အခန်း ၁၆၉
Vol. 17 Ch. 169
အခန်း (၁၆၉) ရွှေရောင်ရှေးဟောင်းနန်းတော်ကို အသက်သွင်းရန် နေနှင့်လ ပူးပေါင်းခြင်း
စစ်တုလင်း၏ ပုံရိပ် ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရချိန်တွင် ရှီထျန်း၏ မျက်နှာထက်၌ ရူးသွပ်လှသော ဝမ်းမြောက်ဝမ်းသာဖြစ်မှုများ ချက်ချင်း ထွက်ပေါ်လာခဲ့တော့သည်။
မူလက သူက အစွန်းကုန် မျှော်လင့်ချက်မဲ့နေခဲ့ပြီး စစ်တုလင်းက သူ့ကို မည်သို့ ညှဉ်းပန်းနှိပ်စက်မည်နည်းဟုပင် ကြိုတင်တွေးတောနေခဲ့မိခြင်း ဖြစ်၏။ ထိုသို့သာ အဖမ်းခံရပါက ရလဒ်မှာ သေချာပေါက် အလွန်အမင်း ရင်နာစရာကောင်းပေလိမ့်မည်။
အကြောင်းမူကား လူသားမျိုးနွယ်စုနှင့် မိစ္ဆာမျိုးနွယ်စုတို့က ကမ္ဘာဦးကတည်းကပင် ရန်သူအသွင် ရင်ဆိုင်လာခဲ့ကြခြင်း ဖြစ်သည်။
မိစ္ဆာမျိုးနွယ်များက လူသားများကို တွေ့ရှိပါက ဝါးမျိုစားသောက်၍သာ ကျင့်ကြံခြင်းအဖြစ် အသုံးချကြပြီး လူသားများက မိစ္ဆာများကို ကြုံတွေ့ရလျှင်လည်း သတ်ဖြတ်ရန်ဟူသော လမ်းတစ်လမ်းတည်းသာ ရှိပေသည်။
လူသားတို့၏ လက်ထဲသို့ ကျရောက်သွားသော မိစ္ဆာများမှာ အသက်ရှင်သန်ခွင့် လုံးဝမရှိဘဲ တိုက်ရိုက်အသတ်မခံရမီ မရေမတွက်နိုင်သော ရက်စက်လှသည့် ညှဉ်းပန်းမှုများနှင့် စမ်းသပ်မှုများကိုသာ ခံရလေ့ရှိသည်။
ယင်းက မိစ္ဆာတိုင်း၏ မှတ်ဉာဏ်ထဲတွင် စွဲထင်နေခဲ့ပြီး ရှီထျန်းအတွက်လည်း ခြွင်းချက်မရှိပေ။
ထို့ကြောင့် သူက လူသားတို့၏ လက်တွင်းသို့ ကျရောက်တော့မည်ကို သိလိုက်ရချိန်တွင် ဤမျှအထိ ထိတ်လန့်တုန်လှုပ်သွားခဲ့ရခြင်း ဖြစ်၏။
သို့သော် ယခုအခါတွင်မူ စစ်တုလင်း၏ ပုံရိပ်မှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ရာ သူ့ အပေါ်သို့ ဖိနှိပ်ထားသော ဧရာမ တောင်ကြီးတစ်လုံးကို ရုတ်တရက် ဖယ်ရှားလိုက်သကဲ့သို့ ခံစားလိုက်ရသည်။
ဤအရာက သူ့ကို မည်သို့မျှ စိတ်မလှုပ်ရှားဘဲ နေပါမည်နည်း။
"ဟားဟားဟားဟား.."
