အခန်း ၃၃၇
Vol. 30 Ch. 337
အခန်း (၃၃၇) အွန်လိုင်းလူမိုက်များ၏ အင်အား
"ဒီဈေးနှုန်း သတ်မှတ်ချက်ကို အားလုံး သဘောတူကြရဲ့လား"
ကျင်းချန်က ခေါင်းညိတ်ကာ မေးမြန်းလိုက်၏။
"ကန့်ကွက်စရာ မရှိပါဘူး... ဒီဈေးနှုန်းက တရားမျှတပြီး ကျွန်တော်တို့ ကုမ္ပဏီထုတ်ကုန်တွေရဲ့ ရပ်တည်ချက်ကိုလည်း သတ်မှတ်ပေးနိုင်တယ်"
လူတိုင်းက သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်ကြပေသည်။
"ကောင်းပြီ... ဒါဆိုရင် တစ်ဘူးကို ယွမ် ၁၉၉ လို့ပဲ ဈေးနှုန်းသတ်မှတ်လိုက်ကြရအောင်"
ကျင်းချန်က ပြောဆိုလိုက်၏။
"ဥက္ကဋ္ဌစု... တခြားပြောချင်တာများ ရှိသေးလား"
ကျင်းချန်က မေးမြန်းလိုက်သည်။
"ကပြောစရာ ဘာမှမရှိတော့ပါဘူး... ခင်ဗျားတို့ အလုပ်ကို အရမ်းကောင်းအောင် လုပ်နိုင်ခဲ့တယ်... လင်းလက်အလှကုန်ကုမ္ပဏီ က ရှေ့ဆက်ပြီး သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေးရော ထုတ်ကုန်အရောင်းပိုင်းမှာပါ ကြီးမားတဲ့ အောင်မြင်မှုတွေ ရရှိလာမယ်လို့ ကျွန်တော် မျှော်လင့်တယ်"
"အထွေထွေမန်နေဂျာကျင်း... ဒီထုတ်ကုန်က သေချာပေါက် အကြီးအကျယ် အောင်မြင်သွားတော့မှာ"
"နှစ်ကုန်ဆုကြေးတွေ ဝန်ထမ်းတွေအတွက် ဘောနပ်စ်နဲ့ လစာတွေကို သေချာစီစဉ်ပေးလိုက်ပါ... လူတိုင်းရဲ့ အိတ်ကပ်ထဲမှာ ပြည့်နှက်နေအောင် သေချာလုပ်ပေးလိုက်ပါ"
စုယွမ်က ညွှန်ကြားလိုက်၏။
"နားလည်ပါပြီ"
ကျင်းချန်က အလျင်အမြန် ပြန်လည်ဖြေကြားလိုက်သည်။
"ကောင်းပြီ... ဖုန်းချလိုက်တော့မယ်... အားလုံးပဲ နေ့တိုင်း ပျော်ရွှင်ကြပါစေ"
ထို့နောက် စုယွမ်သည် ဖုန်းချလိုက်လေသည်။
"ဈေးနှုန်းတွေ သတ်မှတ်ပြီးပြီ... မနက်ဖြန် စတင်မယ့် အရောင်းအတွက် အားလုံးပဲ သေချာပြင်ဆင်ထားကြပါ"
ထိုသို့ပြောဆိုပြီးနောက် ကျင်းချန်သည် အစည်းအဝေးကို ရပ်နားလိုက်ချေပြီ။
ဆယ့်ငါးမိနစ် ကြာမြင့်ပြီးချိန်တွင် လင်းလက်အလှကုန်ကုမ္ပဏီ ၏ ထုတ်ကုန်သည် ရေပန်းစားသော ခေါင်းစဉ်များစာရင်း၏ ထိပ်ဆုံးသို့ တစ်ဟုန်ထိုး ရောက်ရှိသွားတော့၏။
ဗီဒီယိုအတိုအထွာများနှင့် ကြီးမားလှသော တုံ့ပြန်မှုများကို မြင်တွေ့ရချိန်တွင် အချို့လူများက ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြသော်လည်း အချို့သော ပြိုင်ဘက်များမှာမူ ဂနာမငြိမ် ဖြစ်လာကြပေသည်။
"ကျစ်..."
"တောက်..."
စုန့်မင်သည် စားပွဲပေါ်သို့ စာအုပ်တစ်အုပ်ကို ဒေါသတကြီး ဆောင့်ချလိုက်လေ၏။
"ကျစ်..."
