အခန်း ၁၆၇
Vol. 17 Ch. 167
အခန်း (၁၆၇) ပြိုင်ဘက်ကင်းခြင်း
၎င်းတို့နှစ်ဦး၏ ပူးပေါင်းတိုက်ခိုက်မှုအောက်တွင် ထိုမိစ္ဆာ ရုပ်သေးရုပ် ၁၀ ရုပ်မှာ လွယ်ကူစွာပင် အပြတ်အသတ် ချေမှုန်းခြင်းကို ခံလိုက်ရလေသည်။
၎င်းတို့၏ ပိတ်ဆို့မှု မရှိတော့သဖြင့် ရှုချွမ်းနှင့် နင်ယို့ချီတို့က မိစ္ဆာအရှင်သခင် ရှီထျန်းနှင့် တရားဝင် ထိပ်တိုက်ရင်ဆိုင်ရန် အသင့်ဖြစ်သွားခဲ့ပြီ ဖြစ်၏။
"ကောင်းတယ်... တကယ့်ကို ကောင်းတယ်."
ရှီထျန်းက ခန်းမကြီးအတွင်းရှိ ၎င်းတို့နှစ်ဦးကို ကြည့်ကာ မျက်နှာတစ်ခုလုံး မည်းမှောင်နေခဲ့သည်။
သူ၏ အစွမ်းထက်လှသော ရုပ်သေးစစ်တပ်ကြီးမှာ ဤလူသားနှစ်ဦး၏ လက်ချက်ဖြင့် ဤမျှအထိ အလွယ်တကူ ပျက်စီးသွားလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့မိပေ။
"ငါ မင်းတို့ကို လျှော့တွက်မိသွားတာကို ဝန်ခံတယ်"
"ဒါပေမဲ့ နောက်ကျရင်တော့... မင်းတို့တွေ သေခြင်းတရား ရောက်လာမှာကိုပဲ စောင့်နေကြရတော့မယ်"
ရှီထျန်းက စကားအပိုများ ရှည်ရှည်ဝေးဝေး ပြောမနေတော့ဘဲ အေးစက်လှသော ဤစကားနှစ်ခွန်းကိုသာ ကျုံးဝါးလိုက်တော့သည်။
စောနက သူကိုယ်တိုင် ဝင်ရောက်မတိုက်ခိုက်ခဲ့ခြင်းမှာ မိစ္ဆာလက်နက်ကို ဝါးမျိုသန့်စင်နေရဆဲ ဖြစ်သောကြောင့်ဖြစ်ပြီး အရေးကြီးသော ထိုအခိုက်အတန့်တွင် အချိန်ဆွဲရန်အတွက်သာ ရုပ်သေးများကို အသုံးချခဲ့ခြင်း ဖြစ်၏။
သို့သော် ယခုအခိုက်အတန့်တွင်မူ... ထိုမိစ္ဆာလက်နက်ကို သူကိုယ်တိုင် အပြည့်အဝ ချေဖျက်သန့်စင်ပြီး ဖြစ်ချေပြီ။
ရှီထျန်း ရပ်နေသော နေရာမှနေ၍ သူ၏ အော်ရာများမှာ အဆက်မပြတ် စတင်မြင့်မားလာခဲ့ပြီး အရပ်မျက်နှာအနှံ့မှ နက်မှောင်သော သွေးနီရောင် မြူခိုးစွမ်းအားထုကြီးများကလည်း ကောင်းကင်ယံမှနေ၍ ရှီထျန်းရှိရာဆီသို့ တရိပ်ရိပ် စုစည်းဝင်ရောက်လာခဲ့ကြတော့သည်။
"မကောင်းဘူး"
ရှုချွမ်း၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားခဲ့ရ၏။
သူက ယခင်က စနစ်၏ အချက်အလက်များအရ ရှီထျန်း၏ အစွမ်းကို သိရှိထားခဲ့သော်လည်း သူက မိစ္ဆာလက်နက်ကို ဝါးမျိုခြင်း မပြုရသေးဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။