"မိစ္ဆာဘိုးဘေးက ငါ့ကို စောင့်ရှောက်တာပဲ။ ငါတို့ မိစ္ဆာမျိုးနွယ်စုအတွက် တကယ်ပဲ လမ်းမဆုံးသေးဘူး" ရှီထျန်း၏ မျက်နှာထက်တွင် ရူးသွပ်လှသော အပြုံးများ ပြည့်နှက်သွားခဲ့သည်။
သေခြင်းတရားမှ သီသီလေး လွတ်မြောက်လာခဲ့ရသည့် ခံစားချက်မှာ တကယ့်ကို ကောင်းမွန်လှပေသည်။
ရှုချွမ်းနှင့် နင်ယို့ချီတို့နှစ်ဦးကိုမူ သူ လုံးဝ အရေးစိုက်ခြင်းမရှိတော့ပေ ။
အဘယ်ကြောင့်ဆိုသော် သူက ယခုအခါ ပြင်းထန်စွာ ဒဏ်ရာရရှိထားသော်လည်း အစစ်အမှန် ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် အထွတ်အထိပ် ထိပ်သီးပညာရှင်တစ်ဦးအဖြစ် တည်ရှိနေဆဲဖြစ်ရာ ကမ္မနယ်ပယ်ရှိ လူသားလူငယ်ကလေးနှစ်ယောက် မည်သို့မျှ မယှဉ်နိုင်ကြောင်း သူ ကောင်းစွာ ယုံကြည်နေသောကြောင့် ဖြစ်၏။
သူက ဖြည်းညှင်းစွာ မတ်တတ်ရပ်လိုက်ပြီး ၎င်းတို့နှစ်ဦးကို ရက်စက်ကြမ်းကြုတ်သော မျက်နှာထားဖြင့် စိုက်ကြည့်လိုက်သည်။
အထူးသဖြင့် ရှုချွမ်းမှာ သူ၏ အဓိက အမုန်းဆုံး ပစ်မှတ်ဖြစ်နေခဲ့ချေပြီ။
အကယ်၍ ဤလူသားလူငယ်က ထိုကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်ကို ဆင့်မခေါ်ခဲ့ပါက သူ ဤမျှအထိ ပြင်းထန်သော ဒဏ်ရာများကို ရရှိလိမ့်မည် မဟုတ်ပေ။
ယခုအခါ သူ၏ ရင်ထဲ၌ ထိုလူသားနှစ်ဦးကို အစွန်းကုန် နှိပ်စက်ပြီးမှ ဝါးမျိုကာ သူ့ ဒဏ်ရာများကို ပြန်လည်ကုသရန်ဟူသော အတွေးတစ်ခုတည်းသာ ရှိတော့သည်။
"ကဲ... အခု မင်းတို့ကို ဘယ်သူက လာကယ်ဦးမလဲဆိုတာ ကြည့်ကြသေးတာပေါ့" ရှီထျန်းက သွား ကြိတ်ကာ မျက်ဝန်းများ နီမြန်းလျက် ဤစကားလုံးများကို တစ်လုံးချင်း ထုတ်ပြောလိုက်သည်။
ရှုချွမ်းအပေါ်ထားရှိသော သူ၏ နာကျည်းချက်မှာ အတိုင်းအတာမရှိပေ။
"စိတ်မပူပါနဲ့... မင်းတို့ကို ဒီလောကထဲ ရောက်လာခဲ့မိတာကို နောင်တရသွားစေရမယ်"
"ဒီနေ့ မင်းတို့နှစ်ယောက်လုံး လွတ်မြောက်ဖို့ လမ်းမရှိဘူး"
ပြောပြီးသည်နှင့် ရှီထျန်း၏ ခန္ဓာကိုယ်ထက်မှ မိစ္ဆာချီစွမ်းအားများမှာ ဝုန်းခနဲ ပြန်လည် ပေါက်ကွဲထွက်ပေါ်လာခဲ့တော့သည်။
"ဝူး......"
