အခန်း ၁၁၃
Vol. 12 Ch. 113
အခန်း ၁၁၃ - ဝေ့ကျွင်းချန် နိုးလာခြင်း။
ဝေ့ဝူသည် အခြားပြဿနာတစ်ခုဖြစ်သည့် ကုန်ကျစရိတ်ကို တွေးမိသွားသည်။
"ကုန်ကျစရိတ်က အရမ်းနည်းပါတယ်။ အခြေခံအားဖြင့် အဆင့် ၁ ဝိညာဉ်ဆေးဖက်ဝင်အပင်တွေချည်းပဲ၊ အဆင့် ၂ ဝိညာဉ်ဆေးဖက်ဝင်အပင်ဆိုလို့ ကန်ကုသစ်ပင်ကိုင်းတစ်မျိုးပဲပါတယ်။ ဒါက အထဲမှာ အရေးအကြီးဆုံး ပါဝင်ပစ္စည်းပဲ ဒါပေမဲ့ ကံကောင်းတာက လိုအပ်တဲ့ပမာဏက မများဘူး။ ဆေးလုံးတစ်လုံးစီအတွက် နည်းနည်းစီပဲ ထည့်ဖို့လိုတာ။"
ဝေ့ဝူစိတ်ထဲတွင် ကန်ကုသစ်ပင်ကိုင်းဆိုသည်မှာ ကမ္ဘာမြေပေါ်က ကယ်လ်စီယမ်ဆေးပြားထဲတွင်ပါသည့် ကယ်လ်စီယမ်ဓာတ်နှင့် တူညီပေလိမ့်မည်ဟု တွေးလိုက်မိသည်။
"ဝေ့ဝူ..."
လျူရှုယွီက ကျောက်စိမ်းပေလွှာတစ်ခုကို ကမ်းပေးရင်းဆိုသည်။
"ဒါက ဆေးညွှန်း ဆိုလိုတာက ဖော်စပ်နည်းပေါ့။ ဒီဆေးက ဆေးလုံး မဟုတ်လို့ အထူးတလည် ဆေးဖော်စပ်သူမဟုတ်တဲ့ သာမန်ကျင့်ကြံသူတစ်ယောက်တောင် အထက်က လုပ်ငန်းစဉ်အတိုင်း လိုက်လုပ်ရင် ဖော်စပ်နိုင်တယ်။"
ဝေ့ဝူသည် ကျောက်စိမ်းပေလွှာကို လှမ်းယူလိုက်သည်။
"ပြီးတော့..."
လျူရှုယွီက ဆက်ပြောသည်။
"ဒီကိစ္စက အရေးကြီးမှန်း ငါသိပါတယ်။ စိတ်ချပါဟငါ ဒါကို တခြားဘယ်သူ့ကိုမှ မပြောထားဘူး။ လျူမိသားစုတစ်ခုလုံးမှာ ငါတစ်ယောက်တည်းပဲ ဖော်စပ်နည်းကို သိတာ။"
"ငါလည်း တခြားလူတွေကို သိပ်စိတ်မချတာ အမှန်ပဲ။ ဒါက မင်းရဲ့ မူပိုင်ခွင့်လို့ပဲ သတ်မှတ်လို့ရပါတယ်။ မင်းဘာသာမင်းပဲ ဖော်စပ်ပါ၊း ဒါပေမဲ့ လူအများကြီးကိုတော့ မပေးပါနဲ့ဦး။"
"ဒီရက်ပိုင်းအတွင်း ငါ့အဖေနဲ့ မေအာတို့ သောက်ဖို့အတွက်ပဲ ငါအချို့ ဖော်စပ်ထားရမယ်။"
ကျူးမေနှင့် ကျူးမိသားစုနှင့် ပတ်သက်၍မူ...
