အခန်း ၄၃၇
Vol. 43 Ch. 437
အခန်း (၄၃၇) အတားအဆီးမဲ့
လော့စန်းဖုန်းအနေဖြင့် သူမရှေ့က အသက်ငွေ့ငွေ့သာ ကျန်ရှိတော့သည့် အဘိုးအိုတစ်ယောက်တွင် ဤမျှအထိ စွမ်းအားရှိနေလိမ့်မည်ဟု မထင်ထားခဲ့မိပေ။
အကယ်၍ ကျိုးကျိရွမ်းရဲ့ ဒွာရကျင့်ကြံမှုအဆင့်သာ ဒွာရတစ်ရာကျော် ရှိနေခဲ့မည်ဆိုပါက သူ၏လက်ရှိ "ကျုံးယွမ်ဓားသိုင်း" နှင့် ပေါင်းစပ်လိုက်သည့်အခါ ဒီဓားချက်၏ ရလဒ်မှာ ပိုပြီး ခန့်မှန်းရခက်ခဲသွားမှာ အမှန်ပင်ဖြစ်သည်။
သို့သော် အရာရာတိုင်းမှာ "အကယ်၍" ဆိုတာ မရှိပါ။ တစ်ခုခုရှိရင် ရှိနေတာဖြစ်ပြီး မရှိရင်လည်း မရှိတာပင်။ ကျိုးကျိရွမ်းက ကျုံးယွမ်ဓားသိုင်းကို အထွတ်အထိပ်အထိ ကျင့်ကြံထားနိုင်သော်လည်း နောက်ဆုံးနှစ်များတွင် သူ၏ ဒွာရအရေအတွက်က ပြောင်းလဲမှု သိပ်မရှိခဲ့ပေ။ သူက နက်နဲသည့် ဓားသိုင်းပညာများကို ပိုင်ဆိုင်ထားသော်လည်း ထောက်ပံ့ပေးနိုင်မည့် ကျင့်ကြံမှုအဆင့် မရှိသည်မှာ တကယ့်ကို နှမြောစရာကောင်းလှသည်။
လော့စန်းဖုန်း၏ "ရေလွှမ်းမိုးခြင်း ကျင့်စဉ်" က ရုတ်တရက် အသက်ဝင်လာပြီး ကောင်းကင်ကနေ ကျဆင်းလာသည့် ရေတံခွန်ကြီးတစ်ခုလိုမျိုး ကြောက်မက်ဖွယ် စွမ်းအားတွေက သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးဆီ ချက်ချင်း ပြန့်နှံ့သွားပါသည်။ ဓားနှင့် ဓားမြှောင် ရိုက်ခတ်ထားသည့် နေရာက ပြင်းထန်စွာ တုန်ခါနေသော်လည်း လော့စန်းဖုန်းက ရေလွှမ်းမိုးခြင်း ကျင့်စဉ်ကို အပြည့်အဝ အသက်သွင်းလိုက်သည့်အခါ ငြိမ်သက်သွားတော့သည်။
ယွမ်ချန်ဓားဂိုဏ်းနှင့် ချန်ရွှေတောင်ကြားဂိုဏ်းက အကြီးအကဲများမှာ ကျိုးကျိရွှမ်း၏ အရှိန်အဝါများ မြင့်တက်လာပြီး သူ့ရှေ့ရှိ လော့စန်းဖုန်းကို အနိုင်ယူတော့မလို ဖြစ်နေသည်ကို ကြည့်နေကြသည်။
သို့သော် လော့စန်းဖုန်း၏ အရှိန်အဝါများ မြင့်တက်လာသောအခါ အောင်နိုင်တော့မည့် အသွင်အပြင်များမှာ ချက်ချင်း ပျောက်ကွယ်သွားပါသည်။ ကျိုးကျိရွှမ်း၏ အရှိန်အဝါက နက်နဲပြီး ပဲ့တင်ထပ်နေဆဲ ဖြစ်သော်လည်း လော့စန်းဖုန်းရှေ့တွင်မူ သူသည် တစ်စုံတစ်ခု လိုအပ်နေသလိုပင်။ ထို အားနည်းချက်လေးကပင် ကျိုးကျိရွှမ်း၏ အစွမ်းထက်နေသည့် အရှိန်အဝါကို လေထဲတွင် ဆောက်ထားသည့် ရဲတိုက်ကြီးတစ်ခုကဲ့သို့ အဖြစ်မှန်မဟုတ်သယောင် ထင်ရစေပါသည်။
"ဘုန်း!"
