အခန်း ၂၃၁
Vol. 23 Ch. 231
Chapter 231
~
အခန်း ၂၃၁ : ကျန်းတာ့လီ... " မင်း အရင်က သင်ဖူးတာလား... "
~
လီရှန်းလီ ဆွံ့အသွားပြီး မျက်လုံးလှန်ပြလိုက်သည် ။
" မင်းက အရမ်း အားနေတာပဲ.. "
စက်ရုံတွင် ယန်ကျီဝမ် လုပ်ဖို့ စောင့်နေသည့် အလုပ်တွေ အများကြီး ရှိသော်လည်း သူကတော့ မယုံနိုင်လောက်အောင် ပျင်းလွန်းနေသည် ။
ဌာနမှူးလျောင်က သူ့ကို တာဝန်တွေ ပိုပေးချင်နေသော်လည်း ဆင်ခြေမျိုးစုံပေးပြီး သူ ငြင်းပယ်ခဲ့သေးသည် ။
ထို့အပြင် သီးသန့်ဟင်းပွဲ ချက်ရသည့် အလုပ်ကိုလည်း သူ့တပည့် မာဟွာထံသို့ တဖြည်းဖြည်း လွှဲပေးနေသည် ။
ဤမျှ ပျင်းရိသည့်ကောင်က ယခု အလုပ်တစ်ခုခု ရှာလုပ်ချင်သည်ဟု ပြောနေသည်လော ။
လီရှန်းလီ မည်သို့ ညည်းတွားရမှန်းပင် မသိတော့ချေ ။
သို့သော် ယန်ကျီဝမ် ကြည့်ရသည်မှာ နောက်နေပုံမပေါ်သည်ကို မြင်လျှင် သူက...
" အလုပ်ရုံ (၁) က ကောတာဖျဲ့ဇီကို မင်း သိလား.. ပြီးခဲ့တဲ့အကြိမ် ငါ့ဦးလေးနဲ့ အတူ သောက်ခဲ့တဲ့သူလေ.. အဲ့ဒီတုန်းက သူတို့အတွက် သီးသန့်ဟင်းပွဲကို မင်း ချက်ပေးခဲ့တာ.. "
လီဟွိုက်တဲက တခြားစက်ရုံများမှ ခေါင်းဆောင်များကို ဧည့်ခံရန်အတွက်သာ သီးသန့်ဟင်းပွဲများ လုပ်ခိုင်းသည်မဟုတ်ဘဲ စက်ရုံမှ တခြားခေါင်းဆောင်များကိုလည်း မကြာခဏ ဧည့်ခံလေ့ရှိသည် ။
ယန်ကျီဝမ်က ခေါင်းခါလိုက်ပြီး...
" ဌာနမှူးလျောင်နဲ့ လုံခြုံရေးဌာနက ဌာနမှူးကျိုးလောက်ပဲ ကျွန်တော် သိတယ်.. "
သူက ဌာနမှူးလျောင်နှင့် မကြာခဏ ဆက်ဆံလေ့ရှိပြီး ဌာနမှူးကျိုးနှင့်တော့ ပြီးခဲ့သည့်အကြိမ် နောက်ပိုင်းမှ ဆုံဖူးခဲ့ခြင်းဖြစ်သည် ။
တခြားသူများအတွက်မူ သူက များသောအားဖြင့် ဟင်းချက်ရန်သာ တာဝန်ယူပြီး တခြား ဘာကိုမှ ဂရုမစိုက်တတ်ပေ ။
ထိုစကားကို ကြားလျှင် လီရှန်းလီက မတ်တတ်ထရပ်လိုက်ပြီး...
" မင်း သူ့ကို မသိမှတော့ ငါပဲ မင်းကို ခေါ်သွားပေးမယ်.. လေ့လာကြည့်ဖို့လောက်ပဲ ဆိုတော့ ကောတာဖျဲ့ဇီလည်း ငါ့ဦးလေး မျက်နှာကို ထောက်မှာ သေချာပါတယ်.. "
ယန်ကျီဝမ်က...
" အလုပ်ရုံက စက်ရုံမှူးယန်ရဲ့ အုပ်ချုပ်မှုအောက်မှာ မဟုတ်ဘူးလား.. ကောတာဖျဲ့ဇီက ဆရာလီ စကားကို နားထောင်ပါ့မလား.. "
လီရှန်းလီက ယန်ကျီဝမ်၏ ပခုံးကို ပုတ်ကာ ရယ်လိုက်ပြီး...
