အခန်း ၂၃၇
Vol. 23 Ch. 237
Chapter 237
~
အခန်း ၂၃၇ : ကလေး တစ်လပြည့်ပွဲ
~
အချိန်လဝက်ခန့်က မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့သည် ။
ရှီတိုးလေးသည် နောက်ဆုံးတွင် တစ်လပြည့်သွားပြီဖြစ်ရာ အပြင်သို့ ခေါ်ထုတ်သွား၍ ရလေပြီ ။
မနက်အစောပိုင်းတွင် ရန်ရွေ့ဟွားက အိမ်နီးချင်းများအား ကြွားလုံးထုတ်ရန် ရှီတိုးလေးကို ချီပြီး ထွက်သွားသည် ။
ယန်ကျီဝမ်သည် သူ့အမေ ထွက်သွားသည်နှင့် သူ့အိမ်ထဲသို့ ပြန်ဝင်လာ၏ ။
သူ အထဲသို့ ဝင်ဝင်ချင်းပင် ယွီလီအနီးသို့ ချက်ချင်းသွားလိုက်သည် ။
သူက ယွီလီ၏ ရင်ခွင်ထဲတွင် မျက်နှာအပ်ကာ....
" မိန်းမ.. နောက်ဆုံးတော့ မိန်းမကို ဖက်ထားလို့ ရပြီ.. ဒီရက်တွေ ကိုယ် ဘယ်လောက်တောင် မင်းကို လွမ်းနေရလဲ မင်း မသိပါဘူး... "
ယွီလီက ယန်ကျီဝမ်၏ ခေါင်းကို ပုတ်လိုက်ပြီး ရယ်ရခက် ငိုရခက်ဟန်ဖြင့်..
" တစ်လပဲ ရှိသေးတာလေ.. မသိတဲ့သူတွေဆိုရင် ကျွန်မတို့ တစ်ယောက်နဲ့တစ်ယောက် မတွေ့ရတာ နှစ်ချီနေပြီလို့ ထင်သွားကြအုံးမယ်.. "
ယန်ကျီဝမ်က မျက်နှာပြောင်တိုက်ကာ...
" ဂရုမစိုက်ဘူးကွာ.. တစ်ရက်လောက် ခွဲနေရတာက ဆောင်းရာသီ သုံးခုလောက် ကြာတယ် ဆိုတဲ့ စကားကို မင်း ကြားဖူးတယ်မလား.. ကိုယ်က ဆောင်းရာသီ အများကြီး ခွဲနေခဲ့ရပြီးပြီ.. ဘာပဲဖြစ်ဖြစ် ကိုယ် ဂရုမစိုက်ဘူး.. မင်း ကိုယ့်ကို လျော်ကြေးပေးရမယ်.. "
ယွီလီက ရယ်လိုက်ပြီး...
" ဟီးဟီး ...ဘာလျော်ကြေး လိုချင်တာလဲ ပြော.. "
"ဟင်းဟင်းဟင်း... မင်း သိသားနဲ့.. "
ယန်ကျီဝမ်က သူမကို အဓိပ္ပာယ်ပါပါ ပြုံးစိစိ ကြည့်လိုက်သည် ။
ယွီလီ၏ လှပသော မျက်နှာလေးက ရဲတက်သွားပြီး ငေါက်လိုက်သည် ။
" တော်တော့.. ကျွန်မ သက်သာလာတဲ့အထိ အရင်စောင့်အုံး.. "
" ကောင်းပါပြီဗျာ.. "
ယန်ကျီဝမ်သည် မိန်းမကို အလိုလိုက်သော ယောက်ျားတစ်ယောက်ဖြစ်၍ အတင်းအကျပ် မလုပ်သော်လည်း သူက ဆက်ပြောသည် ။
" ဘာမှ လုပ်လို့ မရသေးရင်တောင်မှ ကိုယ် မင်းနဲ့ အတူတူ အိပ်ချင်တယ်.. "
ယွီလီက ပြုံး၍...
