← Chapters

အခန်း (၁၆၁-၁၆၂)

Vol. 17 Ch. 161-162

အခန်း (၁၆၁-၁၆၂)

Vol. 17 Ch. 161-162

အခန်း (၁၆၁) အာတန်... တန်တန်

"အဖေ့ထက်တောင် ပိုတော်သေးတယ်ပေါ့လေ"

ချူရှား၏ ဖခင်က နောက်ပြောင်ချင်သော လေသံဖြင့် မေးလိုက်သည်။ အရင်ကဆိုလျှင် သမီးဖြစ်သူ၏ အမြင်တွင် စစ်သားတစ်ယောက်ဖြစ်သော သူကသာ အသန်မာဆုံး လူ ဖြစ်ခဲ့သည်။

"အင်း..."

ချူရှား က ခေါင်းလေးစောင်းကာ စဉ်းစားလိုက်သည်။ အလွန် ခက်ခဲသော မေးခွန်းတစ်ခုကို ဖြေဆိုရမည့်အလား တွေဝေသွားပြီးနောက် သက်ပြင်းချကာ ဖြေလိုက်သည်။

"အဖေလည်း တော်ပါတယ်။ ဒါပေမဲ့... ကိုကိုချူဟန် က ပိုတော်တယ်လို့ ထင်တယ်"

ဖခင်ဖြစ်သူမှာ စကားပြန်ပြောရန် ဆွံ့အသွားတော့သည်။ သူ ငြင်းဆန်နိုင်စွမ်း မရှိခဲ့ပေ။ သမီးဖြစ်သူ၏ စကားမှာ အမှန်တရားဖြစ်ကြောင်းကို မည်သူ့ထက်မဆို သူ ပို၍ နားလည်ထားသောကြောင့်ပင် ဖြစ်သည်။

ချူဟန်သည် လမ်းဘေး ပလက်ဖောင်းပေါ်တွင် ထိုင်နေပြီး ဘေး၌ ရှူရာပုဆိန်ကို ချထားသည်။

သူသည် အလုပ်ရှုပ်နေကြသော လူများကို တိတ်ဆိတ်စွာ စောင့်ကြည့်နေလေသည်။ သူတို့နှင့် အတူရှိနေရသော နောက်ဆုံးနေ့လည်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ နောက်တစ်ကြိမ် ဘယ်တော့ ပြန်ဆုံတွေ့ရမည်ကို မည်သူမျှ မသိနိုင်ပေ။

အဝေးသို့ လှမ်းကြည့်လိုက်သောအခါ ချန်ရှောက်ရယ်သည် လော့ရှောင်ရှောင်တို့၏ ပစ္စည်းများကို အလုပ်ရှုပ်စွာ ကူညီသယ်မပေးနေသည်ကို မြင်လိုက်ရသည်။

ချူဟန် တစ်ခုခု ပြောရန် ပြင်လိုက်ချိန်မှာပင်...

"ဟေး"

ရုတ်တရက် လူငယ်စစ်သားတစ်ဦးက ချူဟန်၏ အရှေ့သို့ ရောက်လာသည်။ သူ၏ နုနယ်သော မျက်နှာပေါ်တွင် အားကျလေးစားမှုများ အထင်းသား ပေါ်လွင်နေသည်။

"အစ်ကိုကြီး... အစ်ကိုကြီးက တကယ် အရမ်း မိုက်တာပဲ။ ခုနက အစ်ကိုကြီး အနိုင်ယူလိုက်တဲ့ ကျန်းယိမင် ဆိုတာ ဘယ်သူလဲ သိလား။ အဘိုးဝမ် ကိုယ်တိုင် ရွေးချယ်ထားတဲ့ သက်တော်စောင့်လေ။ အဘိုးဝမ်ရဲ့ နောက်လိုက်လုပ်လာတာ နှစ်တော်တော် ကြာနေပြီ။ တိုက်ခိုက်ရေးစွမ်းရည်မှာတော့ ကျွန်တော်တို့ တပ်ဖွဲ့ထဲမှာ နံပါတ်တစ်ပဲ"

လူငယ်စစ်သားက စိတ်လှုပ်ရှားစွာဖြင့် ဆက်တိုက် ပြောဆိုနေတော့သည်။

"အဲဒီလောက် အစွမ်းထက်တဲ့သူကိုတောင် အစ်ကိုကြီးက လွယ်လွယ်လေး အနိုင်ယူလိုက်တာ။ ဒါတင်မကသေးဘူး... သူ အရမ်း ကြိုက်တဲ့ ဓားရှည်ကြီးကိုတောင် ထက်ပိုင်းချိုးပစ်လိုက်သေးတယ်။ အစ်ကိုကြီး... ခင်ဗျားကတော့ တကယ် ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်တာပဲ"

လူငယ်စစ်သားက သူ၏ ဖြူဖွေးနေသော သွားများကို ပေါ်အောင် ပြုံးပြလိုက်သည်။ သူ၏ အသက်မှာလည်း ချူဟန်နှင့် သိပ်မကွာလှဘဲ အသက်နှစ်ဆယ်ဝန်းကျင်ခန့်သာ ရှိမည်ဟု ခန့်မှန်းရပေသည်။

"နာမည် ဘယ်လိုခေါ်လဲ"

ချူဟန်က မသိမသာ ပြုံး၍ မေးလိုက်သည်။

စစ်တပ်နှင့် ဆက်ဆံရေး ကောင်းမွန်အောင် တည်ဆောက်ထားခြင်းက အကျိုးယုတ်စရာ မရှိပေ။ အခြား အသက်ရှင်ကျန်ရစ်သူ အုပ်စုများနှင့် ယှဉ်လျှင် စစ်တပ်သည် စည်းကမ်းပိုရှိပြီး လူ့စိတ်ပျောက်ကာ ရက်စက်ကြမ်းကြုတ်သည့် အခြေအနေမျိုး ဖြစ်ပေါ်ရန် ခဲယဉ်းသောကြောင့်ပင် ဖြစ်သည်။

"ဟီးဟီး... ကျွန်တော့်နာမည် အာတန်။ ငယ်နာမည်ကတော့ တန်တန် လို့ ခေါ်တယ်"

ရှန်ကျင်း လေယူလေသိမ်းဖြင့် လူငယ်စစ်သားက အပြစ်ကင်းစင်စွာ ပြုံးလျက် ဖြေလိုက်သည်။

ပွတ်...