သို့သော် လက်ရှိ အခြေအနေကို ကြည့်ခြင်းအားဖြင့် ရှီထျန်းက မိစ္ဆာလက်နက်ကို သန့်စင်ပြီးဖြစ်ရုံမျှမက ယခုအခိုက်အတန့်၌ သူ၏ ကျင့်ကြံခြင်းနယ်ပယ်မှာလည်း စတင်တက်လှမ်း နေပြီ ဖြစ်၏။
သာ၍ ကြောက်မက်ဖွယ်ကောင်းသည်မှာ ၎င်းတို့နှစ်ဦးက အပြင်ဘက်တွင် မိစ္ဆာမျိုးနွယ်စုဝင် မြောက်မြားစွာကို သတ်ဖြတ်ခဲ့မိခြင်း ဖြစ်သည်။
ရှီထျန်းက ထူးခြားလှသော ဝါးမျိုခြင်းမိစ္ဆာတစ်ကောင် ဖြစ်သည့်အတွက် မိစ္ဆာနယ်မြေတစ်ခုလုံးတွင် ပျံ့နှံ့နေသော မိစ္ဆာအလောင်းများအားလုံးမှာ ယခုအခါ နက်မှောင်သော သွေးနီရောင်မြူခိုးစွမ်းအားများးအဖြစ်သို့ ပြောင်းလဲကာ သူ၏ ဝါးမျိုခြင်းကို ခံနေရခြင်း ဖြစ်ပေသည်။
ဤအရာအားလုံးမှာ ရှီထျန်း ကြိုတင်စီမံထားခဲ့သည့်အတိုင်း ဖြစ်နေတော့၏။
မိစ္ဆာလက်နက်ကို ဝါးမျိုသန့်စင်မှုနှင့်အတူ ဤဧရာမ သွေးမြူခိုးစွမ်းအားထုကြီးပါ ပေါင်းစပ်လိုက်ပါက သူ၏ ခွန်အားမှာ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားပေလိမ့်မည်။
"သူ့ကို မြန်မြန်တား... အောင်မြင်သွားလို့ မဖြစ်ဘူး"
ရှုချွမ်းက အော်ဟစ် လိုက်ပြီး ဝမ်ကျီဓားကို လက်မှနေ၍ ချက်ချင်း ပစ်လွှတ်ကာ ရှီထျန်းရှိရာသို့ ပြင်းထန်စွာ ပိုင်းဖြတ်လိုက်တော့သည်။
သို့သော်လည်း
ဝမ်ကျီဓားက ရှီထျန်း၏ ခန္ဓာကိုယ်ဆီသို့ မရောက်ရှိနိုင်မီမှာပင် ရှီထျန်းက လက်တစ်ဖက်ကို ဝှေ့ယမ်းကာ ဆင့်ခေါ်လိုက်သော မိစ္ဆာချီစွမ်းအားထုကြီးကြောင့် လွင့်စင်ထွက်သွားခဲ့ရ၏။
၎င်းအပြင် အခြားလက်ဝါးရိုက်ချက်တစ်ခုကြောင့် ရှုချွမ်းနှင့် နင်ယို့ချီတို့နှစ်ဦးစလုံးပါ နောက်သို့ လွင့်ထွက်သွားခဲ့ကြရတော့သည်။
"နောက်ကျသွားပြီ... အရာအားလုံးက နောက်ကျသွားပြီ"
"မင်းတို့တွေ ငါ့ကို ဘယ်လိုမှ မတားဆီးနိုင်တော့ဘူး"
"အဲဒီနေရာမှာတင် သေရမယ့်အချိန်ကို အေးအေးဆေးဆေး စောင့်နေစမ်းပါ။ အကျိုးမရှိတဲ့ ရုန်းကန်မှုတွေကို ရပ်တန်းကရပ်လိုက်စမ်း"
