အခန်း ၁၆၁
Vol. 17 Ch. 161
အခန်း (၁၆၁) ဖုံးကွယ်မှု ပျက်ပြယ်ခြင်း
ရှုချွမ်းက 'ကောင်းကင်လှည့်စား ကျောက်စိမ်းအဆောင်' ၏ စွမ်းအားကို အသုံးပြု၍ သူကိုယ်တိုင်၊ နင်ယို့ချီနှင့် ကျောက်စိမ်းယုန်လေးတို့၏ တည်ရှိမှု အရှိန်အဝါအားလုံးကို လုံးဝ ဖုံးကွယ်လိုက်ပြီးနောက် မိစ္ဆာနယ်မြေ၏ ဝင်ပေါက်ထံသို့ ဖြည်းညင်းစွာ ချဉ်းကပ်သွားခဲ့သည်။
ယခင်က မိစ္ဆာမျိုးနွယ်စုများထံမှ ရရှိထားခဲ့သော တိုကင် ကို အသုံးပြုလိုက်ရာ ၎င်းတို့နှစ်ဦးစလုံးမှာ မည်သည့်အတားအဆီးမျှမရှိဘဲ မိစ္ဆာနယ်မြေအတွင်းသို့ အောင်မြင်စွာ ရောနှောဝင်ရောက်သွားနိုင်ခဲ့သည်။
မိစ္ဆာနယ်မြေအတွင်း၌မူ မှောင်မိုက်လှသော မိစ္ဆာချီစွမ်းအားများက ကောင်းကင်နှင့် မြေကြီးကို လွှမ်းခြုံအုပ်ဆိုင်းထားသဖြင့် နေမင်း၏ အလင်းရောင်ပင် ပျောက်ကွယ်နေခဲ့၏။
သို့သော် ဆန်းကြယ်သည်မှာ အပြင်ကမ္ဘာရှိ မိစ္ဆာအခြေစိုက်စခန်းများကဲ့သို့ နတ်ဆိုး အော်ရာများနှင့် သတ်ဖြတ်ခြင်းအငွေ့အသက်များ ပြင်းထန်စွာ ရှိမနေဘဲ လွန်စွာ သန့်စင်လှသော မိစ္ဆာချီများသာ ပြည့်နှက်နေခဲ့ရာ ယင်းက မိစ္ဆာမျိုးနွယ်စုများ ရေရှည်ရှင်သန်နေထိုင်ရန်အတွက် အကောင်းဆုံးသော ကမ္ဘာငယ်လေးတစ်ခု ဖြစ်နေခဲ့ပေသည်။
"မိစ္ဆာနယ်မြေဆိုတာ တကယ်ကို မသေးလှဘူးပဲ"
ရှုချွမ်းက စိတ်ထဲမှ မချီးကျူးဘဲ မနေနိုင်တော့ပေ။
လူသားသိုင်းပညာရှင် အင်အားစုကြီးအားလုံး၏ မျက်စိအောက်တွင် ဤမျှအထိ ကြီးမားခမ်းနားလှသော မိစ္ဆာနယ်မြေကြီးတစ်ခုကို တိတ်တဆိတ် တည်ဆောက်နိုင်ခဲ့ခြင်းဖြစ်ရာ မိစ္ဆာမျိုးနွယ်စု၏ ထိပ်တန်းအစွမ်းထက် ပုဂ္ဂိုလ်ကြီးများ၏ စွမ်းအားမှာ အမှန်တကယ်ပင် ထိတ်လန့်ဖွယ်ရာ ကောင်းလှပေသည်။
ယခုအခါတွင် ၎င်းတို့မှာ မိစ္ဆာနယ်မြေ၏ ပင်မတံခါးကြီးနှင့် မိုင်အနည်းငယ်မျှ ကွာဝေးသော တိတ်ဆိတ်လှသည့် တောအုပ်တစ်ခုအတွင်း၌ ပုန်းကွယ်နေခဲ့ကြ၏။
ကင်းလှည့်နေကြသော မိစ္ဆာစစ်သည်အဖွဲ့များမှာ ၎င်းတို့၏ အနီးနားမှ ရံဖန်ရံခါ ဖြတ်သန်းသွားတတ်ကြသည်။
'ကောင်းကင်ဘုံလှည့်စား ကျောက်စိမ်းအဆောင်' ၏ အစွမ်း ကုန်ဆုံးသွားခဲ့သည်နှင့် ၎င်းတို့နှစ်ဦးစလုံး ရာနှုန်းပြည့် ရိပ်မိသွားမည်ဖြစ်ရာ ရှုချွမ်းအနေဖြင့် သာ၍ကြီးမားသော အန္တရာယ်များကို ရှောင်ရှားနိုင်ရန် နောက်ထပ် မည်သို့ခရီးဆက်ရမည်ကို စဉ်းစားနေခဲ့၏။
......
