ခြောက်ထပ်မြောက်
Vol. 023 Ch. 1102
လေဟာနယ်ရတနာများသည် ရှားပါးလှသော်လည်း အချို့အဝက် ရှိနေဆဲ ဖြစ်သည်။ နိဗ္ဗာနဖြိုခွဲခြင်းအဆင့် မွန်းစတားအိုတိုင်းအတွင် လေဟာနယ်ရတနာသည် ကြီးကျယ်လှသော ရတနာတစ်ခု ဖြစ်ပေလိမ့်မည်။ တကယ်တော့ ၎င်းလေဟာနယ်လက်နက် ရတနာများကို ထုတ်လုပ်သည့် နည်းလမ်းများမှာ ကွယ်ပျောက်ခဲ့ပြီ ဖြစ်ရာ ၎င်းတို့ကို ပြန်လည် ပြုပြင်မှုလည်း မလုပ်နိုင်ကြတော့ပေ။ ထို့ကြောင့် ၎င်းရတနာများ ပျက်စီးသွားသည်နှင့် ၎င်းတို့၏စွမ်းအားအတော်များများမှာ ဆုံးရှုံး ရပေမည်။
အမှန်တော့ အချို့အတုအပနိဗ္ဗာနလေဟာနယ် ရတနာများမှာ အစစ်အမှန် နိဗ္ဗာနလေဟာနယ် ရတနာများ မဟုတ်ဘဲ လေဟာနယ် ရတနာ မည်ကာမတ္တမျှသာ ဖြစ်လေ၏။
သာမန်နိဗ္ဗာနဖြိုခွဲခြင်းအဆင့် ကျင့်ကြံသူများအဖို့ လေဟာနယ် ရတနာများသည် အထွတ်အထိပ် ဖြစ်ကာ ထိုသူတို့သည် ၎င်းရတနာတို့အတွက် ဘာမဆိုလုပ်ပေလိမ့်မည်။ သို့ရာတွင် ထိပ်ဆုံး၌ ရပ်နေသူများအဖို့ကတော့ လေဟာနယ် ရတနာများသည် တန်ဖိုးကြီးလှဆဲ ဖြစ်သော်လည်း ထိုကဲ့သို့သော ရတနာမျိုးများမှာ သူတို့အတွက် ကင်းမဲ့နေခြင်း မရှိပေ။
အမှန်တော့ ထိပ်ဆုံး၌ရပ်နေသည့်သူများ၏ စိတ်အာရုံကို စွဲဆောင်နိုင်သည့် ရတနာများသည် ဤလောကတွင် ရှိမနေပေ။ သူတို့က ဒုတိယအဆင့်ကျင့်ကြံခြင်းကနေ ကျော်ဖြတ်၍ ဒဏ္ဌာရီလာ တတိယအဆင့်ကျင့်ကြံခြင်းကို ရောက်ရှိရန် အိပ်မက်နောက်သို့သာ လိုက်လံရှာဖွေတတ်ကြသည်။
သို့သော် တတိယအဆင့်ကျင့်ကြံခြင်းမှာ အလွန် ထည်ဝါလေးနက် သိမ့်မွေ့၏။ ထိုလမ်းကြောင်းမှာလည်း ခပ်ဝါးဝါးပင်။ သက်တမ်းရှည်ကြာလွန်းစွာ နေထိုင်ခဲ့သည့် နိဗ္ဗာနဖြိုခွဲခြင်းအဆင့် ကျင့်ကြံသူများသည် တနေ့၌ ကောင်းကင်ဘုံဒုက္ခ ငါးခု တစ်ခုပြီးတစ်ခု ကျရောက်လာသည်ကို စောင့်ဆိုင်းရ၏။ သူတို့က ထိုကောင်းကင်ဘုံဒုက္ခငါးခုကို တောင့်ခံနိုင်ဖို့က တတိယအဆင့်ကျင့်ကြံခြင်း၏ စွမ်းအား ရှိမှသာ ဖြစ်ပေမည်။ မဟုတ်ပါက စောင့်ဆိုင်းရင်း သေဆုံးသွားရပေမည်။ ထို့အတွက်ကြောင့်လည်း ဒုတိယအဆင့်ကျင့်ကြံခြင်း၏ အမြင့်ဆုံးသော နိဗ္ဗာနဖြိုခွဲခြင်းအဆင့် မွန်းစတားအိုကြီးများသည် တတိယအဆင့်သို့ ရောက်ဖို့ မျှော်လင့်ချက်၊အိပ်မက်နောက်သို့ လိုက်လံကြခြင်းပင်။
