အခန်း ၁၆၈
Vol. 17 Ch. 168
အခန်း (၁၆၈) ကောင်းကင်ဘုံမှ ဓားတစ်ချက်က အရာအားလုံးကို ဖျက်ဆီးခြင်း
စစ်တုလင်း၏ ရုတ်တရက် ထွက်ပေါ်လာမှုက ရှီထျန်း၏ အစီအစဉ်အားလုံးကို အကုန်အစင် ပျက်စီးသွားစေခဲ့သည်။
စစ်တုလင်းမှာ အဆောင် ဖြင့် ဆင့်ခေါ်ထားခြင်းသာ ဖြစ်သောကြောင့် ရှေးဟောင်းစစ်မြေပြင်၏ မဟာအစီအရင်၏ ကန့်သတ်ချုပ်ချယ်မှုကိုလည်း ခံရခြင်းမရှိပေ။
"ဒီ 'တာ့ဝေ' ရှေးဟောင်းစစ်မြေပြင်ထဲမှာ ဒီလိုမျိုး မိစ္ဆာတစ်ကောင် ပုန်းအောင်းနေလိမ့်မယ်လို့ ငါ မထင်ထားခဲ့မိဘူး"
"ဒါပေမဲ့ မင်းက ငါ့ရဲ့တပည့်ကို နာကျင်အောင်လုပ်ရဲခဲ့တာပဲ။ ဒီနေ့ ကောင်းကင်ဘုရင်ကိုယ်တိုင် ဆင်းလာရင်တောင်မှ မင်းကို ကယ်တင်နိုင်မှာ မဟုတ်ဘူး"
"သေစမ်း."
စစ်တုလင်းက စကားအပိုများ ရှည်ရှည်ဝေးဝေး ပြောမနေတော့ပေ ။
သူ၏ အော်ရာကြောင့် ရှီထျန်း နောက်သို့ လွင့်ထွက်သွားသည်ကို မြင်သည်နှင့် သူက လက်ကို ဝှေ့ယမ်းလိုက်ရာ ဟင်းလင်းပြင်ထဲ၌ ဧရာမ ဓားချီတစ်ခု ထွက်ပေါ်လာခဲ့ပြီး ရှီထျန်းရှိရာသို့ တိုက်ရိုက် ပိုင်းဖြတ်ချလိုက်တော့သည်။
ထိုအခြင်းအရာကြောင့် ရှီထျန်း အလွန်အမင်း ထိတ်လန့်သွားခဲ့ရ၏။
သူက သူ၏ မိစ္ဆာစွမ်းအားအားလုံးကို အစွန်းကုန် ချက်ချင်း အသက်သွင်းလိုက်ပြီး ခန္ဓာကိုယ်ပတ်လည်တွင် အကာအကွယ်အလွှာတစ်ခုကို အမြန်ဆုံး တည်ဆောက်လိုက်တော့သည်။
တစ်ချိန်တည်းမှာပင် သူ၏ နတ်ဘုရားစွမ်းရည် ကိုလည်း အထွတ်အထိပ်အဆင့်အထိ မြှင့်တင်လိုက်၏။
ဤနည်းလမ်းများကြောင့် ရှီထျန်း၏ ပုံရိပ်မှာ ထိုနေရာ၌တင် တိုက်ရိုက် ပျောက်ကွယ်သွားခဲ့ပြီး သူရပ်နေခဲ့သော နေရာတွင်မူ ထူးခြားဆန်းပြားလှသော မိစ္ဆာမြုခိုးနက် ကြီးတစ်ခုသာ ကျန်ရစ်ခဲ့တော့သည်။
ထိုမြူခိုးနက်ကြီးမှာ ခန်းမကြီးအတွင်းရှိ စစ်တုလင်း အပါအဝင် အရာအားလုံးကို ဖုံးလွှမ်းသွားခဲ့ပြီး ၎င်းတို့၏ စွမ်းအားများကို ပိတ်ဆို့ကာ ဝါးမျိုရန် ကြိုးပမ်းတော့၏။
