အခန်း ၁၆၂
Vol. 17 Ch. 162
အခန်း (၁၆၂) မိစ္ဆာနန်းတော်ဆီသို့ တစ်ဟုန်ထိုး ချဉ်းကပ်ခြင်း
ရှုချွမ်းက နင်ယို့ချီကို အသာအယာ ပွေ့ချီလျက် သူ၏ အမြန်ဆုံး အရှိန်အဟုန်ကို မြှင့်တင်ကာ ပင်မမိစ္ဆာနန်းတော်ကြီးဆီသို့ တစ်ဟုန်ထိုး ပြေးဝင်သွားခဲ့သည်။
လမ်းခရီးတစ်လျှောက်တွင် ၎င်းတို့အား ကြားဖြတ်တားဆီးရန် ကြိုးစားကြသော မိစ္ဆာစစ်သည်အဖွဲ့အချို့နှင့် ကြုံတွေ့ခဲ့ရသော်လည်း ထိုသူများမှာ နိဗ္ဗာနနယ်ပယ်အဆင့်ရှိ သာမန်အဆင့်နိမ့် မိစ္ဆာများသာ ဖြစ်ကြသဖြင့် ရှုချွမ်း၏ လျှပ်စီးအလား မြန်ဆန်လှသော အမြန်နှုန်း ကို မီအောင်ပင် မလိုက်နိုင်ကြဘဲ လေထုထဲ၌ ကျန်ရစ်ခဲ့သော အလင်းတန်းကိုသာ ငေးကြည့်ကျန်ခဲ့ကြရတော့၏။
နောက်ဆုံးတွင် ရှုချွမ်းနှင့် နင်ယို့ချီတို့ ပင်မမိစ္ဆာနန်းတော်ကြီးနှင့် မိုင်အနည်းငယ်မျှသာ ကွာဝေးသော နေရာသို့ ရောက်ရှိလာချိန်တွင်မူ ကမ္မနယ်ပယ် အဆင့် ၇ ရှိသော မိစ္ဆာစစ်သူကြီးတစ်ဦး ဦးဆောင်သည့် အင်အားတောင့်တင်းသော မိစ္ဆာစစ်သည်တစ်ဖွဲ့က ၎င်းတို့၏ အရှေ့မှ ပိတ်ဆို့တားဆီးလိုက်ကြသည်။
"မိစ္ဆာနယ်မြေထဲကို ခိုးဝင်လာတဲ့ လူသားတွေ.. သေကြစမ်း"
ထိုမိစ္ဆာစစ်သည်များမှာ ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် ရှုချွမ်းနှင့် နင်ယို့ချီတို့ကို တိုက်ခိုက်ရန် ပြင်ဆင်လိုက်ကြတော့သည်။
၎င်းတို့က မျက်စိတစ်မှိတ်အတွင်းမှာပင် တိုက်ပွဲအစီအရင်တစ်ခုကို ခင်းကျင်း လိုက်ကြပြီး ၎င်းတို့နှစ်ဦးအား ထပ်ချပ်မကွာ ဝိုင်းဝန်းပိတ်ဆို့လိုက်ကြ၏။
"တိုက်ကြစမ်း. သူတို့ကို သတ်ပြီး ခေါင်းဖြတ်ယူသွားရင် သခင်ကြီး မိုဝေဆီကနေ ကြီးမားတဲ့ ဆုလာဘ်တွေ ရလိမ့်မယ်"
ထိုအမိန့်သံကို ကြားရသည်နှင့် တစ်ပြိုင်နက် မိစ္ဆာစစ်သည်များမှာ သွေးရူးသွေးတန်း ဖြစ်နေသော သားရဲရိုင်းများအလား ရှုချွမ်းတို့ရှိရာဆီသို့ ရူးသွပ်စွာ ပြေးဝင်လာခဲ့ကြတော့သည်။
ရှုချွမ်းကမူ ထိုမိစ္ဆာများကို လှောင်ပြုံးတစ်ချက် ပြုံးရင်း အထက်စီးမှ နှိမ်ချစွာ ကြည့်လိုက်၏။
"မင်းတို့လို အမှိုက်တွေက ငါ့ကို သတ်နိုင်မယ်တဲ့လား.."
