အခန်း ၁၆၄
Vol. 17 Ch. 164
အခန်း (၁၆၄) လမင်း ဝါးမျိုခြင်း၊ မီးတောက် ပွဲသိမ်း တိုက်ကွက်
"လမင်း ဝါးမျိုခြင်း"
နင်ယို့ချီက ခပ်တိုးတိုး ဟစ်အော်လိုက်ရာ သူမ၏ တစ်ကိုယ်လုံးထံမှ ငွေရောင်အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။
သူမ၏ နဖူးထက်ရှိ တောက်ပသော လမင်း အမှတ်အသားမှာ စူးရှစွာ လင်းလက်လာခဲ့ပြီးနောက် သူမက ကောင်းကင်ယံထံသို့ ဖြည်းညင်းစွာ ပျံတက်သွားခဲ့၏။
ကြောက်မက်ဖွယ် ထိုက်ယင်စွမ်းအားများ သူမ၏ ခန္ဓာကိုယ်ထံမှ ဖြာထွက်လာခဲ့ပြီး နင်ယို့ချီ၏ ပတ်ပတ်လည်တွင် စုစည်းလာခဲ့ကြသည်။
စက္ကန့်အနည်းငယ်မျှအကြာတွင် ကောင်းကင်ယံ၌ တောက်ပသော လမင်းကြီးတစ်စင်း ပေါ်ထွက်လာခဲ့ပြီး ဖြည်းညင်းစွာ စတင်လည်ပတ်ခဲ့တော့၏။
ဘေးပတ်ဝန်းကျင်ရှိ မိစ္ဆာချီ များအားလုံးမှာ ထိုလမင်းကြီး၏ ဆွဲငင်ခြင်းကို ခံလိုက်ရပြီး လမင်းကြီးမှာ ခဏချင်းအတွင်း နက်မှောင်လှသော 'လမင်းကြီး' အဖြစ်သို့ ပြောင်းလဲသွားခဲ့ချေပြီ။
ထိတ်လန့်ဖွယ် စုပ်အားတစ်ခု ချက်ချင်း ထွက်ပေါ်လာခဲ့တော့သည်။
"ဝါးမျိုစမ်း"
နင်ယို့ချီ၏ အမိန့်သံ ဟိန်းထွက်သွားသည်နှင့် အနက်ရောင် လမင်းကြီး၏ စုပ်အားမှာ အဆပေါင်းများစွာ မြင့်တက်သွားခဲ့၏။
နောက်တခဏ ၌ မြေပြင်ပေါ်ရှိ မိစ္ဆာမျိုးနွယ်စုများမှာ ထိုကြောက်မက်ဖွယ် စုပ်အားကြောင့် လေထဲသို့ မြောက်တက်သွားခဲ့ကြပြီး အနက်ရောင် လမင်းကြီးဆီသို့ စုပြုံသွားကြတော့သည်။
ထိုမိစ္ဆာများမှာ မည်သည့်မျိုးနွယ်၊ မည်သည့်ကျင့်ကြံခြင်းအဆင့်ရှိသည်ဖြစ်စေ နင်ယို့ချီထက် ကျင့်ကြံခြင်း အဆင့်နိမ့် သော မိစ္ဆာမှန်သမျှ လမင်းကြီး၏ ဝါးမျိုခြင်းကို အားလုံး ခံလိုက်ရချေပြီ။
"ခရက်... ခရက်......"
လမင်းကြီး၏ အတွင်းမှ ကျောက်ကြိတ်စက်ကြီး လည်ပတ်နေသကဲ့သို့ ထူးဆန်းပြီး သွေးပျက်စရာကောင်းသော အသံများ ထွက်ပေါ်လာခဲ့၏။
"အား..."
"သခင်ကြီး မိုဝူ... ကယ်ပါဦး...."
