← Chapters

အခန်း ၁၇၀

Vol. 17 Ch. 170

အခန်း ၁၇၀

Vol. 17 Ch. 170

အခန်း (၁၇၀) ရှီထျန်း၏ အကြံအစည်၊ နင်ယို့ချီ စွန့်လွှတ်အနစ်နာခံမှု

ဤအခိုက်အတန့်တွင် ခန်းမကြီးအတွင်း၌ ပြင်းထန်လှသော လေပြင်းတစ်ချက် ရုတ်တရက် တိုက်ခတ်လာခဲ့ပြီး လေထုတစ်ခုလုံး တုန်ခါသွားခဲ့ရသည်။

ရွှေရောင်ရှေးဟောင်းနန်းတော် ထံမှ ထွက်ပေါ်နေသော အလင်းတန်းများမှာ သာ၍ပင် စူးရှတောက်ပလာခဲ့ပြီး ဧရာမ နေမင်းကြီးတစ်စင်းအလား ထိန်ထိန်လင်းသွားခဲ့၏။

ရွှေရောင်အလင်းတန်းတစ်ခုက စူးရှထက်မြက်လှသော မြှားတစ်စင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ရှီထျန်းရှိရာဆီသို့ တဟုန်ထိုး ပျံသန်းသွားတော့သည်။

ယခုအခါ ရှီထျန်း ဖန်တီးထားသော ထိုဧရာမ သားရဲတွင်းနက်ကြီးမှာမူ ရွှေရောင်ရှေးဟောင်းနန်းတော်၏ နတ်ဘုရားဖိအားကြောင့် ဟင်းလင်းပြင်ထဲ၌ ရုန်းမရ၊ လှုပ်မရဘဲ လုံးဝ ပိတ်ဆို့ချုပ်ချယ်ခြင်း ခံထားရချေပြီ။

သူက သူ့ထံသို့ ဦးတည်ပျံသန်းလာနေသော ထိုထက်မြလှသည့် ရွှေရောင်မြှားတစ်စင်းကို ရင်တမမဖြင့်သာ မျက်စိပုတ်ကြည့်နေခဲ့ရတော့၏။

တစ်ချိန်တည်းမှာပင် သူ၏ ရင်ထဲ၌ မကြုံစဖူး ထိတ်လန့်တုန်လှုပ်မှုများ ထပ်မံ ပေါ်ပေါက်လာခဲ့ရပြန်သည်။

"ဒါ... ဒါက ဘာပစ္စည်းကြီးလဲ.."

"ဘာလို့ ငါ့ခန္ဓာကိုယ်က လှုပ်လို့မရတော့တာလဲ."

ရှီထျန်းက ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီး ခန္ဓာကိုယ်တွင်းရှိ မိစ္ဆာချီစွမ်းအားများကို အရူးအမူး ပေါက်ကွဲစေကာ ရွှေရောင်ရှေးဟောင်းနန်းတော်၏ ပိတ်ဆို့မှုကို ဖျက်ဆီးရန် ကြိုးပမ်းတော့သည်။

သို့သော်လည်း ၎င်းက လုံးဝ မဖြစ်နိုင်သောအရာပင်။

ရွှေရောင်ရှေးဟောင်းနန်းတော်ကို အစွန်းကုန် အသက်သွင်းထားပြီးဖြစ်ရာ ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် အထွတ်အထိပ်တွင်သာရှိသော ရှီထျန်းမဆိုထားနှင့်၊ ကောင်းကင်ဘုရင်နယ်ပယ် ထိပ်သီး ပညာရှင်တစ်ဦး ရောက်လာလျှင်ပင် တိုတောင်းသော အချိန်ကာလအတွင်း၌ ဤပိတ်ဆို့မှုကို ရုန်းထွက်နိုင်မည် မဟုတ်ပေ ။

ထိုရွှေရောင်မြှားတံကြီးမှာ အနှိုင်းမဲ့ထက်မြလှသော အလင်းတန်းများကို ဖြာထွက်စေလျက် အလွန်အမင်း မြန်ဆန်လှသော အမြန် နှုန်းဖြင့် ပျံသန်းလာခဲ့ပြီး တခဏချင်းအတွင်းမှာပင် သူ့အရှေ့တည့်တည့်ရှိ ဧရာမ သားရဲတွင်းနက်ကြီးကို တိုက်ရိုက် ထိုးဖောက် ပျက်စီးသွားစေခဲ့တော့သည်။

"အား...... မဖြစ်ဘူး.."