ရှီထျန်းက မတ်မတ်ရပ်နေခဲ့ပြီး သူ၏ ခန္ဓာကိုယ်မှာ တွင်းနက် ကြီးတစ်ခုအလား ပတ်ဝန်းကျင်ရှိ သွေးမြူခိုးစွမ်းအားများကို ကြောက်မက်ဖွယ် အမြန်နှုန်း ဖြင့် ဝါးမျိုနေခဲ့သည်။
သူ၏ ကျင့်ကြံခြင်းနယ်ပယ်မှာ အဆက်မပြတ် မြင့်တက်လာခဲ့ပြီး ဧရာမ ခွန်အားကြီးကို ပိုင်ဆိုင်လိုက်ရသည့် ခံစားချက်ကြောင့် သူ လွန်စွာ စိတ်ကျေနပ်နှစ်သိမ့်နေခဲ့၏။
"ဒါက ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်ရဲ့ စွမ်းအားလား......" ရှီထျန်းက ရေရွတ်လိုက်မိသည်။
သို့သော် ၎င်းက အစပျိုးခြင်းမျှသာ ရှိသေး၏။
ရှီထျန်းက ရှေးဟောင်းစစ်မြေပြင်ကြီး၏ မဟာအစီအရင်ကို အနည်းငယ်မျှ သတိမမူမိစေဘဲ ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်သို့ အောင်မြင်စွာ ခြေချနိုင်ခဲ့သည်။
ထို့နောက်တွင်မူ သူ၏ ကျင့်ကြံခြင်းနယ်ပယ်မှာ ရူးသွပ်စွာ ပေါက်ကွဲမြင့်မားလာခဲ့တော့၏။
ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် အဆင့် ၃......
ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် အဆင့် ၄ ......
ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် အဆင့် ၆......
ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် အဆင့် ၉......
အမွှေးတိုင်တစ်တိုင် ကုန်ဆုံးမည့် အချိန်ပင်မရှိသေးသော ကာလတိုအတွင်း ရှီထျန်း၏ ကျင့်ကြံခြင်းနယ်ပယ်မှာ မူလ ကမ္မနယ်ပယ်အထွတ်အထိပ်မှနေ၍ ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် အထွတ်အထိပ်သို့ တိုက်ရိုက် ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
သူက ကြီးမားလှသော နယ်ပယ်ကြီးတစ်ခုလုံးကို တစ်ဟုန်ထိုး ကျော်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်၏။
ယင်းက အကြောင်းရင်းမြောက်မြားစွာ ပေါင်းစပ်မှုကြောင့်ဖြစ်သလို သူ၏ နက်ရှိုင်းလှသော အခြေခံအုတ်မြစ်နှင့်လည်း တိုက်ရိုက် သက်ဆိုင်နေပေသည်။
"ဒီနေ့တော့ မင်းတို့အားလုံး ဒီနေရာမှာတင် သေကြရမယ်"
"ငါတို့ရဲ့ မိစ္ဆာဘိုးဘေး ပြန်လည်နိုးထလာဖို့အတွက် မင်းတို့ရဲ့ အသက်တွေကို ယဇ်ကောင် အဖြစ် ပေးအပ်လိုက်ကြစမ်း"