" ကလေး မင်း အရမ်း ငယ်ပါသေးတယ်.. "
" စက်ရုံက အုပ်စုနှစ်စု ကွဲနေတယ်ဆိုတာ မင်းလည်း သိတာပဲ.. တစ်ဖက်က စက်ရုံမှူးယန် နောက်တစ်ဖက်က ငါ့ဦးလေးလေ.. အဲ့ဒီ ကောတာဖျဲ့ဇီက ငါ့ဦးလေးရဲ့ လူဖြစ်နေတာ ကြာပြီ.. "
ထိုအခါမှ ယန်ကျီဝမ် နားလည်သွားတော့သည် ။
ထို့နောက် သူတို့နှစ်ယောက် အလုပ်ရုံ (၁) ရှိ ကောတာဖျဲ့ဇီ၏ ရုံးခန်းသို့ သွားကြသည် ။
ကောတာဖျဲ့ဇီက ယီကျုံးဟိုင်နှင့် ကျားဒုံရွှီတို့၏ အလုပ်ရုံမှူး ဖြစ်သည် ။
သူ့တွင် လီဟွိုက်တဲနှင့် တူညီသော ဝါသနာတစ်ခု ရှိလေသည် ။ ထိုသည်က စက်ရုံရှိ မုဆိုးမလေးများနှင့် ပရောပရည် လုပ်ရသည်ကို နှစ်သက်ခြင်းပင် ။
သို့သော် သူက မည်သူ့ကိုမှ အတင်းအကျပ် မလုပ်ရဲ ။ နှစ်ဦးသဘောတူမှုကိုသာ အလေးပေးသည် ။
သို့မဟုတ်ပါက လူဆိုးလူမိုက်တစ်ယောက်အဖြစ် သတ်မှတ်ခံရခြင်းသည် ကြီးလေးသော ပြစ်မှုတစ်ခု ဖြစ်လာပေမည် ။
မူရင်းဝတ္ထုထဲတွင် ကျားဒုံရွှီ ကွယ်လွန်သွားပြီးနောက် ချင်ဟွိုင်ရုက ကျားဒုံရွှီ၏ နေရာကို ဆက်ခံခဲ့သည် ။
ဤ ကောတာဖျဲ့ဇီက ချင်ဟွိုင်ရုကို မကြာခဏ ပရောပရည် လုပ်လေ့ရှိသည် ။
သို့သော် သူတို့ကြားတွင် တစ်ခုခု ဖြစ်ခဲ့သလား ဆိုသည်ကိုတော့ ယန်ကျီဝမ် မသိ ။
လီရှန်းလီက ရုံးခန်းတံခါးကို ခေါက်လိုက်သည် ။
" အစ်ကိုကြီးကော.. ရှိလား.. "
ကောတာဖျဲ့ဇီ၏ အသံက အထဲမှ ထွက်ပေါ်လာသည် ။
" ဝင်ခဲ့လေ.. "
လီရှန်းလီက တံခါးကို တွန်းဖွင့်ပြီး ယန်ကျီဝမ်နှင့်အတူ ဝင်သွားလိုက်သည် ။
ကောတာဖျဲ့ဇီက အံသြသွားဟန်ဖြင့် မော့ကြည့်ကာ...
" အိုး.. ရှောင်လီနဲ့ ယန်လေး .. မင်းတို့နှစ်ယောက် ဘယ်လေတိုက်လို့ ဒီရောက်လာတာလဲ.. "
ယန်ကျီဝမ်က သူ့ကို မမှတ်မိသော်လည်း သူကတော့ ယန်ကျီဝမ်ကို မှတ်မိနေသည် ။
စက်ရုံတွင် ခေါင်းဆောင်စားဖိုမှူး အနည်းငယ်သာရှိပြီး ယန်ကျီဝမ်၏ ဟင်းချက်စွမ်းရည်က အကောင်းဆုံးဖြစ်၍ သူ သိနေခြင်းပင် ။
ထို့အပြင် ယန်ကျီဝမ် ချက်သော ဟင်းလျာများစွာကိုလည်း သူ စားဖူးသည် ။
လီရှန်းလီက ယန်ကျီဝမ်ကို ကြည့်၍...