နာကျင်စွာ အော်ဟစ်လိုက်သံနှင့်အတူ ရှီထျန်း ဖန်တီးထားသော ထိုတွင်းနက်ကြီးမှာ အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားသော မှန်တစ်ချပ်အလား ဗုန်းဗုန်းလဲ ပြိုကွဲသွားခဲ့ရပြီး မရေမတွက်နိုင်သော အပိုင်းအစများအဖြစ် ပျက်စီးကာ မိစ္ဆာချီများအသွင်ဖြင့် ကောင်းကင်နှင့်မြေကြီး ကြားတွင် လုံးဝ ပျောက်ကွယ်သွားခဲ့တော့သည်။

ရှီထျန်း၏ ပုံရိပ်မှာလည်း ခန်းမကြီးအတွင်း၌ ပြန်လည် ထွက်ပေါ်လာခဲ့ရပြန်၏။

သူ ပေါ်လာသည်နှင့် ကောင်းကင်ထက်ရှိ ရွှေရောင်ရှေးဟောင်းနန်းတော်ကို မီးဝင်းဝင်းတောက်သော မျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်သည်။ ဤအရာက သူ၏ နတ်ဘုရားစွမ်းရည်ကို ချေမှုန်းဖျက်ဆီးခဲ့ရုံတင်မက သူ၏ ဒဏ်ရာများကိုပါ သာ၍ပင် ပြင်းထန်သွားစေခဲ့ခြင်း ဖြစ်၏။

ဤပစ္စည်းကြီးက သူ့ကို မကြုံစဖူး သေဘေးအန္တရာယ်ကြီးအလား ခံစားရစေသည်။ ဤစိုးရိမ်တုန်လှုပ်မှုမှာ ယခင်က စစ်တုလင်း၏ ပုံရိပ် ပေးခဲ့ဖူးသော ဖိအားထက်ပင် ပိုမို ပြင်းထန်လှပေသည်။

သေခြင်းတရားက သူ၏ ဦးခေါင်းထက်သို့ တည့်တည့်မတ်မတ် ကျရောက်နေခဲ့ချေပြီ။

တခဏချင်းအတွင်းမှာပင် သူ၏ နဖူးထက်မှ ချွေးစေးများ တရဟော စီးကျလာခဲ့ရပြီး ခန္ဓာကိုယ်ကြီးကလည်း ထိန်းမရနိုင်အောင်ပင် တုန်ရင်နေခဲ့ရတော့သည်။

သူ့ရှေ့ရှိ ဤလူသားလူငယ်တွင် မည်သည့်အတွက်ကြောင့် ဤမျှအထိ များပြားလှသော ဝှက်ဖဲများနှင့် လှည့်ကွက်များ ရှိနေရသနည်းဆိုသည်ကို သူ လုံးဝ နားမလည်နိုင်တော့ပေ ။ အဆုံးမရှိနိုင်တော့သည့်အလားပင်။

သူ့အနေဖြင့် သူ့ကို သတ်ဖြတ်တော့မည်ဟု ကြံစည်လိုက်တိုင်း ဤလူငယ်က အခြေအနေကို အမြဲတမ်း ပြောင်းပြန်လှန်ပစ်နိုင်ခဲ့သည်။

ကောင်းကင်ဘုံကြီးကပင် သူ့ကို အစဉ်အမြဲ စောင့်ရှောက်နေသည့်အလား။

ရှုချွမ်းအပေါ် ထားရှိသော သူ၏ နာကျည်းချက်မှာ သာ၍ပင် လောင်မြိုက်လာခဲ့တော့သည်။

"ဒါ... မင်း ငါ့ကို အတင်းအကျပ် ဖိအားပေးလိုက်တာပဲ" ရှီထျန်းက သွား ကြိတ်ကာ ဤစကားလုံးများကို ပြောလိုက်၏။