အခုချိန်၌ လေကောင်းကင်ဘုံနယ်မြေ အောက်ရှိ ကြယ်အဖွဲ့အစည်းတစ်ခုမှ ကျင့်ကြံသူတစ်ယောက်သည် မဟာမိတ်ကြယ်အဖွဲ့အစည်းထံသို့ ရောက်လာခဲ့ပြီ ဖြစ်သည်။ ထိုသူသည် တတိယအဆင့်သို့ ရောက်ရှိခြင်း မရှိသေးသော်လည်း လေးခုမြောက် ကောင်းကင်ဘုံဒုက္ခကို ဖြတ်ကျော်ပြီးခဲ့ပေပြီ။
ကောင်းကင်ဘုံဒုက္ခငါးခုသည် နိဗ္ဗာနဖြိုခွဲခြင်းအဆင့် ကျင့်ကြံသူအားလုံး ရင်ဆိုင်ရမည့် အရာများ ဖြစ်ကြသည်။ သူတို့ ကောင်းကင်ဘုံဒုက္ခတစ်ခုကို ဖြတ်ကျော်ပြီးတိုင်း သူတို့၏ခွန်အားသည် ကြီးစွာ တိုးတက်လာပေမည်။ သို့ရာတွင် ထိုသို့ ကောင်းကင်ဘုံဒုက္ခကို ကျော်ဖြတ်နိုင်ဖို့က အတော်လေး ခက်ခဲလွန်း၏။ ကျဆုံးသည်နှင့် သေဆုံးရပေမည်။
လေကောင်းကင်ဘုံအောက်ရှိ ကြယ်အဖွဲ့အစည်းမှ ထိုသူ လေးခုမြောက် ကောင်းကင်ဘုံဒုက္ခကို ဖြတ်ကျော်နိုင်ခဲ့ခြင်းမှာ သူ့ထံ၌ အံ့ဖွယ်ရတနာတစ်ခု ရှိသောကြောင့် ဖြစ်၏။ထိုရတနာမှာ နိဗ္ဗာနရတနာ ဖြစ်သည်။ လေ့လာတွေ့ရှိချက်များအရ နိဗ္ဗာနရတနာများသည် ရှေးဦးအချိန်များက ထွက်ပေါ်ခဲ့ဟန် တူ၏။ သို့သော် ၎င်းရတနာများသည် ခုချိန်၌ အလွန်နည်းပါးစွာသာ ကျန်ရှိတော့သည်။
နိဗ္ဗာနဖြိုခွဲခြင်းအဆင့် မွန်းစတားအိုကြီးများက လေဟာနယ်ရတနာများထက် အဆင့်မြင့်သည့် ရတနာများကို မှတ်တမ်းများထဲ၌ ရှာတွေ့ခဲ့သည့်အပြင် နိဗ္ဗာနရတနာများထက် တဆင့်နိမ့်သော ရတနာများကိုလည်း တွေ့ရှိ၊သိရှိခဲ့ကြ၏။ယင်းရတနာများကတော့ အတုအပနိဗ္ဗာနလေဟာနယ် ရတနာများ ဖြစ်သည်။
အတုအပနိဗ္ဗာနလေဟာနယ် ရတနာများသည် နိဗ္ဗာနရတနာများလောက် မရှားပါးလှသော်လည်း အကန့်အသတ်ဖြင့်သာ တည်ရှိကြ၏။ အတုအပနိဗ္ဗာနလေဟာနယ်ရတနာ အများစုမှာ အထွတ်အထိပ်ရှိ နိဗ္ဗာနဖြိုခွဲခြင်းအဆင့် ကျင့်ကြံသူများ၏ လက်ထဲ၌သာ ရှိကြသည်။
မဟာမိတ်အကြီးအကဲအုပ်စုသို့ ပူးပေါင်းဝင်ရောက်ဖို့အတွက် လိုအပ်ချက်တစ်ခုမှာ အတုအပနိဗ္ဗာနလေဟာနယ် လက်နက်တစ်ခု ပိုင်ဆိုင်ထားရပေမည်။