လော့စန်းဖုန်း၏ ပြတ်သားသည့် အော်ဟစ်သံနှင့်အတူ သူမလက်ထဲရှိ ဓားမြှောင်က ထွက်သွားပြီး ကျိုးကျိရွှမ်းက အတတ်နိုင်ဆုံး ဖိချဖို့ ကြိုးစားခဲ့သော်လည်း လော့စန်းဖုန်းမှာ လျင်မြန်သည့် လှုပ်ရှားမှုတစ်ခုတည်းနှင့် အားလုံးကို ဖယ်ရှားလိုက်သည်။
ကျိုးကျိရွှမ်းက နံရံကို တိုက်မိသွားပြီး ခန်းမတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားပါသည်။ သူက သွေးအနည်းငယ်ကို အန်ထုတ်လိုက်ပြီး နံရံကနေ လျှောကျကာ ဒူးထောက်ကျသွားတော့သည်။ တစ်ကွက်တည်းနဲ့တင် ကျွမ်းကျင်မှု ကွာခြားချက်က ထင်ရှားသွားသည်။
လော့စန်းဖုန်းက ချစ်စရာကောင်းသည့် ရယ်မောသံကို ပြုလိုက်ပြီး သူမရဲ့ ပုံရိပ်က လျှပ်တစ်ပြက် လှုပ်ရှားကာ ကျိုးကျိရွှမ်းရှေ့ကို ရောက်လာပါသည်။ သူမလက်ထဲက ဓားမြှောင်သည် ကုလားအုတ်ငယ်လေးလို ခုန်ပေါက်ပြီး ကျိုးကျိရွှမ်းရဲ့ လည်ပင်းဆီကို ထိုးစိုက်လိုက်ပါသည်။
ကျိုးကျိရွှမ်းက တီးတိုးအော်ဟစ်လိုက်ပြီး ဓားပေါ်က ဘီလူးဝိညာဉ်ဓားသိုင်းနှင့် ကျုံးယွမ်ဓားသိုင်း၏ စွမ်းအားများက ပြင်းထန်စွာ ကျုံ့ဝင်သွားကာ နောက်ဆုံးတွင် ဓားဖျား၌ စုစည်းသွားပါသည်။
ကျိုးကျိရွှမ်းက မော့ကြည့်လိုက်ပြီး လော့စန်းဖုန်း၏ တိုက်ခိုက်မှုကို လျစ်လျူရှုကာ သူ၏ဓားကို လော့စန်းဖုန်း၏ ခေါင်းဆီသို့ ထိုးစိုက်လိုက်ပါသည်။ လက်မတစ်လက် ပိုရှည်ရင် လက်မတစ်လက် ပိုသာတယ်၊ လက်မတစ်လက် ပိုတိုရင် ပိုပြီး အန္တရာယ်များသည်။
လော့စန်းဖုန်းက သူမ၏ တိုက်ခိုက်မှုကို အရင် စတင်ခဲ့သော်လည်း ဓားမြှောင်၏ တိုက်ခိုက်နိုင်သည့် အကွာအဝေးက တိုလွန်းပါသည်။ အခြေအနေအရဆိုပါက သူတို့၏ တိုက်ခိုက်မှုများသည် တစ်ချိန်တည်းတွင် ရောက်ရှိကြလိမ့်မည်။
"အို!"
ကျိုးကျိရွှမ်း၏ အကြံအစည်ကို နားလည်သွားသည့် လော့စန်းဖုန်းက အထင်သေးစွာ ရယ်မောလိုက်ပါသည်။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး ရုတ်တရက် တုန်ခါသွားပြီး သူမရဲ့ ပုံရိပ်က နေရာကူးပြောင်းသကဲ့သို့ ရှေ့ကို တစ်ဝက်လောက် ရွေ့လျားသွားပါသည်။
"ကောင်းပြီ!"
