အပိုင်း(၁၁၁၀)
Vol. 023 Ch. 1110
ဝမ်လင်းသည် ပေရာချီအကွာကို ဖြတ်သန်း၍ ပူဖောင်းအနားသို့ ရောက်လာနေရင်း သူ့အသွင်သည် အေးစက်နေ၏။ သူသည် ပန်းရောင်ဝတ်စုံနှင့်လှပသောအမျိုးသမီးတို့ကို အေးစက်စွာ ကြည့်သည်။
ပန်းရောင်ဝတ်စုံနှင့်အမျိုးသမီးမျက်လုံးက ဝေဝါးသွား၏။ သူမ၏ နှင်းပွင့်စာလုံးသည် တောက်ပလာသည်။ သူမသည် သည်အချိန်၌ အလွန်စိတ်ပူပန်နေပေပြီ။ သူမထံ၌ ဝမ်လင်း ချဉ်းကပ်လာသည်ကို ရပ်တန့်ဖို့ နည်းလမ်း မရှိပေ။ သူမ လုပ်နိုင်သည့်အရာဟူ၍ သူမ၏မျက်ခုံးနှစ်ခုကြားမှ နှင်းပွင့်အမှတ်အသားကို မှီခိုရန်သာ ရှိတော့သည်။ ထိုနှင်းပွင့်အမှတ်အသားက သူမ၏စီနီယာအမ သူမအား ပေးထားခဲ့သော အသက်ကယ်ရတနာပင်။
ဝမ်လင်းသည် ထိုမိန်းကလေးကို ကြည့်ကာ နတ်ဘုရားအာရုံတစ်ခု ပို့လွှတ်လိုက်၏။ “နင်က တောက်ပသောလေဟာနယ်သခင်မလား…” သူ့နတ်ဘုရားအာရုံသည် ချောရည်ပူနှင့် ပေါင်းစည်းသွားပုံရ၏။ လှိုင်းတွန့်တစ်ခု ဖြစ်ပေါ်လာကာ ပန်းရောင်ဝတ်စုံနှင့်မိန်းကလေး ပတ်လည်ရှိ ပူဖောင်းကို ပြင်းပြင်းထန်ထန် တုန်ယင်စေသည်။
သူမ၏မျက်နှာမှာ ချက်ခြင်း ဖြူရောသွားသည်။ သူမက အောက်နှုတ်ခမ်းကို ကိုက်ကာ ခေါင်းယမ်း၍ ဆိုသည်။ “ငါက တောက်ပသောဟင်းလင်းပြင်သခင်မ မဟုတ်ဘူး။ ငါ့စီနီယာအမကသာ သခင်မ ဖြစ်တယ်…”
ဝမ်လင်းသည် လှပသောအမျိုးသမီးကို လက်ညှိုးထိုးကာ မေးလိုက်၏။ “သူမနဲ့ နင့်ကြားက ပတ်သတ်မှုကရော…”
“သူမက တောက်ပသောဟင်းလင်းပြင်နယ်မြေမှာ ငါ့အကြီးအကဲပဲ…” ပန်းရောင်ဝတ်စုံနှင့်မိန်းကလေးသည် မဖြေဘဲ မနေဝံ့ပေ။ ဝမ်လင်းသည် သည်ပူဖောင်းကို ချိုးဖျက်လိုက်ပါက သက်လတ်ပိုင်းလှပသောအမျိုးသမီးသည် ချက်ခြင်း ချောရည်ပူထဲသို့ ကျရောက်သွားပေမည်။ ထိုအမျိုးသမီးက မီးအဆိပ်ကြောင့် နဂိုထဲက အပြင်းအထန် သက်ရောက်ခံနေရပေပြီ။ သည်ချောရည်ထဲသို့သာ ကျရောက်သွားပါက သူမ၏ စိတ်ဝိညာဉ်သည် ပိုဆိုးမည် သို့မဟုတ် ပျက်စီးသွားနိုင်ပေသည်။
