← Chapters

အခန်း (၁၆၅-၁၆၆)

Vol. 17 Ch. 165-166

အခန်း (၁၆၅-၁၆၆)

Vol. 17 Ch. 165-166

အခန်း (၁၆၅) စစ်အင်အား အဆင့်သတ်မှတ်ချက်

ကျောက်နံရံကြီး၏ မျက်နှာပြင်မှာ အကွက်ဆယ့်တစ်ကွက် အတိအကျ ပိုင်းခြားထားသည်။

အကွက်တစ်ခုစီ၏ အပေါ်ဆုံးတွင် ထင်ရှားလှသော စာလုံးကြီးများကို ထွင်းထုထားသည်။ အဆင့် (၁) မှစ၍ အဆင့် (၁၀) အထိ နယ်ပယ် ၁၀ ခု ရှိသည်။ အလယ်ဗဟိုရှိ အကွက်တစ်ခုတည်းသာလျှင် ဘာစာသားမှ မရှိဘဲ လုံးဝ လွတ်နေသည်။

မကြာမီ အနာဂတ်တွင် ဤကျောက်နံရံကြီးပေါ်၌ ရေတွက်၍မရနိုင်သော နာမည်များ ကမ္ပည်းတင်ခံရတော့မည် ဖြစ်သည်။

သောင်းသန်းချီသော လူအများက ထိုနေရာ၌ သူတို့၏ နာမည်ကို ကမ္ပည်းတင်နိုင်ရန် ရူးသွပ်စွာ မျှော်လင့်တောင့်တကြပေလိမ့်မည်။ တရုတ် နိုင်ငံရှိ အသက်ရှင်ကျန်ရစ်သူ အားလုံး အားကျလေးစားရသည့် ဂုဏ်ကျက်သရေရှိသော စာရင်းကြီးဖြစ်သည်။

ထိပ်တန်းစွမ်းအားရှင် အဆင့်သတ်မှတ်ချက်စာရင်း

အဆင့် (၁) မှ အဆင့် (၁၀) အထိ တိကျစွာ ခွဲခြားပေးထားသည်။ အလယ်ဗဟို၌ ရှိနေသော ကွက်လပ်မှာ အဆင့်အားလုံးကို စုပေါင်းထားသည့် တိုက်ခိုက်ရေး စွမ်းအားရှင် အဆင့်သတ်မှတ်ချက် ဖြစ်ပြီး အမြင့်မြတ်ဆုံး နေရာလည်း ဖြစ်သည်။

ဤကဲ့သို့သော ကျောက်နံရံကြီးမျိုးမှာ ကမ္ဘာတစ်ဝန်းလုံး၌ နေရာအနှံ့ ပေါ်ပေါက်နေခြင်း ဖြစ်သည်။ ၎င်းမှာ လူသားများ ဖန်တီးထားခြင်း လုံးဝ မဟုတ်ပေ။ ယခင်က ဘာမျှမရှိသော နေရာတစ်ခုတွင် မျက်စိတစ်မှိတ်အတွင်း ရုတ်တရက် ပေါ်လာခြင်းမျိုး ဖြစ်သည်။ မည်သို့ ပေါ်ပေါက်လာသနည်း၊ မည်သို့ ဖြစ်တည်လာသနည်း ဆိုသည့် လျှို့ဝှက်ချက်ကို မည်သူတစ်ဦးတစ်ယောက်ကမျှ မသိရှိကြပေ။

ယခု ချူဟန် စုပ်ယူခံလိုက်ရသော နေရာမှာ အဆင့်(၁) ၏ ဝင်ပေါက်ပင် ဖြစ်သည်။

အဆင့်(၁) ဆင့်ကဲပြောင်းလဲသူ သို့မဟုတ် စွမ်းရည်မြှင့်တင်သူ မည်သူမဆို ဤနေရာသို့ ဝင်ရောက်နိုင်ပေသည်။ ဘေးကပ်လျက်ရှိ ကျောက်နံရံမှာ အဆင့်(၂)ဝင်ပေါက် ဖြစ်သည်။

ဝင်ပေါက်ကို ဖြတ်ကျော်သွားသည်နှင့် တစ်ခြားကမ္ဘာတစ်ခု၏ အာကာသဟင်းလင်းပြင်ထဲသို့ ရောက်ရှိသွားမည်ဖြစ်ပြီး အတွင်း၌ စမ်းသပ်မှု အမျိုးမျိုး စောင့်ကြိုနေမည် ဖြစ်သည်။ ထိုစမ်းသပ်မှုများကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ပါက ကျောက်နံရံကြီးမှ တိုက်ခိုက်ရေး စွမ်းအားရှင် အမှတ်စဉ် သတ်မှတ်ပေးမည်ဖြစ်ပြီး အဆင့်စာရင်းတွင် နာမည် ကမ္ပည်းတင်ခံရမည် ဖြစ်သည်။

၎င်းမှာ နောင်တစ်ခေတ်၌ နောင်တစ်ချိန်၌ လူတိုင်းသိရှိကြမည့် စွမ်းအားရှင် အဆင့်သတ်မှတ်ချက်စာရင်း၏ အစအနပင် ဖြစ်တော့သည်။

အဆင့်စာရင်းတွင် နာမည်ပါဝင်ခြင်းမှာ ဂုဏ်ကျက်သရေသက်သက် မဟုတ်ပေ။ ၎င်းမှာ မိမိ၏ တန်ဖိုး နှင့် တိုက်ရိုက် သက်ဆိုင်နေပေသည်။

အထူးသဖြင့် တိုက်ခိုက်ရေး စွမ်းအားရှင် အဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံး အယောက် ၁၀၀ စာရင်းဝင်သွားမည်ဆိုပါက လူတိုင်း ကိုးကွယ်ယုံကြည်ရသည့် အကြွင်းမဲ့ တည်ရှိမှုတစ်ခု ဖြစ်လာမည် ဖြစ်သည်။

၎င်းနောက်မှ ဩဇာလွှမ်းမိုးမှု အရှိဆုံးမှာ အဆင့် (၁၀) နှင့် အဆင့် (၉) ကဲ့သို့သော အဆင့်စာရင်းများ ရှိသော်လည်း ထိုကဲ့သို့သော ထိပ်တန်းအဆင့်စာရင်းများ၌ ပါဝင်နိုင်သူမှာ အလွန်တရာ နည်းပါးလှပေသည်။ ဆင့်ကဲပြောင်းလဲသူဖြစ်စေ၊ စွမ်းရည်မြှင့်တင်သူ ဖြစ်စေ အဆင့်မြင့်လာသည်နှင့်အမျှ အဆင့်တက်ရန် အခက်အခဲမှာလည်း အဆပေါင်းများစွာ မြင့်တက်လာသောကြောင့် ဖြစ်သည်။