အဝေးကနေ ကြည့်နေသည့် ချွီချင်းရှန်းက စိတ်ထဲကနေ သက်ပြင်းချလိုက်ပါသည်။ ကျင့်ကြံမှုအဆင့် ကွာခြားချက်က အလွန် ကြီးမားလှသည်။ ထို့အပြင် ရေလွှမ်းမိုးခြင်း ကျင့်စဉ်၏ နက်နဲမှုတွေကို ယွမ်ချန်ဓားဂိုဏ်းက ကျင့်စဉ်နှစ်ခုကို ပေါင်းစပ်ရုံနှင့် အတင်းအကျပ် ကျော်လွန်ဖို့ မဖြစ်နိုင်ပေ။
ဤတိုက်ပွဲ၏ ရလဒ်မှာ မစခင်ကတည်းက ကြိုတင် သတ်မှတ်ထားသလိုပင်။ ကျန်ရှိနေသည့် အချက်များမှာ လော့စန်းဖုန်း၏ တိုက်ခိုက်ရေး အတွေ့အကြုံက အလွန် ကြွယ်ဝပြီး သူမ၏ တိုက်ပွဲစွမ်းဆောင်ရည်က ကျိုးကျိရွှမ်းထက် ဘယ်လိုမှ မညံ့ပေ။ ဤအချက်များသည် သူတို့ ထိန်းချုပ်နိုင်သည့် အရာတွေ မဟုတ်ပါချေ။
"ဘုန်း!"
လော့စန်းဖုန်းရဲ့ ဓားမြှောင်က ကျိုးကျိရွှမ်းရဲ့ ဓားကို ထိုးဖောက်သွားပါသည်။ အခြေအနေက မျှော်လင့်ချက်မဲ့နေပြီဆိုတာ သိလိုက်ရသည့် ကျိုးကျိရွှမ်းက ကာကွယ်ဖို့သာ ရွေးချယ်လိုက်ရပါသည်။
သို့သော် ဤထိုးချက်ကြောင့် ဝိညာဉ်ဓားက ကာကွယ်ပေးထားသော်လည်း ကြောက်မက်ဖွယ် စွမ်းအားတစ်ခုက ဝိညာဉ်ဓားကို ဖြတ်ကျော်ပြီး ကျိုးကျိရွှမ်းရဲ့ ခန္ဓာကိုယ်ဆီ ရောက်ရှိသွားပါသည်။
ကျိုးကျိရွှမ်းက နံရံကို ထပ်မံ တိုက်မိသွားပြီး အရိုးကျိုးသည့် အသံနှင့်အတူ ကြမ်းပြင်ပေါ်သို့ ပြိုလဲကျသွားကာ ပြင်းထန်သည့် ဒဏ်ရာများကြောင့် သတိမေ့မြောသွားတော့သည်။
အဝေးက ဂိုဏ်းနှစ်ခု၏ အကြီးအကဲများမှာ ဤမြင်ကွင်းကို စိတ်မကောင်းစွာဖြင့် ကြည့်နေကြပါသည်။ နှစ်ယောက်စလုံးမှာ ဒွာရသန့်စင်ခြင်း နောက်ဆုံးအဆင့်တွင် ရှိနေကြသော်လည်း ကျိုးကျိရွှမ်းက လော့စန်းဖုန်းနှင့် သုံးကွက်တောင် မယှဉ်နိုင်ခဲ့ပေ။
ဒွာရသန့်စင်ခြင်း နောက်ဆုံးအဆင့် အတွက်ပင် ဤသို့ ဖြစ်ပါက၊ အလယ်အလတ်အဆင့် သို့မဟုတ် အစောပိုင်းအဆင့် ကျင့်ကြံသူများဆိုလျှင် လော့စန်းဖုန်း၏ လက်ထဲတွင် အလွယ်တကူ အသတ်ခံရလိမ့်မည်။ ချိုးချန်ထိုက်က လော့စန်းဖုန်း၏ စွမ်းဆောင်ရည်ကို ကြည့်ရင်း အနည်းငယ် ခေါင်းညိတ်လိုက်ပါသည်။
ချန်ရွှေကျွန်းမှ မိုင်ပေါင်းများစွာ ဝေးကွာတဲ့နေရာ။