သည်ရတနာများက အလွန်အစွမ်းထက်လှသည့်အပြင် ၎င်းတို့က ကျင့်ကြံသူတစ်ယောက်ကို ကောင်းကင်ဘုံဒုက္ခငါးခုကို ခုခံရာ၌လည်း အစိတ်အပိုင်းတစ်ခုအနေဖြင့် အကူအညီပေးနိုင်ပေ၏။
အတုအပနိဗ္ဗာနလေဟာနယ် ရတနာများကိုလည်း မတူညီသောအဆင့်များ ခွဲထား၏။ ၎င်းတို့ကို အဆင့်နိမ့်၊အလယ်အဆင့်၊အဆင့်မြင့်နှင့် ထိပ်တန်းဟူ၍ ခွဲခြားထားပေသည်။ တကယ်တော့ ထိုရတနာများသည် ဘိုးဘေးကျင့်ကြံသူများ ချန်ထားခဲ့ကြခြင်း ဖြစ်၏။ နောက်မျိုးဆက်များသည် ၎င်းရတနာများကို မည်သို့ပြုလုပ်ရမှန်း မသိကြတော့သည့်အတွက် အများစုကို အမျိုးအစားလည်း မခွဲခြားနိုင်ကြတော့ပေ။
“ဝမ်လင်းလက်ထဲမှာ ရှိတဲ့ ဒီသံဓားက ကျင့်ကြံသူတစ်ယောက်ရဲ့ သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို စုပ်ယူနိုင်ပြီး ပုံရိပ်ယောင်တစ်ခု ဖြစ်ပေါ်နိုင်တယ်၊ ဒီလိုမျိုး စွမ်းအားမျိုးလဲ ပိုင်ဆိုင်ထားမှတော့....ဒီရတနာဟာ အဆင့်မြင့်နိဗ္ဗာနလေဟာနယ်ရတနာ၊ ဒါမှမဟုတ် အထွတ်အထိပ်နိဗ္ဗာနလေဟာနယ် ရတနာတစ်ခုတောင် ဖြစ်နေနိုင်တယ်...”
ထိုသို့တွေးမိကာ လှပသောအမျိုးသမီးသည် ပင့်သက်ရှိုက်မိ၏။သူမ၏ မျက်လုံးထဲ၌လည်း ထိတ်လန့်မှုနှင့် ပြည့်နေတော့သည်။
နန်းတော်ခန်းမအတွင်း၌ အရှင်လေဟာနယ်၊ဝတ်စုံနက်နှင့်လူ၊ လှပသောအမျိုးသမီး တို့သုံးယောက် အတွေးများနေကြစဉ်မှာပင် အပြင်ဘက်မှ ကျယ်လောင်သောအသံတစ်ခု ထွက်ပေါ်လာ၏။ ဝတ်စုံနက်နှင့်လူသည် ချက်ခြင်းပင် ရုတ်တုနှစ်ခုကြားသို့ ခုန်ဝင်ကာ ဝမ်လင်း သည်နေရာကနေ ထွက်ခွာသွားသည့်အတိုင်း ထပ်တူလိုက်လုပ်၏။ အရှင်လေဟာနယ်နှင့်လှပသောအမျိုးသမီးတို့သည်လည်း ပျံသန်းလာကြသည်။
ထိုအခိုက်အတန့်၌ ကောင်းကင်ဘုံအင်ပါယာလှိုဏ်ဂူအတွင်းရှိ ဒုတိယထပ်ရှိ ဗဟိုချက်နားမှ အဆောက်အဦတစ်ခုတွင် ခရမ်းရောင်အလင်း တောက်ပလာ၏။ ထိုအလင်းထဲမှ ဝမ်လင်း၏ပုံရိပ်သည် လှမ်းလျှောက်ထွက်လာသည်။
“နိဗ္ဗာနဖြိုခွဲခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်က သတ်ဖို့ အတော်ခက်ခဲတာပဲ။ အရှင်လေဟာနယ်က အပြင်းအထန် ဒဏ်ရာ ရသွားပေမယ့် မသေသေးဘူး။ ဒါ့အပြင် ဟိုလှပသောအမျိုးသမီးလည်း ရှိသေးတယ်...”