အော်ဟစ်ညည်းတွားသံများမှာ စစ်မြေပြင်တစ်ခုလုံး ဆူညံသွားခဲ့သော်လည်း အများစုမှာ ကြာရှည်မခံလိုက်ဘဲ လုံးဝ ပျောက်ကွယ်သွားခဲ့ကြရသည်။
ဤမြင်ကွင်းမှာ အစွန်းကုန် ရက်စက်လှသော သတ်ဖြတ်ခြင်း ပွဲတော်ကြီးတစ်ခုပင် ဖြစ်တော့၏။
ရှုချွမ်း၏ ပတ်ပတ်လည် မိုင်အနည်းငယ်အတွင်း၌ ကမ္မနယ်ပယ် အဆင့် ၈ ရှိသော မိစ္ဆာအချို့မှလွဲ၍ အခြားမည်သည့် မိစ္ဆာတစ်ကောင်မျှ ရှိမနေတော့ပေ။
ဝေးကွာလှသော အရပ်မှ ပြေးဝင်လာကြသော မိစ္ဆာများမှာလည်း ဤမြင်ကွင်းကို မြင်လျှင် ထိတ်လန့်တုန်လှုပ်သွားကြပြီး ရှေ့ဆက်မတိုးဝံ့ဘဲ ရပ်တန့်သွားကြတော့သည်။
၎င်းတို့၏ ရင်ထဲမှ ကြောက်ရွံ့မှုမှာ အဆင့်မြင့် မိစ္ဆာကြီး ပေးထားသော စိတ်ဓာတ်ကို အပြည့်အဝ ကျော်လွန်သွားခဲ့ချေပြီ။
မိစ္ဆာအုပ်စုကြီးတစ်ခုလုံး နီးပါး သုတ်သင်ရှင်းလင်းခံလိုက်ရပြီးနောက် ကောင်းကင်ယံရှိ လမင်းကြီးမှာလည်း ဖြည်းညင်းစွာ ပျောက်ကွယ်သွားခဲ့ကာ နင်ယို့ချီ၏ ပုံရိပ် ပြန်လည်ပေါ်ထွက်လာပြီး မြေပြင်သို့ အသာအယာ ဆင်းသက်လာခဲ့၏။
သူမက မြေပြင်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် တင်ပျဉ်ခွေထိုင်လိုက်ပြီး ထိုမိစ္ဆာများထံမှ ဝါးမျိုထားသော စွမ်းအားများကို ချက်ချင်း စတင် ချေဖျက် စုပ်ယူလေတော့သည်။
ဤသို့လုပ်ရန်မှတစ်ပါး အခြားနည်းလမ်းမရှိပေ။ 'လမင်း ဝါးမျိုခြင်း' တိုက်ကွက်မှာ လွန်စွာ အစွမ်းထက်လှသော်လည်း ကြီးမားသော အားနည်းချက်တစ်ခု ရှိနေခဲ့သည်။
ယင်းက သူဝါးမျိုလိုက်သမျှ အရာအားလုံးကို ကျင့်ကြံသူ စုပ်ယူနိုင်ရန်အတွက် အသန့်စင်ဆုံးသော စွမ်းအားများအဖြစ် ပြောင်းလဲပေးခြင်းပင် ဖြစ်၏။
အကယ်၍ ကျင့်ကြံသူအနေဖြင့် ထိုစွမ်းအားအားလုံးကို အချိန်မီ မစုပ်ယူနိုင်ပါက ခန္ဓာကိုယ်အတွင်း စွမ်းအားများ လျှံထွက်ကာ ပေါက်ကွဲသေဆုံးသွားမည့် ရလဒ်တစ်ခုတည်းသာ ရှိပေသည်။
နင်ယို့ချီမှာ ယခုအခါတွင် ထိုအခြေအနေသို့ ရောက်ရှိနေခြင်း ဖြစ်၏။
အကယ်၍ သူမသာ ထိုမိစ္ဆာများ၏ စွမ်းအားကို အပြည့်အဝ မချေဖျက်နိုင်ပါက ယနေ့တွင် နေရာ၌တင် သေဆုံးသွားနိုင်ပြီး သမိုင်းတစ်လျှောက် စွမ်းအားများလွန်း၍ ပေါက်ကွဲ သေရသော ပထမဆုံး ကျင့်ကြံသူ ဖြစ်လာပေလိမ့်မည်။
"ကောင်းတယ်... တကယ့်ကို ကောင်းတယ်...."
"မင်းတို့တွေ ငါ့ကို ဒေါသထွက်အောင် လုပ်နိုင်ခဲ့ပြီပဲ...."
