အခန်း ၄၄၀
Vol. 43 Ch. 440
အခန်း (၄၄၀) လမ်းခွဲ ထွက်ခွာခြင်း
ယွမ်ချန်ဓားဂိုဏ်းတွင် ချန်ဖေးသည် ကုလားထိုင်ပေါ်၌ ပုံလျက်သားထိုင်နေပြီး လက်ထဲရှိ ကျောက်စိမ်းစာလိပ်ကို ပွတ်သပ်နေသည်။
ထိုစာလိပ်ထဲတွင် ရွှမ်ဟဲနန်းတော်၏ အဓိကကျင့်စဉ်ဖြစ်သော "ရေလွှမ်းမိုးခြင်း ကျင့်စဉ်" ပါဝင်ပြီး ဒွာရသန့်စင်ခြင်းနယ်ပယ်၏ အထွတ်အထိပ်အဆင့်အထိ တိုက်ရိုက်ကျင့်ကြံနိုင်ပါသည်။ ဤသည်မှာ ယွမ်ချန်ဓားကျမ်းစာပြီးလျှင် ဒွာရသန့်စင်ခြင်း အထွတ်အထိပ်အဆင့်အထိ ကျင့်ကြံနိုင်သည့် ချန်ဖေး၏ ဒုတိယမြောက် ကျင့်စဉ်ပင် ဖြစ်သည်။
ယွမ်ချန်ဓားကျမ်းစာကို ပြည့်စုံအောင် ဖြည့်စွက်ရာတွင် အခက်အခဲများစွာနှင့် ရင်ဆိုင်ခဲ့ရပြီး နောက်ဆုံးတွင် ဝိညာဉ်ရတနာတစ်ခုဖြစ်သော ဉာဏ်အလင်းပွင့် မျှော်စင်၏ အကူအညီဖြင့်သာ ပြီးမြောက်ခဲ့သည်။
ယခုမူ ဒွာရ (၁၀၈) ခုအထိ ဖွင့်လှစ်နိုင်သော ကျင့်စဉ်တစ်ခုမှာ ချန်ဖေးလက်ထဲသို့ အလွန်လွယ်ကူစွာ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ သာမန်လူတစ်ယောက်အတွက် ငွေတစ်ထောင်ရရန်မှာ အလွန်ခက်ခဲပြီး အစွမ်းကုန် ကြိုးစားမှသာ အနည်းငယ် အမြတ်ရနိုင်ပေသည်။
သို့သော် သိုင်းပညာရှင်များအတွက်မူ ငွေတစ်ထောင်ရရန် နည်းလမ်းများစွာ ရှိသည်။ ဤသည်မှာ စွမ်းအားအဆင့် မြင့်မားလာခြင်းက ပေးအပ်သည့် တိုက်ရိုက်ပြောင်းလဲမှုပင် ဖြစ်သည်။
ရေလွှမ်းမိုးခြင်း ကျင့်စဉ်သည် အလွန်နက်နဲပြီး စွမ်းအားကို နောက်ပြန်လှည့်အသုံးပြုခြင်းဖြင့် စွမ်းအားကို တိုးမြှင့်နိုင်သကဲ့သို့၊ တားမြစ်ထားသော ယင်ယန်လျှို့ဝှက်ချက်မှာလည်း အလွန်လိမ္မာပါးနပ်လှသည်။
ချန်ဖေးအနေဖြင့် ရေလွှမ်းမိုးခြင်း ကျင့်စဉ်ကို ပြန်လည်သင်ယူရန် စိတ်ကူးမရှိပေ။ အဘယ်ကြောင့်ဆိုသော် ယွမ်ချန်ဓားကျမ်းစာမှာ အလုံးစုံခြုံငုံကြည့်လျှင် ပိုမိုသာလွန်သောကြောင့် ဖြစ်သည်။ သို့သော်လည်း ယင်ယန်လျှို့ဝှက်ချက်တွင် ပါဝင်သော ဒွာရပေါင်းစည်းခြင်းအဆင့်သို့ ထိုးဖောက်ဝင်ရောက်ရန် နည်းလမ်းများမှာမူ ချန်ဖေးအတွက် စဉ်းစားစရာကောင်းနေသည်။