ချူဟန် ပါးစပ်ထဲမှ ရေများပင် ပန်းထွက်သွားလုနီးပါး ဖြစ်သွားသည်။

အာတန်။ တန်တန် ဟုတ်လား။

ဘယ်လို နာမည်ကြီးလဲကွ။

ချူဟန်၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားသော်လည်း ရင်းနှီးဖော်ရွေသော ဤလူငယ်စစ်သားကို ခေါင်းညိတ်ပြလိုက်သည်။

"စစ်တပ်ထဲ ဝင်လာတာ ဘယ်လောက်ကြာပြီလဲ"

"နှစ်နှစ်တောင် မပြည့်သေးပါဘူးဗျာ... ဟီးဟီး"

အာတန် က ရင်းနှီးစွာ ဖြေလိုက်ပြီးနောက် ရုတ်တရက် ခေါင်းစောင်းကာ ပြုံးစိစိဖြင့် မေးလိုက်သည်။

"အစ်ကိုကြီး... အစ်ကိုကြီးက ဘယ်ဗိုလ်ချုပ်ရဲ့ သားလဲ။ စကားပြောတဲ့ပုံစံက ကျွန်တော်တို့ လေ့ကျင့်ရေးမှူးနဲ့ တူတယ်။ အထက်လူကြီး တစ်ယောက်ရဲ့ ဟန်ပန်မျိုး အပြည့်ပဲ"

"သာမန် တက္ကသိုလ်ကျောင်းသား တစ်ယောက်ပါ"

ချူဟန်က ပေါ့ပေါ့ပါးပါး ဖြေလိုက်သော်လည်း ရင်ထဲတွင်မူ အေးစက်သွားသည်။

လက်ရှိ မိမိ၏ အသက်သည် နှစ်ဆယ်သာ ရှိသေးကြောင်းကို သူ လုံးဝ မေ့သွားခဲ့ခြင်း ဖြစ်သည်။ တစ်ခါတစ်ရံ ပြသမိသော သူ၏ အမူအရာများမှာ အသက်အရွယ်နှင့် မလိုက်ဖက်ဘဲ အလွန် ရင့်ကျက်လွန်းနေပေသည်။ အာတန် က ထောက်ပြလိုက်မှသာ သူ သတိထားမိသွားတော့သည်။

'နောက်ဆိုရင် ကိုယ့်အပြုအမူတွေကို နည်းနည်း ဆင်ခြင်မှ ရတော့မယ်'

မိမိသည် ပြန်လည်မွေးဖွားလာသူ တစ်ဦးဖြစ်ကြောင်းနှင့် ပြန်လည်စတင်ခြင်း စနစ် အကြောင်းကို မည်သူတစ်ဦးတစ်ယောက်ကိုမျှ လုံးဝ ပေးသိ၍ မဖြစ်ပေ။

"ဟို... တစ်ဆိတ်လောက်ဗျာ"

ရုတ်တရက် ထွက်ပေါ်လာသော ဟယ်ဖေးယွမ်၏ အသံကြောင့် ချူဟန် အာရုံစိုက်သွားသည်။

စစ်သားအိုကြီးမှာ လူအုပ်ကြားထဲတွင် ပူပန်သောကရောက်စွာဖြင့် လိုက်လံ မေးမြန်းနေသည်ကို မြင်လိုက်ရသည်။

"ဟယ်ဖုန်း ဆိုတဲ့ စစ်သားလေးကိုများ သိကြလားဗျာ။ အသက်နှစ်ဆယ်ဝန်းကျင်လောက်ပဲ ရှိဦးမယ်"

"မသိဘူးဗျ"

အမေးခံရသော စစ်သားက ခေါင်းခါပြလိုက်ပြီးနောက် ပတ်ဝန်းကျင်သို့ အော်မေးပေးလိုက်သည်။

"ဟေ့ကောင်တွေ... ဟယ်ဖုန်း ဆိုတဲ့ကောင် ရှိလား။ သူ့အဖေ လိုက်ရှာနေတယ်"

အချိန်အတန်ကြာ စောင့်ဆိုင်းပြီးနောက် မည်သည့် တုံ့ပြန်မှုမျှ မရရှိခဲ့သဖြင့် ဟယ်ဖေးယွမ်မှာ ဘာလုပ်ရမှန်းမသိအောင် စိုးရိမ်ပူပန်လာတော့သည်။

"ဟယ်ဖုန်း ဆိုတဲ့ နာမည်ကို ကြားဖူးလား"

ချူဟန်က ဘေးရှိ အာတန် ကို မေးလိုက်သည်။

"ဟင့်အင်း... မကြားဖူးဘူး"

အာတန် က ခေါင်းခါလိုက်သည်။

"ရှစ်ကျားကျွမ်း စစ်ဒေသထဲမှာ လူတွေ အများကြီးပဲဟာ။ အားလုံးရဲ့ နာမည်ကို ဘယ်လိုလုပ် မှတ်မိနိုင်မှာလဲဗျ။ ဟို အဘိုးကြီးက ဘာဖြစ်လို့လဲ။ သားဖြစ်သူ ပျောက်သွားလို့လား"

"အင်း"

ချူဟန် မျက်မှောင်ကြုတ်ကာ မတ်တတ်ရပ်လိုက်ပြီး စိုးရိမ်ပူပန်နေသော ဟယ်ဖေးယွမ်၏ အနီးသို့ လျှောက်သွားကာ ပခုံးကို ညင်သာစွာ ပုတ်ပေးလိုက်သည်။

"ဦးလေးဟယ်... ရှာမတွေ့ဘူးလား"

"အင်း..."

