အခန်း ၄၄၈
Vol. 38 Ch. 448
အခန်း (၄၄၈)
"မင်း... မင်းက ငါ သိုဝှက်ထားတဲ့ နေရာကို ရှာတွေ့ဖို့ နေ့ခင်းဘက် အလင်းရောင်ကို အသုံးပြုချင်တာလား..."
ကျားအိုက်စေ့က ဤပလက်ဖောင်းကို ရှင်းလင်းနိုင်မည့် အစစ်အမှန် နည်းဗျူဟာကို ထိန်းချုပ်မရစွာဖြင့် ဗြုန်းခနဲ ထုတ်ဖော် ပြောဆိုလိုက်လေ၏။
အစမှ အဆုံးတိုင်အောင် အလွန်အမင်း အသေးစိတ်ကျလွန်းလှပေသည်။
လိုဏ်ခေါင်းအတွင်းသို့ မည်သို့ ဝင်ရောက်ရမည်၊ ရထားကြီးကို မည်သို့ ရှာဖွေရမည် စသည့် အချက်များကိုပင် ရှင်းပြသွားခဲ့သည်။
နောက်ဆုံး စကားလုံးကို ပြောဆို ပြီးဆုံးသွားသည့် အချိန်ရောက်မှသာ သူ၏ ပုံမှန် အခြေအနေဆီသို့ ပြန်လည် ရောက်ရှိသွားခဲ့တော့၏။
"မင်း..."
"ကဲ... ကဲ၊ မေးခွန်းတွေလည်း ဖြေပြီးသွားပြီ ဆိုတော့ ဒီမှတ်တိုင်ကို အဆုံးသတ်ဖို့ အချိန်တန်ပြီ"
"ဘာ..."
ဖြောင်း...
ကြည်လင် ပြတ်သားသော လက်ဖျောက်သံ တစ်ချက်က လေဟာနယ် နေရာလွတ်အတွင်း ပဲ့တင်ထပ်သွား၏။
လက်နက်တပ်ဆင်မှု နေရာလွတ် ကျယ်ပြန့်လာပြီး လီဆက်က စကတ်စွန်းကို မ,ကာ ညင်သာစွာ ဦးညွှတ် အရိုအသေပေးလျက် ထိုအထဲသို့ နစ်မြုပ် ဝင်ရောက်သွားခဲ့သည်။
ယခုအခါ ရန်းလန်းရွာ ဟု အမည်ရသော ဤရွာလေးအတွင်း၌ ဖြစ်တည်မှု နှစ်ခုတည်းသာ ကျန်ရစ်တော့၏။
ကျားအိုက်စေ့နှင့် ရဲချီယန်တို့ပင် ဖြစ်ချေသည်။
ရဲချီယန်က လက်နှစ်ချောင်းကို ဆန့်ထုတ်လိုက်ပြီး တက်ကြွ ပျော်ရွှင်သော နှုတ်ဆက် ဟန်ပန်ကို ပြသလိုက်၏။
"သွားတော့မယ်... မကြာခင် ပြန်တွေ့ကြတာပေါ့၊ တာ့တာ..."
မှောင်မိုက်သော ရွှေရောင် အလင်းတန်းတစ်ခုက နတ်ဆိုးအလင်းကွင်း၏ အလယ်ဗဟို၌ ချိတ်ဆွဲ ထင်ကျန်နေသည်။
【ဘုရားစူး ကတ်ပြား · နေရာရွှေ့ပြောင်းအမှတ်အသား】
【စတင်ရွှေ့ပြောင်းမယ်】
ဗလုံ... ဗလုံ...