ထို့နောက်တွင် သူက ဗြုန်းခနဲ အော်ဟစ်လိုက်ပြီး သူ၏ ခန္ဓာကိုယ် လှုပ်ရှားနိုင်စွမ်း အနည်းငယ်ကို အတင်းအကျပ် ပြန်လည်ရယူလိုက်သည်။

ဤအခွင့်အရေးကို ဆုပ်ကိုင်လျက် သူ၏ လက်နှစ်ဖက်ဖြင့် ဆန်းပြားလှသော လက်ကွက် များကို မြန်ဆန်စွာ လုပ် လိုက်ပြီး ရှုချွမ်း နားမလည်နိုင်သော ဂါထာမန္တန်များကို တတွတ်တွတ် ရွတ်ဖတ်တော့သည်။

ချက်ချင်းဆိုသလိုပင် ဝင်းလက်လှသော အလင်းဖြူကြီးတစ်ခု ခန်းမကြီးအတွင်း၌ ထိန်လင်းသွားခဲ့ပြီးနောက် ဧရာမ မဟာအစီအရင်ကြီးတစ်ခု ထွက်ပေါ်လာခဲ့တော့သည်။ ၎င်းနောက်တွင်မူ မရေမတွက်နိုင်သော မိစ္ဆာမျိုးနွယ်စုဝင် မြောက်မြားစွာ ခန်းမကြီးအတွင်းသို့ အစီအရင်ထဲမှနေ၍ တရဟော ထွက်ပေါ်လာခဲ့ကြချေပြီ။

၎င်းတို့မှာ ကျင့်ကြံခြင်းအဆင့်မျိုးစုံ ရှိကြပြီး အရေအတွက်မှာ လွန်စွာ များပြားလှသဖြင့် မျက်စိတစ်မှိတ်အတွင်းမှာပင် ခန်းမကြီးတစ်ခုလုံး ပြည့်လျှံသွားခဲ့ရသည်။ သို့သော် ဤမျှဖြင့် မပြီးသေးပေ။

သာ၍များပြားလှသော မိစ္ဆာမျိုးနွယ်စုဝင်များမှာ ရှီထျန်း၏ ဆင့်ခေါ်မှုအောက်တွင် မိစ္ဆာခန်းမကြီးအတွင်းသို့ အဆက်မပြတ် ရောက်ရှိလာနေဆဲ ဖြစ်၏။

ရှီထျန်းက မိစ္ဆာနယ်မြေတစ်ခုလုံးနှင့် ရှေးဟောင်းစစ်မြေပြင်တစ်ခုလုံးရှိ မိစ္ဆာများအားလုံးကို ဤခန်းမကြီးအတွင်းသို့ ရောက်ရှိလာစေရန် အထူးလျှို့ဝှက်နည်းလမ်းကို အသုံးပြုလိုက်ပုံရပေသည်။

"ငါ့ရဲ့ မိစ္ဆာမျိုးနွယ်စုက စစ်သည်တော်တို့"

"ဒီနေ့က ငါတို့ မိစ္ဆာမျိုးနွယ်စုရဲ့ မဟာအစီအစဉ်ကြီးအတွက် မင်းတို့ရဲ့ အသက်ကို စတေးပြီး အလင်းပြရမယ့်နေ့ပဲ"

"ဒီလူသားနှစ်ယောက်က ငါတို့ မိစ္ဆာမျိုးနွယ်စုရဲ့ အစီအစဉ်တွေကို ဖျက်ဆီးဖို့ ကြိုးစားနေကြတယ်။ ပြောစမ်း...သူတို့ကို ဘယ်လို ကိုင်တွယ်ကြမလဲ.."

ရောက်ရှိလာကြသော မိစ္ဆာစစ်တပ်ကြီးကြောင့် ရှီထျန်းအနေဖြင့် မျှော်လင့်ချက်အသစ်များ ပြန်လည်ရရှိသွားခဲ့ပုံရသည်။

သူက ကောင်းကင်ထက်ရှိ ရွှေရောင်ရှေးဟောင်းနန်းတော်၏ နတ်ဘုရားဖိအားကို ယခင်ကလောက် မကြောက်ရွံ့တော့ဘဲ ထိုမိစ္ဆာများကို စတင် လှုံ့ဆော်တော့သည်။

"သတ်... သတ်... သတ်......" ခန်းမကြီးအတွင်းရှိ မိစ္ဆာများအားလုံးက တညီတညွတ်တည်း ဟစ်အော်ကြတော့သည်။

တစ်ချိန်တည်းမှာပင် အတိုင်းအဆမဲ့လှသော မိစ္ဆာချီများနှင့် သတ်ဖြတ်ခြင်းအငွေ့အသက်များက ခန်းမကြီးတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့ရသည်။

"ဟားဟားဟားဟား."

