အခန်း ၄၄၉
Vol. 38 Ch. 449
အခန်း (၄၄၉)
"တကယ်ကြီး ရတနာသေတ္တာ ဖြစ်နေတာပဲ၊ ဟက်... ဒီပလက်ဖောင်းက တခြား ထူးထူးဆန်းဆန်းတွေ များ ထုတ်ပြဦးမလားလို့ ထင်နေတာ"
၎င်းကား သူ ပထမဆုံးအကြိမ် ပိုင်ဆိုင်ဖူးသည့် စစ်မှန်သော အဆင့် ၉ ရတနာသေတ္တာပင် ဖြစ်၏။ အရင်တစ်ခေါက်က အဆင့် ၉ ပစ္စည်းတစ်ခုကို ဖွင့်လှစ်ရရှိခဲ့ဖူးသော်လည်း ထိုသေတ္တာမှာ ကျပန်းဆန်လွန်းလှပြီး ၎င်း၏ ဖြစ်တည်မှု ကိုယ်တိုင်ကပင် အဆင့်မြင့် အသွင်ကူးပြောင်းခြင်းမှ မမျှော်လင့်ဘဲ ရရှိခဲ့သော အကျိုးအမြတ်တစ်ခုသာ ဖြစ်ပေသည်။
"တကယ် လေးလံတာပဲ... ဘာကြောင့် အရင်ရတနာသေတ္တာတွေထက် ပိုလေးနေသလို ခံစားရတာပါလိမ့်"
ရဲချီယန်က ဝံပုလွေ ဦးခေါင်းခွံ ရတနာသေတ္တာကို ကောက်ယူလိုက်ပြီး လက်ထဲတွင် အကြိမ်အနည်းငယ် အကဲစမ်း ချိန်ဆကြည့်လိုက်သည်။ ၎င်း၏ အလေးချိန်မှာ အရွယ်အစားနှင့် လုံးဝ ကိုက်ညီမနေခဲ့ချေ။
"အရင် ရတနာသေတ္တာတွေက ဒီလိုမျိုး မဟုတ်ခဲ့ဘူး မလား၊ ထားလိုက်ပါတော့... ဘာလို့ အများကြီး တွေးနေတော့မှာလဲ၊ ခဏနေ ဖွင့်ကြည့်လိုက်ရင် အားလုံး သိရမှာပဲဟာ၊ သွားကြစို့ ဝေါလီ... ငါတို့ ပြန်ရအောင်"
သူနှင့် ဝေါလီတို့သည် အလင်းရောင် ပြန်လည် ရရှိသွားသော လိုဏ်ခေါင်းကြီးအတွင်း ရှေ့ဆင့်နောက်ဆင့် လျှောက်လှမ်းလာခဲ့ကြ၏။ သူ၏ ရထားကြီးမှာ တည့်တည့်အရှေ့၌ ရှိနေပြီး လီဆက်နှင့် အီဗ်တို့က ရထားထက်အောက် နေရာယူလျက် သခင်ဖြစ်သူ ပြန်လည် ရောက်ရှိလာမှုကို စောင့်ကြို ကြိုဆိုနေကြသည်။
တူ...။
ရထားဥဩဆွဲသံ မြည်ဟိန်းသွားပြီးနောက် ရထားကြီးက ရှေ့သို့ ဆက်လက် တိုးဝင် ထွက်ခွာလာခဲ့သည်။
ဤလိုဏ်ခေါင်းကြီးကား အဆုံးမဲ့ လည်ပတ်နေသော ကွင်းဆက်တစ်ခုပင် ဖြစ်၏။ ရှေ့သို့သာ ဆက်လက် ရွေ့လျားနေပါက ထို လူ-ဝံပုလွေ ရွာဆီသို့ သေချာပေါက် ပြန်လည် ရောက်ရှိသွားပေလိမ့်မည်။
ရွာလေးမှာ အရင်ကအတိုင်း မပြောင်းလဲသေးသော ရွာလေး ဖြစ်နေဆဲပင် ဖြစ်ကာ သစ်သားပလက်ဖောင်းဆီမှလည်း ဆွေးမြည့်ခြင်း အနံ့အသက်များ ထွက်ပေါ်နေဆဲ ဖြစ်သည်။
ကွာခြားချက်မှာမူ...
