တွေ ချမှတ်လာလိမ့်မယ်..."

"ဥပမာ ကွန်ပျူတာ ချစ်ပ်ပြားတွေဆိုပါစို့... တကယ်လို့ ကွန်ပျူတာ ချစ်ပ်ပြားတွေကိုသာ ကန့်သတ်လိုက်ရင် Ar နည်းပညာကုမ္ပဏီလည်း အခက်အခဲတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ကျွန်တော် ထင်တယ်..."

ပါမောက္ခချုပ်ဝမ်က ပြောလိုက်လေသည်။

"ဟုတ်ပါတယ်... ပါမောက္ခချုပ်ဝမ် ပြောတာ မှန်ပါတယ်... အခြေအနေက အခုဆို တော်တော်လေး ရှင်းလင်းနေပါပြီ..."

“ကျွန်တော်တို့ ပိုအားကောင်းလာလေလေ...

ရင်ဆိုင်ရမယ့် ဖိအားနဲ့ ထိုးနှက်မှုတွေကလည်း ပိုပြီး ပြင်းထန်လာလေလေပဲ...

တကယ်တော့...ကျွန်တော်တို့က ကွန်ပျူတာချစ်ပ်ပြားတွေနဲ့ Lithography စက်တွေရဲ့ နည်းပညာအခက်အခဲတွေကိုပါ ဖြေရှင်းဖို့ စီစဉ်ထားပါတယ်...”စုယွမ်က ဖြည်းညှင်းစွာ ပြောလိုက်၏။

"အို... ဥက္ကဋ္ဌစုက ဒီနယ်ပယ်ထဲကို ဝင်ဖို့လည်း စီစဉ်နေတာလား..."

ပါမောက္ခချုပ်ဝမ်က အလွန် စိတ်ဝင်တစားဖြင့် မေးလိုက်သည်။

"ဟုတ်ပါတယ်... ကျွန်တော်..."

စုယွမ်က ပြန်လည်ဖြေကြားရန် ပြင်လိုက်ချိန်မှာပင် ဘေးတွင် ရပ်နေသော စုန့်လင်းက ကန့်ကွက်လိုက်လေ၏။

"အဟွတ် အဟွတ်... ပါမောက္ခချုပ်ဝမ်... ပွဲစနေပြီဆိုတော့ မဆူညံပါနဲ့..."

စုန့်လင်းက တင်းမာသော မျက်နှာဖြင့် ပြောလိုက်တော့သည်

All Chapters