"ငါ မင်းတို့ကို ငါတို့မိစ္ဆာမျိုးနွယ်စုရဲ့ အဆိုးရွားဆုံး ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ နာကျင်အောင် လုပ်ပြမယ်"
နင်ယို့ချီနှင့် ရှုချွမ်းတို့က မိစ္ဆာစစ်သည် မြောက်မြားစွာကို သတ်ဖြတ်ပစ်လိုက်သည်ကို မြင်လျှင် မိုဝူတစ်ယောက် နောက်ထပ် အောင့်အည်းမထားနိုင်တော့ပေ။
သူ၏ အေးစက်လှသော မျက်ဝန်းများထဲတွင် သတ်ဖြတ်ခြင်းအငွေ့အသက်များ ပြည့်နှက်နေခဲ့ပြီး လက်ရှိအခြေအနေတွင် သူကိုယ်တိုင် တိုက်ရိုက်လှုပ်ရှားမှသာ ဆုံးရှုံးသွားသော သိက္ခာကို ပြန်လည်ဆယ်တင်နိုင်မည် ဖြစ်၏။
"လာစမ်းပါ...မိစ္ဆာတစ်ကောင်မှာ ဘယ်လောက်အထိခွန်အား ရှိ လဲဆိုတာ ငါလည်း ကြည့်ချင်နေတာ တော်တော်ကြာပြီ" ဘေးပတ်ပတ်လည်ရှိ မိစ္ဆာများအားလုံး သေဆုံးသွားခဲ့ပြီ ဖြစ်သဖြင့် ရှုချွမ်း၏ ရင်ထဲမှ ဖိအားများမှာ တခဏချင်းအတွင်း ပျောက်ကွယ်သွားခဲ့ပြီး သူ၏ တိုက်ခိုက်လိုစိတ်မှာ သာ၍ပင် ပြင်းထန်လာခဲ့တော့သည်။
သူက မိုဝူနှင့် တိုက်ခိုက် ရန် အသင့်ပြင်လိုက်၏။
တစ်ချိန်တည်းမှာပင် သူက နင်ယို့ချီအား ရင်ထဲမှ တိတ်တဆိတ် ချီးကျူးမိလိုက်သည်။
သူမတွင် ဤမျှအထိ အစွမ်းထက်သော တိုက်ကွက်မျိုး ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။
စောစောက တိုက်ကွက်မှာ တကယ်ကို အစွမ်းထက်လွန်းလှသည်။
အကယ်၍ သူမသာ ယခင်က ယန်ရှန်း၏ လိုက်လံသတ်ဖြတ်ခြင်းကို ခံရစဉ်က ဤတိုက်ကွက်ကို သိရှိထားခဲ့ပါက ဤမျှအထိ ဒုက္ခရောက်လိမ့်မည် မဟုတ်ပေ။ ၎င်းက ထိုအရိုးစု ချန်ထားခဲ့သော အမွေအနှစ်ထဲမှ ဖြစ်ကြောင်း ထင်ရှားလှပေသည်။
" သတိထားပါ " နင်ယို့ချီက မျက်လုံးကို အသာအယာဖွင့်ကာ ရှုချွမ်းကို သတိပေးလိုက်ပြီးနောက် စွမ်းအားများ ချေဖျက်သည့် အခြေအနေအတွင်းသို့ ပြန်လည်ဝင်ရောက်သွားခဲ့၏။
ယခုအခါ ဤနေရာမှာ ဘေးပတ်ပတ်လည်ရှိ မိစ္ဆာများ ရှင်းလင်းသွားခဲ့ပြီဖြစ်ပြီး ဝေးကွာလှသော အရပ်မှ မိစ္ဆာများကလည်း မချဉ်းကပ်ဝံ့ကြသဖြင့် သူမအတွက် စွမ်းအားများကို စိတ်အေးချမ်းသာစွာ သန့်စင်ရန် အကောင်းဆုံး အချိန် ဖြစ်ပေသည်။
"အင်း... စိတ်ချပါ ယို့ချီ..." ရှုချွမ်းက ရိုးရှင်းစွာ ပြန်ဖြေလိုက်ပြီးနောက် တိုက်ပွဲအတွင်းသို့ အပြည့်အဝ အာရုံစိုက်လိုက်တော့သည်။
သူက ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်နှင့် စွမ်းရည်ချင်း ယှဉ်နိုင်သော မိစ္ဆာမျိုးနွယ်စုတစ်ဦးနှင့် ပထမဆုံးအကြိမ် ဆုံတွေ့ဖူးခြင်း ဖြစ်၏။
