← Chapters

အခန်း (၁၆၇-၁၆၈)

Vol. 17 Ch. 167-168

အခန်း (၁၆၇-၁၆၈)

Vol. 17 Ch. 167-168

အခန်း (၁၆၇) အဆင့်သတ်မှတ်ချက် ကြေညာခြင်း

"လက်နက် ရွေးချယ်လိုပါသလား"

ပိုင်ယွန့်အာလည်း ထိုမေးခွန်းကို အမေးခံလိုက်ရသည်။ သူမက ငွေရောင်လက်အိတ်ကို မြှောက်ပြလျက် အေးစက်စက်နှင့် တင်းမာသောအသံဖြင့် ပြန်ဖြေလိုက်သည်။

"အလကားမေးခွန်းမှန်း သိသိကြီးနဲ့ မေးနေတာလား"

ကျောက်နံရံကြီးမှာ ခနတာ မှင်သက်သွားဟန်ဖြင့် တိတ်ဆိတ်သွားပြီးနောက် စကားများကို ကျော်ချကာ ခပ်သုတ်သုတ်ပင် ပြောချလိုက်တော့သည်။

"စမ်းသပ်မှုစတင်ရန် ရေတွက်ပါတော့မည်... သုံး၊ နှစ်၊ တစ်။ အချိန်ကန့်သတ်ချက် မိနစ်သုံးဆယ်... သတ်ဖြတ်ခြင်း စတင်ပါပြီ"

အသက်ရှူချိန်ပင် မပေးဘဲ အလွန်မြန်ဆန်စွာ ပြောချလိုက်ခြင်းမှာ တမင်သက်သက် ရစ်နေသည်နှင့်ပင် တူနေတော့သည်။

ပိုင်ယွန့်အာက မျက်စိရှေ့တွင် ရုတ်တရက် ပေါ်လာသော ကျောက်ပြားခင်းလမ်းကို ကြည့်ကာ ခပ်ဟဟ ရယ်မောလိုက်သည်။ သူမက လုံးဝ ဂရုမစိုက်ဘဲ ရှေ့သို့ တည့်မတ်စွာ လျှောက်သွားရင်း နောက်ထပ် စကားတစ်ခွန်းကြောင့် လျှို့ဝှက်ဆန်းကြယ်လှသော ကျောက်နံရံကြီး၏ စက်ရုပ်အသံကို အချိန်အတော်ကြာ ရပ်မတတ် ဖြစ်သွားစေတော့သည်။

"ကလေးကလား အလုပ်တွေ"

"လက်နက် ရွေးချယ်လိုပါသလား"

ကမ္ဘာတစ်ဝန်းရှိ ရေတွက်၍မရနိုင်သော လူများစွာ၏ ခေါင်းထဲတွင်လည်း ထိုမေးခွန်းက ပဲ့တင်ထပ်နေသည်။ စိန်ခေါ်သူ အများစုမှာ လက်နက်ရွေးချယ်ရန် အချိန်ကုန်ခံနေကြချိန်တွင် ချူဟန်က ပိတ်ဆို့မှုများကို ဖောက်ထွက်ကာ ခံတပ်၏ အဆုံးသတ်နားသို့ပင် ရောက်ရှိနေလေပြီ။

အဆင့်(၁)ဝင်ပေါက်၏ စမ်းသပ်မှုသည် အခြားအဆင့်များနှင့် နှိုင်းယှဉ်ပါက အလွန်တရာ လွယ်ကူလှသည်။ ခက်ခဲသည်မှာ အမြင့်ဆုံးရမှတ် ရရှိရန်သာ ဖြစ်သည်။

သူ ဖြတ်သန်းသွားသော နေရာများတွင် ဘာမျှ ကျန်ရစ်ခြင်း မရှိပေ။ သတ်ဖြတ်ခံရသော သတ္တဝါဆိုးများမှာ မျက်စိတစ်မှိတ်အတွင်း ပြာအဖြစ် ပြောင်းလဲသွားကြသည်။ ဤထူးဆန်းသော ကျောက်နံရံကြီး၏ ကန့်သတ်ချက်များအပြင် ချူဟန်၏ ဦးနှောက်ထဲတွင် သူ့ကို အထောက်အကူပြုနေသော ပြန်လည်စတင်ခြင်း စနစ် လည်း ရှိနေသေးသည်။ ဤသည်မှာ သူကိုယ်တိုင်ပင် လုံးဝ မျှော်လင့်မထားခဲ့သော အရာဖြစ်သည်။

စနစ်တွင် မှတ်တမ်းတင်ထားသော အချိန်မှာ ၂၈ မိနစ် ရှိသွားပြီဖြစ်ပြီး သတ်ဖြတ်နိုင်မှုမှာ ၉၉ ကောင် ဖြစ်သည်။

မည်သည့် အသိပေးချက်မျှ မလာခြင်းမှာ ကန့်သတ်ချိန် မိနစ်၃၀ မပြည့်သေးခြင်းကြောင့် ဖြစ်သည်။ စိန်ခေါ်သူ မသေဆုံးမချင်း သို့မဟုတ် သတ္တဝါဆိုးများ အားလုံး မပြုတ်မချင်း အချိန်က ရပ်တန့်သွားမည် မဟုတ်ပေ။ ဆိုလိုသည်မှာ ချူဟန်အတွက် မသတ်ရသေးဘဲ ကျန်နေသေးသော သတ္တဝါဆိုး ရှိနေသေးသည် ဆိုသည့် အဓိပ္ပာယ်ပင် ဖြစ်သည်။

သို့သော် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သော်လည်း သက်ရှိအရိပ်အယောင်ကို တစ်စက်လေးမျှပင် မခံစားရပေ။

ကျန်ရှိချိန် တစ်မိနစ်ကျော်သာ လိုတော့သဖြင့် ချူဟန် စိတ်ထဲတွင် အနည်းငယ် စိုးရိမ်လာသော်လည်း တည်ငြိမ်နေဆဲပင် ဖြစ်သည်။ လျှောက်လမ်း၏ အဆုံးထိ လျှောက်သွားကာ ပတ်ဝန်းကျင်ရှိ အရာအားလုံးကို အာရုံစိုက်ထားလိုက်သည်။