ဟယ်ဖေးယွမ်မှာ ချွေးများ ရွှဲနစ်နေလျက် ဖြေလိုက်သည်။

"ဒီတပ်ဖွဲ့ထဲက လူအားလုံးရဲ့ မျက်နှာကို လိုက်ကြည့်ပြီးပြီ။ ငါ့သား မပါဘူး။ သူ ဘယ်နေရာများ ရောက်နေတာလဲ"

"မစိုးရိမ်ပါနဲ့။ ကျွန်တော်လည်း ကူမေးပေးပါ့မယ်"

ချူဟန်က အလျင်အမြန် နှစ်သိမ့်ပေးလိုက်သည်။

ဟယ်ဖုန်း မသေသေးကြောင်းနှင့် ဇွန်ဘီ မဖြစ်သွားကြောင်းကိုတော့ ချူဟန် သေချာ သိထားသည်။ သို့သော် လက်ရှိအချိန်တွင် မည်သည့်နေရာ၌ ရှိနေသည်ကိုမူ သူလည်း အတိအကျ မသိပေ။ အတိတ်ဘဝက ဟယ်ဖုန်း ဆိုသော နာမည်ကို သူ စတင်ကြားဖူးခဲ့သည်မှာ ကမ္ဘာပျက်ကပ် ရောက်ရှိပြီး နှစ်နှစ်ခန့်အကြာမှ ဖြစ်သည်။ ကြီးမားသော တိုက်ပွဲတစ်ခုတွင် ဟယ်ဖုန်းသည် တစ်ပွဲတည်းဖြင့် နာမည်ကျော်ကြားသွားခဲ့ခြင်း ဖြစ်သည်။

"အစ်ကိုချူဟန်... ခဏစောင့်"

ဘေးတွင်ရှိနေသော အာတန် က ရင်ဘတ်ကိုပုတ်ကာ ပြောလိုက်သည်။

"ကျွန်တော့်ကို နှစ်မိနစ်လောက် အချိန်ပေး"

ပြောပြီးသည်နှင့်တစ်ပြိုင်နက် သွေးဆူလွယ်ပြီး အကူအညီပေးလိုစိတ် ပြင်းပြသော ဤလူငယ်လေးသည် ယုန်တစ်ကောင်ပမာ လျင်မြန်စွာ ပြေးထွက်သွားတော့သည်။

ဟယ်ဖေးယွမ်မှာ အာတန် ဘာသွားလုပ်သည်ကို နားမလည်သော်လည်း မျှော်လင့်ချက်အပြည့်ဖြင့် ထိုနေရာတွင် ဆက်လက် စောင့်ဆိုင်းနေလိုက်သည်။ ချူဟန်လည်း ဤကိစ္စနှင့် ပတ်သက်၍ ဝင်ရောက်စွက်ဖက်ရန် မလွယ်ကူသဖြင့် အခက်အခဲပေါင်းများစွာကို ဖြတ်ကျော်လာခဲ့သော စစ်မှုထမ်းဟောင်း၏ ဘေးတွင်သာ တိတ်ဆိတ်စွာ အဖော်ပြုပေးနေလိုက်သည်။

ခပ်လှမ်းလှမ်းတွင် ကျန်းယိမင်သည် ပစ္စည်းများကို နောက်ဆုံးအကြိမ် စစ်ဆေးနေလေသည်။

"ကျန်းယိမင်... အစ်ကိုကျန်း"

အမောတကော ပြေးလာသော အာတန် သည် ကျန်းယိမင်၏ လက်ထဲမှ စာအုပ်ကို အတင်း လုယူလိုက်ပြီး ပြန်လည် ပြေးထွက်သွားတော့သည်။

"နာမည်စာရင်း လေး ခဏငှားမယ်ဗျို့"

ရွှီး...

လေပွေတစ်ခုပမာ ရောက်လာပြီး လေပွေတစ်ခုပမာပင် ထွက်သွားလေသည်။ ကျန်းယိမင် အခြေအနေကို နားလည်သွားချိန်တွင် အာတန် သည် နာမည်စာရင်းကို ပိုက်ကာ အဝေးသို့ ပြေးထွက်သွားခဲ့လေပြီ။

"ဒီ သောက်ကလေး"

ကျန်းယိမင် က အလောတကြီး နောက်မှ ပြေးလိုက်သွားတော့သည်။

ချူဟန် နှင့် ဟယ်ဖေးယွမ်တို့ အချိန်အကြာကြီး မစောင့်လိုက်ရခင်မှာပင် အဝေးမှနေ၍ ချွေးသံတရွှဲရွှဲဖြင့် စိတ်လှုပ်ရှားစွာ ပြေးလာသော အာတန်ကို မြင်လိုက်ရသည်။

"ရပြီ... ရပြီ။ ဒီမှာ နာမည်စာရင်း"

"ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ပါတယ် ရဲဘော်"

ဟယ်ဖေးယွမ်သည် မျက်ရည်များပင် ဝဲလာကာ စာအုပ်ကို လက်နှစ်ဖက်ဖြင့် လှမ်းယူလိုက်ပြီး တုန်ယင်နေသော လက်များဖြင့် စာရွက်များကို လှန်လှောကြည့်ရှုတော့သည်။

"ဟီး ဟီး ဟီး"

အာတန် က ချွေးများကို သုတ်ရင်း ချူဟန်ကို ဂုဏ်ယူဝင့်ကြွားစွာ ပြုံးပြလိုက်သည်။

"အစ်ကိုကျန်း ဆီကနေ လုလာခဲ့တာ"

အာတန် စကားပြော၍ပင် မဆုံးသေးခင် အဝေးမှနေ၍ ကျန်းယိမင်၏ ဒေါသတကြီး အော်ဟစ်သံ ထွက်ပေါ်လာသည်။

"သောက်ကလေး... ရပ်စမ်း"

ချူဟန်မှာ ဘာပြောရမှန်းမသိအောင် ဖြစ်နေစဉ်မှာပင်...

"ဟင်... ထူးဆန်းတယ်နော်"

ဟယ်ဖေးယွမ်က ရုတ်တရက် အသံထွက်လာသည်။ အလွန် စိတ်ပျက်နေသော လေသံပင် ဖြစ်သည်။

"ဒါ မဟုတ်ဘူးလေ။ ပစ္စည်းစာရင်း ဖြစ်နေတယ်။ လူစာရင်း မဟုတ်ဘူး"

"ချူဟန်... ဦးလေးဟယ်"

အပြေးရောက်လာသော ကျန်းယိမင်သည် သူတို့နှစ်ဦးကို ခေါင်းညိတ် နှုတ်ဆက်လိုက်ပြီးနောက် အာတန် ကို တင်းမာသော မျက်နှာဖြင့် အော်ဟစ်လိုက်သည်။

"ဘယ်သူက မင်းကို သဘောနဲ့ ယူသွားခွင့် ပြုထားလို့လဲ။ တစ်ခွန်းလောက်တော့ ပြောသင့်တယ်လေ"

"ဟီး ဟီး"

