← Chapters

အခန်း (၁၆၃-၁၆၄)

Vol. 17 Ch. 163-164

အခန်း (၁၆၃-၁၆၄)

Vol. 17 Ch. 163-164

အခန်း (၁၆၃) နှုတ်ဆက်ပါတယ် ချူဟန်

အချိန်ကား ညနေစောင်းလေပြီ။ လမ်းနှစ်ခွရှိရာ လမ်းဆုံသို့ ရောက်ရှိလာသည်။

ချူဟန် ရွေးချယ်လိုက်သည်မှာ ဘယ်ဘက်လမ်းဖြစ်ပြီး စစ်ကားတန်းကြီးက ညာဘက်လမ်းသို့ ဦးတည်သွားမည် ဖြစ်သည်။

ကားတန်းကြီးမှာ ငြိမ်သက်စွာ ရပ်တန့်နေသည်။

ဝမ်ချီရှန်းသည် အသက်ရှင်ကျန်ရစ်သူများ မိမိတို့သဘောဖြင့် ပြုမူနေကြသည်ကို တားမြစ်ရန် မကြိုးစားခဲ့ပေ။ သူတို့၏ ရင်ထဲတွင် ချူဟန်သည် အစားထိုး၍မရသော တစ်ဦးတည်းသော ပုဂ္ဂိုလ်ဖြစ်ကြောင်း သူ နားလည်ထားသောကြောင့် ဖြစ်သည်။ နောက်ဆုံး နှုတ်ဆက်ခြင်းကိုပင် တားမြစ်ပိတ်ပင်မည်ဆိုပါက အလွန်တရာ နှလုံးသားမဲ့ရာကျ လွန်းပေလိမ့်မည်။

အဘိုးအိုများနှင့် ကလေးငယ်များသည် ကားပြတင်းပေါက်များတွင် တိတ်ဆိတ်စွာ ကပ်၍ ကြည့်နေကြသည်။ ထုံမြို့မှ စတင်ကာ အတူတကွ လိုက်ပါလာခဲ့ကြသော အသက်ရှင်ကျန်ရစ်သူများသည် ချူဟန်၏ ဂျစ်ကားကြီး ဖြည်းညင်းစွာ ကွေ့ထွက်သွားပြီး မိမိတို့နှင့် လုံးဝ မတူညီသော လမ်းတစ်ကြောင်းသို့ စတင် ဦးတည်သွားသည်ကို ငေးကြည့်နေကြရုံမှတစ်ပါး အခြား မတတ်နိုင်ခဲ့ကြပေ။

"ချူဟန်"

ရုတ်တရက် အမျိုးသမီးတစ်ဦး၏ အသံ ထွက်ပေါ်လာသည်။ တိတ်ဆိတ်နေသော ပတ်ဝန်းကျင်၌ ထိုအသံမှာ အလွန် ထင်ရှားပေါ်လွင်နေသည်။

ကားလီဗာကို နင်းရန် ပြင်နေသော ချူဟန်၏ ခြေထောက် တိခနဲ ရပ်တန့်သွားသည်။

အထူးဖန်တီးထားသော အမည်းရောင် မှန်ပြတင်းပေါက်မှတစ်ဆင့် မျက်နှာချင်းဆိုင်ရှိ ကားတန်းထဲမှနေ၍ ရှန်ကျိုတီ ကားပေါ်မှ ပြေးဆင်းလာပြီး သူ့ထံသို့ အားကုန် ပြေးလာနေသည်ကို မြင်လိုက်ရသည်။

သူမ၏ မျက်လုံးများမှာ နီရဲနေသည်။ ၂၁ နှစ်တာ ဘဝသက်တမ်းတစ်လျှောက်တွင် ကိုယ့်စိတ်ကြိုက် ရွေးချယ်ပြီး ဆိုးနွဲ့လိုက်ခြင်းမှာ ဒါ ပထမဆုံးအကြိမ် ဖြစ်ကောင်းဖြစ်ပေမည်။ ချူဟန်၏ အရှေ့သို့ အမောတကော ပြေးလာသော အမျိုးသမီး၏ ပါးပြင်နှစ်ဖက်မှာ ပြေးလွှားလာရသဖြင့် နီမြန်းနေလေသည်။

ရင်ထဲတွင် တစ်ခုခု ခံစားလိုက်ရပြီးနောက် ချူဟန် ကားပေါ်မှ ဆင်းလိုက်သည်။

လူအများ၏ ရှေ့မှောက်တွင် သူတို့နှစ်ဦး တိတ်ဆိတ်စွာ မျက်နှာချင်းဆိုင် ရပ်နေကြသည်။

ထို စွဲမက်ဖွယ်ကောင်းသော မြင်ကွင်းကြောင့် ပတ်ဝန်းကျင်ရှိ လူများမှာ ရှက်ရွံ့နေကြသော်လည်း စပ်စုလိုစိတ်ကြောင့် အကြည့်များကို လွှဲမဖယ်နိုင်ကြပေ။

ချူဟန် မျက်မှောက်ရှိ အမျိုးသမီးကို သေချာ စိုက်ကြည့်လိုက်သည်။

ရှန်ကျိုတီ၏ တစ်ကိုယ်လုံးတွင် သေစေနိုင်လောက်သည့် ဆွဲဆောင်မှုအပြည့် ရှိနေသည်မှာ အမှန်ပင် ဖြစ်သည်။ အရေးအကြီးဆုံးမှာ သူမသည် အလှပြရုပ်ထုတစ်ခု မဟုတ်ခြင်းပင် ဖြစ်သည်။ မူးယစ်ဆေးဝါးတစ်ခုပမာ တစ်ကြိမ် ထိတွေ့မိသည်နှင့် ရုန်းထွက်နိုင်ရန် ခက်ခဲသော မှော်ဆန်သည့် ဆွဲဆောင်မှုမျိုး သူမတွင် ရှိနေသည်။

ချူဟန် အနည်းငယ် ငေးမောနေချိန်မှာပင်...