အခြားတစ်ဖက်တွင်မူ
မိစ္ဆာနယ်မြေ၏ ဗဟိုချက်ရှိ မိစ္ဆာနန်းတော်ကြီးအတွင်း၌ မှောင်မိုက်တုန်လှုပ်ဖွယ်ရာ အလင်းတန်းအချို့က တဖျတ်ဖျတ် တောက်ပနေခဲ့သည်။
ထိုဆန်းပြားလှသော အလင်းတန်းများကြောင့် ခမ်းနားလှသော နန်းတော်ကြီးမှာ သာ၍ပင် ကြောက်မက်ဖွယ်ကောင်းပြီး သွေးပျက်စရာ ကောင်းနေခဲ့ချေပြီ။
"သခင်ကြီး.. အစေခံကို ဘာကိစ္စကြောင့် ဆင့်ခေါ်လိုက်တာလဲ"
ကမ္မနယ်ပယ် အဆင့် ၉ ကျင့်ကြံခြင်းအဆင့်ရှိသော မိစ္ဆာသိုင်းပညာရှင်တစ်ဦးက နန်းတော်ကြီး၏ အလယ်ရှိ ဗလာကျင်းနေသော ရာဇပလ္လင်ဆီသို့ ဦးတည်လျက် ဒူးတစ်ဖက်ထောက်ကာ ရိုသေစွာ မေးလိုက်၏။
"ဝူး...... ဝူး......"
သူ၏ စကားသံ ဆုံးသွားသည်နှင့် တစ်ပြိုင်နက် နန်းတော်အတွင်း၌ ထူးဆန်းသော လေပြင်းများ တိုက်ခတ်လာခဲ့ပြီး ပလ္လင်ထံမှ အေးစက်စက် အော်ရာတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့တော့သည်။
ထိုအော်ရာများက တဖြည်းဖြည်း စုစည်းသွားခဲ့ပြီးနောက် ရလ္လင်ပေါ်၌ ထိုင်နေသော မိစ္ဆာပုံရိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ကာ အောက်ရှိ အစေခံကို ခပ်အေးအေး လှမ်းကြည့်လိုက်၏။
သူ၏ သွေးကဲ့သို့ နီမြန်းလှသော မျက်ဝန်းအစုံထဲ၌ နတ်ဆိုးဆန် ပြီး အေးစက်လှသော အလင်းတန်းများ ဖြာထွက်နေခဲ့ရာ လွန်စွာ သွေးပျက်စရာ ကောင်းလှပေသည်။
ဤမိစ္ဆာကြီးမှာ အခြားသူမဟုတ်ဘဲ ဤမိစ္ဆာနယ်မြေတစ်ခုလုံး၏ အရှင်သခင် 'မဟာမိစ္ဆာကြီး' ပင် ဖြစ်တော့သည်။
သူ၏ ကျင့်ကြံခြင်းအဆင့်မှာ ကမ္မနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိထားပြီး စစ်မှန်သော ခွန်အားမှာ 'ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် အဆင့် ၇' သို့ပင် ချဉ်းကပ်နေခဲ့ပြီ ဖြစ်၏။
"မိုဝူ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ ဒီဘုရင်ရဲ့ နှလုံးသားထဲမှာ တစ်ခါမှမဖြစ်ဖူးတဲ့ စိုးရိမ်ပူပန်မှုတွေ အဆက်မပြတ် ပေါ်နေခဲ့တယ်..."