အပြေးအလွှား အကူအညီပေးသူ ကျားအိုက်စေ့မှာ မဝေးလှသော မြေပြင်ထက်၌ ခွေခေါက် ကျဆင်းနေပြီး ရဲချီယန်ကို ငေးကြည့်နေခြင်းပင်။
"ကျေးဇူးပါပဲ အစ်ကို... မရပ်မနား ပြန်လည်အစပြုနေတဲ့ ဒီကမ္ဘာကြီးကနေ လွတ်မြောက်မယ့် နေ့ရက်မျိုးကို မြင်တွေ့ရလိမ့်မယ်လို့ တကယ် မထင်ထားခဲ့မိဘူး"
သူ၏ မျက်နှာထက်တွင် စိတ်သက်သာရာရသွားသော အပြုံးများ ပြည့်နှက်နေပြီး အိတ်ကပ်များကို စမ်းသပ်ကြည့်ရှုပြီးသည့်နောက် ဝမ်းနည်း တသစွာဖြင့် ခေါင်းခါယမ်းလိုက်လေ၏။
"ကျစ်... မသေခင် ဆေးလိပ်လေး တစ်လိပ်လောက် ဖွာသွားချင်တာကို..."
"ငါ့မှာ ဆေးလိပ်တော့ မရှိဘူး၊ ဒါပေမဲ့ သစ်သီးတစ်လုံးတော့ ရမလား"
ရဲချီယန်က ပန်းသီးတစ်လုံးကို ကျားအိုက်စေ့ထံသို့ ပစ်ပေးလိုက်သည်။
"ဒါလည်း အဆင်ပြေတာပါပဲ’
ကျားအိုက်စေ့က ပန်းသီးကို တစ်ကိုက် ကိုက်စားလိုက်ပြီး ရဲချီယန်ကို ကျေးဇူးတင် ကျေနပ်သော မျက်ဝန်းများဖြင့် ကြည့်ရှုလာခဲ့သည်။
"အစ်ကို... ကျွန်တော့်ကို ဘာတစ်ခုမှ မမေးတော့ဘူးလား၊ အချိန်တွေ ကုန်လွန်နေပြီနော်"
"ဘာကို မေးရမှာလဲ"
"အာ... ဥပမာ ကျွန်တော်တို့က ဘယ်သူတွေလဲ၊ ဘာကြောင့် ဒီမှာ ပိတ်မိနေရတာလဲ၊ ဘယ်သူ လုပ်တာလဲ ဆိုတာမျိုးလေ... ထားလိုက်ပါတော့၊ တကယ်တမ်းကျတော့ ကျွန်တော် စကားလေး ဘာလေး ပြောချင်ရုံ သက်သက်ပါ"
ကျားအိုက်စေ့က ပိုမို သက်တောင့်သက်သာ ရှိသော ကိုယ်ဟန်အနေအထားတစ်ခုဆီသို့ ပြင်ထိုင်လိုက်ပြီး ပန်းသီးကို နောက်တစ်ကိုက် ကိုက်စားလိုက်သည်။
"နှစ်ပေါင်း ဘယ်လောက်တောင် ကြာခဲ့ပြီလဲ၊ ရိုးရိုးသားသား ပြောရရင် ကျွန်တော် ကိုယ်တိုင်လည်း သေချာ မသိတော့ဘူး၊ ဘာလို့လဲဆိုတော့ ကျွန်တော့်ရဲ့ အသိစိတ်က များသောအားဖြင့် ဦးနှောက်အနက်ရှိုင်းဆုံးမှာ ချိတ်ပိတ်ခံထားရပြီး ဝံပုလွေကို သတ်တဲ့ လူသားအဖြစ် လှုပ်ရှားရတဲ့ အချိန်မျိုးမှာမှ နည်းနည်းလေး လွတ်မြောက်ခွင့် ရတတ်လို့လေ၊ ဟား... ကျွန်တော့်ရဲ့ အပြင်ပန်း ပုံပန်းသဏ္ဌာန်ကြောင့် လှည့်စား မခံလိုက်ပါနဲ့၊ ကျွန်တော်... သို့မဟုတ် ဒီရွာထဲက လူတွေ အားလုံးက တကယ်တော့ ရထားမောင်းနှင်သူတွေ ဖြစ်ခဲ့ကြတာပါ၊ ဒီကမ္ဘာထဲကို ဝင်ရောက်လာပြီးတဲ့နောက် မထွက်သွားနိုင်တော့ဘဲ ဝံပုလွေနေရာကနေ ဂိမ်းကို ဖောက်ထွက်ဖို့ ကျရှုံးသွားချိန်မှာ ဒီမှာပဲ ထာဝရ ကျန်ရစ်ပြီး ရွာသားတွေ ဖြစ်သွားခဲ့ကြတာပါ"
ရထားမောင်းနှင်သူတွေတဲ့လား။