“အရှင်လေဟာနယ်က နင့်ကို ထိခိုက်စေခဲ့ပေမယ့် ငါတို့က နင့်ကို ရန်မစခဲ့ဘူး။ နင်…”
ပန်းရောင်ဝတ်စုံနှင့်မိန်းကလေး စကားမဆုံးခင်မှာပင် သူမသည် နောက်သို့ ခြေလှမ်းအနည်းငယ် အမြန်ဆုတ်မိ၏။ သူမ၏မျက်ခုံးနှစ်ခုကြားရှိ နှင်းပွင့်သည် တလက်လက် ဖြစ်လာသည်။
သူမသည် ဝမ်လင်း ပူဖောင်းအတွင်းသို့ ဖြတ်၍ ခြေချလာသည်ကို တွေ့မြင်လိုက်ရသည် မဟုတ်လား။
“နင့် ရတနာကို ပြန်သိမ်းထားလိုက်…” ဝမ်လင်းသည် ပူဖောင်းအတွင်းသို့ ဝင်ရောက်ကာ မေ့မြောက်နေသော လှပသောအမျိုးသမီး ဘေးနားတွင် ထိုင်ချလိုက်၏။ သူ့မျက်လုံးသည် ထူးဆန်းစွာ တောက်ပနေသည်။ ပန်းရောင်ဝတ်စုံနှင့်မိန်းကလေးကိုတော့ ဝမ်လင်းက ချိန်းခြောက်မှု ရှိသည်ဟု ယူဆမထားပေ။ သူမထံ၌ နှင်းပွင့်ရတနာ ရှိသော်လည်း သူမသည် ဝမ်လင်းမျက်လုံးထဲ၌ ဘာမှ စိုးရိမ်စရာ ရှိမနေခဲ့ပေ။
“နင် ဘာလုပ်နေတာလဲ…” ပန်းရောင်ဝတ်စုံနှင့်မိန်းကလေး၏ နှလုံးခုန်သံသည် ခုန်ပေါက်သွား၏။ သူမသည် ဝမ်လင်း၏ လက်ချော်းက လှပသောအမျိုးသမီး၏ မျက်ခုံးနှစ်ခုကြားသို့ ကျရောက်လာသည်ကို တွေ့မြင်သည့်အခါ ဝမ်လင်းကို တားဆီးဖို့ လှမ်းအော်ရန် ပြင်သည်။
သို့ရာတွင် သူမသည် တိုက်ခိုက်ရန် ပြင်လိုက်စဉ်မှာပင် ဝမ်လင်းသည် နောက်လှည့်ခြင်းပင် မရှိဘဲ သူ့လက်ချောင်းကို ညွှန်လိုက်၏။
“ဆူလိုက်တာ…”
ရပ်တန့်ခြင်းမန္တာန်ကို ရုတ်တရပ် အသုံးပြုလိုက်ခြင်းပင်။ ပန်းရောင်မိန်းကလေးက ရုတ်တရပ် တန့်သွား၏။ သူမ၏ခန္ဓာကိုယ်သည် ရပ်တန့်သွားသော်လည်း သူမပတ်လည်ရှိ နှင်းပွင့်များကတော့ မရေမတွက်နိုင်အောင် ခွဲထွက်ကာ သူမအား ဝန်းရံကာ တင်းကြပ်သောအကာအရံတစ်ခုကို ဖြစ်ပေါ်စေသည်။
ဝမ်လင်းသည် သူမကို အာရုံစိုက်မနေတော့ပေ။ သို့သော် သက်လတ်ပိုင်းအမျိုးသမီး၏ မျက်ခုံးနှစ်ခုကြားသို့ သူ့ညာလက်ချောင်းကို နေရာချသည်။ သူမ၏ မူလစိတ်ဝိညာဉ် အားနည်းကာ အသိလွတ်မေ့မြောနေသည်ကို အခွင့်ရေးယူကာ သူ့နတ်ဘုရားအာရုံဖြင့် သူမ၏ စိတ်ကို ခြုံလွှမ်းလိုက်သည်။