နစ်မြုပ်သွားခြင်းပင်။
ရင်းနှီးနေပြီးသား ဖြစ်သော ကိုယ်အလေးချိန် ကင်းမဲ့မှု ခံစားချက်က သူ့ထံ ရိုက်ခတ်လာခဲ့၏။
ရဲချီယန်သည် အေးစက်သော်လည်း နွေးထွေးနေဆဲ ဖြစ်သည့် မှောင်မိုက်သော ချောက်နက်ကြီးထဲသို့ ကျဆင်း နစ်မြုပ်သွားခဲ့လေသည်။
မွန်မြတ် နက်နဲသော တီးတိုး ရေရွတ်သံများက သူ၏ နားထဲတွင် ပဲ့တင်ထပ်နေ၏။
မျက်လုံးများကို ပြန်လည် ဖွင့်ကြည့်လိုက်သောအခါ၊
သူ၏ အနက်ရောင် မျက်ဝန်းများက မြင်တွေ့လိုက်ရသည်မှာ သူ အလွန်အမင်း ရင်းနှီး ကျွမ်းဝင်နေသည့် မြင်ကွင်းတစ်ခု ဖြစ်သော ရထား၏ ပထမဆုံး တွဲဖြစ်သည့် စက်ခေါင်းတွဲကြီးပင် ဖြစ်တော့သည်။
ဤနေရာကား လိုဏ်ခေါင်းကြီး အတွင်း၌ ဖြစ်၏။
သို့သော်လည်း အရင်လိုဏ်ခေါင်းနှင့်တော့ အပြည့်အဝ တူညီမနေခဲ့ချေ။
ရထားကြီးမှာ ဤနေရာ၌ ရပ်တန့်နေပြီး ပတ်ဝန်းကျင် တစ်ခုလုံးကလည်း ထိုးဖောက် ဝင်ရောက်၍ မရနိုင်လောက်အောင် ထူထဲသော အမှောင်ထုဖြင့် ပြည့်နှက်နေခဲ့သည်။
"လီဆက်"
စက်ရုပ် အိမ်စေမလေးက လက်နက်တပ်ဆင်မှု နေရာလွတ်ထဲမှ ပြန်လည် ထွက်ပေါ်လာခဲ့သည်။
သူမက ကျက်သရေရှိသော ကိုယ်ဟန်အနေအထားကို ထိန်းသိမ်းထားပြီး လှပသည့် မျက်ဝန်းများထဲတွင် ရဲချီယန်၏ ပုံရိပ် တစ်ခုတည်းကိုသာ ထင်ဟပ်လျက် ရှိနေ၏။
"အရှိန်မြှင့်တင်ဖို့ အချိန်တန်ပြီ"
အမိန့်တစ်ရပ် ချမှတ်လိုက်လေသည်။
အချိန်စက်ယန္တရား လက်နက်ကိရိယာ ဖြန့်ကျက် ထွက်ပေါ်လာ၏။
မိနစ်နှင့် စက္ကန့် လက်တံများမှာ မှေးမှိန် အရောင်ကင်းမဲ့နေသော်လည်း နာရီလက်တံကမူ ပုံမှန်ထက် ပိုမို စူးရှစွာ တောက်ပနေခဲ့သည်။
တြိ... တြိ... တြိ... တြိ...။
နာရီလက်တံက စတင် လည်ပတ်လာလေ၏။
ဤလိုဏ်ခေါင်းအတွင်းရှိ အမှောင်ထုကြီးမှာ နာရီလက်တံ လည်ပတ်မှုနှင့်အတူ တကယ်ကြီး တဖြည်းဖြည်း လွင့်စင် ကွယ်ပျောက်လာခဲ့တော့သည်။
ဘာကြောင့် ဤနေရာ၌ အလင်းရောင် ကင်းမဲ့နေခဲ့ရသနည်း။
အဘယ့်ကြောင့်ဆိုသော် ဤနေရာရှိ အချိန်စီးဆင်းမှုမှာ ဘူတာရုံကမ္ဘာ၏ အမြင့်ဆုံး ကန့်သတ်ချက်အထိ နှေးကွေး တန့်ရပ်နေသောကြောင့် ပေတည်း။
သို့သော်လည်း အချိန်စီးဆင်းမှု အရှိန်အဟုန်က ပုံမှန် အခြေအနေတစ်ခုဆီသို့ ပြန်လည် မြန်ဆန်လာသည့် အခါတွင်မူ၊
အလင်းရောင်သည် ဤရှည်လျားသော လိုဏ်ခေါင်းကြီးအတွင်းသို့ နောက်တစ်ကြိမ် ပြန်လည် ဖြာကျ ထိုးထွင်းလာနိုင်ခဲ့ချေပြီ။
【သန့်စင်သော မြေစွဲကျောက်တုံး】၏ အလင်းရောင်က ရုတ်တရက် ထိန်လင်း တောက်ပသွားပြီး လိုဏ်ခေါင်းအတွင်းမှ အမှောင်ထုကို တစ်ခဏချင်းမှာပင် မောင်းထုတ် ရှင်းလင်းသွားခဲ့သည်။