"အပြင်ကမ္ဘာကို စေလွှတ်ခဲ့တဲ့ မိစ္ဆာအဖွဲ့ငယ်တွေဆီက ဘာသတင်းများ ရရှိထားလဲ..."
သူ၏ နက်ရှိုင်းပြီး အက်ကွဲလှသော စကားသံမှာ နားထဲ၌ လွန်စွာ ကန့်လန့်တိုက်နေခဲ့သော်လည်း ငြင်းပယ်၍မရနိုင်သော အရှိန်အဝါကြီးမားလှသဖြင့် အောက်ရှိ မိစ္ဆာစစ်သူကြီးမှာ မည်သည့်တွန်းလှန်လိုစိတ်မျှ မမွေးဝံ့ပေ။
မိုဝူဟု ခေါ်တွင်သော မိစ္ဆာစစ်သူကြီးက လေးနက်သော လေသံဖြင့် ပြန်ဖြေလိုက်သည်။
"သခင်ကြီး.. သူတို့ ပြန်ရောက်လာကြပါပြီ။ ဒါပေမဲ့ ကျွန်တော် တို့ မိစ္ဆာတွေကို သတ်ဖြတ်သွားတဲ့ တရားခံကိုတော့ ရှာမတွေ့ခဲ့ပါဘူး။ အခင်းဖြစ်ပွားရာနေရာမှာ အသတ်ခံထားရတဲ့ မိစ္ဆာအလောင်းတွေနဲ့အတူ လူသားသိုင်းပညာရှင် အချို့ရဲ့ အလောင်းတွေကိုပဲ တွေ့ရှိခဲ့ရပါတယ်.."
မိစ္ဆာအရှင်သခင်က ဆက်လက်၍ မေးမြန်းခြင်းမရှိတော့ဘဲ သူ၏ လက်ချောင်းများဖြင့် ပလ္လင်ကို စည်းချက်ကျကျ တောက်လိုက်ရင်း တစ်စုံတစ်ခုကို တွေးတောနေခဲ့၏။
၎င်းကို မြင်လျှင် မိုဝူက ခေါင်းမော့ကာ လျှောက်တင်လိုက်သည်။
"သခင်ကြီး.. ဒီကိစ္စအတွက် ဘာလို့ စိုးရိမ်ပူပန်နေရတာလဲ။ လူသားတွေ အထဲကို ဝင်ရောက်လာနိုင်ခဲ့ရင်တောင် သူတို့က ကမ္မနယ်ပယ်အဆင့်လောက်ပဲ ရှိမှာဖြစ်ပြီး အရေအတွက်ကလည်း အများကြီး ရှိနိုင်မှာမဟုတ်ပါဘူး.."
"ကျွန်တော် တို့ရဲ့ မိစ္ဆာနယ်မြေထဲမှာ ရှိတဲ့ ကမ္မနယ်ပယ် မိစ္ဆာအရေအတွက်က တောင်လိုပုံနေတာမို့လို့ သူတို့ကို လူအင်အားနဲ့တင် တိုက်ရိုက် နင်းခြေဖျက်ဆီးပစ်လို့ ရပါတယ်။ ဒါ့အပြင် ဒီနေရာမှာ သခင်ကြီးကိုယ်တိုင် ရှိနေတာဖြစ်တဲ့အတွက် အဲ့ဒီလူသားတွေအနေနဲ့ ဘာလှိုင်းတံပိုးမျှ ထအောင် လုပ်နိုင်မှာ မဟုတ်ပါဘူး..."
မိုဝူ၏ စကားကို ကြားရချိန်တွင် မိစ္ဆာအရှင်သခင်က သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်ရင်း သူ၏ အက်ကွဲလှသော လေသံဖြင့် ဆက်ပြောလိုက်၏။
"မင်းပြောတာကလည်း အကြောင်းပြချက် မရှိတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့တွေ လုံးဝ ပေါ့ဆလို့ မရဘူး.."