မသေဆုံးမီက ထိုတည်းခိုခန်းပိုင်ရှင်၏ မျက်နှာထက်မှ အမူအရာသည် ရဲချီယန်၏ စိတ်အာရုံထဲ၌ လျှပ်တစ်ပြက် ဖြတ်ပြေးသွားခဲ့သည်။
"မင်း လွင်တီးခေါင်ပြင်ထဲမှာ ဘယ်လောက်ကြာကြာ နေခဲ့ဖူးလဲ"
ကျားအိုက်စေ့က ကောင်းကင်ယံဆီ မော့ကြည့်လိုက်ရာ သူ၏ မျက်ဝန်းများထဲတွင် အတိတ်ကို လွမ်းဆွတ် တသမှု အရိပ်အယောင်များ ပြည့်နှက်နေခဲ့၏။
"ဒီနေရာနဲ့ လွင်တီးခေါင်ပြင်အကြားက အချိန် ကွာခြားချက် အချိုးအစားကိုတော့ ကျွန်တော် မသိဘူး၊ ဒါပေမဲ့ ဒီမှာ မပိတ်မိခင်က လွင်တီးခေါင်ပြင်ထဲမှာ နှစ်ပေါင်း နှစ်ဆယ့်ငါးနှစ်လောက် စွန့်စား ခရီးနှင်ခဲ့ဖူးလောက်တယ်၊ အဲဒါတွေက တကယ်ကို ပျော်ရွှင်စရာ ကောင်းတဲ့ မှတ်ဉာဏ်တွေပါပဲ... အရင်တုန်းက ကျွန်တော်..."
သူက ရထားမောင်းနှင်သူ တစ်ဦး ဖြစ်လာခဲ့ပုံမှစ၍ မဟာမိတ်အဖွဲ့တစ်ခုဆီ ဝင်ရောက်ခဲ့ပုံနှင့် စွန့်စားခန်းများမှတစ်ဆင့် အဆက်မပြတ် အဆင့်တက်လာခဲ့ပုံစသည့် အတိတ်ကြောင်းများကို ဆက်တိုက် ပြောပြနေခဲ့သည်။ ထိုမှတစ်ဆင့် အဆင့်မြင့် ပလက်ဖောင်းများဆီသို့ ဝင်ရောက်လာနိုင်ကာ သူ၏ နေ့ရက်များ ပိုမို ကောင်းမွန်လာခဲ့သည့် အကြောင်းများကိုပါ ရှင်းပြနေ၏။
နောက်ဆုံး၌ ဤနေရာဆီသို့ ရောက်ရှိလာပြီး ဤ ဂိမ်း ကို ဖောက်ထွက်ရန် ကျရှုံးကာ ဝံပုလွေတစ်ကောင်အဖြစ် သေဆုံးခဲ့ရပြီး ရေတွက်၍မရနိုင်လောက်သော ပြန်လည်အစပြုသည့် ဂိမ်းများကို ထာဝရ ဖြတ်သန်း ကြုံတွေ့ရန် ကျန်ရစ်ခဲ့ရပုံတို့ပင် ဖြစ်သည်။
၎င်းတို့ကား အလွန်အမင်း နာကျင် နာကြည်းဖွယ် ကောင်းလှသော နေ့ရက်များ ဖြစ်ရာ ကျားအိုက်စေ့အနေဖြင့် ဤနေရာ၌ နှစ်ပေါင်း မည်မျှ ကြာမြင့်စွာ ကုန်ဆုံးခဲ့ရကြောင်းကိုပင် အတိအကျ ပြန်လည် မမှတ်မိနိုင်တော့ချေ။
ရဲချီယန်က ပန်းသီး အူတိုင်လေးသာ ကျန်ရှိတော့သည့်တိုင်အောင် တိတ်ဆိတ်စွာ နားထောင်ပေးနေခဲ့သည်။
ကျားအိုက်စေ့၏ စကားသံများ တဖြည်းဖြည်း နှေးကွေးလာလေ၏။
"...တောင်းပန်ပါတယ်၊ ကိုယ်ပိုင် ဆန္ဒနဲ့ ဒီလောက် စကားတွေ အများကြီး ပြောခွင့်မရခဲ့တာ အရမ်း ကြာနေပြီမလို့ ပျင်းစရာ ကောင်းတဲ့ အကြောင်းအရာတွေ အများကြီး ပြောမိသွားတယ်... ဟား... အစ်ကို... သတိထားပါနော်၊ အစ်ကိုက အချိန် နတ်ဘုရားရဲ့ ကစားကွင်းကြီးကို ဖျက်ဆီးပစ်လိုက်တာ၊ အဲဒီ ယုတ်မာတဲ့ကောင်က အစ်ကို့ကို သေချာပေါက် ပစ်မှတ်ထား မှတ်သားလိမ့်မယ်၊ ပြီးရင်..."