ရှန်ကျိုတီက ရုတ်တရက် ရဲတင်းသော ခြေလှမ်းတစ်လှမ်း လှမ်းလာသည်။ သူမ၏ လက်နှစ်ဖက်ကို ဆန့်တန်းကာ ချူဟန်၏ လည်ပင်းကို ဖက်တွယ်လိုက်ပြီး သူမ၏ ခန္ဓာကိုယ်ကို ချူဟန်၏ ရင်ခွင်ထဲသို့ အားကုန် ပစ်ဝင်လိုက်လေသည်။

ချူဟန် တစ်ခဏမျှ အံ့အားသင့်ကာ တုံ့ပြန်ရန်ပင် မေ့သွားတော့သည်။

"ဟေး"

"ဖက်လိုက်ပြီဟ"

အနောက်ဘက်မှနေ၍ လေချွန်သံများနှင့် နောက်ပြောင်သံများ ထွက်ပေါ်လာသည်။ အဆူညံဆုံး အော်ဟစ်နေသူမှာ လော့ရှောင်ရှောင်ပင် ဖြစ်သည်။

ချူဟန်က တစ်ခဏတာ လမ်းခွဲရမည့် ဤအမျိုးသမီးအား ပြန်လည် ဖက်တွယ်ရန် ပြင်လိုက်သည်။

သို့သော် သူ၏ လက်များ ရုတ်တရက် ရပ်တန့်သွားသည်။ ရှန်ကျိုတီ၏ စက်ရုပ်တစ်ရုပ်ပမာ အေးစက်သော အသံက သူ၏ နားအနီးတွင် မယုံနိုင်လောက်အောင် မြန်ဆန်စွာ ထွက်ပေါ်လာသောကြောင့်ပင် ဖြစ်သည်။

“ဝမ်ချီရှန်းရဲ့ ရာထူးက ဗိုလ်ချုပ်ကြီး။ တရုတ် နိုင်ငံရဲ့ အမြင့်ဆုံး ခေါင်းဆောင်ပိုင်းထဲက တစ်ယောက်ပဲ။ သူက အသက်အရွယ် ကြီးရင့်နေပြီဖြစ်လို့ ကိစ္စတော်တော်များများကို ဝင်မပါတော့ပေမဲ့ စစ်တပ်အတွင်းမှာ သူ့ရဲ့ ဩဇာအာဏာက အကြွင်းမဲ့ ရှိနေဆဲပဲ”

“ရှန်ကွမ်းယွီရှင်း က တောင်ပိုင်း စစ်ဒေသရဲ့ ဒုတိယဗိုလ်ချုပ်ကြီး ရှန်ကွမ်းလုံ ရဲ့ တစ်ဦးတည်းသော သမီး။ ရှန်ကွမ်းလုံ က အလွန် ရဲရင့်ပြတ်သားတယ် သူ့ရဲ့ လုပ်ဟန်တွေက ရှင်နဲ့ နည်းနည်းဆင်တယ်။ ဒါပေမဲ့ အခြေခံအားဖြင့်တော့ မတူဘူးပေါ့။ ရှန်ကွမ်းယွီရှင်း ကို ငယ်ငယ်ကတည်းက သားယောက်ျားလေး တစ်ယောက်လို ပြုစုပျိုးထောင်ခဲ့တာမို့ စစ်သားတစ်ယောက်ရဲ့ စိတ်ဓာတ်မျိုး အပြည့်အဝ ရှိတယ်။ ရင်းနှီးအောင် ပေါင်းသင်းသင့်တဲ့ မိန်းမ တစ်ယောက်ပဲ။ ရှန်ကွမ်းလုံ က သမီးဖြစ်သူအပေါ် အရမ်း တင်းကျပ်ပေမဲ့ တကယ်တမ်းကျတော့ ခွဲနေခဲ့ရတဲ့ ဒီနှစ်တွေအတွင်းမှာ သူမရဲ့ လှုပ်ရှားမှုတွေကို လျှို့ဝှက် စုံစမ်းပြီး ပြဿနာ တော်တော်များများကို ရှင်းပေးခဲ့တယ်။ အကယ်၍ ရှင်သာ ရှန်ကွမ်းယွီရှင်း ကို ရလိုက်ရင် ရှန်ကွမ်းလုံ ဆိုတဲ့ ကျောထောက်နောက်ခံကို ရလိုက်တာနဲ့ အတူတူပဲ။ သူ့လက်ထဲက စစ်အာဏာက သေးသေးလေး မဟုတ်ဘူးနော်”

ချူဟန် တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း ရှန်ကျိုတီ၏ အသံက ထပ်မံ ထွက်ပေါ်လာပြန်သည်။

“စကားမပြောနဲ့။ အချိန်မရှိဘူး”

“လော့ရှောင်ရှောင် က ရှန်ကျင်း မြို့က လော့မင် ရဲ့ မြေးမလေးပဲ။ လော့မင် ဆိုတဲ့ ပုဂ္ဂိုလ်အကြောင်း ရှင်လည်း ကြားဖူးမှာပေါ့။ ပိုပြီးတော့ မပြောတော့ဘူး။ သူ့ရဲ့ နောက်ခံက ဘယ်လောက် ကြီးမားလဲဆိုတာ ရှင်ကိုယ်တိုင်ပဲ တွက်ဆကြည့်လိုက်တော့။ သူက ရှင့်ကို သဘောကျနေပြီဆိုကတည်းက ရှင်က နိုင်နေပြီပဲ”

“လော့ရှောင်ရှောင်၊ ပိုင်ယွန့်အာ နဲ့ ကျွန်မ သုံးယောက်က ဝံပုလေစွယ် လို့ခေါ်တဲ့ အရန် အထူးတပ်ဖွဲ့တစ်ခုက အထူးအေးဂျင့်တွေ။ ကံမကောင်းတာက ကမ္ဘာပျက်ကပ် ရောက်လာပြီဆိုတော့ ဝံပုလေစွယ် အဖွဲ့ရဲ့ လက်ရှိ အခြေအနေကို ကျွန်မလည်း မသိတော့ဘူး”

“ပြီးတော့...”

ရှန်ကျိုတီ၏ စကားများ ဆက်တိုက် ထွက်ပေါ်နေဆဲ ဖြစ်သည်။ အလွန် မြန်ဆန်လွန်းလှသည်။

“ပိုင်ယွန့်အာ က ပိုင် မိသားစုရဲ့ သခင်မလေး ဖြစ်ပေမဲ့ ပိုင် မိသားစုရဲ့ အသေးစိတ် အချက်အလက်တွေက တရုတ် နိုင်ငံရဲ့ အမြင့်ဆုံး လျှို့ဝှက်ချက်ပဲ။ လက်ရှိ ကျွန်မမှာ စုံစမ်းပိုင်ခွင့် မရှိဘူး။ ဒါပေမဲ့ သူမက သာမန် မဟုတ်ဘူးဆိုတာကိုတော့ သိတယ်။ လော့မင် ပင်လျှင် သတိထားရလောက်တဲ့အထိ သူမ မိသားစုရဲ့ အင်အားက ကြီးမားတယ်။ သူ့ကိုရော ဆွဲဆောင်ဖို့ စဉ်းစားကြည့်ပါလား။ အကယ်၍ သူမကသာ ရှင့်ကို ချစ်သွားခဲ့ရင် အနာဂတ်မှာ ရှင် ရရှိနိုင်မယ့် အောင်မြင်မှုတွေက ခန့်မှန်းလို့တောင် ရမှာမဟုတ်ဘူး။”

“ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်ရဲ့ အင်အားကို အသုံးချပြီး အထက်ကို တက်တယ် ဆိုတဲ့ အသုံးမကျတဲ့ စကားမျိုးတွေ မပြောနဲ့နော်။ မိန်းမတစ်ယောက်ကို ရင်ထဲကနေ လက်ခံလာအောင် လုပ်နိုင်တာကလည်း အရည်အချင်း တစ်ခုပဲ”

ရှန်ကျိုတီ၏ အသံ ရပ်တန့်သွားသည်။ ချူဟန်၏ ရင်ခုန်သံများမှာမူ ပြင်းထန်စွာ ခုန်ပေါက်နေတော့သည်။

"နှုတ်ဆက်ပါတယ် ချူဟန်..."

ရှန်ကျိုတီ၏ အသံမှာ ငိုသံပါလာပြီး ဖက်တွယ်ထားသော လက်များကို ဖြုတ်ရန် ပြင်လိုက်သည်။

ချူဟန် သူမကို ရုတ်တရက် အားကုန် ဆွဲယူကာ တင်းကြပ်စွာ ဖက်ထားလိုက်သည်။

အမျိုးသမီး၏ ခါးမှာ အလွန် သေးသွယ်လှသဖြင့် ချူဟန်၏ လက်တစ်ဖက်တည်းဖြင့်ပင် အလွယ်တကူ ပွေ့ဖက်ထားနိုင်ပေသည်။ ရှန်ကျိုတီ အံ့အားသင့်သွားသော်လည်း သူ့ကို တွန်းမထုတ်ခဲ့ပေ။ ချူဟန်၏ ရင်ခွင်ထဲတွင်သာ မျက်ရည်များ ဖြိုင်ဖြိုင်ကျကာ ငိုကြွေးနေတော့သည်။

"မင်းကရော ဘယ်လိုလဲ"

ချူဟန်သည် ရှန်ကျိုတီကို တင်းကြပ်စွာ ဖက်ထားရင်း မေးလိုက်သည်။

"ဒီလောက် အချက်အလက် အများကြီးကို ငါ့ကို ပြောပြတာ မင်းရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ရာ မကျဘူးလား။ ကိုယ့်အကြောင်းကျတော့ ငါ့ကို မပြောပြချင်တော့ဘူးလား"

ရှန်ကျိုတီ တစ်စက္ကန့်မျှ တုံ့ဆိုင်းသွားပြီးနောက် စကားပြောရန် တွေဝေနေသည့်ဟန်ဖြင့် ပြန်ဖြေလိုက်သည်။

" ကျွန်မက တရားမဝင် မွေးလာတဲ့ ကလေးတစ်ယောက်ပါ။ အဖေက စစ်တပ်မှာ ရာထူးပိုကြီးချင်လို့ ကျွန်မကို ဝံပုလွေစွယ် အဖွဲ့ဆီ ရောင်းစားခဲ့တာ။ ကျွန်မက ငယ်ငယ်ကတည်းက တစ်ခါမြင်ရုံနဲ့ မှတ်မိနိုင်တဲ့ မှတ်ဉာဏ်ရှိတယ်။ ပြီးတော့ ယောက်ျားတွေကို သာယာအောင် လုပ်ပေးနိုင်တဲ့ အရည်အချင်းလည်း ရှိတော့..."

ထိုနေရာတွင် ရှန်ကျိုတီ စကားကို ခေတ္တရပ်ကာ လေကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်သည်။

ချူဟန် ဆွံ့အမှင်သက်သွားခဲ့ရသည်။ ရှန်ကျိုတီ၏ နောက်ခံဘဝမှာ ဤမျှလောက် ဆိုးရွားလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။ သူ လက်ကို ဖြည်းညင်းစွာ မြှောက်ကာ သူမ၏ နူးညံ့သော ဆံပင်များကို သပ်ပေးလိုက်သည်။

"လန်ယာ အဖွဲ့ထဲမှာ မိန်းမမာယာ သုံးဖို့ တောင်းဆိုခံရတာ ကျွန်မ တစ်ယောက်တည်းပါ။ ဒါပေမဲ့ ကိစ္စမရှိပါဘူး။ ကျွန်မရဲ့ အဆင့်အတန်းက မူလကတည်းက တခြားလူတွေထက် နိမ့်ကျနေတာကိုး။ အခု ကမ္ဘာပျက်ကပ် ရောက်လာပြီဆိုတော့... ဒီကမ္ဘာကြီး ပြောင်းလဲသွားတာကိုတောင် ကျွန်မ ဝမ်းသာနေမိတယ်။ ဒါမှသာ အရင်ကလို လေ့ကျင့်မှုတွေကို ကိုယ့်ကိုယ်ကိုယ် အတင်းအကြပ် လုပ်စရာ မလိုတော့မှာလေ။ ယောက်ျားတွေကို သာယာအောင် လုပ်ပေးပြီး သတင်းအချက်အလက်တွေ ယူရတဲ့ အရှက်မဲ့တဲ့ အလုပ်မျိုးလည်း ဆက်လုပ်စရာ မလိုတော့ဘူးပေါ့"

ရှန်ကျိုတီက ထိုသို့ပြောရင်း လေကို နက်နက်ရှိုင်းရှိုင်း ရှူသွင်းလိုက်သည်။ တစ်ခုခုကို ဆုံးဖြတ်လိုက်သည့်အလား။

"ဒါပေမဲ့ ရှင်သာ လိုအပ်မယ်ဆိုရင် ကျွန်မ..."