"ဒီလိုလုပ်.. နောက်လာမယ့် ရက်ပိုင်းတွေမှာ မိစ္ဆာနယ်မြေအတွင်း ကင်းလှည့်တာတွေကို အဆပေါင်းများစွာ တိုးမြှင့်လိုက်။ ဒီဘုရင် စိုးရိမ်တာက လူသားအချို့ဟာ ငါတို့ မိစ္ဆာတွေအဖြစ် အယောင်ဆောင်ပြီး မိစ္ဆာနယ်မြေထဲကို ခိုးဝင်လာမှာကိုပဲ."
"တကယ်လို့ လူသားတွေရဲ့ သဲလွန်စတစ်ခုခုကို တွေ့တာနဲ့ တခဏချင်းအတွင်း အပြတ် သတ်ပစ်ရမယ်။ တစ်ယောက်မှ လွတ်မြောက်သွားလို့ မဖြစ်ဘူး. ကြားလား"
စကား အဆုံးသတ်ပိုင်းတွင် မိစ္ဆာအရှင်သခင်၏ လေသံမှာ လွန်စွာ ခက်ထန်ပြတ်သားသွားခဲ့ပြီး သူ၏ နီမြန်းသော မျက်ဝန်းအစုံထဲ၌ သတ်ဖြတ်ခြင်းအလင်းတန်းများ ဖျတ်ခနဲ လက်သွားခဲ့၏။
"အမိန့်အတိုင်းပါ. အစေခံ သေသေချာချာ ဆောင်ရွက်လိုက်ပါ့မယ်.."
မိုဝူက ရိုသေစွာ ဦးညွှတ်လိုက်ပြီးနောက် နန်းတော်ကြီးအတွင်းမှ ဆုတ်ခွာသွားခဲ့တော့သည်။
သူ၏ ပြုမူပုံတိုင်းက မိစ္ဆာမျိုးနွယ်စုကြားရှိ ပြင်းထန်လှသော အဆင့်အတန်း ခွဲခြားမှုကို အထင်အရှား ပြသနေခဲ့ချေပြီ။
အဆင့်နိမ့် မိစ္ဆာများအနေဖြင့် အထက်လူကြီးများကို အနည်းငယ်မျှပင် မလေးမစား ပြုမူဝံ့ကြသည် မဟုတ်ပေ။
မိုဝူ ထွက်ခွာသွားပြီးနောက် ပလ္လင်ပေါ်ရှိ မိစ္ဆာအရှင်သခင်က ဖြည်းညင်းစွာ ထရပ်လိုက်ပြီး သူ၏ မျက်ဝန်းများထဲမှ အေးစက်မှုမှာ သာ၍ပင် ပြင်းထန်လာခဲ့တော့၏။
"ဘယ်သူမှ.. မိစ္ဆာဘိုးဘေး ပြန်လည်နိုးထလာမယ့် အစီအစဉ်ကို လာပြီးတော့ မဖျက်ဆီးနိုင်ဘူး ဘယ်သူမှ မရဘူး"
"ငါ့ရဲ့ အစီအစဉ်ကို နှောင့်ယှက်ဝံ့တဲ့သူမှန်သမျှ သေရမယ်"
သူ၏ အက်ကွဲလှသော စကားသံမှာ ဗလာကျင်းနေသော နန်းတော်ကြီးအတွင်း၌ ဟိန်းထွက်သွားခဲ့သော်လည်း ၎င်းကို ကြားနိုင်သူမှာ သူတစ်ဦးတည်းသာ ရှိပေသည်။
.....