ဤမြူခိုးနက်ကြီး၏ ဖုံးလွှမ်းမှုအောက်တွင် ရှုချွမ်း၏ 'မူလကို ထိုးထွင်းသိမြင်နိုင်ခြင်း မှာလည်း ချက်ချင်းပင် အာနိသင် ပျောက်ဆုံးသွားခဲ့ရပြီး ရှီထျန်း ဘယ်နေရာသို့ ရောက်ရှိနေသည်ကို သူ လုံးဝ အာရုံခံနိုင်ခြင်း မရှိတော့ပေ ။
အမှန်တကယ်တွင်မူ ရှုချွမ်း မသိရှိလိုက်သောအရာမှာ ၎င်းတို့အားလုံးက ယခုအခါ ရှီထျန်း၏ နတ်ဘုရားစွမ်းရည်ဖြစ်သော 'ပြိုင်ဘက်ကင်း အစာအိမ်' ၏ ဝါးမျိုခြင်းကို ခံလိုက်ရခြင်း ဖြစ်ပေသည်။
၎င်းက မည်သည့် အရိပ်အယောင်မျှ မပြဘဲ တိတ်တဆိတ် သတ်ဖြတ်နိုင်သော လျှို့ဝှက်ချက် ဖြစ်၏။
ဤနေရာတစ်ခုလုံးမှာ အဆုံးအစမဲ့ကာ အချိန်ကာလကိုလည်း သတိမမူမိတော့ဘဲ မှောင်အတိကျလျက် မြူခိုးနက်ကြီးများဖြင့်သာ လွှမ်းခြုံထားတော့သည်။
"ဒီလို ကလေးကလား လှည့်ကွက်လေးနဲ့တင် ငါ့အရှေ့မှာ လာပြီး ကြွားဝါချင်နေတာလား" စစ်တုလင်းက အထင်သေးစွာ ပြောလိုက်၏။
သူက မြင့်မြတ်နယ်မြေ ၏ တောင်ထိပ်သခင်တစ်ဦးပီပီ ရှီထျန်း၏ နည်းလမ်းကို တစ်ချက်ကြည့်ရုံမျှဖြင့် အကဲခတ်မိပြီး လုံးဝ အရေးစိုက်ခြင်းမရှိပေ ။
သူက ထိုလှည့်ကွက်၏ အားနည်းချက်ကို တိုက်ရိုက် ရှာဖွေတွေ့ရှိသွားခဲ့ပြီး ဓားချက်အနည်းငယ်ကို ပြင်းထန်စွာ ပိုင်းဖြတ်လိုက်တော့သည်။
"ပျက်စီးစမ်း"
ဘုန်း... ဘုန်း... ဘုန်း......
တခဏချင်းအတွင်းမှာပင် မြူခိုးနက်ကြီးများ ဖုံးလွှမ်းထားသော နေရာလွတ် အတွင်း၌ ပြင်းထန်လှသော ပေါက်ကွဲသံကြီးများ အဆက်မပြတ် ထွက်ပေါ်လာခဲ့တော့သည်။ ယင်းတို့က မိုးကြိုးမုန်တိုင်းများအလား တစ်ခုပြီးတစ်ခု ဆင့်ကာ ဆင့်ကာ ထွက်ပေါ်လာခြင်း ဖြစ်၏။
ဓားချက်တစ်ချက် ကျရောက်တိုင်း ပေါက်ကွဲသံတစ်ခု ဟိန်းထွက်သွားခဲ့ပြီး မြူခိုးနက်ကြီးများမှာလည်း တဖြည်းဖြည်း ပါးလျလာခဲ့ရသည်။
ထိုမြူခိုးနက်နေရာလွတ် ၏ အပြင်ဘက်တွင်မူ ရှီထျန်း၏ အစစ်အမှန် ခန္ဓာကိုယ် ရှိနေခဲ့သည်။
ယခုအခါ သူ၏ မျက်နှာမှာ လွန်စွာ ဖြူဖျော့မည်းမှောင်နေခဲ့ပြီး မျက်ဝန်းများထဲမှ ဒေါသတရားများကြောင့် မီးတောက်များ အရှိန်အဟုန်ဖြင့် ထွက်ပေါ်နေခဲ့၏။
"သောက် .."