"အဲဒီကောင် သေသွားပြီ"
"ဘယ်သူ..."
"အချိန် နတ်ဘုရားလေ၊ အဲဒီကောင် သေသွားခဲ့ပြီ"
ကျားအိုက်စေ့မှာ နေရာတွင်ပင် တောင့်တင်း ငြိမ်သက်သွားခဲ့ပြီး မရှိသင့်တော့သည့် မျက်ရည်တစ်စက်က သူ၏ မျက်ဝန်းဆီမှ လိမ့်ဆင်းလာခဲ့တော့သည်...။
"သေသွားပြီ... ဟုတ်လား၊ ဟား... ကျွန်တော် သိသားပဲ၊ ဘယ်လို နတ်ဘုရားမျိုးပဲ ဖြစ်နေပါစေ၊ တစ်နေ့ကျရင် ကျရှုံးရမှာပဲ ဆိုတာကိုလေ"
မှောင်မိုက်သော ရွှေရောင် အလင်းမှုန်လေးများက သူ၏ ခန္ဓာကိုယ်ဆီမှ စတင် ထွက်ပေါ်လာခဲ့၏။
သူ၏ အရာအားလုံး မှာ တဖြည်းဖြည်းနှင့် အတုအယောင် ပုံရိပ်အဖြစ် ပြောင်းလဲ လွင့်စင်လာခဲ့ပေသည်။
"အား... အချိန်တန်ပြီပဲ..."
ကျားအိုက်စေ့က နီးပါး ဖောက်ထွင်း မြင်နေရပြီ ဖြစ်သော သူ၏ လက်ဝါးကို ကြည့်ရှုရင်း မနေနိုင်တော့ဘဲ ရယ်မောလိုက်သည်။
"တောင်းပန်ပါတယ် အစ်ကို၊ ကျွန်တော် ဒီထဲမှာ ပိတ်မိသွားပြီးတဲ့နောက် ပစ္စည်းတွေနဲ့ ရထားဒင်္ဂါးတွေ အားလုံးကို မကောင်းဆိုးဝါးတွေ ဖျက်ဆီးတာ ခံလိုက်ရတယ်၊ ဒါပေမဲ့..."
နောက်ဆုံး ကျန်ရှိနေသော ခွန်အားကို အသုံးပြုလျက် သူ လွယ်ထားသည့် လွယ်အိတ်ငယ်လေးထဲမှ အနက်ရောင် သတ္တုမီးခြစ်တစ်ခုကို ဆွဲထုတ်လိုက်၏။
"ဒါက တန်ဖိုးကြီးတဲ့ ပစ္စည်းတစ်ခုတော့ မဟုတ်ပါဘူး... မဟုတ်ဘူး၊ တန်ဖိုးတောင် မရှိတဲ့ ပစ္စည်းလေးပါ... အဲဒါကြောင့်ပဲ သိမ်းဆည်းတာ မခံခဲ့ရတာနေမှာ"
"အစ်ကို... ဒီမှာ၊ ဒါကို... တစ်ခုအဖြစ် ယူသွားလိုက်ပါ..."
"...အလင်းရောင်လေး တစ်ခုအဖြစ်ပေါ့..."