"သေစမ်း"
ရှီထျန်းက အက်ရှရှလေသံဖြင့် အမိန့်ပေးလိုက်ရာ သူ၏ အသံမှာ မိစ္ဆာခန်းမကြီးတစ်ခုလုံးအတွင်း၌ ထပ်ဟီးသွားခဲ့တော့သည်။
ပြင်းထန်လှသော နတ်ဘုရားဖိအားများက ရှုချွမ်းနှင့် နင်ယို့ချီတို့၏ အပေါ်သို့ ကြီးမားသော ဝန်ထုပ်ဝန်ပိုးတစ်ခုအလား ကျရောက်လာခဲ့၏။
ထို့နောက်တွင် ရှုချွမ်းတစ်ယောက် တုံ့ပြန်ရန် အချိန်ပင်မရရှိမီမှာတင် ခွန်အားများ အပြည့်အဝ နိုးထလာခဲ့ပြီဖြစ်သော ရှီထျန်းက ရှုချွမ်းရှိရာဆီသို့ တစ်ဟုန်ထိုး ပြေးဝင် တိုက်ခိုက်လိုက်တော့သည်။
သူက ရှုချွမ်းကို မည်သည့် အခွင့်အရေးမျှ ပေးရန် ရည်ရွယ်ချက်မရှိပေ ။
သူ့အရှေ့ရှိ ဤလူသားလူငယ်မှာ သူ၏ မဟာအစီအစဉ်ကြီးကို ဖျက်ဆီးပစ်ရန် အနီးစပ်ဆုံး ဖြစ်ခဲ့သူဖြစ်ပြီး သူ၏ မိစ္ဆာလက်အောက်ငယ်သား မြောက်မြားစွာကိုလည်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ကာ ၎င်းကြောင့်ပင် သူက မိစ္ဆာလက်နက်ကို သတ်မှတ်ချိန်ထက် စောစီးစွာ ဝါးမျိုခဲ့ရသဖြင့် အကောင်းမွန်ဆုံးသော အခြေအနေသို့ မရောက်ရှိနိုင်ခဲ့ခြင်း ဖြစ်သည်။
သို့ဖြစ်ရာ ဤလူသားမှာ သေချာပေါက် သေရမည်သာ ဖြစ်၏။
၎င်းအပြင် ဤမျှအထိ စွမ်းဆောင်နိုင်သော ခွန်အားရှိသဖြင့် ဤသူက လူသားမျိုးနွယ်စု၏ ကမ္ဘာကို တုန် လှုပ်စေမည့် ပါရမီရှင်တစ်ဦးဖြစ်ရမည်ဖြစ်ရာ ထိုသို့သောသူကို အသက်ရှင်ခွင့်ပေးထားပါက ကြောက်မက်ဖွယ် အရှိန်အဟုန်ဖြင့် တိုးတက်လာမည်မှာ မြေကြီးလက်ခတ်မလွဲပေ။
ထို့ကြောင့် သူ့ကို အသက်ရှင်လျက် လုံးဝ ပေးမထားနိုင်ပေ ။ သူ၏ တိုက်ကွက်တိုင်းမှာ လွတ်မြောက်ရန် လမ်းစမရှိသော သေစေနိုင်သည့် တိုက်ကွက်များသာ ဖြစ်ကြတော့သည်။
"ရှုချွမ်း... သတိထား"
ဘေးနားရှိ နင်ယို့ချီ၏ မျက်နှာအမူအရာမှာလည်း အစွန်းကုန် ဖြူဖျော့နေခဲ့ပြီ ဖြစ်သည်။
လက်ရှိ ရှီထျန်းမှာ ၎င်းတို့နှစ်ဦးစလုံး မည်သို့မျှ ယှဉ်ပြိုင်နိုင်စွမ်းမရှိသော အခြေအနေတွင် ရှိနေပေသည်။
လွန်စွာ သန်မာလွန်းလှ၏။ ယင်းက သူမအနေဖြင့် ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် အထွတ်အထိပ်ရှိသော ထိပ်သီးပညာရှင်တစ်ဦး၏ ဖိအားကို တိုက်ရိုက် ပထမဆုံးအကြိမ် ရင်ဆိုင်ရခြင်းဖြစ်ပြီး သူမ၏ ခန္ဓာကိုယ်ကိုပင် တုန်ရင်သွားစေသည်။
