အခန်း ၂၃၄
Vol. 23 Ch. 234
Chapter 234
~
အခန်း ၂၃၄ : သံသယ
~
ကျားဒုံရွှီသည် ယန်ကျီဝမ် အဆင့် ၁ အလုပ်သမား အရည်အချင်းစစ်စာမေးပွဲကိုသာ လျှောက်ထားလိမ့်မည်ဟု ထင်နေခဲ့ပြီး ဧကန်မုချ ကျရှုံးလိမ့်မည်ဟုပင် တွေးနေခဲ့၏။
အဆင့် ၁ အလုပ်သမားတစ်ယောက် ဖြစ်ရန် သိပ်မခက်သော်လည်း အလုပ်ထဲသို့ အမှန်တကယ် ဝင်ဆံ့နိုင်ရန်အတွက် အရာရာကို လေ့လာသင်ယူပြီး သုံးနှစ်ခန့် အချိန်ပေးရပေမည်။
သို့သော် ယန်ကျီဝမ်ကမူ မည်သို့နည်း။ သူ အလုပ်ရုံထဲသို့ လာသင်နေသည်က အလွန်ဆုံး လဝက်လောက်သာ ရှိသေးသည်။
သူ အဆင့် ၁ အလုပ်သမား အရည်အချင်းစစ်ကို စမ်းသပ်ဖြေဆိုလိုခြင်းဖြစ်လျှင် နားလည်ပေးနိုင်သော်လည်း ယခုမူ အဆင့် ၄ ကို တိုက်ရိုက်လျှောက်ထားခဲ့သဖြင့် သူ့ကိုယ်သူ အထင်ကြီးလွန်း နေသည် ။ သူ့ကိုယ်သူ ကောင်းကင်ကို ဆန့်ကျင်နိုင်သည့် ပါရမီရှင်ဟု ထင်မှတ်နေသည်လော ။
ကျားဒုံရွှီ၏ ရေရွတ်သံကို ကြားလျှင် ယီကျုံးဟိုင်သည်လည်း စာရင်းသွင်းဖောင်ကို ကြည့်ရန် ရှေ့သို့ တိုးလာပြီးနောက် ရယ်မောကာ ခေါင်းခါလိုက်၏။ ဤကလေးက မာနကြီးလွန်း အားကြီးသည် ။ သူ အရှက်ရမည့်အချိန်ကိုသာ စောင့်ကြည့်ရပေတော့မည်။
ယန်ကျီဝမ်က အသာရယ်လိုက်ပြီး...
"ဟင်းဟင်း... ဘာဖြစ်လို့လဲ ကျုပ်က စာမေးပွဲဖြေလို့မရဘူးလား.. ဖစ်တာသမားအလုပ်က ဒီလောက် မခက်ပါဘူး.. ကျုပ်ကတော့ အောင်မယ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့် ရှိတယ်.. "
ဤအတောအတွင်း သူသည် ကျန်းတာ့လီထံမှ သင်ယူနေခဲ့၏။ ကောင်းကင်ဘုံကို ဆန့်ကျင်သော နားလည်သဘောပေါက်မှု၏ ကောင်းချီးကြောင့် သူ အလွန်လျင်မြန်စွာ အသားကျသွားပြီး အဆင့် ၄ သတ်မှတ်ချက်မီသော အလုပ်ပစ္စည်းများကို အောင်မြင်စွာ လုပ်နိုင်နေပြီ ။
ကျန်းတာ့လီ၏ အရည်အချင်းက အဆင့် ၄ မျှသာ ရှိပြီး အချိန်ကလည်း အနည်းငယ် ကပ်သီးကပ်သတ် ဖြစ်နေ၍သာ ။ မဟုတ်လျှင် ယန်ကျီဝမ်သည် အဆင့် ၅ သို့ပင် ရောက်နေလောက်ပြီ ။ ကောင်းကင်ဘုံကို ဆန့်ကျင်သော နားလည်သဘောပေါက်မှုဟူသည် ဤမျှအထိ ထူးခြားလှပေ၏။
" ဟမ့်.. မင်းက ဘာကောင် မလို့ မောက်မာနေတာလဲ.. "
ကျားဒုံရွှီက နှာခေါင်းရှုံ့လှောင်ပြောင်လိုက်ပြီး...