" အဲ့ဒါ ကျွန်မကို လာပြောနေလို့ မရဘူး.. မေမေ့ကို သွားပြောမှ ရမယ်.. "
ယန်ကျီဝမ်က စိတ်ပျက်လက်ပျက်ဖြင့်...
" ရှီတိုးက တစ်လပြည့်သွားပြီလေ.. သူ့ကို ပုခက်ထဲမှာပဲ သိပ်လိုက်ပါ.. သူ ငိုရင် ကိုယ်ထပြီး ချော့သိပ်ပေးမယ်.. "
" ရှင် ကိုယ်တိုင်ပဲ အမေ့ကို သွားပြောလိုက်.. "
ယွီလီက ထိုစကားကိုသာ ထပ်တလဲလဲ ပြောနေပြီး အလျှော့မပေးပေ ။
သူမက သဘောမတူလို၍ မဟုတ်ဘဲ အဓိက အကြောင်းရင်းမှာ ရန်ရွေ့ဟွားက သဘောတူမည် မဟုတ်သောကြောင့် ဖြစ်သည် ။ သူမက မြေးဖြစ်သူကို ကိုယ်တိုင်ကိုယ်ကျ စောင့်ရှောက်ရန်သာ တင်းခံနေလေ၏ ။
...
ညစာစားချိန်တွင် ...
ယန်မိသားစု တစ်စုလုံး ရှားရှားပါးပါး စုံလင်စွာ စုရုံးနေကြသည် ။
ရန်ရွေ့ဟွားက ရှီတိုးလေးကို ချီထားပြီး ဂျုံမှုန့်အနှစ်များ ခွံ့ကျွေးနေ၏ ။
ယန်ကျီဝမ်က စကားစလိုက်သည် ။
" မေမေ.. ရှီတိုးလေးက အခုဆို တစ်လပြည့်သွားပြီဆိုတော့ သား ပြန်လာအိပ်လို့ ရလောက်ပြီ.. "
ရန်ရွေ့ဟွားက မော့မကြည့်ဘဲ ချက်ချင်း ငြင်းလိုက်သည် ။
" မရဘူး.. ငါ့မြေးလေးက ငယ်သေးတယ်.. ငါ မပါဘဲ သူ မနေတတ်သေးဘူး.. "
ယန်ကျီဝမ်က အကူအညီမဲ့ဟန်ဖြင့်...
" ရှီတိုးကို ပုခက်ထဲမှာပဲ သိပ်လိုက်ပါ အမေရယ်.. သူ ငိုလာရင် သား ထပြီး ချော့သိပ်ပေးမှာပေါ့.. "
"......"
ရန်ရွေ့ဟွားက နှုတ်ဆိတ်နေဆဲပင် ။
ယန်ကျီဝမ်က ဆက်ပြောသည် ။
" ဒါမှမဟုတ်ရင်လည်း အမေနဲ့ အဖေက ရှီတိုးနဲ့ အတူတူ အပ်လိုက်လေ.. သူ နို့ဆာလာတဲ့အခါကျမှ အမေ လာတိုက်လို့ ရတာပဲ.. "
ရန်ရွေ့ဟွားက မကျေမနပ်ဖြင့်...
" အဲ့ဒါက အလုပ်ပိုရှုပ်တယ်.. ညသန်းခေါင်ကြီး ငါ့မြေးကို ဟိုဘက်ဒီဘက် လိုက်ရွှေ့နေရရင် သူ အအေးပတ်သွားမှာပေါ့ မကောင်းပါဘူး.. "
သူ့အမေက လုံးဝ အလျှော့မပေးသည်ကို မြင်လျှင် ယန်ကျီဝမ်က ယန်ဖူကွေ့ကိုသာ အသနားခံသော အကြည့်ဖြင့် ကြည့်လိုက်တော့သည် ။
ယန်ဖူကွေ့က ပြုံး၍...