'ကျန်နေတဲ့ကောင်က အနှေးနဲ့အမြန် ထွက်လာမှာ ကျိန်းသေတယ်'

ချူဟန်ကဲ့သို့ပင် လက်နက်ရွေးချယ်ရာ၌ အချိန်မကုန်ခဲ့သူ အများအပြား ရှိနေသေးသည်။ ပိုင်ယွန့်အာနှင့် ချန်ရှောက်ရယ်တို့သည်လည်း ထိုအထဲတွင် ပါဝင်ကြသည်။ ထိုနှစ်ဦးအတွက် မျက်စိရှေ့ရှိ သတ္တဝါဆိုးအုပ်ကြီးကို ချေမှုန်းရန်မှာ အလွန်လွယ်ကူလှသည်။ သို့သော် သတ္တဝါဆိုးများကို ပထမဆုံး မြင်လိုက်ရချိန်တွင် ချန်ရှောက်ရယ်၏ လန့်ဖြန့်သွားမှုမှာ နာမည်ကြီး သရုပ်ဆောင်တစ်ဦးကဲ့သို့ အလွန်ပီပြင်လှသည်။

"ဟူး... နောက်ဆုံးတော့ အကုန်သတ်လို့ ပြီးသွားပြီကွ"

ချန်ရှောက်ရယ်က မြေပြင်ပေါ်သို့ ဘုတ်ခနဲ ထိုင်ချလိုက်ပြီး ခေါင်းကုတ်ကာ အော်လိုက်သည်။

"အကုန်သတ်ပြီးပြီလေ။ ဒီကနေ ပေးမထွက်သေးဘူးလား"

မည်သူကမျှ ပြန်မဖြေပေ။

အခြားတစ်ဖက်တွင်မူ ပိုင်ယွန့်အာသည် ချူဟန်ကဲ့သို့ပင် ရွေးချယ်ခဲ့သည်။ သူမသည် ကျောက်ပြားခင်းလမ်း၏ အဆုံးသတ်တွင် တိတ်ဆိတ်စွာ ရပ်နေသည်။ နှင်းပွင့်သဖွယ် ဖြူလွှလွှ ဝတ်စုံကို ဆင်မြန်းထားပြီး နက်မှောင်သော ဆံကေသာတို့က လေထဲတွင် လွင့်မျောနေသည်။

ကုန်ဆုံးသွားသော အချိန်မှာ ၂၀ မိနစ် ၅၉ စက္ကန့် ဖြစ်သည်။

အများစုမှာ သတ္တဝါဆိုးများကို ရှင်းလင်းနိုင်ခြင်းမရှိသေးဘဲ အကောင်အနည်းငယ်နှင့်ပင် ရုန်းကန်နေရဆဲ ဖြစ်သည်။ ချူဟန်ကဲ့သို့ အကုန်အစင် သတ်ဖြတ်နိုင်ခဲ့သော လူတစ်စုမှာ အဝင်ဝဆီသို့ လှည့်ပြန်နေကြလေပြီ။ ချန်ရှောက်ရယ်မှာလည်း ထိုအထဲတွင် အပါအဝင် ဖြစ်သည်။ အနည်းငယ်အကြာတွင် စမ်းသပ်မှု အချိန်ပြည့်တော့မည် ဖြစ်သည်။

ငါး…

လေး…

ချန်ရှောက်ရယ်က လက်ထဲရှိ သေနတ်သည် ပြင်ပကမ္ဘာတွင် တကယ်ရှိမရှိ စဉ်းစားရင်း လျှောက်လာခဲ့သည်။ နတ်ဘုရားတစ်ပါးပမာ ပစ်ခတ်နိုင်စွမ်းရှိသော ဤလူဝကြီးသည် သူ၏ကျောဘက် မီတာအနည်းငယ်အကွာတွင် အမည်းရောင် သတ္တဝါဆိုးကြီး ရုတ်တရက် ပေါ်လာသည်ကို လုံးဝ သတိမထားမိခဲ့ပေ။

သုံး…

နှစ်…

ပိုင်ယွန့်အာက ရှေ့သို့ ပြင်းထန်စွာ တိုးဝင်သွားပြီး အမည်းရောင် သတ္တဝါဆိုးကြီး၏ လည်ပင်းကို လက်တစ်ဖက်တည်းဖြင့် ချိုးပစ်လိုက်သည်။

တစ်…

ချူဟန် လက်ထဲရှိ ရှူရာပုဆိန်က အချိန်ကိုက်ပင် သတ္တဝါဆိုး၏ လည်ပင်းကို ပိုင်းဖြတ်လိုက်သည်။ နောက်ဆုံးတစ်ကောင်။ အကောင်တစ်ရာ ပြည့်သွားလေပြီ။

ဧရာမ ကျောက်နံရံကြီးကြီးက ပေါ်လာပြီးနောက် ပထမဆုံးအကြိမ်အဖြစ် တိုက်ခိုက်ရေးစွမ်းရည် အဆင့်သတ်မှတ်ချက်များကို စုစည်းကာ အချက်အလက်များ စတင်ကောက်ယူတော့သည်။

“အမည်၊ အသက်၊ လိင်”

စမ်းသပ်မှုကို အောင်မြင်ခဲ့သော ရေတွက်၍မရနိုင်သည့် လူများ၏ ခေါင်းထဲတွင် ထိုမေးခွန်းသုံးခုက ပဲ့တင်ထပ်သွားသည်။ ပိုင်ယွန့်အာနှင့် ချန်ရှောက်ရယ်တို့၏ အချက်အလက်များကိုလည်း တစ်ပြိုင်နက်တည်း မှတ်တမ်းတင်နေပြီ ဖြစ်သည်။ သို့သော် ကျောက်နံရံကြီးဆီမှ အခြားသူများနှင့်မတူသော မေးခွန်းကို အမေးခံရသူ တစ်ဦးတည်းသာ ရှိလေသည်။

ချူဟန် နောက်ဆုံးတစ်ကောင်ကို ခုတ်ပိုင်းလိုက်သည့်အချိန်တွင် ကျောက်နံရံကြီးက သူ့ကို မေးလိုက်သည်မှာ ကိုယ်ရေးအချက်အလက်များကို ကောက်ယူခြင်း မဟုတ်ပေ။ ထိုအရာက...