"တော်တော့... ရပ်လိုက်တော့"

ချူဟန်က ရုတ်တရက် အလွန် ကြမ်းတမ်းသော လေသံဖြင့် အော်ဟစ်လိုက်သည်။ ထို့နောက် သူမ၏ ခေါင်းကို မိမိ၏ ရင်ခွင်ထဲသို့ အတင်း ဖိကပ်ထားလိုက်သည်။ ရင်တွင်း နက်ရှိုင်းသော နေရာမှနေ၍ ပူနွေးသော ခံစားချက်များ လျှံတက်လာတော့သည်။

"နောက်ဆိုရင် ငါ့နောက်ကိုသာ လိုက်ခဲ့။ မင်း ဘာမှ လုပ်စရာ မလိုတော့ဘူး"

ရှန်ကျိုတီ၏ မျက်လုံးများ ပြူးကျယ်သွားတော့သည်။

အသည်းအသန် အောင့်အည်းထားသော မျက်ရည်များမှာ နောက်ဆုံးတွင် တားဆီး၍မရတော့ဘဲ ကျဆင်းလာတော့သည်။ သူမသည် ချူဟန်၏ ရင်ခွင်ထဲတွင် ကလေးငယ်တစ်ဦးပမာ အသံထွက်၍ ငိုကြွေးနေတော့သည်။

"ချူဟန်... ရှန်ကျင်း မြို့မှာ ရှင့်ကို စောင့်နေမယ်နော်"

"အင်း..."

၎င်းမှာ သူတို့နှစ်ဦး၏ နောက်ဆုံး စကားဝိုင်းပင် ဖြစ်သည်။

အမျိုးသမီးသည် မျက်ရည်များကို သုတ်လိုက်ပြီး ယခင်ကလို စွဲမက်ဖွယ်ကောင်းသော အပြုံးကို ပြန်လည် ဆင်မြန်းလိုက်ကာ ဘာမှမဖြစ်ခဲ့သည့်အလား တပ်ဖွဲ့ထဲသို့ ပြန်လည် ဝင်ရောက်သွားလေသည်။

ထိုအချိန်တွင် ပိုင်ယွန့်အာ က သူမထံသို့ စူးရှသော အကြည့်တစ်ချက် ပို့လွှတ်လိုက်သည်။

ရှန်ကျိုတီ က ပိုင်ယွန့်အာ ကို တစ်ချက်ကြည့်ကာ ထူးဆန်းသော လေသံဖြင့် မေးလိုက်သည်။

"နင် နောင်တ မရဘူးလား"

ပိုင်ယွန့်အာ၏ အေးစက်လှပသော မျက်ဝန်းများ အနည်းငယ် တုန်ခါသွားသည်။ သို့သော် ထိုခံစားချက်ကို အတွင်းသို့ ချက်ချင်း ပြန်လည် ဖုံးကွယ်လိုက်သည်။

သူမသည် ရှန်ကျိုတီ ကဲ့သို့ အချစ်အမုန်း ရှင်းလင်းပြတ်သားသူ မဟုတ်သလို ရှန်ကျိုတီ ကဲ့သို့ အရာအားလုံးကို စွန့်လွှတ်ရဲသူလည်း မဟုတ်ပေ။

သံချပ်ကာ ဂျစ်ကား နှင့် စစ်တပ်ကြီးမှာ လမ်းတစ်ကြောင်းစီ ခွဲထွက်သွားကြပြီး တဖြည်းဖြည်း ဝေးကွာသွားကြလေပြီ။

အချိန်ကား အလျင်အမြန် ကုန်ဆုံးသွားပြီး စက်တင်ဘာလ (၇) ရက်နေ့သို့ ရောက်ရှိလာသည်။ ကမ္ဘာပျက်ကပ် စတင်ခဲ့သည်မှာ နှစ်လ ပြည့်သွားခဲ့လေပြီ။

ချူဟန် တစ်ယောက်တည်း ခရီးဆက်လာခဲ့သည်မှာ ရက်အနည်းငယ် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

လမ်းခရီးတစ်လျှောက် ဂျစ်ကားကြီး၏ အကြမ်းပတမ်း ဖြတ်သန်းနိုင်စွမ်းကြောင့် ခရီးစဉ်မှာ အလွန် မြန်ဆန်နေခဲ့သည်။ ဂျစ်ကား၏ အတွင်းပိုင်းတွင် ယဲ့မော့ တပ်ဆင်ပေးလိုက်သော ဆိုလာပြားများ ပါဝင်ပြီး အဆင့်မြင့် လက်နက်အချို့လည်း တပ်ဆင်ထားသေးသည်။ ချူဟန် အနေဖြင့် ထို အလုပ်လုပ်ပုံကို လုံးဝ နားမလည်သော်လည်း ဆယ်ရက်ခန့် နေရောင်ခြည်စွမ်းအင် သွင်းပြီးပါက ယခင်က တင့်ကား ဆယ်စီးကျော်ကို ထိန်းချုပ်မရအောင် လုပ်ပစ်ခဲ့သည့် လက်နက်ကို နောက်တစ်ကြိမ် ပြန်လည် အသုံးပြုနိုင်မည်ဟု ဆိုလေသည်။

သို့သော် ချူဟန်အတွက်တော့ ထိုအရာများမှာ သိပ်ပြီး အရေးမပါလှပေ။

ကားဖြစ်စေ၊ အခြားအရာဖြစ်စေ နောက်ဆုံးတွင်တော့ ပြင်ပအင်အားများသာ ဖြစ်သည်။ သူ အဓိက အလေးထားသည်မှာ မိမိ၏ ကိုယ်ပိုင် တိုက်ခိုက်ရေးစွမ်းရည်သာလျှင် ဖြစ်သည်။

အခန်း (၁၆၄) ထူးဆန်းသော ကျောက်နံရံကြီး

အဆုံးအစမရှိ ကျယ်ပြောလှသော မြက်ခင်းပြင်ကြီး။ ချူဟန်သည် ကတ္တရာလမ်းကို စွန့်ခွာကာ ဤမြက်ခင်းပြင်ကြီးကို ဖြတ်၍ ဖြတ်လမ်းမှ သွားရန် ဆုံးဖြတ်လိုက်သည်။

ခရီးအကွာအဝေးမှာ အလွန်တိုတောင်းသွားသော်လည်း အန္တရာယ်ကတော့ အဆပေါင်းများစွာ ပိုမို ကြီးမားလာပေမည်။

ကမ္ဘာပျက်ကပ်ထဲတွင် ဇွန်ဘီများ ပြည့်နှက်နေသော မြို့ပြများပြီးလျှင် အန္တရာယ်အများဆုံး နေရာမှာ လူသူအရောက်အပေါက်နည်းသော တောတောင်များပင် ဖြစ်သည်။ လူသားတို့၏ အသက်ရှင်သန်မှုကို ခြိမ်းခြောက်နေသည်မှာ ဇွန်ဘီများချည်းသာ မဟုတ်ပေ။ ကမ္ဘာပျက်ကပ် စတင်ခဲ့သည်မှာ နှစ်လ ကြာမြင့်ခဲ့ပြီဖြစ်ရာ ကမ္ဘာကြီး၏ အနေအထားမှာ လုံးလုံးလျားလျား ပြောင်းလဲသွားခဲ့လေပြီ။