ချန်ဖေးအတွက် ယခုအရေးကြီးဆုံးမှာ ဒွာရပေါင်းစည်းခြင်းအဆင့်သို့ ထိုးဖောက်ဝင်ရောက်ရန်ပင် ဖြစ်သည်။ ဒွာရသန့်စင်ခြင်းအဆင့်တွင် မည်မျှပင် အစွမ်းထက်နေပါစေ၊ ဒွာရသန့်စင်ခြင်းအဆင့်သာ ဖြစ်နေဆဲပင်။
ချန်ဖေးသည် ချန်ရွှေကျွန်း၏ သြဇာကို မြှင့်တင်ပေးခဲ့သော်လည်း ဤအရာမှာ ဤပင်လယ်ပြင်ဧရိယာအတွက်သာ အကျုံးဝင်သည်။ ပိုမိုဝေးကွာသော နေရာများတွင်မူ ချန်ရွှေကျွန်းကို သယံဇာတမရှိသော ကန္တာရတစ်ခုလိုသာ အထင်ခံထားရဆဲဖြစ်သည်။
ဒွာရပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူ ထွက်ပေါ်လာမှသာ ဂိုဏ်းတစ်ခု၏ ဂုဏ်သတင်းမှာ အမှန်တကယ် တည်မြဲနိုင်ပြီး ပတ်ဝန်းကျင်မှ ဂိုဏ်းများကလည်း အမှန်တကယ် လေးစားကာ လက်ဆောင်ပဏ္ဍာများ ဆက်သလာကြမည် ဖြစ်သည်။ ထိုအခါမှသာ ဂိုဏ်းတစ်ခုလုံးသည် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။
ကုတင်ပေါ်တွင် ချီရှူချင်းတစ်ယောက် လှည့်အိပ်နေပြီး သူမ၏ လှပသော ခန္ဓာကိုယ်အလှကို ထင်ရှားစေသည်။ လွန်ခဲ့သည့်ကာလတွင် ချီရှူချင်းသည် ချန်ဖေး၏ ခြံဝန်းအတွင်း၌သာ နေထိုင်ခဲ့ပြီး သူမသည် ချန်ဖေးအပေါ် အလွန်အလိုက်အထိုက် ဆက်ဆံကာ မေ့မြောသွားခြင်းကိုလည်း မကြောက်တော့ပေ။
သူတို့နှစ်ဦးသည် အိပ်ရာထက်၌ အကြိမ်ကြိမ် တိုက်ခိုက်ပြီး သူမသည် ရှုံးနိမ့်ခြင်းကို ကြုံတွေ့ခဲ့ရသော်လည်း ဘယ်သောအခါမျှ နောက်မဆုတ်ခဲ့ပေ။ ယနေ့တွင်လည်း ထုံးစံအတိုင်း မေ့မြောသွားခဲ့ပြီး လက်ရှိအချိန်ထိ အိပ်ပျော်နေဆဲဖြစ်သည်။
ရွှမ်ဟဲနန်းတော်ကိစ္စကြောင့် ချန်ရွှေကျွန်း၏ သြဇာအရှိန်အဝါမှာ ပြောင်းလဲသွားခဲ့သည်။ အထူးသဖြင့်
ယွမ်ချန်ဓားဂိုဏ်းအတွင်း၌ ချန်ဖေး၏ အဆင့်အတန်းမှာလည်း လုံးဝ ပြောင်းလဲသွားခဲ့ပြီး ဂိုဏ်းတစ်ခုလုံးကို အကာအကွယ်ပေးသည့် ဧရာမသစ်ပင်ကြီးတစ်ပင်ကဲ့သို့ ဖြစ်လာခဲ့သည်။
ချန်ဖေးသည် ယွမ်ချန်ဓားကျမ်းစာတစ်ခုလုံးကိုလည်း ဂိုဏ်းသို့ ပြန်လည်ပေးအပ်ခဲ့သည်။ အရည်အချင်း လုံလောက်သူများအနေဖြင့် ထိုကျင့်စဉ် ခုနစ်မျိုးလုံးကို စုပေါင်းလေ့ကျင့်ရန် ရွေးချယ်နိုင်သည်။
ချွီချင်းရှန်းက ဂိုဏ်းချုပ်နေရာကို ချန်ဖေးအား ပေးအပ်ရန် ကြိုးစားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ချန်ဖေးမှာ လက်ရှိတွင် ထိုသို့ တာဝန်ထမ်းဆောင်နိုင်သည့် စွမ်းအားနှင့် သြဇာအရှိန်အဝါ ရှိနေသောကြောင့် ဖြစ်သည်။