" ကဲပါ မိန်းမရာ.. မင်းက မင်းမြေးကို အလိုလိုက်မှန်း ငါ သိပါတယ်.. ဒါပေမဲ့ သူတို့ကလည်း လင်မယားတွေလေ.. မီးတွင်းထဲမှာမို့လို့ မင်းက ပြုစုစောင့်ရှောက်ပေးဖို့ လိုအပ်တာကို နားလည်ပေးလို့ ရပေမဲ့ ကလေးတွေကို အမြဲတမ်း အတူတူ မနေရအောင် တားဆီးထားလို့မှ မဖြစ်တာ.. "
ရန်ရွေ့ဟွားက နှုတ်ခမ်းစူကာ...
" ရှီတိုး နို့ဖြတ်တဲ့အထိ စောင့်လိုက်ပါအုံးလား.. "
ယန်ကျီဝမ်၏ မျက်နှာအမူအရာက ချက်ချင်းပင် ပြောင်းလဲသွားသည် ။
' နို့ဖြတ်တဲ့အထိ.. '
' အဲ့ဒါဆို နောက်ထပ် ခုနစ်လ ရှစ်လလောက်တောင် စောင့်ရအုံးမှာ.. '
' ငါ ဘယ်လို အသက်ရှင်ရပါ့မလဲ.. '
ယန်ဖူကွေ့က ရယ်လိုက်ပြီး...
"ဟားဟား.. ကဲပါ မိန်းမရာ.. ဒုတိယသား ဘယ်လောက် လန့်သွားလဲ ကြည့်ပါအုံး.. သူ ပြောတဲ့အတိုင်းပဲ လုပ်လိုက်ပါ.. မင်း နေ့ဘက်ကျမှ သွားပြီး ပြုစုစောင့်ရှောက်ပေးလိုက်ပေါ့.. "
ရန်ရွေ့ဟွား၏ မျက်နှာက မလိုလားမှုများဖြင့် ပြည့်နှက်နေသည် ။
သို့သော် သူမ ငြင်းဆန်ခြင်း မပြုတော့ပေ ။ ဤသည်က တိတ်တဆိတ် သဘောတူလိုက်သည့် သဘောပင် ။
ထိုသည်ကို မြင်မှသာ ယန်ကျီဝမ် သက်ပြင်းချနိုင်တော့သည် ။
ထို့နောက် ယန်ဖူကွေ့က ထပ်မေးသည် ။
" ဒုတိယသား... ဒီ ကလေးတစ်လပြည့်ပွဲကို မင်း ဘယ်လို စီစဥ်ထားလဲ ပြောစမ်းပါအုံး.. "
ယန်ကျီဝမ် လန့်သွားပြီး...
" အဖေ.. အခုလို အချိန်အခါမျိုးမှာ ဒီပွဲကို မလုပ်ဘဲ နေလိုက်ရအောင်လေ.. "
" မရဘူး.. အဲ့လိုလုပ်လို့ မဖြစ်ဘူး.. ဒါက ယန်မိသားစုရဲ့ ပထမဆုံး မြေးလေးလေ.. ဒါကြောင့် မဖြစ်မနေ ပွဲလုပ်ရမယ်.. "
ယန်ဖူကွေ့ စကားမပြောနိုင်ခင်မှာပင် ရန်ရွေ့ဟွားက ဖြတ်ပြောလိုက်သည် ။
မိန်းကလေးသာဆိုလျှင် ပွဲမလုပ်ဘဲ နေ၍ ရနိုင်သော်လည်း မြေးယောကျ်ားလေး ဖြစ်နေ၍ သေချာပေါက် ပွဲလုပ်ပေးရမည် ဖြစ်သည် ။
ယန်ဖူကွေ့ကလည်း သဘောတူကာ...