လှပသော အမျိုးသမီး၏ မှတ်ဉာဏ်များက ဝမ်လင်း၏ စိတ်ထဲ၌ ပေါ်လာ၏။ သူမ၏ ကျင့်ကြံမှုအဆင့်က ဝမ်လင်းထက်မြင့်မားသော်လည်း ဝမ်လင်း၏နတ်ဘုရားအာရုံသည် သူမ၏မှတ်ဉာဏ်များကို ဖြတ်သန်းသွားသည်။ သူမ အသက်ရှင်သည်ဖြစ်စေ၊ သေဆုံးသည်ဖြစ်စေ ဝမ်လင်းအတွက် အရေးမကြီးပေ။ သူက သူမ၏မှတ်ဉာဏ်များကို သိချင်သိသာ ရှိ၏။
တောက်ပသောဟင်းလင်းပြင်နယ်မြေနှင့် ပတ်သတ်သည့် မှတ်ဉာဏ်များအားလုံးသည် ဝမ်လင်းအတွက် အရေးကြီးသော အချက်အလက်များ ဖြစ်ကြ၏။ သူသည် အချက်အလက်များကို လိုအပ်သည့် အစစ်အမှန်အကြောင်းရင်းမှာ သူ နိဗ္ဗာနကြိုမြင်ခြင်းအထွတ်အထိပ်အဆင့်သို့ တက်လှမ်းချိန် သူ့ စိတ်က သည်တောက်ပသောဟင်းလင်းပြင်နယ်မြေကို ဖြတ်သန်းသွားချိန်က သူ့တွေ့မြင်ခဲ့ရသော၊သူ့အား နာကျင်စေခဲ့သော ပုံရိပ်ကြောင့် ဖြစ်သည်။
သူ့နတ်ဘုရားအာရုံကို သူမ၏ မှတ်ဉာဏ်များကို ဖြတ်သန်းနေစေရင်း ဝမ်လင်းသည် တောက်ပသောဟင်းလင်းပြင်နယ်မြေ အကြောင်း နားလည်လာသည်။ သူ့အသွင်သည် အလေးအနက် ဖြစ်လာသည်။ သို့ရာတွင် သည်အချက်အလက်များက သူ သိချင်သော အရာများ မဟုတ်ပေ။ သူသည် သည်အမျိုးသမီး၏ မှတ်ဉာဏ်များကို ရှာဖွေနေရင်း သူမ၏ခန္ဓာကိုယ်သည် တုန်ယင်ကာ မျက်တောင်ခတ်သွား၏။ သူမ၏ လှပသော၊ရင့်ကျက်သော မျက်နှာက နီမြန်းသွားကာ လူတိုင်း၏ နှလုံးခုန်သံကို မြန်စေနိုင်ပေမည်။
ဝမ်လင်းသည် သူမ၏စိတ်ဝိညာဉ်ကို ရှာဖွေနေရင်း သည်မီးအဆိပ်ကို သူမ ဖိနှိပ်နိုင်စွမ်း မရှိသည်ကို သိနေ၏။ ၎င်းမီးအဆိပ်က ပေါက်ကွဲထွက်လာမည့် အရိပ်လက္ခဏာပင် ပြသနေသည့်အလား။ ပန်းရောင်ဝတ်စုံနှင့်မိန်းကလေးသည် စိုးရိမ်ပူပန်နေ၏။ သူမက ဝမ်လင်းကို မုန်တီးစွာ ကြည့်နေသည်။ သို့သော် သူမသည် ဝမ်လင်း၏ ရပ်တန့်ခြင်းမန္တာန်ကို ခုခံနိုင်လောက်အောင် မသန်မာနေပေ။
ဝမ်လင်းသည် လှပသောအမျိုးသမီး၏ မှတ်ဉာဏ်များကို ဖြတ်သန်းကြည့်နေရင်း သူသည် သူ ရှာလိုသည့်အရာကို တွေ့ရှိသွားခဲ့ကာ မင်သက်သွား၏။ သူမ၏ မှတ်ဉာဏ်များအတွင်း၌ မောက်မာသောပုံရိပ်တစ်ခု ရှိနေပေသည်။