"ကောင်းတယ်... သူတို့ကို ငါ့အတွက် အကုန်သတ်ပစ်ကြစမ်း"

ရှီထျန်းက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး အမိန့်တစ်ချက် ပေးလိုက်သည်နှင့် မိစ္ဆာများအားလုံး လှုပ်ရှားသွားခဲ့ကြကာ အသက်ကို ပဓာနမထားဘဲ ရူးသွပ်သူများအလား ရှုချွမ်းနှင့် နင်ယို့ချီတို့ရှိရာဆီသို့ တဟုန်ထိုး ပြေးဝင်လာကြတော့သည်။

၎င်းတို့သည် ယခင်က ရှုချွမ်းနှင့် နင်ယို့ချီတို့ ပေးခဲ့ဖူးသော ထိတ်လန့်ကြောက်ရွံ့မှုများကို လုံးဝ မေ့လျော့သွားခဲ့ကြပြီ ဖြစ်၏။

ထိုမြင်ကွင်းကြောင့် ရှုချွမ်း၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့ရပြီး သူက ကောင်းကင်ထက်ရှိ ရွှေရောင်ရှေးဟောင်းနန်းတော်ကို အမြန်ဆုံး ထိန်းချုပ်ကာ ထိုမိစ္ဆာများကို ခြေမှုန်းရန် အဆက်မပြတ် တိုက်ခိုက်တော့သည်။

တစ်ချိန်တည်းမှာပင် သူ၏ လက်ထဲရှိ ဝမ်ကျီဓားကိုလည်း အထက်အောက် ရွှေ့လျားကာ ထိုမိစ္ဆာများ၏ အသက်များကို ရူးသွပ်စွာ ရိတ်သိမ်းတော့၏။

ဤအခိုက်အတန့်တွင် ထိုမိစ္ဆာများမှာ သက်ရှိလူသားများနှင့်မတူဘဲ စပါးရိတ်သိမ်းနေရသည့်အလား တစ်သုတ်ပြီးတစ်သုတ် ပြတ်တောက်သွားခဲ့သော်လည်း နောက်ထပ်တစ်သုတ်က အဆုံးမရှိ ထပ်မံ ထွက်ပေါ်လာနေဆဲ ဖြစ်သည်။

တခဏချင်းအတွင်းမှာပင် ခန်းမကြီးတစ်ခုလုံး၌ အလောင်းများ တောင်လိုပုံသွားခဲ့ပြီး သွေးများက မြစ်တစ်စင်းအလား စီးဆင်းနေခဲ့ရာ ငရဲဘုံအစစ်အလား ဖြစ်ပေါ်နေခဲ့တော့သည်။

သို့သော်လည်း ရှုချွမ်း သတိမထားမိလိုက်သောအရာမှာ ထိုသေဆုံးသွားကြသော မိစ္ဆာများထံမှ စီးထွက်လာသည့် သွေးများမှာ မြေကြီးထဲသို့ စိမ့်ဝင်သွားခြင်းမရှိပေ ။

ထူးဆန်းအံ့ဩဖွယ်ကောင်းစွာပင် ထိုသွေးများမှာ တစ်နေရာတည်းသို့ စုစည်းသွားခဲ့ကြပြီး မကြာမီမှာပင် မိစ္ဆာသွေးများဖြင့် ဖွဲ့စည်းထားသော ဧရာမ 'သွေးပင်လယ်ကြီး' တစ်ခု ခန်းမကြီးအတွင်း၌ ဖြစ်ပေါ်လာခဲ့တော့သည်။

ထိုသွေးပင်လယ်ကြီး၏ အတိုင်းအတာမှာ လုံလောက်စွာ ကြီးမားကျယ်ပြန့်လာခဲ့သည့် အချိန်ကျမှသာ ရှီထျန်း၏ မျက်နှာထက်၌ ကျေနပ်အားရသော အပြုံးတစ်ခု ထွက်ပေါ်လာခဲ့တော့သည်။

"အရမ်း ကောင်းလှပေတယ်."