ရဲချီယန်၏ မျက်လုံးများက ဦးတည်ချက် တစ်နေရာဆီသို့ စိုက်ကြည့်လိုက်၏။
အပေါ်ဘက် တည့်တည့်ရှိ ပြောင်းပြန် တွဲလောင်းကျနေသော စက်လုံးပုံသဏ္ဌာန် အရာဝတ္ထုတစ်ခု၏ အတွင်း၌ မျက်လုံးတစ်လုံးတည်းပါ သတ္တဝါတစ်ကောင် ရှိနေခဲ့သည်။
"မုန်းစရာကောင်းတဲ့ လူသား၊ မင်းက ငါ့ဂိမ်းကို ဖျက်ဆီးပစ်လိုက်တာပဲ"
"ငါ မင်းကို သတ်မယ်"
မျက်လုံးတစ်လုံးတည်းပါ သတ္တဝါ၏ အသံမှာ ကျားအိုက်စေ့ကို ပူးကပ်ထားစဉ်ကထက်ပင် ပိုမို စူးရှ နားခါးဖွယ် ကောင်းနေခဲ့၏။
၎င်းက တစ်ခုခုကို မရပ်မနား ထိန်းချုပ် လှုပ်ရှားနေပြီး ဤနေရာလွတ်အတွင်းရှိ အချိန်ကို ဆက်လက် နှေးကွေးစေရန် ကြိုးစားနေခဲ့သည်။ ၎င်းကား သူ၏ တစ်ခုတည်းနှင့် နောက်ဆုံးသော နည်းလမ်းပင် ဖြစ်၏။
သို့သော်လည်း အလကားပင် ဖြစ်ချေသည်။
လီဆက်၏ နာရီလက်တံမှာ ပိုမို လျင်မြန်စွာ လည်ပတ်လာပြီး ဤနေရာလွတ်၏ အချိန်စီးဆင်းမှုက ပုံမှန် အခြေအနေတစ်ခု၌ တည်ငြိမ် သွားခဲ့တော့သည်။
"အီဗ်"
အမိန့် ပေးလိုက်၏။
"သတ်လိုက်တော့"
ထာဝရ ဖြတ်တောက်သူက လေဟာနယ် နေရာလွတ်အတွင်း တောက်ပသော ကြယ်ရောင် စီးကြောင်းများကို ပိုင်းဖြတ် ရေးဆွဲသွားခဲ့သည်။
တစ်ချက်၊ နှစ်ချက်...။
ရေတွက်၍မရနိုင်လောက်အောင် များပြားလှသော ကြယ်ရောင် အလင်းတန်းများမှာ မျက်လုံးတစ်လုံးတည်းပါ မကောင်းဆိုးဝါး၏ ခန္ဓာကိုယ်ထက်၌ ကျန်ရစ်နေခဲ့၏။
ထပ်မံ၍ မည်သည့် အသံမျှ ထွက်ပေါ်မလာတော့ချေ။ အဘယ့်ကြောင့်ဆိုသော် ၎င်းကား အီဗ်၏ အပိုင်းပိုင်းအစစ ခုတ်ထစ် ဖြတ်တောက်ခြင်းကို ခံလိုက်ရပြီ ဖြစ်သောကြောင့် ပေတည်း။
သတ်ဖြတ်မှု ပြီးဆုံးသွားပြီး အလုပ် စင်ကြယ်စွာ ပြီးမြောက်သွားခဲ့ပြီ ဖြစ်သည်။ ဤမှတ်တိုင်၌ အန္တရာယ်ရှိသော မကောင်းဆိုးဝါးများ တကယ်ကြီး မရှိခဲ့ချေ။
အန္တရာယ် ဆိုသည်မှာ ဤဂိမ်း၏ စည်းမျဉ်းများကို မည်သို့ ချိုးဖောက် ဖျက်ဆီးရမည် ဆိုသည့် အချက်အပေါ်၌သာ အပြည့်အဝ တည်ရှိနေခဲ့ခြင်း ဖြစ်၏။
ထို့ကြောင့်ပင် စနစ်၏ အန္တရာယ် သတိပေးချက်က မေးခွန်းထုတ်ရာ သင်္ကေတတစ်ခုအဖြစ် ပြသနေခဲ့ခြင်း ဖြစ်ပေသည်။
အမှန်စင်စစ် ဤမှတ်တိုင်မှာ အန္တရာယ် လုံးဝ ကင်းမဲ့သည်ဟုပင် သတ်မှတ်၍ ရနိုင်သောကြောင့် ဖြစ်လတ္တံ့။
ရဲချီယန် ဒုက္ခပေါင်း များစွာ ကြုံတွေ့ခဲ့ရခြင်း၏ အကြောင်းရင်းမှာ သူက ပြီးခဲ့သည့် ရက်ပိုင်းများအတွင်း ဤဂိမ်းထဲမှ ရွာသားများကို အကြိမ် သုံးဆယ့်ခုနစ်ကြိမ်တိုင်တိုင် သတ်ဖြတ်ပြီး ဂိမ်းကို ဒုတိယအဆင့်ဆီသို့ အတင်းအကျပ် တွန်းပို့ခဲ့ခြင်းကြောင့်သာ ဖြစ်၏။