"စုယွမ်... မင်းက သူဌေးကြီး ဖြစ်နေပြီပဲ... နည်းပညာကုမ္ပဏီကြီးကို ပိုင်ဆိုင်ထားပြီးမှ ဘာလို့ ငါ့ရဲ့ စီးပွားရေးကို လာလုနေရတာလဲ"
"မင်းအတွက် ဘာအကျိုးအမြတ်ရှိလို့လဲ"
စုန့်မင်သည် သူ၏ ဖုန်းထဲမှ မက်ဆေ့ခ်ျကို ကြည့်ကာ မေးမြန်းလိုက်သည်။
လင်းလက်အလှကုန်ကုမ္ပဏီ သည် စုယွမ် ပိုင်ဆိုင်သော ကုမ္ပဏီဖြစ်ကြောင်း သိလိုက်ရချိန်တွင် သူ၏ ရင်ထဲ၌ မကြုံစဖူးသော ဒေါသများ ပေါက်ကွဲထွက်လာခဲ့ချေ၏။ ရော့ရှီက စုယွမ်၏ ကုမ္ပဏီအတွက် ကြော်ငြာမော်ဒယ်လုပ်ပေးနေသည်ကို မြင်လိုက်ရခြင်းက သူ့ကို ပို၍ပင် ဒေါသထွက်စေခဲ့ပေသည်။
"ဒီခွေးမလေး... နင်က ငါ့ရန်သူဘက်ကနေ ဝင်ကြော်ငြာပေးရဲတယ်ပေါ့လေ"
"ပြီးတော့ သူတို့က ဒီလောက် နာမည်ကြီးနေတဲ့ အစီအစဉ်မှာ လူသိရှင်ကြား ကြော်ငြာပေးလိုက်သေးတယ်"
"ကျစ်... လုံးလုံးလျားလျား ယုတ်မာလွန်းတယ်"
စုန့်မင်၏ မျက်နှာအမူအရာသည် ရက်စက်ကြမ်းကြုတ်နေပေ၏။
"မြေး... ဒီကိစ္စကို ငါတို့ ဘယ်လို လုပ်ကြမလဲ"
စုန့်လင်း သည်လည်း ခေါင်းကိုက်နေပေသည်။ ဤသည်မှာ သေချာပေါက် စုယွမ်၏ တန်ပြန်တိုက်ခိုက်မှုဖြစ်ကြောင်း သူ ခံစားလိုက်ရ၏။ သူသည် မိမိကို လက်စားချေရန် တမင်သက်သက် ရောက်လာခဲ့ခြင်းပင်။
"အဘိုး... စိတ်မပူပါနဲ့"
"ကျွန်တော့်မှာ အစီအစဉ်ရှိတယ်"
"ကျွန်တော်တို့ရဲ့ ထုတ်ကုန်ကို ပိုစောစော ထုတ်ရတော့မယ် ထင်တယ်"
"သူတို့နဲ့ တစ်ချိန်တည်းမှာ ကျွန်တော်တို့လည်း ဈေးကွက်ထဲ ဝင်ရမယ်"
စုန့်မင်က ချက်ချင်းပင် အတည်ပြုလိုက်လေသည်။
"ဒါက... နည်းနည်း အရမ်းလောလွန်းနေတာ မဟုတ်ဘူးလား"
စုန့်လင်းက ပြောဆိုလိုက်၏။
"မဟုတ်ဘူး... ကျွန်တော်တို့ ဒီလိုပဲ လုပ်ရမယ်... မဟုတ်ရင် သူတို့က ဈေးကွက်ကို လွှမ်းမိုးသွားလိမ့်မယ်... ဒါဆိုရင် ကျွန်တော်တို့က ဘယ်လိုလုပ် ပိုက်ဆံရှာနိုင်တော့မှာလဲ"
စုန့်မင်က ခဏတာ တွေးတောလိုက်ပြီးနောက် ပြောဆိုလိုက်သည်။
"အဘိုး... မနက်ဖြန် ကြော်ငြာသွားရိုက်ရအောင်... ကျွန်တော်တို့ နှစ်ယောက်စလုံးက ကြော်ငြာမော်ဒယ်အနေနဲ့ ပါဝင်ကြမယ်"
"အဘိုးရဲ့ ပညာရှင်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ကြော်ငြာပေးလိုက်ရင် ကြော်ငြာမော်ဒယ်ပိုင်းမှာ သူတို့ကို ကျွန်တော်တို့ အနိုင်ရသွားပြီ"