" ငါ စက်ရုံမှာ ဆယ်နှစ် အလုပ်လုပ်ခဲ့တာတောင် အောင်မြင်ဖို့ ရာနှုန်းပြည့် မသေချာဘူး.. မင်းက ဘာမို့လို့ အောင်မြင်မယ် ထင်နေတာလဲ.. "
" ဟ..ဟ.. အသံနည်းနည်းလောက် လျှော့ပါအုန်း ဟ.. ငါ့ နားတွေ အူကုန်ပြီ.. "
ယန်ကျီဝမ်က လက်သန်းဖြင့် နားကို ကလော်ရင်း အရေးမထားဟန်ဖြင့် ...
" ငါ မင်း ကို ပြောပြီးသားလေ.. ဆယ်နှစ်လုံးလုံး အဆင့် ၃ အလုပ်သမား ဖြစ်နေတာက ဂုဏ်ယူစရာ မဟုတ်ဘူး.. ငါ့ကို ထပ်ခါတလဲလဲ ပြောပြနေဖို့ မလိုပါဘူး.. "
" ပြီးတော့ ငါ မင်း ကို မပြောဖူးဘူးလား.. ဆယ်နှစ်ကြာတဲ့အထိ အဆင့် ၃ အလုပ်သမားပဲ ဖြစ်နေသေးတယ်ဆိုရင် မင်းကပဲ အရူးဖြစ်နေလို့ ဒါမှမဟုတ် မင်းရဲ့ ဆရာကပဲ ပညာချန်ထားလို့ ဖြစ်ရမယ်.. "
" ငါ... "
ကျားဒုံရွှီ၏ မျက်နှာအမူအရာက အနည်းငယ် ပျက်ယွင်းသွားပြီး မသိစိတ်ဖြင့် ယီကျုံးဟိုင်ကို လှည့်ကြည့်လိုက်မိ၏။
" တော်ပြီ ဒုံရွှီ.. ဒီနှစ်တွေထဲမှာ ငါမင်းအပေါ် ဘယ်လိုဆက်ဆံခဲ့လဲဆိုတာ မင်းနှလုံးသားထဲမှာ အသိဆုံးပါ.. သွေးခွဲဖို့ ကြိုးစားနေတဲ့ အပြင်လူတွေရဲ့ စကားကို နားမယောင်ပါနဲ့.. "
ယီကျုံးဟိုင်၏ မျက်လုံးများက ကလယ်ကလယ် ဖြစ်သွားပြီး အလျင်အမြန်ပင် နှစ်သိမ့်စကား ပြောလိုက်ကာ...
" ငါတို့ အမြန် စာရင်းသွင်းကြစို့.. အရည်အချင်းစစ်ပွဲက စတော့မယ်.. "
ကျားဒုံရွှီသည်လည်း ထိုအခါမှ ပါးစပ်ပိတ်သွားပြီး သူတို့နှစ်ဦး စာရင်းသွင်းပြီးနောက် ထွက်ခွာသွားကြ၏။
သူတို့နှစ်ဦး ထွက်သွားပြီးနောက် ကောတာဖျဲ့ဇီက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
" ယန်လေး.. မင်းက ဆရာကြီးယီတို့အဖွဲ့နဲ့ ရန်ငြိုးများ ရှိနေတာလား.. "
ယန်ကျီဝမ်က လက်ဝှေ့ယမ်းလိုက်ပြီး...