တစ်ချိန်တည်းမှာပင် ရှုချွမ်းနှင့် နင်ယို့ချီတို့မှာ တောအုပ်အတွင်း၌ ပုန်းကွယ်နေဆဲ ဖြစ်၏။
"အချိန်က သိပ်မရှိတော့ဘူး. ကိုတို့တွေ ချက်ချင်း လှုပ်ရှားရမယ်.." ရှုချွမ်းက မျက်မှောင်ကြုတ်လိုက်ပြီး လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
သူ၏ ကျင့်ကြံခြင်းအဆင့် မြင့်မားလာသည်နှင့်အမျှ 'ကောင်းကင်လှည့်စား ကျောက်စိမ်းအဆောင်' က ၎င်းတို့၏ အော်ရာ ကို ဖုံးကွယ်ပေးနိုင်သည့် အချိန်မှာ သာ၍ တိုတောင်းလာခဲ့ချေပြီ။
အကယ်၍ ၎င်းတို့အနေဖြင့် မိစ္ဆာအရှင်သခင်၏ အစီအစဉ်ကို ဖျက်ဆီးလိုပါက ပင်မမိစ္ဆာနန်းတော်ကြီးအတွင်းသို့ တိုက်ရိုက် ခိုးဝင်ကာ မိစ္ဆာအရှင်သခင်ကို သတ်ဖြတ်ပစ်ရန်သာ ရှိပေသည်။
ထိုသို့လုပ်နိုင်မှသာ မိစ္ဆာဘိုးဘေး ပြန်လည်နိုးထလာမည့် အရေးကို တားဆီးနိုင်ပေလိမ့်မည်။
ထို့အပြင် ရှုချွမ်း၏ နှလုံးသားထဲ၌ နင်ယို့ချီအား ပြောမပြရသေးသော အခြားအစီအစဉ်တစ်ခု ရှိနေခဲ့သေး၏။
ယခုအခါတွင် သူက အဆင့် ၆ ဧကရာဇ်လက်နက်နှင့် ယှဉ်နိုင်သော 'အနန္တ ဝိညာဉ်မီးဖိုး'ကို ပိုင်ဆိုင်ထားပြီးသား ဖြစ်သည်။
အကယ်၍ သူသာ ၎င်းကို အသုံးပြုပြီး မိစ္ဆာဘိုးဘေး၏ အသိစိတ် သို့မဟုတ် အကြွင်းအကျန်များကိုပါ တိုက်ရိုက် ဆေးဖော်စပ်သလို သန့်စင်ပစ်နိုင်မည်ဆိုပါက မတွေးဝံ့စရာကောင်းသော အကျိုးအမြတ်ကြီးကို မလွဲမသွေ ရရှိနိုင်ပေလိမ့်မည်။
ဤအကြောင်းကို ပြောမပြရခြင်းမှာ ပထမအချက်အနေဖြင့် 'အနန္တ ဝိညာဉ်မီးဖို' ၏ ဖြစ်တည်မှုကို လျှို့ဝှက်ထားလိုခြင်းဖြစ်ပြီး ဒုတိယအချက်အနေဖြင့် ထိုမီးဖိုကြီးက မိစ္ဆာဘိုးဘေးကို အမှန်တကယ် သန့်စင်နိုင်ခြင်း ရှိမရှိ မသေချာသောကြောင့် ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် အတိတ်ကာလက အင်အားကြီးလှသော ဧကရာဇ်အရှင်အဆင့် ကျင့်ကြံသူ မြောက်မြားစွာပင် ဤမိစ္ဆာဘိုးဘေးကို အမြစ်ပြတ်မသတ်နိုင်ခဲ့ဘဲ ချိပ်ပိတ်ရုံသာ တတ်နိုင်ခဲ့သည် မဟုတ်ပါလော။
"သွားကြစို့"
'ကောင်းကင်လှည့်စား ကျောက်စိမ်းအဆောင်' ၏ ကျန်ရှိနေသေးသော အချိန်အနည်းငယ်ကို အသုံးပြု၍ ၎င်းတို့နှစ်ဦးစလုံး ပင်မမိစ္ဆာနန်းတော်ကြီး၏ အနီးနားသို့ အမြန်ဆုံး ချဉ်းကပ်ရန် ပြင်ဆင်လိုက်ကြ၏။