" မင်းပဲ သူ့ကို ပြောလိုက်.. "
ထိုအရာကို မြင်လျှင် ကောတာဖျဲ့ဇီက ယန်ကျီဝမ်ကို စပ်စုချင်သော အကြည့်ဖြင့် ကြည့်လိုက်သည် ။
ယန်ကျီဝမ်တွင် တခြားရွေးချယ်စရာ မရှိတော့၍...
" အလုပ်ရုံမှူးကော.. ဒီလိုပါ.. ကျွန်တော်က ဖစ်တာအလုပ်ကို အရမ်း စိတ်ဝင်စားလို့ အလုပ်ရုံကို လာပြီး လေ့လာသင်ယူခွင့် ရမလားလို့ပါ.. "
ကောတာဖျဲ့ဇီက လက်ဝှေ့ယမ်းလိုက်ပြီး...
" အစ်ကိုကြီးကောလို့ပဲ ခေါ်ပါ.. ဘာလို့ အလုပ်ရုံမှူးလို့ ခေါ်နေရတာလဲ.. အရမ်း သူစိမ်း ဆန်လွန်းနေတယ်.. "
" ဒါလေးများ.. ပုံမှန်ဆိုရင်တော့ ခွင့်မပြုပါဘူး.. ဒါပေမဲ့ ယန်လေးက စက်ရုံမှူးလီ သဘောကျတဲ့သူဆိုတော့ ဆရာလီ ရဲ့ မျက်နှာကိုတော့ ထောက်ရမှာပေါ့.. "
" ဒီလိုလုပ်.. မင်းအတွက် ဆရာတစ်ယောက် စီစဥ်ပေးမယ်.. မင်း သူ့နောက်ကို လိုက်ပြီးသာ သင်လိုက်.. ဒါပေမဲ့ ကြိုပြောထားမယ်နော်.. မင်းကို ပေးစရာ လစာတော့ မရှိဘူး.. "
ယန်ကျီဝမ်က သူ နောက်ပြောင်နေမှန်း သိ၍ ရယ်လိုက်ပြီး...
" ဟီးဟီး...ဒါပေါ့ဗျာ.. ကျွန်တော်က သင်ချင်ရုံ သက်သက်ပါ.. "
" ဒါဆိုလည်း ရပြီလေ.. "
ထို့နောက် ကောတာဖျဲ့ဇီက သူတို့နှစ်ယောက်ကို ရုံးခန်းထဲမှ ခေါ်ထုတ်သွားပြီး လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကို သွားရှာသည် ။
ကောတာဖျဲ့ဇီက ထိုလူအား...
" အစ်ကိုကြီးကျန်း.. ခဏလောက် ရပ်ပါအုံး.. "
ထိုလူက စက်ပစ္စည်းတစ်ခုကို အပြီးသပ် လိုက်သည် ။ ထိုစကားကို ကြားလျှင် စက်ကိုပိတ်၍ ကောတာဖျဲ့ဇီကို ကြည့်လိုက်ပြီး...
" အလုပ်ရုံမှူး.. ဘာကိစ္စ ရှိလို့လဲ.. "
ကောတာဖျဲ့ဇီက ယန်ကျီဝမ်ကို လက်ညိုးထိုးပြကာ...
" ဒါက ရဲဘော်ရှောင်ယန်ပဲ.. ဒီနေ့ကစပြီး သူ့ကို လမ်းညွှန်ပေးဖို့ ခင်ဗျားမှာ တာဝန်ရှိတယ်.. "
ထို့နောက် သူက ယန်ကျီဝမ်ကို မိတ်ဆက်ပေးလိုက်သည် ။
" ဒါက ရဲဘော်ကျန်းတာ့လီတဲ့.. သူက လက်ရှိမှာ အဆင့် ၄ အလုပ်သမားဆိုတော့ မင်းကို သင်ပေးဖို့ လုံလောက်ပါတယ်.. "
ယန်ကျီဝမ်က သူ့ကို ကျေးဇူးတင်စကား ပြောလိုက်ပြီးနောက် ကျန်းတာလီဘက်သို့ လှည့်ကာ...