နောက်ဆုံးတွင် ချန်ဖေးက ချွီချင်းရှန်း၏ ကမ်းလှမ်းမှုကို ယဉ်ကျေးစွာ ငြင်းပယ်ခဲ့သည်။ ချန်ဖေးသည် ဂိုဏ်းကို စီမံခန့်ခွဲရန် စိတ်မဝင်စားဘဲ သူ၏ စွမ်းအားကို တိုးတက်စေရန်သာ အဓိကထားသည်။
ဂိုဏ်း၏ စွမ်းအား ဆက်လက်တိုးတက်နေသရွေ့ ယွမ်ချန်ဓားဂိုဏ်းသည် ပိုမိုကောင်းမွန်လာမည် ဖြစ်သည်။ ဂိုဏ်းအတွင်းရှိ စီမံခန့်ခွဲရေးကိစ္စများမှာမူ သူ၏စွမ်းအင်ကို ကုန်ခမ်းစေနိုင်သဖြင့် ချန်ဖေးက မပါဝင်လိုပေ။ သူသည် လက်ရှိအနေအထားကိုသာ ကျေနပ်နေသည်။
ချန်ဖေးသည် လက်ထဲရှိ ကျောက်စိမ်းစာလိပ်ကို သိမ်းဆည်းလိုက်ပြီး အိပ်ရာဘေးသို့ သွားလိုက်သည်။
"နိုးပြီလား" ဟု ချန်ဖေး မေးလိုက်သည်။
ချီရှူချင်း ဘာမှ ပြန်မပြောပေ။ ချန်ဖေးသည် ခပ်အုပ်အုပ် ရယ်မောလိုက်ပြီး စောင်ထဲသို့ လက်ကို ထိုးထည့်လိုက်သည်။
အချိန်များ ကုန်ဆုံးသွားရာ တစ်နှစ်နီးပါး ရှိသွားခဲ့ပြီဖြစ်သည်။ ဤတစ်နှစ်အတွင်း ချန်ရွှေကျွန်းတွင် ထူးခြားသော အဖြစ်အပျက်များ ထပ်မံမဖြစ်ပွားခဲ့ဘဲ ချွီချင်းရှန်း နှင့် အပေါင်းအပါများမှာလည်း ဒဏ်ရာများမှ လုံးဝ ပြန်လည်သက်သာလာခဲ့သည်။
ရွှမ်ဟဲန်းတော်မှ ရရှိလာသော အရင်းအမြစ်အချို့ကြောင့် ဂိုဏ်းနှစ်ခုလုံးမှ လူများ၏ ကျင့်ကြံမှုအဆင့်မှာ လျင်မြန်စွာ တိုးတက်လာသည်။ ထိုတစ်နှစ်အတွင်း ချန်ဖေးသည် အခြားနေရာသို့ မသွားဘဲ ဒွာရ (၁၀၈) ခုကို စုစည်းရန်သာ အာရုံစိုက်ခဲ့သည်။
'နဂါးဆင်နှိမ်နင်းခြင်း' ကျင့်စဉ် နှင့် 'ယွမ်ချန်ဓားကျမ်းစာ' တို့၏ စွမ်းအားကြောင့် သူ၏ ကိုယ်တွင်းဒွာရများ စုစည်းနှုန်းမှာ အခြားသော ဒွာရသန့်စင်ခြင်း အထွတ်အထိပ်အဆင့် ကျင့်ကြံသူများထက် များစွာ ပိုမိုမြန်ဆန်သည်။
ထို့အပြင် ဒွာရများ စုစည်းလာသည်နှင့်အမျှ ချန်ဖေးသည် သူ၏စွမ်းအား အမှန်တကယ်ပင် အနည်းငယ် တိုးတက်လာကြောင်း တွေ့ရှိခဲ့သည်။ သူသည် ဒွာရသန့်စင်ခြင်းနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိလျှင် စွမ်းအားများ ရပ်တန့်သွားမည်ဟု အမြဲတွေးထင်ထားခဲ့သည်။