" မဟုတ်ပါဘူး.. ကျွန်တော်တို့က ဝင်းတစ်ခုတည်းမှာ နေကြတာဆိုတော့ သာမန် ပြဿနာလေးတွေ ရှိရုံတင်ပါ.. "
" ဒါဆိုလည်း ကောင်းတာပေါ့.. "
ကော်တာဖျဲ့ဇီက နောက်ပြောင်သည့်သဘောဖြင့်...
" ငါက မင်းအတွက် အခွင့်အရေးရှာပြီး ကျားဒုံရွှီကို သင်ခန်းစာတစ်ခုလောက် ပေးဖို့ စဥ်းစားနေတာ.. "
ယီကျုံးဟိုင်က အဆင့် ၇ အလုပ်သမားတစ်ဦး ဖြစ်ပြီး ယခုအရည်အချင်းစစ်ပွဲတွင် အဆင့် ၈ အလုပ်သမား ဖြစ်လာရန် အခွင့်အလမ်း အလွန်များနေသည်။ ထိုကဲ့သို့ အဆင့်ရှိသော ဆရာကြီးတစ်ဦးကို စက်ရုံမှူးကိုယ်တိုင်ပင်လျှင် လေးစားသမှုဖြင့် ဆက်ဆံရမည်။ သူကဲ့သို့ အလုပ်ရုံမှူးတစ်ဦးအနေဖြင့်မူ ထိုသူကို လွယ်လွယ်ကူကူ မပြစ်မှားရဲချေ။
သို့သော် အဆင့် ၃ အလုပ်သမားဖြစ်သော ကျားဒုံရွှီကို သူ အလွယ်တကူ ကိုင်တွယ်နိုင်သည်။ သို့သော်လည်း ကျားဒုံရွှီ၏ ဆရာက ယီကျုံးဟိုင် ဖြစ်နေသောကြောင့် သူ အနည်းငယ် တွန့်ဆုတ်နေမိသည် ။
ယန်ကျီဝမ်သည်လည်း ဤသည်က အားနာစကားမျှသာ ဖြစ်ကြောင်း သိသဖြင့် ပြုံး၍ ခေါင်းခါလိုက်ပြီး...
" ရပါတယ်ဗျာ.. သူ့ အရည်အချင်းနဲ့ဆိုရင် အဆင့် ၄ အလုပ်သမား အရည်အချင်းစစ်ကိုတောင် အောင်မှာမဟုတ်ဘူး.. ကျုပ် ဂရုစိုက်စရာ မလိုတဲ့ ကောင်ပါ.. "
ယန်ကျီဝမ်က သူ့ကို တမင်နှိမ့်ချကြည့်ခြင်း မဟုတ် ။ ယီကျုံးဟိုင်၏ ရည်ရွယ်ချက်ကို ကျားဒုံရွှီတစ်ယောက်သာ ထိုးထွင်းမမြင်နိုင်ခြင်း ဖြစ်ပေလိမ့်မည်။
ကျားဒုံရွှီကို ပိုမို ကောင်းမွန်စွာ ထိန်းချုပ်နိုင်ရန်အတွက် ယီကျုံးဟိုင်သည် ကျားဒုံရွှီ အဆင့် ၄ သို့ ရာထူးတိုးသွားသည်ကို ရပ်ကြည့်နေမည် မဟုတ်ပေ ။ ကျားမိသားစု၏ လူနေမှုဘဝက တိုးတက်ကောင်းမွန်သွားလျှင် သူက မည်သို့ တန်ခိုးပြပြီး ကျေးဇူးပြုနိုင်တော့မည်နည်း။
...