ဝမ်လင်း ထွက်ပေါ်လာချိန်၌ သူသည် သွေးအန်ရ၏။ သူ့အသွင်သည် အားနည်းနေဟန် ရသည်။
“ဒါပေမယ့်လည်း ဒီသံဓားက ငါ စိတ်ကူးနိုင်တာထက် ကျော်လွန်နေတယ်။ဒီသံဓားမှာ ခုလိုမျိုး စွမ်းအား ရှိနေလိမ့်မယ်လို့ ငါ မထင်ထားမိဘူး။ ငါ့မှာ ရှိတဲ့ ဓားအိမ်ငါးခုအတွက် ဒီလိုမျိုး သံဓားငါးခုသာ ရရှိပြီး အသုံးပြုနိုင်မယ်ဆိုရင်...” ဝမ်လင်းသည် အသက်ဝဝရှုသွင်းကာ ခေါင်းယမ်းမိ၏။ သူသာ တချိန်တည်း သည်လိုသံဓားမျိုး ငါးလက်ကို အသုံးပြုပါက သူ့အသွေးအသားပင် ချက်ခြင်း သွေ့ခြောက်သွားနိုင်သည် မဟုတ်လား။
သူသည် သံဓားကို ဓားအိမ်ထဲ ပြန်ထည့်၍ သိုလှောင်အိတ်ထဲ၌ သိမ်းဆည်းထားလိုက်ပြီ ဖြစ်၏။ ဝမ်လင်းက ဆေးလုံးအချို့ကို ထုတ်ယူကာ သောက်လိုက်သည်။ ဆေးအာနိသင် ချေဖျက်ရန် စောင့်မနေတော့ဘဲ သူသည် အံတင်းတင်းကြိတ်၍ ရှေ့ဆက်သွားသည်။
သူသည် ဒဏ်ရာရနေသော အရှင်လေဟာနယ်၊ဝတ်စုံနက်နှင့် လှပသောအမျိုးသမီးတို့ထက် ရှေ့ကြိုရောက်နေမှ ဖြစ်ပေမည်။ ထိုသို့မဟုတ်ပါက သူတို့သာ ပူးပေါင်းတိုက်ခိုက်ပါက သူ့အဖို့ သံသယမရှိ သေဆုံးရပေလိမ့်မည်။
ခုချိန်၌ သူ့ထံ၌ ထိုင်၍ ဒဏ်ရာကုစားနေရန် အချိန် မရှိပေ။
အသက်ဝဝရှုသွင်းပြီးနောက် ဝမ်လင်းက အတားအဆီးမျိုးစုံကို ဖြတ်ကျော်လာကာ သိပ်မကြာခင်တွင် မြေပုံပေါ်တွင် မှတ်သားထားသည့် အတားအဆီးမျက်လုံးများထဲမှ တစ်ခုထံသို့ ရောက်ရှိလာ၏။ တချက်ကြည့်လိုက်ပြီးနောက် ဝမ်လင်းသည် သူကြိုခန့်မှန်းမိသည့် သည်နေရာသို့ ဦးဆုံးရောက်လာသည့် တစုံတယောက်က အတားအဆီးမျက်လုံးကို ဖျက်စီးပြီး ဖြစ်နေသည်ကို သေချာသွားသည်။သူ့အရင် ရောက်လာသည့်သူများက မည်သည့်အထပ်သို့ ရောက်နေသည်ကိုမူ မသိရပေ။
ဝမ်လင်းသည် သည်ဒုတိယအထပ်ရှိ ဗဟိုချက်နား၌ မြူနက်များနှင့် ဝန်းရံနေသည့် နန်းတော်ရှိရာသို့ ရောက်ရှိလာ၏။ ကောင်းကင်ဘုံအင်ပါယာလှိုဏ်ဂူ၏ ပထမဆုံးအလွှာအထပ်ခြောက်ခုသည် ဖွဲ့စည်းတည်ဆောက်ပုံ တူတူ ဖြစ်သည်။ ဝမ်လင်းက အခုချိန်၌ တတိယမြောက်အထပ်သို့ ဝင်ပေါက်ရှိသည့် ဒုတိယအထပ်၏ ဗဟိုချက်နားသို့ မြန်ဆန်စွာ ရောက်ရှိလာနိုင်ခဲ့ပြီ ဖြစ်သည်။
သည်အခိုက်အတန့်၌ ဝတ်စုံနက်၊လှပသောအမျိုးသမီးနှင့် ဒဏ်ရာရထားသည့် အရှင်လေဟာနယ်တို့သည်လည်း ဒုတိယထပ်သို့ ရောက်ရှိလာကြသည်။