စကားဆုံးသည်နှင့် ရှုချွမ်း၏ ခန္ဓာကိုယ်ပတ်လည်တွင် ရွှေရောင်အလင်းတန်းများ တောက်ပလာခဲ့ပြီး သူ၏ အမြန်နှုန်း မှာလည်း အဆပေါင်းများစွာ မြင့်မားသွားခဲ့သည်။
သူ၏ လက်သီးအစုံပေါ်တွင်မူ ပြင်းထန်လှသော ရွှေရောင်ချီ များက လွှမ်းခြုံသွားခဲ့တော့၏။
သူက မျက်စိတစ်မှိတ်အတွင်းမှာပင် လျှပ်တပြတ် လက်သီးချက်ပေါင်း မြောက်မြားစွာကို ပစ်လွှတ်လိုက်ရာ ထိုလက်သီးချက်များက မိစ္ဆာစစ်သည်တစ်ဦးချင်းစီထံသို့ တိကျစွာ ရိုက်ခတ်သွားခဲ့သည်။
"ဘုန်း......"
ပြင်းထန်လှသော ပေါက်ကွဲသံကြီးတစ်ခု ဟိန်းထွက်သွားခဲ့ပြီး ထိုမိစ္ဆာစစ်သည်အဖွဲ့မှာ ရှုချွမ်း၏ အဝတ်စကိုပင် မထိခိုက်နိုင်လိုက်ဘဲ သူ၏ လက်သီးစွမ်းအားကြောင့် လေထုထဲ၌ပင် ပြာအဖြစ်သို့ တိုက်ရိုက် ပြောင်းလဲသွားခဲ့ရတော့၏။
ရှုချွမ်းက ထိုမြင်ကွင်းကို အေးစက်စွာ ကြည့်လိုက်သည်။
မိစ္ဆာမျိုးနွယ်စုများ သေဆုံးခြင်းအတွက် သူ အနည်းငယ်မျှ သနားဂရုဏာ မဖြစ် ပေ။
သူ မည်မျှပင် သတ်ဖြတ်ပါစေ သူ၏ စိတ်နှလုံးကို အနည်းငယ်မျှ လှုပ်ခတ်နိုင်ခြင်း မရှိပေ ။
"နောက်ပိုင်းကျရင် တကယ့်အန္တရာယ်တွေ ရောက်လာတော့မှာ မင်းကိုယ်မင်း ဂရုစိုက်ပါ ယို့ချီ." ရှုချွမ်းက ခေါင်းလှည့်ကာ နင်ယို့ချီကို လေးနက်စွာ မှာကြားလိုက်၏။
စောစောက ဖြစ်ပွားခဲ့သော ပြင်းထန်လှသည့် ပေါက်ကွဲမှုကြောင့် ၎င်းတို့၏ တည်ရှိမှုမှာ လုံးဝ ဥဿုံ ပေါ်သွားခဲ့ပြီ ဖြစ်သည်။
ထို့အပြင် ဤနေရာမှာ မိစ္ဆာနယ်မြေ၏ ဗဟိုချက် အချက်အချာကျသော နေရာဖြစ်သည်နှင့်အညီ နယ်မြေ တစ်ခုလုံးရှိ မိစ္ဆာမျိုးနွယ်စု မြောက်မြားစွာမှာ ၎င်းတို့အား သတိပြုမိသွားကြပြီး ဤနေရာဆီသို့ ဒီရေအလား စုပြုံရောက်ရှိလာနေကြပြီ ဖြစ်၏။
အကယ်၍ မိစ္ဆာအရေအတွက်က လွန်စွာ များပြားလာပါက ရှုချွမ်းအနေဖြင့် တိုက်ခိုက်ရင်း နင်ယို့ချီကို အပြည့်အဝ အကာအကွယ်ပေးရန် ခဲယဉ်းသွားနိုင်သဖြင့် ကြိုတင်သတိပေးလိုက်ခြင်း ဖြစ်ပေသည်။
"အင်း. ကျွန်မ သေသေချာချာ ဂရုစိုက်ပါ့မယ"
နင်ယို့ချီကလည်း အခြေအနေ၏ လေးနက်မှုကို သိရှိသဖြင့် တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်၏။
သူမသည်လည်း သူ၏ အသက်ကို အလဟဿ အဆုံးရှုံးမခံနိုင်ကြောင်း သိထားပေသည်။
"ရောက်လာကြပြီ.."