"မင်းက ငါ့ကို တကယ်ပဲ အများကြီး ကူညီပေးလိုက်တာပဲ" ရှီထျန်း၏ ပါးစပ်မှ ထူးဆန်းသော စကားလုံးများ ထွက်ပေါ်လာခဲ့သဖြင့် ရှုချွမ်း တခဏမျှ ဆွံ့အသွားခဲ့ရသည်။

သို့သော်လည်း သူက ချက်ချင်း သတိပြန်ဝင်လာခဲ့ပြီး ထိုမိစ္ဆာနောက်လိုက်ငယ်သား များကို ဆက်လက်၍ အရူးအမူး သတ်ဖြတ်နေခဲ့၏။

ဤနေရာတွင် မိစ္ဆာအရေအတွက်က လွန်စွာ များပြားလွန်းလှသဖြင့် ရှုချွမ်း၏ သတ်ဖြတ်မှုအမြန် နှုန်း မည်မျှပင် မြန်ဆန်ပါစေ အဆုံးမရှိနိုင်သကဲ့သို့ ဖြစ်နေသည်။

ထိုအချိန်တွင် ဘေးနားရှိ ရှီထျန်းက မိစ္ဆာသွေးများဖြင့် ဖွဲ့စည်းထားသော ထိုသွေးပင်လယ်ကြီးကို ထိန်းချုပ်လိုက်ပြီး ကောင်းကင်ထက်ရှိ ရွှေရောင်ရှေးဟောင်းနန်းတော်ရှိရာဆီသို့ ဦးတည် စီးဆင်းသွားစေတော့သည်။

ရွှေရောင်ရှေးဟောင်းနန်းတော်၏ အလင်းတန်းများနှင့် ထိုသွေးပင်လယ်ကြီး ထိတွေ့မိသွားခဲ့သည့် ခဏတွင်ပင် ဆူပွက်လှသော 'ရှဲ... ရှဲ...' ဟူသော အသံကြီးများ ချက်ချင်း ထွက်ပေါ်လာခဲ့ရသည်။ တစ်ချိန်တည်းမှာပင် ထိုထိတွေ့မှုနေရာမှနေ၍ အဖြူရောင် မီးခိုးငွေ့များ အလိပ်လိုက် တက်လာခဲ့၏။

"စီနီယာအစ်ကို ရှု... အပေါ်ကို ကြည့်လိုက်ဦး" အနောက်မှနေ၍ နင်ယို့ချီက ရုတ်တရက် အော်ဟစ်လိုက်သဖြင့် ရှုချွမ်း၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။

ရှုချွမ်းက နင်ယို့ချီ ညွှန်ပြရာ အရပ်မျက်နှာဆီသို့ ကမန်းကတန်း မော့ကြည့်လိုက်ရာ ရှီထျန်း၏ လုပ်ရပ် များကို နောက်ဆုံးတွင် သူ ရိပ်မိသွားခဲ့တော့၏။

"မကောင်းတော့ဘူး."

ရှုချွမ်း၏ မျက်နှာအမူအရာ အကြီးအကျယ် ပျက်ယွင်းသွားခဲ့ရသည်။ သူက အနားသို့ တိုးကပ်လာသော မိစ္ဆာများကို ဓားဖြင့် ခုခံကာကွယ်ရင်း တစ်ချိန်တည်းမှာပင် ရွှေရောင်ရှေးဟောင်းနန်းတော်ကို ထိုသွေးပင်လယ်ကြီးနှင့် ဝေးရာသို့ ရွှေ့ပြောင်းရန် အလျင်အမြန် ထိန်းချုပ်လိုက်တော့သည်။

သူက ရှီထျန်း၏ ကောက်ကျစ်လှသော လှည့်ကွက်ကို နောက်ဆုံးတွင် သဘောပေါက်သွားခဲ့ပြီ ဖြစ်၏။