အာတန် သည် အနည်းငယ်မျှ အပြစ်ရှိပုံ မပေါ်ဘဲ မျက်နှာပြောင်တိုက်ကာ ရယ်မောလိုက်သည်။

"အစ်ကိုကျန်း... ဒါဆို လူစာရင်းက ဘယ်မှာလဲ။ ကျွန်တော်က အစ်ကိုချူဟန် ကို ကူညီချင်လို့ပါဗျာ"

ကျန်းယိမင်သည် ဘာလုပ်ရမှန်းမသိအောင် ခေါင်းခါလိုက်ပြီးနောက် ချူဟန်ကို လှည့်ကြည့်လိုက်သည်။ သူ၏ မျက်ဝန်းများမှာ အံ့ဩစရာကောင်းလောက်အောင် ရိုးသားပွင့်လင်းနေသည်။

"ဘာ အခက်အခဲ ရှိလို့လဲဗျ"

ချူဟန်ကလည်း အားနာမနေဘဲ တိုက်ရိုက် ဖြေလိုက်သည်။

"ဦးလေးဟယ် က သူ့သားကို လိုက်ရှာနေတာ။ ရှစ်ကျားကျွမ်း စစ်ဒေသထဲကို ဝင်သွားတာ နှစ်နှစ်ရှိပြီတဲ့"

"သွားရှာလိုက်စမ်း"

ကျန်းယိမင်သည် အနည်းငယ်မျှ တွေဝေခြင်းမရှိဘဲ ဘေးရှိ လက်အောက်ငယ်သားကို အမိန့်ပေးလိုက်သည်။

ချက်ချင်းပင် အစစ်အမှန် လူစာရင်း ရောက်ရှိလာတော့သည်။

"ကျွန်တော်... ကျွန်တော် ကြည့်ပါ့မယ်"

ဟယ်ဖေးယွမ်သည် မစောင့်နိုင်တော့သည့်အလား နာမည်စာရင်းကို လှမ်းယူလိုက်သည်။

ကျန်းယိမင်သည် တစ်ခဏမျှ တွေဝေသွားသော်လည်း တားဆီးခြင်း မပြုခဲ့ပေ။ စစ်တပ်၏ လူစာရင်းဆိုသည်မှာ ပြင်ပလူများကို ပြသရန် မသင့်လျော်ပေ။ သို့သော် ရှန်ကျိုတီ နှင့် လော့ရှောင်ရှောင် တို့ကလည်း ကန့်ကွက်ခြင်း မရှိသလို သူကိုယ်တိုင်ကလည်း ထိုမျှလောက် တင်းကြပ်သော စည်းမျဉ်းများကို လိုက်နာသူ မဟုတ်ပေ။

"ဘယ်လိုနေလဲ"

ချူဟန်လည်း ရလဒ်ကို စိတ်ဝင်စားနေသည်။

"ခဏလေး... ငါ ကြည့်တာ မှားသွားလို့လား မသိဘူး"

အစအဆုံး တစ်ခေါက် ကြည့်ပြီးနောက် ရှာမတွေ့သဖြင့် နောက်တစ်ခေါက် သေချာစွာ ထပ်မံ စစ်ဆေးပြီးနောက် ဟယ်ဖေးယွမ်သည် မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။

"မရှိဘူးလား။ ဘာလို့လဲ။ ဘာလို့ မရှိရတာလဲ"

အခက်အခဲပေါင်းများစွာကို ဖြတ်ကျော်လာခဲ့သော စစ်မှုထမ်းဟောင်းကြီးသည် ရုတ်တရက် ပြိုလဲသွားသည့်အလား ပခုံးများ ကျဆင်းသွားတော့သည်။ မျက်စိတစ်မှိတ်အတွင်း ဆယ်နှစ်ခန့် ပိုမို အိုမင်းသွားသည့်အလားပင်။

နာမည်စာရင်းတွင် သားဖြစ်သူ၏ နာမည် မပါဝင်ခြင်းက အဓိပ္ပာယ် နှစ်မျိုးသာ ရှိသည်။ ဟယ်ဖုန်း သေဆုံးသွားခြင်း သို့မဟုတ် ဇွန်ဘီ ဖြစ်သွားခြင်းပင် ဖြစ်သည်။

ကျန်းယိမင်၏ မျက်ဝန်းထဲတွင် သနားကြင်နာမှုများ ဖြတ်ပြေးသွားပြီး ဟယ်ဖေးယွမ်၏ ပခုံးကို အသံတိတ် ပုတ်ပေးလိုက်သည်။ တကယ်တော့ မိသားစုဝင်များကို လာရောက်ရှာဖွေသော ဖြစ်ရပ်များကို သူ အကြိမ်ကြိမ် ကြုံတွေ့ခဲ့ဖူးသည်။ သို့သော် အသက်ရှင်နေသေးသော မိသားစုဝင်နှင့် ပြန်လည်ဆုံတွေ့ရသည့် အဖြစ်အပျက်မျိုးမှာ အလွန် ရှားပါးလှပေသည်။

ချူဟန် မျက်မှောင်ကြုတ်ကာ တစ်ခုခု ပြောရန် ပြင်လိုက်ချိန်မှာပင်...

"ဟယ် က ဟယ်ဖေးယွမ် ရဲ့ ဟယ်၊ ဖုန်း က တောင်ထွတ်ကို ခေါ်တဲ့ ဖုန်း လား"

ဘယ်အချိန်ကတည်းက အနီးသို့ ရောက်ရှိနေမှန်း မသိသော ဝမ်ချီရှန်း က ရုတ်တရက် အသံထွက်လာလေသည်။

အခန်း (၁၆၂) လမ်းခွဲခြင်း

"ဟာ... ဟုတ်ပါတယ်။ ဟုတ်ပါတယ်ဗျာ"

ဟယ်ဖေးယွမ်၏ မျက်လုံးများ ပြူးကျယ်သွားပြီး အရောင်များ တောက်ပလာသည်။ သူသည် စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်ချက်များ ရောယှက်နေသော မျက်နှာဖြင့် မျက်မှောက်ရှိ ဩဇာအပြည့်ရှိသော အဘိုးအိုကို စိုက်ကြည့်လိုက်သည်။

ဝမ်ချီရှန်းက သဘောကောင်းသော အပြုံးတစ်ခု ပြုံးပြလိုက်သည်။ နှစ်ပေါင်းများစွာ စစ်တပ်၏ ရာထူးကြီးများကို ယူထားခဲ့သူ တစ်ဦး၏ မာနထောင်လွှားမှုမျိုး အနည်းငယ်မျှ မပါဝင်ဘဲ သူ၏ လေသံမှာ အလွန် တည်ငြိမ်ပျော့ပျောင်းနေသည်။

"ခင်ဗျားက သူ့အဖေလား"

"ဟုတ်ပါတယ်။ ဟုတ်ပါတယ်ဗျ"

ဟယ်ဖေးယွမ်မှာ အလွန်အမင်း စိတ်လှုပ်ရှားနေသဖြင့် တစ်ကိုယ်လုံး တုန်ယင်နေတော့သည်။

"ကျွန်တော့်သား ဟယ်ဖုန်း က သက်ရှိထင်ရှား ရှိနေသေးတာလားဗျာ။ ဒါမှမဟုတ်..."