နင်ယို့ချီက ခေါင်းညိတ်လိုက်ပြီး ရှုချွမ်း၏ အမိန့်တိုင်းကို မြေဝယ်မကျ နာခံခဲ့သည်။
သူမက ရှုချွမ်းကို အကြွင်းမဲ့ ယုံကြည်ထားသဖြင့် ဤနေရာက ထောင်ချောက်တစ်ခု ဖြစ်နေမည်ကိုပင် အနည်းငယ်မျှ သံသယမဝင်ခဲ့ပေ။
"ဝှစ်"
ရှုချွမ်းက 'ရွှေကျီးကန်း သက်တန့်အသွင်ပြောင်းခြင်း ကျင့်စဉ်' ကို အသက်သွင်းလိုက်ပြီး နင်ယို့ချီကို ပွေ့ချီကာ အလင်းတန်းတစ်ခုအလား သတ်မှတ်ထားသော အရပ်မျက်နှာဆီသို့ ပျံသန်းထွက်ခွာသွားခဲ့တော့သည်။
ခရီးသွားလာရာတွင် အဆင်ပြေစေရန်အတွက် နင်ယို့ချီက ထိုက်ယင်ကျောက်စိမ်းယုန်လေးကို သူမ၏ သိုလှောင်အိတ် အတွင်းသို့ ကြိုတင်ထည့်သွင်းထားခဲ့ပြီးသား ဖြစ်၏။
သူမတွင် သက်ရှိသတ္တဝါများကို သိုလှောင်နိုင်သည့် ထူးခြားသော နည်းလမ်းများ ရှိနေခဲ့ပေသည်။
ခဏမျှ အချိန်အတွင်းမှာပင် ရှုချွမ်းနှင့် နင်ယို့ချီတို့က လွင်ပြင်ကျယ်ကြီးတစ်ခုသို့ ရောက်ရှိသွားခဲ့ကြချေပြီ။
ဤနေရာမှနေ၍ ကြည့်လျှင် ဝေးကွာလှသော အရပ်၌ တည်ရှိနေသည့် ခမ်းနားထည်ဝါသော မိစ္ဆာနန်းတော်ကြီး၏ ပုံရိပ်ကို လှမ်း၍ မြင်တွေ့နေရပြီ ဖြစ်သည်။
ထိုလွင်ပြင်ကျယ်ကြီးပေါ်တွင် မိစ္ဆာမျိုးနွယ်စု မြောက်မြားစွာ အခြေစိုက် နေထိုင်ကြ၏။
ရှုချွမ်း ယခင်က ကြုံတွေ့ဖူးခဲ့သော မိစ္ဆာမများ ၊ အရိပ်မိစ္ဆာများနှင့် ကျရှုံး မိစ္ဆာများအပြင် တစ်ခါမျှ မမြင်ဖူးသေးသော မိစ္ဆာမျိုးနွယ်စု မြောက်မြားစွာလည်း ရှိနေခဲ့ကြရာ အရေအတွက်မှာ တောင်ပုံရာပုံ ရှိပေသည်။
ထိုနေရာသို့ ရောက်ရှိချိန်တွင်မူ 'ကောင်းကင်လှည့်စား ကျောက်စိမ်းအဆောင်' ၏ အစွမ်းမှာ ကုန်ဆုံးသွားခဲ့ပြီး ရှုချွမ်းနှင့် နင်ယို့ချီတို့၏ ပုံရိပ်များမှာ လေထုထဲ၌ ရုတ်တရက် ထင်ရှားစွာ ပေါ်ထွက်လာခဲ့တော့၏။
အရှေ့ဘက်တွင် ကင်းလှည့်နေသော မိစ္ဆာစစ်သည်အဖွဲ့တစ်ဖွဲ့က ၎င်းတို့နှစ်ဦးကို တခဏချင်းအတွင်း လှမ်း၍ မြင်တွေ့သွားခဲ့ကြသည်။
"ဘယ်သူလဲ မိစ္ဆာနယ်မြေအတွင်းမှာ မပျံသန်းရဘူးဆိုတဲ့ စည်းကမ်းကို မသိဘူးလား "
"ဆွစ်......"