ရှုချွမ်း၏ မျက်ဝန်းများ စူးရှသွားခဲ့သည်။
အမွှေးတိုင်တစ်တိုင် ကုန်ဆုံးမည့် အချိန်ပင် မရှိသေးဘဲ ဒုတိယမြောက် မိစ္ဆာစစ်သည်အဖွဲ့ကြီး ရောက်ရှိလာခဲ့ချေပြီ။
ဤတစ်ကြိမ်တွင်မူ အဖွဲ့ခေါင်းဆောင်၏ ကျင့်ကြံခြင်းအဆင့်မှာ ကမ္မနယ်ပယ် အဆင့် ၈ သို့ ရောက်ရှိနေပြီး အဖွဲ့ဝင် မိစ္ဆာအားလုံးမှာလည်း ချွင်းချက်မရှိ ကမ္မနယ်ပယ်အဆင့်ရှိ ကျင့်ကြံသူများ ဖြစ်ကြသည်။
"ဟမ့်... ကမ္မနယ်ပယ် အဆင့် ၆ လူသားကျင့်ကြံသူတစ်ယောက်နဲ့ ကမ္မနယ်ပယ် အဆင့် ၈ မိန်းမပျိုတစ်ယောက်ပဲကိုး။ မင်းတို့တွေ မိစ္ဆာနယ်မြေထဲကို ဘယ်လိုနည်းနဲ့ ခိုးဝင်လာနိုင်ခဲ့လဲဆိုတာ ငါတို့ မသိပေမဲ့.. ဒီနေ့ကတော့ မင်းတို့တွေ သေရမယ့်နေ့ပဲ "
ထိုမိစ္ဆာခေါင်းဆောင်က ရှုချွမ်းနှင့် နင်ယို့ချီတို့ကို ကြည့်ကာ သူ၏အောက်ရှိ ကမ္မနယ်ပယ် မိစ္ဆာအင်အားစု မြောက်မြားစွာကြောင့် အောင်နိုင်သူအလား လွန်စွာ ယုံကြည်မှု ရှိနေခဲ့သည်။
သူ၏ အမြင်တွင်မူ လူသားနှစ်ဦးတည်းက သူ၏ မိစ္ဆာစစ်သည် မြောက်မြားစွာကို မည်သို့မျှ ယှဉ်ပြိုင်နိုင်စရာ အကြောင်းမရှိပေ။
"တိုက်ကြစမ်း"
"သခင်ကြီး မိုဝူက အမိန့်ပေးထားတယ်။ အဲဒီလူသားတွေကို အရင်ဆုံး သတ်နိုင်တဲ့သူကို 'မြေကြီးအဆင့်' မိစ္ဆာလက်နက်တစ်ခု ဆုချမယ်"
ထိုမိစ္ဆာခေါင်းဆောင်က သူ၏ လက်ထဲရှိ ဓားမကြီးကို ဝှေ့ယမ်းကာ အော်ဟစ်လိုက်သည်နှင့် နောက်ကွယ်မှ မိစ္ဆာသိုင်းပညာရှင်အားလုံးမှာ ရူးသွပ်သွားခဲ့ကြတော့၏။
ဤမိစ္ဆာနယ်မြေအတွင်း၌ ကျင့်ကြံခြင်း အရင်းအမြစ်များမှာ လွန်စွာ ရှားပါးလှပြီး နှစ်ပေါင်းများစွာ ကြာမြင့်လာခဲ့သည့်နောက်တွင်မူ အရင်းအမြစ် ပြတ်လပ်မှုမှာ ထိတ်လန့်ဖွယ်ရာ အဆင့်သို့ ရောက်ရှိနေခဲ့သည်။
သို့ဖြစ်ရာ 'မြေကြီးအဆင့်' မိစ္ဆာလက်နက်တစ်ခု ဆိုသည်မှာ ကမ္မနယ်ပယ် မိစ္ဆာသိုင်းပညာရှင်များအတွက် တစ်သက်လုံး ကြိုးစားရှာဖွေရမည့် အဖိုးတန်ရတနာ ဖြစ်ပေသည်။