ယခုရက်ပိုင်းအတွင်း ကျူးမိသားစုသည် ကူယွန်းတောင်တန်းတွင် အခြေခံအားဖြင့် ပျောက်ကွယ်လုနီးပါး ဖြစ်နေခဲ့သည်။
မန်ရှင်းအဆင့်ကျင့်ကြံသူတစ်ယောက် မဆိုထားနှင့်ချီသန့်စင်ခြင်း အဆင့် ၉ ရှိသူပင် မရှိတော့သဖြင့် သူတို့အနေဖြင့် အောက်ကျို့ပြီးသာ နေထိုင်ကြရသည်။
အမှန်တကယ်တော့ လက်ရှိအခြေအနေအရ ကျူးမိသားစုသည် လျူမိသားစုအပေါ် မှီခိုနေရသည့် အခြေအနေသို့ ရောက်ရှိသွားခဲ့ပြီဖြစ်ပြီး သူတို့၏ လုပ်ငန်းအမြောက်အမြားကိုလည်း လျူမိသားစုကသာ စီမံခန့်ခွဲပေးနေရသည်။
ကယ်လ်စီယမ်ဆေးပြားအကြောင်း လမ်းညွှန်ချက်များ ပြီးဆုံးသွားပြီးနောက် လျူရှုယွီသည် ကန်စွန်းဥ အကြောင်းကို ထပ်မံပြောကြားခဲ့ပြီး အောင်မြင်စွာ သုတေသနပြုနိုင်ခဲ့သည့် မျိုးပွားနိုင်စွမ်း အကြောင်းကို ပြောပြခဲ့သည်။
ဝေ့ဝူအလွန်ဝမ်းသာသွားသည်။ လောလောဆယ်တွင် ကန်စွန်းဥများကို ရောင်းချရန် အစီအစဉ်မရှိသော်လည်း နောင်တွင် ကန်စွန်းဥများကို အသုံးပြု၍ ဝိညာဉ်ကျောက်တုံးများနှင့် လဲလှယ်ရန် သို့မဟုတ် ကန်စွန်းဥဖြင့် တိုက်ရိုက် ကုန်သွယ်မှုပြုလုပ်ရန် လိုအပ်လာနိုင်ပေသည်။
အဆုံး၌မူ လိုအပ်သမျှအရာအားလုံးကို ကမ္ဘာမြေပေါ်မှ ယူဆောင်လာနိုင်မည် မဟုတ်ချေ။
ပြီးတော့ ဝိညာဉ်ကျောက်တုံးများကို အမြန်ဆုံးရရှိနိုင်မည့် နည်းလမ်းမှာ အခြားသောအင်အားစုများကို လုယက်တိုက်ခိုက်ခြင်းမှလွဲ၍ အာလူးချိုပင် ဖြစ်သည်။
ကန်စွန်းဥမျိုးပွားနိုင်စွမ်း ရှိလာပြီဖြစ်ရာ သူသည် ကန်စွန်းဥစိုက်ပျိုးသည့်အလုပ်ကို မိသားစုဝင်များထံသို့ပါ လွှဲအပ်နိုင်တော့မည် ဖြစ်သည်။
သူသည်ကန်စွန်းဥများ မျိုးတုံးမသွားစေရန်အတွက် သဘာဝအတိုင်း စစ်မှန်သောကန်စွန်းဥအချို့ကို မိမိလက်ထဲတွင် အမြဲတမ်း သိမ်းဆည်းထားရန် စီမံကိန်းတစ်ခုကို စဉ်းစားလိုက်သည်။
"ဒီနည်းလမ်းကို သုံးဖို့ဆိုရင် ရေခဲဓာတ်မန္တန်တွေကို ကျင့်ကြံထားဖို့ လိုအပ်တယ်။ ငါ မင်းကို သရုပ်ပြမယ်။"