ထူထပ်စွာ ပေါက်ရောက်နေသော မြက်ပင်စိမ်းများမှာ လူတစ်ရပ်စာထက်ပင် ပိုမို မြင့်မားနေသည်။ ကမ္ဘာကြီးကို လွှမ်းခြုံသွားသော မှောင်မိုက်မှုက အပင်များ၏ မျိုးရိုးဗီဇကိုပါ ပြောင်းလဲပစ်လိုက်ပြီး ခြောက်သွေ့သေဆုံးသွားခြင်း သို့မဟုတ် အဆက်မပျက် ကြီးထွားလာခြင်း ဟူသော အစွန်းနှစ်ဖက်သို့ ရောက်ရှိသွားစေသည်။

အကယ်၍ ဤ ဂျစ်ကားကြီးကို ယဲ့မော့ က အံ့မခန်းအဆင့်အထိ ပြုပြင်မွမ်းမံပေးမထားပါက အဆင့်(၁) ဆင့်ကဲပြောင်းလဲသူဖြစ်သော ချူဟန် ပင်လျှင် နောင်တစ်ခေတ်၌ နာမည်ဆိုးဖြင့် ကျော်ကြားလာမည့် ဤမြက်ခင်းပြင်ကြီးကို တစ်ယောက်တည်း ဖြတ်ကျော်ရန် လုံးဝ မဖြစ်နိုင်ပေ။

မြင်ကွင်းမှာ အလွန် ဆိုးရွားလှသည်။ ချူဟန်သည် ဤနေရာမှ အမြန်ဆုံး လွတ်မြောက်ရန် ကားကို အရှိန်ကုန် မောင်းနှင်နေလေသည်။

သို့သော် မည်မျှပင် သတိထားရှောင်ကွင်းပါစေ၊ နှစ်ရက်အကြာတွင် သူသည် သမင်အုပ် တစ်အုပ်နှင့် ထိပ်တိုက် တိုးလေတော့သည်။

မြက်ခင်းပြင်တွင် သမင်အုပ်များ ရှိနေခြင်းမှာ သဘာဝကျသော မြင်ကွင်းတစ်ခု ဖြစ်သည်။ သို့သော် ဤနေရာမှာ ကမ္ဘာပျက်ကပ်ထဲ၌ ဖြစ်နေသည်။

ယခုခေတ်ရှိ တိရစ္ဆာန်များမှာ ယခင် ကပ်ဘေးမတိုင်ခင်က လူသားများ လွတ်လပ်စွာ အမဲလိုက်နိုင်ခဲ့သော အားနည်းသည့် သတ္တဝါများ မဟုတ်ကြတော့ပေ။ ကမ္ဘာမြေပေါ်ရှိ အခြားသော သက်ရှိများနည်းတူ သူတို့၏ မျိုးရိုးဗီဇများမှာလည်း လုံးလုံးလျားလျား ပြောင်းလဲသွားခဲ့လေပြီ။

ဂျစ်ကားကြီးမှာ မြင့်မားသော မြက်ရိုင်းတောထဲ၌ တစ်ဝက်တစ်ပျက် ပုန်းကွယ်လျက် ရပ်တန့်နေသည်။ အရှေ့ဘက်မှ ပြေးဝင်လာသော သမင်အုပ်ကြီးထဲရှိ သမင်တစ်ကောင်ချင်းစီ၏ အရွယ်အစားမှာ ကားတစ်စီးထက်ပင် ပိုမို ကြီးမားနေသည်။ သမင်မ ဆယ်ကောင်ကျော်ပင်လျှင် ဆာလောင်နေသော ဘီလူးများအလား ကြောက်မခန်းလိလိ ဖြစ်နေသည်။

သွေးကြောများ နီရဲနေသော မျက်လုံးများ၌ ကြမ်းတမ်းသော အရိပ်အယောင်များ ကိန်းအောင်းနေပြီး ရှေ့ဆုံးမှ ဦးဆောင်ပြေးလာသော သမင်ထီးကြီး၏ ခေါင်းပေါ်ရှိ ဧရာမ ဦးချိုကြီးများမှာ နေရောင်အောက်တွင် လင်းလက်နေသည်။ မျိုးရိုးဗီဇ ပြောင်းလဲမှုကြောင့် သေစေနိုင်သော လက်နက်တစ်ခုအဖြစ် ပြောင်းလဲသွားသည့် ထိုဦးချိုများ၏ အဖျားမှာ ထက်မြက်သော ဓားသွားများနှင့် အနည်းငယ်မျှ ကွာခြားခြင်း မရှိပေ။

ချူဟန်သည် ကားအတွင်းရှိ ခလုတ်တစ်ခု ကို စူးစူးရဲရဲ စိုက်ကြည့်နေသည်။

အကယ်၍ ဤ သမင်အုပ်ကြီးသာ ဝင်တိုက်မည်ဆိုလျှင် သူ၏ ဂျစ်ကားကြီးပင်လျှင် အကောင်းပကတိ ကျန်ရစ်မည် မဟုတ်ပေ။ ကမ္ဘာပျက်ကပ်ထဲရှိ တိရစ္ဆာန်များ၏ ခန္ဓာကိုယ် အရွယ်အစားနှင့် ခွန်အားမှာ ယခင်ကနှင့် လုံးဝ မတူညီတော့ပေ။ လူသားများ အနေဖြင့် အလျင်အမြန် ဆင့်ကဲပြောင်းလဲပြီး ခန္ဓာကိုယ် စွမ်းရည်များကို မမြှင့်တင်နိုင်ပါက အချိန်စောသည်ဖြစ်စေ၊ နောက်ကျသည်ဖြစ်စေ အစာကွင်းဆက်၏ အောက်ခြေဆုံးသို့ ရောက်ရှိသွားမည်မှာ ရှင်းလင်းနေပေသည်။

ဂရူး...

ဂါး...