" ကျေးဇူးပါပဲ အစ်ကိုကြီးကော.. "
" ဆရာကျန်း.. ဒီကာလအတွင်း ဆရာ အလုပ်ပိုရှုပ်တော့မယ်.. "
ကျန်းတာ့လီက ရိုးသားသော သူတစ်ယောက်ဖြစ်သည် ။
ဤအချိန်ကျမှ သူ တုံ့ပြန်လာသည် ။
သူက အလျင်အမြန် လက်ဝှေ့ယမ်းလိုက်ပြီး...
" အလုပ်ရုံမှူး.. ကျွန်တော်က အဆင့် ၄ အလုပ်သမားလေးပဲ ရှိသေးတာ.. တပည့် လက်ခံဖို့ အရည်အချင်း မပြည့် သေးပါဘူး.. တခြားတစ်ယောက်ကို ရှာလိုက်ပါလား.. "
အဆင့် ၄ နှင့် အဆင့် ၅ အလုပ်သမားများကြားတွင် ကွာခြားချက်ကြီးမားသော စည်းမျဥ်းတစ်ခု ရှိသည် ။
ပထမ အဆင့် ၄ ဆင့်က ရိုးရှင်းသော စက်ပစ္စည်းများကို လုပ်ဆောင်ရန်သာ အဓိက တာဝန်ရှိသည် ။
အဆင့် ၅ သို့ ရောက်ပြီးနောက်မှသာ ပိုမို ခက်ခဲသော စက်ပစ္စည်းများကို လုပ်ဆောင်ရန် အရည်အချင်း ပြည့်မီကြသည် ။
တပ်ဆင်ခြင်းအလုပ်မှာ သိမ်မွေ့ပြီး စေ့စပ်သေချာသော လက်မှုပညာဖြစ်၍ ပေါ့ဆ၍ မရပေ ။
ယေဘုယျအားဖြင့် အဆင့် ၅ အလုပ်သမားတစ်ဦးကို ဆရာကြီးဟု ခေါ်ဆိုကြပြီး တပည့်များ လက်ခံရန် အရည်အချင်းပြည့်မီပေသည် ။
ကျန်းတာ့လီက ယန်ကျီဝမ်အား အလုပ်သင်အသစ်ဟု ထင်ကာ နားလည်မှုလွဲနေခြင်းဖြစ်သည် ။
ကောတာဖျဲ့ဇီက ရှင်းပြလိုက်သည် ။
" ဆရာကျန်း.. ခင်ဗျား နားလည်မှုလွဲနေပြီ.. ရဲဘော်ရှောင်ယန်က ဝယ်ယူရေးဌာနကပါ.. သူက ကျုပ်တို့ အလုပ်ရုံမှာ လာပြီး လေ့လာဖို့ သက်သက်ပဲ.. ခင်ဗျားက သူ့ကို တပ်ဆင်တာနဲ့ ပတ်သက်တဲ့ အသိပညာတွေ ရှင်းပြပေးရုံပါပဲ.. "
" ... ကောင်းပါပြီ.. "
နောက်ဆုံးတွင် ကျန်းတာ့လီ သဘောတူလိုက်သည် ။
အရာအားလုံးကို ရှင်းပြပြီးနောက် ကောတာဖျဲ့ဇီနှင့် လီရှန်းလီတို့ ထွက်သွားကြသည် ။
ကျန်းတာ့လီက ပြုံးနေသော ယန်ကျီဝမ်ကို ရှုပ်ထွေးနေသော မျက်နှာပေးဖြင့် ကြည့်ကာ ဘယ်ကနေ စသင်ရမှန်းမသိတော့ပေ ။
ထိုသည်ကို မြင်လျှင် ယန်ကျီဝမ်က ...
" ဆရာကျန်း.. ကျွန်တော့်ကို တပ်ဆင်ခြင်းရဲ့ အခြေခံ ဗဟုသုတလေးတွေ အရင်ဆုံး ရှင်းပြပေးပါလား.. "
" ... ကောင်းပြီလေ.. "
ထို့နောက် ကျန်းတာ့လီက ယန်ကျီဝမ်အား တပ်ဆင်ခြင်းနှင့် ပတ်သက်သည့် အခြေခံ အသိပညာများကို စတင် ရှင်းပြသည် ။
ယန်ကျီဝမ်က အသေအချာ ဂရုတစိုက် နားထောင်နေ၏ ။
နာရီဝက်ကြာပြီးနောက် ...
ယန်ကျီဝမ်က လုံလောက်အောင် နားထောင်ပြီး၍...