ချန်ဖေး၏ ပုံရိပ်က မှုန်ဝါးသွားပြီး လေကို ထိုးဖောက်သွားတဲ့ အသံများက အရပ်မျက်နှာ အနှံ့အပြားမှာ ပဲ့တင်ထပ်နေပါသည်။ ချန်ဖေးက သူလက်ထဲရှိ ဆက်သွယ်ရေး ကျောက်စိမ်းပြားကို ငုံ့ကြည့်လိုက်ပါသည်။ ဘာသတင်းစကားမှ မရောက်လာတော့ပေ။ သို့သော် ချန်ဖေး စိတ်မအေးနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုအန္တရာယ် ပြီးဆုံးသွားသလားကို သူ မသိသောကြောင့်ပင်။
သို့မဟုတ် ချွီချင်းရှန်းက ဆက်သွယ်ရေး ကျောက်စိမ်းပြားပေါ်တွင် အာရုံစိုက်ရန် စွမ်းအင် မရှိတော့တာလည်း ဖြစ်နိုင်ပါသည်။ ချန်ဖေးက ချန်ရွှေကျွန်းရှိရာဘက်ကို မော့ကြည့်လိုက်ရာ သူ့မျက်နှာထားက လေးနက်နေပါသည်။ သူ နောက်ထပ် အချိန်အနည်းငယ် လိုအပ်သေးသည်၊ နည်းနည်းလေးပဲ လိုတော့သည်။
ယွမ်ချန်ဓားဂိုဏ်း၏ ပင်မခန်းမအတွင်း၌ လော့စန်းဖုန်းက ကျိုးကျိရွမ်းကို တစ်ချက်ကြည့်ကာ အထင်သေးစွာ ပြုံးလိုက်ပြီးနောက် လှည့်ထွက်လာကာ သူမမူလက ရပ်နေသည့် နေရာကို ပြန်သွားပြီး ချွီချင်းရှန်းနဲ့ ကျီရွေ့ချင်းတို့ကို ကြည့်လိုက်ပါသည်။
"မင်းတို့နှစ်ယောက်ထဲက ဘယ်သူ အရင် လာမှာလဲ"
"ချန်ရွှေတောင်ကြားဂိုဏ်းက ကျီရွေ့ချင်းပါ... ကျေးဇူးပြုပြီး လမ်းညွှန်ပေးပါဦး!"
ချွီချင်းရှန်း ရှေ့ကို ထွက်လာမလို့ လုပ်နေချိန်တွင် ကျီရွေ့ချင်းက အရင်ဆုံး ခြေလှမ်းလှမ်းလိုက်ပါသည်။ ချန်ရွှေတောင်ကြားဂိုဏ်း၏ အကြီးအကဲများက သူတို့၏ ဂိုဏ်းချုပ် ရှေ့သို့ ထွက်သွားသည်ကို မြင်ချိန်၌ စိုးရိမ်စိတ်တွေ ဖြစ်ပေါ်လာကြပါသည်။
ချန်ရွှေတောင်ကြားဂိုဏ်းအနေနှင့် ဤတိုက်ပွဲမှာ ပါဝင်ပတ်သက်ရမှာကို သူတို့ သေချာပေါက် သိနေပါသည်။ သို့သော် အဝေးက အစွမ်းထက်သည့် လော့စန်းဖုန်းကို ကြည့်လိုက်တဲ့အခါ သူတို့ စိတ်လှုပ်ရှားနေသည်ကို မထိန်းနိုင်ကြပေ။
"မင်းတို့ရဲ့ သိုင်းကွက်ကို ထုတ်ပြလိုက်ပါ!"
လော့စန်းဖုန်းက ကျီရွေ့ချင်းရဲ့ နူးညံ့လှပတဲ့ မျက်နှာကို ကြည့်ပြီး သူမရဲ့ ဓားမြှောင်ကို အနည်းငယ် မြှောက်လိုက်ပါသည်။
ကျီရွေ့ချင်းက တည်ငြိမ်နေဆဲ ဖြစ်ပြီး သူမ၏ ခြေလှမ်းများက ကြာပန်းတစ်ပွင့်လို လှပစွာ လော့စန်းဖုန်းရှေ့မှာ ပေါ်လာကာ သူမရဲ့ ဓားက တိတ်တဆိတ် ထိုးစိုက်လိုက်ပါသည်။ နစ်မြုပ်ရေ ကျင့်စဉ်က ချန်ရွှေတောင်ကြားဂိုဏ်း၏ အဓိက သိုင်းပညာ ဖြစ်ပါသည်။ အစွမ်းထက်ပြီး ကျယ်ပြန့်သော ရေလွှမ်းမိုးခြင်း ကျင့်စဉ်နဲ့ နှိုင်းယှဉ်ရင် နစ်မြုပ်ရေ ကျင့်စဉ်က ပိုပြီး နူးညံ့ပြီး လိမ်ယှက်ပါသည်။
"ခလောက်!"