“ (S) အဆင့် အကဲဖြတ်ချက် ရရှိသည်။ အခြားကမ္ဘာ သို့ ချိတ်ဆက်လိုပါသလား”

ပထမအကြိမ် တိုက်ခိုက်ရေးစွမ်းအားရှင် အဆင့်သတ်မှတ်ချက်များ ထွက်ပေါ်လာလေပြီ။

မျက်စိတစ်မှိတ်အတွင်းမှာပင် နိုင်ငံတစ်ဝန်းရှိ ဧရာမ ကျောက်နံရံကြီးကြီးများ၏ မျက်နှာပြင်ပေါ်၌ အမည်များနှင့် အချက်အလက်များ ပြည့်နှက်သွားသည်။ အနက်ရောင် စာလုံးကြီးများက ထင်ရှားနေသော်လည်း ပို၍ မျက်စိဖမ်းစားနိုင်သည်မှာ တောက်ပသော အဝါရောင်ဖြင့် ရေးသားထားသည့် နံပါတ်(၁) နေရာမှ နံပါတ်(၃) နေရာအထိ အမည်များပင် ဖြစ်သည်။ အံ့ဩစရာကောင်းစွာပင် ထိုအထဲ၌ ရှန်ကျိုတီ၏ အမည်က ခန့်ညားစွာ ထွင်းထုခံထားရသည်။

[ အမည်] ရှန်ကျိုတီ

[အသက်] ၂၁ နှစ်

[လိင်] မ

[အစွမ်း] ဆင့်ကဲပြောင်းလဲသူ

[ အကဲဖြတ်ချက်] (B)

[အဆင့်] နံပါတ် (၃)

သူမသည် အဆင့်(၁)ဝင်ပေါက် စမ်းသပ်မှု၏ ပထမအကြိမ် တိုက်ခိုက်ရေးစွမ်းအားရှင် အဆင့်သတ်မှတ်ချက်တွင် နံပါတ်(၃) နေရာကို ရယူနိုင်ခဲ့ကြောင်း သက်သေပြနေခြင်းပင် ဖြစ်သည်။

"ဝါး... ကျိုတီ၊ အရမ်းမိုက်တာပဲ"

ရှန်ကျိုတီ၏ အမည် ထွက်ပေါ်လာသည်နှင့် လော့ရှောင်ရှောင်က အော်ဟစ်လိုက်သည်။

အချိန်အတန်ကြာ စောင့်ဆိုင်းခဲ့ရပြီးနောက် လူအုပ်ကြီးကလည်း ဤဧရာမ ကျောက်နံရံကြီး၏ အသုံးဝင်ပုံကို စတင်နားလည်လာကြသည်။ ဤသည်ကား စစ်မှန်သော ခွန်အားကြီးသူများကို စစ်ထုတ်ပေးမည့် မှတ်ကျောက်ပင် ဖြစ်ပေသည်။

"ဒီလောက်တော့ ရှိမှာပေါ့"

ရှန်ကျိုတီက စိတ်လှုပ်ရှားစွာဖြင့် သူမ သွယ်လျသော ခါးလေးကို ပွတ်သပ်လိုက်သော်လည်း စိတ်ထဲတွင်မူ ချူဟန်ကို အလိုလို သတိရသွားသည်။

ချူဟန်သည် အဆင့်(၁) ဆင့်ကဲပြောင်းလဲသူ ဖြစ်သည်။ ဘေးဘက်ရှိ အဆင့်(၂)ဝင်ပေါက်နှင့် အဆင့်(၃)ဝင်ပေါက်မှ သတ္တဝါဆိုးကြီးများကို ခဏထား၍ စွမ်းအားကြီးမားလှသော သူက အဆင့်(၁)ဝင်ပေါက် စမ်းသပ်မှုတွင် မည်သည့်နေရာ၌ ရပ်တည်နေမည်နည်း။

"ဝတုတ်နဲ့ ယွန့်အာက မထွက်လာကြသေးဘူးနော်"

လော့ရှောင်ရှောင်က လေးနက်သော မျက်နှာထားဖြင့် သုံးသပ်ပြသည်။

"သူတို့နှစ်ယောက် ထွက်လာရင် နံပါတ်(၁) နေရာနဲ့ နံပါတ်(၂) နေရာလည်း အပြောင်းအလဲဖြစ်သွားမှာပဲ။ ကိုကြီးချူဟန် ဒီမှာမရှိတာ နှမြောစရာပဲ။ ကိုကြီးသာ ရှိရင် ပထမနေရာက ကျိန်းသေပေါက် ကိုကို့အတွက်ပဲဟာကို"

ရှန်ကျိုတီက ထောက်ခံခြင်း၊ ငြင်းဆန်ခြင်း မပြုဘဲ တိတ်ဆိတ်စွာ ပြုံးလျက် ကျောက်နံရံကြီး၏ အဆင့်(၁)ဝင်ပေါက် စာရင်းမှ နံပါတ်(၁) နှင့် နံပါတ်(၂) နေရာများဆီသို့ ကြည့်လိုက်သည်။ ထူးဆန်းသည်မှာ ရှန်ကျိုတီ၏ နံပါတ်(၃) နေရာကို ဖော်ပြထားသော်လည်း နံပါတ်(၁) နှင့် နံပါတ်(၂) နေရာကွက်လပ်တွင် အမည်များကို ယှဉ်တွဲဖော်ပြထားရုံသာဖြစ်ပြီး သီးခြားအဆင့် သတ်မှတ်ထားခြင်း မရှိပေ။

"သြော်... အချိန်ကြောင့်ကိုး"

စမ်းသပ်မှုကို ဖြတ်သန်းခဲ့ရသော ရှန်ကျိုတီက ချက်ချင်း သဘောပေါက်သွားသည်။ သတ်ဖြတ်ခဲ့သော သတ္တဝါဆိုး အရေအတွက် တူညီနေလျှင်တောင်မှ အချိန်ပိုတိုတောင်းသူက ရလဒ် ပိုကောင်းမည် ဖြစ်သည်။