" မင်းအမေ ပြောတာ မှန်တယ်.. သေချာပေါက် ပွဲလုပ်ပေးဖို့ လိုတယ်.. ဒါပေမဲ့ ကြီးကြီးကျယ်ကျယ် လုပ်ဖို့တော့ မလိုပါဘူး.. ဆွေမျိုးနီးစပ်တချို့ကိုပဲ ဖိတ်လိုက်ပေါ့.. ဒုတိယသား မင်း သဘောကရော.. "
" အဖေတို့က ဒီလောက်ထိ ပြောနေမှတော့ ကျွန်တော် ဘယ်လို ငြင်းနိုင်တော့မှာလဲ ... "
ယန်ကျီဝမ်က ပခုံးတွန့်ကာ အကူအညီမဲ့ဟန်ဖြင့် ပြောလိုက်သည် ။
သူ ပွဲမလုပ်ချင်၍ မဟုတ်ဘဲ အပြင်လူများ အတင်းအဖျင်း ပြောကြမည်ကို စိုးရိမ်နေခြင်းသာ ဖြစ်သည် ။
ညစာစားပြီးနောက် ....
ယန်ဖူကွေ့နှင့် ယန်ကျီဝမ်တို့က တစ်လပြည့်ပွဲ ကိစ္စကို စတင် တိုင်ပင်ကြသည် ။
သန်ဘက်ခါတွင် ပွဲလုပ်ရန် သူတို့ ဆုံးဖြတ်လိုက်ကြ၏ ။
သူတို့က အဖေယွီတို့ မိသားစု၊ အဘိုးဝမ်နှင့် အဘွားလင်း၊ မော်ရှောင်ဖန်းနှင့် သူမ၏ အမျိုးသားအပြင် တပည့်ဖြစ်သူ မာဟွာတို့ကိုသာ ဖိတ်ကြားခဲ့သည် ။
...
ကလေးတစ်လပြည့်ပွဲနေ့တွင် ယန်မိသားစုအိမ်လေးက အလွန် သက်ဝင်လှုပ်ရှားနေသည် ။
မနက်အစောပိုင်းတွင် ယန်ကျီဝမ်က မီးဖိုချောင်ထဲသို့ ဝင်သွားသည် ။ ဤကဲ့သို့ ဝမ်းမြောက်စရာ နေ့မျိုးတွင် သူ ကိုယ်တိုင် ဟင်းချက်ရမည်မှာ သဘာဝပင် ။
ယွီလီသည်လည်း မီးတွင်းထွက်ပြီဖြစ်၍ မီးဖိုချောင်ထဲဝင်ကာ ကူညီပေးရန် အတင်းအကြပ် ပြောနေသည် ။
ယန်ကျီဝမ်သာ သဘောတူ ပါက သူမ လမ်းရုံးသို့ပင် အလုပ်ပြန်ဆင်းချင်နေလေပြီ ။
သို့သော် ယွီလီက အိမ်မှာ မနေတတ်ဟု အမြဲ ညည်းတွားနေတတ်သဖြင့် ယန်ကျီဝမ် ရွေးချယ်စရာမရှိဘဲ နောက်ထပ် နှစ်လနေလျှင် သူမကို အလုပ်ပြန်ဆင်းရန် သဘောတူလိုက်ရသည် ။
ရှီတိုးလေးကို ပြုစုစောင့်ရှောက်ရန် အဘွားဖြစ်သူ ရန်ရွေ့ဟွား ရှိနေသဖြင့် သူတို့ စိတ်ပူစရာ မလိုပေ ။
ယွီလီ အိမ်မှာမရှိချိန်တွင် ကလေးကို နို့မှုန့်ဖျော်တိုက်ထား၍ ရသည် ။
နေ့လယ်ခင်းသို့ ရောက်သောအခါ ဟင်းလျာများ အဆင်သင့် ဖြစ်သွားသည် ။
ဧည့်သည်များလည်း တစ်ယောက်ပြီး တစ်ယောက် ရောက်လာကြ၏ ။
ပထမဆုံး ရောက်လာသူများက အဖေယွီတို့ မိသားစုပင် ။
အမေယွီက ယန်မိသားစုအိမ်တံခါးဝသို့ ဝင်ဝင်ချင်းပင် လှမ်းအော်လိုက်သည် ။