" ဆရာကျန်း.. ကျွန်တော် ကြည့်ဖို့ အဆင့် ၁ စက်ပစ္စည်းတစ်ခုလောက် လုပ်ပြလို့ ရမလား.. "
" ရပါတယ်.. "
ကျန်းတာ့လီက ရိုးသားသူပီပီ ချက်ချင်းပင် သဘောတူလိုက်သည် ။
လုပ်ဆောင်နေစဥ်အတွင်း သူက ယန်ကျီဝမ်အား လုပ်ဆောင်ရမည့် အဆင့်များနှင့် သတိထားရမည့် အချက်များကိုလည်း ပြောပြသွားသည် ။
ဆယ်မိနစ်ကျော် အကြာတွင် ထိုစက်ပစ္စည်း အစိတ်အပိုင်း ပြီးစီးသွားသည် ။
အလုပ်ပြီးတော့မည်ကို မြင်လျှင် ယန်ကျီဝမ်က..
.
" ဆရာကျန်း.. ကျွန်တော် နားလည်သွားပြီလို့ ထင်တယ်.. ကျွန်တော် တစ်ခုလောက် စမ်းလုပ်ကြည့်ရမလား.. "
"အာ.."
ကျန်းတာ့လီ မှင်သက်သွားသည် ။
' သူက ဒီကို လေ့လာဖို့ လာတာလို့ ပြောထားတာ မဟုတ်ဘူးလား...'
' ဘယ်လိုလုပ်ပြီး အခုချက်ချင်း လက်တွေ့ လုပ်ချင်နေရတာလဲ...'
သို့သော်လည်း ယန်ကျီဝမ်က အလုပ်ရုံမှူးကော ကိုယ်တိုင် ခေါ်လာသူဖြစ်ပြီး ခေါ်ဝေါ်ပုံကို ကြည့်ခြင်းအားဖြင့် သူနှင့် အလုပ်ရုံမှူးကောတို့၏ ဆက်ဆံရေးက သာမန်မဟုတ်မှန်း သိသာသည် ။
ကျန်းတာ့လီ ကြောင်တောင်တောင် ဖြစ်နေစဥ်မှာပင် ယန်ကျီဝမ်က စတင်လုပ်ဆောင်နေလေပြီ ။
ကျန်းတာ့လီ သတိဝင်လာချိန်တွင်မူ သူ့ကို တားဆီးရန် နောက်ကျသွားခဲ့ပြီ ။
မတော်တဆမှု တစ်ခုခု ဖြစ်မည်ကို စိုးရိမ်၍ သူ အကျယ်ကြီးလည်း မအော်ရဲပေ ။
သို့သော် ထိုအချိန်တွင် ကျန်းတာ့လီ ပို၍ပင် အံ့သြသွားသည် ။
ယန်ကျီဝမ်က နှစ်ပေါင်းများစွာ အလုပ်လုပ်နေသည့် တပ်ဆင်ရေး ဆရာကြီးတစ်ဦးကဲ့သို့ စက်ကို ကျွမ်းကျင်စွာ ကိုင်တွယ်နေ၏ ။
မကြာမီ ယန်ကျီဝမ်က လုပ်ဆောင်ခြင်းကို အပြီးသတ်လိုက်သည် ။
သူက စက်ပစ္စည်းကို စက်ပေါ်မှ ယူလိုက်ပြီး ကျန်းတာ့လီဘက်သို့ လှည့်ကာ...
" ဆရာကျန်း.. ဒီစက်ပစ္စည်းက စံချိန်မီတယ်လို့ ထင်လား.. "
" အို.. "
ကျန်းတာလီ ရုတ်တရက် အသိဝင်လာပြီး စက်ပစ္စည်းကို ယူကာ ကိရိယာများဖြင့် စတင် တိုင်းတာကြည့်သည် ။
တိုင်းတာကြည့်လိုက်သောအခါ ကျန်းတာလီ၏ မျက်လုံးများ ပြူးကျယ်သွား၏ ။
ဤစက်ပစ္စည်းက တကယ်ကိုပင် စံချိန်မီနေလေသည် ။
သူက ယန်ကျီဝမ်ကို မယုံနိုင်ဟန်ဖြင့် ကြည့်ကာ...
" ရဲဘော်ရှောင်ယန်.. မင်း အရင်က ဒါကို သင်ဖူးတာလား.. "