"စိတ်ချပါ။ သူ သက်ရှိထင်ရှား ရှိပါသေးတယ်"

ဝမ်ချီရှန်းက တစ်ခုခုကို သတိရသွားဟန်ဖြင့် အနည်းငယ် ချီးကျူးချင်သော လေသံဖြင့် ပြောလိုက်သည်။

"သူက တကယ်ကို ထူးချွန်တဲ့ လူငယ်လေးပါ။ ခင်ဗျားရဲ့ သားက တကယ်ကို အားကိုးရတဲ့ လူတော်တစ်ယောက်ပါ။ ဒါပေမဲ့ သူက ကျွန်တော်တို့ထက်စောပြီး ရှေ့ပြေးတပ်ဖွဲ့နဲ့ ဆုတ်ခွာသွားလို့ ဒီတပ်ဖွဲ့ထဲမှာ မရှိတာပါ"

သားဖြစ်သူ အသက်ရှင်နေသေးကြောင်း သတင်းကောင်းကို ကြားလိုက်ရသဖြင့် ဟယ်ဖေးယွမ်၏ မျက်လုံးများမှနေ၍ မျက်ရည်များ အဆက်မပြတ် စီးကျလာတော့သည်။

ဒီအထိ ဖြတ်သန်းလာခဲ့ရသော ကြမ်းတမ်းခက်ခဲသည့် လမ်းခရီးမှာ အချည်းနှီး မဖြစ်ခဲ့ပေ။ ထို နက်ရှိုင်းပြီး မွန်မြတ်လှသော မိသားစု သံယောဇဉ်က ပတ်ဝန်းကျင်ရှိ လူငယ်စစ်သားများစွာ၏ ရင်ကို အမှန်တကယ်ပင် နွေးထွေးသွားစေခဲ့သည်။

"ကျွန်တော်တို့နဲ့အတူ လိုက်ခဲ့ပါ။ ကျွန်တော်တို့က အခု ရှန်ကျင်း ကို သွားမှာပါ။ ခင်ဗျားရဲ့သားလည်း ရှန်ကျင်း ကို သွားနေတာပါပဲ။ ကျွန်တော်တို့ ခရီးစဉ်ကို အရှိန်မြှင့်လိုက်ရင် လမ်းမှာ သူ့ကို အမီလိုက်နိုင်လောက်တယ်"

ဝမ်ချီရှန်းက ထိုသို့ပြောရင်း ချူဟန်ထံသို့ အကြည့်တစ်ချက် ဝေ့ကြည့်လိုက်သည်။

"ဟုတ်ကဲ့ပါဗျာ။ သေချာပေါက် လိုက်ခဲ့မှာပေါ့"

ဟယ်ဖေးယွမ်သည် ချက်ချင်းပင် လက်ခံလိုက်သည်။

"ချူဟန်... မင်းလေးကကော"

ဝမ်ချီရှန်းက ပြုံးလိုက်ပြီး ပါးရေတွန့်များ ပြည့်နှက်နေသော မျက်နှာပေါ်တွင် မထီမဲ့မြင် အပြုံးတစ်ခု ပေါ်လွင်လာသည်။

"တစ်ချိန်ချိန် ဟယ်ဖုန်း နဲ့ တွေ့တဲ့အခါကြရင် မင်း အခုလိုမျိုး မာနကြီးနိုင်သေးလား ဆိုတာ စောင့်ကြည့်ရသေးတာပေါ့"

ထိုစကားထဲတွင် သိသာထင်ရှားသော စိန်ခေါ်လိုစိတ်များ ပါဝင်နေသည်။ ချူဟန် နှင့် ဟယ်ဖုန်း တို့ ထိပ်တိုက် ရင်ဆိုင်တွေ့ဆုံမည့် အချိန်ကို အလွန် မျှော်လင့်နေသည့်အလားပင် ဖြစ်သည်။

ချူဟန်သည် ဝမ်ချီရှန်း၏ စိန်ခေါ်မှုကို ဂရုမစိုက်ဘဲ ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီး ဟယ်ဖေးယွမ်၏ ပခုံးကို ညင်သာစွာ ပုတ်ပေးလိုက်သည်။

"ဦးလေးဟယ် သားဖြစ်သူနဲ့ မြန်မြန် ပြန်ဆုံနိုင်ပါစေဗျာ"

"အင်း။ ကျေးဇူးပါပဲကွာ"

ဟယ်ဖေးယွမ် ခေါင်းတဆက်ဆက် ညိတ်လိုက်ပြီးနောက် ရုတ်တရက် တစ်ခုခုကို သတိထားမိသွားသည့်အလား ခေါင်းမော့ကြည့်လိုက်သည်။

"ချူဟန်... မင်းကရော။ မင်းက ရှန်ကျင်း ကို မလိုက်ဘူးလား"

ထိုစကားကြောင့် စစ်တပ်နှင့်အတူ ထွက်ခွာရန် ပြင်ဆင်နေသော ပတ်ဝန်းကျင်ရှိ လူများ၏ လှုပ်ရှားမှုများ တိခနဲ ရပ်တန့်သွားကြသည်။ ဘေးတွင် စစ်ဆရာဝန် တာဝန်များကို လွှဲပြောင်းယူရန် ပြင်ဆင်နေသော ရှန်ကွမ်းယွီရှင်း ပင်လျှင် အံ့အားသင့်မှုကြောင့် မျက်လုံးများ ပြူးကျယ်သွားတော့သည်။