အထူးသတိပြုရမည့် အချက်မှာ တိုက်ခိုက်ရေး စွမ်းအားရှင် အဆင့်သတ်မှတ်ချက် ကျောက်နံရံကြီးများမှာ တရုတ် နိုင်ငံ နေရာအနှံ့အပြား၌ တည်ရှိနေခြင်း ဖြစ်သည်။ ထိုနေရာ၌ပင် ထာဝရ တည်ရှိနေမည့် ကျောက်နံရံများ ရှိသလို အချိန်အတိုင်းအတာ တစ်ခုရောက်လျှင် ရုတ်တရက် ပျောက်ကွယ်သွားပြီး အခြားတစ်နေရာ၌ ပြန်လည် ထွက်ပေါ်လာမည့် ကျောက်နံရံများလည်း ရှိသည်။ သို့သော် ၎င်းတို့မှာ အမှန်တကယ် လက်ဆုပ်လက်ကိုင်ပြနိုင်သော ဒြပ်ဝတ္ထုများ ဖြစ်ကြသည်။

သိပ္ပံပညာဖြင့် လုံးဝ ရှင်းပြ၍မရနိုင်သော သဘာဝလွန် တည်ရှိမှုများပင် ဖြစ်သည်။

ချူဟန် ကျောက်နံရံကြီးထဲသို့ ဝင်ရောက်သွားသည်နှင့်တစ်ပြိုင်နက် ပြန်လည်စတင်ခြင်း စနစ် က သူ့ကို အံ့အားသင့်စရာ အသစ်တစ်ခု ယူဆောင်လာပေးသည်။

မည်သည့် အရိပ်အယောင်မျှ မရှိဘဲ စက်ရုပ်သံတစ်ခုက သူ၏ ခေါင်းထဲ၌ ပဲ့တင်ထပ်လာတော့သည်။

[ E0067 အခြားကမ္ဘာ ဝင်ပေါက်ကို ရှာဖွေတွေ့ရှိပါသည်။ စနစ် ချိတ်ဆက်နေပါသည် ]

ထို့နောက် ပြန်လည်စတင်ခြင်း စနစ်၏ အသံနှင့် လုံးဝ မတူညီသော အခြားအသံတစ်ခု ထွက်ပေါ်လာသည်။

[အဆင့်(၁) ဆင့်ကဲပြောင်းလဲသူ။ ဝင်ရောက်ခွင့် သတ်မှတ်ချက် ပြည့်မီပါသည်။ စမ်းသပ်မှုကို စတင်မည်လား ]

ဆင့်ကဲပြောင်းလဲသူဖြစ်စေ၊ စွမ်းရည်မြှင့်တင်သူဖြစ်စေ မိမိ၏ အဆင့်နှင့် ကိုက်ညီသော ကျောက်နံရံ ဝင်ပေါက်ကို ရွေးချယ်ရမည် ဖြစ်သည်။

လက်ရှိ ချူဟန်သည် ဘယ်ဘက်အစွန်ဆုံးရှိ အဆင့်(၁) ဝင်ပေါက် ကျောက်နံရံကိုသာ ရွေးချယ်နိုင်ပေသည်။ သာမန်လူများ၊ ဇွန်ဘီများ၊ တိရစ္ဆာန်များ သို့မဟုတ် သတ်မှတ်ထားသော အဆင့်သို့ မရောက်ရှိသေးသူများ အတင်းအကြပ် ဝင်ရောက်ရန် ကြိုးစားပါက အပြင်ဘက်ရှိ ကျားသစ် နှစ်ကောင်ကဲ့သို့ ကျောက်နံရံကို ဝင်တိုက်မိပြီး သွေးသံရဲရဲ ဖြစ်သွားရုံမှတစ်ပါး အခြားမရှိပေ။

ကွဲပြားခြားနားသော အသံနှစ်ခု တစ်ပြိုင်နက်တည်း ထွက်ပေါ်လာသဖြင့် ချူဟန်မှာ ဆွံ့အသွားတော့သည်။

သူ ဆွံ့အသွားရခြင်းမှာ ဤကျောက်နံရံကြီး၌ E0067 ဟူသော အခြားကမ္ဘာတစ်ခု ပုန်းကွယ်နေခြင်းကြောင့် မဟုတ်ပေ။ ပြန်လည်စတင်ခြင်း စနစ်က ၎င်းကို ရှာဖွေ တွေ့ရှိသွားသည့် အမှန်တရားကြောင့် ဖြစ်သည်။ ထောက်လှမ်းသိရှိနိုင်လိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့သောကြောင့် ဖြစ်ပေသည်။

ကျောက်နံရံများ၏ ဂုဏ်သတ္တိမှာ တစ်နေရာနှင့်တစ်နေရာ မတူညီကြပေ။

တိုက်ခိုက်ရေး စွမ်းအားကို စမ်းသပ်ပြီး အဆင့်သတ်မှတ်ချက် ထုတ်ပေးရုံ သက်သက်သာဖြစ်သော ကျောက်နံရံများ ရှိသလို အခြားကမ္ဘာတစ်ခုကို ဖုံးကွယ်ထားသော ကျောက်နံရံများလည်း ရှိသည်။

အတိတ်ဘဝတွင် ဤနေရာရှိ ကျောက်နံရံ၌ အခြားကမ္ဘာတစ်ခု ပုန်းကွယ်နေကြောင်းကို မရည်ရွယ်ဘဲ ရှာဖွေတွေ့ရှိခဲ့သည်မှာ ကမ္ဘာပျက်ကပ် စတင်ပြီး ၂ နှစ်ခန့်အကြာမှ ဖြစ်သည်။ ထိုအချိန်မှစ၍ နေရာအနှံ့ရှိ ကျောက်နံရံများတွင် အခြားကမ္ဘာများကို ရှာဖွေသည့် လှုပ်ရှားမှုကြီး ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

[ စမ်းသပ်မှုကို စတင်မည်လား ]

ကျောက်နံရံ၏ စက်ရုပ်သံက နောက်တစ်ကြိမ် ထွက်ပေါ်လာပြီး ချူဟန်၏ အတွေးများကို လက်တွေ့ကမ္ဘာသို့ ပြန်လည် ဆွဲခေါ်လာခဲ့သည်။

"အင်း"

တိုတောင်းစွာ ဖြေလိုက်ပြီးနောက် ချူဟန်သည် ရှူရာပုဆိန်၏ အရိုးအသွားကို တင်းကြပ်စွာ ပြန်လည် ဆုပ်ကိုင်လိုက်သည်။