ထိုမိစ္ဆာချီစွမ်းအားများမှာ သွေးစွန်းနေသော ဧရာမ သားရဲတွင်းနက်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ထက်မြက်လှသော သွားများနှင့် သွေးနီရောင် လျှာကြီးက ရှုချွမ်းရှိရာဆီသို့ ဦးတည်လာခဲ့သည်။
ထိုတွင်းနက်ကြီး၏ အနက်ရှိုင်းဆုံးနေရာတွင်မူ သွေးစွန်းနေသော ကြိတ်စက်ကြီးတစ်ခုက ဖြည်းညှင်းစွာ လည်ပတ်နေခဲ့ပြီး ၎င်း၏အပေါ်၌ ဖြတ်တောက်ထားသော လက်ခြေများနှင့် ရောင်စုံသွေးကွက်များက သက်ရှိထင်ရှားရှိနေသကဲ့သို့ စီးဆင်းနေခဲ့၏။
အကယ်၍ သာမန်လူတစ်ဦးသာ ဤမြင်ကွင်းကို မြင်တွေ့လိုက်ရပါက ထိုနေရာ၌တင် ထိတ်လန့်တကြား သေဆုံးသွားနိုင်ပေသည်။
ပြင်းထန်လှသော နတ်ဘုရားဖိအားများက ထိုသွေးစွန်းသော တွင်းနက်ကြီးထဲမှနေ၍ ထွက်ပေါ်လာခဲ့၏။
တစ်ချိန်တည်းမှာပင် ဆွဲအားတစ်ခုက ရှုချွမ်းနှင့် နင်ယို့ချီတို့ကို ဖမ်းဆုပ်လိုက်ပြီး ၎င်းတို့၏ ခန္ဓာကိုယ်များကို ထိုတွင်းနက်ကြီးထဲသို့ ဆွဲသွင်းရန် ကြိုးပမ်းတော့သည်။
ထိုအခြင်းအရာကို မြင်လိုက်ရချိန်တွင် ရှုချွမ်း၏ မျက်နှာအမူအရာလည်း ပြောင်းလဲသွားခဲ့ရသည်။
ကုလားအုတ်က ပိန်သွားလျှင်ပင် မြင်းထက်ကြီးမားသေးသည်ဟူသော စကားပုံက မည်သည့်နေရာတွင်မဆို မှန်ကန်လှပေသည်။
ဒဏ်ရာအပြင်းအထန် ရရှိထားသော ရှီထျန်းမှာ သူနှင့် နင်ယို့ချီတို့နှစ်ဦး မည်သို့မျှ ခုခံနိုင်စွမ်းမရှိသော၊ သတ်ဖြတ်ရန် သာ၍ပင် မဖြစ်နိုင်သော အဆင့်တွင် ရှိနေဆဲ ဖြစ်၏။
"ဒီဆွဲအားကို မြန်မြန် တောင့်ခံထားဦး" ရှုချွမ်းက နင်ယို့ချီကို အော်ဟစ် သတိပေးလိုက်သည်။
ဤအခိုက်အတန့်တွင် ၎င်းတို့နှစ်ဦးစလုံး ထိုတွင်းနက်ကြီးထဲသို့ လုံးဝ အဆွဲခံရ၍ မဖြစ်ပေ ။
အကယ်၍ အဆွဲခံလိုက်ရပါက သေခြင်းတရားတစ်ခုတည်းသာ ရှိတော့သည်။ ရှုချွမ်းသည် စောစောက စစ်တုလင်း၏ ပုံရိပ်ဆီမှ စွမ်းအားလက်ဆောင်ကို ရရှိထားခဲ့သဖြင့် ခန္ဓာကိုယ်တစ်ခုလုံးတွင် ချီစွမ်းအားများ အပြည့်ရှိနေခဲ့ပြီး အထွတ်အထိပ်အခြေအနေသို့ ရောက်ရှိနေခြင်း ဖြစ်သည်။
သူက သူ့ ချီစွမ်းအားကို အမြန်ဆုံး အသုံးပြု၍ ထိုဆွဲအားကို တောင့်ခံထားသော်လည်း ၎င်းက ကာကွယ်ရန်အတွက်သာ ဖြစ်နေခဲ့ပြီး အခြားအရာများကို ပြုလုပ်ရန် အင်အားအပို မရှိတော့ပေ ။
နင်ယို့ချီမှာမူ ရှုချွမ်းကဲ့သို့ သက်တောင့်သက်သာမရှိလှပေ။ သူမက ယခင်တိုက်ပွဲတွင် ဒဏ်ရာအများကြီးမရခဲ့သော်လည်း ချီစွမ်းအားများစွာ ကုန်ဆုံးထားခဲ့ရပြီး ယခုထက်ထိ ပြန်လည်ဖြည့်တင်းရန် အချိန်မရသေးပေ ။