သို့သော် ယခုအခါ ချီစွမ်းအင်အချက်အချာများကြား ကွာဟချက် လျော့နည်းလာသည်နှင့်အမျှ သူထုတ်လွှတ်နိုင်သော ယွမ်စွမ်းအား မှာလည်း တဖြည်းဖြည်း တိုးတက်လာသည်ကို တွေ့ရှိခဲ့သည်။
အနှစ်ချုပ်ရလျှင် ဤသည်မှာ ဒွာရသန့်စင်ခြင်းနယ်ပယ်မှ ဒွာရပေါင်းစည်းခြင်းနယ်ပယ် သို့ တဖြည်းဖြည်း နီးကပ်လာနေသည့် လက္ခဏာပင် ဖြစ်သည်။
"မင်း ဟိုင်ယွဲ့ဂူကို သွားမလို့လား"
ချွီချင်းရှန်းက အံ့အားသင့်စွာ မေးလိုက်သည်။
"ဟုတ်ကဲ့၊ ဟိုင်ယန်မြို့မှာတုန်းက လျှို့ဝှက်နဂါးနှင့် ဖီးနစ် အဆင့်စာရင်းမှာ ဝင်ပြိုင်ရင်း ဟိုင်ယွဲ့ တံဆိပ်ပြား ရထားတယ်။ အခု အဲဒီဂူက ပွင့်တော့မှာမို့ သွားရတော့မယ်"
ချန်ဖေးက ခေါင်းညိတ်၍ ဖြေလိုက်သည်။
"လျှို့ဝှက်နဂါးနှင့် ဖီးနစ်ငယ် စာရင်း!"
ချန်ဖေးက ဤအကြောင်းကို ပြောပြသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။ ချွီချင်းရှန်း သည် ထိုစာရင်းအကြောင်း ကောင်းစွာ သိသော်လည်း ချန်ဖေးကိုယ်တိုင် ပါဝင်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ မှတ်တမ်းများအရ လျှို့ဝှက်နဂါးနှင့် ဖီးနစ် အဆင့်စာရင်းတွင် ပါဝင်သူအများစုမှာ နောင်တွင် ဒွာရပေါင်းစည်းခြင်းအဆင့် ပညာရှင်များ ဖြစ်လာကြသူများဖြစ်သည်။
"အရာရာတိုင်းကို သတိထားပါ!"
ချွီချင်းရှန်းက မှာကြားလိုက်သည်။ ခန္ဓာကိုယ် သန့်စင်ခြင်းနယ်ပယ်မှ တပည့်များဖြစ်စေ၊ ဒွာရသန့်စင်ခြင်းနယ်ပယ်မှ အကြီးအကဲများဖြစ်စေ လူတိုင်းက ချန်ဖေးကို သူတို့၏ မျှော်လင့်ချက်အဖြစ် သတ်မှတ်ထားကြသည်။
"ဟုတ်ကဲ့”
ချန်ဖေးသည် အနည်းငယ် ပြုံးကာ ချွီချင်းရှန်း ကို လက်ယှက်၍ အရိုအသေပြုပြီးနောက် ပင်မခန်းမထဲမှ ပျောက်ကွယ်သွားခဲ့သည်။ ချွီချင်းရှန်း သည် ချန်ဖေး၏ ပျောက်ကွယ်သွားသည့် ပုံရိပ်ကို ကြည့်ရင်း မျက်လုံးများ အနည်းငယ် တုန်ခါသွားသည်။
ငွေပေး၍ ဂိုဏ်းသို့ ဝင်လာခဲ့ပြီး နောက်ခံဘာမျှမရှိသည့် သာမန်တပည့်တစ်ဦးက ဤသို့ဖြစ်လာလိမ့်မည်ဟု မည်သူက ထင်မှတ်ထားမည်နည်း။
ငွေပေးပါက အပြင်တပည့် ဖြစ်နိုင်သည်ဟူသော စည်းမျဉ်းကို ယွမ်ချန်ဓားဂိုဏ်းမှ အကြီးအကဲများစွာက ဝေဖန်ခဲ့ကြပြီး နတ်တိမ်မြို့ပတ်ဝန်းကျင်ရှိ ဂိုဏ်းများကပင် လျှို့ဝှက်စွာ လှောင်ပြောင်ခဲ့ကြသည်။