စမ်းသပ်မှု ရလဒ်များကို အဆင့်များစွာ ခွဲခြားထားသည်။

အဆင့်(၁)ဝင်ပေါက်၏ စမ်းသပ်မှုသည် လက်ရှိ သူ့အတွက် သိပ်ပြီး ခက်ခဲသော အရာတစ်ခု မဟုတ်ပေ။ တကယ့်အခက်အခဲမှာ ကျောက်နံရံကြီးနောက်၌ ဖုံးကွယ်နေသော အခြားနယ်ပယ်ဝင်ပေါက် ကို ဖွင့်လှစ်နိုင်ရန် အဆင့်(၁)

ဝင်ပေါက်၏ အတော်ဆုံးသူများသာ အခွင့်အရေး ရရှိနိုင်ခြင်းပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ယင်းအတွက် လိုအပ်သော သတ်မှတ်ချက်မှာ အမြင့်ဆုံးအမှတ်ဖြစ်သည့် အဆင့် S ကို ရယူနိုင်ရန်ပင် ဖြစ်သည်။

အဲ့နယ်မြေ ဆိုသည်မှာ သာမန် တိုက်ခိုက်ရေးစွမ်းအားရှင် အဆင့်သတ်မှတ်ချက် စမ်းသပ်မှုများနှင့် လုံးဝ ကွာခြားပေသည်။ အကယ်၍ ကံကောင်းမည်ဆိုပါက ၎င်း၏ အတွင်း၌ ရရှိခဲ့သော ပစ္စည်းများကို လက်တွေ့ကမ္ဘာသို့ ယူဆောင်လာနိုင်မည် ဖြစ်သည်။

ဆိုလိုသည်မှာ ဤကျောက်နံရံ၏ နောက်ကွယ်ရှိ ကမ္ဘာမှာ အမှန်တကယ် တည်ရှိနေပြီး အချိန်နှင့်နေရာ ဖြတ်ကျော်ကာ ကမ္ဘာမြေနှင့် ချိတ်ဆက်ထားခြင်းပင် ဖြစ်သည်။ ထိုကမ္ဘာသည် စကြဝဠာ၏ မည်သည့်နေရာ၌ တည်ရှိနေသည်ကို မည်သူမျှ မသိရှိကြပေ။ ကမ္ဘာပျက်ကပ် စတင်ပြီး ဆယ်နှစ်ကြာသည်အထိ နောင်တစ်ခေတ်မှ သုတေသီများပင် ရှာဖွေတွေ့ရှိနိုင်ခဲ့ခြင်း မရှိပေ။ သေချာသည့် အချက်တစ်ချက်မှာ ဤကျောက်နံရံကြီးသည် လူ့ယဉ်ကျေးမှု သမိုင်းကြောင်းထက် အဆပေါင်းများစွာ ပိုမို ရှည်လျားသော သမိုင်းကြောင်း ရှိနေခြင်းပင် ဖြစ်သည်။

ထို့အပြင် အခြားကမ္ဘာမှ ယူဆောင်လာနိုင်သော ပစ္စည်းများအားလုံးနီးပါးမှာ နောင်တစ်ခေတ်ရှိ လူများ သွေးထွက်သံယို ဖြစ်သည်အထိ လုယက်ရမည့် အဖိုးတန် ရတနာများချည်းသာ ဖြစ်ပေသည်။

ချူဟန် ကျောက်နံရံထဲသို့ ဝင်ရောက်ကာ စမ်းသပ်မှု စတင်ခံယူနေချိန်နှင့် အတိအကျပင်...

တရုတ် နိုင်ငံ နေရာအနှံ့အပြား၌ ဤကဲ့သို့ ဧရာမ ကျောက်နံရံကြီးများ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာခဲ့လေပြီ။

ရုတ်တရက် ထွက်ပေါ်လာသော ထိုမြင်ကွင်းကြောင့် လူတိုင်းမှာ ဆွံ့အသွားကြပြီး ဘာတွေဖြစ်ပျက်နေမှန်း နားမလည်နိုင်အောင် ဖြစ်နေကြတော့သည်။

ရှန်ကျင်းဒေသ အသက်ရှင်ကျန်ရစ်သူစခန်းမှ တစ်ကီလိုမီတာခန့် အကွာအဝေး…

လူများမှာ ထိုနေရာ၌ပင် ရပ်တန့်သွားကြပြီး မယုံနိုင်စရာကောင်းလောက်အောင် ထူးဆန်းလွန်းသည့် မြင်ကွင်းကြီးကို ပြူးကျယ်နေသော မျက်လုံးများဖြင့် စိုက်ကြည့်နေကြသည်။

ဧရာမ ကျောက်နံရံကြီးမှာ ကောင်းကင်ကိုပင် ထိုးဖောက်တော့မည့်အလား မားမားမတ်မတ် ရပ်တည်နေပြီး အရှေ့ဘက်မှ ထွက်ပေါ်လာသော နံနက်ခင်း နေရောင်ခြည်ကို လုံးဝ ဖုံးကွယ်ထားလေသည်။ ရုတ်တရက် ထွက်ပေါ်လာသော ထိုကျောက်နံရံကြီးမှာ အလွန်တရာ ကြီးမားခမ်းနားလှပြီး လွှမ်းမိုးနိုင်သော အငွေ့အသက်များကို ထုတ်လွှတ်နေသည်။

"အဲဒါကြီးက... ဘာကြီးလဲဟ"

"သွားကြည့်ရအောင်"

"ရူးနေလား။ အပြင်ဘက်မှာ ဇွန်ဘီတွေ ရှိတယ်လေ"

"ဇွန်ဘီက ဘယ်နေရာမဆို ရှိနေတာပဲ။ လုံခြုံတဲ့ နေရာဆိုတာ ဘယ်မှာရှိလို့လဲ"

"ငါတော့ သွားမယ်။ မသွားရင် တစ်သက်လုံး နောင်တရနေမိလိမ့်မယ်"

စခန်းထဲမှ ပြေးထွက်လာပြီး ဧရာမ ကျောက်နံရံကြီးဆီသို့ ပြေးသွားသူများမှာ တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာတော့သည်။

ကမ္ဘာပျက်ကပ်ထဲတွင် အသက်ရှင်သန်လာခဲ့သော သူတို့အတွက် ယခုအခါ ပုံမှန်မဟုတ်သော ကိစ္စရပ်များကို အလွယ်တကူ လက်ခံနိုင်လာကြပြီ ဖြစ်သည်။ ဤမျှ ကြီးမားခမ်းနားသော ကျောက်နံရံကြီး ရုတ်တရက် ပေါ်လာခြင်းဖြစ်ရာ ကြီးမားလှသော ရတနာ များ သေချာပေါက် ပုန်းကွယ်နေမည်မှာ အသေအချာပင် ဖြစ်သည်။