ဒဏ်ရာရထားသော အရှင်လေဟာနယ်သည် ပထမထပ်မှာတုန်းကကဲ့သို့ မောက်မာလှခြင်း မရှိတော့ပေ။ သူက ခပ်ဖြည်းဖြည်းသာ ရှေ့သို့ ဆက်လျှောက်လာ၏။ သည်နေရာတွင် မည်သည့်ရုပ်တုမှ ရှိမနေပဲ ကျောက်နှင့် ပြုလုပ်ထားသည့် ဖယောင်းတိုင် ထွန်းသည့် တိုင်ကိုးခုသာ ရှိသည်။ ဝမ်လင်းသည် သူ့စိတ်ပူပန်နေမှုကို တည်ငြိမ်အောင်လုပ်ကာ အချိန်အတန်ကြာ သည်ဒုတိယထပ်ကို လေ့လာကြည့်နေသည်။ ထို့နောက် သူသည် မျက်မှောင်ကြုတ်သွားသည်။
ရုတ်တရက် သူ့အကြည့်က စားပွဲပေါ်ရှိ ဖယောင်းတိုင်စိုက်လို့ရသည့် တိုင်များပေါ်သို့ ကျရောက်သွားရာ ရွှေ့လျားမှုခပ်ရေးရေးကို သတိပြုမိသည်။
သူ့မျက်လုံးက လက်ခနဲ ဖြစ်သွား၏။ သူက စောင့်ကြောင့်ထိုင်ချကာ ၎င်းတို့ကို သေချာလေ့လာကြည့်သည်။ သူ့မျက်လုံသည် တဖြည်းဖြည်း တောက်ပလာ၏။ သူသည် ထိုဖယောင်းတိုင်များထံမှ ထွက်ပေါ်နေသော ဓားစွမ်းအင် ခပ်ဖျော့ဖျော့ကို ခံစားမိလိုက်သည်။
ထိုဓားစွမ်းအင်သည် သာမန်ဆန်သည်။ အခြားလူများအဖို့ တစုံတယောက်က ဖယောင်းတိုင်များကို အားဖြင့် ချိုးဖျက်ရန် ကြိုးစားရာကနေ ကျန်ရစ်ခဲ့သည့် စွမ်းအင်အငွေ့အသက်ဟုသာ ထင်ပေလိမ့်မည်။ သို့သော် ဝမ်လင်းအဖို့တော့ ခြားနား၏။
“စီနီယာကျောက်ရီရဲ့ ဓားစွမ်းအင်…။ သူက ဓားစွမ်းအင်ကို ဒီနေရာမှာ ချန်ထားခဲ့တယ်ဆိုမှတော့ သူဟာ တတိယထပ်ကို ရောက်နှင့်နေပြီလို့ ဆိုလိုတယ်။ ဒါဆို ဘာကြောင့် သူ ဒီဓားစွမ်းအင်ကို ဒီနေရာမှာ ချန်ထားခဲ့ရတာလဲ။ ဖြစ်နိုင်တာက…”
ဝမ်လင်း၏မျက်လုံး ကျဉ်းမြောင်းသွား၏။ သူသည် သည်နေရာသို့ လာသည့် လမ်းတစ်လျှောက်တွင် မူလစွမ်းအင်အချို့ ပြန်ပြည့်ဖြိုးလာခဲ့ပြီ ဖြစ်၏။ ဝမ်လင်းက သူ့လက်ကို ဝေ့ယမ်းလိုက်ရာ ဖုယောင်းတိုင် ကိုးခုသည် ချက်ခြင်း လင်းလက်လာသည်။
ဖယောင်းတိုင်များ လင်းလက်သွားချိန်၌ မီးတောက်များမှ အလင်းသည် ဝမ်လင်းကို ခြုံလွှမ်းကာ သူသည် တတိယအထပ်အတွင်းသို့ ပျောက်ကွယ်သွားတော့သည်။
အချိန်သည် ဖြည်းဖြည်းချင်း ကုန်ဆုံးနေ၏။ မျက်စိတစ်မှိတ်အတွင်း ဝမ်လင်းသည် သည်ကောင်းကင်ဘုံအင်ပါယာလှိုဏ်ဂူအတွင်း၌ နှစ်လတာ ကုန်ဆုံးခဲ့ပြီ ဖြစ်သည်။ သည်နှစ်လအတွင်း သူ့ဒဏ်ရာကုသဖို့အတွက် အချိန်အနည်းငယ်သာ ရခဲ့ကာ ကျန်သည့်အချိန်များတွင် အလွှာအထပ်များကို ဖြတ်ကျော်နေခဲ့သည်။