ထိုပုံရိပ်မှာ တောက်ပသောဟင်းလင်းပြင်နယ်မြေကို သူ့စိတ် ဖြတ်သန်းသွားစဉ် သူတွေ့မြင်ခဲ့ရသော ပုံရိပ်ပင် ဖြစ်သည်။
“တောက်ပသောဟင်းလင်းပြင် သခင်မ မူပင်းမေ…” ဝမ်လင်းသည် သူ့ညာလက်ညှိုးကို ပင့်မြောက်လိုက်ရင်း သူ့အသွင်မှာ စိတ်ရှုပ်ထွေးဟန် ဖြစ်ပေါ်နေသည်။
သက်လတ်ပိုင်းလှပသောအမျိုးသမီးက တောက်ပသောဟင်းလင်းပြင်သခင်မအပေါ် အတော်လေး လေးစားလွန်း၏။ သို့သော် သူမသည် သည်သခင်မအကြောင်း အများကြီး သိမထားခဲ့ပေ။ သူမသည် သခင်မမှာ အလွန်ဆန်းကြယ်သောကျင့်ကြံခြင်း နည်းလမ်းကို ကျင့်ကြံနေသည်ဟူ၍သာ သိထားခဲ့သည်။ ၎င်းကျင့်စဉ် အောင်မြင်ပြည့်စုံသွားသည်နှင့် သခင်မသည် တောက်ပသောဟင်းလင်းပြင်နယ်မြေတွင် အသန်မာဆုံးလူ ဖြစ်လာပေလိမ့်မည်။
ကံမကောင်းစွာဖြင့် သည်ကျင့်စဉ်နည်းလမ်းက ပြည့်စုံရန် အလွန်တရာ ခက်ခဲလွန်း၏။ တောက်ပသောဟင်းလင်းပြင် ပထမမျိုးဆက် သခင်မကလွဲ၍ မည်သူကမျှ ၎င်းကို အောင်မြင်ခြင်း မရှိသေးပေ။သို့ရာတွင် ခုနစ်ဆက်မြောက်မျိုးဆက် သခင်မ မူပင်းမေကတော့ အောင်မြင်မှုအချို့ ရရှိခဲ့သည့်ပုံ ရ၏။
“လျိုမေ…မူပင်းမေ…” ဝမ်လင်းသည် စိတ်ထဲကနေ နာကျင်မိ၏။ သူသည် ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့အတွင်း၌သာ ရှိနေသော ဝမ်ပိုင်ကိုပင် ခံစားမိ၏။
ဝမ်ပိုင်အကြောင်း တွေးမိနေရင်း ဝမ်လင်းသည် သူ့နှလုံးသားကို ဓားဖြင့် ပိုင်းဖြတ်ခံရသည့်အလား ခံစားမိသည်။ ဝမ်ပိုင်သည် အမြဲ ဆန္ဒတစ်ခု ရှိခဲ့ပေ၏။၎င်းဆန္ဒမှာ သူ့အမေ မည်သူမည်ဝါမှန်း သိချင်ကြောင်း အဖေဖြစ်သူ ဝမ်လင်းကို မေးခဲ့ခြင်းပင်။ သို့သော် သူသည် ၎င်းစိတ်ဆန္ဒကို သူ့ဘဝ တစ်လျှောက်လုံးတွင် တစ်ကြိမ်တစ်ခါသာ ဖော်ပြခဲ့ဖူး၏။ သူ အဖြေကို မရရှိခဲ့သည့်နောက် သူသည် ၎င်းအကြောင်းကို နောက်တစ်ကြိမ် တဘဝလုံး လုံးဝ ထပ်မပြောခဲ့တော့ပေ။