ယခင်က သူသည် ရှီထျန်းက ၎င်းတို့နှစ်ဦးကို လူအင်အားသုံး၍ ဝိုင်းဝန်းသတ်ဖြတ်ရန် ကြံစည်နေခြင်းလောဟု တွေးတောနေခဲ့မိခြင်း ဖြစ်သည်။

သို့သော် ရှီထျန်း၏ အဓိက ရည်ရွယ်ချက်မှာ သူ၏ လက်ကို အသုံးပြု၍ ထိုမိစ္ဆာများ၏ သွေးများကို စုဆောင်းရန်ဖြစ်ပြီး တစ်ချိန်တည်းမှာပင် သူ၏ ခွန်အားများကို ကုန်ဆုံးစေရန် ကြံစည်ခြင်း ဖြစ်လိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့မိပေ။

ထိုသွေးပင်လယ်ကြီးကြောင့် ဖြစ်ပေါ်လာသော အကျိုးသက်ရောက်မှုကို မြင်လိုက်ရချိန်တွင် ရှုချွမ်းက သူ၏ မျိုးရိုးမှတ်တမ်းထဲတွင် ဖတ်ရှုခဲ့ဖူးသော မိစ္ဆာမျိုးနွယ်စုဝင်များအကြောင်း မှတ်တမ်းတစ်ခုကို ရုတ်တရက် သတိရသွားခဲ့မိသည်။

ဤမိစ္ဆာမျိုးနွယ်စုဝင်များမှာ အခြားကမ္ဘာများမှ လာကြသူများဖြစ်ကြပြီး ၎င်းတို့၏ သွေးများထဲတွင် ထိုအခြားကမ္ဘာများ၏ စွမ်းအားနိယာမ များ ပါရှိနေကြရာ ကျင့်ကြံသူများ၏ လက်နက်များကို ညစ်ညမ်းစေနိုင်စွမ်းရှိကြသည်။

၎င်းတို့၏ သွေးပမာဏက အလွန်အမင်း များပြားလှပါက ဧကရာဇ်လက်နက်များကိုပင် ညစ်ညမ်းသွားစေနိုင်ပြီး ၎င်းတို့၏ စွမ်းအားများကို ကွယ်ပျောက် အရောင်မှိန်သွားစေနိုင်စွမ်း ရှိပေသည်။

"ပြန်လာခဲ့စမ်း." ရှုချွမ်းက အမိန့်ပေးလိုက်ပြီး ရွှေရောင်ရှေးဟောင်းနန်းတော်ကို သူ့ထံသို့ ပြန်လည် ဆင့်ခေါ်ရန် ကြိုးပမ်းတော့သည်။

သို့သော်လည်း ယခုအခါတွင်မူ ရွှေရောင်ရှေးဟောင်းနန်းတော်မှာ ထိုသွေးပင်လယ်ကြီး၏ ဝိုင်းဝန်းပိတ်ဆို့ခြင်းကို အပြည့်အဝ ခံထားရပြီဖြစ်ရာ လွယ်ကူစွာဖြင့် လွတ်မြောက်နိုင်ခြင်း မရှိတော့ပေ ။

၎င်းအပြင် ထိုမိစ္ဆာသွေးများ၏ အဆက်မပြတ် ညစ်ညမ်းစေမှုအောက်တွင် ရွှေရောင်ရှေးဟောင်းနန်းတော်ကိုယ်တိုင်မှ ထုတ်လွှတ်နေသော ရွှေရောင်အလင်းတန်းများမှာ တဖြည်းဖြည်း မှေးမှိန်လာခဲ့ရပြီး ၎င်း၏ နတ်ဘုရားဖိအားများကလည်း အရှိန်အဟုန်ဖြင့် ကွယ်ပျောက်လုနီးပါး ဖြစ်လာခဲ့ရသည်။

"ဟားဟားဟားဟား."