ကျားအိုက်စေ့၏ စကားသံမှာ ရုတ်တရက် တန့်ရပ်သွားခဲ့သည်။
သူ၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့၏။
သူနှင့်အတူ ပျောက်ကွယ်သွားခဲ့သည်မှာ ဝံပုလွေ ရဲချီယန်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသော ရွာသားများ ၏ အလောင်းများပင် ဖြစ်ပေသည်။
လူ-ဝံပုလွေ ရွာ။
ဤဘူတာရုံကမ္ဘာလေးအတွင်း၌။
ဤအခိုက်အတန့်တွင် ခရီးသွား ဖြစ်သူ ရဲချီယန် တစ်ဦးတည်းသာ ကျန်ရစ်တော့သည်။
【လွတ်မြောက်သွားသူ၏ အမွေအနှစ် (အဆင့် ၁)】
【၎င်းကား အဆုံးမဲ့ ပြန်လည်အစပြုမှုမှ လွတ်မြောက်သွားခဲ့သူ တစ်ဦး ချန်ထားရစ်ခဲ့သည့် မီးခြစ်တစ်ခု ဖြစ်သည်】
【ထူးထူးခြားခြား ဘာမျှ မရှိပါ】
【၎င်း၏ အခြေခံ မီးညှိသည့် စွမ်းရည်ပင်လျှင် ကောင်းစွာ အလုပ်မလုပ်လှပေ】
【မှတ်ချက်။ မီးတောက်လေးထဲတွင် ဆုတောင်းသံတစ်ခု ရှိနေတာများလား၊ သို့မဟုတ် မျှော်လင့်ချက်လေးတစ်ခုလား】
တိတ်ဆိတ်မှု၊ အသံဗလံ ကင်းမဲ့မှု...။
လန်စလော့က စက်ရုပ်စစ်သည်တော်များကို ဦးဆောင်ကာ ရွာတစ်ခုလုံးကို ဓာတ်ဆီများ လောင်းချလိုက်ချိန်တွင် ဖြစ်၏။
မီးခြစ်ကျောက် မီးပွား လွင့်စင်သွားပြီး မီးစွယ်လေးမှာ မီးတောက်အဖြစ် ပြောင်းလဲသွားခဲ့သည်။
ရှဲ...။
လိမ္မော် အနီရောင် မီးတောက်များကြောင့် သစ်သားပလက်ဖောင်းကြီးမှာ ပြင်းထန်စွာ လောင်ကျွမ်းသွားခဲ့တော့သည်။
ပလက်ဖောင်းမှ စတင်ကာ။
ဤရွာ၏ ထောင့်တစ်နေရာစီတိုင်းမှာ မီးတောက်များ၏ ဝါးမျိုခြင်းကို ခံလိုက်ရလေပြီ။
"ထွက်သွားဖို့ အချိန်တန်ပြီ"
ရဲချီယန်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။
ဤရွာလေး၏ အမှန်တရား အပြည့်အစုံကို သူ သိရှိသွားချိန်ကတည်းက ပလက်ဖောင်းမှ ထွက်ခွာနိုင်မည့် သတ်မှတ်ချက်များ ပြီးမြောက်သွားခဲ့ပြီ ဖြစ်၏။
သူက ပလက်ဖောင်းမှ ထွက်ခွာသည့် ခလုတ်ကို ဖိနှိပ်လိုက်ရာ မီးတောက်များအကြားမှနေ၍ ရထားကြီးက ဖြည်းညှင်းစွာ ရှေ့သို့ ထွက်ခွာလာခဲ့သည်။
သူက ပြင်ပလောကကို ကြည့်ရှုနေရင်းမှ လက်ကို ရုတ်တရက် မြှောက်တင်လိုက်ကာ လက်ချောင်းများကို အတုအယောင် ဆုပ်ကိုင်မှုတစ်ခုအဖြစ် ကွေးညွှတ်လိုက်သည်။
မြင့်မားသော ကောင်းကင်ယံ ထက်ဆီမှနေ၍ စက်ယန္တရား မောင်းနှင်စနစ်၏ အသံဗလံများ ကမ္ဘာကြီးအတွင်း ပဲ့တင်ထပ်လာခဲ့၏။
【သုံးစွဲမှု အကြီးအကျယ် လျှော့ချခြင်း】