၎င်းက မျက်လုံးတစ်လုံးတည်းပါ မကောင်းဆိုးဝါး၏ စီမံကိန်းများကို ကမောက်ကမ ဖြစ်သွားစေခဲ့သည်။
၎င်း၏ စည်းဝါး အရှိန်အဟုန်ကိုလည်း ဖရိုဖရဲ ဖြစ်သွားစေခဲ့ပေသည်။
ထို့ကြောင့် ကူကယ်ရာမဲ့စွာဖြင့် ရဲချီယန်၏ ကိုယ်စားပြုမှုကို ဝံပုလွေတစ်ကောင်အဖြစ် ပြောင်းလဲပစ်ခဲ့ရခြင်း ဖြစ်၏။
၎င်းက အားဖြည့် မြှင့်တင်ခံထားရသော ထိုရွာသားများ၏ စွမ်းအားကို အသုံးပြုပြီး ဤမှတ်တိုင်၏ စည်းမျဉ်းများအတိုင်း ရဲချီယန်ကို သတ်ဖြတ်လိုခဲ့သည်။
ကံမကောင်းစွာဖြင့်ပင် ၎င်းက ရဲချီယန်ကို အထင်သေးလွန်းသွားခဲ့၏။
ကျီးကန်းနတ်ဆိုး၏ သေဆုံးခြင်း သဘောတရား ပေးအပ်နိုင်သော စွမ်းရည်ကြောင့် မျက်လုံးတစ်လုံးတည်းပါ မကောင်းဆိုးဝါး၏ စီမံကိန်းမှာ နောက်တစ်ကြိမ် ထပ်မံ ကျရှုံးသွားခဲ့ရချေပြီ။
"ဒါက ဘာကြီးလဲ"
အီဗ်က မျက်လုံးတစ်လုံးတည်းပါ မကောင်းဆိုးဝါးကို အပြီးသတ် ရှင်းလင်းပြီးသည့်နောက် ၎င်း၏ အလောင်းအနီးမှ ဘဲဥပုံ စက်လုံးငယ်လေး တစ်လုံးကို ယူဆောင်လာခဲ့သည်။
အကဲဖြတ်မှု စတင် လည်ပတ်သွား၏။
【စည်းမျဉ်းပဲ့တင်သံ · ဝံပုလွေ (အဆင့် ၉)】
【ဤကုန်ကြမ်းကို အတွင်းပိုင်း လှုပ်ရှားနေတဲ့ ရထား ကိုယ်ထည် တစ်ခု ဖန်တီးရန် အသုံးပြုနိုင်ပါသည်】
【ဖန်တီးပြီးစီးသွားသော လှုပ်ရှားနေတဲ့ ရထား ကိုယ်ထည်က ထိုရထားတွဲအပေါ် လူ-ဝံပုလွေ ရွာ၏ စည်းမျဉ်းများကို ပေးအပ်မည် ဖြစ်ပြီး ပတ်ဝန်းကျင်ကို ရန်းလန်းရွာ အဖြစ် ပြောင်းလဲသွားစေမည် ဖြစ်သည်】
【မှတ်ချက်။ ဤအရာဝတ္ထုမှာ လူသားများကို ညှဉ်းပန်း နှိပ်စက်ရန် သီးသန့်ရည်ရွယ်၍ အချိန် နတ်ဘုရားနှင့် ဂိမ်း နတ်ဘုရားတို့ ပူးပေါင်း ဖန်တီးထားခြင်း ဖြစ်သည်။ ၎င်းကား လူတို့က ကိုယ်ပိုင် မှတ်ဉာဏ်များကို ထိန်းသိမ်းထားရင်း သံသရာလည်ခြင်း နှင့် ပြန်လည်အစပြုခြင်း တို့ကို မရပ်မနား ဖြတ်သန်း ကြုံတွေ့ကာ စည်းမျဉ်းများ၏ ဖိအားပေးမှုကြောင့် အချင်းချင်း သတ်ဖြတ်ရမည့် ဂိမ်းကမ္ဘာတစ်ခု ဖြစ်သည်】
【မှတ်ချက် (၂) ။ အချိန် နတ်ဘုရားမှာ သေဆုံးသွားခဲ့ပြီ ဖြစ်ရာ သံသရာလည်ခြင်း ဟူသည် မျက်လှည့်လှည့်စားမှု တစ်ခုသာ ဖြစ်ပြီး မည်သည့်အရာကမျှ အတိတ်သို့ ပြန်လည် မရောက်ရှိနိုင်တော့ပါ】
【မှတ်ချက် (၃) ။ ယုတ်မာသူ၏ အမွေအနှစ်】
"တကယ်ကြီး အချိန် နတ်ဘုရားရဲ့ ပစ္စည်း ဖြစ်နေတာပဲ..."