ဝမ်လင်းသည် တိတ်ဆိတ်စွာ စဉ်းစားနေရင်း သူသည် ပန်းရောင်မိန်းကလေးကို ကြည့်လိုက်သည်။လှပသောသက်လတ်ပိုင်းအမျိုးသမီး၏ မှတ်ဉာဏ်များအရ ဝမ်လင်းသည် သည်မိန်းကလေးမျာ လျိုမေ၏ ဂျူနီယာညီမဖြစ်ကာ သူမသည်လည်း တူညီသောနည်းလမ်းကို ကျင့်ကြံသည်ကို သိခဲ့၏။ သည်လှပသောအမျိုးသမီးက သည်ပန်းရောင်ဝတ်စုံနှင့်မိန်းကလေး ကြီးပြင်းလာကာ လျိုမေ၏ ဂျူနီယာညီမ ဖြစ်လာသည်ကို စောင့်ကြည့်ခဲ့ရသည်။
ဝမ်လင်း၏မျက်လုံးက အေးစက်လာ၏။ သူက တည်ငြိမ်စွာ ပြောလိုက်သည်။ “ငါသာ သူမကို မကယ်တင်ပေးရင် နောက်ဆယ့်ငါးမိနစ်အတွင်း သူမ သံသယမရှိ သေဆုံးရလိမ့်မယ်…”
လှပသောအမျိုးသမီး၏ ခန္ဓာကိုယ်သည် နီမြန်းနေ၏။ သူမ၏ခန္ဓာကိုယ်ကနေလည်း ချွေးများစွာ ထွက်နေသည်။မျက်စိတစ်မှိတ်အတွင်း ၎င်းချွေးများသည် အဖြူရောင်အခိုးငွေ့များအဖြစ် အငွေ့ပြန်နေပေသည်။
သည်လိုသာ ဆက်ဖြစ်နေပါက သည်အမျိုးသမီး မံမီဖြစ်လာကာ သူမ၏မူလစိတ်ဝိညာဉ်သည်လည်း ပျက်စီးရပေတော့မည်။ ဝမ်လင်း သူမ၏ မှတ်ဉာဏ်များကို မရှာဖွေခဲ့လျှင်ပင် သူမအဖို့ အချိန်အကြာကြီး နေရတော့မည် မဟုတ်ပေ။ နှေးသည်နှင့်မြန်သည်သာ ကွာပေမည်။
“ငါတို့ သဘောတူညီမှုတစ်ခု လုပ်မယ်။ ငါ နင့်ကို ကယ်တင်ပေးပြီး နင်တို့နှစ်ယောက်ကို နန်းတော်အတွင်း ခေါ်ပေးပြီး ရှစ်ထပ်မြောက်ရှိ ပို့ပေးမယ်။ အပြန်အလှန်အနေနဲ့ ငါက နင့်မှတ်ဉာဏ်တွေကို ရှာဖွေတာ ခွင့်ပြုပေးရမယ်…” ဝမ်လင်းသည် ထိုသို့ တည်ငြိမ်စွာ ဆိုကာ သည်မိန်းကလေးကို ရွေးချယ်မှုတစ်ခု ပေးလိုက်၏။ သူမ သဘောတူပါက အဆင်ပြေပေမည်။ သူမ သဘောမတူပါက ဝမ်လင်းသည် တိုက်ခိုက်ရပေမည်။
ပန်းရောင်မိန်းကလေးက ခါးသက်စွာ ပြုံး၏။ သူမသည် ဝမ်လင်း၏စကားလုံးများမှ ပြတ်သားမှုကို မြင်နိုင်၏။ သူမသည် လူတော်တစ်ယောက်ဖြစ်ရာ ထို့အတွက် ဝမ်လင်းသည် သူမ၏မှတ်ဉာဏ်များထဲမှ တစ်ခုခုကို ရှာဖွေလိုနေသည်ကို အလိုလို သိနေပေသည်။
သူမသည် ဝမ်လင်းရှာဖွေမည်က သူမ၏ စီနီယာအမနှင့် ပတ်သတ်သည့် တစ်ခုခု ဖြစ်မည်ဟုလည်း သေချာ သိနေသည်။ သူမသာ သဘောမတူလျှင် အချည်းနှီး ဖြစ်ရပေလိမ့်မည်။