တစ်ချိန်တည်းမှာပင် ရှုချွမ်း ရင်ဆိုင်နေရသော အန္တရာယ်နှင့် အခြေအနေ မည်မျှအထိ ဆိုးရွားနေသည်ကိုလည်း သူမ ကောင်းစွာ နားလည်ပေသည်။
သူမအနေဖြင့် ရှုချွမ်းနှင့်အတူ ဤမိစ္ဆာနယ်မြေအတွင်းသို့ ဇွတ်အတင်း ဝင်ရောက်လာခဲ့မိခြင်းကို နောင်တရခြင်းမရှိသော်လည်း သူမကိုယ်တိုင်၏ ခွန်အားမှာ သိပ်မရှိသေးသဖြင့် ရှုချွမ်းကို များစွာ မကူညီနိုင်ခြင်းကိုသာ ရင်နာနေမိတော့၏။
ခွန်အား... သူမ ခွန်အားကို လွန်စွာ တောင့်တမိနေခဲ့ပြီ ဖြစ်သည်။
"ကိစ္စမရှိဘူး... ဒီလောက်လေးနဲ့တင် ငါ့ကို သတ်ချင်နေတာက ငါ့ကို အထင်သေးလွန်းရာ မကျဘူးလား"
ရှုချွမ်း၏ မျက်နှာမှာမူ တည်ငြိမ်နေဆဲဖြစ်ပြီး အမူအရာက အေးစက်လျက် ရှိနေသည်။ အခြေအနေက ဤအဆင့်သို့ ရောက်ရှိလာခဲ့ပြီဖြစ်ရာ ထိတ်လန့်ကြောက်ရွံ့နေခြင်းက မည်သည့်ပြဿနာကိုမျှ ဖြေရှင်းပေးနိုင်မည် မဟုတ်ပေ ။
ရှီထျန်းကို သတ်ဖြတ်နိုင်မှသာ ၎င်းတို့နှစ်ဦးစလုံးအတွက် အသက်ရှင်သန်နိုင်မည့် လမ်းစလေးတစ်ခု ရှိလာပေလိမ့်မည်။
သူသည်လည်း သူ၏ စွမ်းရည်များကို ဖုံးကွယ်မထားတော့ပေ ။
သူလေ့လာထားခဲ့သမျှသော ဧကရာဇ်ကျင့်စဥ်များအားလုံး၏ ခွန်အားကို အစွန်းကုန် မြှင့်တင်လိုက်ပြီး သူ၏ ခန္ဓာကိုယ်တွင်းရှိ ကံကြမ္မာစွမ်းရည် မျိုးစုံကိုလည်း ဤအခိုက်အတန့်တွင် တစ်ပြိုင်နက်တည်း အသက်သွင်းလိုက်တော့သည်။
"ဒီလောက်လေးပဲ တတ်တာလား..."
"တကယ့်ကို အမှိုက်ပဲ"
ရှုချွမ်းက ယခင်နည်းလမ်းဟောင်းကိုပင် ထပ်မံအသုံးပြုနေသည်ကို မြင်လိုက်ရချိန်တွင် ရှီထျန်းက ချက်ချင်းပင် အထင်သေးကဲ့ရဲ့လိုက်၏။
ရှုချွမ်း၏ တိုက်ကွက်မှာ သူ မိစ္ဆာလက်နက်ကို မဝါးမျိုမီအချိန်ကဆိုလျှင် အတိုင်းအတာတစ်ခုအထိ အသုံးဝင်နိုင်သော်လည်း ယခုအခါတွင်မူ အမှိုက်သက်သက်မျှသာ ဖြစ်ချေပြီ။ သူ့ကို ထိခိုက်အောင် ပြုလုပ်ချင်သလော... ၎င်းက ဘယ်သောအခါမျှ မဖြစ်နိုင်သော အရာပင် ဖြစ်၏။
"ဘန်း... ဘန်း... ဘန်း......"