အရည်အချင်းစစ်ပွဲများကို သီးခြားစီ ကျင်းပခြင်းဖြစ်ပြီး ဖြေဆိုပြီးသည်နှင့် ထွက်ခွာသွားရပေမည်။ ရလဒ်များမှာ နံနက်ပိုင်း အရည်အချင်းစစ်ပွဲအပြီး မွန်းလွဲပိုင်းတွင် ထွက်ပေါ်လာပေလိမ့်မည်။
မွန်းလွဲပိုင်း နှစ်နာရီ အချိန်တွင် အရည်အချင်းစစ် ရလဒ်များကို ထုတ်ပြန်ကြေညာလိုက်သည်။
ကျားဒုံရွှီက အသိပေးဘုတ်ကို အကြိမ်ကြိမ် အခါခါ အပြန်ပြန်အလှန်လှန် ကြည့်ရှုခဲ့သော်လည်း သူ့အမည်ကို မတွေ့ရချေ။ ထပ်ခါတလဲလဲ အတည်ပြုပြီးနောက်တွင်မူ သူ စာမေးပွဲ မအောင်မြင်ခဲ့ကြောင်း လက်ခံလိုက်ရတော့သည် ။
အမှန်စင်စစ် ရလဒ်များမှာ မွန်းလွဲပိုင်းမှ ထွက်ပေါ်လာမည်ဖြစ်သော်လည်း သူ စာမေးပွဲဖြေဆိုနေစဥ်ကတည်းက ရလဒ်ကို အကြမ်းဖျင်း ခန့်မှန်းမိပြီးသားပင် ။
ယခုအကြိမ် သူ၏ စွမ်းဆောင်ရည်မှာ သာမန်မျှသာ ရှိပြီး အလုပ်ပစ္စည်းကို အောင်မြင်စွာ အချောသတ်နိုင်ခဲ့သော်လည်း ကွဲလွဲချက် ပမာဏက ကြီးမားလွန်းသဖြင့် စံချိန်စံညွှန်း မမှီခဲ့ချေ ။ အောင်မည် မဟုတ်မှန်း သူ ကြိုသိထား၏ ။
သူ စာမေးပွဲမဖြေမီကတည်းက ဤရလဒ်ကို တွေးဆမိခဲ့သော်လည်း သူ လက်မခံနိုင်ဆုံးအချက်မှာ အသိပေးဘုတ်ပေါ်တွင် ယန်လောင်အာ၏ အမည် ရှိနေခြင်းပင် ဖြစ်သည်။ ဤသည်က သူ့စိတ်ကို မမျှမတ ဖြစ်သွားစေ၏ ။ မည်သို့ကြောင့် ဤသို့ ဖြစ်ရသနည်း။
သူသည် စက်ရုံတွင် ဆယ်နှစ်တိုင်တိုင် အချိန်များစွာ ပေးဆပ်ကာ လေ့လာသင်ယူခဲ့သော်လည်း ယခုထက်ထိ မအောင်မြင်သေးချေ ။ သို့သော် ယန်လောင်အာကမူ လဝက်မျှသာ လေ့လာခဲ့ပြီး အဆင့် ၄ ကို အောင်မြင်သွားခဲ့သည်လော။
ယန်လောင်အာနှင့် သူ့အမေ ပြောခဲ့သကဲ့သို့ ယီကျုံးဟိုင်သည် ပညာချန်ထားပြီး သူ့ကို အစစ်အမှန် အရည်အချင်းများ သင်ကြား မပေးခဲ့ခြင်း ဖြစ်နိုင်သည် ။ ကျားဒုံရွှီ၏ သံသယစိတ်သည် ယနေ့ အရည်အချင်းစစ်ပွဲကြောင့် ပိုမို လာခဲ့သည်။
ထိုအချိန်တွင် ယီကျုံးဟိုင်သည် မျက်နှာတွင် အပြုံးတစ်နှင့် လျှောက်လှမ်းလာပြီး...