ယခုအခါတွင်မူ ထိုလူသားနှစ်ဦးထဲမှ တစ်ဦးကို သတ်ရုံမျှဖြင့် ရရှိနိုင်မည်ဖြစ်ရာ ယင်းက ကောင်းကင်မှ ကျလာသော ဆုလာဘ်ကြီးတစ်ပါးပင် မဟုတ်ပါလော။
၎င်းတို့အနေဖြင့် မည်သို့ စိတ်ကို ထိန်းချုပ်နိုင်ပါတော့မည်နည်း။
"သတ်ကြစမ်း"
"သူတို့ကို သတ်ပြီး ဆုလာဘ်ကို ယူမယ်"
"အဲဒီ မြေကြီးအဆင့် လက်နက်က ငါ့အပိုင်ပဲ"
တခဏချင်းအတွင်းမှာပင် မိစ္ဆာများအားလုံး ရှေ့သို့ စုပြုံတိုးဝှေ့ တိုက်ခိုက်လာခဲ့ကြတော့သည်။
"ဆူညံလိုက်တာ"
ရှုချွမ်းက အေးစက်စွာ ပြောလိုက်ပြီး ထိုမိစ္ဆာများကို သူ၏ မျက်စိထဲသို့ပင် ထည့်မထားပေ။
မိစ္ဆာအနည်းငယ်မျှကို သူ အလွယ်တကူ ရှင်းလင်းပစ်နိုင်စွမ်း ရှိသည်။
ရှုချွမ်းက သူ၏ လက်သီးကို မြှောက်လိုက်ရာ တစ်ဟုန်ထိုး တက်ကြွလာသော ပြင်းထန်လှသည့် ကမ္မချီ များက လက်သီးထံမှ ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်ယံထံသို့ တိုက်ရိုက် ဟိန်းထွက်သွားခဲ့တော့သည်။
မိုင်အနည်းငယ် ပတ်လည်တွင် ရှိနေခဲ့သော မိစ္ဆာချီစွမ်းအားများအားလုံးမှာ သူ၏ လက်သီးချက်ကြောင့် လှုပ်ခတ်သွားခဲ့ကြပြီးနောက် ထိုမိစ္ဆာအားလုံးကို လွှမ်းခြုံသွားမည့် ဧရာမ လက်သီးပုံရိပ်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့တော့၏။
ထိုလက်သီးပုံရိပ်ကြီးထံမှ ထွက်ပေါ်လာသော ထိတ်လန့်ဖွယ် ချီ ကို ခံစားမိကြချိန်တွင်မူ မိစ္ဆာများအားလုံး၏ မျက်နှာအမူအရာမှာ ချက်ချင်း ပြောင်းလဲသွားခဲ့ရသည်။
၎င်းတို့သည်လည်း ၎င်းတို့၏ အစွမ်းထက် ဝှက်ဖဲများကို ထုတ်ဖော်ကာ ဤလက်သီးချက်ကို ခုခံရန် အားထုတ်လိုက်ကြ၏။
သို့သော်လည်း.. ခုခံနိုင်ရန် ဖြစ်နိုင်ပါ့မလား။ လုံးဝ မဖြစ်နိုင်ပေ။
ရှုချွမ်း ကမ္မနယ်ပယ် အဆင့် ၆ သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သည့် အချိန်ကတည်းက သူ၏ ထူးခြားလှသော ဇာတ်ကောင် ကံကြမ္မာဖြစ်သည့် 'တစ်ချက်ထိုး လူသား' စွမ်းရည်ကိုသာ အသုံးပြုလိုက်ပါက ဤအဆင့်နိမ့် မိစ္ဆာလေးများ မည်သို့မျှ တောင့်ခံနိုင်စရာ အကြောင်းမရှိပေ။
"ဝုန်း.."