ဝိညာဉ်ဓားနဲ့ ဓားမြှောင်တို့က ရိုက်ခတ်သွားပြီး ခလောက်ခနဲ အသံတစ်ခု ထွက်ပေါ်လာပါသည်။ ကျီရွေ့ချင်းက နောက်ကို တစ်ဝက်လောက် ဆုတ်လိုက်ပြီး မူလနေရာမှာတော့ ယွမ်ချီစွမ်းအင်နှင့် တည်ဆောက်ထားသည့် ရုပ်တုတစ်ခု ကျန်ရစ်ခဲ့ပါသည်။
လော့စန်းဖုန်း၏ ဓားမြှောင်က ပေးသော ကြီးမားလှသည့် စွမ်းအားကို မခံနိုင်တာကြောင့် ရုပ်တု၏ ခန္ဓာကိုယ်မှာ တုန်ခါပြီး ပျောက်ကွယ်သွားပါသည်။ ထိုရုပ်တုကြောင့် စွမ်းအားကို လမ်းကြောင်းလွဲသွားစေပြီး ကျီရွေ့ချင်းက အရင် တိုက်ခိုက်မှုကနေ ဘေးမသီရန်မခ ကျော်လွန်သွားနိုင်ခဲ့ပါသည်။
"စိတ်ဝင်စားစရာပဲ!"
လော့စန်းဖုန်း၏ မျက်လုံးများမှာ အနည်းငယ် တောက်ပသွားပါသည်။
လော့စန်းဖုန်းက ဒွာရတစ်ရာရှစ်ခု ဖွင့်လှစ်ထားတဲ့ ရေလွှမ်းမိုးခြင်း ကျင့်စဉ်ကို ကျင့်ကြံရန် အလွန် မြင့်မားတဲ့ စံနှုန်းများ ရှိပါသည်။ ကျိုးကျိရွှမ်း၏ ကျင့်စဉ်နဲ့ ကျီရွေ့ချင်း၏ လက်ရှိ စွမ်းဆောင်မှုက လော့စန်းဖုန်းအတွက် မျက်စိပွင့်စေပါသည်။
သို့သော် ထိုနှစ်ယောက်၏ ကျင့်ကြံမှုအဆင့်မှာ အနည်းငယ် ပိုအားနည်းသည်။
အဆင့်တူ လူနှစ်ယောက်ကြားတွင် ကျင့်ကြံခြင်းအပိုင်းမှာ မကျွမ်းကျင်သကဲ့သို့ သူတို့၏ ကျင့်စဉ်များကလည်း သိပ်မနက်နဲဘူးဆိုပါက တိုက်ပွဲမှာ တခြားရလဒ် ထွက်လာစရာ မရှိပေ။ တစ်ခုတည်းသော ကွာခြားချက်မှာ အနိုင်ရဖို့အတွက် သိုင်းကွက်အနည်းငယ် လိုအပ်ခြင်း ဖြစ်သည်။
လော့စန်းဖုန်းက ကိုယ်ကို ကိုင်းညွှတ်လိုက်ပြီး နေရာကူးပြောင်းသကဲ့သို့ ကျီရွေ့ချင်း၏ရှေ့ကို ရောက်လာကာ သူမရဲ့ ဓားမြှောင်က အလျင်အမြန် လှုပ်ရှားနေပါသည်။ မျက်စိတစ်မှိတ်အတွင်းတွင် ကျီရွေ့ချင်းက ထက်မြက်ပြီး အေးစက်သော အလင်းတန်းများနှင့် ဝန်းရံခံလိုက်ရသည်။
လော့စန်းဖုန်းက ကျီရွေ့ချင်းမှာ သူမ၏ တိုက်ခိုက်မှုများကို တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် လမ်းကြောင်းလွဲနိုင်မလား၊ ထို့အပြင် တိုက်ခိုက်မှုတိုင်း၏ အပြည့်အဝ စွမ်းအားကို အမြဲတမ်း ထုတ်လွှတ်နိုင်မလားဆိုတာ ကြည့်ချင်နေပါသည်။
ကျီရွေ့ချင်း၏ မျက်နှာထားက လေးနက်နေသည်။ သူမ ဓားကို ကိုင်ဆောင်လိုက်သောအခါ သူမဆီသို့ ဦးတည်လာတဲ့ တိုက်ခိုက်မှုတွေအားလုံးက နှေးကွေးသွားသယောင် ထင်ရပါသည်။
"ချွင်! ချွင်! ချွင်!"