စခန်းအတွင်း၌လည်း နှစ်ပေါင်းများစွာ အာဏာဆုပ်ကိုင်ထားခဲ့သော ထိပ်ပိုင်းခေါင်းဆောင်များမှာ မျက်စိတစ်မှိတ်အတွင်း အစည်းအဝေးခန်းမသို့ ရောက်ရှိလာကြသည်။ ထိုအထဲတွင် မျက်နှာမသစ်ရသေးသူ၊ အင်္ကျီပင် သေချာ မဝတ်ရသေးဘဲ အလောတကြီး ပြေးလာသူများပင် ပါဝင်လေသည်။ တရုတ် နိုင်ငံ၏ နောက်ဆုံး အာဏာပိုင်များ၏ တစ်ခါမှ မကြုံဖူးလောက်အောင် အလုပ်ရှုပ်ဆုံး အရေးပေါ် အစည်းအဝေးကြီး စတင်လေပြီ။

ရှစ်ကျားကျွမ်း မြို့။ ယဲ့မော့ ၏ စံအိမ်ကြီး။

ဤနေရာရှိ အိမ်ငယ်လေး၏ အပြင်ဘက်တွင်လည်း ဧရာမ ကျောက်နံရံကြီး ထွက်ပေါ်လာခဲ့လေပြီ။

အေးစက်သော သစ်သီးဖျော်ရည်ကို အရသာခံ သောက်နေသော လီရှီယုံ မှာ အံ့အားသင့်မှုကြောင့် ပါးစပ်ထဲမှ ပိုက်ကလေးပင် ပြုတ်ကျသွားတော့သည်။

အသက် ၁၅ နှစ် ရှိပြီဖြစ်သော်လည်း ၁၂ နှစ်အရွယ်ခန့်သာ ထင်ရသော သူမသည် ရုတ်တရက် ထွက်ပေါ်လာသည့် ကျောက်နံရံကြီးကို ကြောင်အမ်းအမ်းဖြင့် စိုက်ကြည့်နေမိသည်။ မကြာမီ သူမ၏ မျက်လုံးများမှာ တောက်ပလာတော့သည်။ သူမက စိတ်လှုပ်ရှားစွာဖြင့် ဘေးတွင်ရှိနေသော ရှောင်မုန့်ချီ ကို ပြောလိုက်သည်။

"အစ်မ... အဲဒါကြီးက ရုပ်ရှင်ကြည့်ဖို့ ပိတ်ကားကြီးလားဟင်"

ရှောင်မုန့်ချီသည် အမြဲတမ်းလိုလို နူးညံ့စွာ ပြုံးပြနေတတ်သော်လည်း ယခုတစ်ကြိမ်တွင်မူ ပြုံးမပြခဲ့ပေ။

သူမ၏ လေသံမှာ အနည်းငယ် အေးစက်နေပြီး အသံမှာပင် မျက်စိတစ်မှိတ်အတွင်း အခြားလူတစ်ယောက်အလား ပြောင်းလဲသွားလေသည်။

"အဲဒီမှာပဲ ငြိမ်ငြိမ်လေးနေ။ ငါ သွားကြည့်လိုက်ဦးမယ်"

"အင်း"

လီရှီယုံ က လိမ္မာစွာ ခေါင်းညိတ်လိုက်သည်။

"မြန်မြန် ပြန်လာခဲ့နော်"

"အင်း"

ရှောင်မုန့်ချီ၏ တည်ငြိမ်သော အသံမှာ ခပ်လှမ်းလှမ်းမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ သူမသည် အမြန်နှုန်းဖြင့် ပြေးထွက်သွားခဲ့လေပြီ။

ထိုအချိန်မှာပင် ယဲ့မော့ ၏ မြေအောက်စခန်းအတွင်း၌...

သီချင်းလေး တဟိဟိ ဆိုကာ တပည့် သုံးယောက်ကို အလုပ်ကြမ်းများ ခိုင်းစေနေသော အဘိုးအို၏ အသံ တိခနဲ ရပ်တန့်သွားသည်။

သူသည် အံ့အားသင့်သော မျက်နှာဖြင့် မော်နီတာ ကို ဆွဲယူလိုက်သည်။ ထိုအထဲတွင် စံအိမ်ကြီး အပြင်ဘက်ရှိ မြင်ကွင်းကို ပြသနေခြင်း ဖြစ်သည်။

"ဒါ... ဒါက"

ယဲ့မော့ မျက်လုံးများ ပြူးကျယ်သွားပြီး ဖြူရော်နေသော မျက်လုံးများကို သရဲတစ္ဆေ မြင်လိုက်ရသည့်အလား ပြူးကျယ်ထားလေသည်။

"ဒါ... ဘာကြီးလဲကွ"

"ဆရာ... ဘာဖြစ်လို့လဲ"

လုဟုန်ရှန်း၊ ဆူးရှင်း နှင့် ဟယ်ဆန်း တို့ သုံးယောက်မှာ ချွေးများကို အလောတကြီး သုတ်ရင်း မော်နီတာ ကို လာကြည့်ကြသည်။

သို့သော် ထိုမြင်ကွင်းကို မြင်လိုက်ရသော သူတို့ သုံးယောက်၏ တုံ့ပြန်မှုမှာ တစ်ယောက်နှင့်တစ်ယောက် လုံးဝ မတူညီကြပေ။

"ဂြိုဟ်သားတွေ ဝင်တိုက်တာလား"

အော်ဟစ်လိုက်သူမှာ လုဟုန်ရှန်း ဖြစ်သည်။

"သိပ္ပံနည်း မကျလိုက်တာ။ လုံးဝ ယုတ္တိမရှိဘူး"

ခေါင်းကိုက်သွားသူမှာ ဆူးရှင်း ဖြစ်သည်။

"ဝိုး... မိုက်လှချည်လား"

မျက်လုံးများ တောက်ပသွားသူမှာ ဟယ်ဆန်း ပင် ဖြစ်လေတော့သည်။

အခန်း (၁၆၆) သတ်ဖြတ်ခြင်း စတင်ပါပြီ

မြို့တော်သို့ သွားရာလမ်းတစ်လျှောက်တွင် ဝမ်ချီရှန်း ဦးဆောင်သော အဖွဲ့မှာ ခရီးဆက်နေခြင်းကို ရပ်တန့်လိုက်သည်။ သူတို့ရှေ့မှောက်ရှိ ထို ဧရာမ

ကျောက်နံရံကြီး ကို တစ္ဆေသရဲများ တွေ့လိုက်ရသည့်အလား အားလုံးက မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေကြသည်။ ကမ္ဘာပျက်ကပ်ကြီး ဆိုက်ရောက်လာချိန်မှစ၍ သူတို့၏ တွေးခေါ်ယုံကြည်မှုများ အကြိမ်ကြိမ် ပြောင်းလဲခဲ့ရသော်လည်း ယခုမူ အခြေခံအုတ်မြစ်မှစ၍ လုံးဝ ပြိုလဲသွားတော့မည့်ပုံပင်။