သူ့ကိုယ်သူ ယုံကြည်မှု ရှိသော်လည်း ရန်သူကို လျှော့တွက်ခြင်းမျိုး ရှုချွမ်း ဘယ်သောအခါမျှ မလုပ်ပေ။
နောက်တစ်ခဏတွင် မိုဝူက ရှေ့သို့ တစ်ဟုန်ထိုး ပြေးဝင်လာခဲ့ပြီး ရှုချွမ်းထံသို့ လက်သီးတစ်ချက် ပစ်လွှတ်လိုက်၏။
ရှုချွမ်းကလည်း အလျှော့မပေးဘဲ လက်သီးချင်း ထိပ်တိုက် တွေ့ဆုံ လိုက်သည်။ ၎င်းတို့နှစ်ဦးမှာ မျက်စိတစ်မှိတ်အတွင်း လက်သီးချက်ပေါင်း မြောက်မြားစွာ အပြန်အလှန် ဖလှယ်လိုက်ကြချေပြီ။
သာမန်တိုက်ကွက်များက ရှုချွမ်းအပေါ် မည်သို့မျှ မသက်ရောက်သည်ကို မြင်လျှင် မိုဝူက သူ၏ စစ်မှန်သော စွမ်းအားကို ပေါက်ကွဲလိုက်တော့သည်။
သူ၏ ခန္ဓာကိုယ်ပေါ်ရှိ စိမ်းနက်ရောင် မိစ္ဆာမီးတောက်များမှာ ပြင်းထန်စွာ တောက်လောင်လာခဲ့ပြီး ကျောမှ အတောင်ပံတစ်စုံကို ဖြန့်ကာ ကောင်းကင်ယံထံသို့ ပျံတက်သွားခဲ့၏။
ထိုမီးတောက်များ၏ မြင့်မားလှသော အပူချိန်ကြောင့် ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ကြီးပင်လျှင် ပုံပျက်မတတ် ဖြစ်သွားခဲ့ရသည်။
"ဒီတိုက်ပွဲကို အဆုံးသတ်ရမယ့် အချိန်ရောက်ပြီ" မိုဝူက ကြုံးဝါးလိုက်ပြီး ထိတ်လန့်ဖွယ်ရာ အော်ရာများကို ရှုချွမ်း၏ အပေါ်သို့ ဖိနှိပ်ချလိုက်တော့သည်။
သူက လက်ကို ဝှေ့ယမ်းလိုက်ရာ စိမ်းနက်ရောင် မိစ္ဆာမီးလုံးကြီးတစ်ခု ရှုချွမ်းရှိရာဆီသို့ တိုက်ရိုက် ပြေးဝင်သွားခဲ့၏။ ထိုမီးလုံး ဖြတ်သန်းသွားရာ လမ်းကြောင်းတစ်လျှောက်ရှိ လေထုထဲမှ မိစ္ဆာချီများပင်လျှင် လောင်ကျွမ်းသွားခဲ့ရသည်။
ယင်းက သူတို့မျိုးနွယ်စု၏ မွေးရာပါ မီးတောက်ဖြစ်ပြီး ပြင်းထန်လှသော အပူချိန် ရှိရုံမျှမက ပြင်းထန်လှသော အဆိပ်အတောက် များလည်း ပါဝင်နေသဖြင့် ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်မှ အစွမ်းထက် ကျင့်ကြံသူတစ်ဦးပင် ဖြစ်ပါစေ ၎င်းနှင့် အနည်းငယ်မျှ ထိတွေ့မိရုံဖြင့် ခန္ဓာကိုယ်တစ်ခုလုံး လောင်ကျွမ်းပျက်စီးသွားနိုင်ပေသည်။
သူက ဤမီးတောက်ကို အားကိုး၍ မိစ္ဆာမျိုးနွယ်စုများကြားတွင် ထင်ရှားကျော်ကြားလာခဲ့ပြီး မိစ္ဆာအရှင်သခင်၏ အားကိုးရဆုံးသော လက်ရုံး ဖြစ်လာခဲ့ခြင်း ဖြစ်၏။
၎င်းကို သူ၏ အမည်ကို ကြည့်ခြင်းဖြင့် သိနိုင်သည်။