ချူဟန်က သူတို့နဲ့အတူ မလိုက်ဘူး ဟုတ်လား။

"ကျွန်တော် မသွားဘူး"

ချူဟန်၏ မျက်နှာပေါ်တွင် အလွန် တည်ငြိမ်သော အပြုံးတစ်ခု ရှိနေသည်။

ဝမ်ချီရှန်းမှာ လုံးဝ အံ့အားသင့်သွားသည်။

ချူဟန် ဤသို့ ဆုံးဖြတ်ချက်ချလိမ့်မည်ဟု သူ အိပ်မက်တောင် မမက်ဖူးပေ။ သူ၏ အမြင်တွင် ဤလူငယ်လေး၌ ကြီးမားသော ရည်မှန်းချက်များ ရှိနေကြောင်း သိသာနေပေသည်။ စစ်တပ်နှင့်အတူ ရှန်ကျင်း သို့ ဝင်ရောက်နိုင်မည့် အခွင့်အရေးကောင်းကို လက်လွှတ်ခံမည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။

'ငါ တွက်တာ မှားသွားတာလား။ ဒါမှမဟုတ် ငါ့ထက်ပိုပြီး လည်ချင်နေတာလား'

ဝမ်ချီရှန်း၏ စူးစမ်းသော အကြည့်ကို ချူဟန် အနည်းငယ်မျှ ဂရုမစိုက်ပေ။ သူ၏ နှုတ်ခမ်းအစုံက ဘယ်သူမှ ထင်မထားမိသည့် အပြုံးကွေးလေးတစ်ခုအဖြစ် ပြောင်းလဲသွားချေပြီ။

"ဦးလေးဟယ် က သူ့သားကို လိုက်ရှာနေသလိုပဲ ကျွန်တော့်မှာလည်း လိုက်ရှာရမယ့် မိဘတွေ ရှိနေတယ်။ ဒါကြောင့် ခင်ဗျားတို့နဲ့ ဒီနေရာမှာပဲ လမ်းခွဲရလိမ့်မယ်"

မိဘများကို လိုက်ရှာမည်။

ထိုစကားတစ်ခွန်း ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ဆူညံနေသော ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။

မျက်စိဖြင့် မမြင်နိုင်သော ကြည်နူးမှုများက လှိုင်းဂယက်များပမာ ပြန့်နှံ့သွားသည်။ လူများက ချူဟန်ကို ကြည့်သော အကြည့်များ နောက်တစ်ကြိမ် ပြောင်းလဲသွားပြန်သည်။ အားကျလေးစားမှု၊ ကြောက်ရွံ့မှုများအပြင် သိမ်မွေ့သော်လည်း ခိုင်မာသော ရိုသေလေးစားမှုများပါ ရောယှက်လာတော့သည်။

ကမ္ဘာပျက်ကပ်ထဲတွင် မိဘများက သားသမီးကို လိုက်ရှာသည်မှာ သဘာဝကျပေသည်။ သို့သော် မျှော်လင့်ချက်မဲ့နေသော အခြေအနေများအောက်တွင် သားသမီးတစ်ယောက်က မိဘကို ပထမဦးစားပေး စဉ်းစားနိုင်မည်လား။ ထိုမျှလောက် နက်ရှိုင်းသော သံယောဇဉ်ကို လူဘယ်နှယောက်ကများ ပိုင်ဆိုင်ထားပါသနည်း။

ဝမ်ချီရှန်း၏ နှလုံးခုန်သံ အနည်းငယ် မြန်ဆန်သွားပြီး တစ်ချိန်တည်းမှာပင် သိမ်မွေ့သော အပြစ်ရှိစိတ်တစ်ခု ဖြစ်ပေါ်လာသည်။

ချူဟန်… ပိုင်ယွန့်အာ နှင့် လော့ရှောင်ရှောင် တို့ နှစ်ယောက်စလုံးက တစ်ပြိုင်နက်တည်း အသိအမှတ်ပြုထားသော လူတစ်ယောက်ဆိုသည့် ဂုဏ်ပုဒ်နှင့် အမှန်တကယ်ပင် ထိုက်တန်ပေသည်။

"သမီးလည်း မလိုက်ဘူး"

ရုတ်တရက် လော့ရှောင်ရှောင်က ဘေးမှနေ၍ ပြေးထွက်လာပြီး ချူဟန်၏ ပေါင်ကို ဖက်တွယ်လိုက်သည်။ သူမက ချွဲနွဲ့သော အသံဖြင့် ပြောလိုက်သည်။

"ကိုကိုချူဟန် သွားတဲ့ နေရာတိုင်းကို သမီး လိုက်မှာပဲ"

ဝမ်ချီရှန်းမှာ လန့်ဖျပ်သွားပြီး တင်းမာသော မျက်နှာထားကို ချက်ချင်း ဖန်တီးရန် ကြိုးစားလိုက်သော်လည်း လော့ရှောင်ရှောင်၏ နီရဲနေသော မျက်လုံးများကို မြင်လိုက်ရသည်။

အာဏာ၏ အထွတ်အထိပ်တွင် ကြာမြင့်စွာ နေထိုင်လာခဲ့သော ဗိုလ်ချုပ်ကြီးသည် ရင်ထဲတွင် တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။ ချူဟန်၏ နက်ရှိုင်းသော သံယောဇဉ်ကြောင့် သူပင်လျှင် စိတ်လှုပ်ရှားသွားရသည်။ လော့ရှောင်ရှောင် ဆိုလျှင် ပို၍ပင် ဆိုးရွားမည်မှာ သေချာပေသည်။

ချူဟန်သည် လော့ရှောင်ရှောင်၏ ခေါင်းသေးသေးလေးကို ပွတ်သပ်ပေးလိုက်သည်။

"လိမ္မာတယ်နော်။ အဘိုးဝမ် နဲ့အတူ ရှန်ကျင်း ကို လိုက်သွားလိုက်"

"ဟင့်အင်း"

လော့ရှောင်ရှောင်မှာ ခေါင်းမာစွာဖြင့် လုံးဝ အလျှော့မပေးပေ။

ဝမ်ချီရှန်းမှာ ရင်ထဲတွင် ပူပန်နေလေပြီ။ အကယ်၍ လော့ရှောင်ရှောင်သာ ချူဟန်နောက်သို့ လိုက်မည်ဟု အတင်းအကြပ် ပြောဆိုနေပါက သူလည်း ရှန်ကျင်း သို့ ပြန်နိုင်မည် မဟုတ်ပေ။ အနည်းဆုံးတော့ ဤ သခင်မလေး ကို လမ်းခရီးတစ်လျှောက်လုံး အကာအကွယ်ပေးရန် အတူတကွ လိုက်ပါသွားရမည် ဖြစ်သည်။