စခန်းပြင်ပသို့ အလုအယက် တိုးဝှေ့ထွက်လာကြသည့် လူအုပ်ကြီးမှာ တစတစ ပိုမိုများပြားလာပြီး ထိုအရှိန်အဝါကြီးမားလှသော ကျောက်နံရံကြီး ဆီသို့ စုပြုံဦးတည်သွားကြတော့သည်။ အချိန်ကြာလာသည်နှင့်အမျှ အဆင့်များက ဆက်တိုက် ပြောင်းလဲနေသော်လည်း အများစုမှာ ထိပ်ဆုံး သုံးနေရာရှိ အမည်များကို ကြည့်ကာ ထိတ်လန့်နေကြသည်။ ထိပ်ဆုံး၌ နေရာယူထားသူများမှာ လူငယ်မျိုးဆက်များသာ ဖြစ်နေပြီး ပုံမှန်အချိန်တွင် ဂုဏ်မောက်ကာ နာမည်ကြီးနေသူများမှာမူ အောက်ဆုံးသို့ ရောက်ရှိနေကြသောကြောင့် ဖြစ်သည်။

မြင့်မားသော မြို့ရိုးပေါ်မှနေ၍ စစ်ဝတ်စုံဝတ်ဆင်ထားသော အမျိုးသားအချို့က လေးနက်သော မျက်နှာထားများဖြင့် အောက်သို့ ငုံ့ကြည့်နေကြသည်။

"ဗိုလ်ချုပ်ရှန်... ဒီ ရှန်ကျိုတီဆိုတာ ခင်ဗျားရဲ့ မွေးစားသမီး များလား"

တစ်စုံတစ်ဦးက ရုတ်တရက် မေးလိုက်သည်။ ထိုအချိန်အထိ စွမ်းရည်မြင့်မားသူများကို တပ်မတော်ထဲသို့ ဆွဲသွင်းရန် တိုင်ပင်နေကြသော လူကြီးပိုင်းများ၏ မျက်နှာပေါ်တွင် ထူးဆန်းသော အရိပ်အယောင်များ တစ်ပြိုင်နက်တည်း ပေါ်လာကြသည်။

"ဟားဟား... အံ့ဩစရာပဲဗျာ။ တရားမဝင် မွေးစားသမီးက ကျုပ်ရဲ့ ငကြောင်သားထက်တောင် ရလဒ် ပိုကောင်းနေပါလား။ ဘယ်မှာကြည့်ရမလဲ... အင်း... ကျုပ်သားက အဆင့်(၁)ဝင်ပေါက်မှာ နံပါတ်(၁၃) နေရာပဲ ရထားတယ်"

"ဟားဟားဟား... ဗိုလ်ချုပ်ရှန်၊ အခု ဘယ်လိုခံစားနေရလဲဗျ"

"ဖြစ်နိုင်တာကတော့ ရှန်ကျိုတီ မြို့တော်ကို ပြန်ရောက်တာနဲ့ ဗိုလ်ချုပ်ရာထူးကို တန်းရတော့မှာပဲ"

"၀ိုး... မိသားစုတစ်စုတည်းကနေ ဗိုလ်ချုပ်နှစ်ယောက်တောင်လား။ ဒါက ကံကောင်းခြင်းလား၊ ကံဆိုးခြင်းလားဆိုတာ စောင့်ကြည့်ရမှာပဲ"

" ဝံပုလွေစွယ် တပ်ဖွဲ့က မဖျက်သိမ်းရသေးဘူး။ မင်းတို့တွေ လွယ်လွယ်နဲ့ နာမည်တပ်ခေါ်လို့ မရတဲ့သူတချို့ ရှိနေသေးတယ်ကွ"

တိတ်ဆိတ်နေသော အဘိုးအိုတစ်ဦးက ရုတ်တရက် ဝင်ပြောလိုက်သည်။ ထိုစကားတစ်ခွန်းကြောင့် မနာလိုဝန်တိုမှုများဖြင့် စကားဆိုနေသော အမျိုးသားများမှာ ချက်ချင်းပင် ပါးစပ်ပိတ်သွားကြသည်။

“ဆက်ပြီး စောင့်ကြည့်နေကြ။ လူတွေအကုန်လုံးရဲ့ နာမည်တွေ ထွက်မလာသေးဘူး။ အဆင့်သတ်မှတ်ချက်တိုင်းရဲ့ ထိပ်ဆုံး ဆယ်ယောက်စာရင်းကို သေချာမှတ်ထားပြီး ပြုစုပျိုးထောင်ဖို့အတွက် အစွမ်းကုန် မြေတောင်မြှောက်ပေးဖို့ ပြင်ဆင်ထားကြ”

အခန်း (၁၆၈) အဆင့်သတ်မှတ်ချက် အသစ်ထွက်ပေါ်လာခြင်း

ချန်ရှောက်ရယ်သည် အမှောင်ထုဖုံးလွှမ်းနေသော ဟင်းလင်းပြင်နယ်မြေဆီသို့ ပြန်လည်ရောက်ရှိသွားပြီ ဖြစ်သည်။ သူသည် မိစ္ဆာတစ်ကောင်ကိုမျှ မလွတ်တမ်း သတ်ဖြတ်နိုင်ခဲ့သည်ကိုပင် သတိမထားမိဘဲ သွားဖြီးကာ ရယ်မောရင်း ပြောလိုက်သည်။

"ငါ့နာမည်က ချန်ရှောက်ရယ်ကွ။ ငါ့ဘော့စ် နာမည်က ချူဟန်လို့ ခေါ်တယ်။ ငါ့ဘော့စ်ကလေ..."

"အသက်။ လိင်အမျိုးအစား"

ဟူသော အသံကြောင့် စကားစပြတ်သွားသဖြင့် ချန်ရှောက်ရယ်က မကျေမနပ် မျက်နှာပေးဖြင့် ပြန်ဖြေလိုက်သည်။

"အသက် ၂၂ နှစ်။ ကျား၊မ ကတော့ မေးနေစရာ လိုသေးလို့လား။ ယောက်ျားစစ်စစ်ကွ။ ဝါသနာကတော့ မိန်းမပဲ"

ဝုန်း...