ဤလူသားနှစ်ဦး၏ ခန္ဓာကိုယ်ပေါ်တွင် လူသားမျိုးနွယ်စု၏ ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် အထွတ်အထိပ် ထိပ်သီးပညာရှင်တစ်ဦး၏ အကာအကွယ်စွမ်းအားများ ပါရှိနေလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့မိပေ။
၎င်းအပြင် ဤကောင်းကင်တက်လှမ်းခြင်းနယ်ပယ် အထွတ်အထိပ် ပညာရှင်မှာ သာမန်လူတစ်ဦးမဟုတ်ဘဲ သူ၏ အစစ်အမှန် ခွန်အားမှာ သူ မည်သို့မျှ မယှဉ်နိုင်သော အဆင့်တွင် ရှိနေသည်။
သူ ရင်ဆိုင်နေရသည်မှာ ပုံရိပ်မျှသာ ဖြစ်သော်လည်း သူ့ကို အစွန်းကုန် ရုန်းကန်နေရစေ၏။
အကယ်၍ သူသာ ထူးခြားလှသော ဝါးမျိုခြင်းမိစ္ဆာတစ်ကောင် မဟုတ်ခဲ့ပါက သို့မဟုတ် နတ်ဘုရားစွမ်းရည်များ မရှိခဲ့ပါက ဤနေ့တွင် သူ သေချာပေါက် အသက်ပျောက်သွားခဲ့ရပြီ ဖြစ်သည်။
သို့သော် ဤသို့ဆိုလျှင်ပင် သူ ကြာရှည် တောင့်ခံနိုင်တော့မည် မဟုတ်ပေ ။
နတ်ဘုရားစွမ်းရည်များကို အသုံးပြုခြင်းတွင် ကန့်သတ်ချက် ရှိနေသည်ဖြစ်ရာ ဤနေရာလွတ် အတွင်းရှိ မြူခိုးနက်များ အားလုံး ကွယ်ပျောက်သွားသည်နှင့် သူ၏ နတ်ဘုရားစွမ်းရည်မှာ ဘုန်းဘုန်းလဲ ပျက်စီးသွားပေလိမ့်မည်။
ထိုအချိန်ကျပါက သူ သေချာပေါက် အပြင်းအထန် ဒဏ်ရာရရှိသွားမည် ဖြစ်၏။
"ငါ ဒီထက်ပိုပြီး အချိန်ဆွဲလို့မဖြစ်တော့ဘူး။ တစ်ခုခုတော့ အမြန်ဆုံး ကြံစည်ရမယ်" ရှီထျန်း၏ မျက်နှာမှာ သာ၍ပင် ဆိုးရွားလာခဲ့တော့သည်။
သို့သော်လည်း သူ နောက်ထပ် အစီအစဉ် မပြုလုပ်နိုင်မီမှာပင် ရုတ်တရက် အပြောင်းအလဲကြီးတစ်ခု ထပ်မံ ဖြစ်ပွားသွားခဲ့ပြန်၏။
မြူခိုးနက်နေရာလွတ် အတွင်း၌ စစ်တုလင်းက ဤမိစ္ဆာ၏ လှည့်ကွက်ကို ကြာမြင့်စွာ မဖျက်ဆီးနိုင်သေးသည်ကို မြင်လိုက်ရချိန်တွင် သူ၏ မျက်နှာမှာလည်း မည်းမှောင်သွားခဲ့ရသည်။
သူ၏ တပည့်ဖြစ်သူ၏ အရှေ့တွင် သူ၏ သိက္ခာများ အကုန်အစင် ကျဆင်းသွားရတော့မည် မဟုတ်ပါလား။ ထိုအရာကို သူ မည်သို့မျှ လက်မခံနိုင်ပေ ။
သို့ဖြစ်ရာ စစ်တုလင်းက သူ၏ တပည့်အရှေ့တွင် သိက္ခာပြန်ဆယ်ရန်အတွက် ဤပုံရိပ်၏ အားအပြင်းဆုံး တိုက်ကွက်ကို ထုတ်ဖော်ရန် ပြင်ဆင်လိုက်တော့သည်။
ဘုန်း......
စစ်တုလင်း၏ အော်ရာအားလုံးမှာ ရူးသွပ်စွာ ထပ်မံ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး ထွက်ပေါ်လာသော ဓားချီများက မြူခိုးနက်နေရာလွတ် တစ်ခုလုံးကို လွှမ်းခြုံကာ မြူခိုးများကို မွှေနှောက်ဖျက်ဆီးပစ်လိုက်တော့သည်။
"ဝူး......"