ချူဟန်သည် လော့ရှောင်ရှောင်၏ နောက်ဆုံး တွယ်တာမှုကို ဖြတ်တောက်ပစ်ရန် အဝေးတွင်ရှိနေသော ချန်ရှောက်ရယ်ထံသို့ လက်ယပ်ခေါ်လိုက်သည်။

"ဖက်တီး... ဒီကိုလာခဲ့"

"ဟုတ်ကဲ့ ဘော့စ်"

ချန်ရှောက်ရယ်သည် ဘာကိုမျှ သတိထားမိဟန်မပေါ်ဘဲ ပြေးလာခဲ့သည်။ သူ၏ အမြင်တွင် ဘော့စ် ဘယ်နေရာသွားသွား သူ နောက်မှ လိုက်သွားရုံသာ ဖြစ်သည်။

ချွေးသံတရွှဲရွှဲဖြင့် ဟိုဟိုဒီဒီ ပြေးလွှားနေသော ချန်ရှောက်ရယ်ကို ချူဟန်က ကျေနပ်စွာ စိုက်ကြည့်လိုက်သည်။ ထို့နောက် လူတိုင်း အကြားအာရုံကိုပင် သံသယဝင်သွားစေမည့် စကားကို ပြောလိုက်တော့သည်။

"မင်း လော့ရှောင်ရှောင် တို့နဲ့အတူ လိုက်သွားလိုက်။ လမ်းမှာ သူတို့ကို သေချာ စောင့်ရှောက်ပေးလိုက်"

ချန်ရှောက်ရယ်၏ မျက်နှာပေါ်မှ အပြုံးများ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားတော့သည်။ လော့ရှောင်ရှောင် အပါအဝင် ပတ်ဝန်းကျင်ရှိ လူများ၏ မျက်နှာပေါ်တွင်လည်း အံ့အားသင့်မှုများ ဖြတ်ပြေးသွားသည်။

ချန်ရှောက်ရယ်သည် ချူဟန်အပေါ် မည်မျှတိုင်အောင် သစ္စာရှိသည်ကို မြင်ရုံဖြင့် မည်သူမဆို သိနိုင်ပေသည်။ သို့ပါလျက်နှင့် ချူဟန်က သူ့ကို နှင်ထုတ်နေသည် ဟုတ်လား။

"ဘော့စ်..."

ချန်ရှောက်ရယ်၏ ဝဝကစ်ကစ် မျက်နှာပေါ်တွင် မယုံကြည်နိုင်သော အမူအရာများ ပေါ်လွင်လာသည်။

"ကျွန်တော် ဘာအမှားလုပ်မိလို့လဲ။ ကျွန်တော့်ကို မောင်းထုတ်တော့မလို့လား"

"မင်း အများကြီး ကြိုးစားပေးခဲ့ပါတယ်။ မင်း တကယ် ကောင်းကောင်း လုပ်နိုင်ခဲ့လို့သာ မင်းကို ငါနဲ့အတူ ခေါ်မသွားနိုင်တာပါ"

ချူဟန်၏ စကားတွင် လိမ်ညာမှု အလျဉ်းမရှိပေ။ အန်းလော် မြို့သို့ သွားမည့် လမ်းခရီးတစ်လျှောက်တွင် မည်သည့်အရာများ စောင့်ကြိုနေမည်ကို စိတ်ကူးဖြင့်ပင် မမှန်းဆနိုင်ပေ။ ချန်ရှောက်ရယ်သည် အနာဂတ်တွင် အထွတ်အထိပ်သို့ ရောက်ရှိသင့်သော သူဖြစ်သည်။ မိမိနောက်သို့ ဆက်လက် လိုက်ပါလာခိုင်းမည်ဆိုပါက သူ၏ တိုးတက်မှုကို အဟန့်အတား ဖြစ်စေလိမ့်မည် ဖြစ်သည်။

အချိန်အကြာကြီး အတူတကွ ဖြတ်သန်းလာပြီးနောက် ချန်ရှောက်ရယ်၊ ရှန်ကျိုတီ၊ ချန်ရှန်ကော် ကဲ့သို့သော သူများသည် ချူဟန်အတွက် သစ္စာရှိမှု ဟူသော ကိန်းဂဏန်းများသက်သက် မဟုတ်တော့ပေ။

၎င်းမှာ မိတ်ဆွေသံယောဇဉ် ဟု ခေါ်ဆိုရမည့် ခိုင်မာသော သံယောဇဉ်ကြိုးများ ဖြစ်လာခဲ့လေပြီ။

"မရဘူး"

ချန်ရှောက်ရယ်သည် ခေါင်းမာသော မျက်လုံးများဖြင့် ချူဟန်ကို စိုက်ကြည့်လိုက်သည်။ သစ္စာရှိမှု ၁၀၀% ဖြစ်နေစေကာမူ သူ၏ ဆန္ဒကို ချူဟန် ပြောင်းလဲ၍ မရနိုင်ပေ။

ချူဟန် သက်ပြင်းချလိုက်မိသည်။

"မင်းတို့တွေ အခုနောက်ပိုင်း ငါပြောတာကို ဘယ်သူမှ နားမထောင်ကြတော့ပါလား"

"နားမထောင်ဘူး။ ကျွန်တော် ဘယ်မှ မသွားဘူး။ ဘော့စ် ရဲ့ နောက်ကို တစ်သက်လုံး လိုက်မှာပဲ"

ချန်ရှောက်ရယ် က ခေါင်းမာစွာ ငြင်းဆန်လိုက်သည်။

ချူဟန်သည် ချန်ရှောက်ရယ်၏ ပခုံးကို ညင်သာစွာ ပုတ်ပေးလိုက်သည်။ ထိုအပြုံးမှာ ယခင်ကနှင့်မတူဘဲ အလွန် နူးညံ့ပျော့ပျောင်းနေသည်။

"ဒီတစ်ခါတော့ စကားနားထောင်လိုက်ပါကွာ"

"ဘော့စ်"