သူတို့သည် ယွမ်ချန်ဓားဂိုဏ်း၏ ဂုဏ်သိက္ခာကို လျော့ကျစေသည်ဟု ခံစားခဲ့ကြသည်။ သို့သော် ချွီချင်းရှန်း သည် နောက်ဆုံးတွင် ဤနည်းလမ်းကိုသာ ဆက်လက်လုပ်ဆောင်ခဲ့သည်မှာ မမြင်သာသော အရည်အချင်းရှိသူများကို ခေါ်ယူနိုင်ရန် ဖြစ်သည်။
ထို့ကြောင့် ယွမ်ချန်ဓားဂိုဏ်း တိုးတက်လာသော်လည်း ထူးချွန်ထက်မြက်သူများကိုမူ မဆွဲဆောင်နိုင်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သိုင်းပညာပါရမီမှာ ရှိလျှင်ရှိသည်၊ မရှိလျှင်မရှိသည့်အရာ ဖြစ်သောကြောင့် ဖြစ်သည်။ မည်သူကမှ ချန်ဖေးကဲ့သို့ ပါရမီရှင်တစ်ဦး ပေါ်ထွက်လာလိမ့်မည်ဟု မထင်မှတ်ခဲ့ကြပေ။
ချွီချင်းရှန်း သည် အကောင်းမြင်ဆုံးအခြေအနေတွင်ပင် ချန်ဖေးကဲ့သို့ တပည့်မျိုး ယွမ်ချန်ဓားဂိုဏ်းသို့ ရောက်လာပြီး ဂိုဏ်း၏ အဓိကတိုင်ပင်ခံ ဖြစ်လာလိမ့်မည်ဟု မည်သည့်အခါမျှ မတွေးခဲ့မိပေ။ ဘဝသည် မရေရာသော်လည်း အရာအားလုံးတွင် ကံကြမ္မာဟူ၍ ရှိပုံရသည်။
ချန်ဖေး၏ ပထမဆုံး ပစ်မှတ်မှာ နတ်တိမ်ဓားဂိုဏ်းဖြစ်သော်လည်း ဂိုဏ်းတံခါးကိုပင် မကျော်ဖြတ်နိုင်ခဲ့ဟု ကြားခဲ့သည်။ ဤအကြောင်းကို တွေးမိသောအခါ ချွီချင်းရှန်း သည် ခေါင်းခါ၍ ခပ်အုပ်အုပ် ရယ်မောလိုက်မိသည်။
ချန်ဖေး၏ ပုံရိပ်သည် မိုင်ပေါင်းများစွာ ရှည်လျားသော ချန်ရွှေကျွန်းကို ဖြတ်ကျော်၍ လျင်မြန်စွာ ရွေ့လျားသွားသည်။
ချန်ဖေးသည် ဟိုင်ယွဲ့ဂူ ပွင့်ရန် တစ်လခန့် လိုတော့သည့်အချိန်တွင် ခရီးစတင်ခဲ့သည်။ ချန်ဖေးသည် ဟိုင်ယွဲ့ဂူမှတစ်ဆင့် အဆင့်ကျော်လွန်နိုင်သည့် ဆေးလုံး သို့မဟုတ် ဝိညာဉ်ပစ္စည်းများကို ရရှိရန် မျှော်လင့်ချက် အားလုံးကို ပုံအပ်ထားသည်။
အကယ်၍ ချန်ဖေးသည် ဤဆေးဝါးကို အောင်မြင်စွာ ရရှိပါက ဒွာရပေါင်းစည်းခြင်းနယ်ပယ်သို့ အချိန်တိုအတွင်း တက်လှမ်းနိုင်လိမ့်မည်ဟု ယုံကြည်သည်။ မဟုတ်ပါက သူသည် စိတ်စွမ်းအားနှင့် ဒွာရများကို အချိန်ပေး၍သာ စိတ်ရှည်လက်ရှည် လေ့ကျင့်ရလိမ့်မည်။ အခြားနည်းလမ်းများဖြင့် ထိုဆေးဝါးမျိုး ရရှိရန်မှာ မဖြစ်နိုင်သကဲ့သို့ ဝိညာဉ်ကျောက်တုံးများလည်း မလုံလောက်ပေ။