ဧရာမ လင်းထိန်လှသော ဓားရှည်ကြီးတစ်စင်းက စစ်တုလင်း၏ ခန္ဓာကိုယ်ထက်တွင် ဗြုန်းခနဲ ထွက်ပေါ်လာခဲ့ချေပြီ။
ထိုဧရာမ ဓားရှည်ကြီးမှာ တောင်ငယ်တစ်လုံးအလား ပေပေါင်း မြောက်မြားစွာ မြင့်မားလှပြီး မြူခိုးနက်အလွှာအားလုံးကို ဘေးသို့ ချက်ချင်း တွန်းဖယ်ပစ်လိုက်၏။
၎င်း၏ ထက်မြလှသော ဓားအော်ရာများက ဤအခိုက်အတန့်တွင် အပြည့်အဝ ထွက်ပေါ်လာခဲ့ပြီး မြူခိုးနက်ထုကြီးများကို တစစ ဆုတ်ဖြဲကာ အမှုန့်ခြေပစ်လိုက်တော့သည်။
စစ်တုလင်းကမူ ထိုဓားရှည်ကြီးကို ထိန်းချုပ်ရင်း နေရာ လွတ်ထဲတွင် နတ်ဘုရားတစ်ပါးအလား ခန့်ညားထည်ဝါစွာ ရပ်နေခဲ့၏။
နတ်ဘုရားစွမ်းရည်... ၎င်းက စစ်တုလင်း၏ အင်မတန် ကျော်ကြားလှသော နတ်ဘုရားစွမ်းရည်ဖြစ်သည့် 'ကောင်းကင်-လူသား ပိုင်းဖြတ်ခြင်း' ပင် ဖြစ်ပေသည်။
ယခင်က စစ်တုလင်းက ဤနတ်ဘုရားစွမ်းရည်ကို အားကိုး၍ 'အရှေ့ဘက်ဒေသ' တစ်ခုလုံးတွင်သာမက 'ရွှမ်ထျန်းတိုက်ကြီး' တစ်ခုလုံးတွင်ပါ 'ဓားဧကရာဇ်'ဟူသော ဘွဲ့အမည်ကို ရရှိခဲ့ခြင်း ဖြစ်၏။
ဤဓားချက်ကို ပစ်လွှတ်လိုက်သည်နှင့် အရာအားလုံး ပျက်စီးသွားရမည်သာ ဖြစ်သည်။
ဤဓားချက်မှာ စစ်တုလင်း၏ အားအပြင်းဆုံးသော ဓားချက်များထဲမှ တစ်ချက်ဖြစ်သည်ဟု ဆိုရပေမည်။
"ပိုင်းဖြတ်စမ်း.."
စစ်တုလင်း၏ ကျယ်လောင်လှသော ဟစ်အော်သံနှင့်အတူ ဤပုံရိပ်၏ ချီစွမ်းအားများနှင့် စွမ်းအား အားလုံးမှာ ဤဓားချက်တစ်ချက်တည်းအတွင်းသို့ တိုက်ရိုက် စုစည်းသွားခဲ့တော့သည်။
ထိုခဏချင်းတွင်ပင် အနှိုင်းမဲ့ထက်မြပြီး သတ်ဖြတ်လိုစိတ် ပြည့်နှက်နေသော ဓားချီတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာခဲ့၏။
ဓားသိုင်းပညာရှင်တစ်ဦးဖြစ်သော ရှုချွမ်းကိုယ်တိုင်ပင် ဤဓားချီအောက်၌ မျက်နှာအမူအရာ လုံးဝ ပြောင်းလဲသွားခဲ့ရသည်။
ဤအခိုက်အတန့်တွင်မှ သူနှင့် စစ်တုလင်းကြားရှိ ဓားတာအိုအဆင့် ကွာဟချက်မှာ မည်မျှအထိ ကြီးမားလှကြောင်း သူ အပြည့်အဝ သဘောပေါက်သွားခဲ့ရတော့၏။
ဘေးနားရှိ နင်ယို့ချီသည်လည်း ဤစွမ်းအားကို ခံစားလိုက်ရသဖြင့် ခန္ဓာကိုယ်တစ်ခုလုံး တုန်ရင်သွားခဲ့ရပြီး သေခြင်းတရား၏ အေးစက်လှသော အငွေ့အသက်များ သူမကို လွှမ်းခြုံသွားခဲ့သည်။
စစ်တုလင်းက မရည်ရွယ်ဘဲ ထုတ်ဖော်လိုက်မိသော ဤသတ်ဖြတ်ခြင်းအော်ရာမှာ ယခင်က ယန်ရှန်း သူမအပေါ် ပေးခဲ့ဖူးသော ဖိအားထက်ပင် အဆမတန် သာလွန်နေခဲ့ပြီ ဖြစ်သည်။
"ဘုန်း..."