သူ၏ ဝတုတ်နေသော ခန္ဓာကိုယ်ကြီးမှာ အပြင်သို့ ကန်ထုတ်ခံလိုက်ရသည်။

ထိုအချိန်တွင် ကမ္ဘာတစ်ဝှမ်းရှိ လူအားလုံးသည် ဧရာမ ကျောက်နံရံကြီး၏ ဘယ်ဘက်အစွန်ရှိ အဆင့်(၁) ဝင်ပေါက်၏ တိုက်ခိုက်ရေးစွမ်းအားရှင် အဆင့်သတ်မှတ်ချက် စာရင်းတွင် နာမည်တစ်ခု ချက်ချင်း ပြောင်းလဲသွားသည်ကို မြင်တွေ့လိုက်ကြရသည်။ ယခင်နှင့် လုံးဝကွဲပြားခြားနားသော စာလုံးနှင့် အရောင်အသွေး ဖြစ်သည်။ ယခုပေါ်လာသော စာလုံးများမှာ ငွေရောင်တောက်ပနေပြီး အရွယ်အစားမှာလည်း သိသိသာသာ ကြီးမားထင်ရှားနေကာ မှိန်ပျပျ အလင်းရောင်များပင် ထွက်ပေါ်နေသည်။

[အမည်] ချန်ရှောက်ရယ်

[အသက်] ၂၂ နှစ်

[လိင်] ကျား

[အစွမ်း] စွမ်းရည်မြှင့်တင်သူ

[အကဲဖြတ်ချက်] A

[အဆင့်] နံပါတ်(၁)

"ခွေးကောင်၊ ကန်ထုတ်လိုက်တယ်ပေါ့လေ။ ငါ့ဘော့စ်တောင် ငါ့ကို ဒီလောက် အားပြင်းပြင်းနဲ့ မကန်ဖူးဘူးကွ"

အပြင်သို့ လွင့်စင်လာသည်နှင့် ချန်ရှောက်ရယ်က အသံကုန်ဟစ်အော် ဆဲဆိုတော့သည်။ သူ၏ မျက်စိရှေ့တွင် မိုးမျှော်တိုက်ကြီးများထက်ပင် ခမ်းနားကြီးမားလှသော ကျောက်နံရံကြီးကို ရိုက်ချိုးပစ်လိုက်ချင်စိတ်များပင် ပေါက်သွားသည်။

ကျောက်နံရံပေါ်ရှိ အချက်အလက်များကို စောင့်ကြည့်နေကြသော သောင်းနှင့်ချီသည့် လူအုပ်ကြီးမှာ အချက်အလက်များ ပြောင်းလဲသွားသည်ကို မြင်လိုက်ရသောအခါ အံ့ဩမှင်သက်သွားကြသည်။

" စွမ်းရည်မြှင့်တင်သူ တဲ့လား"

"အဲဒါ ဘာကြီးလဲကွ"

ချန်ရှောက်ရယ်သည် ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် အဆင့်(၁)ဝင်ပေါက် ၏ နံပါတ်(၁) နေရာကို အတင်းအဓမ္မ လုယူသွားခဲ့သည်။ သူ၏ အကဲဖြတ်ချက်မှာ A ဖြစ်သည်။

ဤအချက်ကြောင့် လူအများမှာ ဦးနှောက်များ ရပ်တန့်သွားသကဲ့သို့ စကားပင် မဟနိုင်တော့ဘဲ ရှန်ကျင်းဒေသ အသက်ရှင်ကျန်ရစ်သူများစခန်းရှိ အကြီးအကဲများမှာ လုံးဝ ထိတ်လန့်တုန်လှုပ်သွားကြတော့သည်။

"မြန်မြန်... စွမ်းရည်မြှင့်တင်သူ ဆိုတာ ဘာလဲ အခုချက်ချင်း စုံစမ်း"

"ပြီးတော့ ဒီ ချန်ရှောက်ရယ်ဆိုတာ ဘယ်သူလဲ၊ ဘယ်တပ်ဖွဲ့ကလဲ"

"သတင်းပို့ပါတယ်၊ သူက စစ်တပ်က မဟုတ်ပါဘူး"

"စစ်တပ်က မဟုတ်ဘူး။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ချန်ရှောက်ရယ်။ ထိုနာမည်ကို ကြားဖူးသူများ ရှိနေမည်လား။

အကယ်၍ ထိုနေရာတွင် ချူဟန်သာ ရှိနေခဲ့လျှင် ပြုံးပြီး ဤသို့ပြောပေလိမ့်မည်။ အခုချိန်မှာ မသိတာ မဆန်းပါဘူး။

“ဒါပေမဲ့ မကြာခင်မှာ မင်းတို့ မှတ်လောက်သားလောက်ကို သိလာရလိမ့်မယ်”

ပုံမှန်အားဖြင့် ကမ္ဘာပျက်ကပ် ဆိုက်ရောက်ပြီး နှစ်အနည်းငယ် ကြာမှသာ နာမည်ကျော်ကြားလာမည့် ပုဂ္ဂိုလ်ဖြစ်သည်။ သို့သော် ချူဟန်၏ အနည်းငယ် ဝင်ရောက်စွက်ဖက်မှုကြောင့် နတ်ဘုရားတစ်ပါးကဲ့သို့ လက်ဖြောင့်လှသော ဤသေနတ်သမားသည် ကမ္ဘာပျက်ကပ် စတင်ပြီး နှစ်လအကြာမှာပင် သူ၏ နာမည်ကို တစ်ကမ္ဘာလုံးက သိရှိသွားအောင် စွမ်းဆောင်နိုင်ခဲ့လေပြီ။

သူသည် စစ်တပ်တွင် မပါဝင်သကဲ့သို့ မည်သည့် အင်အားစုကိုမျှလည်း မပတ်သက်ချေ။ ချူဟန် တစ်ဦးတည်းအတွက်သာ သူ၏ စွမ်းအားများကို အသုံးပြုမည့်သူ ဖြစ်သည်။

ကျောက်နံရံ အပြင်ဘက်တွင် စောင့်ဆိုင်းနေကြသော ဝမ်ချီရှန်းတို့သည်လည်း အံ့အားသင့်မှုကို ဖုံးကွယ်မထားနိုင်ခဲ့ပေ။ ငယ်စဉ်ကတည်းက အထူးတပ်ဖွဲ့တွင် လေ့ကျင့်မှု ခံယူခဲ့ရသော ရှန်ကျိုတီပင်လျှင် နံပါတ် ၃ နေရာတွင်သာ ရှိနေခဲ့သည်။ သို့သော် ဤ ချန်ရှောက်ရယ် ဆိုသည့်လူက ရုတ်တရက် ထွက်ပေါ်လာပြီး ပထမနေရာကို လုယူသွားကာ ရှန်ကျိုတီကို နံပါတ် ၄ နေရာသို့ တွန်းချလိုက်လေသည်။