"ပြီးခဲ့တဲ့ မှတ်တိုင်မှာ အချိန် နတ်ဘုရားရဲ့ အရိုးတွေကို ကုန်ကြမ်းအဖြစ် သုံးထားတဲ့ ကျုံမော့ကျင်းနဲ့ တွေ့ခဲ့ရပြီး ဒီမှတ်တိုင်မှာလည်း ဒီလိုနေရာမျိုးနဲ့ ထပ်ဆုံရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး"
"အချိန် နတ်ဘုရားရဲ့ နောက်ထပ် အကြွင်းအကျန် တစ်ခုလား... လှုပ်ရှားနေတဲ့ ရထား ကိုယ်ထည် ဖန်တီးဖို့တဲ့လား"
"မဆိုးပါဘူး"
အရင် အတွေ့အကြုံများအရ ဤအရာကို လှုပ်ရှားနေတဲ့ ရထား ကိုယ်ထည် တစ်ခုအဖြစ် ဖန်တီးလိုက်နိုင်မည် ဆိုပါက၊
ဤကိုယ်ထည်ကို တပ်ဆင်လိုက်သည့် ရထားတွဲမှာ မရဏလမင်း ဥယျာဉ် ကဲ့သို့သော ကမ္ဘာငယ်လေး တစ်ခုအဖြစ် ပြောင်းလဲသွားဖို့ အလားအလာ အလွန် များပြားပေသည်။
ထိုအချိန်ကျလျှင်... သူက အခြားသူများကို ထိုးထည့်ကာ အထဲ၌ ပိတ်လှောင်ထားနိုင်မည့် လူ-ဝံပုလွေ ဂိမ်း ကမ္ဘာငယ်လေး တစ်ခုကို ပိုင်ဆိုင်လာတော့မည် မဟုတ်ပါလား။
မဟုတ်သေးပေ၊ တကယ်လို့ ရထားပေါ်မှာပဲ သက်သက် သုံးလိုက်မယ် ဆိုရင် သိပ်ပြီး အသုံးဝင်မှာ မဟုတ်ဘူး။
ရထားကြီးမှာ ထိုသို့သော ကာကွယ်ရေး နည်းလမ်းမျိုး လိုအပ်နေခြင်း မရှိချေ။
သို့သော်လည်း တကယ်လို့သာ...