"လူသားမျိုးနွယ်စု... မင်းတို့မှာ နောက်ထပ် ဘာလှည့်ကွက်တွေ ကျန်သေးလဲဆိုတာ ငါ့ကို ပြစမ်းပါဦး" ရှီထျန်းက ရူးသွပ်စွာ ဆက်တိုက် ရယ်မောလိုက်တော့သည်။

နောက်ထပ် အနည်းငယ်မျှသာ... နောက်ထပ် အနည်းငယ်မျှသော အချိန်အတွင်းမှာတင် သူက ရွှေရောင်ရှေးဟောင်းနန်းတော်၏ ပိတ်ဆို့မှုအောက်မှနေ၍ လုံးဝ လွတ်မြောက်သွားနိုင်တော့မည် ဖြစ်၏။

ထိုအချိန်ကျမှ ဤလူသားနှစ်ဦး၏ အသက်မှာ သူ၏ လက်ဖဝါးတွင်း၌သာ ရှိတော့ပေမည်။

သို့သော်လည်း ရှီထျန်းအနေဖြင့် သူ့ကိုယ်သူ အောင်ပွဲရတော့မည်ဟု ထင်မှတ်နေခဲ့သည့် ထိုအခိုက်အတန့်တွင်ပင် မျှော်လင့်မထားသော အလှည့်အပြောင်းကြီးတစ်ခု ထပ်မံ ဖြစ်ပွားသွားခဲ့ပြန်သည်။

ရှုချွမ်း၏ နောက်ကွယ်တွင် ရှိနေသော နင်ယို့ချီက ဗြုန်းခနဲပင် သူ၏ ရင်ဘတ်ကို လက်ဝါးဖြင့် ပြင်းထန်စွာ ရိုက်နှက်လိုက်တော့၏။

"ဖူး......"

လတ်ဆတ်လှသော သွေးတစ်လုတ်မှာ သူမ၏ ပါးစပ်မှနေ၍ ပန်းထွက်သွားခဲ့ရသည်။

"ယို့ချီ... မင်း ဘာလုပ်လိုက်တာလဲ" ထိုမြင်ကွင်းကို မြင်လိုက်ရသဖြင့် ရှုချွမ်း အလွန်အမင်း စိုးရိမ်ပူပန်စွာဖြင့် မေးလိုက်မိသည်။

"စီနီယာအစ်ကို ရှု... အခုကစပြီး... ကျန်တဲ့ကိစ္စတွေကို အစ်ကို့အပေါ်မှာပဲ ပုံအပ်လိုက်တော့မယ်နော်"

"အစ်ကိုနဲ့ ဆုံတွေ့ခွင့်ရခဲ့တာက... ညီမရဲ့ ဘဝတစ်ခုလုံးမှာ အကောင်းဆုံးနဲ့ ကံအကောင်းဆုံး အရာတစ်ခုပါပဲ"

"အစ်ကို သေချာပေါက်... ဒီမိစ္ဆာတွေကို အကုန်သတ်ပစ်ရမယ်နော်"

နင်ယို့ချီက နှုတ်ခမ်းထောင့်များတွင် သွေးကွက်များ စွန်းထင်လျက်ဖြင့် ရှုချွမ်းကို နူးညံ့စွာ ပြုံးပြလိုက်ပြီး နားလည်ရခက်သော စကားအနည်းငယ်ကို ပြောလိုက်၏။

ထို့နောက်တွင် သူမက မိမိ၏ ပါးစပ်ထဲမှနေ၍ ငွေဖြူရောင် တောက်ပလှသော ရတနာပုလဲလုံးလေး တစ်လုံးကို ထွေးထုတ်လိုက်ပြီးနောက် ၎င်းကို ရှေ့သို့ တွန်းပို့လိုက်ရာ ထိုရတနာပုလဲလုံးလေးမှာ ရှုချွမ်း၏ ခန္ဓာကိုယ်အတွင်းသို့ တိုက်ရိုက် တိုးဝင်သွားခဲ့တော့သည်။

ဤပုလဲလုံးလေးကို ထုတ်ဖော်လိုက်ခြင်းက သူမ၏ ခန္ဓာကိုယ်တွင်းရှိ အင်အားအားလုံးကို အကုန်အစင် သုံးစွဲလိုက်ရပုံရပေသည်။

၎င်းကို ရှုချွမ်းထံသို့ ပေးအပ်ပြီးသည်နှင့် နင်ယို့ချီ၏ ခန္ဓာကိုယ်လေးမှာ မြေပြင်ထက်သို့ ပျော့ခွေလဲကျသွားခဲ့ရပြီး သတိလစ် မေ့မြောသွားခဲ့ရတော့သည်။

All Chapters