သူမသည် ခေါင်းညိတ့်ကာ ခုခံခြင်းကို လက်လျော့သည်။
ဝမ်လင်းသည် သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်၏။ သူက ထိုအမျိုးသမီးနှစ်ယောက်ကို ခေါ်ကာ ပူဖောင်းအပြင်ဘက်သို့ ခြေလှမ်းလိုက်သည်။ထို့နောက် သူသည် ရှေ့တည့်တည့်သို့ ဦးတည်သွားတော့၏။
သိပ်မကြာခင်တွင် သူသည် နန်းတော်အနားသို့ ရောက်လာကာ အထဲသို့ ဝင်ရောက်လိုက်သည်။ ဝင်ရောက်လိုက်ပြီးနောက် ဝမ်လင်းက သူ့ညာလက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေကာ လက်ညွှန်လိုက်ရာ နန်းတော်အတွင်းမှ ချောရည်သည် မြင့်တက်လာတော့သည်။ နန်းတော်အတွင်း၌ မည်သည့် ချောရည်မှ ရှိမနေပေ။ ဝင်ပေါက်သည် ရုတ်တရပ် ပိတ်သွား၏။
နန်းတော်အတွင်း၌ မည်သည့်ချောရည်မျှ ရှိမနေသော်လည်း သည်နေရာသည် သိပ်သည်းသောအပူဓာတ်ကို ပေးစွမ်းနေတုန်းပင်။ ဝမ်လင်းက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်ပြီး အမျိုးသမီးနှစ်ယောက်ကို ဘေးတစ်ဖက်သို့ ချထားလိုက်သည်။
သူ့ညာလက်ကို ဆန့်ထုတ်လိုက်ရာ လှပသောအမျိုးသမီး၏ခန္ဓာကိုယ်သည် သူ့ထံသို့ ပျံသန်းလာ၏။ ဝမ်လင်းသည် သူ့ညာလက်ဖြင့် သူမ အမျိုးသမီးတစ်ယောက် ဖြစ်နေသည်ကို ဂရုမစိုက်ဘဲ သူမ၏ နေရာစုံကို ရိုက်ချလိုက်၏။ သူ သူမ၏ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုကို ထိရိုက်မိချိန်တိုင်း သူမ၏မျက်နှာသည် အနည်းငယ် ပို၍ နီမြန်းလာသည်။
ခုနစ်မိနစ်ခန့်ကြာမြင့်ပြီးနောက် သူမ၏ခန္ဓာကိုယ်မှာ လုံးဝ နီရဲနေပေပြီ။ ဝမ်လင်းသည် သူ့ညာလက်ကို သူမ၏ နှဖူးထက်သို့ နေရာချလိုက်ရာ သူ့လက်ထဲမှ စုပ်အားတစ်ခု ထွက်ပေါ်လာ၏။ သူမခန္ဓာကိုယ်ထဲရှိ မီးအဆိပ်အားလုံးသည် ဝမ်လင်းလက်ထံသို့ တရကြမ်း တိုးဝင်လာသည်။
လှပသောအမျိုးသမီး၏ခန္ဓာကိုယ်သည် တဖြည်းဖြည်း ပုံမှန်အတိုင်း ဖြစ်လာ၏။ သို့ရာတွင် သူမသည် အလွန်အမင်း အားနည်းနေကာ ဘေးစောင်း လှဲနေသည်။
“အခု နင့်အလှည့်ပဲ…” ဝမ်လင်းသည် ပန်းရောင်ဝတ်စုံနှင့်မိန်းကလေးကို ကြည့်လိုက်၏။