မိုဝူဆိုသည်မှာ လျှို့ဝှက်ကုဒ်အမည်တစ်ခုသာ ဖြစ်ပြီး ကနဦးက ရွေးချယ်ခံထားရသော အဆင့်မြင့် မိစ္ဆာအယောက် ၂၀ ထဲတွင် သူက အဆင့် ၅ ရှိခဲ့သဖြင့် မိုဝူ (နံပါတ် ၅ မိစ္ဆာ) ဟု ခေါ်တွင်ခြင်း ဖြစ်ပေသည်။
နောက်ဆုံးတွင်မူ ထိုအယောက် ၂၀ ထဲ၌ သူတစ်ဦးတည်းသာ အသက်ရှင် ကျန်ရစ်ခဲ့ခြင်း ဖြစ်၏။
"ငါ့အရှေ့မှာ လာပြီး မီးနဲ့ ကစားနေတာလား" ရှုချွမ်းက ခပ်ဖွဖွ ရယ်မောလိုက်သည်။
၎င်းက တကယ့်ကို တိုက်ဆိုင်လွန်းလှပေသည်။
သူက လက်ကို အသာအယာ ဝှေ့ယမ်းလိုက်ရာ သူ၏ လက်ဖဝါးပေါ်တွင် 'နေမင်းအစစ်အမှန် မီးတောက်' မီးလုံးလေးတစ်ခု ပေါ်ထွက်လာခဲ့သည်။
သူက လက်ညှိုးဖြင့် တောက်လိုက်ရာ ထိုမီးတောက်က ဧရာမ မီးလုံးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီး ကောင်းကင်ယံထံသို့ ပျံတက်သွားခဲ့ကာ မျက်စိတစ်မှိတ်အတွင်းမှာပင် စိမ်းနက်ရောင် မိစ္ဆာမီးတောက်နှင့် ပြင်းထန်စွာ ဆုံတွေ့သွားခဲ့တော့သည်။
မိုဝူ၏ မယုံကြည်နိုင်သော မျက်ဝန်းများအောက်တွင်တင် သူ၏ မွေးရာပါ အဆိပ်မီးတောက်ကြီးမှာ ရှုချွမ်း၏ 'နေမင်းအစစ်အမှန် မီးတောက်' ၏ ဝါးမျိုခြင်းကို တခဏချင်းအတွင်း ခံလိုက်ရတော့၏။
မီးတောက်ပေါ်တွင် ပါရှိသော ပြင်းထန်လှသော အဆိပ်အတောက်များမှာလည်း ပြာပူအဖြစ်သို့ ပြောင်းလဲသွားခဲ့ရပြီး မီးခိုးငွေ့တစ်လိပ်အလား ဟင်းလင်းပြင်ကြီးအတွင်း၌ ကွယ်ပျောက်သွားခဲ့ရသည်။
နေမင်းအစစ်အမှန် မီးတောက်၏ စွမ်းအားမှာမူ လျော့နည်းသွားခြင်းမရှိဘဲ မိုဝူရှိရာဆီသို့ ဆက်လက် ပျံသန်းသွားခဲ့ရာ သူ ကြောင်အ နေခိုက်တွင် သူ၏ ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက် ကျရောက်သွားခဲ့တော့သည်။
"ဖူး.."
သူ၏ ပါးစပ်မှ သွေးအလိပ်လိုက် အန်ထွက်သွားခဲ့ရပြီး ခန္ဓာကိုယ်ကြီးမှာ နောက်သို့ လွင့်စင်သွားခဲ့ရတော့၏။ သူက ခန္ဓာကိုယ်ကို အနိုင်နိုင် ပြန်ထိန်းလိုက်ရင်း ပါးစပ်ထောင့်မှ သွေးများကို သုတ်ကာ ကြောက်ရွံ့စွာ အော်ဟစ်လိုက်သည်။
"ဒါ... ဒါက ဘယ်လိုမျိုး မီးတောက်လဲ"
သူက သူကိုယ်တိုင် အမြဲတမ်း ဂုဏ်ယူဝံ့ကြွားနေခဲ့သော မွေးရာပါ အဆိပ်မီးတောက်ကြီး ဤမျှအထိ မရှုမလှ ရှုံးနိမ့်သွားခဲ့ရခြင်းကို လုံးဝ မယုံကြည်နိုင်သေးပေ။
ထိုအနီရောင် မီးတောက်က မည်သည့်အရာ ဖြစ်ကြောင်းကို သူ အလွန် သိချင်နေခဲ့သည်။
"ဒီမီးတောက်က... နေမင်းအစစ်အမှန် မီးတောက် လို့ ခေါ်တယ်" ရှုချွမ်းက ခပ်အေးအေး လှမ်းပြောလိုက်၏။
"ဘာ..."