ရွှမ်ဟဲနန်းတော်၏ စည်းစိမ်ဥစ္စာ အားလုံးကို အသုံးပြုလျှင်ပင် မလုံလောက်ချေ။
ထိုစဉ်က ကျိုးချန်ထိုက်သည် နောင်တွင် အဆင့်ကျော်လွန်နိုင်မည့် ဆေးလုံးများ ဝယ်ယူရန် အခွင့်အရေးရဖို့အတွက် နေရာအနှံ့ အရင်းအမြစ်များကို စုဆောင်းခဲ့သည်။
ကျိုးချန်ထိုက်ကိုယ်တိုင်ကပင် သူ အောင်မြင်လိမ့်မည်ဟု အပြည့်အဝ ယုံကြည်မှု မရှိခဲ့ပေ။
ချန်ဖေးသည် 'နဂါးဆင်နှိမ်နင်းခြင်း' နှင့် 'ယွမ်ချန်ဓားကျမ်းစာ' ကို ပိုင်ဆိုင်ထားသဖြင့် အောင်မြင်မှု အခွင့်အလမ်း များစွာ ပိုမိုမြင့်မားသော်လည်း ရွေးချယ်ခွင့် ရှိပါက ထိုဆေးလုံးကို ရရှိရန်သာ ပိုမိုနှစ်သက်ပေသည်။
ဒွာရပေါင်းစည်းခြင်းနယ်ပယ်သို့ တက်လှမ်းခြင်းမှာ ဒွာရသန့်စင်ခြင်းနယ်ပယ်အတွင်း အဆင့်အနည်းငယ် တက်လှမ်းခြင်းနှင့် မတူညီပေ။
ခရီးစဉ်၏ တစ်ဝက်တွင် ချန်ဖေးသည် မြေပုံဝယ်ယူရန်အတွက် ဟိုင်ယန်မြို့သို့ ခေတ္တဝင်ရောက်ခဲ့သည်။ 'ပင်လယ်နှင့် တောင် အမိန့်စာ' က ယေဘုယျလမ်းကြောင်းကို ပေးသော်လည်း တိကျသော တည်နေရာကိုမူ ချန်ဖေး မသေချာပေ။
ဟိုင်ယန်မြို့အတွင်း၌ ဟိုင်ယွဲ့ဂူမှာ ချင်းပင်းပင်လယ်တွင် ပေါ်ထွက်လာပြီး မိုင်ပေါင်းသောင်းချီ ဝေးကွာကြောင်း သတင်းအချက်အလက်ကို ရရှိခဲ့သည်။ ပွဲကြည့်ရန်သာ ရည်ရွယ်သူများစွာမှာလည်း ထိုပင်လယ်ပြင်ဆီသို့ ဦးတည်သွားနေကြသည်။
ဟိုင်ယွဲ့ဂူအတွင်းသို့ ဝင်ရောက်ရန် မဖြစ်နိုင်သော်လည်း ပျော်ပွဲဝင်ရန် မတားဆီးပေ။ ဟိုင်ယွဲ့ဂူ ပွင့်သည့်အချိန်သည် သိုင်းပညာရှင်များအတွက် ကြီးမားသော ပွဲတော်တစ်ခု ဖြစ်သည်။
ခရီးစဉ်အတွင်း ချန်ဖေးသည် မီရှန်းကို သွားရောက်တွေ့ဆုံရန် အထူးခရီးစဉ်တစ်ခု ပြုလုပ်ခဲ့သည်။ ထိုအချိန်က ကျင့်ကြံမှုမရှိသေးသော မီရှန်းမှာ ယခုအခါ အရေပြား သန့်စင်ခြင်းနယ်ပယ်သို့ ရောက်ရှိနေပြီး ကြွက်သား သန့်စင်ခြင်းနယ်ပယ်သို့ အလွန်နီးကပ်နေပြီဖြစ်သည်။
မီရှန်းမှာ တစ်နှစ်တာအတွင်း အလွန်ကြိုးစား လေ့ကျင့်ခဲ့ကြောင်း ထင်ရှားသည်။ သို့သော် သဘာဝပါရမီအရ မီရှန်းမှာ အလွန်သာမန်ဖြစ်သည်။ ချန်ဖေးသည် သူကိုယ်တိုင် မပြသခဲ့ဘဲ ဟိုင်ယန်မြို့မှ ထွက်ခွာ၍ ချင်းပင်းပင်လယ်ဆီသို့ တိုက်ရိုက် ဦးတည်သွားခဲ့သည်။