"ဟား...ဟိုဟာက ဘာကြီးလဲကွ"

ချန်ရှောက်ရယ်မှာ ချွေးသီးချွေးပေါက်များ ကျလာလျက် အော်ဟစ်လိုက်သည်။ ဤသို့သောအခြေအနေမျိုးတွင် ချူဟန်သာ ရှိနေလျှင် ကောင်းမည်ဟု သူ ရင်ထဲမှ အလိုလို တောင့်တမိသည်။ ဘော့စ်သာ ရှိနေပါက ထိုအရာသည် ဘာဖြစ်ကြောင်း ကျိန်းသေပေါက် သိနေမည် ဖြစ်သည်။ ချန်ရှောက်ရယ်အတွက်မူ ချူဟန်သည် အရာခပ်သိမ်းကို သိမြင်စွမ်းဆောင်နိုင်သော နတ်ဘုရားတစ်ပါးပမာ ဖြစ်နေလေပြီ။

"ဝါး... မိုက်လိုက်တာ။ ဟေ့... ဝတုတ်၊ တို့တွေ သွားကြည့်ရအောင်လေ" လော့ရှောင်ရှောင်မှာ ထုံးစံအတိုင်း မည်သည့်အရာကိုမျှ ကြောက်ရွံ့ခြင်း မရှိပေ။

ရှန်ကျိုတီမှာ မျက်မှောင်ကြုတ်သွားသည်။ အမြော်အမြင်ကြီးကာ အသေးစိတ် တွေးတောတတ်သော သူမသည် ဤတပ်ဖွဲ့ထဲတွင် တိုက်ခိုက်ရေးစွမ်းရည် အမြင့်မားဆုံးဖြစ်သော ပိုင်ယွန့်အာနှင့် ချက်ချင်း တိုင်ပင်ရန် ပြင်လိုက်သည်။

သို့သော် သူမ လှည့်ကြည့်လိုက်ချိန်တွင် လွတ်ဟာနေသော နေရာလပ်တစ်ခုကိုသာ တွေ့လိုက်ရသည်။ ပိုင်ယွန့်အာ၏ ကျော့ရှင်းလှပသော ကိုယ်ဟန်လေးမှာ သူတို့ရှေ့ ဆယ်မီတာခန့် အကွာသို့ ရောက်ရှိနေလေပြီ။

ဟဲ့... နေဦးလေ ဟု ရှန်ကျိုတီက အသံကျယ်ကျယ်ဖြင့် အော်လိုက်ကာ အလျင်စလို ပြေးလိုက်သွားတော့သည်။

အနောက်ဘက်ရှိ ကားပေါ်မှနေ၍ ထိုအဖြစ်အပျက်ကို စောင့်ကြည့်နေသော ဝမ်ချီရှန်းမှာ အံ့အားသင့် မှင်သက်နေလေပြီ။ ကမ္ဘာပျက်ကပ် ဆိုက်ရောက်လာပြီးနောက်ပိုင်းတွင် ယုံကြည်နိုင်ဖွယ်မရှိသော ကိစ္စရပ်များ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ဤဝါရင့် ဗိုလ်ချုပ်ကြီးသည် ငါက လူငယ်တွေကို မရှုံးသေးဘူး ဟု အမြဲတမ်း ကြွားလုံးထုတ်တတ်သော်လည်း နှလုံးရပ်မတတ် ထိတ်လန့်တုန်လှုပ်ဖွယ်ရာများနှင့် အကြိမ်ကြိမ် ရင်ဆိုင်လာရသောအခါ သူလည်း အိုမင်းနေပြီဖြစ်ကြောင်း နက်ရှိုင်းစွာ ခံစားလိုက်ရတော့သည်။

"ကျန်းယိမင်... သွားပြီး အခြေအနေ ကြည့်"

ဝမ်ချီရှန်းက သက်ပြင်းချလျက် တိုတိုတုတ်တုတ် အမိန့်ပေးလိုက်သည်။

"အမိန့်အတိုင်းပါ ဗိုလ်ချုပ်"

အပြစ်အနာအဆာကင်းစွာ အလေးပြုပြီးသည်နှင့် ရာထူးအဆင့်အဆောင်အယောင် တစ်ခုမျှ တပ်ဆင်ထားခြင်းမရှိသော ထိုလူငယ်စစ်သည်မှာ မည်သည့်ကြောက်ရွံ့မှုမျှမရှိဘဲ ခွန်အားအပြည့်ပါသော ခြေလှမ်းများဖြင့် ရှေ့သို့ ထွက်ခွာသွားလေသည်။

သဲမုန်တိုင်းများ သောင်းကျန်းနေသော သဲကန္တာရတစ်ခု။

ရုတ်တရက် ပေါ်ထွက်လာသော ဧရာမ ကျောက်နံရံကြီးရှေ့တွင် ခြေလျင်လျှောက်လာသော လူတစ်စု ခရီးတန့်သွားကြသည်။ သူတို့အားလုံးမှာ တစ်ကိုယ်လုံးကို ဝတ်ရုံနက်ကြီးများဖြင့် လုံခြုံစွာ ဖုံးကွယ်ထားကြသည်။ မျက်ဝန်းများကိုပင် အပေါက်ကျဉ်းကျဉ်းလေးမှသာ အနည်းငယ် ဖော်ပြထားရာ အခြားသူများအား ပေးမသိလိုသော လျှို့ဝှက်ချက် တစ်စုံတစ်ရာကို ဖုံးကွယ်ထားသည်နှင့် တူနေသည်။

"အစ်ကို..."