လျူရှုယွီသည် ကျောက်စိမ်းပုလင်းတစ်ခုကို ထုတ်ယူလိုက်ပြီး ဆိုသည်။
သူသည် ကျောက်စိမ်းပုလင်းကိုဖွင့်ကာ ဆေးရည်အချို့ကို လောင်းချ၍ လေထဲသို့ ဖြန်းလိုက်ပြီးနောက် လင်းဝေ ရေခဲပွင့်ကျင့်စဉ်ကို ထုတ်ဖော်လိုက်ရာ... တစ်ခဏအတွင်းမှာပင် ထိုဆေးရည်များသည် သေးငယ်လှသော ရေခဲပွင့်ပေါင်း ထောင်သောင်းချီအဖြစ် ခဲသွားခဲ့သည်။
ထို့နောက် လျူရှုယွီသည် ဝိညာဉ်စွမ်းအား ဖြင့် ၎င်းတို့ကို တွန်းပို့လိုက်ရာ ရေခဲပွင့်များသည် ဝိညာဉ်သစ်သီး အချို့ဆီသို့ ပစ်ခတ်သွားခဲ့ကြသည်။
"ကြည့်လိုက်... ဒီဝိညာဉ်သစ်သီးတွေက ကန်စွန်းဥတွေလိုပဲ။ ရေခဲပွင့်တွေ အထဲကို ဝင်သွားပြီးတဲ့နောက် အရည်ပျော်ပြီး အာနိသင်ပြသွားတယ် ဒါက မျိုးပွားနိုင်စွမ်းအကျိုးသက်ရောက်မှုကို ရစေတာပဲ။"
ဝေ့ဝူခေါင်းညိတ်လိုက်သည်။ ဤသည်က ကျင့်ကြံခြင်းလောက၏ ထိရောက်သော ဆေးဝါးထိုးနှံမှုစနစ် တစ်မျိုးပင် ဖြစ်သည်။
သူသည် ကန်စွန်းဥမျိုးပွားနိုင်စွမ်းကို မှတ်တမ်းတင်ထားသည့် ကျောက်စိမ်းပေလွှာကို ယူလိုက်သည်။
မျိုးပွားနိုင်စွမ်း နည်းအပြင် လျူရှုယွီသည် ကန်စွန်းဥဆေးရည်ကို ဆေးလုံးပုံစံအဖြစ်ပါ ပြောင်းလဲဖော်စပ်ထားခဲ့သေးသည်။
ဤအချက်က ဝေ့ဝူကို အံ့အားသင့်သွားစေခဲ့သည်။
ယခင်က လျူရှုယွီ၏ ကန်စွန်းဥဆေးရည်မှာ သုံးလသာ သိုလှောင်ထားနိုင်ခဲ့သည်။ ယခုမူ ရေရှည်သိုလှောင်ထားနိုင်ရုံသာမက ဆေးလုံးပုံစံအဖြစ်ပါ ပြောင်းလဲသွားပြီဖြစ်ရာ အလွန်ပင် အံ့ဩစရာကောင်းလှသည်ဟုဝေ့ဝူ အော်ဟစ်ချီးမွမ်းမိသည်။
"ဒါက ချူယွမ်ဆေးလုံးမဟုတ်ဘူးလား။"
သို့သော်ကန်စွန်းဥဆေးလုံးကို ဖော်စပ်ရန်အတွက် အထူးနည်းလမ်းအချို့ လိုအပ်ပြီး ဝေ့မိသားစုတွင် ထိုကဲ့သို့သော ပါရမီရှင်မျိုး မရှိသေးချေ။
ဝေ့ဝူသည် နောင်တွင် လူအနည်းငယ်ကို စေလွှတ်၍ လျူရှုယွီထံ၌ ဝိညာဉ်ဆေးဝါးများနှင့်ပတ်သက်သော အသိပညာများကို သင်ယူစေရန် ဆုံးဖြတ်လိုက်သည်။
"ဟူး..."