သမင်အုပ်ကြီးဆီမှ နားစည်ကွဲမတတ် ကြောက်မခန်းလိလိ ဟိန်းဟောက်သံကြီး ထွက်ပေါ်လာသည်။

သမင်တစ်ကောင်၏ အော်သံဟု မည်သူက ယုံကြည်မည်နည်း။ ၎င်းမှာ နာမည်မသိရသော ကြောက်စရာကောင်းသည့် မိစ္ဆာတစ်ကောင်၏ အသံနှင့် လုံးဝ တူညီနေသည်။ သို့သော် ဤအသံမှာ ချူဟန်အတွက်တော့ အလွန် ရင်းနှီးနေသော အသံတစ်ခု ဖြစ်သည်။

သားရဲအဖြစ် ပြောင်းလဲခြင်း။

အပင်များနည်းတူ တိရစ္ဆာန်များမှာလည်း မျိုးသုဉ်းပျောက်ကွယ်သွားခြင်း သို့မဟုတ် အရိုင်းစိုင်းဆုံး အခြေအနေသို့ ရောက်ရှိသွားခြင်း ဆိုသည့် လမ်းကြောင်း နှစ်ခုကိုသာ လျှောက်လှမ်းနေကြရသည်။ အားနည်းသူများမှာ အားကြီးသူများ၏ အစာအဖြစ်သာ အသက်ဆက်ရမည့် ကနဦးခေတ် ရှင်သန်ရေး ပြိုင်ပွဲကြီးဆီသို့ နောက်တစ်ကြိမ် ပြန်လည် ရောက်ရှိသွားခြင်းပင် ဖြစ်သည်။

သမင်အုပ်ကြီးသည် ဖုန်လုံးကြီးများ ထစေလျက် ချူဟန်၏ ဂျစ်ကားကြီးဆီသို့ အရှိန်ပြင်းပြင်းဖြင့် ပြေးဝင်လာတော့သည်။

ဝင်တိုက်တော့မည့် ထိုအခိုက်အတန့်လေးတွင် ယဲ့မော့ သင်ပေးထားသည့်အတိုင်း အတိအကျပင် ချူဟန်သည် ထိုခလုတ် ကို အားကုန် နှိပ်ချလိုက်တော့သည်။

ဒုန်း…

နားစည်ကွဲမတတ် ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။

နောက်တစ်စက္ကန့်တွင်...

ရှေ့ဆုံးမှ ပြေးလာသော တောသမင်များမှာ မျက်စိဖြင့် မမြင်နိုင်သော ဧရာမ ဓားသွားကြီးဖြင့် အပိုင်းပိုင်း ခုတ်ဖြတ်ခံလိုက်ရသည့်အလား ထက်ပိုင်း ပြတ်ကျသွားတော့သည်။ နေရာအနှံ့သို့ သွေးများ ပန်းထွက်သွားပြီး စိမ်းလန်းနေသော မြက်ခင်းပြင်ကြီးကို နီရဲသွားစေသည်။

"နောက်ထပ် နာရီဝက် စောင့်ရဦးမှာပေါ့လေ"

ချူဟန် က ကားထဲတွင် သက်ပြင်းချကာ ညည်းတွားလိုက်သည်။

ဤဂျစ်ကားကြီးမှာ ဓာတ်ဆီအင်ဂျင်ကို လုံးဝ ဖြုတ်ချထားပြီး နေရောင်ခြည်စွမ်းအင် သီးသန့်ဖြင့် မောင်းနှင်နိုင်ရန် ပြုပြင်မွမ်းမံထားခြင်း ဖြစ်သည်။

ကံကောင်းစွာပင် ယဲ့မော့ တပ်ဆင်ပေးထားသော ဆိုလာပြားများ၏ စွမ်းအင်ပြောင်းလဲနိုင်စွမ်းမှာ သာမန်ထက် လုံးဝ ထူးကဲသာလွန်နေပြီး ပုံမှန် မောင်းနှင်မည်ဆိုပါက တစ်နေ့လုံး ဆက်တိုက် မောင်းနှင်နိုင်ပေသည်။

သို့သော် တိုက်ခိုက်ရေးစနစ်ကို အသုံးပြုမည်ဆိုလျှင်မူ လုံးဝ မတူညီတော့ပေ။ တင့်ကား ဆယ်စီးကျော်ကို ထိန်းချုပ်လို့မရအောင် လုပ်ပစ်ခဲ့သည့် လျှပ်စစ်သံလိုက်လှိုင်း တိုက်ခိုက်မှုဖြစ်စေ၊ တောသမင် ဆယ်ကောင်ကျော်ကို မျက်စိတစ်မှိတ်အတွင်း အပိုင်းပိုင်းဖြစ်အောင် ခုတ်ဖြတ်ပစ်ခဲ့သည့် စွမ်းအင်မြင့် အလင်းလှိုင်းဖြစ်စေ၊ အသုံးပြုလိုက်ရသည့် စွမ်းအင်မှာ အလွန်များပြားလွန်းလှသည်။ ယခုလေးတင် တိုက်ခိုက်မှုအပြီးတွင် ဂျစ်ကားကြီး၏ စွမ်းအင်များ လုံးဝ ကုန်ခမ်းသွားခဲ့ပြီဖြစ်ရာ ချူဟန်အနေဖြင့် နောက်တစ်ကြိမ် ပြန်လည် အသုံးပြုနိုင်ရန် အနည်းဆုံး နာရီဝက်ခန့် စောင့်ဆိုင်းရမည် ဖြစ်သည်။

ချူဟန် မျက်စိမှိတ်ကာ တစ်ရေးအိပ်ရန် ပြင်လိုက်ချိန်မှာပင်...

သူ ရုတ်တရက် မျက်လုံးများ ပြူးကျယ်သွားပြီး အမည်းရောင် ကျည်ကာမှန်မှတစ်ဆင့် အပြင်ဘက်သို့ စူးရဲစွာ စိုက်ကြည့်လိုက်သည်။

ကြီးထွားနေသော မြင်းတစ်ကောင်ခန့် အရွယ်အစားရှိသည့် ဧရာမ ကျားသစ် နှစ်ကောင်။

သူ့ဆီသို့ ကြောက်မခန်းလိလိ အမြန်နှုန်းဖြင့် ပြေးဝင်လာနေသည်။ ထိုပုံရိပ်ကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် ချူဟန် ချက်ချင်း သဘောပေါက်လိုက်သည်။ ဤ ကျားသစ် နှစ်ကောင်မှာ လက်ရှိ မိမိ ယှဉ်ပြိုင်တိုက်ခိုက်နိုင်သည့် ပြိုင်ဘက်မျိုး လုံးဝ မဟုတ်ပေ။

ပါးစပ်မှ အပြင်သို့ ရှည်လျားစွာ ထွက်ပေါ်နေသော အစွယ်များမှာ ကြက်သီးထချင်စရာကောင်းလောက်အောင် အေးစက်သော အငွေ့အသက်များကို ထုတ်လွှတ်နေသည်။ ဤဂျစ်ကားကြီး၏ သံချပ်ကာကိုယ်ထည်ပင်လျှင် နာရီဝက်ခန့်သာ အချိန်ရမည်ဆိုပါက ထိုအစွယ်များ၏ ကိုက်ဖြတ်မှုကြောင့် တစ်စစီ ဖြစ်သွားမည်မှာ သေချာပေသည်။