စွမ်းအားချင်း ထိပ်တိုက်ရိုက်ခတ်မှုများ ဖြစ်ပေါ်လာခဲ့သည်။
ထိုခဏချင်းအတွင်းမှာတင် ၎င်းတို့နှစ်ဦးမှာ တိုက်ကွက်ပေါင်း ရာချီ၍ ဖလှယ်ခဲ့ကြပြီး ဖြစ်၏။
ရှီထျန်း၏ တိုက်ကွက်များကို ရှုချွမ်းအနေဖြင့် မနည်းတောင့်ခံကာ ပိတ်ဆို့နေခဲ့ရသော်လည်း ရှုချွမ်း၏ တိုက်ကွက်များကမူ ရှီထျန်း၏ အပေါ်သို့ မည်သည့် သက်ရောက်မှုမျှ ရှိမနေခဲ့ပေ ။
၎င်းအပြင် ကျင့်ကြံခြင်းနယ်ပယ် အဆမတန် ကွာဟနေမှုကြောင့် ရှုချွမ်းမှာ တဖြည်းဖြည်ယး အားနည်းလာသည့် အရိပ်အယောင်များ ပြသလာခဲ့ရပြီး သူ၏ ခန္ဓာကိုယ်တွင်းရှိ ချီစွမ်းအားများမှာလည်း ခန်းခြောက်လုနီးပါး ဖြစ်လာခဲ့ရသည်။
မကြာမီ အချိန်အတွင်း သူ သေချာပေါက် အရေးနိမ့်သွားတော့မည်ကို သူကိုယ်တိုင် သိရှိပေသည်။ ထိုအချိန်ကျပါက ရှုချွမ်းမှာ ရှီထျန်း၏ စိတ်ကြိုက် ခြယ်လှယ်သတ်ဖြတ်ခြင်းကို ခံရမည့် သိုးသူငယ်လေးတစ်ကောင် ဖြစ်သွားပေလိမ့်မည်။
"လူသားမျိုးနွယ်... မင်းမှာ ဒီလိုလှည့်ကွက်လေးတွေပဲ ရှိတာဆိုရင်တော့ ငရဲပြည်ကိုသာ သွားပေတော့" တိုက်ကွက်အနည်းငယ် ဖလှယ်ပြီးနောက် ရှီထျန်းက လှောင်ပြုံးပြုံးလိုက်၏။
တခဏချင်းအတွင်း ရရှိလာခဲ့သော ခွန်အားကြောင့် သူ၏ ရင်ထဲ၌ မာန်မာနများနှင့် စော်ကားလိုစိတ်များ အရှိန်အဟုန်ဖြင့် ပြည့်နှက်နေခဲ့ပြီ ဖြစ်သည်။
"အတည်ပြောရရင်... ငါ မင်းကို တော်တော်လေး သဘောကျမိတယ်"
"ဖြစ်နိုင်မယ်ဆိုရင်... ငါ မင်းကို ငါ့ရဲ့လက်အောက်ငယ်သားအဖြစ် သိမ်းသွင်းပြီး ငါ့ရဲ့ အားကိုးရတဲ့ လက်ရုံးတစ်ဦးအဖြစ် ထားကာ ငါတို့မိစ္ဆာမျိုးနွယ်စုအတွက် စွမ်းဆောင်စေချင်တာ"
"ဒါပေမဲ့... ငါတို့ရဲ့ မိစ္ဆာဘိုးဘေး ပြန်လည်နိုးထလာမယ့် မဟာအစီအစဉ်ကြီးအတွက်တော့... ဒီနေ့ မင်း သေကိုသေရမယ်၊ ဘယ်သူမှ မင်းကို ကယ်တင်နိုင်မှာ မဟုတ်ဘူး"
မသိရသော အကြောင်းရင်းတစ်ခုကြောင့် ရှီထျန်းမှာ ဤအခိုက်အတန့်တွင် စကားများ သာ၍ များလာခဲ့ပြီး သူ့မျက်စိရှေ့ရှိ ရှုချွမ်းကို ကြည့်ကာ အေးအေးလူလူပင် ပြောနေခဲ့ခြင်း ဖြစ်၏။
၎င်းတို့နှစ်ဦးမှာ ရန်သူများဖြစ်ကြပြီး လက်ရှိတွင် အသက်လုတိုက်ပွဲ ဖြစ်ပွားနေသည်ကိုပင် သူ လုံးဝ မေ့လျော့နေပုံရပေသည်။