လက်နက်များ ရိုက်ခတ်သံသည် လေထဲတွင် ပဲ့တင်ထပ်သွားပြီး သိုင်းကွက်အနည်းငယ်အကြာ၌ ကျီရွေ့ချင်း၏ မျက်နှာမှာ အနည်းငယ် ဖျော့တော့သွားပါသည်။ နှစ်မြုပ်ရေ ကျင့်စဉ်ဆိုသည်မှာ ပြိုင်ဘက်၏ စွမ်းအားကို ပြန်လည်အသုံးပြုတဲ့ ခုခံရေး ဗျူဟာတစ်ခု ဖြစ်သည်။
သို့သော် လော့စန်းဖုန်း၏ ဆက်တိုက် တိုက်ခိုက်မှုများမှာ ကျီရွေ့ချင်းကို ပင်ပန်းနွမ်းနယ်စေပြီး တိုက်ခိုက်ဖို့အတွက် စွမ်းအား တစ်စက်လေးတောင် မကျန်တော့ပေ။ သူတို့ သိုင်းကွက်များ အပြန်အလှန် ဖလှယ်နေရင်း၌ ရေလွှမ်းမိုးခြင်း ကျင့်စဉ်၏ ကြီးမားလှတဲ့ စွမ်းအားများက ကျီရွေ့ချင်း၏ ခန္ဓာကိုယ်ပေါ်တွင် စုပုံလာပါသည်။ နစ်မြုပ်ရေ ကျင့်စဉ်၏ ရေဓာတ် ရုပ်တုက စွမ်းအားကို လမ်းကြောင်းလွဲဖို့ ပိုပြီး ခက်ခဲလာပြီး ယွမ်ချီ စွမ်းအင်များတွင်ပင် သက်ရောက်မှု ရှိလာတော့သည်။
လော့စန်းဖုန်းက ကျီရွေ့ချင်း၏ အခြေအနေကို ခံစားမိလိုက်ပြီး သူမရဲ့ နှုတ်ခမ်းတွင် အပြုံးတစ်ခု ပေါ်လာကာ သူမ၏ တိုက်ခိုက်မှုနှုန်းက ပိုပြီး မြန်ဆန်လာပါသည်။ သိုင်းကွက်ဆယ်ကွက်တွင် ကျီရွေ့ချင်း၏ ရေဓာတ် ရုပ်တုက စွမ်းအားကို မခံနိုင်တော့ဘဲ ကွဲကြေသွားပါသည်။
စုစည်းထားတဲ့ စွမ်းအားများက ပတ်ဝန်းကျင်တွင် ပျံ့နှံ့သွားပြီး ကျီရွေ့ချင်းက နောက်ကို အဆင့်အနည်းငယ် ဆုတ်သွားဖို့ အခွင့်အရေး ရသွားပါသည်။ ခြေလှမ်းတိုင်းတွင် ကျီရွေ့ချင်းက သူမကိုယ်တိုင် သယ်ဆောင်လာသော စွမ်းအားများကို ခြေထောက်ဆီသို့ ပို့လွှတ်လိုက်ပြီး မြေပြင်ပေါ်တွင် တွင်းနက်ကြီးများ ဖြစ်ပေါ်စေသည်။ သူမသာ ဤစွမ်းအားကို မထုတ်လွှတ်ပါက သူမ၏ အတွင်းအင်္ဂါတွေ ကြိတ်ခြေခံရသကဲ့သို့ ခံစားလိုက်ရပါသည်။
"ဟား!"
လော့စန်းဖုန်းက သူမရှေ့ရှိ ရေဓာတ် စွမ်းအားတွေကို တစ်ချက်တည်း ဖျက်ဆီးလိုက်ပြီး ကျီရွေ့ချင်း၏ ဘေးကို ရောက်လာပါသည်။ သူမက ဓားမြှောင်ကို ထိုးစိုက်လိုက်ရာ ရေလွှမ်းမိုးခြင်း ကျင့်စဉ်၏ စွမ်းအားများသည် ဓားဖျားတွင် အပြည့်အဝ စုစည်းသွားသည်။ ကျီရွေ့ချင်းက ရှောင်ဖို့ လမ်းမရှိတော့ဘဲ ဝိညာဉ်ဓားကို ရှေ့တွင် ကာထားလိုက်ရုံသာ တတ်နိုင်တော့သည်။
"ဘုန်း!"