ပန်းရောင်မိန်းကလေးက သူမ၏အောက်နှုတ်ခမ်းကို ကိုက်ထား၏။ အနည်းငယ် စဉ်းစားပြီးနောက် သူမသည် ထိုင်ချလိုက်သည်။ သူမသည် သူမ၏မျက်ခုံးနှစ်ခုကြားသို့ ညွှန်လိုက်ရာ သူမပတ်လည်ရှိ နှင်းပွင့်များသည် တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားတော့သည်။ သူမသည် မျက်လုံးမှိတ်လိုက်ကာ မလှုပ်မယှက် ရှိနေလိုက်၏။
ဝမ်လင်းတွင် အခြားအတွေးများ မရှိပေ။ သူ့ထံ၌ အလဲအလှယ်လုပ်သည့် အတွေးတစ်ခုသာ ရှိ၏။ သူ့ညာလက်ဖြင့် သူမ၏မျက်ခုံးနှစ်ခုကြားသို့ ညွှန်ကာ သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်၍ သူမ၏မှတ်ဉာဏ်များကို ရှာဖွေလိုက်သည်။
ပန်းရောင်ဝတ်စုံနှင့်မိန်းကလေး၏ ခန္ဓာကိုယ်သည် တုန်ယင်သွား၏။သို့သော်သူမသည် အံတင်းတင်း ကြိတ်ထားသည်။ မှတ်ဉာဏ်ရှာဖွေခြင်းက အန္တရာယ်ရှိစေသော်လည်း ဝမ်လင်းသည် အကြမ်းပတမ်း မလုပ်ပေ။ သူမ မခုခံသ၍ သူသည် အားဖြင့် ချိုးဖျက်လိမ့်မည် မဟုတ်ပေ။
ဝမ်လင်းသည် မှတ်ဉာဏ် ရှာဖွေနေရင်း မူပင်းမေအကြောင်း ပို၍ နားလည်လာတော့၏။ အချိန်အတန်ကြာပြီးနောက် သူ့ညာလက်ကို ပြန်ရုတ်သိမ်းလိုက်၏။ သူ့အသွင်က ပို၍ စိတ်ရှုပ်ထွေးဟန် ဖြစ်ပေါ်နေတော့သည်။
“ကောင်းကင်ဘုံ စိတ်ဝိညာဉ်တာအို…။ ကောင်းကင်ဘုံတာအိုကို စိတ်ဝိညာဉ်တစ်ခု ပိုင်ဆိုဖို့ ဟန်ဆောင်ဖို့၊ ဒီတာအိုကို ကိုယ်ပွားများစွာနဲ့ ကျင့်ကြံဖို့။ အတွေ့အကြုံတွေများစွာ ရရှိပြီးတဲ့နောက် လူတစ်ယောက်ဟာ မတူညီတဲ့ကျင့်ကြံခြင်း နည်းလမ်းတွေကို ကျင့်ကြံပြီး မရေမတွက်နိုင်တဲ့နယ်ပယ်တွေ ရရှိနေရင်း သူတို့ရဲ့ မူလနှလုံးသားကို ရရှိလာလိမ့်မယ်။ အဆုံးသပ်မှာ ကိုယ်ပွားအားလုံးဟာ ကောင်းကင်ဘုံစိတ်ဝိညာဉ်တာအို ပြီးပြည့်စုံစေဖို့အထိ စုစည်းသွားလိမ့်မယ်…”