"ဝိုး... ဝတုတ်ချန်၊ ရှင်က တော်တော် မိုက်တာပဲ"

လော့ရှောင်ရှောင်က မျက်လုံးများ အရောင်လက်သွားကာ ချန်ရှောက်ရယ်ကို အထက်အောက် စုန်ဆန် ကြည့်လိုက်သည်။

"ဒါပေါ့"

ချီးကျူးခံရသည်နှင့် ချက်ချင်း ဘဝင်မြင့်တတ်သော ချန်ရှောက်ရယ်က နှာခေါင်းတစ်ရှုံ့ရှုံ့ဖြင့် မာနတခွဲသား လုပ်နေတော့သည်။

"ငါ တစ်သက်လုံး ဘော့စ် နောက်လိုက်ဖို့ ဆုံးဖြတ်ထားတာ ၊ ကျန်တာကတော့... အင်း၊ ဟို ပိုင်ယွန့်အာ ဆိုတဲ့ ကောင်မလေးက ငါ့ထက် နည်းနည်းလောက် ပိုသန်မာမယ်လို့တော့ ထင်သားပဲ"

"ဒါတော့ ဟုတ်တယ်။ ငါနဲ့ ပိုင်ယွန့်အာက သိပ်ပြီး ခင်မင်ရင်းနှီးတာမျိုးတော့ မဟုတ်ပေမဲ့ စွမ်းရည်နဲ့ ပတ်သက်လာရင်တော့ ဘက်လိုက်ဖို့ စိတ်ကူးမရှိပါဘူး"

လော့ရှောင်ရှောင်က အရေးပါအရာရောက်သည့် ဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။

"ဒါကြောင့် တကယ်တမ်း အတော်ဆုံးက ကျွန်မရဲ့ ကိုကြီးချူဟန်ပဲပေါ့"

ဘေးမှ နားထောင်နေသော ဝမ်ချီရှန်းတို့မှာ စကားပင် မဟနိုင်အောင် အံ့သြသွားကြသည်။ အဆင့်သတ်မှတ်ချက်များ ဤမျှ ပြောင်းလဲသွားသည်ကိုပင် သူတို့က ချူဟန်ကို အတင်းအဓမ္မ ချီးကျူးမြှောက်စားနေကြဆဲ ဖြစ်သည်။ ထို ချူဟန် ဆိုသူက တကယ်ပဲ အဲဒီလောက်အထိ စွမ်းဆောင်နိုင်တဲ့သူလား။

"ဟိုမှာ ကြည့်လိုက်"

ရုတ်တရက် ရှန်ကျိုတီက အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။

"ပိုင်ယွန့်အာရဲ့ ရလဒ်တွေ ထွက်လာပြီ"

"ဘယ်အဆင့်လဲ"

အားလုံး၏ အကြည့်များက ကျောက်နံရံဆီသို့ ချက်ချင်း စုပြုံကျရောက်သွားသည်။

"နံပါတ် ၁ လား"

"S အဆင့်တဲ့လား"

"A အဆင့်အထက်မှာ S ဆိုတဲ့ အဆင့်သတ်မှတ်ချက် ရှိသေးတာလား"

အဆင့်(၁)ဝင်ပေါက် စွမ်းအားရှင်များ၏ အဆင့်သတ်မှတ်ချက်တွင် ပိုင်ယွန့်အာ၏ အချက်အလက်များက လွှမ်းမိုးနိုင်စွမ်း အပြည့်ဖြင့် ထွက်ပေါ်လာသည်။ ရွှေရောင် တောက်ပနေသော ထိုစာလုံးများမှာ ချန်ရှောက်ရယ်၏ အချက်အလက်များထက် နှစ်ဆခန့် ပိုမို ကြီးမားနေလေသည်။

[အမည်] ပိုင်ယွန့်အာ

[အသက်] ၁၇ နှစ်

[လိင်] မ

[အကဲဖြတ်ချက်] S

[အဆင့်] နံပါတ်(၁)

မျက်စိတစ်မှိတ်အတွင်းမှာပင် ချန်ရှောက်ရယ်မှာ နံပါတ် (၂) နေရာသို့ ရောက်ရှိသွားပြီး ရှန်ကျိုတီမှာ နံပါတ် (၅) နေရာအထိ ကျဆင်းသွားတော့သည်။

ရှန်ကျင်း စခန်းရှိ အကြီးအကဲများမှာ တစ်ခဏမျှ ဆွံ့အသွားပြီးနောက် အားလုံးမှာ အနေခက်စွာဖြင့် တိတ်ဆိတ်သွားကြသည်။ ထို့နောက် နိုင်ငံတစ်ဝှမ်းရှိ အသက်ရှင်ကျန်ရစ်သူများ၏ စိတ်ထဲတွင် ပိုင်ယွန့်အာ နှင့် ချန်ရှောက်ရယ် ဟူသော နာမည်နှစ်ခုက နက်ရှိုင်းစွာ စွဲထင်သွားတော့သည်။ သံသယဖြစ်စရာ မလိုလောက်အောင်ပင် ဂုဏ်ကျက်သရေရှိလှသော နာမည်များအဖြစ် မှတ်သားသွားကြသည်။

တစ်ဖက်တွင်မူ ချန်ရှန်ကော်တို့သည် ကျောက်နံရံထဲမှ ထွက်လာသော မိန်းကလေးကို အံ့အားသင့်စွာဖြင့် ကြည့်နေကြသည်။ သူမသည် ပတ်ဝန်းကျင်ရှိ လူများကို တစ်ချက်မျှပင် လှည့်မကြည့်ဘဲ အဆင့်(၂)ဝင်ပေါက်၏ အဆင့်သတ်မှတ်ချက် ကျောက်နံရံဆီသို့ တိုက်ရိုက် လျှောက်သွားလေသည်။

ဝှစ်...