ယခုအခါ ရှီထျန်း၏ တိုက်ကွက်မှ ထွက်ပေါ်လာသော နတ်ဘုရားဖိအားနှင့် ဆွဲအားကို ရင်ဆိုင်နေရသဖြင့် သူမမှာ ကြီးမားလှသော ဖိအားအောက်သို့ ကျရောက်နေခဲ့ရပြီး အချိန်မရွေး အားအင်ကုန်ခမ်းသွားနိုင်သည့် အခြေအနေသို့ ရောက်ရှိနေခဲ့ရသည်။
"အလဟဿ အားမထုတ်ကြပါနဲ့တော့...အေးအေးဆေးဆေးပဲ ငါ့ရဲ့ ဝါးမျိုသန့်စင်ခြင်းကို ခံလိုက်ကြစမ်း"
"မင်းတို့ကို သေခြင်းတရားရဲ့ အရသာကို တကယ့်ကို ပြည့်ပြည့်ဝဝ 'ခံစား' သွားစေရမယ်" မှောင်မိုက်မှုကြီးထဲမှနေ၍ ရှီထျန်း၏ အသံကြီးက ရက်စက်ကြမ်းကြုတ်စွာဖြင့် ထွက်ပေါ်လာခဲ့ပြီး ၎င်းတွင် ကျေနပ်အားရမှုများနှင့် ကလဲ့စားချေလိုစိတ်များ ပြည့်နှက်နေခဲ့သည်။
သူ၏ စကားသံ ဆုံးသည်နှင့်အမျှ ထိုသွေးစွန်းသော တွင်းနက်ကြီးမှာ ထိုနေရာ၌ တန့်မနေတော့ဘဲ ကြောက်မက်ဖွယ်ရာ ချီစွမ်းအားများကို တိုက်ရိုက် ထုတ်လွှတ်လိုက်ကာ ရှုချွမ်းနှင့် နင်ယို့ချီတို့၏ ခန္ဓာကိုယ်များကို ချိပ် ပိတ်လိုက်တော့သည်။
ထို့နောက်တွင် ၎င်းက ရှုချွမ်းရှိရာဆီသို့ ပြင်းထန်စွာ ပြေးဝင်လာခဲ့၏။ ရှီထျန်း၏ အဓိက ပစ်မှတ်မှာ ရှုချွမ်းသာ ဖြစ်ပေသည်။
၎င်းက ရှုချွမ်း၏ ခန္ဓာကိုယ်ဆီသို့ မရောက်ရှိမီမှာပင် မိစ္ဆာချီများဖြင့် ဖွဲ့စည်းထားသော ထိုသွေးစွန်းသည့် တွင်းနက်ကြီးမှာ အစစ်အမှန်အတိုင်း သဏ္ဌာန်ပေါ်လာခဲ့ပြီး ၎င်း၏ ကြောက်မက်ဖွယ်ရာ သွားစွယ်ကြီးများက လွန်စွာ စက်ဆုပ်ဖွယ် ကောင်းလှသည်။
နှစ်ပေါင်းများစွာ သန့်စင်ထားခြင်းမရှိသည့်အလား ညှီစော်နံလှသော အနံ့ဆိုးကြီးတစ်ခုပါ ထွက်ပေါ်လာခဲ့သဖြင့် လူကို အော့အန်ချင်စိတ်ပင် ဖြစ်ပေါ်စေ၏။
'မဖြစ်ဘူး... ငါ ဒီအတိုင်း ထိုင်ပြီး သေဘေးကို စောင့်နေလို့ မဖြစ်ဘူး' ရှုချွမ်းက နတ်ဘုရားဖိအားနှင့် ဆွဲအားကို အသည်းအသန် ခုခံရင်း စိတ်ထဲမှ တွေးတောလိုက်မိသည်။
အကယ်၍ ဤအတိုင်းသာ ဆက်သွားပါက ၎င်းတို့နှစ်ဦးစလုံးမှာ ရှီထျန်း၏ ဝါးမျိုခြင်းကို ခံရပြီး နောက်ဆုံးတွင် အသက်ပျောက်သွားရမည်သာ ဖြစ်သည်။
သူက သွားကို တင်းတင်းခဲလိုက်ပြီး 'ရွှေရောင်ရှေးဟောင်းနန်းတော်'ကို လက်ထဲ၌ ဆင့်ခေါ်လိုက်ကာ ဤစတုတ္ထအဆင့် ဧကရာဇ်လက်နက်ကို အသက်သွင်းရန် စတင်ပြင်ဆင်လိုက်တော့သည်။
သို့သော်လည်း သူ၏ ခွန်အားတစ်ခုတည်းနှင့်မူ လုံးဝ မလုံလောက်ပေ ။