အရာအားလုံးကို ရှင်းပြပြီးနောက် လျူရှုယွီသည် သက်ပြင်းအရှည်ကြီးတစ်ချက် ချလိုက်သည်။
"ဒီကာလအတွင်းမှာ ငါ တော်တော်လေး ပင်ပန်းသွားတာ။ ဒါပေမဲ့ ဒီအရာတွေကို သုတေသနပြုရတာက ငါ့ကို တစ်ခါမှမကြုံဖူးတဲ့ ပျော်ရွှင်မှုကို ပေးတယ်။ အကြောင်းကတော့ ပါဝင်ပတ်သက်နေတဲ့အရာ အားလုံးနီးပါးက အသိပညာအသစ်တွေ ဖြစ်နေလို့ပဲ။ ဒီကာလအတွင်းမှာ ငါ့ရဲ့ ဝိညာဉ်ဆေးဝါးသုတေသနက အဆင့်အသစ်တစ်ခုကို ရောက်သွားသလို ခံစားရတယ်။"
"မင်း သဘောကျတယ်ဆိုရင် အနာဂတ်မှာ ဒီလိုအလုပ်တွေ အများကြီး ရှိလာဦးမှာပါ။"
၎င်းနောက် သူသည် လျူမိသားစုမှ ထွက်ခွာခဲ့သည်။
စိတ်ပိုင်းဆိုင်ရာကုဆေးဝါးများ၏ အသုံးဝင်ပုံကို သိရှိသွားပြီးနောက် ဝေ့ဝူ အရင်ဆုံးလုပ်ရမည့်အလုပ်မှာ သဘာဝကျကျပင် ဝေ့ကျွင်းချန်ကို ကုသရန် ဖြစ်သည်။
"Cerebroprotein Hydrolysate ဆေးရည် လိုဘီလင်း ထိုးဆေးနဲ့ စီတီကိုလင်း ဆေးတောင့်တွေအားလုံးက စိတ်အာရုံခံစားမှုကို ပြုပြင်ပေးနိုင်တယ်။ ဦးလေးကျွင်းချန်ကို ကယ်တင်နိုင်မယ့်ဆေး တစ်မျိုးမျိုးတော့ ပါမှာပဲ။ ဘာပဲဖြစ်ဖြစ် ရှုယွီက စမ်းသပ်ပြီးသားပဲမို့ သောက်လိုက်လို့ ဘာမှဖြစ်လာမှာ မဟုတ်ဘူး။"
သူသည် အရင်ဆုံး ဝေ့ကျင်းပေါ်နှင့် ဘိုးဘေး ဝေ့ချွမ်ဟဲတို့ကို အကြောင်းကြားလိုက်သည်။ ဝေ့ကျင်းပေါ်မှာ ကိစ္စအဝဝကို ကိုင်တွယ်နေရဆဲဖြစ်သဖြင့် ဘိုးဘေး ဝေ့ချွမ်ဟဲတစ်ယောက်တည်းသာ သူနှင့်အတူ ဟွမ်ရန်တောင်သို့ လိုက်ပါလာခဲ့သည်။
ဝေ့ကျွင်းချန်သည် ပုံမှန်အားဖြင့် ဟွမ်ရန်တောင်တွင် နေထိုင်သည်။ ယခုအချိန်တွင် သူသည် ကျောက်ဂူတစ်ခုအတွင်းရှိ ဝမ်ယန်ကျောက်စိမ်းဖြင့် ပြုလုပ်ထားသော ကုတင်ပေါ်တွင် လဲလျောင်းနေရသည်။
သူတို့နှစ်ဦး ဂူအတွင်းသို့ ဝင်သွားသည့်အခါ ဝေ့ကျွင်းချန်၏ ဇနီးဖြစ်သူမှာ ကုတင်ဘေးတွင် ထိုင်ကာ ဝေ့ကျွင်းချန်၏ မျက်နှာကို တဘက်ဖြင့် သုတ်ပေးနေသည်။
ဝေ့ယွမ်ကမူ အပြင်တွင် ကိစ္စရပ်များကို သွားရောက်ကိုင်တွယ်နေသည်။
ဝေ့ကျွင်းချန်၏ ဇနီးသည်မှာ ရှုယွင်ရုံနှင့်မတူဘဲ ချီသန့်စင်ခြင်း အဆင့် ၅ ရှိသော ကျင့်ကြံသူတစ်ဦး ဖြစ်သည်။
ဝေ့ကျွင်းချန်၏ ဇနီးအတွက်မူ သူမသည် ဝေ့ယွမ်ကို ကြားခံအဖြစ် အသုံးပြု၍သာ ဆက်စပ်မှုကို မနည်းတည်ဆောက်ရခြင်းဖြစ်ပြီး အမှန်တကယ်တွင် သွေးသားတော်စပ်မှု လုံးဝမရှိချေ။