ထို့နောက် အထဲသို့ တိုက်ရိုက် ဝင်ရောက်သွားတော့သည်။ အားလုံးမှာ အံ့သြလွန်းသဖြင့် စကားပင် မပြောနိုင်တော့ချေ။

"တကယ်ကြီးလား"

လော့ရှောင်ရှောင်က အမှတ်မထင် အသံကျယ်ကျယ်ဖြင့် အော်လိုက်သည်။

"ဒါ ဘယ်လိုဖြစ်တာလဲ။ ဟိုကောင်မလေးက အဆင့်တက်သွားတာလား"

"ဘာ။ ဘယ်တုန်းကတက်သွားတာလဲ"

ချန်ရှောက်ရယ်လည်း ကြောင်အမ်းအမ်းကြီး ဖြစ်သွားတော့သည်။။

"ဘယ်လိုကြည့်ကြည့် ခုလေးတင်ပဲ ဖြစ်မယ်"

ရှန်ကျိုတီသည်လည်း စိတ်ထဲတွင် ပြင်းထန်စွာ တုန်လှုပ်နေမိသည်။ သူမသည် အဆင့်(၂)ဝင်ပေါက်၏ ကျောက်နံရံတွင် ရေးထွင်းထားသော နာမည်အချို့ကို ကြည့်လိုက်ရာ သူမ၏ မျက်ဝန်းများတွင် မျှော်လင့်ချက် ရောင်ခြည်များ အနဲငယ် ပေါ်လွင်နေသည်။

“ဒါပေမဲ့ ဘယ်လိုရလဒ်မျိုးပဲ ထွက်လာပါစေ အနှေးနဲ့အမြန်ဆိုသလို ဒီနေရာမှာရှိတဲ့ လူအားလုံးရဲ့ နာမည်တွေက ချူဟန် ဆိုတဲ့ နာမည်အောက်မှာ ဒူးထောက်ရမယ့်နေ့ ရောက်လာမှာပါ"

"ထောက်ခံပါတယ်"

လော့ရှောင်ရှောင်နှင့် ချန်ရှောက်ရယ်တို့က ပြိုင်တူ အော်ပြောလိုက်ကြသည်။

ဘေးတွင်ရှိနေသော ချန်ရှန်ကော်နှင့် ဟယ်ဖေးယွမ်တို့မှာ အနည်းငယ် အနေခက်သွားသဖြင့် မျက်နှာများ ရဲတက်သွားကြသည်။ သူတို့အနေဖြင့်လည်း ချူဟန်ကို ထိုအမြင့်ဆုံး နေရာသို့ ရောက်ရှိစေချင်သော်လည်း ပိုင်ယွန့်အာ၏ S အဆင့် ဟူသော တံတိုင်းကြီးမှာ မည်သို့ပင် တွေးကြည့်စေကာမူ ကျော်ဖြတ်နိုင်ရန် ခက်ခဲလွန်းလှသည်ဟု ထင်မြင်နေမိသည်။

"မင်းတို့တွေ အိပ်မက်ထဲကနေ မြန်မြန်နိုးလာတာ ပိုကောင်းမယ်ထင်တယ်"

ချက်ချင်းပင် စစ်သားအချို့က လှောင်ပြောင်လိုက်ကြသည်။

"ပိုင်ယွန့်အာရဲ့ အဆင့်က S ကွ။ ဒါ့အပြင် သူက ငါတို့ စစ်တပ်ရဲ့ လျှို့ဝှက်အဖွဲ့အစည်းက လူပဲ။ ချူဟန်ဆိုတဲ့ကောင်က ဘယ်လောက်ပဲ သန်မာနေပါစေ သူ့ကို ကျော်ဖြတ်နိုင်ဖို့ ဆိုတာကတော့ လုံးဝ မဖြစ်နိုင်ဘူး"

ဝမ်ချီရှန်းကလည်း ငြင်းပယ်ခြင်း မပြုသကဲ့သို့ ထောက်ခံခြင်းလည်း မရှိဘဲ ခေါင်းညိတ်လိုက်သည်။

"ဒီစကားကတော့ အမှန်ပဲ"

ချန်ရှောက်ရယ်က မျက်စောင်းထိုးလိုက်သည်။

"အခု ငါ့ဘော့စ် ဒီမှာမရှိလို့ မင်းတို့ ပါးစပ်အရသာခံ ပြောနေနိုင်တာပေါ့။ တကယ်လို့များ ရှိနေရင် တစ်စက္ကန့်လေးအတွင်းမှာတင် မင်းတို့မျက်နှာတွေကို ဖြတ်ရိုက်ပစ်မယ့် ရလဒ်မျိုး ပြသလိုက်မှာ သေချာတယ်"

လော့ရှောင်ရှောင်ကလည်း ထိုနည်းတူ စိတ်ပျက်နေသော မျက်နှာထားဖြင့် အကဲဖြတ်နိုင်စွမ်း မရှိသော ထိုလူများနှင့် အဆင့်တူ အငြင်းပွားမနေတော့ရန် ဆုံးဖြတ်လိုက်သည်။ သူမ၏ ကိုကြီးချူဟန်သာ အသန်မာဆုံး မဟုတ်ပါက ဤလောကတွင် သန်မာသောသူဟူ၍ ရှိမည်မဟုတ်တော့ပေ။

တစ်ချိန်တည်းမှာပင်...