"ဒုတိယအချက်အနေနဲ့ အခု ကျွန်တော်တို့ ပြန်ပြီး တိုက်ခိုက်ရမယ်"
"အွန်လိုင်းက လူမိုက်တွေကို ချက်ချင်း ဆက်သွယ်ပြီး ဗီဒီယိုတွေ တင်ခိုင်းလိုက်မယ်"
စုန့်မင်က အကြံဉာဏ် နှစ်ခုကို ချက်ချင်း အဆိုပြုလိုက်ပေ၏။
"တတိယအချက်အနေနဲ့ ထုတ်ကုန် အရည်အသွေးပိုင်းမှာ ကျွန်တော်တို့ရဲ့ ထုတ်ကုန်တွေက သေချာပေါက် ပိုပြီး အာနိသင်ရှိတယ်... ပြီးတော့ ကျွန်တော်တို့က ဈေးလျှော့ရောင်းချင်တာ"
"ဒီအချက်သုံးချက်ကို သေချာကိုင်တွယ်နိုင်သရွေ့ ရန်သူရဲ့ အသည်းနှလုံးကို ကျွန်တော်တို့ ထိုးနှက်နိုင်ပြီ"
စုန့်မင်က ယုံကြည်မှုအပြည့်ဖြင့် ပြောဆိုလိုက်သည်။
စုန့်လင်းက ခေါင်းညိတ်လိုက်၏။ စီးပွားရေး အမြင်နှင့် ပတ်သက်၍ သူ၏မြေးဖြစ်သူ စုန့်မင်သည် သူ၏ အရိုးဆွေးကြီးထက် များစွာသာလွန်ပြီး တကယ့် ပါရမီရှင်တစ်ဦးပင် ဖြစ်ပေသည်။
ချက်ချင်းပင် စုန့်မင်သည် ကြော်ငြာကုမ္ပဏီတစ်ခုကို ဆက်သွယ်လိုက်ပြီးနောက် အွန်လိုင်းလူမိုက် အမြောက်အမြားကိုပါ ဆက်သွယ်လိုက်လေ၏။ ငွေပေးချေပြီးချိန်တွင် လုပ်ငန်းစတင်ရန် အချိန်ရောက်လာခဲ့ချေပြီ။
ဒုတိယနေ့တွင် လူအများအပြားသည် လင်းလက်အလှကုန်ကုမ္ပဏီ ၏ ထုတ်ကုန်များ ထွက်ရှိလာမည့်အချိန်ကို မျှော်လင့်နေကြောင်း ဖော်ပြသည့် ဗီဒီယိုများကို တင်ခဲ့ကြပေသည်။
သို့ရာတွင် ယခင်ဗီဒီယိုများနှင့်မတူဘဲ ဤဗီဒီယိုများတွင် ခနဲ့တဲ့တဲ့နှင့် နားဝင်မချိုသော အသံများစွာ ပါဝင်လာခဲ့၏။
[ဟက်... ဒါက သတင်းအမှားတွေနဲ့ လိမ်ညာကြော်ငြာနေတာပဲ]
[ဟုတ်တယ်... ဒီရက်ပိုင်းမှာ ဒီလို လိမ်လည်လှည့်ဖြားတဲ့ စီးပွားရေးလုပ်ငန်းတွေက အရမ်းကို အသိဉာဏ်ကင်းမဲ့နေကြတာပဲ... သူတို့က တည်းဖြတ်ထားတဲ့ ဗီဒီယိုတွေကိုတောင် ဖန်တီးနေကြပြီ]
ထုတ်ကုန်တစ်ခုအတွက် နာမည်ကြီး အနုပညာရှင်တွေကို ကြော်ငြာခိုင်းတာက အာနိသင်ရှိမယ်လို့ အာမခံနိုင်လို့လား...
ဒါက အဓိပ္ပာယ်မရှိတာပဲ... အကယ်၍သာ အဲဒီလိုဆိုရင် ဘယ်အမှတ်တံဆိပ်မဆို သူတို့ထုတ်ကုန်တွေအတွက် နာမည်ကြီး အနုပညာရှင် ဆယ်ယောက် ရှစ်ယောက်လောက်ကို ငှားရမ်းလိုက်ရင် ထုတ်ကုန်အရည်အသွေး တက်လာမှာပေါ့... ဟုတ်တယ်မလား...