တစ်ချိန်တည်းမှာပင် ရှုချွမ်းကမူ ယခင်က စစ်တုလင်း ပေးအပ်ထားခဲ့သော အဆောင် ကို လက်ထဲ၌ တိတ်တဆိတ် ထုတ်ယူလိုက်ပြီး သူ၏ အနောက်တွင်လည်း 'ရွှေရောင်ရှေးဟောင်းနန်းတော်' ကို အသင့်အနေအထား ပြင်ဆင်ထားလိုက်တော့သည်။
သူက ရှီထျန်း အာရုံစိုက်မှု လျော့နည်းနေချိန်တွင် သေစေနိုင်သော တိုက်ကွက်တစ်ခုကို ပစ်လွှတ်ရန် ပြင်ဆင်နေခြင်း ဖြစ်၏။
အကယ်၍ ကိုယ်တိုင် အနိုင်ရနိုင်ပါက အပြင်အကူအညီကို အသုံးမပြုဘဲ နေပါမည်လော။
ရှီထျန်းက သူ၏ အပိုစကားများကို အဆုံးသတ်လိုက်ပြီးနောက် ရှေ့သို့ ထပ်မံ တိုးဝင် တိုက်ခိုက်လိုက်ပြန်သည်။
ရှုချွမ်းကလည်း မည်သည့်အရာကိုမျှ ဖုံးကွယ်မထားတော့ဘဲ စစ်တုလင်း၏ အားအကောင်း ဆုံး တိုက်ကွက်ကို ချိပ်ပိတ်ထားသော အဆောင် ကို ပစ်လွှတ်လိုက်ရာ ၎င်းက ရှီထျန်း၏ တိုက်ကွက်နှင့် ထိပ်တိုက် တိုက်ရိုက် ရိုက်ခတ်သွားခဲ့တော့၏။
စစ်တုလင်းမှာ ကမ္ဘာရင့် ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် အထွတ်အထိပ် ထိပ်သီးပညာရှင်တစ်ဦးပီပီ သူ၏ ဂုဏ်ပုဒ်နှင့် ထိုက်တန်လှသည်ဟုသာ ပြောရပေမည်။
သူ၏ အော်ရာဖိအားမှာ ရှီထျန်းကဲ့သို့ အတင်း နယ်ပယ်မြှင့်တင်ထားသော အဆင့်မျိုးနှင့် လုံးဝ နှိုင်းယှဉ်၍မရနိုင်အောင် အဆမတန် သာလွန်လှပေသည်။
အဆောင် က ပေါက်ကွဲသွားခဲ့ပြီး စစ်တုလင်း၏ ဧရာမ ပုံရိပ်ကြီးက ဤမိစ္ဆာနယ်မြေ ခန်းမကြီးအတွင်း၌ ဗြုန်းခနဲ ထွက်ပေါ်လာခဲ့ချေပြီ။
"ဘယ်သူက ငါ့ရဲ့ တပည့်ကို ထိဝံ့တာလဲ.."
"ဟမ့်."
အေးစက်လှသော နှာခေါင်းရှုံ့သံတစ်ချက်ကတင် ရှီထျန်း၏ တိုက်ကွက်ကို တိုက်ရိုက် ဖျက်ဆီးပစ်လိုက်ပြီး ဖြစ်ကာ ရှီထျန်းမှာ ထိုအော်ရာစွမ်းအားသက်သက်ကြောင့်ပင် နောက်သို့ လွင့်စင်ထွက်သွားခဲ့ရတော့သည်။
သူက ခန်းမကြီး၏ ဧရာမ ကျောက်တိုင် မြောက်မြားစွာကို ရိုက်ခတ်ချိုးဖျက်ပြီးခါမှ နောက်ဆုံးတွင် မနည်း ရပ်တန့်သွားခဲ့ရ၏။
ရှီထျန်းက သူ့အရှေ့ရှိ ထွက်ပေါ်လာသော ထိုပုံရိပ်ကြီးကို ကြည့်ကာ မယုံကြည်နိုင်လောက်အောင် ဖြစ်နေတော့ ၏။
"မင်း... မင်းက ဘယ်သူလဲ.."