ထိတ်လန့်ဖွယ်ရာ အရှိန်အဝါကြီးမားလှသော ဖိအားကြီးနှင့်အတူ ဧရာမ လက်သီးပုံရိပ်ကြီးက ကောင်းကင်ယံထံမှ ပြိုဆင်း လာခဲ့ပြီး အောက်ရှိ မိစ္ဆာအားလုံး၏ အပေါ်သို့ ဖိချပစ်လိုက်တော့၏။
ကမ္မနယ်ပယ်သို့ အသစ်စက်စက် တက်လှမ်းထားကြသော မိစ္ဆာအချို့မှာမူ လက်သီးချက်က ၎င်းတို့၏ ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက်ပင် မကျရောက်ရသေးဘဲ ထိုကြောက်မက်ဖွယ် ဖိအားကြီးကြောင့်တင် ခန္ဓာကိုယ်များ ပေါက်ကွဲကာ နေရာ၌တင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြရသည်။
"သေစမ်း"
ရှုချွမ်းက အော်ဟစ် လိုက်ပြီး လက်သီးချက်ကို အပြတ်အသတ် ဖိချလိုက်ရာ တားဆီး၍မရနိုင်သော စွမ်းအားကြီးကြောင့် အရှေ့ရှိ မိစ္ဆာအားလုံး မရှုမလှ ခန္ဓာကိုယ်များ မှုန့်မှုန့်ညက်ညက် ကြေမွသွားခဲ့ရတော့သည်။
၎င်းတို့၏ ဝိညာဉ်များပင် လွတ်မြောက်ခွင့်မရလိုက်ဘဲ ဤလက်သီးချက်တစ်ခုတည်းအောက်တွင် လုံးဝ ပျက်စီးသွားခဲ့ရချေပြီ။
သူ၏ အရှေ့ရှိ ကမ္မနယ်ပယ် အဆင့် ၆ မျှသာ ရှိသေးသော လူသားလူငယ်လေး က သူဦးဆောင်လာခဲ့သည့် မိစ္ဆာစစ်သည်အဖွဲ့ကြီးတစ်ခုလုံးကို လက်သီးတစ်ချက်တည်းဖြင့်တင် အမှုန့်ခြေဖျက်ဆီးပစ်လိုက်သည်ကို မြင်လိုက်ရချိန်တွင်မူ တိုက်ခိုက်ရန်ပင် အချိန်မရလိုက်သေးသော မိစ္ဆာခေါင်းဆောင်မှာ သူ၏ မိစ္ဆာဘဝတစ်ခုလုံးကိုပင် သံသယဝင်သွားခဲ့ရတော့၏။
သူသည်လည်း ရှေးဟောင်းစစ်မြေပြင်ကြီးအတွင်း၌ လူသားသိုင်းပညာရှင် မြောက်မြားစွာကို သတ်ဖြတ်ဖူးခဲ့သော်လည်း ရှုချွမ်းကဲ့သို့ သူ့ထက် ကျင့်ကြံခြင်းအဆင့် မြင့်မားသူများနှင့် အရေအတွက် အဆပေါင်းများစွာ များပြားလှသော ရန်သူများကို လက်သီးတစ်ချက်တည်းဖြင့် ခြေမှုန်းနိုင်သည့် 'နတ်ဆိုး' ကဲ့သို့သော လူမျိုးကိုမူ တစ်သက်နှင့်တစ်ကိုယ် တစ်ခါမျှ မမြင်ဖူးခဲ့ပေ။