ဝေ့ဝူနှင့် ဘိုးဘေး ဝေ့ချွမ်ဟဲတို့ အတွင်းသို့ ဝင်ရောက်လာပြီး ဝေ့ကျွင်းချန်၏ ဒဏ်ရာများကို ကုသပေးချင်ကြောင်း ပြောကြားပြီးနောက် ထိုအမျိုးသမီးသည် အရင်ဆုံး ဦးညွှတ်ဂါရဝပြုပြီး ဘေးမှနေ၍ စိုးရိမ်တကြီးဖြင့် စောင့်ကြည့်နေခဲ့သည်။
ဆေးသုံးမျိုးအနက် Cerebroprotein Hydrolysate ဆေးရည်သည် အာနိသင်အကောင်းဆုံးဖြစ်ပြီး စိတ်အာရုံခံစားမှုကိုလည်း သန်မာစေနိုင်သဖြင့် ဝေ့ဝူသည် ဤဆေးကို အရင်ဆုံးအသုံးပြုရန် ဆုံးဖြတ်လိုက်သည်။
ဤဆေးမှာ ဆေးပြားပုံစံ ဖြစ်သည်။ သူသည် တစ်ပြားထုတ်ယူကာ ဝေ့ကျွင်းချန်အား တိုက်ကျွေးလိုက်သည်။ ထို့နောက် သူတို့ စောင့်ဆိုင်းနေခဲ့ကြသည်။
နာရီဝက်ခန့် ကြာသွားသော်လည်း မည်သည့်လှုပ်ရှားမှုမျှ မရှိချေ။
"ငါ အရင်ဆုံး ဝူအာနဲ့အတူ ပြန်နှင့်မယ်။ ကျွင်းချန်ကို မင်းပဲ ကြည့်ထားလိုက်ပါ။ သူ နိုးလာရင် ငါတို့ကို ချက်ချင်း အကြောင်းကြားလိုက်ပါ။"
ဝေ့ကျွင်းချန်၏ ဇနီးက ခေါင်းညိတ်လိုက်သည်။
ဟွမ်ရန်တောင်မှ ထွက်ခွာလာပြီး ချန်ချွမ်တောင်သို့ ရောက်ရှိခါစတွင်ပင် အသံလှိုင်းပေးပို့သည့် ကျောက်တုံးမှတစ်ဆင့် သတင်းတစ်ခု ရောက်ရှိလာခဲ့သည်။
"ကျွင်းချန် နိုးလာပြီ ကျွင်းချန် နိုးလာပြီ။"
သူတို့နှစ်ဦး အတိုင်းထက်အလွန် ဝမ်းသာသွားကြပြီး ဝေ့ကျင်းပေါ်ကိုပါ လှမ်းခေါ်ကာ ဟွမ်ရန်တောင်သို့ အတူတူ ပြန်လည်ပြေးလွှားသွားခဲ့ကြရင်း လမ်းတွင် အခြားသူများကိုပါ အကြောင်းကြားခဲ့ကြသည်။
သူတို့သည် ကျောက်ဂူအတွင်းသို့ အပြေးအလွှား ဝင်ရောက်သွားကြရာ ဝေ့ကျွင်းချန်သည် ကုတင်ပေါ်တွင် ရှိနေဆဲဖြစ်ပြီး သူ၏ ခန္ဓာကိုယ်အထက်ပိုင်းကို ဇနီးဖြစ်သူ၏ ရင်ခွင်ထဲတွင် မှီထားသည်ကို တွေ့လိုက်ရသည်။
သူတို့ သုံးယောက်ကို မြင်သည့်အခါ သူက အားနည်းသော အသံဖြင့်ခေါ်လိုက်သည်။
"ဘိုးဘေးကြီး... ကျင်းပေါ်... ဝေ့ဝူ..."
ဘိုးဘေး ဝေ့ချွမ်ဟဲသည် ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လှမ်းသွားကာ များစွာစိတ်သက်သာရာရလျက်ဆိုလိုက်သည်။
"မင်း သက်သာသွားတာ ကောင်းတာပေါ့... အဆင်ပြေသွားတာ တကယ်ကောင်းတယ်။"
ဝေ့ဝူနှင့် ဝေ့ကျင်းပေါ်တို့ နှစ်ဦးစလုံးလည်း ပြုံးလိုက်ကြတော့သည်။