ပို၍ နက်နက်သွားလေလေ အတားအဆီးများကလည်း ပိုမိုအားကောင်းလာလေ ဖြစ်သည်။ ဝမ်လင်း၏ အတားအဆီးပညာရပ်အပေါ် နားလည်မှုနှင့် မြေပုံ၏ဖော်ပြချက်များကြောင့် သူသည် အထပ်များကို ဖြတ်ကျော်သွားနိုင်ဖို့ အချိန်အချို့သာ ယူရ၏။
လေးခုမြောက်အထပ် ပြီးသည့်နောက် မြေပုံပေါ်၌ သိုလှောင်ခန်းနေရာများစွာကို ဖော်ပြလာခဲ့၏။ဝမ်လင်းက ၎င်းတို့ကို သည်အတိုင်း ကျော်သွားချင်စိတ်မရှိပေ။ ထို့ကြောင့် သူက စစ်ဆေးကြည့်ခဲ့၏။ ထိုသိုလှောင်နေရာအများစုမှာ အခြားလူများ ဖွင့်လှစ်ရှာဖွေခဲ့ကြပြီး ဖြစ်နေ၏။သို့သော် အချို့ မူလအတိုင်း ရှိနေသော သိုလှောင်ခန်းနေရာအချို့လည်း ကျန်နေသေးသည်။ ဝမ်လင်းက သူတွေ့ရှိခဲ့သမျှ အရာအားလုံးကို သူ့သိုလှောင်အိတ်ထဲသို့ ပစ်ထည့်၍ ဆက်သွားနေ၏။ သည်နှစ်လအတွင်း ရိတ်သိမ်းနိုင်မှု အကျိုးအမြတ်က ဝမ်လင်းကိုပါ စိတ်လှုပ်ရှားစေ၏။
သူ့ကို တုန်လှုပ်သွားစေသည်က သိုလှောင်ခန်းများထဲရှိ ကောင်းကင်ဘုံကျောက်စိမ်းပြားကဲ့သို့ အရာများပင်။ထိုအရာများက ဝမ်လင်း ကလန်တစ်ခုကို နှစ်ပေါင်းတစ်ထောင်လောက် အသာလေး ထောက်ပံ့ပေးဖို့အတွက် လုံလောက်နေသည် မဟုတ်လား။
အခြားအရာဝတ္ထုများလည်း ရှိပါသေး၏။ ဝမ်လင်းအမြင်၌ သည်သိုလှောင်နေရာများမှာ အင်ပါယာချင်းလင် ဖန်တီးခဲ့ခြင်း ဖြစ်မည်ဟု ထင်ရ၏။ ထို့အတွက်လည်း ရည်ရွယ်ချက်တစ်ခု ရှိနေမည်မှာ သိသာသည်။
ဝမ်လင်းက ချင်းလင်၏ ရည်ရွယ်ချက်က မည်သည့်အရာဖြစ်သည်ကို မသိပါ။ သို့သော် ခုချိန်၌ သူ သိုလှောင်နေရာများထဲမှ ရရှိခဲ့သည့် အရာများသည် သူ့ကို ရက်အတော်အတန် စိတ်လှုပ်ရှားအောင် လုပ်ဆောင်နိုင်ပေ၏။ သူ့ကို ပို၍ စိတ်လှုပ်ရှားသွားစေသည်က ခြောက်ထပ်မြောက်ရှိ သိုလှောင်ခန်းနေရာများသို့ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်နှစ်ခု ရှိနေခြင်းပင်။
တစ်ခုက ကောင်းကင်ဘုံဆေးလုံးများ၊သက်စောင့်ဆေးများနှင့် ပြည့်နေ၏။ ခုချိန်၌ သူ့အဖို့ သည်ဆေးလုံးများနှင့် သက်စောင့်ဆေးလုံးတို့မှာ အရေးကြီးလှသည် မဟုတ်လား။