ကျီရွေ့ချင်း၏ ဝိညာဉ်ဓားက သူမ၏ ခန္ဓာကိုယ်ဆီ တိုက်ရိုက် ရိုက်ခတ်သွားပြီး ဖြတ်တောက်၊ ကြိတ်ခြေသည့် စွမ်းအားများက ခန္ဓာကိုယ်တစ်ခုလုံးဆီ ပျံ့နှံ့သွားသည်။ ကျီရွေ့ချင်းက သွေးအနည်းငယ် အန်ထုတ်လိုက်ပြီး အဝေးက ကြမ်းပြင်ပေါ်ကို ပြင်းထန်စွာ ပြိုလဲကျသွားသည်။
ကျီရွေ့ချင်းက ခေါင်းကို အနည်းငယ် မော့ကြည့်လိုက်ရာ သူမရဲ့ ပါးပြင်များတွင် ဓားရာတွေ အပြည့် ဖြစ်နေပြီး အပိုင်းပိုင်း ခုတ်ဖြတ်ခံလိုက်ရသကဲ့သိုပင်။ သူမက သွေး နောက်တစ်ကြိမ် ထပ်အန်လိုက်ပြီး ခေါင်းက ကြမ်းပြင်ပေါ်ကို ခပ်ပြင်းပြင်း ပြုတ်ကျသွားပါသည်။
"ဂိုဏ်းချုပ်!"
ချန်ရွှေတောင်ကြားဂိုဏ်း အကြီးအကဲများက ကျီရွေ့ချင်း၏ ဘေးကို ပြေးသွားပြီး သူမကို ထူမကာ သူမရဲ့ မျက်နှာပေါ်က ဓားရာတွေကို ကြည့်လိုက်ပါသည်။ ဤဓားရာများသည် လော့စန်းဖုန်း၏ လက်ချက်များဖြစ်သည်မှာ အသေအချာပင်။
တစ်ယောက်ယောက်က လော့စန်းဖုန်းကို ဒေါသတကြီး ကြည့်လိုက်သော်လည်း ချက်ချင်းပင် အသံတိမ်တိမ်နှင့် အော်ညည်းလိုက်ပြီး မျက်လုံး၊ နှာခေါင်း၊ နား၊ ပါးစပ်တွေကနေ သွေးများ စီးကျလာသည်။ ထိုသူ၏ စိတ်ထဲတွင် ပြင်းထန်သော ဒဏ်ရာ ရရှိသွားပြီး မြေပြင်ပေါ်ကို လဲကျသွားတော့သည်။
လော့စန်းဖုန်းက အထင်သေးစွာ ရယ်မောလိုက်ပါသည်။ ‘သူတို့က ဘယ်လောက်တောင် ရဲတင်းလိုက်သလဲ၊ သူမကို စိုက်ကြည့်ရဲသေးတယ်ပေါ့။’
"ယွမ်ချန်ဓားဂိုဏ်းက ချွီချင်းရှန်းပါ... ကျေးဇူးပြုပြီး လမ်းညွှန်ပေးပါဦး!"
ချွီချင်းရှန်းက ရှေ့ကို တိုးလာပြီး လေးနက်တဲ့ အသံနဲ့ ပြောလိုက်ပါသည်။
"မင်း တစ်ယောက်ပဲ ကျန်တော့သည်။ မင်းကို ရိုက်နှက်ပြီးရင် တခြားသူတွေမှာ ရှေ့ဆက် ထွက်လာရဲတဲ့ သတ္တိ ရှိမရှိ ကြည့်ဦးမယ်"
လော့စန်းဖုန်းက ယွမ်ချန်ဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကို ကြည့်ပြီး ခပ်ဖွဖွ ရယ်မောလိုက်ပါသည်။
ချွီချင်းရှန်းက စကားမပြောဘဲ လော့စန်းဖုန်းရှေ့ကို လျှပ်တစ်ပြက် ရောက်သွားပြီး ဓားကို ထိုးစိုက်လိုက်ပါသည်။
‘ကျုံးယွမ်ဓား၊ ဘီလူး ဝိညာဉ်ဓား၊ သတ်ဖြတ်ခြင်းဓား!’
သိုင်းကွက် သုံးခု၏ စွမ်းအားကို ချွီချင်းရှန်းက ထုတ်လွှတ်လိုက်ပါသည်။ သတ်ဖြတ်ခြင်းဓားက အထွတ်အထိပ်ကို မရောက်သေးပေ။ ကျင့်ကြံဖို့ အချိန် နည်းပါသေးသည်။ သို့သော် ဤအခိုက်အတန့်တွင် သိုင်းကွက် သုံးခု၏ ပေါင်းစပ်မှု လိုက်သောကြောင့် ကျိုးကျိရွှမ်းနှင့် နှိုင်းယှဉ်ပါက ချွီချင်းရှန်း၏ စွမ်းအားက သံသယဖြစ်စရာမလိုဘဲ ပိုပြီး အစွမ်းထက်ပါသည်။
"ဒါကတော့ နည်းနည်း ကြည့်ကောင်းလာပြီပဲ!"