ထိုမိစ္ဆာစစ်သည်ခေါင်းဆောင်၏ စကားပင် မဆုံးသေးမီမှာပင် ရှုချွမ်းက နင်ယို့ချီကို ပွေ့ချီလျက် အလင်းတန်းတစ်ခုအလား ကောင်းကင်ယံထံသို့ ထပ်မံ ပျံသန်းသွားခဲ့ပြန်ရာ ၎င်းတို့၏ အရှေ့မှ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားခဲ့တော့၏။
"ဘာ..ဘာဖြစ်သွားတာလဲ"
ထိုမိစ္ဆာစစ်သည်များမှာ တစ်ဦးကိုတစ်ဦး ကြောင်အမ်းအမ်းဖြင့် လှည့်ကြည့်လိုက်မိကြသည်။
ဤမျှအထိ မြန်ဆန်လွန်းလှသော အမြန်နှုန်း မျိုးကို ၎င်းတို့တစ်သက်လုံး တစ်ခါမျှ မမြင်ဖူးခဲ့ကြပေ။
၎င်းတို့အနေဖြင့် တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ ထိုလူမှာ ကောင်းကင်ယံထဲ၌ ပျောက်ကွယ်သွားခဲ့ပြီ မဟုတ်ပါလော။
ခေတ္တမျှ ကြာပြီးနောက်တွင်မှ ၎င်းတို့အားလုံး အသိစိတ် ပြန်ဝင်လာခဲ့ကြပြီး မိစ္ဆာစစ်သည်ခေါင်းဆောင်၏ မျက်နှာမှာ ဖြူလျော်သွားခဲ့ရတော့၏။
"မြန်မြန် သခင်ကြီး မိုဝူဆီကို သွားပြီးတော့ သတင်းပို့ကြစမ်း။ မိစ္ဆာနယ်မြေထဲကို လူသားကျူးကျော်သူတွေ ရောက်နေပြီ"
သူက အနောက်မှ မိစ္ဆာစစ်သည်များကို ပျာပျာသလဲ အော်ဟစ်အမိန့်ပေးလိုက်တော့သည်။
စည်းကမ်းကြီးမားလှသော မိစ္ဆာမျိုးနွယ်စုများကြားတွင် ကင်းလှည့်အဖွဲ့၏ အာဏာမှာ လွန်စွာ ကြီးမားလှရာ မည်သည့်မိစ္ဆာမျှ ၎င်းတို့ကို မလေးမစား မပြုဝံ့ကြပေ။
သို့သော် ယခုအခါတွင်မူ ၎င်းတို့၏ တားမြစ်ချက်ကို လုံးဝ လျစ်လျူရှုကာ ဖြတ်သန်းသွားသူ ရှိနေခဲ့ချေပြီ။။
သို့ဖြစ်ရာ အမှန်တရားက တစ်ခုတည်းသာ ရှိပေသည်။
ယင်းက မိစ္ဆာနယ်မြေအတွင်းသို့ လူသားသိုင်းပညာရှင်များ အမှန်တကယ် ခိုးဝင်လာခဲ့ခြင်း ဖြစ်၏။
သူက ဤအချက်ကို ယခုမှသာ ရိပ်မိသွားခဲ့သဖြင့် လွန်စွာ ထိတ်လန့်တုန်လှုပ်သွားခဲ့ရခြင်း ဖြစ်သည်။
အကယ်၍ သခင်ကြီး မိုဝူသာ သူတို့ကြောင့် လူသားများ လွတ်မြောက်သွားခဲ့ကြောင်း သိရှိသွားပါက ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ အကျိုးဆက်ကိုမူ ထိုမိစ္ဆာစစ်သည်မှာ ဆက်လက်၍ မတွေးဝံ့တော့ဘဲ တစ်ကိုယ်လုံး တုန်ရီနေခဲ့တော့သည်။