"သေစမ်း"

ချူဟန် ချက်ချင်းပင် ရှူရာပုဆိန်ကို ဆုပ်ကိုင်လိုက်သည်။

သူ လုံးဝ မေ့သွားခဲ့ခြင်း ဖြစ်သည်။ တောတောင်များထဲတွင် ဇွန်ဘီ အရေအတွက် နည်းပါးသော်လည်း တောသမင် ဆယ်ကောင်ကျော်၏ သွေးနံ့များက အခြားသော အသားစား သတ္တဝါများကို သေချာပေါက် ဆွဲဆောင်လာပေလိမ့်မည်။

"ချီးပဲ"

ချူဟန်မှာ ဒေါသထွက်လွန်းသဖြင့် ဆဲလိုက်ရင်း ပြန်လည်စတင်ခြင်း စနစ် ၏ အမှတ်များကို စစ်ဆေးလိုက်သည်။

လက်ရှိအမှတ် ၁၉၅၃။

နောက်ထပ် အမှတ် အနည်းငယ်သာ ထပ်ရမည်ဆိုပါက အဆင့်(၂) ဆင့်ကဲပြောင်းလဲသူ အဖြစ်သို့ ရောက်ရှိတော့မည် ဖြစ်သည်။ ဤကဲ့သို့ အရေးကြီးသော အချိန်မျိုးတွင် ဇွန်ဘီအုပ်များ ဘာကြောင့် မပေါ်လာရသနည်း။ လက်ရှိ အဆင့်(၁) ဆင့်ကဲပြောင်းလဲသူ တစ်ယောက်၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုဖြင့်ဆိုလျှင် ထို ဧရာမ ကျားသစ် နှစ်ကောင်ကို ရင်ဆိုင်ပါက အပိုင်းပိုင်း ဆွဲဖြဲခံရဖို့သာ ရှိပေမည်။

ဘုန်း ခနဲ မြည်သံနှင့်အတူ ကားတံခါးပွင့်ကာ ပြန်ပိတ်သွားပြီးနောက်

ချူဟန်သည် အနည်းငယ်မျှ တွေဝေခြင်းမရှိဘဲ ကားကို စွန့်ခွာကာ ထွက်ပြေးသွားတော့သည်။ လက်ပိုက်ကာ သေမည့်အချိန်ကို စောင့်နေခြင်းမှာ သူ၏ စတိုင် လုံးဝ မဟုတ်ပေ။ ဂျစ်ကားကြီး ပြန်လည် အသုံးပြုနိုင်ရန် နာရီဝက် စောင့်ရမည်ဆိုပါက မိမိ၏ ခြေထောက်ကို အားကိုး၍ ထွက်ပြေးရုံမှတစ်ပါး အခြားမရှိတော့ပေ။

ရွှီး...

ရှူရာပုဆိန်ကို ပခုံးပေါ် တင်လိုက်ပြီးနောက် ချူဟန်သည် မြက်ခင်းပြင်ကြီးကို ဖြတ်၍ သူ၏ အမြင့်ဆုံး အရှိန်ဖြင့် ပြေးထွက်သွားတော့သည်။

အနောက်မှ ထက်ကြပ်မကွာ လိုက်ပါလာသော ကျားသစ် နှစ်ကောင်မှာ အလွန်အမင်း ဆာလောင်နေသည့် အရိပ်အယောင်မျိုးတော့ မပြချေ။ မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော သမင်သေများကို အနည်းငယ်မျှပင် ဂရုမစိုက်ဘဲ သွေးနံ့ ပိုမို လတ်ဆတ်သော ချူဟန်ကိုသာ တိကျစွာ ပစ်မှတ်ထားနေကြသည်။

တစ်ကီလိုမီတာခန့် ကွာဝေးသော အကွာအဝေးမှာ စက္ကန့်အနည်းငယ်အတွင်း တစ်ဝက်ခန့် လျော့ကျသွားလေပြီ။ သူတို့၏ အမြန်နှုန်းမှာ မည်မျှတိုင်အောင် ကြောက်စရာကောင်းသနည်း ဆိုသည်မှာ ရှင်းလင်းနေပေသည်။

"ကျစ်"

ချူဟန် အနောက်သို့ လှည့်မကြည့်ဘဲ အရှေ့သို့သာ အသည်းအသန် ပြေးနေတော့သည်။

အနောက်မှ ကပ်၍ ပါလာသော ခြေသံမှာ သေမင်း၏ ခြေသံအလား သွေးပျက်စရာ ကောင်းလောက်အောင် ခြောက်ခြားဖို့ကောင်းနေသည်။ ထွက်ပြေးစရာ နေရာလည်း မရှိပေ။ အသက်ရှင်ရန် နည်းလမ်း တစ်ခုသာ ကျန်တော့သည်။

" အလျင်အစွမ်း အသက်ဝင် "

ချူဟန် အဆုတ်ထဲရှိ လေများကို အားကုန်ထုတ်၍ အော်ဟစ်လိုက်သည်။

သို့သော် ပြန်လည်စတင်ခြင်း စနစ်က အလွန် အေးအေးဆေးဆေးနိုင်လှသော စက်ရုပ်သံဖြင့် ပြန်လည် မေးခွန်းထုတ်လာသည်။

[ အလျင်အစွမ်း ပါရမီကို အသက်သွင်းရန် အမှတ် ၅၀၀ ကုန်ကျပါမည်။ အသက်သွင်းမှာ သေချာပါသလား ]

"မြန်မြန် အသက်သွင်းစမ်းပါ။ အပိုတွေ လာမေးမနေနဲ့"

ချူဟန် ဒေါသတကြီး အော်ဟစ်လိုက်သည်။ ပုံမှန်ဆိုလျှင် မည်သည့် တုံ့ပြန်မှုမှ မပေးတတ်ဘဲ ယခုကဲ့သို့ အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရချိန်မျိုးတွင်မှ ဘာကြောင့် ဒီလောက် အချိုးမပြေရသနည်း။

ဝှစ်...