ရှုချွမ်းသည် ယခင်ကတည်းက ဤမိစ္ဆာခန်းမကြီးအတွင်းသို့ ဝင်ရောက်လာကတည်းက ရှေးဟောင်းစစ်မြေပြင်ကြီး၏ မဟာအစီအရင်ကြောင့် ဖိနှိပ်ခြင်းခံထားရသော ရွှေရောင်ရှေးဟောင်းနန်းတော်မှာ ယခုအခါ မသိရသော အခြားအရာတစ်ခုကြောင့် ထပ်မံ ဖိနှိပ်ခြင်း ခံထားရသည်ကို သတိပြုမိခဲ့သည်။
လက်ရှိတွင် သူ၏ စွမ်းအားတစ်ခုတည်းဖြင့် ရွှေရောင်ရှေးဟောင်းနန်းတော်ကို အသက်သွင်းလျှင်ပင် ရှီထျန်းကို တိုက်ရိုက် သတ်ဖြတ်ရန်မှာ မဖြစ်နိုင်ပေ။
၎င်းအပြင် ရှီထျန်းကို သတိမူမိသွားစေပြီး သူက အရာအားလုံးကို စွန့်လွှတ်ကာ ဤနေရာတွင် ချိပ်ပိတ်ထားသော 'မိစ္ဆာဘိုးဘေး' ၏ ခန္ဓာကိုယ်နှင့် အတင်းအဓမ္မ ပေါင်းစပ်သွားစေရန် တွန်းအားပေးသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။ ထိုသို့ဖြစ်သွားပါက မိစ္ဆာဘိုးဘေးမှာ ပြန်လည်မွေးဖွား လာပေလိမ့်မည်။
ထိုအချိန်ကျလျှင်မူ ရှုချွမ်းအနေဖြင့် မည်သည့် လှည့်ကွက်မျှ ရှိတော့မည်မဟုတ်ပေ ။
အစစ်အမှန် ရုပ် ခန္ဓာကိုယ်ရှိသော မိစ္ဆာဘိုးဘေးတစ်ကောင်၏ ခွန်အားမှာ အဆင့် ၁ ဧကရာဇ်အရှင်နယ်ပယ် နှင့် နှိုင်းယှဉ်နိုင်စွမ်းရှိပြီး အထွတ်အထိပ်အခြေအနေသို့ မရောက်ရှိသေးလျှင်ပင် သူ မည်သို့မျှ ယှဉ်ပြိုင်နိုင်စွမ်း ရှိမည်မဟုတ်ပေ။
ယင်းက မည်သူမျှ မကယ်တင်နိုင်တော့မည့် ကယ်တင်မရသော အခြေအနေဆိုးကြီး ဖြစ်သွားပေလိမ့်မည်။
ရှီထျန်းသည်လည်း ရှုချွမ်း၏ လက်ထဲရှိ ရွှေရောင်ရှေးဟောင်းနန်းတော်ကို မြင်တွေ့လိုက်ရသော်လည်း ၎င်းကို အထူးတလည် ဂရုစိုက်ခြင်းမရှိသည်မှာ ထင်ရှားလှပေသည်။
သူ၏မျက်စိထဲတွင် အောင်ပွဲက လက်တစ်ကမ်း၌ ရှိနေပြီဖြစ်ရာ ရှုချွမ်းအနေဖြင့် မည်သို့မျှ လှိုင်းတံပိုးများ ထပ်မံ မဖန်တီးနိုင်တော့ဟု ယူဆထားခြင်း ဖြစ်၏။
ရှုချွမ်းက ခက်ခက်ခဲခဲဖြင့် ခေါင်းကိုလှည့်ကာ နင်ယို့ချီကို စိုက်ကြည့်လိုက်သည်။
"ကို့ကို ယုံလား..." ရှုချွမ်းက မည်သည့် အကြောင်းပြချက်မျှ ရှင်းမပြဘဲ ရိုးရှင်းစွာ မေးမြန်းလိုက်၏။
"အင်း... ရှုချွမ်းကို ယုံတယ်" နင်ယို့ချီက တခဏမျှပင် ဝေခွဲမနေဘဲ ချက်ချင်း ပြန် ဖြေလိုက်သည်။
"ကောင်းပြီ" ရှုချွမ်းက ခေါင်းညိတ်လိုက်၏။
"အခု... မင်းရဲ့ ခန္ဓာကိုယ်ထဲက 'ထိုက်ယင်စွမ်းအား'တွေအားလုံးကို ဘာမှ ချန်မထားဘဲ ငါ့ဆီကို ချက်ချင်း လွှဲပြောင်းပေးလိုက်တော့"
သူ၏ စကားသံ ဆုံးသည်နှင့်အမျှ သူ၏အနောက်ရှိ နင်ယို့ချီကလည်း စတင်လိုက်ပြီ ဖြစ်သည်။ ၎င်းတို့နှစ်ဦးကြားရှိ နားလည်မှုနှင့် သံယောဇဉ်မှာ မည်သည့် သံသယမျှ ရှိရန် မလိုတော့ပေ။