သူက သီးသန့် ရထားတွဲ တစ်တွဲကို ဖန်တီးပြီး မီးခံသေတ္တာကနေတစ်ဆင့် သိမ်းဆည်းထားကာ ထိုရထားတွဲအပေါ်၌ လှုပ်ရှားနေတဲ့ ရထား ကိုယ်ထည်ကို တပ်ဆင်လိုက်မည် ဆိုပါက၊
သူ့ထံတွင် မည်သည့် အချိန်၌မဆို ထုတ်ဖော် သုံးစွဲနိုင်သော လူတွေကို ပိတ်လှောင်ဖမ်းဆီးမည့် နည်းလမ်းတစ်ခု ရှိလာတော့မည် မဟုတ်ပါလား။
ထိုမျှမက ဤနေရာရှိ စည်းမျဉ်းများမှတစ်ဆင့် ပြိုင်ဘက်များကို အားနည်းသွားစေပြီး ချုပ်နှောင်ထားနိုင်ဦးမည် ဖြစ်၏။
ပစ္စည်းကို သိမ်းဆည်း ရယူပြီးနောက် ရဲချီယန်က ရထားကို အလျင်စလို အရှိန်မြှင့်၍ မထွက်ခွာသေးချေ။
ဝေါလီက ပြန်လည် ရောက်ရှိမလာခဲ့သည်မှာ အချိန်အတန်ကြာမြင့်နေခဲ့ပြီ ဖြစ်၏။
ရဲချီယန်က ၎င်း လက်ရှိ ဘယ်နေရာမှာ ရှိနေမည်ကို ခန့်မှန်းမိနေပေသည်။
"ဝေါလီ"
ရဲချီယန်က သံလမ်းများအတိုင်း ဖြည်းညှင်းစွာ လျှောက်လှမ်းသွားစဉ် အရှေ့ဘက်၌ ချိန်းကြိုးဘီးများဖြင့် ဖြည်းညှင်းစွာ တိုးဝင်လာနေသည့် ပုံရိပ်ငယ်လေး တစ်ခုကို တွေ့လိုက်ရသည်။
၎င်းကား ဝေါလီပင် ဖြစ်၏။
အခြားသူများ မမြင်နိုင်ဘဲ ရဲချီယန် တစ်ဦးတည်းသာ မြင်တွေ့နိုင်သော ဝေါလီလေးပင်။
သခင်ဖြစ်သူ၏ ခေါ်သံကို ကြားလိုက်ရချိန်၌ စက်ရုပ်ငယ်လေးမှာ ရှေ့ဆက်တိုးခြင်းကို ရပ်တန့်လိုက်သည်။ ခေါင်းလှည့်၍ ရထားကြီးကို မြင်လိုက်ရပြီးနောက် ၎င်းက စက်ယန္တရား လက်မလေးများကို ဝှေ့ယမ်းပြသော်လည်း အပြေးအလွှား ပြန်မလာခဲ့ဘဲ ဦးတည်ချက် တစ်နေရာဆီသို့သာ ညွှန်ပြနေခဲ့၏။
"ငါ ထင်တဲ့အတိုင်းပဲ၊ ဒီအထဲမှာ ပိတ်မိနေခဲ့တာကိုး..."
ဝေါလီက ရက်ပေါင်းများစွာတိုင် ပြန်လည် ရောက်ရှိမလာခဲ့ကတည်းက ၎င်း ရတနာ ရှာဖွေနေလောက်မည့် နေရာကို ရဲချီယန် ခန့်မှန်းမိပြီးသား ဖြစ်သည်။
ဤပလက်ဖောင်းကမ္ဘာကြီးမှာ ဒီလောက်လေးသာ ကျယ်ဝန်းလှ၏။ သူက ရွာတစ်ခုလုံးကို နှံ့စပ်စွာ ရှာဖွေခဲ့သော်လည်း ဘာတစ်ခုမျှ မတွေ့ခဲ့ရသဖြင့် ဤနောက်ဆုံး လိုဏ်ခေါင်းကြီးကသာ ဝေါလီ ရှာဖွေနေလောက်မည့် တစ်ခုတည်းသော ကျန်ရစ်သည့် နေရာ ဖြစ်ပေသည်။
"သွားကြစို့... ငါတို့ အတူတူ သွားကြည့်ရအောင်"
ရဲချီယန်က ရထားပေါ်မှ ဆင်းလိုက်ပြီး ဝေါလီနှင့်အတူ ထိုဦးတည်ချက်ဆီသို့ လျှောက်လှမ်းသွားခဲ့တော့သည်။
"ဒီတစ်ခေါက်ကျတော့ ဘာများ ဖြစ်မလဲ၊ ဒါနဲ့ ပြောရဦးမယ်... အရင် အဆင့် ၈ ပလက်ဖောင်းက ရခဲ့တဲ့ ရတနာသေတ္တာလည်း ရှိနေသေးတယ်၊ အဆင့်မြင့် အသွင်ကူးပြောင်းခြင်း လုပ်ဖို့ အချိန်မရသေးတာ..."
သူနှင့် ဝေါလီတို့ လိုဏ်ခေါင်း၏ အလယ်ဗဟိုဆီ ရောက်သည်အထိ ရှေ့သို့ ဆက်လက် လျှောက်လှမ်းသွားခဲ့ကြသည်။
သူ မြင်လိုက်ရချေပြီ။ သံလမ်းဘေး၌ တိတ်ဆိတ်စွာ လဲလျောင်းနေသည့် ဝံပုလွေ ဦးခေါင်းခွံ တစ်ခုကိုပင်။
"အဲဒါက ဘာကြီးလဲ"
【အဆင့် ၉ ရတနာသေတ္တာ (ဖွင့်လှစ်နိုင်ပါသည်)】