လော့စန်းဖုန်းက ချွီချင်းရှန်း၏ ဓားချက်ကို ခံစားမိလိုက်ပြီး ခေါင်းအနည်းငယ် ညိတ်ကာ လှုပ်ရှားဖို့ ပြင်လိုက်သောအချိန်တွင် သူမ၏ ခန္ဓာကိုယ်ထဲက ယွမ်ချီစွမ်းအင်များမှာ ရုတ်တရက် ပျောက်ကွယ်သွားပါသည်။ သူမ မော့ကြည့်လိုက်သောအခါ ချွီချင်းရှန်း၏ လက်ထဲတွင် မျှော်စင်ပုံစံ ဝိညာဉ်လက်နက် တစ်ခု ရှိနေသည်ကို တွေ့လိုက်ရပါသည်။
ဝိညာဉ်သော့ခတ်မျှော်စင်!
"အံ့ဩစရာကောင်းတဲ့ မှော်ရတနာပါပဲ!"
ချိုးချန်ထိုက်၏ အသံက ရုတ်တရက် ထွက်ပေါ်လာပြီး ဝိညာဉ်သော့ခတ်မျှော်စင်က အနည်းငယ် တုန်ခါသွားကာ ပိတ်ဆို့ထားသော စွမ်းအားများက အက်ကွဲကြောင်းတစ်ခု ပေါ်လာသည်။ လော့စန်းဖုန်းက သူမ၏ ခန္ဓာကိုယ်ထဲရှိ ယွမ်ချီစွမ်းအင်ကို ထပ်မံ ခံစားလိုက်ရပြီး သူမရဲ့ မျက်လုံးများက ဒေါသနှင့် အရှက်ရမှုများဖြင့် တောက်ပလာပါသည်။ သူမက ရေလွှမ်းမိုးခြင်း ကျင့်စဉ်ကို ရုတ်တရက် ပြောင်းပြန် ကျင့်ကြံလိုက်ရာ သူမ၏ စွမ်းအားများက ချက်ချင်း မြင့်တက်လာပါသည်။
"ဘုန်း!"
ချွီချင်းရှန်း၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါသွားပြီး သူ၏ အတွင်းအင်္ဂါများမှာ ကြီးမားသော စွမ်းအားကြောင့် ချက်ချင်း ကြိတ်ခြေခံလိုက်ရပါသည်။ သူက သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ဘဲ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရပါသည်။
"ဘုန်း!"
လော့စန်းဖုန်းက နောက်မှ လိုက်လာပြီး သူမ၏ ဓားမြှောင်က လျှပ်တစ်ပြက် လှုပ်ရှားနေကာ ချွီချင်းရှန်းက ယွမ်ချန်ဓားဂိုဏ်းဝင်တွေကြားထဲသို့ လွင့်စင်သွားသည်။ လူအများအပြားက ချွီချင်းရှန်းကို ဖမ်းဖို့ ကြိုးစားခဲ့ကြသော်လည်း အားလုံးက စွမ်းအားများဖြင့် ရိုက်ခတ်ခံလိုက်ရပြီး သွေးများ အန်ကာ လဲကျသွားကြပါသည်။
ချွီချင်းရှန်းက မျက်နှာပေါ်တွင် အပြုံးရှိနေသော ချိုးချန်ထိုက်ကို ခက်ခက်ခဲခဲ မော့ကြည့်လိုက်ပါသည်။
"ရလဒ်က ထွက်လာပြီ ထင်ပါတယ်။ ဒီဓားကတော့ ငါ့ဆီ ပြန်ရောက်လာပြီပဲ!"
ချိုးချန်ထိုက်က ရုပ်တုဆီသို့ တစ်လှမ်းချင်း လျှောက်သွားကာ ဖြည်းညင်းစွာ ပြောလိုက်ပါသည်။
"ဘာဓားက မင်းဆီ ပြန်ရောက်တာလဲ?"
ပြင်းထန်သော ဟိန်းဟောက်သံများကြားထဲ၌ ခန်းမထဲတွင် ပုံရိပ်တစ်ခု ရုတ်တရက် ပေါ်လာပါသည်။