တစ်ကိုယ်လုံးတွင် ပူနွေးသော စွမ်းအင်စီးကြောင်းများ ပြည့်နှက်သွားသည်။ ချူဟန်၏ ခြေလှမ်းများမှာ လေဟုန်စီးနေသည့်အလား ပေါ့ပါးသွားပြီး အမြန်နှုန်းမှာ တစ်ဟုန်ထိုး နှစ်ဆ မြင့်တက်သွားတော့သည်။ တစ်ချိန်တည်းမှာပင် အမှတ်များမှာလည်း ၁၄၅၃ သို့ လျော့ကျသွားလေပြီ။

နောက်ဆုံးတွင် အနောက်မှ ကျားသစ် နှစ်ကောင်၏ အမြန်နှုန်းနှင့် ရင်ပေါင်တန်းနိုင်သွားလေပြီ။

နှစ်ဖက်စလုံး၏ အကွာအဝေးမှာ မီတာ သုံးရာခန့်တွင်သာ အသေအချာ ရှိနေပြီး ရှေ့ဆုတ် နောက်ဆုတ် အားပြိုင်မှုများ ဆက်တိုက် ဖြစ်ပေါ်နေသည်။ ချူဟန်သည် တစ်စက္ကန့်လေးမျှပင် အာရုံစိုက်မှုကို လျှော့ချ၍ မရပေ။ ခြေလှမ်း အနည်းငယ် မှားယွင်းသွားသည်နှင့် မျက်စိတစ်မှိတ်အတွင်း အမီခံရမည်မှာ သေချာပေသည်။ ထို ကျားသစ်၏ အနံ့ဆိုးများ ထွက်နေသော ဧရာမ ပါးစပ်ကြီးကို သေရင်တောင် သူ မမြင်ချင်ပေ။

ကျားသစ် နှစ်ကောင်၏ အစွဲအလမ်းကြီးသော လိုက်လံ ဖမ်းဆီးမှုမှာ နာရီဝက်ခန့် ကြာမြင့်သွားခဲ့လေပြီ။

အကန့်အသတ်ရောက်သည်အထိ အမြန်နှုန်းကို အသုံးပြုကာ ပြေးလွှားနေရသဖြင့် ချူဟန်၏ ခန္ဓာကိုယ်မှာလည်း အားအင်ကုန်ခမ်းလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။

'သေစမ်း... မရောက်သေးဘူးလား'

မျက်စိရှေ့မှ မြင်ကွင်းများ ဝေဝါးလာချိန်တွင် ချူဟန် ရင်ထဲ၌ ကျိန်ဆဲလိုက်မိသည်။

ထိုအချိန်မှာပင်...

အရှေ့ဘက် မြက်ခင်းပြင်ကျယ်ကြီးထဲတွင် ဧရာမ ကျောက်နံရံကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

အရှည်မှာ အလျားမီတာတစ်ထောင်နှင့် အမြင့်မီတာရာချီရှိသောဧရာမ ကျောက်နံရံကြီးတစ်ခုက ရှေ့တည့်တည့်၌ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ အတိအကျ မည်မျှ ကြီးမားသည်ကို မသိရသော်လည်း မိုးမျှော်တိုက်ကြီး တစ်လုံးပမာ အရှိန်အဝါကြီးစွာ မြက်ခင်းပြင်ကြီး၏ အလယ်ဗဟို၌ ရုတ်တရက် မားမားမတ်မတ် ရပ်တည်နေခြင်းပင် ဖြစ်သည်။

မီးခိုးရောင် သာမန် ကျောက်နံရံ တစ်ခုသာ ဖြစ်သည်။ အကျယ်အဝန်းမှာ အလွန် ကြီးမားလွန်းလှသဖြင့် ချက်ချင်း လမ်းလွှဲရန် လုံးဝ မဖြစ်နိုင်ပေ။

မိမိ၏ လမ်းကြောင်းကို ပိတ်ဆို့ထားသော ထို ဧရာမ ကျောက်နံရံကြီးကို မြင်လိုက်ရသော်လည်း ချူဟန်၏ မျက်လုံးများမှာမူ တောက်ပသွားတော့သည်။

ချူဟန် အရှိန်ကို ထပ်တင်လိုက်ပြီး ကျောက်နံရံကြီး၏ ဘယ်ဘက်အစွန်းသို့ တန်းတန်းမတ်မတ် ပြေးဝင်သွားတော့သည်။

ဂါး... ဂါး...

အနောက်ဘက်မှနေ၍ သားကောင်ကို လက်လွှတ်မခံလိုသော ကျားသစ် နှစ်ကောင်၏ ကြမ်းတမ်းသော ဟိန်းဟောက်သံများ ထွက်ပေါ်လာသည်။

သို့သော် ချူဟန် ရပ်တန့်မသွားပေ။

သူ၏ ခန္ဓာကိုယ် ကျောက်နံရံကြီးနှင့် ဝင်တိုက်မိသွားသည်။ ထိုအခိုက်အတန့်တွင် ဂျယ်လီ ပြားတစ်ခုကို ဖောက်ထွင်းဝင်ရောက်သွားသည့်အလား ထူးဆန်းသော ခံစားချက်တစ်ခုက တစ်ကိုယ်လုံးကို လွှမ်းခြုံသွားတော့သည်။

ပြင်းထန်သော ဆွဲငင်အား တစ်ခု ဖြစ်ပေါ်လာပြီး သူ၏ ပုံရိပ်မှာ ကျောက်နံရံကြီးထဲသို့ စုပ်ယူခံလိုက်ရကာ ပျောက်ကွယ်သွားတော့သည်။

ထူးဆန်းသော ကျောက်နံရံကြီး အတွင်းသို့ စုပ်ယူခံရစဉ်...

ချူဟန်သည် ပုဆိန်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားရင်း အနောက်သို့ လှည့်ကြည့်ကာ မထီမဲ့မြင် အပြုံးတစ်ခု ပြုံးလိုက်သည်။ သူ၏ နှုတ်ခမ်းထောင့်များတွင် ရန်စလိုသော အရိပ်အယောင်များ အထင်းသား ပေါ်လွင်နေသည်။

သူ တိတ်ဆိတ်စွာ စောင့်ကြည့်နေလိုက်သည်။

ဒေါသတကြီးဖြင့် ကျောက်နံရံကို ဖောက်ထွင်းဝင်ရောက်ရန် အရှိန်ပြင်းပြင်းဖြင့် ဝင်တိုက်လိုက်သော ကျားသစ် နှစ်ကောင်မှာ မာကျောသော ကျောက်နံရံနှင့် ခေါင်းစောင့်မိကာ သွေးသံရဲရဲ ဖြစ်သွားသည့် ရယ်စရာကောင်းသော မြင်ကွင်းကိုပင် ဖြစ်သည်။

All Chapters