နင်ယို့ချီ၏ စွမ်းအားများ စီးဆင်းဝင်ရောက်လာခဲ့သည်နှင့်အမျှ ရှုချွမ်း၏ ရင်ထဲ၌ တည်ငြိမ်သွားခဲ့ရ၏။ သူ၏ ခန္ဓာကိုယ်အတွင်း၌ 'နေစွမ်းအား' နှင့် 'လစွမ်းအား' တို့မှာ တစ်ခုနှင့်တစ်ခု အပြန်အလှန် ရစ်ပတ်ယှက်နွယ်သွားခဲ့ကြတော့သည်။
နေစွမ်းအားကို အဓိကထားပြီး လစွမ်းအားကို အရန်အဖြစ် ထားရှိကာ ရှုချွမ်း၏ 'နေသူတော်ခန္ဓာကိုယ်' နှင့် ဧကရာဇ်ကျင့်စဥ်တို့၏ တွန်းအားပေးမှုအောက်တွင် ထူးခြားဆန်းပြားလှသော အထူးခွန်အားတစ်ရပ်မှာ ကြောက်မက်ဖွယ်ရာ အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာခဲ့ချေပြီ။
ဤအထူးစွမ်းအား၏ ကောင်းချီးပေးမှုကြောင့် ရှုချွမ်းက သူ့ ခန္ဓာကိုယ်တစ်ခုလုံးတွင် တားဆီး၍မရသော ခွန်အားကြီး ပြည့်နှက်သွားသည်ကို ချက်ချင်း ခံစားလိုက်ရသည်။
ယင်းက သူတစ်ခါမျှ မခံစားဖူးသေးသော ခံစားချက်မျိုး ဖြစ်၏။
ဤခွန်အားမှာ ပြီးပြည့်စုံလှပြီး အရှိန်အဟုန်ပြင်းထန်ကာ မည်သည့်အရာကမျှ တားဆီး၍မရဘဲ ကမ္ဘာကြီးကိုပင် ဖျက်ဆီးပစ်နိုင်စွမ်း ရှိပေသည်။
ဤခွန်အားကြီးကြောင့် ရှုချွမ်း၏ ရင်ထဲ၌ ယုံကြည်မှုများ အဆမတန် မြင့်တက်လာခဲ့ရသည်။
သူက ဤခွန်အားကို အသုံးပြု၍ ရွှေရောင်ရှေးဟောင်းနန်းတော်ကို အသက်သွင်းလိုက်ရာ ကာလရှည်ကြာစွာ ငြိမ်သက်နေခဲ့သော ရွှေရောင်ရှေးဟောင်းနန်းတော်ကြီးမှာ ဗြုန်းခနဲပင် စူးရှတောက်ပလှသော ရွှေရောင်အလင်းတန်းများကို ပေါက်ကွဲထုတ်လွှတ်လိုက်တော့၏။
ဤအခိုက်အတန့်တွင်မူ ၎င်းက သူ၏ အထွတ်အထိပ် အခြေအနေသို့ တစ်ဖန် ပြန်လည် ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
နတ်ဘုရားများ ပိတ်ဆို့ပါက နတ်ဘုရားများကို သတ်မည်ဖြစ်ပြီး မိစ္ဆာများ ပိတ်ဆို့ပါက မိစ္ဆာများကို ချေမှုန်းမည့် အရှိန်အဝါမျိုး ဖြစ်၏။
ရှုချွမ်းက လက်ကို ညင်သာစွာ မြှောက်လိုက်ပြီး ရွှေရောင်ရှေးဟောင်းနန်းတော်ကို လေထုထဲသို့ ဖြည်းညှင်းစွာ မြင့်တက်သွားစေရန် ထိန်းချုပ်လိုက်ရာ ပြင်းထန်လှသော နတ်ဘုရားဖိအားများက ၎င်းထံမှနေ၍ လှိုင်းတံပိုးများအလား ထွက်ပေါ်လာခဲ့ပြီး မိစ္ဆာခန်းမကြီးတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့တော့သည်။
ထို့ပြင် ရွှေရောင်ရှေးဟောင်းနန်းတော်ကြီး၏ အဓိက တိုက်ခိုက်မည့် ပစ်မှတ်မှာ ရှီထျန်း၏ ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက် ကျသွားခဲ့သည်။