လူငယ်တစ်ဦး၏ အသံက အံ့ဩတုန်လှုပ်မှုကို မဖုံးကွယ်နိုင်ဘဲ ထွက်ပေါ်လာသည်။

"သွားကြည့်ရအောင်"

မုယဲ့ က စိတ်ထဲတွင် ဖြစ်ပေါ်လာသော တုန်လှုပ်မှု အနည်းငယ်ကို ဖိနှိပ်ထားရင်း ပြန်ဖြေလိုက်သည်။

"တကယ်လို့ အဖိုးတန် ရတနာတွေများ ရှိနေရင် အစ်ကိုပဲ အရင်ဝင်သွားလိုက်နော်" ညီဖြစ်သူ မုထျန်း က တုံ့ဆိုင်းဆိုင်းဖြင့် အကြံပြုလာသည်။

"နေပါစေ"

မုယဲ့၏ အသံတွင် မည်သည့် ခံစားချက်မျှ ပါဝင်မနေပေ။

"ငါက လူသားတွေ စွန့်ပစ်လိုက်ပြီဖြစ်တဲ့ အမှိုက်တစ်ခုလို ဖြစ်နေပြီလေ"

မုထျန်ဆိုသည်မှာ တစ်ခါက ထုံမြို့တွင် ချူဟန်နှင့်အတူ တိုက်ပွဲဝင်ခဲ့ဖူးသော လူငယ်လေးဖြစ်သည်။ သူသည် ယခုတိုင်အောင် ချူဟန်အပေါ် သစ္စာရှိမှု ၃၀ ရာခိုင်နှုန်းကို ထိန်းသိမ်းထားဆဲ ဖြစ်သည်။

အစ်ကိုဖြစ်သူ မုယဲ့ မှာမူ ချန်ရှန်ကော် ၏ ညီကို သတ်ဖြတ်ခဲ့ပြီး ချူဟန် အား သူ၏ လက်အောက်ခံအဖြစ် သိမ်းသွင်းရန် ကြိုးစားခဲ့သော်လည်း ကျရှုံးခဲ့ရသော အေးစက်စက်နှင့် ရက်စက်တတ်သည့် လူတစ်ဦး ဖြစ်သည်။ ထိုနှစ်ဦးမှာ သွေးသားတော်စပ်သည့် ညီအစ်ကိုများ ဖြစ်ကြသော်လည်း သူတို့၏ စိတ်သဘောထားများမှာမူ ကောင်းကင်နှင့် မြေကြီးပမာ ကွာခြားနေလေသည်။

"လက်နက် ရွေးချယ်လိုပါသလား"

ချူဟန် စမ်းသပ်မှုနယ်မြေထဲသို့ ဝင်ရောက်သွားသည်နှင့် ကျောက်နံရံဆီမှ အသံတစ်သံ ထွက်ပေါ်လာသည်။ သူက လက်ထဲရှိ ရှူရာပုဆိန်၏ အလေးချိန်ကို စမ်းသပ်လိုက်ပြီးနောက် လက်တစ်ကမ်းစာကိုပင် မမြင်ရအောင် အမှောင်ကျနေသော ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ တိုတိုတုတ်တုတ်ပင် ပြန်ဖြေလိုက်သည်။

"မလိုဘူး"

"စမ်းသပ်မှု စတင်ရန် ရေတွက်ပါတော့မည်"

ကျောက်နံရံက ပိုလျှံသော စကားများ မဆိုဘဲ အသက်ရှူချိန်ပင် မပေးဘဲ စမ်းသပ်မှု စတင်ကြောင်း ကြေညာလိုက်သည်။

"သုံး...နှစ်...တစ်"

ဝုန်း...

မျက်စိရှေ့တွင် ဖုံးလွှမ်းနေသော အမိုက်မှောင်ထုကြီးမှာ ချက်ချင်းပင် လင်းထိန်သွားသည်။ ထိုနေရာတွင် အစားထိုး ဝင်ရောက်လာသည်မှာ တရုတ်ပြည် မဟာတံတိုင်းကြီး၏ လျှောက်လမ်းနှင့် ဆင်တူသော မီးခိုးရောင် ကျောက်ပြားခင်းလမ်းတစ်ခုပင် ဖြစ်သည်။

တစ်ဖက်တစ်ချက်စီတွင် ဧရာမ ကျောက်တုံးကြီးများကို မြင့်မားစွာ စီစီရီရီ ထပ်တင်ထားရာ အပြင်ဘက်ရှိ မြင်ကွင်းများဖြစ်သော ချောက်ကမ်းပါးများလား၊ တောင်တန်းများလား ဆိုသည်ကိုပင် လုံးဝ ကွယ်ဝှက်ထားလေသည်။ မည်သည့်နေရာမှန်း မသိသော အရပ်ဆီမှ အလင်းရောင်များ ကျဆင်းလာပြီး မျက်စိကျိန်းမတတ် စူးရှတောက်ပသွားသည်။

ချူဟန်သည် အလင်းနှင့် အမှောင် နယ်နိမိတ်မျဉ်းပေါ်တွင် ရပ်နေကာ တုံ့ဆိုင်းခြင်း အလျဉ်းမရှိဘဲ ညာဘက်ခြေလှမ်းကို လှမ်းလိုက်သည်။ လက်ထဲတွင် ဆုပ်ကိုင်ထားသော ရှူရာပုဆိန်သည် နက်ရှိုင်းလှသော အနက်ရောင်အလင်းကို ဖြာထွက်နေပြီး ဖိနှိပ်လွှမ်းမိုးနိုင်သော သတ်ဖြတ်ချင်စိတ်များ သင်းပျံ့နေသည်။

"အချိန်ကန့်သတ်ချက်မှာ မိနစ်သုံးဆယ် ဖြစ်သည်။ သတ်ဖြတ်ခြင်း စတင်ပါပြီ"

ခံစားချက်မဲ့နေသော ထိုစက်သံ ပြီးဆုံးသွားသည်နှင့် တစ်ပြိုင်နက်... ဝေါ...

ခံတပ်ရိုး၏ အတွင်းပိုင်းမှနေ၍ ပုံပန်းသဏ္ဌာန်ကွဲပြားနေသော ဘီလူးအုပ်ကြီး ရုတ်တရက် ထွက်ပေါ်လာသည်။ ဇွန်ဘီများနှင့်လည်း တူသလို တိရစ္ဆာန်များနှင့်လည်း ဆင်တူကာ အမည်တပ်၍မရနိုင်သော သတ္တဝါဆိုးကြီးများပင်။ အရွယ်အစားများမှာလည်း မျိုးစုံရှိနေသည်။ ပုံရိပ်ယောင်ပင် မကျန်ရစ်လောက်အောင် မြန်ဆန်လွန်းသော်လည်း တိုက်ခိုက်နိုင်စွမ်း လုံးဝမရှိသည့် အကောင်များ ပါဝင်သကဲ့သို့ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း မြေကြီးကို တုန်ခါသွားစေသော ဧရာမဝက်ဝံကြီးများပမာ နှေးကွေးလေးလံသော အကောင်ကြီးများလည်း ပါဝင်လေသည်။

ချူဟန်သည် ရှူရာပုဆိန်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။ ဘယ်ခြေကို ရှေ့သို့ လှမ်းလိုက်ပြီး လက်နှစ်ဖက်ကို မြောက်ကာ အားကုန်လွှဲချလိုက်တော့သည်။

ရွှမ်း... ရွှမ်း... ရွှမ်း...