[ဒီအရာက အဲဒီလောက် အာနိသင်ကောင်းမယ်ဆိုတာ ငါ လုံးလုံးလျားလျား မယုံကြည်ဘူး]
[အရင်က ဘယ်သူမှမသိတဲ့ ကုမ္ပဏီသေးသေးလေးတစ်ခုက ရုတ်တရက်ကြီး ကြော်ငြာတွေနဲ့ အကြီးအကျယ် လှုပ်ခတ်လာတယ်... လူတိုင်းဆီကနေ ပိုက်ဆံတွေ လိမ်ယူဖို့ ရည်ရွယ်ချက်နဲ့ ဒီနောက်ကွယ်မှာ ငွေကြေး ကစားကွက် တစ်ခုခုတော့ သေချာပေါက် ရှိနေရမယ်]
[အိုး... ဒီလိုကိုး... ငါက တကယ်လို့ ထင်နေတာ... ကြည့်ရတာ ဒီပစ္စည်းကို တကယ် မဝယ်သင့်ဘူးထင်တယ်]
အချိန်တိုအတွင်းမှာပင် အင်တာနက်ပေါ်ရှိ ငြင်းခုံမှုများသည် အလွန်အမင်း ပြင်းထန်လာခဲ့တော့၏။ ထုတ်ကုန်တစ်ခုတည်း ဖြစ်သော်လည်း ၎င်း၏ နာမည်ကြီးမှုသည် အဆိုပြိုင်ပွဲ၏ ဗိုလ်လုပွဲကိုပင် လွှမ်းမိုးလုနီးပါး ဖြစ်သွားခဲ့ပေသည်။
စုန့်မင်သည် အွန်လိုင်းပေါ်ရှိ မှတ်ချက်များကို ဖတ်ရှုရင်း ပြုံးလိုက်လေ၏။
"ဟားဟားဟား"
"မင်းက ငါ့ကို ယှဉ်နိုင်မယ်လို့ ထင်နေတာလား"
"တကယ်လို့ ငါသာ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက မွေးဖွားခဲ့မယ်ဆိုရင် ကျူးကော့လျန်လည်း ဘာလုပ်နိုင်မှာလဲ"
စုန့်မင်က မောက်မာစွာဖြင့် ပြောဆိုလိုက်သည်။
"ဒုက္ခပါပဲ အထွေထွေမန်နေဂျာစုန့်... ကျွန်တော်တို့ရဲ့ ထုတ်ကုန်မှာ ပြဿနာရှိနေတယ်"
လူတစ်ယောက်က အလျင်စလို ပြေးဝင်လာရင်း ပြောဆိုလိုက်၏။
"ဟင်"
"ဘာတွေဖြစ်နေတာလဲ"
စုန့်မင်က အော်ဟစ်လိုက်သည်။
"ကျွန်တော်တို့ရဲ့ ထုတ်ကုန်က စမ်းသပ်သုံးစွဲတဲ့ လူတွေဆီမှာ ရလဒ်တွေ ထွက်လာပြီ"
"ဒီထုတ်ကုန်ကို သုံးတဲ့လူတွေမှာ စတီးရွိုက်ကြောင့်ဖြစ်တဲ့ ပြင်းထန်တဲ့ မျက်နှာနီရဲတဲ့ ရောဂါတွေ ဖြစ်လာတာကို ကျွန်တော်တို့ တွေ့လိုက်ရတယ်"
"သူတို့ရဲ့ မျက်နှာတွေမှာ အနီကွက်တွေ ပြည့်နှက်နေပြီး အသားအရေရဲ့ အပေါ်ယံလွှာက အရမ်းကို ပါးလွှာနေတယ်... အဲဒါကြောင့် သူတို့ရဲ့ အသားအရေက ရေကို ခံနိုင်ရည်နည်းသွားပြီး ရေနဲ့ထိတာနဲ့ သူတို့မျက်နှာတွေက ချက်ချင်း နီရဲသွားတာပဲ"
"အဲဒီ စမ်းသပ်ခံလူတွေ အားလုံးက အပြင်ဘက်မှာ စောင့်နေပြီး ဖြေရှင်းချက်ပေးဖို့ တောင်းဆိုနေကြတယ်"
ထိုသူက အလျင်အမြန် ပြောဆိုလိုက်၏။
"ပြဿနာရှာတဲ့ ကောင်တွေ"
စုန့်မင်က ကျိန်ဆဲလိုက်သည်။
"ဝက်ခြံကုသတဲ့နေရာမှာ အာနိသင် ဘယ်လောက်ရှိလဲ"
ထို့နောက် စုန့်မင်က မေးမြန်းလိုက်၏။
"ဝက်ခြံတွေကတော့ ပျောက်သွားတယ်... ဒါပေမဲ့ ဘေးထွက်ဆိုးကျိုးတွေက အရမ်းပြင်းထန်နေတယ်... မူလမျှော်မှန်းထားတာထက်တောင် ကျော်လွန်နေတယ်"
"တကယ်လို့ ထုတ်ကုန်သာ ဈေးကွက်ထဲ ရောက်သွားရင်တော့ စိုးရိမ်ရတယ်"
စုန့်မင်သည် နားထောင်ပြီးနောက် မျက်မှောင်ကြုတ်သွားလေသည်။ သူသည် ထုတ်ကုန်၏ ပြဿနာများကို လုံးလုံးလျားလျား ဂရုမစိုက်ခဲ့ချေ။ သူ၏ ရည်ရွယ်ချက်မှာ ငွေရှာရန်သာဖြစ်ပြီး ထုတ်ကုန်ကို ရောင်းချပြီးသွားချိန်တွင် သူနှင့် သက်ဆိုင်တော့မည် မဟုတ်ပေ။
အကယ်၍ ထုတ်ကုန် မကောင်းရုံဖြင့် ဖော်မြူလာကို ပြောင်းလဲရမည်ဆိုပါက လိုအပ်မည့် လူအင်အားနှင့် ငွေကြေးအရင်းအမြစ်များမှာ အလွန်အမင်း များပြားလွန်းလှပေသည်။
ငါ ပိုက်ဆံဘယ်လောက်တောင် ဆုံးရှုံးသွားမလဲ...