ကမ္ဘာကို တုန်လှုပ်စေမည့် ပြင်းထန်လှသော ပေါက်ကွဲသံကြီးနှင့်အတူ စစ်တုလင်း၏ ဓားချက်မှာ နေရာ လွတ်ဆီသို့ နောက်ဆုံးတွင် ပိုင်းချလိုက်တော့သည်။
အစွန်းကုန် ဖိသိပ်ထားသော ထိုကြောက်မက်ဖွယ် ဓားချက်ကြီးမှာ ဝင်းလက်တောက်ပလှသော အလင်းဖြူကြီးတစ်ခုအဖြစ် ပေါက်ကွဲထွက်ပေါ်သွားခဲ့ပြီး တခဏချင်းအတွင်းမှာပင် မြူခိုးနက် နေရာလွတ် တစ်ခုလုံးကို လင်းထိန်သွားစေခဲ့၏။
"မဖြစ်နိုင်ဘူး.."
အပြင်ဘက်ရှိ ရှီထျန်းက ဤအခြေအနေကို အာရုံခံမိသည်နှင့် အမူအရာ လုံးဝ ပျက်ယွင်းသွားခဲ့ရပြီး ထိတ်လန့်တကြား အော်ဟစ်လိုက်မိကာ စစ်တုလင်း၏ ဓားချက်ကို ပိတ်ဆို့ရန် သူ၏ နည်းလမ်းမျိုးစုံကို အသည်းအသန် အသုံးပြုတော့သည်။
သို့သော်လည်း သူ မည်မျှပင် ကြိုးစားပမ်းစား ပြုလုပ်ပါစေ ဤဓားချက်ကြီးကို အနည်းငယ်မျှပင် တားဆီးနိုင်ခြင်း မရှိခဲ့ပေ ။
သူက ကမ္ဘာပျက်မတတ် ပြင်းထန်လှသော ဤဓားချက်ကြီးက မြူခိုးနက် နေရာလွတ် ကို ဖျက်ဆီးပိုင်းဖြတ်လာသည်ကိုသာ အကူအညီမဲ့ လျက် ကြည့်နေခဲ့ရတော့သည်။
"ဝူး... ဝူး... ဝူး......"
နေရာလွတ် တုန်ခါသွားခဲ့ပြီး စွမ်းအားလှိုင်းများ အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားခဲ့သည်။
ဤဓားချက်အောက်တွင် မြူခိုးနက်နေရာလွတ် မှာ တဖြည်းဖြည်း မတည်မငြိမ် ဖြစ်လာခဲ့ရပြီးနောက် ပြိုကွဲပျက်စီးခြင်းများ စတင်ဖြစ်ပေါ်လာခဲ့တော့၏။
ဘန်း......
နောက်ဆုံးတွင်မူ ၎င်းက ပူဖောင်းတစ်ခုအလား အစိတ်စိတ်အမြွှာမြွှာ ပေါက်ကွဲသွားခဲ့ရတော့သည်။
"ဖူး......"
မြူခိုးနက်နေရာလွတ် ပျက်စီးသွားခဲ့သည်နှင့်အမျှ ရှီထျန်းမှာလည်း တခဏချင်းအတွင်း ပြင်းထန်စွာ ဒဏ်ရာရရှိသွားခဲ့ရပြီး ပြင်းထန်လှသော တိုက်စားမှုစွမ်းအားများ ပါရှိသည့် နက်မှောင်သော သွေးပုပ် မြောက်မြားစွာကို အန်ထုတ်လိုက်မိကာ ခန်းမကြီးအတွင်း၌ ပန်းထွက်သွားခဲ့တော့သည်။
ယခုအခါ သူ၏ မျက်နှာမှာ သွေးဆုတ်ဖြူဖျော့နေခဲ့ပြီဖြစ်ပြီး မျက်ဝန်းများထဲတွင်မူ အလွန် ထိတ်လန့်ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေခဲ့၏။
ရှီထျန်း၏ ဝါးမျိုခြင်းကို ခံထားခဲ့ရသော လူသုံးဦးမှာလည်း ခန်းမကြီးအတွင်း၌ ပြန်လည် ထွက်ပေါ်လာခဲ့ကြပြီ ဖြစ်သည်။
"ငါတို့တွေအားလုံးက ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် အထွတ်အထိပ်ချင်း တူတူပဲကို... ဘာလို့ မင်းက ဒီလောက်အထိ တောင် သန်မာနေရတာလဲ။ မင်းက တကယ်ပဲ ဘယ်သူလဲ"