ကျားအိုက်စေ့နှင့် အခြားသူများ ပြောင်းလဲသွားခဲ့သော မှောင်မိုက်သည့် ရွှေရောင် အလင်းမှုန်များကို အမဲလိုက် စက်ယန္တရားနဂါးက စုပ်ယူ ဝါးမျိုသွားခဲ့သည်။
【အကန့်အသတ်ကျော်လွန် မုဒ်】
မှောင်မိုက်သော ရွှေရောင် နဂါးကြီးက ကောင်းကင်ယံ၌ ဝဲပျံနေပြီး ၎င်း၏ အမြီးပေါ်ရှိ လက်စွပ်ကွင်းဆီမှ အလွန်အမင်း စူးရှ တောက်ပသော အလင်းရောင်များ ဖြာထွက်လာသည်။
"အမဲလိုက် စက်ယန္တရားနဂါး"
"အမဲလိုက်ခြင်း လက်စွပ်ကွင်း"
အမိန့်တစ်ရပ် ချမှတ်လိုက်လေ၏။
မှောင်မိုက်သော ရွှေရောင် လက်စွပ်ကွင်းကြီးမှာ အဆက်မပြတ် ကျယ်ပြန့် ကြီးမားလာသည်။ အမဲလိုက် စက်ယန္တရားနဂါးက 【အမဲလိုက်ခြင်း လက်စွပ်ကွင်း】 ၏ အလယ်ဗဟို တည့်တည့်၌ ဝဲပျံနေပြီး ၎င်း၏ ဧရာမ စွမ်းအင်များမှာ စုဆောင်းမှု ကန့်သတ်ချက် ကင်းမဲ့နေသည့်အလား ပင်တည်း။
"ကျဆင်းချေ"
နောက်တစ်ကြိမ် အမိန့် ထပ်မံ ထွက်ပေါ်လာ၏။
အစွန်းရောက် မှောင်မိုက်သော ရွှေရောင် အလင်းရောင်အောက်တွင် နာကျင်မှုများဖြင့် ပြည့်နှက်နေသည့် ဤရွာလေးမှာ မီးတောက်များနှင့် အလင်းရောင်အောက်၌ ထာဝရ ပျောက်ကွယ်သွားခဲ့တော့သည်။
တစ်ချိန်တည်းမှာပင် ဤတိုက်ကွက်ကို ထုတ်လွှတ်ပြီးသည့်နောက် အမဲလိုက် စက်ယန္တရားနဂါးမှာ လက်နက်တပ်ဆင်မှု နေရာလွတ်အတွင်းသို့ ပြန်လည် ဝင်ရောက်သွားခဲ့ပြီး ရထားကြီးသည်လည်း ထိုဟာလာဟင်းလင်းပြင်ကြီးကို ဖြတ်သန်းကာ ရဲချီယန်၏ သုံးဆယ့်ခုနစ်ခုမြောက် ပလက်ဖောင်းဆီမှ ထွက်ခွာလာခဲ့ချေပြီ။
【လူ-ဝံပုလွေ ရွာ】
"စိတ်မပူပါနဲ့၊ ငါ ဘာမှမဖြစ်ပါဘူး၊ အမဲလိုက်ခြင်း လက်စွပ်ကွင်းရဲ့ စွမ်းရည်ကို နည်းနည်းလောက် စမ်းကြည့်ရုံ သက်သက်ပါ"
"ထင်တဲ့အတိုင်းပဲ... အတော်လေး အစွမ်းထက်တာကိုး..."
【စိတ်စွမ်းအား - ၁ (အဆုံးသတ်၏ အရိပ်)】
ရဲချီယန်က လီဆက်၏ ခေါင်းလေးကို ပွတ်သပ်လိုက်ပြီး သူမ၏ စိုးရိမ်ပူပန်နေသော အကြည့်ကို ပြုံးလျက် ရင်ဆိုင်လိုက်သည်။
"ဒါပေမဲ့ ဘာကြောင့် ငါ့စိတ်စွမ်းအားရဲ့ အဓိက အခြေအနေက... အဆုံးသတ်၏ အရိပ် ဖြစ်သွားရတာပါလိမ့်"
ဒုတိယမြောက် ရထားတွဲအတွင်း၌ အလှဆင် ချိတ်ဆွဲထားသော 【ဆီမီးအိမ်】 မှာ အလွန်အမင်း မှေးမှိန်သော အလင်းရောင် တစ်ချက်ဖြင့် တစ်ခဏမျှ တုန်ခါ လင်းလက်သွားခဲ့၏။
ဤအလင်းရောင်ကား လျှပ်တစ်ပြက်အတွင်း ပျောက်ကွယ်သွားခဲ့ပြီး လွန်စွာ မှေးမှိန်လွန်းလှသည်။
သတိပြုမိလိုက်သည့် တစ်ဦးတည်းသော သူမှာ...
...မဝေးလှသော နေရာ၌ တိတ်ဆိတ်စွာ ထိုင်နေသည့် မျက်ရည်နီ တစ်ဦးတည်းသာ ဖြစ်လေတော့သည်။