ဒါ့အပြင် အဲဒီ အသုံးပြုတဲ့လူတွေရဲ့ အသားအရေက ငါနဲ့ ဘာဆိုင်လို့လဲ...
"မရဘူး... သတ်မှတ်ထားတဲ့ အချိန်အတိုင်းပဲ ဈေးကွက်ထဲ ဖြန့်လိုက်"
"လူအနည်းငယ်ကြောင့် ငါ့ရဲ့ အစီအစဉ်တွေကို လက်မလျှော့နိုင်ဘူး"
"ဒါ့အပြင် လင်းလက်အလှကုန်ကုမ္ပဏီ ရဲ့ ထုတ်ကုန်က မနက်ဖြန် ထွက်လာတော့မှာ... တကယ်လို့ ငါက နောက်ဆုံးမိနစ်မှ အပြောင်းအလဲတွေ လုပ်နေရင် ဈေးကွက်ဝေစု ဘယ်လောက်တောင် ဆုံးရှုံးသွားမလဲ"
စုန့်မင်၏ ရင်ထဲတွင် ပြင်းထန်သော ဒေါသများ ကိန်းအောင်းနေခဲ့၏။
"လုံခြုံရေး အစောင့်နည်းနည်းလောက် ခေါ်ခဲ့... လက်နက်တွေပါ ယူလာခဲ့... အဲဒီကောင်တွေက ဖြေရှင်းချက် တောင်းဆိုနေတာ မဟုတ်ဘူးလား"
"သူတို့ကို ငါ ဖြေရှင်းချက် ပေးနိုင်တယ်"
စုန့်မင်က ရက်စက်စွာ ပြောဆိုလိုက်သည်။ ထို့နောက် လုံခြုံရေးအစောင့် အနည်းငယ်၏ ဦးဆောင်မှုဖြင့် စုန့်မင်သည် အခန်းတစ်ခန်းထဲသို့ ဒေါသတကြီး ဝင်ရောက်သွားလေ၏။ တံခါးဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် အတွင်းဘက်မှ ဆူညံနေသော အသံများကို ကြားလိုက်ရပေသည်။
"ကျွန်တော်တို့ကို ဖြေရှင်းချက် ပေးပါ... ခင်ဗျား အရင်တုန်းက ဘာပြောခဲ့လဲ... ဘာလို့ ကျွန်တော်တို့ မျက်နှာတွေက ဒီလိုဖြစ်နေရတာလဲ"
လူတစ်ယောက်က ဒေါသတကြီး ပြောဆိုလိုက်၏။
"မင်းတို့က ဖြေရှင်းချက် လိုချင်တယ်ပေါ့လေ... ငါက စုန့်မင်ပဲ... အထွေထွေမန်နေဂျာစုန့်"
"မင်းတို့ကို ဖြေရှင်းချက်ပေးဖို့ ငါ ဒီကို ရောက်လာတာပဲ"
စုန့်မင်က အေးစက်စွာ ပြောဆိုလိုက်ပြီးနောက် လက်ကို ဝှေ့ယမ်းပြလိုက်သည်။ လျှပ်စစ်တုတ်များ ကိုင်ဆောင်ထားသော လုံခြုံရေးအစောင့် အနည်းငယ်က ရှေ့သို့ ပြေးထွက်လာကြတော့၏။