" ငါ့မြေးလေးကို ခေါ်ခဲ့ပါအုံး.. အဘွားကို ပေးချီစမ်းပါအုံး.. "
အဖေယွီ၊ ယွီဟိုက်တန်နှင့် ယွီလျန်တို့က အနောက်မှ လိုက်လာကြပြီး အားလုံး၏ မျက်နှာပေါ်တွင် အပြုံးများ ရှိနေကြ၏ ။
ယန်ကျီဝမ်နှင့် ယွီလီတို့ ဇနီးမောင်နှံက သူတို့ကို တံခါးဝမှ ဆီးကြိုနှုတ်ဆက်ကြသည် ။
" အဖေ.. အမေ.. ရောက်လာကြပြီပဲ.. အစားအသောက်တွေလည်း အဆင်သင့် ဖြစ်နေပြီ.. အထဲမြန်မြန်ဝင်ပြီး ထိုင်ကြပါအုံး.. "
ယန်ကျီဝမ်က သူတို့ကို နွေးထွေးစွာ ကြိုဆိုနှုတ်ဆက်လိုက်သည် ။
သို့သော် အမေယွီက ယွီလီကို တိုက်ရိုက် မေးလိုက်သည် ။
" လီလီ.. ရှီတိုးလေးကို ပြပါအုံး.. "
အမေယွီသည် ယွီလီ မီးတွင်းထဲတွင် ရှိစဥ်က လာရောက်ကြည့်ရှုခဲ့ပြီး ဖြစ်သော်လည်း ခဏတဖြုတ် မတွေ့ရသည်နှင့်ပင် ကလေးကို အလွန် လွမ်းဆွတ်နေခဲ့သည် ။
ယန်ကျီဝမ်နှင့် ယွီလီတို့က သူမကို အလုပ်မရှုပ်စေချင်၍သာ ဖြစ်ပြီး ယွီမိသားစုဘက်တွင်လည်း ပြုစုစောင့်ရှောက်ရန် ယွီဟိုက်တန်နှင့် ယွီလျန်တို့ ရှိသေး၏ ။သို့မဟုတ်လျှင် အမေယွီက ယွီလီနှင့် ရှီတိုးကို လာရောက် ပြုစုစောင့်ရှောက်ပေးရန် စီစဥ်ထားပြီး ဖြစ်သည် ။
ယွီလီက ပြုံး၍...
" သူ့အဘွားက အထဲမှာ ချီထားတယ် .. "
ထိုစကားကို ကြားသည်နှင့် အမေယွီက အထဲသို့ ဝင်သွားသည် ။
" သမီးလည်း တူလေးကို သွားကြည့်ချင်တယ်.. "
ယွီဟိုက်တန်နှင့် ယွီလျန်တို့ကလည်း အထဲသို့ လိုက်ဝင်သွားကြ၏ ။
အိမ်ထဲရှိ အုတ်ကုတင်အနီးတွင် ထိုင်နေသော ယန်ဖူကွေ့က အဖေယွီကို လက်ယပ်ခေါ်လိုက်သည် ။
" လောင်ယွီ.. ရေနွေးကြမ်း အရင်လာသောက်ပါအုံး.. "
အဖေယွီက ပြုံးကာ လျှောက်သွားလိုက်သည် ။
မကြာမီပင် မာဟွာလည်း ရောက်လာသည် ။
" ဂုဏ်ယူပါတယ် ဆရာ.. ဒါက ဆရာ့သားလေးအတွက် ကျွန်တော့်ရဲ့ စေတနာ အနည်းအကျဥ်းပါ.. ဆရာ ငြင်းမှာ မဟုတ်ဘူးလို့ မျှော်လင့်ပါတယ်.. "
မာဟွာက အနီရောင်စာအိတ်တစ်အိတ်ကို ကမ်းပေးရင်း ပြောလိုက်သည် ။
ယန်ကျီဝမ်က စာအိတ်ကို ယူလိုက်ပြီး ငေါက်လိုက်သည် ။
" မင်းက အရမ်း အားနာတတ်တုန်းပဲ.. နောက်တစ်ခါကျရင် ဒီလိုမျိုး ထပ်မလုပ်နဲ့.. "
"ဟီးဟီး.."