သည် ကောင်းကင်ဘုံ စိတ်ဝိညာဉ်တာအိုသည် တောက်ပသောဟင်းလင်းပြင်နယ်မြေ၏ အထွတ်အထိပ် ကျင့်ကြံခြင်း နည်းလမ်း ဖြစ်သည်။ ပထမဆုံးမျိုးဆက် သခင်မကသာ သည်ကျင့်ကြံခြင်း၌ အောင်မြင်ခဲ့သည်။ နောက်မျိုးဆက်အားလုံးမှာ ၎င်းကျင့်ကြံခြင်း၌ ကျရှုံးခဲ့ရ၏။အကြောင်းမှာ သူတို့သည် သူတို့၏မူလနှလုံးသားများကို ဆုံးရှုံးကာ သေဆုံးခဲ့ခြင်းကြောင့်ပင်။
သည်မူပင်းမေသည် မျိုးဆက်ခုနစ်ဆက်မြောက် သခင်မ ဖြစ်၏။ သူမသည် သူမ၏ အကြင်နာမဲ့နယ်ပယ်ကြောင့် ဖြတ်လမ်းနည်းတစ်ခုကို မထင်မှတ်ဘဲ ရှာတွေ့ခဲ့သည်။ ကောင်းကင်ဘုံစိတ်ဝိညာဉ် တာအိုကို ကျင့်ကြံခြင်းကနေ ကိုယ်ပွားတစ်ခု ဖြစ်ပေါ်လာပြီးသည့်နောက် သူမသည် ၎င်းကိုယ်ပွား၏မှတ်ဉာဏ်များကို ရရှိဖို့ ခွင့်မပြုခဲ့ဘဲ ထိုအစား သူမသည် ထိုကိုယ်ပွားကို ၎င်းကိုယ်ပိုင် ရှင်သန်စေရန် စေလွှတ်ခဲ့သည်။ ထိုအဖြစ်က ယင်းကိုယ်ပွားကို ကိုယ်ပိုင်အသိစိတ်အသစ်တစ်ခု ရရှိလာစေပြီး သူမ၏မူလခန္ဓာကိုယ်တည်ရှိမှုကို မသိနိုင်တော့ပေ။ ထိုကိုယ်ပွား ကျင့်ကြံခြင်းအဆင့်တစ်ခု ရောက်မှသာ အမွေအနှစ်မှတ်ဉာဏ်က အသက်ဝင်လာကာ ထိုကိုယ်ပွားသည် မူလခန္ဓာကိုယ်နှင့် ပြန်ပေါင်းစည်းပေလိမ့်မည်။
ကောင်းကင်ဘုံတာအိုသည် ရက်စက်၏။ ထို့ကြောင့် သူမ၏ကိုယ်ပွားသည်လည်း ရက်စက်ရန် လိုအပ်သည်။
ထို့အပြင်သူမသည် အရင်မျိုးဆက်သခင်မများကဲ့သို့ ကိုယ်ပွားအများကြီး ပိုင်ဆိုင်ခြင်း မရှိဘဲ ကိုယ်ပွား ကိုးခုသာ ပိုင်ဆိုင်၏။
သူမသည် ၎င်းကိုယ်ပွားတို့ ကျင့်ကြံရန် အတွက် ဂြိုဟ်များကို ရွေးချယ်ခဲ့ချိန်က အလွန်ဝေးကွာသော အနာဂတ်ကိုလည်း တွက်ချက်ခဲ့ပြီးပင်။ မရေမတွက်နိုင်သော နှစ်များစွာ ကြာမြင့်ပြီးနောက် ကိုယ်ပွားရှစ်ယောက်သည် သူတို့၏အပျိုစင်ခန္ဓာကိုယ်ဖြင့်ပင် နိုးထလာခဲ့ပြီး ဖြစ်သည်။
သို့ရာတွင် ဟင်္သာပြဒါးဂြိုဟ်ပေါ်ရှိ ကိုးခုမြောက်ကိုယ်ပွားသည် မတော်တဆမှုတစ်ခု ဖြစ်ခဲ့သည်။ ထိုမတော်မဆမှုက မည်သည့်အရာ ဖြစ်သည်ကိုတော့ သည်ပန်းရောင်မိန်းကလေး မသိပေ။ သူမသည် ကိုးခုမြောက်ကိုယ်ပွားမှာ လျိုမေဟုသာ သိ၍ သူမ၏ စီနီယာအမကို ရုန်းကန်ရသည့် အခြေအနေတစ်ခု ဖြစ်စေခဲ့သည်ဟုသာ သိရှိထားခဲ့ပေသည်။
***