အခြားစမ်းသပ်မှု နယ်မြေတစ်ခုသို့ ခြေချနေပြီဖြစ်သော ချူဟန်သည် အပြင်ဘက်ကမ္ဘာတွင် စွမ်းအားရှင် အဆင့်သတ်မှတ်ချက် ကိစ္စနှင့် ပတ်သက်၍ ဤမျှ ရုတ်ရုတ်သဲသဲ ဖြစ်နေကြသည်ကို လုံးဝ မသိရှိခဲ့ပေ။ အတိတ်ဘဝက သူသည်ပင် ဤနေရာရှိ အခြားနယ်မြေတစ်ခုသို့ ဝင်ရောက်ခဲ့ဖူးခြင်း မရှိပေ။ အကြောင်းမှာ သူသည် ထိုအခြားနယ်မြေ၏ တည်ရှိမှုကို သိရှိချိန်တွင် အဆင့်(၁)ကို ကျော်လွန်သွားပြီ ဖြစ်သဖြင့် အဆင့်(၁)ဝင်ပေါက်၏ စမ်းသပ်မှု နယ်မြေသို့ ထပ်မံ ဝင်ရောက်ခွင့် မရှိတော့သောကြောင့် ဖြစ်သည်။

မျက်စိရှေ့တွင် မြင်တွေ့နေရသည်မှာ မှောင်မိုက်နေသော လမ်းကြောင်းတစ်ခု ဖြစ်သည်။ တစ်ဖက်တစ်ချက်စီမှ အလင်းရောင်များက တဖျပ်ဖျပ် လင်းလက်နေပြီး အနက်ရောင် ကျောက်နံရံကြီးများထံမှ ရှေးဟောင်းအငွေ့အသက်များကို ခံစားသိရှိနိုင်သည်။

ချူဟန်၏ အမြင်အာရုံဖြင့် ကြည့်မည်ဆိုပါက ဤနေရာရှိ အရာအားလုံးသည် မျက်မှောက်ခေတ်ကာလရှိ လူသားများ၏ နားလည်နိုင်စွမ်းနှင့် သုတေသန ပြုလုပ်နိုင်စွမ်းထက် လုံးဝ သာလွန်နေကြောင်းကို တစ်ချက်ကြည့်ရုံဖြင့် သိနိုင်သည်။

ဤအခြားနယ်မြေသည် စမ်းသပ်မှုတွင် တွေ့ကြုံရသော ပုံရိပ်ယောင်များနှင့် လုံးဝ ကွဲပြားခြားနားသည်။ ဤနေရာရှိ အရာအားလုံးသည် အစစ်အမှန် ဖြစ်သည်။

သတ်ဖြတ်လိုက်သော မိစ္ဆာများမှာ ပျောက်ကွယ်သွားခြင်း မရှိဘဲ သွေးများ စီးကျကာ အသားများ ပုပ်သိုးသွားတတ်သည်။ ယခုအခါ ချူဟန်သည် ရှေ့သို့ စမ်းတဝါးဝါးဖြင့် ဆက်လျှောက်နေသည်။ ဤနယ်မြေသို့ ဝင်ရောက်လာသည်မှာ မကြာသေးသောကြောင့် လမ်းတစ်လျှောက်တွင် သတ်ဖြတ်ခဲ့သော မိစ္ဆာအရေအတွက်မှာ သိပ်မများလှဘဲ ပတ်ဝန်းကျင်တွင် သွေးကွက်များ ဖရိုဖရဲ ကျန်ရစ်နေရုံသာ ရှိသေးသည်။ အတိတ်က သောင်းနှင့်ချီသော ဇွန်ဘီများနှင့် သေရေးရှင်ရေး တိုက်ပွဲဆင်နွှဲခဲ့ဖူးသော အတွေ့အကြုံများနှင့် နှိုင်းယှဉ်လျှင် အကောင်ရေ ဆယ်ဂဏန်းမျှသာ ရှိသော အစစ်အမှန် မိစ္ဆာများကို ရင်ဆိုင်ရုံဖြင့် ချူဟန်၏ စိတ်ထဲတွင် မည်သည့် လှုပ်ခတ်မှုမျှ ဖြစ်ပေါ်မည် မဟုတ်ပေ။

သူ၏ စိတ်ထဲတွင် တစ်ခုတည်းသော သံသယနှင့် အံ့အားသင့်မှုမှာ ထိုမိစ္ဆာများ၏ ပုံပန်းသဏ္ဌာန် ဖြစ်သည်။ လူနှင့်လည်း မတူ၊ သရဲတစ္ဆေများနှင့်လည်း မတူသော ပုံစံမျိုး ဖြစ်သည်။ ဇွန်ဘီဟု ဆိုလျှင်လည်း ဟုတ်သလိုလို ရှိသော်လည်း ဇွန်ဘီများနှင့်လည်း ကွဲပြားနေသည်။ ဤအရာများသည် မည်သည့် နေရာမှ ပေါ်ပေါက်လာသော မျိုးဗီဇပြောင်း သတ္တဝါများ ဖြစ်နေမည်နည်း။

အန္တရာယ်များလှတဲ့ ကျောက်တံတားနှစ်စင်းကို ဖြတ်ကျော်ရာမှာ ပထမဆုံး အန္တရာယ်က တံတားအောက်က ချော်ရည်ပူကြီးများကြောင့် ဖြစ်သည်။ ထို ပြင်းထန်လွန်းသော အပူချိန်ကြောင့် အဆင့်(၁) ခန္ဓာကိုယ်ကြံ့ခိုင်မှု အစွမ်းရှိသည့် ချူဟန်ပင်လျှင် မျက်စိတစ်မှိတ်အတွင်း တစ်ကိုယ်လုံးမှ ချွေးစက်ချွေးပေါက်များ တရစပ် ထွက်ကျလာရသည်။

ဒုတိယ အန္တရာယ်မှာ တံတားကိုယ်တိုင်က ပြင်းထန်စွာ တိမ်းစောင်းနေပြီး အလွန်အမင်း မတည်မငြိမ် ဖြစ်နေသောကြောင့် ဖြစ်သည်။ ခြေတစ်လှမ်း မှားသွားသည်နှင့် ပြုတ်ကျသွားမည် ဖြစ်သည်။

ဤနယ်မြေသည် အကျိုးအမြတ်များစွာ ရရှိနိုင်သော နေရာဖြစ်သော်လည်း အရေးအကြီးဆုံးမှာ ဤနေရာတွင် ဖြစ်ပျက်သမျှ အားလုံးသည် လက်တွေ့လို အစစ်အမှန် ဖြစ်သည်ဆိုသော အချက်ပင် ဖြစ်သည်။ စမ်းသပ်မှုအတွင်း သေဆုံးသွားပါက ကြောက်လန့်သွားရုံသာ ရှိမည်ဖြစ်သော်လည်း ဒီနေရာတွင် သေဆုံးသွားပါက တကယ့်ကို အသက်ပါ ဆုံးရှုံးရမည် ဖြစ်သည်။

မည်သည့် ကိစ္စတွင်မဆို ပေါ့ဆ၍ လုံးဝ မရပေ။

All Chapters