၎င်းကို ကြားရချိန်တွင် မိုဝူတစ်ယောက် လွန်စွာ ထိတ်လန့်တုန်လှုပ်သွားခဲ့ရတော့သည်။
နေမင်းအစစ်အမှန် မီးတောက်ဆိုသည်မှာ ဤကမ္ဘာပေါ်တွင် အမြင့်မြတ်ဆုံးနှင့် အရှိန်အဝါအကြီးမားဆုံးသော မီးတောက်ဖြစ်ပြီး သူ၏ အဆိပ်မီးတောက်ကို အပြည့်အဝ ချုပ်ကိုင်ထားနိုင်သည့် သဘာဝရန်သူ ဖြစ်သည် မဟုတ်ပါလော။
သူ၏ အားကိုးရဆုံးသော တိုက်ကွက်ကြီးက အပြည့်အဝ ပျက်စီးသွားခဲ့ပြီ ဖြစ်သဖြင့် သူ၏ ရင်ထဲ၌ ပျာယာခတ်သွားခဲ့ရပြီ ဖြစ်သည်။
"မင်းနဲ့ စကားအရှည်ကြီး ပြောမနေတော့ဘူး... သေစမ်း"
ရှုချွမ်းက ခပ်တိုးတိုး ဟစ်အော်လိုက်ပြီး သူ၏ မျက်ဝန်းများထဲတွင် သတ်ဖြတ်ခြင်းအလင်းတန်းများ ပေါ်ထွက်လာခဲ့၏။
သူက ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်နှင့် ယှဉ်နိုင်သော ဤမိစ္ဆာကြီးမှာ လွန်စွာ အစွမ်းထက်လိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း ယခုတော့ ဤမျှသာ ရှိသည် မဟုတ်ပါလော။
၎င်းက တကယ့်ကို အချိန်ဖြုန်းခြင်းသက်သက်သာ ဖြစ်ပေသည်။
နေမင်းအစစ်အမှန် မီးတောက်များက 'ဝမ်ကျီ' ဓားပေါ်တွင် လွှမ်းခြုံသွားခဲ့ပြီး ရှုချွမ်းက ဓားကို ဖြည်းညင်းစွာ မြှောက်ကာ မိုဝူရှိရာဆီသို့ ပိုင်းချလိုက်တော့သည်။
တခဏချင်းအတွင်းမှာပင် အလွန် အန္တရာယ်ကြီးမားလှသော ခံစားချက်ကြီးက မိုဝူ၏ အပေါ်သို့ ကျရောက်လာခဲ့ပြီး သူ၏ မျက်စိသူငယ်အိမ်များမှာ အပ်နဖား ခန့်အထိ ကျုံ့ဝင်သွားခဲ့ရကာ ကြောက်ရွံ့မှုများက သူ့ကို လွှမ်းခြုံသွားခဲ့တော့၏။
ချက်ချင်းပင် မိုဝူက လှည့်၍ ထွက်ပြေးရန် ကြိုးစားလိုက်ရင်း ကျန်ရှိနေသေးသော ကမ္မနယ်ပယ် အဆင့် ၈ နှင့် အထက်ရှိ မိစ္ဆာများကို အော်ဟစ်အမိန့်ပေးလိုက်တော့သည်။
"တားကြစမ်း... သူ့ကို အမြန် တားပေးကြစမ်း"
ထိုအမိန့်သံကြောင့် မိစ္ဆာအချို့ ရှုချွမ်းရှိရာဆီသို့ အသက်ကိုပဓာနမထားဘဲ တိုးဝင်လာခဲ့ကြပြီး သူ၏ လမ်းကြောင်းကို ပိတ်ဆို့လိုက်ကြ၏။
"ထွက်ပြေးချင်တယ် တဲ့လား" ရှုချွမ်းက လှောင်ပြုံးတစ်ချက် ပြုံးလိုက်၏။
ထိတ်လန့်ဖွယ် ဓားချီ များက ဓားထံမှ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး အရှေ့ရှိ မိစ္ဆာအားလုံး၏ ရင်ဘတ်များကို မျက်စိတစ်မှိတ်အတွင်း တိုက်ရိုက် ဖောက်ထွက်သွားခဲ့တော့သည်။
ဓားချီ ၏ စွမ်းအာယမှာ လျော့နည်းသွားခြင်းမရှိဘဲ ထွက်ပြေးနေသော မိုဝူရှိရာဆီသို့ ဆက်လက် ပြေးဝင်သွားခဲ့၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် ဤသေစေနိုင်သော တိုက်ကွက်ကြီးက မိုဝူ၏ နောက်ကျောသို့ ရောက်ရှိသွားခဲ့ချေပြီ။
"မလုပ်နဲ့..."