တခဏချင်းအတွင်းမှာပင် သူ၏ နှလုံးသားထဲ၌ ကြောက်ရွံ့မှုများ လွှမ်းခြုံသွားခဲ့ရသည်။
"မင်း... မင်းက... မင်းက တကယ်ပဲ ဘယ်သူလဲ"
ကြောက်ရွံ့မှုများကြောင့် သူ၏ စကားသံများပင် ထစ်ငေါ့ကာ ကစဉ့်ကလျား ဖြစ်ကုန်ရချေပြီ။
သူက မွေးရာပါ 'ကြောက်ရွံ့ခြင်းမိစ္ဆာမျိုးနွယ်စု'ဖြစ်သည်နှင့်အညီ အခြားသူများ၏ ကြောက်ရွံ့မှုများကို စုပ်ယူပြီး ကျင့်ကြံသူ ဖြစ်သော်လည်း ယနေ့တွင်မူ သူကိုယ်တိုင်၏ ရင်ထဲမှ ထွက်ပေါ်လာသော ကြောက်ရွံ့မှုကြီးကို ပထမဆုံးအကြိမ် ခံစားလိုက်ရခြင်း ဖြစ်၏။
ထိုသို့ သူကိုယ်တိုင် ကြောက်ရွံ့သွားခဲ့ခြင်းကြောင့် သူ၏ ကျင့်ကြံခြင်းစွမ်းအားများက သူ့ကို ပြန်လည်၍ တိုက်ခိုက်ခြင်းကို ခံလိုက်ရတော့သည်။
"ဖူး..."
သူ၏ ပါးစပ်မှ ခရမ်းရင့်ရောင် မိစ္ဆာသွေးများကို အံထုတ်လိုက်ရပြီး သူ၏ မျက်နှာတွင်မူ မယုံကြည်နိုင်မှုများနှင့် ကြောက်ရွံ့ထိတ်လန့်မှုများသာ ပြည့်နှက်နေခဲ့ချေပြီ။
"အဲဒီမေးခွန်းကို.. မရဏမင်းဆီရောက်မှပဲ သွားမေးလိုက်တော့"
ရှုချွမ်းက ရန်သူကို အချိန်ဆွဲခွင့် လုံးဝ မပေးပေ။
သူက နောက်ထပ် လက်သီးတစ်ချက်ကို ထပ်မံ ပစ်လွှတ်လိုက်ရာ ထိုမိစ္ဆာခေါင်းဆောင်မှာလည်း နေရာ၌တင် အမှုန့်ဖြစ်သွားခဲ့ရတော့သတည်း။
ယခုအခိုက်အတန့်တွင် နင်ယို့ချီ၏ လှပသော မျက်ဝန်းအစုံက စူးရှသွားခဲ့ပြီး ရှုချွမ်းဘက်သို့ လှည့်ကာ ပြောလိုက်၏။
"ရှုချွမ်း.. ကျွန်မတို့တွေ အဝိုင်းခံထားရပြီ။ နေရာတိုင်းမှာ မိစ္ဆာတွေ ချည်းပဲ"
"ဒါဆိုရင်လည်း... အားလုံးကို သတ်ပြီး လမ်းတစ်ခု ဖောက်ကြတာပေါ့" ရှုချွမ်းက ခိုင်မာပြတ်သားသော လေသံဖြင့် ပြန်ပြောလိုက်သည်။
"ကောင်းပြီ." နင်ယို့ချီကလည်း ရှုချွမ်း၏ အစီအစဉ်ကို သဘောတူလိုက်၏။
"ဝှစ်...."