အဆင့်(၁) စမ်းသပ်မှုသည် သူ့အတွက် မည်သို့မျှ ခက်ခဲသော အရာမဟုတ်ပေ။ ခုတ်ချလိုက်သော တိုက်ခိုက်မှုတစ်ချက်က မျက်စိတစ်မှိတ်အတွင်းမှာပင် သတ္တဝါဆိုးပေါင်းများစွာကို တစ်ပြိုင်နက်တည်း ပိုင်းဖြတ်သွားသည်။ လေတိုက်ခတ်ကာ သဲမှုန်များ လွင့်စင်သွားသည်နှင့်အတူ သတ္တဝါဆိုးများမှာ ပြာမှုန့်အဖြစ်သို့ ပြောင်းလဲကာ ပျောက်ကွယ်သွားကြသည်။

ဤသည်ကား တိုက်ခိုက်ရေးစွမ်းရည် အဆင့်သတ်မှတ်ချက် စမ်းသပ်မှုပင် ဖြစ်သည်။ ဤနယ်မြေအတွင်း တည်ရှိနေသမျှ အရာအားလုံးသည် ပုံရိပ်ယောင်များသာ ဖြစ်၏။ သတ္တဝါဆိုးများကို သတ်ဖြတ်လိုက်ပါက ပျောက်ကွယ်သွားမည်သာ ဖြစ်သည်။ ထို့အပြင် ဤစမ်းသပ်မှု၌ အကြီးမားဆုံး အကဲဖြတ်စံနှုန်းမှာ မိနစ် ၃၀ အတွင်း သတ္တဝါဆိုးမည်မျှကို သတ်ဖြတ်နိုင်မည်နည်း ဆိုသည့် အချက်ပင် ဖြစ်သည်။

ချူဟန်သည် ပုဆိန်ကို လွှဲချလိုက်တိုင်း အပိုလှုပ်ရှားမှု လုံးဝမပါဝင်သော သန့်စင်သည့် ကွက်လပ်များဖြင့် သတ္တဝါဆိုးများကို တစ်ကောင်ပြီးတစ်ကောင် သတ်ဖြတ်နေသည်။ သူ၏ပတ်လည် နှစ်မီတာ အကွာအဝေးမှာ လုံးဝ လေဟာနယ်နယ်မြေတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ဤသည်ကား သူ၏ တိကျမှု အစွမ်း သက်ရောက်သည့် နယ်ပယ်ပင် ဖြစ်သည်။ မျက်စိရှေ့တွင် ဆက်တိုက် ပေါ်လာသော သတ္တဝါဆိုးများမှာ အဆုံးတွင်တော့ အဆင့်(၁) သတ်မှတ်ချက်သာ ဖြစ်ပေသည်။ တစ်ကောင်ချင်းစီ၌ ကိုယ်ပိုင်ထူးခြားချက်များ ရှိကြသော်လည်း စုစုပေါင်း တိုက်ခိုက်ရေးစွမ်းရည်မှာ မမြင့်မားလှပေ။ လက်ရှိ ချူဟန်အတွက်မူ ကလေးငယ်တစ်ဦး၏ လက်ကို လိမ်ချိုးရသကဲ့သို့ လွယ်ကူနေတော့သည်။

တိုက်ခိုက်ရေးစွမ်းရည် အဆင့်သတ်မှတ်ချက် စမ်းသပ်မှုမှာ အချိန်တစ်ခုတည်းတွင်ဆိုပါက မည်သည့်ကျောက်နံရံ၌မဆို အတူတူပင် ဖြစ်သည်။ သို့သော် ဤနေရာမှ အသက်ရှင်လျက် ထွက်လာနိုင်သူများထံမှ ဖြတ်ကျော်နည်းကို မေးမြန်းရန် ကြိုးစားနေပါကလည်း အချည်းနှီးပင် ဖြစ်လိမ့်မည်။ ကျောက်နံရံအတွင်းရှိ စမ်းသပ်မှုများသည် အချိန် အပေါ်မူတည်၍ အလုံးစုံ ပြောင်းလဲသွားသောကြောင့် ဖြစ်သည်။ ဆိုလိုသည်မှာ အချိန်ကိုက် ဝင်ရောက်လာသူများအတွက် စမ်းသပ်မှုမှာ တူညီသော်လည်း တစ်စက္ကန့်မျှ နောက်ကျ၍ ဝင်လာပါက လုံးဝခြားနားသော စမ်းသပ်မှုများနှင့် ရင်ဆိုင်ရမည်ဟု ဆိုလိုခြင်း ဖြစ်သည်။

အချိန်... ယင်းသည်သာလျှင် အရာရာကို ဆုံးဖြတ်ပေးမည့် စံနှုန်းဖြစ်ပြီး ပြောင်းလဲခြင်းမရှိသော တစ်ခုတည်းသော ညွှန်းကိန်း ဖြစ်လေသည်။

ထို့အပြင် ကမ္ဘာတစ်ဝန်းလုံးတွင် ပြန့်ကျဲနေသော တိုက်ခိုက်ရေးစွမ်းရည် အဆင့်သတ်မှတ်ချက် ကျောက်နံရံများအားလုံးသည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်ထားကြသည်။ စိန်ခေါ်သူများအနေဖြင့် မည်သည့်ကျောက်နံရံမှ ဝင်ရောက်စမ်းသပ်သည်ဖြစ်စေ နောက်ဆုံး အကဲဖြတ်မှုရလဒ်များကို အဆင့်သတ်မှတ်ချက်ဟူသော တစ်ခုတည်းသော စံနှုန်းအောက်တွင် စုစည်းသွားမည်ဖြစ်ပြီး ကျောက်နံရံ၏ မျက်နှာပြင်ထက်တွင် ထွင်းထုခံရမည် ဖြစ်သည်။ ကောင်းကင်သို့ ထိုးထွက်နေသော ဧရာမ ကျောက်နံရံကြီးများသည် အဝေးဆီမှပင် ထိုအဆင့်သတ်မှတ်ချက်များကို ရှင်းလင်းစွာ မြင်တွေ့နိုင်စွမ်း ရှိပေသည်။

မည်သူက အားကောင်းပြီး မည်သူက အားနည်းသနည်း။ ရလဒ်များမှာ တစ်ချက်ကြည့်ရုံဖြင့် ရှင်းလင်းနေတော့သည်။

စက်ရုပ်တစ်ရုပ်ပမာ တိကျမှန်ကန်စွာဖြင့် ပုဆိန်ကို လွှဲခုတ်ရင်း ချူဟန်သည် ခြေလှမ်းများကို တည်ငြိမ်စွာ ရှေ့ဆက်လှမ်းနေသည်။ ယခင်ဘဝကတည်းက ဤစမ်းသပ်မှုကို ဖြတ်သန်းခဲ့ဖူးသော သူသည် စမ်းသပ်မှုချင်း မတူညီသော်လည်း အခြားသူများထက် ဤကျောက်နံရံ၏ ဖွဲ့စည်းပုံကို ပိုမိုကျွမ်းဝင်နေသည်။ ကောင်းမွန်သော ပစ္စည်းများနှင့် ကြောက်မက်ဖွယ်ကောင်းသော သတ္တဝါဆိုးများ အားလုံးသည် အတွင်းပိုင်း ၌ တည်ရှိနေကြသည်။ အမြင့်ဆုံး အကဲဖြတ်ချက်ကို ရရှိရန်အတွက် အတွင်းပိုင်းအထိ ကိုယ်တိုင် ထိုးဖောက်ဝင်ရောက်ရမည်သာ ဖြစ်သည်။

ထိုအချိန်၌ပင်...