"ဘုန်း..."
ကောင်းကင်နှင့် မြေကြီးကို တုန်ခါသွားစေနိုင်သော ဆူညံလှသည့် ပေါက်ကွဲသံကြီးတစ်ခု ဟိန်းထွက်သွားခဲ့ပြီး မိုဝူ၏ ခန္ဓာကိုယ်ကြီးမှာ ထိုဓားချီ ကြောင့် တခဏချင်းအတွင်း မှုန့်မှုန့်ညက်ညက် ကြေမွသွားခဲ့ရတော့သည်။
သူ၏ ဝိညာဉ်က ခန္ဓာကိုယ်ထဲမှ ရုန်းထွက်ကာ ဆက်လက် ထွက်ပြေးရန် အားထုတ်နေခဲ့သေး၏။
သို့သော်လည်း နေမင်းအစစ်အမှန် မီးတောက်အချို့က သူ၏ ဝိညာဉ်နောက်သို့ ထပ်ချပ်မကွာ လိုက်ပါသွားခဲ့ပြီး မိုဝူ၏ ကြောက်ရွံ့ခြင်းနှင့် နောင်တရခြင်းများ ပြည့်နှက်နေသော မျက်ဝန်းများအောက်တွင်တင် သူ၏ ဝိညာဉ်တစ်ခုလုံးကို ပြာအဖြစ်သို့ တိုက်ရိုက် လောင်ကျွမ်းပစ်လိုက်တော့သတည်း။
အဆင့်မြင့် မိစ္ဆာကြီးဖြစ်သော မိုဝူပင်လျှင် ဤလူသားနှစ်ဦး၏ လက်အောက်တွင် မရှုမလှ သေဆုံးသွားခဲ့ရသည်ကို မြင်လျှင် ဝေးကွာလှသော အရပ်မှ မိစ္ဆာများအားလုံး ချက်ချင်းပင် လှည့်၍ ထွက်ပြေးကြတော့သည်။
ယခုအခါတွင် ၎င်းတို့အနေဖြင့် ရှုချွမ်း၏ လက်ဝါးတွင်းမှ လွတ်မြောက်ရန်သာ ဆန္ဒရှိကြတော့၏။
သို့သော်လည်း ရှုချွမ်းက ထိုမိစ္ဆာများကို ဂရုစိုက်မနေတော့ပေ။
ယခုအချိန်တွင် အရေးကြီးဆုံးအရာမှာ မိစ္ဆာအရှင်သခင်ကို သတ်ဖြတ်ပြီး သူ၏ လျှို့ဝှက်အစီအစဉ်ကို ဖျက်ဆီးပစ်ရန်သာ ဖြစ်၏။
စောစောက ဖြစ်ပွားခဲ့သော ပြင်းထန်လှသည့် တိုက်ပွဲကြောင့် မိစ္ဆာအရှင်သခင်အနေဖြင့် ၎င်းတို့၏ တည်ရှိမှုကို သေချာပေါက် သိရှိသွားခဲ့ပြီ ဖြစ်သော်လည်း ယခုအချိန်အထိ မည်သည့်လှုပ်ရှားမှုမျှ ရှိမနေခြင်းမှာ တကယ်ကို ပုံမှန်မဟုတ်ပေ။
ရှုချွမ်းအနေဖြင့် လုံးဝ ပေါ့ဆ၍မရဘဲ သတိထားရမည် ဖြစ်သည်။
ဤမိစ္ဆာနယ်မြေတစ်ခုလုံးကို အုပ်ချုပ်နေသော မိစ္ဆာအရှင်သခင်က သေချာပေါက် သာမန်ပုဂ္ဂိုလ်တစ်ဦး မဟုတ်သည်မှာ အမှန်ပင် ဖြစ်သည်။