နာရီအနည်းငယ်အကြာတွင် ချန်ဖေးသည် ယန်ယုမြို့ အပြင်ဘက်သို့ ရောက်ရှိလာပြီး အဝေးမှ ရေမြူခိုးများကို ငေးကြည့်နေသည်။ ပင်လယ်ပြင်တွင် ရေမြူခိုးများမှာ ထူးဆန်းသည်မဟုတ်သော်လည်း ဤရေမြူခိုးများမှာ နှစ်စဉ် လအနည်းငယ်ကြာအောင် ပေါ်လာတတ်ပြီး ကြာရှည်စွာ တည်ရှိနေတတ်သည်။ ဤမြူခိုးများကို ဖြတ်သန်းရန် အလုံခြုံဆုံးနည်းလမ်းမှာ လှေဖြင့် သွားခြင်းဖြစ်သည်။
ယန်ယုမြို့တွင် မြူခိုးကို ဖြတ်သန်းသွားနိုင်သော အထူးလှေများ ရှိပြီး အကယ်၍ တစ်ဦးတည်း ဝင်ရောက်ပါက လမ်းပျောက်ရန် လွန်စွာ လွယ်ကူသည်။ မြူခိုးများ ပေါ်လာတိုင်း ရှားပါးသော ဝိညာဉ်ပစ္စည်းများ ထွက်ပေါ်လာတတ်သည်။
အတိတ်က ဒွာရသန့်စင်ခြင်း အထွတ်အထိပ်အဆင့်များကို နောက်တစ်ဆင့်သို့ တက်လှမ်းစေနိုင်သည့် ဝိညာဉ်ပစ္စည်းများပင် ပေါ်ထွက်ခဲ့ဖူးသည်။ ထို့ကြောင့် ယန်ယုမြို့သည် လျင်မြန်စွာ တိုးတက်လာပြီး မြူခိုးများ ပေါ်လာချိန်သည် ယန်ယုမြို့၏ အစည်ကားဆုံးအချိန် ဖြစ်သည်။
ချန်ဖေးသည် ချင်းပင်းပင်လယ်သို့ ရောက်ရှိရန် ဤနေရာကို ဖြတ်သန်းရန် လိုအပ်သည်။ သို့သော် ချန်ဖေးသည် ဤမြူခိုးများအတွင်းသို့ ဝင်ရောက်ရန် ရည်ရွယ်ချက် မရှိပေ။ ဤမြူခိုးများမှာ စိတ်ကို တွေဝေစေသည့် ဂုဏ်သတ္တိရှိပြီး အတွင်းသို့ ရောက်ရှိပါက အလွန်မလှုပ်ရှားနိုင်ဘဲ ဖြစ်သွားတတ်သည်။
လှေဖြင့်သွားပါက ကံကောင်းလျှင် တစ်ရက်နှင့် ဖြတ်ကျော်နိုင်သော်လည်း အဆင်မပြေပါက မည်မျှကြာမည်ကို မသိနိုင်ပေ။ မြူခိုးများ ဖုံးလွှမ်းထားသော ဧရိယာမှာ အလွန်ကျယ်ဝန်းသော်လည်း ချန်ဖေးသည် နောက်ထပ် ရက်အနည်းငယ် ပိုကြာမည်ဆိုလျှင်ပင် မြူခိုးများကို ရှောင်ကွင်း၍ သွားရန်သာ ပိုနှစ်သက်သည်။
ချန်ဖေးသည် ယန်ယုမြို့တွင် ခဏတာ နေထိုင်ပြီးနောက် မြူခိုးအလွှာကို ပတ်၍ ပြေးလွှားသွားခဲ့သည်။ တစ်ရက်အကြာတွင် ချန်ဖေးသည် ပင်လယ်ပြင်၌ ရုတ်တရက် ရပ်တန့်သွားပြီး ရေမြူခိုးများရှိရာသို့ ထူးဆန်းစွာ ကြည့်လိုက်သည်။
ချန်ဖေး၏ ကိုယ်တွင်းရှိ ဒွာရများမှာ အနည်းငယ် တုန်ခါနေသည်။ အထူးသဖြင့် နဂါးနှင့်ဆင်တို့ ပေါင်းစပ်ထားသော နေရာတွင် တစ်စုံတစ်ခုက သူ့ကို ဆွဲဆောင်နေသည်။