နင်ယို့ချီက အရင်ဆုံး စတင်လှုပ်ရှားလိုက်ပြီး သူမ၏ လက်ထဲရှိ ဓားရှည်ကို ကချေသည်တစ်ဦးအလား ဝှေ့ယမ်းလိုက်ရာ စူးရှလှသော ဓားချီများက ဘေးပတ်ပတ်လည်သို့ ဖြာထွက်သွားခဲ့ပြီး ဓားတစ်ချက်ဝှေ့တိုင်း မိစ္ဆာတစ်ကောင်စီ အသက်ပျောက်သွားခဲ့ရသည်။
ရှုချွမ်းကလည်း အလျှော့မပေးပေ။
သူ၏ လက်ထဲတွင် အဖိုးတန်ဓား 'ဝမ်ကျီ'ပေါ်ထွက်လာခဲ့ချေပြီ။ သူက လက်တစ်ဖက်ဖြင့် ဓားကို ကိုင်ထားပြီး ကျန်လက်တစ်ဖက်ဖြင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထား၏။
သူက လက်သီးတစ်ချက် ပစ်လွှတ်လိုက်ပြီးနောက် ဓားဖြင့် ထပ်မံ ပိုင်းဖြတ်လိုက်ရာ မျက်စိတစ်မှိတ်အတွင်းမှာပင် မိစ္ဆာနှစ်ကောင် နေရာ၌တင် အသက်ပျောက်သွားခဲ့ရပြန်သည်။
၎င်းတို့နှစ်ဦးစလုံးမှာ လွန်စွာ အတွဲ ညီသော လက်တွဲဖော် များအလား တစ်ဦးကိုတစ်ဦး ကျောချင်းကပ်လျက် မိစ္ဆာများကို အဆက်မပြတ် သတ်ဖြတ်နေခဲ့ကြရာ မည်သည့်မိစ္ဆာမျှ ၎င်းတို့၏ အနားသို့ပင် မကပ်နိုင်ကြပေ။
အနောက်မှ စောင့်ကြည့်နေသော မိစ္ဆာအဆင့်မြင့် စစ်သူကြီးများမှာလည်း ယခုအခါတွင် အခြေအနေ မဟန်တော့ကြောင်း ရိပ်မိသွားကြချေပြီ။
ဆက်တိုက် သေဆုံးနေကြသော မိစ္ဆာစစ်သည်များကို ကြည့်ရင်း ၎င်းတို့၏ မျက်နှာအမူအရာမှာ အကြီးအကျယ် ပျက်ယွင်းသွားခဲ့ရတော့၏။
"မဖြစ်နိုင်ဘူး... ဒီလူသားနှစ်ယောက်က သာမန်လူတွေ မဟုတ်ဘူး... တကယ့်ကို အစွမ်းထက်လွန်းတယ်။ ငါတို့ သူတို့ကို မြန်မြန် သတ်ပစ်ရမယ်။ မဟုတ်ရင် နောက်ဆက်တွဲက မတွေးဝံ့စရာပဲ"
"သူတို့ကို... သခင်ကြီးရဲ့ အစီအစဉ်ကို လာပြီး နှောင့်ယှက်ခွင့် လုံးဝ မပေးနိုင်ဘူး."
စကားဆုံးသည်နှင့် ကမ္မနယ်ပယ် အဆင့် ၉ ရှိသော အစွမ်းထက် မိစ္ဆာကြီးအချို့ အရှေ့ဘက်သို့ ချက်ချင်း ထွက်ပေါ်လာခဲ့ကြပြီး ရှုချွမ်းနှင့် နင်ယို့ချီတို့၏ လမ်း ကို ပိတ်ဆို့ရန် ပြင်ဆင်လိုက်ကြတော့သည်။
၎င်းအပြင် အခြားသော မိစ္ဆာမြောက်မြားစွာကိုလည်း လူအင်အားသုံး၍ ၎င်းတို့နှစ်ဦးအား မောပန်းနွမ်းနယ်ကာ သေဆုံးသွားစေရန်အတွက် ဒီရေအလား ထပ်မံ စေလွှတ်လိုက်ကြတော့၏။
သို့သော်လည်း.. ၎င်းတို့၏ စိတ်ကူးက ကောင်းမွန်လှသော်လည်း လက်တွေ့ကမူ လွန်စွာ ရက်စက်လွန်းလှပေသည်။