ကမ္ဘာတစ်ဝန်း ပြန့်ကျဲနေသော ကျောက်နံရံများဆီသို့ ရေတွက်၍မရနိုင်သော လူအများအပြား ဝင်ရောက်သွားကြသည်။ အဆင့်(၁) ကျောက်နံရံသို့ ဝင်ရောက်သူ၊ အဆင့်(၂) သို့ ဝင်ရောက်သူများ ရှိကြပြီး အချို့သော အနည်းစုမှာ အဆင့်(၃) ဆီသို့ ဝင်ရောက်သွားကြသည်။ စမ်းသပ်မှုနယ်မြေသည် အလုံးစုံ သီးခြားဖြစ်တည်နေပြီး အတူတကွ ဝင်ရောက်လာသူများပင်လျှင် အတွင်း၌ အတင်းအကျပ် ခွဲခြားခံရမည် ဖြစ်သည်။

ချန်ရှောက်ရယ်၊ ရှန်ကျိုတီ၊ ပိုင်ယွန့်အာနှင့် ကျန်းယိမင် စသည့် လေးဦးမှာလည်း တစ်ပြိုင်နက်တည်း ကျောက်နံရံအတွင်းသို့ ပျောက်ကွယ်သွားကြသည်။ ထိုမြင်ကွင်းကို ဘေးမှနေ၍ စောင့်ကြည့်နေသော ဝမ်ချီရှန်းမှာ သူ၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေသော အခြေအနေနှင့် ထပ်မံရင်ဆိုင်လိုက်ရသဖြင့် မှင်သက်နေတော့သည်။ သိပ္ပံပညာဖြင့် ရှင်းပြ၍မရနိုင်သော ဤဖြစ်ရပ်ကြောင့် တရုတ်ပြည်တစ်ဝန်းရှိ အသက်ရှင်ကျန်ရစ်သူများ အားလုံးမှာလည်း အလားတူ ထိတ်လန့်တုန်လှုပ်နေကြသည်။

အထဲသို့ ဝင်သွားပြီးနောက် အသက်ရှင်လျက် ပြန်ထွက်လာနိုင်ပါဦးမည်လော။ အဘယ်ကြောင့် ဝင်နိုင်သူနှင့် မဝင်နိုင်သူ ရှိနေရသနည်း။

မေးခွန်းများ၊ တွေဝေမှုများ၊ စိုးရိမ်ပူပန်မှုများနှင့် မျှော်လင့်ချက်များ။ လူအများ၏ ရင်ထဲတွင် ခံစားချက်မျိုးစုံ ရောထွေးနေသည်။ သို့သော် မကြာမီမှာပင် သူတို့ သတိထားမိလာကြသည်။ ဤကျောက်နံရံအတွင်းသို့ သတ်မှတ်ထားသော လူသားများ သာလျှင် ဝင်ရောက်ခွင့်ရှိကြောင်းကိုပင်။ လူသားများမှလွဲ၍ အခြားသော ဇွန်ဘီများနှင့် တိရစ္ဆာန်များမှာ မည်မျှပင် အတင်းတိုးဝင်စေကာမူ အပြင်သို့ လွင့်စင်ထွက်သွားရုံသာ ဖြစ်သည်။

"ဒါက ခိုလှုံရာစခန်းများလား"

ယင်းမှာ လူအများစု၏ စိတ်ထဲတွင် ပထမဆုံး ပေါ်လာသော အတွေးပင် ဖြစ်သည်။

"မဟုတ်ဘူး... မဟုတ်ဘူး"

ပို၍ စူးရှသော အကဲခတ်နိုင်စွမ်းရှိသူတစ်ဦးက အော်ဟစ်လိုက်သည်။

"အဆင့်(၁) ဝင်ပေါက်ပဲ။ အထဲကို ဝင်သွားတဲ့ကောင်တွေ အားလုံးက အနည်းဆုံးတော့ အဆင့်(၁) ဆင့်ကဲပြောင်းလဲသူတွေချည်းပဲကွ"

အဆင့်(၁) ဝင်ပေါက် စမ်းသပ်မှုနယ်မြေထဲသို့ ခြေချပြီးဖြစ်သော ချန်ရှောက်ရယ်မှာ ခေါင်းတယမ်းယမ်း ဖြစ်နေသည်။ မျက်စိရှေ့တွင် စီတန်းထားသော သေနတ်များစွာကို ကြည့်ရင်း အမှတ်တမဲ့ တံတွေးမြိုချလိုက်မိ၏။

"မိုက်လှချည်လားကွ"

"လက်နက် ရွေးချယ်ပါ"

ကျောက်နံရံ၏ စက်သံက ခံစားချက်မပါဘဲ အလျင်စလို ထွက်ပေါ်လာသည်။

"ဒါဆို... ဒါပဲ ယူမယ်"

ချန်ရှောက်ရယ်က မျက်စိရှေ့တွင် တစ်ခါမှမမြင်ဖူးသော သေနတ်တစ်လက်ကို ဆွဲယူလိုက်သည်။ ခေတ်သစ် စစ်သုံးလက်နက်များနှင့် လုံးဝကွဲပြားနေပြီး အဆင့်မြင့် နည်းပညာသုံး ဒီဇိုင်းမျိုး ဖြစ်သည်။

"ဒါက စနိုက်ပါလား၊ အော်တိုပစ်လို့ ရတာလား"

"စမ်းသပ်မှု စတင်ရန် ရေတွက်ပါတော့မည်"

မေးခွန်းကို ပြန်မဖြေဘဲ ကျောက်နံရံက အတင်းအကျပ် စတင်ကြောင်း ကြေညာလိုက်သည်။

"ခွေးကောင်... နောက်နေတာလား"

ချန်ရှောက်ရယ်မှာ ကျိန်ဆဲလိုက်ရင်း မသိနားမလည်သော ထိုလက်နက်ကို အလျင်မြန်ဆုံး အသားကျစေရန် စမ်းသပ်ပြင်ဆင်တော့သည်။

All Chapters