" ဒုံရွှီ ဘယ်လိုလဲ.. စာမေးပွဲ အောင်လား.. "
သူက စကားပြောရင်း အသိပေးဘုတ်ကို လှမ်းကြည့်လိုက်သည်။ ကျားဒုံရွှီ၏ အမည် ပါမလာသည်ကို မြင်လျှင် သူ မသိမသာ သက်ပြင်းချလိုက်မိ၏။ မအောင်မြင်ခဲ့ခြင်းက ကောင်းလှပေသည်။
သို့သော် တွေးကြည့်လျှင် သူ ဤနှစ်များတစ်လျှောက်လုံး ကျားဒုံရွှီကို သင်ကြားပေးခဲ့သည်မှာ အဆင့် ၆ အထက် အသိပညာများသာ ဖြစ်သည်။ သာမန် အဆင့် ၃ အလုပ်သမားတစ်ဦးဖြစ်သော ကျားဒုံရွှီသာ ထိုအရာများကို နားလည်နိုင်လျှင် ဆန်းကြယ်လှပေမည်။
အလုပ်ရုံထဲမှ တစ်စုံတစ်ဦးက ဤချက်ကို သတိပြုမိကောင်း သတိပြုမိနိုင်သော်လည်း ယီကျုံးဟိုင်၏ အဆင့်အတန်းကြောင့် မည်သူမှ မဖော်ထုတ်ရဲကြချေ။ ထို့ကြောင့် ကျားဒုံရွှီ စာမေးပွဲအောင်မြင်ရန် အခွင့်အလမ်းမှာ သုညနီးပါးပင် ။
" ဆရာ.. ဆရာ တကယ်ပဲ ပညာချန်ထားတာလား.. "
ကျားဒုံရွှီက ရုတ်တရက် မဆီမဆိုင် မေးခွန်းထုတ်လိုက်၏။
ယီကျုံးဟိုင်၏ မျက်နှာအမူအရာက အနည်းငယ် ပျက်သွားသော်လည်း အလျင်အမြန်ပင် ပြန်လည် ထိန်းချုပ်လိုက်ကာ တည်တံ့သော မျက်နှာထားဖြင့် ...
" ဒုံရွှီ.. မင်း ငါ့အပေါ် ဒီလိုပဲ မြင်တာလား.. မင်း ငါ့ဆီကို လာပြီး လမ်းညွှန်မှုတောင်းတဲ့ အကြိမ်တိုင်းမှာ ငါက စိတ်ရင်းမှန်နဲ့ မသင်ပေးခဲ့ဖူးလို့လား.. မင်းရဲ့ စကားက စိတ်ပျက်ဖို့ကောင်းလိုက်တာ.. "
ထိုစကားကို ကြားလျှင် ကျားဒုံရွှီသည် ပျာပျာသလဲဖြင့် လက်ဝေ့ယမ်းကာ ...
" ဆရာ.. ကျွန်တော် အဲ့လို ဆိုလိုတာ မဟုတ်ပါဘူး.. ကျွန်တော်က ရိုးရိုးလေး... "
" ရိုးရိုးလေး ဘာဖြစ်တာလဲ.. "
ယီကျုံးဟိုင်က ဖိအားပေး မေးလိုက်သည်။
" ယန်လောင်အာက လဝက်လောက်ပဲ လေ့လာပြီး အဆင့် ၄ အလုပ်သမား အရည်အချင်းစစ်ကို အောင်သွားတယ်.. ကျွန်တော်ကကျတော့... "
ကျားဒုံရွှီ ဤသို့ပြောလိုက်စဥ်တွင် သူ၏ မျက်နှာထက်၌ စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နှက်နေ၏။
ယန်ကျီဝမ်က သူ့ထက် ပို၍ ထက်မြက်ကြောင်း လက်ခံထားသော်လည်း သူ့ထက် အဆပေါင်းများစွာ ပို၍ တော်နေလိမ့်မည်ဟုမူ မယုံကြည်နိုင်ချေ ။ ဤအချက်ကြောင့်ပင် သူ၏ သံသယစိတ်က ကြီးထွားလာရခြင်း ဖြစ်သည်။