ချန်ရှောက်ရယ် အသံများ တုန်ယင်လာပြီး နီရဲနေသော မျက်လုံးများဖြင့် ချူဟန်၏ ရင်ကို ပြင်းထန်စွာ ရိုက်ခတ်သွားစေမည့် စကားကို ပြောလိုက်သည်။

"ကျွန်တော့်ကို စစ်တပ်နဲ့အတူ ရှန်ကျင်း ကို လွှတ်ချင်တယ်ပေါ့လေ။ ယွဲ့ဇီ၊ ဆူးရှင်း နဲ့ လုဟုန်ရှန်း တို့ကလည်း တခြားနေရာ ရောက်နေပြီ။ ဒီလောက် လူအများကြီး ထွက်သွားရင် ဘော့စ် တစ်ယောက်တည်း ကျန်ခဲ့မှာပေါ့"

ချန်ရှောက်ရယ်၏ စကားကြောင့် စစ်သားအများစု အံ့အားသင့်သွားကြသည်။ ဝမ်ချီရှန်း ပင်လျှင် အံ့အားသင့်မှုကို ဖုံးကွယ်မထားနိုင်ခဲ့ပေ။

သူတို့၏ အမြင်တွင် ချန်ရှောက်ရယ်၏ စွမ်းရည်မှာ ဘယ်နေရာရောက်ရောက် လိုချင်သူ ပေါများမည်မှာ သေချာပေသည်။ လုံးဝ လွဲချော်ခြင်းမရှိသော သူ၏ နတ်ဘုရားတစ်ပါးပမာ သေနတ်ပစ်စွမ်းရည်မှာ စစ်တပ်အတွင်း၌ပင် သတင်းမွှေးနေပြီ ဖြစ်သည်။ ချူဟန် သာမက ချန်ရှောက်ရယ် ကိုပါ ဝမ်ချီရှန်း က ပထမဦးစားပေး အနေဖြင့် ပြုစုပျိုးထောင်ရန် မျက်စိကျနေခဲ့ခြင်း ဖြစ်သည်။

သို့ပါလျက်နှင့် ဤ ဖက်တီးချန် သည် ချူဟန် တစ်ယောက်တည်းအတွက်သာ အသည်းအသန် ပူပန်နေသည်။

"ချူဟန်"

ရှန်ကျိုတီ လည်း အနီးသို့ လျှောက်လာသည်။ အလှတရား၏ အထွတ်အထိပ်ဟု ဆိုရမည့် ဤအမျိုးသမီး၏ မျက်ဝန်းထဲတွင် စကားဖြင့် ဖော်ပြ၍မရနိုင်လောက်သော သံယောဇဉ်များ ပြည့်နှက်နေသည်။

"ကျွန်မရယ်၊ လော့ရှောင်ရှောင်ရယ် လိုက်လို့မရရင်တောင် ချန်ရှောက်ရယ် ကိုတော့ ခေါ်သွားလိုက်ပါ။ အန်းလော် မြို့က အဝေးကြီးပဲ။ ပြီးတော့ အရမ်းလည်း အန္တရာယ်များတယ်လေ"

"ရပါတယ်။ မလိုဘူး"

ချူဟန်၏ ဆုံးဖြတ်ချက်မှာ အလွန် ခိုင်မာနေပြီး လူအားလုံး၏ ဖြောင်းဖျမှုများကို ပိတ်ပင်လိုက်သည်။

"ငါ တစ်ယောက်တည်း သွားမယ်။ မင်းတို့အားလုံး စစ်တပ်နဲ့အတူ ရှန်ကျင်း ကို သွားကြ"

ချူဟန်၏ မျက်ဝန်းထဲတွင် မည်သည့် ငြင်းဆန်မှုကိုမျှ လက်မခံသော ပကတိ ပြတ်သားသည့် ဆန္ဒများ ကိန်းအောင်းနေသည်။

ဘေးမှ စောင့်ကြည့်နေသော ဝမ်ချီရှန်း ပင်လျှင် အသက်ရှူမှားသွားရသည်။ ၎င်းမှာ အသက်နှစ်ဆယ်အရွယ် တက္ကသိုလ်ကျောင်းသားတစ်ယောက်တွင် ရှိနိုင်သော လွှမ်းမိုးနိုင်စွမ်း လုံးဝ မဟုတ်ပေ။ ချူဟန်ဆိုသော ဤလူငယ်လေးမှာ တကယ်ပဲ ကြောက်စရာကောင်းလောက်တဲ့ နောက်ခံများ ရှိနေတာလား။

"ဘော့စ်... ကျွန်တော် ခြောက်လပဲ စောင့်မယ်။ ခြောက်လပြည့်လို့မှ ရှန်ကျင်း ကို ရောက်မလာရင် ဘော့စ် သွားခဲ့တဲ့ လမ်းကြောင်းအတိုင်း ပြန်ဆင်းပြီး လိုက်ရှာမှာနော်"

ချန်ရှောက်ရယ် သည် ချူဟန်နောက်သို့ တစ်သက်လုံး လိုက်ရန် ဆုံးဖြတ်ချက် ချထားပြီး ဖြစ်သည်။

ချူဟန် တစ်ခဏမျှ အံ့အားသင့်သွားသော်လည်း ရယ်မောကာ ပြန်ဖြေလိုက်သည်။

"အေးပါ... နားလည်ပါပြီ"

ချူဟန်၏ ဆုံးဖြတ်ချက်ကြောင့် စိတ်အားထက်သန်နေကြသော အသက်ရှင်ကျန်ရစ်သူများအားလုံး နေပူမိသော သစ်ရွက်များပမာ ညှိုးနွမ်းသွားကြတော့သည်။

ကျန်းယိမင်၏ အမိန့်ပေးမှုဖြင့် တပ်ဖွဲ့ကို ပြန်လည်ဖွဲ့စည်းခြင်းများ ပြီးဆုံးသွားကာ နောက်ဆုံးတွင် ထွက်ခွာရန် အချိန်ကျရောက်လာလေပြီ။

ဆူညံမှုများနှင့် ကင်းကွာကာ ချူဟန်သည် သံချပ်ကာ ဂျစ်ကားပေါ်၌ တစ်ယောက်တည်း ထိုင်ကာ လူအားလုံး ထွက်ခွာသွားသည်ကို တိတ်ဆိတ်စွာ စောင့်ကြည့်နေလေတော့သည်။

All Chapters