သည်နှစ်လအတွင်း ဝမ်လင်းက အပြည့်အဝ ပြန်မကောင်းသေးချေ။ သူ့ ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာများက သူ့ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်၏ ပြန်ကောင်းမွန်နိုင်မှု အစွမ်းကြောင့် အရေးမကြီးလှတော့သော်လည်း ပြဿနာက သူ့မူလစွမ်းအင် ဆုံးရှုံးမှု ဖြစ်၏။ သံဓားကို အသုံးပြုခြင်းကြောင့် သူ့မူလစိတ်ဝိညာဉ်မှာ အားနည်းသွားခဲ့ရသည် မဟုတ်လား။ သူ့ထံ၌ မည်သည့်ဆေးလုံး၊ဆေးဝါးမှ မရှိပါက အချိန်တိုအတွင်း သူ့ မူလစိတ်ဝိညာဉ်ပြန်ကောင်းမွန်ဖို့ ခက်ခဲပေမည်။ သည့်အပြင် ဝမ်လင်းက သူ့ထံရှိ ဆေးလုံးအားလုံးနီးပါးကိုလည်း သုံးစွဲခဲ့ပြီး ဖြစ်၏။ ထို့အတွက်ကြောင့် သူသည် သည်ဆေးလုံးများနှင့် ပြည့်နှက်နေသော သိုလှောင်နေရာလွတ်ကို ရရှိအောင် လုပ်ကို လုပ်မည် ဖြစ်သည်။
သည်နေ့တွင် ခြောက်ခုမြောက်အထပ်ရှိ အစွန်းနား၌ အလင်းတစ်ခု တောက်ပလာ၏။ ဝမ်လင်းက ထိုအလင်းထဲကနေ လှမ်းလျှောက်ထွက်လာသည်။ သူ ပေါ်လာသည့်နေရာမှာ အဆောက်အဦများစွာနှင့် ဝန်းရံနေ၏။ အဆောက်အဦတစ်ခုစီတိုင်းတွင်လည်း ကိုယ်ပိုင် ဥယျာဉ်ငယ်တစ်ခုစီ ရှိကြသည်။
“ဒါက ခြောက်ခုမြောက်အထပ်ပဲ…” ဝမ်လင်းသည် အသက်ဝဝရှုသွင်းကာ သူ့ဘေးပတ်လည်သို့ ကြည့်သည်။ မြေပုံပေါ်တွင် သူ့တည်နေရာကို ယှဉ်ထိုးကြည့်သည့်နောက် သူသည် ခုလက်ရှိသူ့တည်နေရာကို ချက်ခြင်း သိရှိသွားပေပြီ။
ဝမ်လင်း၏ မျက်လုံးထဲ၌ ပြတ်သားမှုတို့နှင့် ပြည့်နေရင်း သူသည် ညာဘက်ခြမ်းသို့ ဦးတည်ဝင်လာ၏။
“ငါ ဒီဆေးလုံးတွေကို ရကိုရရမယ်…” ဝမ်လင်းက အတားအဆီးများကို အလျင်အမြန် ဖြတ်သန်းလာနေ၏။ သို့သော် သိပ်မကြာခင်တွင် သူက ရပ်တန့်ကာ ရှေ့တည့်တည့်သို့ လှမ်းကြည့်လိုက်သည်။
“ဒီမှာ တယောက်ယောက် ရှိနေတာပဲ…” ဝမ်လင်းသည် ဒုတိယအထပ်ကနေ ငါးထပ်မြောက်ထိ ဖြတ်သန်းလာသည့်တလျှောက်တွင် လူအရိပ်အယောင် သဲလွန်စများကို သတိပြုမိခဲ့၏။ သို့သော် သူသည် မည်သူတစ်ဦးတစ်ယောက်နှင့်မျှ မဆုံခဲ့ရပေ။ အခု ပထမဆုံးအကြိမ်အဖြစ် လူတစ်ယောက် ရှိနေသည်ကို ထောက်လှမ်းမိခြင်း ဖြစ်၏။
“ညီလေး အတွက် ဒီနေရာကို ရောက်လာဖို့ သိပ်လွယ်လှမယ် မထင်ဘူး…”
အနည်းငယ် အံ့အားသင့်ဟန် ပေါက်နေသည့် အသံတစ်ခုသည် ရှေ့တည့်တည့်ကနေ ထွက်ပေါ်လာ၏။
***