ရှီထျန်းက ထိတ်လန့်တကြား အော်ဟစ်မေးမြန်းလိုက်၏။
သူက သူနှင့် အခြားသော ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် အထွတ်အထိပ် ထိပ်သီးပညာရှင်များကြားတွင် ကွာဟချက် ရှိနေသည်ကို ဝန်ခံသော်လည်း ဤမျှအထိ ကြီးမားလှသော ကွာဟချက်မျိုး ရှိလိမ့်မည်ဟု မထင်ထားခဲ့ပေ။
သူ၏ နတ်ဘုရားစွမ်းရည်ကို အစွန်းကုန် အသုံးပြုထားခဲ့ရင်တောင်မှ ရန်သူ၏ ဓားချက်တစ်ချက်တည်းကိုပင် မတောင့်ခံနိုင်ခြင်းက လုံးဝ မဖြစ်နိုင်သောအရာ ဖြစ်၏။
၎င်းအတွက် တစ်ခုတည်းသော အဖြေမှာ သူ့ရှေ့ရှိ ဤပုံရိပ်မှာ သာမန် ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် ထိပ်သီးပညာရှင်တစ်ဦး မဟုတ်ခြင်းပင် ဖြစ်ရပေမည်။
လေထုထဲတွင် ရှီထျန်း၏ မျက်နှာမှာ ဖြူဖျော့လျက် ရှိနေပြီး သူ၏ ရင်ထဲ၌ ကြောက်ရွံ့မှုများ စတင်ဖြစ်ပေါ်လာခဲ့သဖြင့် သူ၏ မိစ္ဆာခန္ဓာကိုယ်ကြီးပင် တုန်ရင်နေခဲ့ရသည်။ သူ ကြောက်ရွံ့သွားခဲ့ချေပြီ။
သူ ဤကဲ့သို့သော ခံစားချက်မျိုး မခံစားရသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်၏။
အကယ်၍ စစ်တုလင်းသာ စောစောကကဲ့သို့သော ဓားချက်မျိုး နောက်ထပ်တစ်ချက် ထပ်မံ ပိုင်းဖြတ်လိုက်ပါက ယနေ့တွင် သူ သေချာပေါက် အသက်ပျောက်သွားရပေလိမ့်မည်။
ဓားချက်တစ်ချက်တည်းနှင့်တင် သူ ပြင်းထန်စွာ ဒဏ်ရာရရှိထားခဲ့ပြီးဖြစ်ရာ ဒုတိယဓားချက်ကိုမူ သူ လုံးဝ ပိတ်ဆို့နိုင်စွမ်း မရှိတော့ပေ ။
သို့သော် ကံကောင်းစွာပင် သူ အကြောက်ရွံ့ဆုံးသော မြင်ကွင်းကမူ ဖြစ်ပွားမလာခဲ့ပေ။ စစ်တုလင်းမှာ ပုံရိပ်မျှသာ ဖြစ်သဖြင့် စောစောက ဓားချက်က ဤပုံရိပ်၏ စွမ်းအား အားလုံးကို ကုန်ဆုံးစေခဲ့ပြီ ဖြစ်ရာ ယခုအခါ သူ တဖြည်းဖြည်း ပျောက်ကွယ် ပျက်စီးတော့မည် ဖြစ်၏။
"တပည့် . ဒီမိစ္ဆာကတော့ မင်းရဲ့ဆရာ့လက်ချက်ကြောင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားပြီ။ အခုကစပြီးတော့... ကျန်တဲ့ကိစ္စတွေကို မင်းအပေါ်မှာပဲ ပုံအပ်လိုက်တော့မယ်"
ပြောပြီးသည်နှင့် စစ်တုလင်း၏ ပုံရိပ်မှာ သန့်စင်လှသော စွမ်းအားများအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ရှုချွမ်း၏ ခန္ဓာကိုယ်တွင်းသို့ တိုက်ရိုက် စီးဆင်းဝင်ရောက်သွားခဲ့တော့သည်။
၎င်းက ရှုချွမ်း၏ ဒဏ်ရာအားလုံးကို ချက်ချင်း သက်သာပျောက်ကင်းသွားစေရုံမျှမက သူ၏ ချီစွမ်းအားများကိုပါ အထွတ်အထိပ်အဆင့်သို့ ချက်ချင်း ပြန်လည် ဖြည့်တင်းပေးလိုက်တော့သည်။