မာဟွာက ရှက်ရွံ့စွာပင် ရယ်လိုက်သည် ။
နောက်တစ်ကြိမ်တွင်လည်း သူ လက်ဗလာနှင့် လာမည်မဟုတ်ပေ ။
ယန်ကျီဝမ်က သူ၏ ကျေးဇူးရှင်ဖြစ်သည် ။ ယန်ကျီဝမ်သာ မရှိခဲ့လျှင် သူ၏ ယနေ့ အောင်မြင်မှုများ ရှိလာမည် မဟုတ်ချေ ။
ယခုဆိုလျှင် သူက ခေါင်းဆောင်စားဖိုမှူးတစ်ယောက်ပင် ဖြစ်နေလေပြီ ။
သူ၏ လစာမှာ ရှာကျူးနှင့် တူညီပြီး ၃၅ ဒသမ ၅ ယွမ် ဖြစ်သည် ။
စက်ရုံ အများသုံး အိုးကြီးများအတွက် ချက်ပြုတ်ပြီးနောက် သူက သီးသန့် ဟင်းပွဲငယ်များအတွက်ပါ စတင် ချက်ပြုတ်နေရသည် ။
သို့သော် သူ ဟင်းလျာမျိုးစုံကို လုံလောက်အောင် မသင်ယူရသေးပေ ။ ရိုးရှင်းသော ဟင်းလျာများအတွက် အဆင်ပြေသော်လည်း ခက်ခဲသော ဟင်းပွဲများအတွက်မူ ယန်ကျီဝမ်၏ လမ်းညွှန်မှုကို လိုအပ်နေဆဲပင် ။
သို့တိုင် သူ အလွန် ကျေနပ်နေသည် ။
ထို့နောက် မော်ရှောင်ဖန်းနှင့် သူမ၏ အမျိုးသားတို့လည်း ရောက်လာကြသည် ။
မော်ရှောင်ဖန်းက ကြက်ဥများပါသော အိတ်တစ်အိတ်ကို ကမ်းပေးကာ ပြုံး၍...
" အစ်မလီနဲ့ အစ်ကိုယန်.. ဒါတွေက ကျွန်မတို့ အိမ်က ကြက်တွေ ဥထားတဲ့ ကြက်ဥတွေပါ.. ရှီတိုးလေး အားရှိအောင် ယူလာခဲ့တာ.. "
ယွီလီက ကြက်ဥများကို ယူကာ ပြုံးလိုက်ပြီး...
" ရှောင်ဖန်း.. နင် ဒီလိုမျိုး လုပ်စရာ မလိုပါဘူး.. နင်တို့ ရောက်လာတာနဲ့တင် လုံလောက်နေပါပြီ.. တကူးတကကြီး ယူလာစရာ မလိုပါဘူး.. "
" ရပါတယ် အစ်မရယ်.. "
မော်ရှောင်ဖန်းက ပြုံး၍ ဆက်ပြောသည် ။
" အစ်မလီ.. ကျွန်မ ရှီတိုးလေးကို သွားကြည့်ချင်တယ်.. "
" အေးအေး.. လာ အစ်မ ခေါ်သွားပေးမယ်.. "
ထိုသို့ပြောပြီးနောက် ယွီလီက မော်ရှောင်ဖန်းကို အိမ်ထဲသို့ ခေါ်သွားလေသည် ။