တခြားလူက လဝက်အတွင်း အဆင့် ၄ သို့ ရောက်ရှိသွားပြီး သူကိုယ်တိုင်ကမူ ဆယ်နှစ်တိုင်တိုင် အဆင့် ၃ အလုပ်သမားအဖြစ်သာ ရှိနေသဖြင့် စိတ်ထဲတွင် မမျှမတ ခံစားရသည်မှာ မဆန်း ။ သင်တန်းသား သုံးနှစ်သက်တမ်းကို ဖယ်ထုတ်လိုက်ဦးတော့ သူသည် ခုနစ်နှစ်တိုင်တိုင် လေ့လာခဲ့ရသေးသည်။ ထို့အပြင် စက်ရုံသို့ သူနှင့်အတူ တစ်ချိန်တည်း ဝင်ရောက်ခဲ့သူများထဲမှ အချို့မှာ အဆင့် ၅ အလုပ်သမားများ ဖြစ်နေကြပြီဖြစ်ပြီး တပည့်များပင် ပြန်လည်လက်ခံနေကြလေပြီ ။
ဤသည်ကို ကြားသောအခါ ယီကျုံးဟိုင်သည်လည်း အသိပေးဘုတ်ကို ထပ်မံ စစ်ဆေးကြည့်ရာ ယန်ကျီဝမ်၏ အမည်ကို အမှန်တကယ် မြင်တွေ့လိုက်ရ၏။ ဤအချက်က ယီကျုံးဟိုင်ကို အလွန် အံ့အားသင့်သွားစေသည်။ ဖစ်တာသမား အလုပ်က မည်သည့်အချိန်က ဤမျှအထိ လွယ်ကူသွားရသနည်း။
လဝက်အတွင်း အဆင့် ၄ သို့ ရာထူးတိုးသွားခြင်းမျိုးကို သူ စက်ရုံတွင် အလုပ်လုပ်ခဲ့သည့် သက်တမ်းတစ်လျှောက် တစ်ကြိမ်တစ်ခါမှ မကြုံဖူးခဲ့ချေ။ သူလည်း ဝေခွဲမရ ဖြစ်သွားသည်။
သို့သော်လည်း အရည်အချင်းစစ်ပွဲကို တာဝန်ယူ စစ်ဆေးသူများမှာ စက်ရုံမှ အဆင့် ၇ နှင့် အဆင့် ၈ အလုပ်သမားကြီးများသာ ဖြစ်ကြ၏။ ယန်ကျီဝမ်သည် အရာရှိအချို့နှင့် သိကျွမ်းသည်ဆိုသော်ညား စာမေးပွဲတွင် မသမာမှုလုပ်ရန် လုံးဝ မဖြစ်နိုင်ချေ။
တစ်နည်းအားဖြင့် ဆိုရသော် ယန်ကျီဝမ်သည် အဆင့် ၄ အလုပ်သမားတစ်ဦး၏ အရည်အချင်းကို အမှန်တကယ် ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။ ကျားဒုံရွှီ စိတ်ထဲတွင် မမျှမတ ခံစားရသည်မှာ မဆန်းတော့ချေ။
သူက ကျားဒုံရွှီ၏ ပုခုံးကို ပုတ်၍ နှစ်သိမ့်လိုက်၏။
" သူ ကံကောင်းသွားတာလည်း ဖြစ်နိုင်ပါတယ်.. မင်း နောက်နောင် ပိုပြီး ကြိုးစားရင် နောက်တစ်ကြိမ် စာမေးပွဲမှာ ကျိန်းသေပေါက် အောင်မြင်မှာပါ.. "
ကျားဒုံရွှီက တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်သော်လည်း သူ၏ မျက်လုံးများက ဝေဝါးနေပြီး ဘာတွေးနေသည်ကိုမူ မသိနိုင်ချေ။
သံသယ မျိုးစေ့တစ်စေ့ကို စိုက်ပျိုးပြီးသွားပါက ပြန်လည် နုတ်ပစ်ရန်မှာ လွယ်ကူလှသည် မဟုတ်ပေ။